“ဒါလေးမြည်းကြည့်ပါဦး” လို့ ဆိုလာသူက အရပ်ရှည်ရှည်၊ ရင်အုပ်ကားကားနှင့် သန့်ရှင်း တောင့် တင်းတဲ့ အဖြူရောင် စားဖိုမှူး ဝတ်စုံ ဝတ်ဆင်ထားတဲ့ စားဖိုမှူးကြီး အောန် ဂျွိုင်တာမွိုင်ဖြစ်ပါတယ်။
သူရဲ့ အော်ဂဲနစ် စိုက်ခင်းငယ်လေးထဲ လမ်းလျှောက်ရင်း အရွက်များ၊ အပွင့်များကိုခူးကာ မြည်းကြည့် ရန် စာရေးသူကို လှမ်းပေးကာ ပြောလိုက်ခြင်းဖြစ်ပါတယ်။
မြို့လယ် မွန်းကျပ်တဲ့ နေရာက မရမ်းကုန်းရှိ သစ်ရိပ်ဝါးရိပ်နဲ့ တိတ်ဆိတ်နေတဲ့ ဒီရပ်ကွက်လေးထဲ ဆိုင် ပြောင်းရွှေ့ဖွင့်လှစ်ခဲ့တာ မကြာသေးမီက တနှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။
ထိုင်ခုံ ၃၀ ရှိတဲ့ သူ့ စားသောက်ဆိုင် ကလေးဟာ ငန်းလေးကောင် အုပ်စုဖွဲ့ ရေကူးနေတဲ့ ရေကန်လေး ကို လုံးဝ မျက်နှာမူထားပါတယ်။
ဒီကန်လေးကို ယိမ်းနွဲ့နေတဲ့ ယူကလစ်ပင် အောက်မှ အဆင့်အဆင့်ရှိတဲ့ စိုက်ခင်းများ၊ သီးနှံစိုက်တဲ့ ပလတ်စတစ်ဗူးများနဲ့ အနားသတ်ထားပြီး၊ ဒီနေရာဟာ ရန်ကုန်နဲ့ မတူတဲ့ ခံစားမှုများ ဘယ်လောက် အတိုင်း အတာအထိ ခံစားရကြောင်း မိမိတို့ ပြောဆိုကြပါတယ်။
စားဖိုမှူးကြီး အောန် ဟာ မူလက မွန်ပြည်နယ် မြို့တော် ပြင်ပရှိ ရွာကလေး တရွာမှ ဖြစ်ပြီး၊ မြန်မာ နိုင်ငံ မှာ ဖြစ်ပေါ်နေတဲ့ ခိုင်မာတဲ့ အပြောင်းအလဲများရဲ့ အားပေးမှုကြောင့် နိုင်ငံရေး သိပ္ပံ မဟာဘွဲ့ အတွက် လေ့လာဖို့ စကော့တလန်နိုင်ငံ အီဒင်ဘတ်သို့ ပြောင်းရွှေ့သွားခဲ့ခြင်းဖြစ်ပါတယ်။

ဒါပေမယ့် ပညာသင်ကြားနေစဉ် သူလုပ်ခဲ့တဲ့ အချက်အပြုတ် အလုပ်အကိုင်ဟာ စားဝတ်နေရေး ဖြေရှင်းဖို့ အလုပ် သက်သက်မျှသာမက အချက်အပြုတ် လုပ်ငန်း အပေါ် နက်နက်ရှိုင်းရှိုင်း မြတ်နိုး မှုက သူရဲ့ စိတ်မှာ ဆူပွက်လာခဲ့ပြီး စာတမ်းရေးသား ရမည့် အချိန် ရောက်တဲ့ အခါ နိုင်ငံရေးမှ ခံစားချက်နဲ့ နုတ်ထွက်လိုက် ပါတယ်။
ရန်ကုန်ရှိ တခြား စားသောက်ဆိုင်များမှ အစားအသောက်များနဲ့ တန်းတူပြီး မယုံနိုင် လောက်အောင် အရသာရှိကာ ကောင်းမွန်စွာ ကျွေးမွေးဧည့်ခံတဲ့ ဟင်းလျာများကို ဖန်တီးဖို့ မြန်မာနိုင်ငံထွက် အကောင်းဆုံး ရနိုင်သမျှ အချက်အပြုတ်ပစ္စည်းများကိုသာ အသုံးပြုရတာကို သူက ဂုဏ်ယူပါတယ်။
၂၀၁၈ ခုနှစ် အကောင်းဆုံး စားဖိုမှူးဆုနဲ့ ၂၀၁၉ ခုနှစ် အကောင်းဆုံး စားသောက်ဆိုင်ဆု စတဲ့ Myanmore ဆု ၂ ဆု ရရှခဲ့ခြင်းက သူ့အတွက် ဘယ်လို အဓိပ္ပာယ် သက်ရောက်တယ်ဆိုတာကို သူ့ရဲ့ ထုံးစံအတိုင်း နှိမ်နှိမ်ချချ ရှင်းပြပါတယ်။
အောင်မြင်မှုနှင့် အာရုံ စူးစိုက်ခံရမှု အများအပြား ရရှိခဲ့ပေမယ့်လည်း အောန် စားသောက်ဆိုင်ရဲ့ အယူအဆ ဖြစ်တဲ့ တန်ဖိုးသင့် အရည်အသွေးမြင့် အစားအစာတွေကို သက်သောင့်သက်သာ ဟန်ဆောင်မှု ကင်းတဲ့ ပတ် ဝန်းကျင်မှာ ကျွေးမွေး ဧည့်ခံရေးကိုလည်း မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်ပေ။
ဒါကြောင့် စဖိုမှူးကြီးကို သူ့ရဲ့ အောန် စားသောက်ဆိုင်နှင့် ပတ်သက်၍ ဧရာဝတီက တွေ့ဆုံ မေးမြန်းခဲ့သမျှ ဖော်ပြလိုက်ပါတယ်။
မေး။ ။ ၂၀၁၇ ခုနှစ်မှာ မြန်မာနိုင်ငံကိုပြန်လာပြီး ကိုယ်ပိုင် စားသောက်ဆိုင် ဖွင့်ချိန်ကစလို့ ဘာတွေ ပြောင်းလဲသွားလဲ။
ဖြေ။ ။ မြို့လယ်မှာ ဆိုင်အသေးလေးနဲ့ ကျနော်တို့ စတင်ခဲ့တယ်။ အဲဒီတုန်းက အဆင်ပြေ ပေမယ့် လူသိမများသေးဘူး။ တနှစ်လောက် ကြာတဲ့အခါ ကျနော် Myanmore စားဖိုမှူးဆုရပြီး မကြာခင်မှာ ဒီကို ပြောင်းလာကြတာ။
ဆုရပြီး နောက်ဖြစ်ပေါ်လာတဲ့ မျှော်မှန်းချက်တွေက ကျနော်တို့ အတွက် ဖိအားတွေ အရမ်းဖြစ်စေ သလို စိတ်ဓာတ်ခွန်အားနဲ့ ဧည့်သည်တွေနဲ့ စားသောက်ဆိုင် လုပ်ငန်; ကျွမ်းကျင်သူတွေရဲ့ အသိအမှတ်ပြုမှု တွေလည်း ဖြစ်စေပါတယ်။
ဒါဟာ ကျနော့်အတွက် ကြီးမားတဲ့ စိတ်ဓာတ်ခွန်အားပါပဲ။ ဒါဟာ ကျနော်တို့အတွက် အပြောင်းအလဲ ပါပဲ။ ကျနော်တို့ရဲ့ စိုက်ခင်းတောင်မှ အကြီးအကျယ် တိုးတက်လာတယ်။ ကျနော်တို့ရဲ့ အဖွဲ့အစည်းနဲ့ အစားအစာတွေ တောင်မှ ဆယ်ဆပိုမို ကောင်းမွန်လာပါတယ်။

မေး။ ။ ဒီလုပ်ငန်းကိုလုပ်ဖို့ ဘယ်သူ ဒါမှမဟုတ် ဘယ်အရာက စိတ်ဓာတ် ခွန်အား ပေးလိုက်တာ လဲ။
ဖြေ။ ။ ဘယ်သူမှ မပေးပါဘူး။ ကျောင်းတက်ဖို့ မိဘတွေက ယူကေကို လွှတ်လိုက်တယ်။ ကျနော်က နိုင်ငံရေး အသိုင်းအဝန်းမှာ ကြီးပြင်း လာခဲ့တယ်။ ကျနော့် မိသားစု၊ ကျနော့်လူမျိုး၊ ကျနော့် ပတ်ဝန်းကျင် အားလုံး နိုင်ငံရေးပဲ။ ကျနော့်အပေါ် သြဇာလွှမ်းမိုးတဲ့ သူတွေဟာလည်း နိုင်ငံရေးနဲ့ ပတ်သက်တယ်။
ကျနော်ဟာ နိုင်ငံရေးသိပ္ပံ မဟာဘွဲ့ယူဖို့ ယူကေ ကိုသွားခဲ့တယ်။ ဒါပေမယ့် တချိန်တည်းမှာပဲ ကျနော် က စားသောက်ဆိုင် လုပ်ငန်းမှာ လုပ်နေတယ်။ စားသောက်ဆိုင် လုပ်ငန်းကို စတင် နှစ်သက် လာ တော့၊ ကျနော့် စာတမ်း ရေးရမယ့် အချိန်ကျတော့ ကျနော့်စိတ်က အဲဒီမှာ မရှိတော့ဘူး။ ချက်ချင်ပြုတ် ချင် စိတ်ပဲရှိတယ်။

မေး။ ။ အောန် စားသောက်ဆိုင်ရဲ့ အစားအသောက် စာရင်းက ရန်ကုန်မှာရှိတဲ့ အစားအသောက် တခြားဆိုင် တွေနဲ့မတူဘူး။ ဒီလိုမျိုး ဘယ်လို စဉ်းစားမိ တာလဲ။ ဒီအစားအသောက် စာရင်းကို ဘာက သြဇာလွှမ်းမိုးတာလဲ။
ဖြေ။ ။ ကျနော့် အစားအသောက် စာရင်းက ရာသီစာတွေပဲ။ ကျနော့်အတွက် အလုပ်ဖြစ်တာက အစားအသောက် စာရင်းနဲ့ ပတ်သက်ရင် ပြုလွယ်ပြင်လွယ် ရှိဖို့ပဲ။ ကျနော့်ဆီ ဖုန်းဆက်ပြီး သူ့မှာ ဘာတွေရှိတယ်။ ထူးခြားတဲ့ ငါးတကောင် ရှိတယ်လို့ ပြောပြတဲ့ ပစ္စည်းပေးသွင်းသူ တယောက် ရှိ တယ်။ ဒါတွေကို ကျနော်က ကျနော့်အစားအသောက် စာရင်းမှာ ထည့်လိုက်မှာပဲ။
ကျနော်က သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်တဲ့ ညအလေ့အထတွေနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်း သိမ်း ကာကွယ်ရေးကို အခိုင်အမာ ယုံကြည်သူဖြစ်တယ်။
ကျနော်တို့ စားသောက်ဆိုင်ကို ကြည့်လိုက်ရင် လေဟာပြင်ပဲ။ မြန်မာနိုင်ငံမှာရတဲ့ အံ့သြစရာ ငါးနဲ့ ပင်လယ်စာတွေ ဒါတွေကို ကျနော်တို့က တကမ္ဘာလုံးကို တင်ပို့တယ်။
ဒါတွေရှိနေရဲ့သားနဲ့ ဘာလို့ ပြည်ပက တင်သွင်း ရမှာလဲ။ ဥရောပကနေ ဆယ်လ်မွန် ငါးတကောင် ဒီကိုပို့ဖို့ ပတ်ဝန်းကျင် ညစ်ညမ်းမှုတွေ ဘယ်လောက် ဖြစ်ရလဲ။ လူတွေက သွင်းကုန်ကို ကြိုက်ကြ တယ်၊ တောင်းဆိုကြတယ်၊ တခါတလေ စားကြတယ် ဆိုတာ မှန်ပါတယ်။
ဒါပေမယ့် ကျနော်တို့ရဲ့ အမြဲတမ်း အစားအသောက် စာရင်းက အစားအသောက် တွေက ရာနှုန်းပြည့် ပြည်တွင်းထွက်တွေကြီးပဲ။
မေး။ ။ ဒီနေ့ ရန်ကုန် စားသောက်ဆိုင် လုပ်ငန်းမှာ အဓိက ရုန်းကန်ရတာတွေက ဘာတွေလဲ။ ဘယ်လို လုပ်ပြီး ထိပ်ဆုံးကို ရောက်လာတာလဲ။

ဖြေ။ ။ မတ်တပ်မရပ် တတ်ခင် ပြေးဖို့ကြိုးစားတဲ့ သူတွေနဲ့ ပတ်သက်တဲ့ မြန်မာစကားပုံ တခုရှိ တယ်။ ဒီနေ့ခေတ် လူငယ် စားဖိုမှူး မျိုးဆက်သစ်တွေက ယူကျုတို့၊ ဂေါ်ဒွန်ရမ်းဆေးတို့ကို ကြည့်ပြီး အိမ်မှာ စမ်း သပ်ကြည့်ကြတယ်။ ပြီးတော့ စားသောက်ဆိုင် ဖွင့်လို့ရပြီလို့ ထင်ချင် ကြတယ်။
ဒါဟာ လုံးဝ ကွဲပြားခြားနားတဲ့ ကစားပွဲဖြစ်တယ်။ အခု ကျနော် ဒီနေရာကို ရောက်လာဖို့ စားသောက် ဆိုင် လောကမှာ ဆယ်နှစ်ကြာခဲ့တယ်။ မချက်ခင် မပြုတ်ခင် ဟင်းသီးဟင်းရွက် နွှာတာ၊ အရိုးခုတ် တာနဲ့တင် နှစ် အတော်ကြာတယ်။ လူငယ်စားဖိုမှူးတွေ အနေနဲ့ မီးဖိုချောင်ရဲ့ ယဉ်ကျေးမှုနဲ့ လုပ်ငန်း ပတ်ဝန်းကျင်ကို နားလည်ဖို့လိုတယ်။ သူတို့ကို အခြေခံကစပြီး လေ့ကျင့်ပေးဖို့ လိုတယ်။
အောန် စားသောက်ဆိုင်နဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာ အကောင်းဆုံး အချက်တွေထဲက တခု ကတော့ အကြားအာရုံ ချို့ယွင်း စားဖိုမှူးများ အသင်းက အငယ်တန်း စားဖိုမှူး တဦးရှိတယ်။ သူက အခြေခံ အစာသွပ် မုန့်နဲ့ ပေါင်မုန့် အားလုံး ဖုတ်တတ်တယ်။ ကျနော်တို့မှာ ကလေး စစ်သားဟောင်း ဖြစ်ခဲ့ဖူးတဲ့ ဝန်ထမ်းငယ် တယောက်ရှိတယ်။ ထောင်ထွက် တယောက် ရှိတယ်။ မိဘမဲ့ဂေဟာက လာတာ တယောက်ရှိတယ်။ ကျနော်တို့ ဆိုင်မှာ အားလုံးက ဇာတ်ကောင်တွေ ချည်းပဲ။ ဒီလူငယ် မျိုးဆက်တွေကို အခွင့်အလမ်းတွေ ဖန်တီးပေးရလို့ ကျနော် ဂုဏ်ယူတယ်။
မေး။ ။ ဒီလို စိတ်ဓာတ်ခွန်အားတွေ၊ မျှော်မှန်းချက်တွေ ဘယ်က ရတာလည်း။
ဖြေ။ ။ Masterchef တို့၊ ရုပ်သံတို့၊ ယူကျုတို့က မဟုတ်တာတော့ သေချာပါတယ်။
မေး။ အောန် စားသောက်ဆိုင်မှာ စားဖိုမှူးကြီး နေရာကနေ လေ့ကျင့်ပေးသူ၊ စီးပွားရေးမန်နေဂျာ၊ လုပ်ငန်းတခုလုံးကို ဦးစီးသူ နေရာကနေ ပါဝင်နေတယ်။ ဒါတွေအားလုံးကို ဘယ်လိုစီမံနေလဲ။
ဖြေ။ ။ ကျနော် အောန် စားသောက်ဆိုင်ကို စဖွင့်တော့ ဒီလောက်အထိ စိန်ခေါ်မှုတွေ၊ အခက်အခဲ တွေ ရှိမယ်လို့ မထင်ခဲ့တာကို ဝန်ခံရမှာပဲ။ လွယ်လွယ်လေးလို့ ထင်ခဲ့တာ။
ကျနော် ချက်တတ် ပြုတ်တတ်တယ်၊ အစားအသောက် စာရင်းကို ကျနော်ဖန်တီးနိုင်တယ်။ လွယ်တယ် ထင်ခဲ့တာ၊ တကယ်တော့ အဲဒီလို မဟုတ်ဘူး။ အစားအစာနဲ့ အဖျော်ယမကာ လုပ်ငန်းမှာ ထိပ်ဆုံးက ရပ်တည်ဖို့ဆိုတာ တပတ်ကို ၇ ရက်၊ တရက်ကို ၂၄ နာရီ အဆင်သင့် ရှိနေဖို့လိုတယ်။
ဒါဟာ ဝါသနာပဲလား ကျနော်မသိဘူး။ ဆိုင်စဖွင့်တော့ ကျနော့်မှာ ရွေးစရာမရှိဘူး။ အရာရာ ကိုယ်တိုင် ဝင်လုပ်ရတာ။ ဟိုဟာ၊ ဒီဟာ ခိုင်းဖို့ လူတွေ မငှားနိုင်ဘူး။ အခုတော့ ဖုန်းတို့၊ Facebook မက်ဆေ့တို့၊ အီးမေးလ်တို ပြန်ဖြေတာမျိုး တချို့ကိစ္စတွေမှာ ကျနော်ဝင်မပါတော့ဘူး။
ဘာကြောင့်လဲ ဆိုတော့ ကျနော့်မှာ အရောင်း ဝန်ထမ်းကောင်းတွေ ရှိနေပြီ။ ကျနော့်ရဲ့ မန်နေဂျာဟာ အရမ်းတော်တယ်။ အရောင်းပိုင်းက ဝန်ဆောင်မှုပေးတဲ့ ဝန်ထမ်းတွေကို လေ့ကျင့် ပေးတယ်။
လွန်ခဲ့တဲ့ ၃ လလောက် အတွင်းမှာ အဆင်အများကြီး ပြေလာတယ်။ ဒါကြောင့် မီးဖိုချောင်ကို အပြည့်အဝ အာရုံစိုက်နိုင် လာတယ်။ ကျနော့်နောက်မှာ အံ့သြစရာကောင်းတဲ့ အဖွဲ့ရှိနေပြီ။

မေး။ ။ စိုက်ခင်းသစ်အကြောင်း ပြောပြပါဦး။ ဘာကြောင့် ကိုယ်တိုင်စိုက်ရတာလဲ။
ဖြေ။ ။ ပထမ အချက်ကတော့ ကျနော်က လယ်သမား မိသားစုကလာတာ။ ကျနော့် မိသားစု အားလုံး၊ ကျနော့် မျိုးဆက် အားလုံး လယ်သမားတွေ ချည်းပဲ။ နောက်တချက်က ကျနော်တို့ မြို့ထဲမှာ အောန် စားသောက်ဆိုင် စဖွင့်တော့ ဟင်းသီးဟင်းရွက်ဈေး၊ ကုန်စိမ်းဈေးကို ကျနော်သွားတယ်။
ကျနော်တွေ့တဲ့ ဟင်းသီးဟင်းရွက်တွေက အရမ်း စိတ်ပျက်စရာ ကောင်းတယ်။ ပိုးသတ်ဆေးတွေ၊ ဓာတု ပစ္စည်းတွေနဲ့ချည်းပဲ။ ဟင်းသီးဟင်းရွက်စိမ်း တွေကို ကျနော်မြည်းကြည့်ပြီး ဓာတုပစ္စည်းတွေ ပါမှန်းသိနေတယ်။
ဒါမကောင်းမှန်း ကျနော်သိတယ်။ ဒီကို ပြောင်းမလာခင်က မွန်ပြည်နယ်က ဆွေမျိုးတွေကို ကျနော့် အတွက် ဟင်းသီးဟင်းရွက်တွေ စိုက်ခိုင်းရတယ်။ ကြက်သွန်နီတောင်မှ၊ နောက်နှစ် အောန် စားသောက်ဆိုင်က ကြက်သွန်နီ အားလုံးဟာ မွန်ပြည်နယ်က လာတာ ဖြစ်တော့မယ်။ တချို့ အသီးအရွက်သုပ်တွေ၊ အရွက်နုတွေ။
ကျနော်က အစိမ်းစားတဲ့ ဟင်းသီးဟင်းရွက် တွေကို အဓိကထားတော့ ဓာတုပစ္စည်းကင်းစင်ဖို့ အရမ်းအရေးကြီးတယ်။ ခင်ဗျားကို စောစောက စိုက်ခင်းထဲလှည့်ပြပြီးပြီ။ ဟင်းသီးဟင်းရွက် တွေလည်း မြည်းကြည့် စေခဲ့တယ်။ ဓာတုပစ္စည်း အရသာ လုံးဝမပါဘူး။ ဒါအရမ်းကို သဘာဝဆန်တယ်။ အရသာရှိတယ်။
ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ Marie Starr ၏ Orng Kitchen Takes Myanmar Fine Dining Back to Nature ကို ဘာသာပြန်ဆိုသည်။