၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ဦးဆောင်ပြီး နိုင်ငံရေးပါတီတခု တည်ထောင်မည် ဖြစ်ကြောင်း ပြီးခဲ့သည့် ဧပြီ ၅ ရက်က ရန်ကုန်မြို့ ဗိုလ်တထောင် ဘုရားလမ်းရှိ ရာမကရစ်ရှာမာမစ်ရှင်း ခန်းမ၌ ပြုလုပ်သော ‘နိုင်ငံရေးပါတီတရပ် တည်ထောင်ရန် မိတ်ဖက်နိုင်ငံရေး အင်အားစုများနှင့် တွေ့ဆုံပွဲ’ တွင် ထုတ်ပြန် ကြေညာခဲ့သည်။
၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အဖွဲ့ကို ၂၀၁၄ မတ် ၂၂ ရက်တွင် ၁၉၉၀ ရွေးကောက်ခံ လွှတ်တော်ကိုယ် စားလှယ်များနှင့်သာ ဖွဲ့စည်းခဲ့သော်လည်း နောက်ပိုင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြင်ပရောက်များဖြင့် ဖွဲ့စည်း ထားသည့် ညီညွတ်သော အမျိုးသားဒီမိုကရေစီအဖွဲ့(UNDO)၊ နိုင်ငံရေးနယ်ပယ်အသီးသီးမှ လုပ်ဖော်ကိုင်ဖက်များ၊ ပညာ ရှင်များနှင့်အတူ လက်တွဲ၍ ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အဖွဲ့အနေဖြင့် တည်ထောင်မည့် နိုင်ငံရေးပါတီနှင့် ပတ်သက်၍ ပါတီတည် ထောင်ရခြင်း ရည်ရွယ်ချက်၊ ပါတီ၏ မူဝါဒ ရည်မှန်းချက် မျှော်မှန်းချက်များနှင့် ပတ်သက်၍ ၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ အတွင်းရေးမှူး ဦးဒေးဗစ်လှမြင့်ကို ဧရာဝတီ သတင်းထောက် ဇူးဇူး က ဆက်သွယ် မေးမြန်းထားသည်။
မေး ။ ။ ၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အဖွဲ့အနေနဲ့ နိုင်ငံရေးပါတီတရပ် တည်ထောင်မယ်လို့ သိရပါတယ်။ ပါတီနာမည် ရွေးချယ်ပြီးသွားပြီလား။ ဘယ်တော့လောက် ပါတီမှတ်ပုံတင်နိုင်ဖို့ ဆောင်ရွက်ထားပါသလဲ။
ဖြေ ။ ။ ပါတီနာမည် ရွေးပြီးပါပြီ။ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (United Nationality Democracy Party) ပါ။ သြင်္ကန်အပြီးမှာပဲ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) မှာ ပါတီတည်ထောင်ဖို့ လိုအပ်တာတွေ သွား ပို့ပါမယ်။
မေး ။ ။ ဘာကြောင့် ဒီနာမည်ကို ရွေးချယ်တာလဲ။
ဖြေ ။ ။ ကျနော်တို့ အဖွဲ့အစည်းရဲ့ အသွင်သဏ္ဍာန်ကို ပုံဖော်အောင် ဒီနာမည်ကို ရွေးချယ်တာပါ။ ကျနော်တို့က အားလုံး ပါဝင်တဲ့အဖွဲ့အစည်းပေါ့နော်။ ၁၉၉၀ လွှတ်တော်ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားတွေ၊ အရပ်ဖက် အဖွဲ့အစည်းတွေ၊ ပညာ ရှင်တွေ အားလုံးပါဝင်တဲ့ အဖွဲ့အစည်းတရပ်အနေနဲ့ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ စုပေါင်းပြီး လုပ်ကြမယ့်သဘောနဲ့ ညီညွတ်သောတိုင်းရင်းသား ဒီမိုကရေစီပါတီဆိုပြီး အမည်ပေးတာ ဖြစ်ပါတယ်။
မေး ။ ။ ပါတီတည်ထောင်ရခြင်းရဲ့ အဓိက ရည်ရွယ်ချက်ကို သိချင်ပါတယ်။
ဖြေ ။ ။ ကျနော်တို့အနေနဲ့ လက်ရှိ နိုင်ငံရေး အခင်းအကျင်းကို အားမရဘူး။ လက်ရှိသွားနေတဲ့ နိုင်ငံရေး အခင်းအကျင်း နဲ့ နိုင်ငံရေးအရွေ့ အနေအထားက ထင်သလောက် ခရီးမရောက်တော့ဘူး။ အချိန်ကာလကလည်း အခုဆို အစိုးရသက် တမ်း ၃ နှစ်။ ဒါပေမယ့် ဒီသက်တမ်းတင် မကပါဘူး။ ၂၀၁၀ နောက်ပိုင်းကနေ စပြီးတော့ ရွေးကောက်ပွဲတွေ ဖြတ်သန်းလာ တဲ့ ကာလတွေမှအစ ရှေ့ကို တိုးတက်ပြောင်းလဲလာတာ ဘာတခုမှ မမြင်ရဘူး။ အဲဒီလိုမျိုး ဖြစ်လာတဲ့ အခါမှာ လွှတ်တော်တွင်း နိုင်ငံရေးသည် ဒီတိုင်းပဲ လက်ပိုက် ကြည့်နေလို့ မရဘူး။ ကျနော်တို့တွေ ကိုယ်တိုင်ကိုယ်ကျ ဝင်လုပ်ပြီး အားလုံးနဲ့ လက်တွဲပြီး သွားမှသာ ဒီအရွေ့ကို သွားနိုင်မယ်လို့ သုံးသပ်တယ်။ ဒါကြောင့် အားလုံးနဲ့ လက်တွဲပြီး နိုင်ငံရေးပါတီတရပ် ထူထောင်ပြီးတော့ လွှတ်တော်ထဲသွားဖို့ ပြင်ဆင်ရခြင်း ဖြစ်ပါတယ်။
မေး ။ ။ ပါတီကို အဓိက ဘယ်သူတွေ ဦးဆောင်သွားမှာလဲ။
ဖြေ ။ ။ ကျနော်တို့ ပါတီရဲ့ ဥက္ကဋ္ဌကတော့ ဦးနိုင်းနိုင်း။ ၁၉၉၀ တုန်းက ပုစွန်တောင်မြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ် စားလှယ်ပေါ့။ လောလောဆယ် ဥက္ကဋ္ဌပဲရွေးထားတယ်။ EC နဲ့ ကျန်တဲ့အတွင်းရေးမှူး အဖွဲ့တွေကတော့ သြင်္ကန်ပြီးလောက် မှပဲ အားလုံး ပြီးပါမယ်။ ကျနော်တို့မှာ တခုရှိတာက ၁၉၉၀ အဖွဲ့ကို အခြေပြုပြီး နိုင်ငံရေးပါတီတရပ် ပေါ်ပေါက်လာတာဆိုတော့ ၁၉၉၀ အဖွဲ့ရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ အန်ကယ်ခွန်ထွန်းဦးကတော့ ကျနော်တို့ရဲ့ ခေါင်းဆောင်ပေါ့။ ပါတီရဲ့ ခေါင်းဆောင်အနေနဲ့ ရှိမယ်။ နောက် ပါတီရဲ့ နာယကတွေကတော့ ဗမာအပါအဝင် တိုင်းရင်းသားလူမျိုး ၈ ဦးက နာယကတွေအဖြစ်နဲ့ တာ ဝန်ယူမှာပါ။
မေး ။ ။ အန်ကယ်ခွန်ထွန်းဦးက ခေါင်းဆောင်အဖြစ် ပါဝင်မယ်ဆိုတော့ တဖက်က သူ့ရဲ့ မိခင်ပါတီလည်း ရှိတော့ အဆင် ပြေပါ့မလား။
ဖြေ ။ ။ အဆင်ပြေပါတယ်။ အစကတည်းက UNA (ညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်)နဲ့ SNLD (ရှမ်း တိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်) နဲ့က မိတ်ဖက်တွေပါ။ အန်ကယ်ကတော့ SNLD မှာ ဥက္ကဋ္ဌအနေနဲ့ တာဝန်ယူလာ တယ်ဆိုပေမယ့် တဖက်မှာ ၁၉၉၀ ကိုယ်စားလှယ်များအဖွဲ့ရဲ့ ဥက္ကဋ္ဌဆိုတော့ မူလကတည်းက ခေါင်းဆောင်ဖြစ်ပြီးသားပါ။ ကော်မရှင် ဥပဒေအရတော့ ပါတီနှစ်ခု တာဝန်ယူလို့မရဘူးပေါ့။ ကော်မရှင်သွားတင်မှာတော့ မဟုတ်ဘူး။ ဒါပေမယ့် မူရင်း ပင်မ အဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌဖြစ်တဲ့အတွက် ကျနော်တို့ အားလုံးရဲ့ ခေါင်းဆောင်တဦးအနေနဲ့ အသိအမှတ်ပြုပြီး တင်မြှောက် ထားတာပါ။
မေး ။ ။ ပါတီရဲ့ မူဝါဒနဲ့ အဓိက ရည်မှန်းချက်တွေကရော ဘာတွေပါလဲ။
ဖြေ ။ ။ အဓိက မူဝါဒကတော့ တန်းတူညီတူရှိတဲ့ ဖက်ဒရယ် ဒီမိုကရက်တစ်နိုင်ငံမျိုး သွားနိုင်ဖို့ အဓိက ရည်မှန်းချက် ထားတာကတော့ ဒါပါပဲ။ မျှော်မှန်းချက်ကတော့ ရွေးကောက်ပွဲ အနိုင်ရရေးပဲ။ ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်မယ်ဆိုရင် ရွေးကောက်ပွဲ အနိုင်ရရေးပဲ အဓိကထားပြီး ကြိုးစားမှာပဲ။ ၂၀၂၀ ရွေးကောက်ပွဲမှာ ကျော်ဖြတ်နိုင်အောင် အနိုင်ရအောင် ကြိုးစားဖို့ ရည်မှန်းချက်ထားပါတယ်။
မေး ။ ။ ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရရေး ကြိုးစားမယ်ဆိုတော့ ပြင်ဆင်ဖို့အတွက် အချိန်ကာလအားဖြင့် လုံလောက်မှု ရှိတယ်ထင်ပါလား။
ဖြေ ။ ။ ကျနော်တို့ ပြင်ဆင်ဖို့ လုံလောက်ပါတယ်။ အစကတည်းက ကျနော်တို့မှာ အခြေခံတွေက တည်ဆောက် ထားပြီးသား ရှိပါတယ်။ ကျနော်တို့က ၁၉၉၀ အဖွဲ့နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေ အားလုံးက တနိုင်ငံလုံးမှာ ရှိတဲ့ ဒေသဆိုင်ရာ အသီး သီးမှာ အခြေခံတွေ အားလုံး ရှိပြီးသား ဖြစ်တဲ့အတွက် ကျနော်တို့ အင်အားစုတွေက အားလုံးက အသင့်ရှိပါတယ်။ ကျနော် တို့ ပါတီတရပ် ထူထောင်တဲ့ အခါကျရင် ဒီအင်အားစုတွေနဲ့ အတူလက်တွဲပြီး သွားမှာပါ။ ပါတီကတော့ အခုမှ ဖြစ်လာတဲ့ သဘော။ ဒါပေမယ့် ပါတီ မဖြစ်ခင် ကာလကတည်းက ဒေသဆိုင်ရာ အသီးသီးမှာ ကျနော်တို့တွေရဲ့ အင်အားစုတွေက ရှိ ပြီးသားပါ။ ဒါကြောင့်လည်း ကျနော်တို့ ပါတီတည်ထောင်ရဲတာ။ ဘာအင်အားမှ မရှိဘဲနဲ့ ပါတီသွားထောင်လို့ကတော့ ဒီ အချိန်ကာလနဲ့ လုပ်လို့မရနိုင်ပါဘူးခင်ဗျ။
မေး ။ ။ အင်အားကြီး ပါတီနှစ်ခုအပြင် တခြား ပါတီတွေမှာ ပါဝင်မှုမပြုဘဲ ဘာကြောင့် သီးခြားပါတီ တည်ထောင်တာလဲ။
ဖြေ ။ ။ အဓိကကတော့ ကျနော်တို့ ကိုယ်ပိုင်ရပ်တည်ချက်နဲ့ တခြားအဖွဲ့အစည်းတွေရဲ့ မူဝါဒတွေလုပ်ငန်းစဉ်တွေက တူ ချင်မှ တူမှာလေ။ ကျနော်တို့ ကိုယ်ပိုင် မူဝါဒ ရပ်တည်ချက် လုပ်ငန်းစဉ်တွေကို လွတ်လွတ်လပ်လပ်နဲ့ လုပ်နိုင်အောင် ဆောင်ရွက် နိုင်အောင်ရယ်၊ တခြားအဖွဲ့တွေထဲ ဝင်မပါဘဲ ကိုယ့်ဘာသာကိုယ် ထူထောင်ရင် ကိုယ်ကြိုက်တဲ့ မူဝါဒနဲ့ သွား လို့ရတယ်။ လွတ်လပ်မှုပေါ့။ ကျနော်တို့ရဲ့ လွတ်လွတ်လပ်လပ် ဆောင်ရွက်ချင်တဲ့ စိတ်လည်းရှိတယ်။ နောက်တခုက မူဝါဒ တွေဟာ တခုနဲ့တခုကွဲပြားနိုင်တဲ့ အနေအထားတွေမှာလည်း ရှိတယ်။ ဒါကြောင့် သီးခြားပါတီတခုအနေနဲ့ ထွက်လာတာပါ။
မေး ။ ။ ပါတီကြီးတွေနဲ့ မိတ်ဖက်လုပ်ဖို့ ရှိမလား။
ဖြေ ။ ။ ကျနော်တို့က ပါတီတခု ဆိုပေမယ့် မိတ်ဖက်ပါတီတွေ ရှိရမှာပေါ့လေ။ ကျနော်တို့ရဲ့ အဓိက မဟာမိတ်အဖွဲ့အ စည်းတွေကတော့ လက်ရှိတော့ တိုင်းရင်းသား ပါတီတွေပဲ။ တိုင်းရင်းသားပါတီတွေနဲ့အတူ လက်တွဲပြီးတော့ ရှေ့ခရီးကို ဆက်ဖြတ်မှာပါ။ ပါတီကြီးတွေနဲ့ မိတ်ဖက်လုပ်ဖို့တော့ အစီစဉ် မရှိပါဘူး ဒီနေ့ချိန်ထိ။ ကျနော်တို့က သူတို့လုပ်တာကို အား မရလို့ ဝင်လာတဲ့ အခါကျတော့ သူတို့နဲ့ မိတ်ဖက်သွားလုပ်ပြီး ဆောင်ရွက်ဖို့တော့ အစီအစဉ် မရှိဘူး။ ကျနော်တို့က သီးခြား ရပ်တည်မယ့် အဖွဲ့အစည်းပါ။
မေး ။ ။ အခုအချိန်မှာ နိုင်ငံရေးပါတီတရပ် တည်ထောင်ဖို့ တကယ်ပဲ လိုအပ်တယ်လို့ ထင်ပါသလား။
ဖြေ ။ ။ ကျနော်တို့ နိုင်ငံရေးပါတီ တရပ်ထောင်ဖို့ လိုအပ်တယ်လို့ ယုံကြည်ပါတယ်။ လွှတ်တော်တွင်းက ရှေ့ကို ရောက် အောင်မသွားနိုင်ဘူး။ အနိုင်ရပါတီကလည်း သူတို့ ကြွေးကြော်ထားတဲ့ ၂၀၀၈ ပြင်ဆင်ရေး၊ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုး ရေးတို့ကို သက်တမ်းကာလ တဝက်ကျော်လာပေမယ့် ရှေ့ကိုမရောက်ဘူး။ အဲဒီလိုတိုးတက်မှုတွေက မတွေ့ရတော့ ကျနော် တို့အနေနဲ့ ဒီအဖွဲ့အစည်းတွေနဲ့ နှစ်ပေါင်းများစွာ လုပ်ခဲ့ကြတာပဲလေ။ အချိန်ကာလ အကြာကြီး ဖြတ်သန်းလာတဲ့ အခုအချိန် ထိ ရှေ့ကိုဘာမှမရောက်တဲ့ အနေအထားမြင်လာရတယ်။ အများပြည်သူက ဝေဖန်သံတွေရှိနေတယ်။
တကယ်လည်း ရှေ့မရောက်ဘူး။ အဲဒါကို ကျနော်တို့ မြင်တာက ဒီတိုင်းပဲ လက်ပိုက်ကြည့်နေလို့ မထူးဘူး။ ဒီလိုမျိုးပဲ နောက်ဘယ်နှစ်နှစ် ဆက်သွားအုံးမလဲ စောင့်ကြည့်နေရအုံးမယ်။ အဲဒီလိုမျိုး စောင့်မျှော်ပြီးတော့ ပြောင်းလာမလား လုပ် လေမလားဆိုပြီး မျှော်နေမယ့်အစား ကျနော်တို့ကိုယ်တိုင် ဝင်လုပ်ရင်တော့ အပြောင်းအလဲတခုကို အမြန်ဆုံး ပိုပြီးတော့ အရွေ့ကို ရောက်နိုင်တယ်လို့ပဲ တွေးတယ်။ သူက မနိုင်မနင်းဖြစ်နေတာကို ရပ်ကြည့်နေလို့ ဘာမှ အဖြေထွက်မှာ မဟုတ် ဘူးလေ။ ကိုယ်ကိုယ်တိုင် ဝင်ပါလာတဲ့အခါကျရင် ဘယ်လိုပဲဖြစ်ဖြစ် အရွေ့တခု အပြောင်းအလဲ တခုခုကို ရောက်နိုင်တယ် လို့ မြင်တယ်။ ဒါကြောင့် ကျနော်တို့ ဝင်ပါတာ။
မေး ။ ။ ပါတီအတွက် ဘတ်ဂျက်ကိုရော ဘယ်လိုပုံစံမျိုးနဲ့ သွားမှာလဲ။
ဖြေ ။ ။ အခု အခမ်းအနားတွေ မှတ်ပုံတင်ဖို့တွေ လုပ်တဲ့အခါ စုပြီး ပိုက်ဆံထည့်တာ။ ပါတီမှာ ပါဝင်တဲ့ ခေါင်းဆောင် တွေက ပိုက်ဆံကို အချိုးကျ တတ်နိုင်သရွေ့ ထည့်ကြတယ်။ နောက်ပိုင်းမှာ ပါတီနဲ့ပတ်သက်တဲ့ ဘတ်ဂျက်ကိစ္စကတော့ ပါတီဝင်တွေ ရှိတယ်။ ဒီပါတီဝင်တွေနဲ့အတူ ကျနော်တို့က အားလုံးက ဝိုင်းဝန်းဖြေရှင်းတဲ့ ပုံစံမျိုးပဲ သွားမှာပါ။ ဒေသဆိုင်ရာ အသီးသီးက ခေါင်းဆောင်တွေ ရှိတယ်။ အားလုံးတာဝန်ယူ ဝိုင်းဖြေရှင်းတဲ့ အနေအထားပဲ သွားမှာပါ။
မေး ။ ။ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီက တခြားသော နိုင်ငံရေးပါတီတွေနဲ့ ဘယ်လို ကွဲပြားခြားနားမှု ရှိမလဲ။
ဖြေ ။ ။ ကျနော်တို့ (ပါတီ) က ဖက်ဒရယ်နိုင်ငံ စစ်စစ်ကို သွားမှာ။ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံပေါ့ဗျာ။ တိုင်းရင်းသားလူမျိုးတွေ တန်းတူရည်တူရှိမယ့် ဖက်ဒရယ်နိုင်ငံ စစ်စစ်ကို သွားမယ်။ နောက်တခုက ကျနော်တို့မှာ ပြည်နယ်ပြည်မ မခွဲခြားဘူး။ ပြည် နယ်တွေမှာ ရွေးကောက် ယှဉ်ပြိုင်ခြင်း မပြုဘူး။ အဲဒီလို ကွဲပြားမှုလေးတွေတော့ ရှိပါတယ်။ ကျနော်တို့ပါတီက တနိုင်ငံလုံး အတိုင်းအတာနဲ့ တည်ထောင်မယ့် ပါတီဖြစ်သော်ငြားလည်း တိုင်းရင်းသား ပြည်နယ်တွေမှာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ် ပြိုင်မှာ မဟုတ်ပါဘူး။
ကျနော်တို့ အဖွဲ့အစည်းတွေ တိုင်းရင်းသား ပြည်နယ်တွေမှာ ရှိမှာပါ။ ဒါပေမယ့် ကျနော်တို့ အဖွဲ့အစည်းတွေက တိုင်းရင်း သားပါတီတွေကို လက်တွဲ ကူညီပံ့ပိုးပေး ရပ်တည်ပေးမယ်။ ကျနော်တို့တွေက တိုင်းရင်းသားလူမျိုးစုတွေနဲ့ အတူလက်တွဲ ပြီး တန်းတူရည်တူရှိမယ့် နိုင်ငံရေးပါတီအသွင်နဲ့ လာမှာဖြစ်လို့ တခြားသောပါတီတွေနဲ့ အသွင်မတူပါဘူး။ ကျနော်တို့ ပါတီ က ဗမာ အပါအဝင် တိုင်းရင်းသားအားလုံးရဲ့ တန်းတူရည်တူရှိတဲ့ တိုင်းရင်းသား အားလုံးပါဝင်တဲ့ ပါတီတရပ်အသွင်နဲ့ လာ မှာ ဖြစ်ပါတယ်။
မေး ။ ။ ပြည်သူလူထုအနေနဲ့ ပါတီအပေါ် ဘယ်လောက်ထိ မျှော်မှန်းလို့ရမလဲ။
ဖြေ ။ ။ ကျနော်တို့ကတော့ ပြည်သူလူထုနဲ့အတူ ရှေ့ကို ဆက်ပါမယ်။ ကျနော်တို့က အခုမှ နိုင်ငံရေးပါတီ တည်ထောင် ခြင်း မဟုတ်ပါဘူး။ ၁၉၈၈ အရေးတော်ပုံ ကာလကနေပြီး ကျနော်တို့အားလုံးက ဒီနိုင်ငံရေး အပြောင်းအလဲကို ပါဝင်ဆောင် ရွက်လာကြတာပါ။ ကျနော်တို့တွေက ၁၉၉၀ ရွေးကောက်ပွဲမှာ ရွေးချယ်တင်မြှောက်ခံထားရတဲ့ ကိုယ်စားလှယ်တွေလည်း ဖြစ်ပါတယ်။ ကျနော်တို့နဲ့ ပြည်သူကြားမှာ လုံးဝ ကင်းကွာမှု မရှိပါဘူး။ နောက်တခုက ကျနော်တို့ ဒီပါတီ မတည်ထောင်ခင် ကတည်းက ၁၉၉၀ အဖွဲ့တွေ UNDO လို နိုင်ငံရေးအဖွဲ့အစည်းတွေက အခြေခံအားဖြင့် ကျနော်တို့မှာ ရှိပြီးသားဖြစ်ပါတယ်။ မူလကတည်းက ပြည်သူနဲ့ ကျနော်တို့ ကြားထဲမှာ ဆက်စပ်မှု ရှိတယ်။
နောက်ပြီး ကျနော်တို့က လွှတ်တော်ပြင်ပ နိုင်ငံရေးကို ဆောင်ရွက်နေကြတာပါ။ ယနေ့ ပြည်သူလူထုရဲ့ အခက်အခဲတွေ လယ်ယာမြေ ပြဿနာ၊ လူ့အခွင့်အရေး ပြဿနာ ဒီအခက်အခဲ အကြပ်အတည်းတွေကိုလည်း ကျနော်တို့က ဒီနေ့အချိန် ကာလထိ ဖြေရှင်း ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။ ပြည်သူလူထုနဲ့ ကင်းကွာမှု လုံးဝ မရှိပါဘူး။ လူထုရဲ့ အရေးကိစ္စ တွေကို အတူလက်တွဲ ဆောင်ရွက်သွားရင်းနဲ့ပဲ ကျနော်တို့ ရှေ့ခရီးကို ဖြတ်သန်းသွားမှာပါ။