ယခု နှစ်ပိုင်းများတွင် တစတစနှင့် ရာသီဥတု အလွန် ပူပြင်းလာကာ နေရောင်ခြည်တွင် ခရမ်းလွန် ဓာတ်ရောင်ခြည် အညွှန်းကိန်း ကလည်း မြင့်မားလျက် ရှိလာသည်။
ထိုသို့ ရာသီဥတု ပူပြင်းချိန်တွင် သြင်္ကန် ရေကစားကြမည့် သူများ အနေဖြင့် သတိထားစရာ အချက်များစွာ ရှိနေသည်။
ပူပြင်းသည့် ရာသီဥတုကြောင့် အပူရှပ်ကာ ဖျားနာမှုများ အပြင် ဦးနှောက် သွေးကြောပြတ်သည့် အခြေအနေထိ ကြုံတွေ့ နိုင်သဖြင့် အထူး သတိပြုရန် လိုအပ်သည်။
ထို့ပြင် လူတိုင်း နီးပါး ကြုံတွေ့ခံစားရနိုင်သည့် ပြဿနာ တရပ်မှာ နေလောင်ခြင်းနှင့် အသားအရေ ပျက်စီးခြင်းပင် ဖြစ် သည်။ ယင်း ပြဿနာကို မည်ကဲ့သို့ ကြိုတင် ကာကွယ်နိုင်သနည်းနှင့် ဖြစ်ပေါ်လာပါက လုပ်ဆောင်သင့်သည်များကို သိရှိ နိုင်ရန် အတွက် အလှအပနှင့် အရေပြား ဆရာဝန် ဒေါက်တာ ဟန်နီဇင်ကို ဧရာဝတီ သတင်းထောက် သဇင်လှိုင်က တွေ့ဆုံ မေးမြန်းထားပါသည်။
မေး။ ။ သြင်္ကန်မှာ ရေပက်ခံ ထွက်မယ် ဆိုရင် ဘယ်လို အရေပြား ပြဿနာတွေ တွေ့ကြုံရနိုင်လဲ။
ဖြေ။ ။ ရေပက်ခံထွက်မယ် ဆိုရင် အများစုက နေလောင်ဒဏ်ကြောင့် အသားအရေ ပျက်စီးကြတာ။ ဒီ ခရမ်းလွန် ဓာတ် ရောင်ခြည် (Ultraviolet-UV) တွေက အသားအရေကို ဘယ်လောက်ထိ အန္တရယ်ရှိလဲ ဆိုတာ အရင်ဆုံး ပြောပြချင်တယ်။ ပုံမှန်အားဖြင့် ခရမ်းလွန် ဓာတ်ရောင်ခြည် UV မှာ A/ B/ C ဆိုတာ ရှိတယ်။ UVC ကတော့ ကမ္ဘာမြေပေါ် မကျရောက်တဲ့ အတွက် ဂရုစိုက်စရာမလိုသေးဘူး။
အဓိကက အိုမင်း ရင့်ရော်စေတဲ့ UVA နဲ့ အသားကို ညိုစေတဲ့ UVB ပေါ့။ UVA က လှိုင်းအလျားရှည်တဲ့ အတွက် အသား အရေ အတွင်းပိုင်း အထိ ထွင်းဖောက်နိုင်တယ်။ အဲဒါကြောင့်ပဲ အရွယ်မတိုင်မီ အိုမင်း ရင့်ရော်တာတွေ၊ အရေး အကြောင်းတွေ ဖြစ်စေနိုင်တာပေါ့။ UVB ကတော့ လှိုင်းအလျား တိုတဲ့အတွက် အပေါ်ယံ အသားအရေကို ပျက်စီးနိုင် တယ်။ နေလောင်ဒဏ်ကြောင့် အသားအရေ ပျက်စီးတာ၊ မှဲ့ခြောက်၊ တင်းတိတ်တို့ ဖြစ်တာပေါ့။
မေး။ ။ အဲဒီ UV ဓာတ်ရောင်ခြည်တွေကို ဘယ်လိုမျိုး ကာကွယ်နိုင်သလဲ။ ဘယ်လို ပစ္စည်းတွေ သုံးသင့်သလဲ။
ဖြေ။ ။ UVA နဲ့ UVB တို့ကြောင့် အသားအရေ မပျက်စီးအောင် ကာကွယ်ဖို့ ဆိုရင် အခု နောက်ပိုင်းမှာ နေရောင်ကို ကာကွယ်ဖို့ လိမ်းတဲ့ ခရင်မ်တွေ သုံးလာကြတယ်။ အဲ့ဒီ ခရင်မ်ကို တော်တော်များများ သိထားကြတာက နေရောင် ကာကွယ်တဲ့ Sun Protector Factor လို့ခေါ်တဲ့ SPF နဲ့ ခရမ်းလွန် ဓာတ်ရောင်ခြည်ကို တန်ပြန် ကာကွယ်ပေးတဲ့ Protection Against UV လို့ခေါ်တဲ့ PA တို့ပဲ။
ပုံမှန်အားဖြင့် နွေရာသီ ဆိုရင် SPF 30 ကို ကာကွယ်ပေးနိုင်တဲ့ ဟာမျိုး သုံးဖို့ လိုတယ်။ တကယ်လို့ ခရမ်းလွန်ရောင်ခြည် ပြင်းထန်တဲ့ နေရာကို သွားမယ် ဆိုရင် SPF 50 လောက်အထိ သုံးဖို့ လိုတယ်။ PA မှာလည်း 1 plus၊ 2 plus၊ 3 plus ဆိုပြီး အစားစား ရှိတယ်။ Plus များလေလေ နေရောင်ဒဏ်ကို ခံနိုင်တဲ့ အချိန်ကြာလေလေပဲ။
မေး။ ။ ဒီမှာ အများစုက SPF 15 လောက်ပဲ ပါတဲ့ဟာတွေကို သုံးတာ များတယ် ဆိုတော့ ဒါနဲ့ရော မလုံလောက်ဘူးလား။
ဖြေ။ ။ SPF 30 က အနည်းဆုံး ထားပြီး သုံးသင့်တယ်။ အခု နောက်ပိုင်း ခရမ်းလွန် ဓာတ်ရောင်ခြည်တွေက ပိုများပြီး အန္တရာယ်ရှိလာတယ်။ အဲ့ဒါကြောင့် အခုနောက်ပိုင်း ကုမ္ပဏီတွေက နေရောင်ကို ကာကွယ် တားဆီးပေးတဲ့ဟာတွေ အပြိုင် အဆိုင် လုပ်လာကြတယ်။ သိတဲ့သူတွေ ဆိုရင် SPF 30 ကိုတောင် မသုံးတော့ဘူး။ SPF 50 အထိ သံုံးကြတယ်။ ပိုပြီး ခံနိုင်ရည် ရှိသွားတာပေါ့။ SPF 15 က အမည်းစက်တွေ၊ တင်းတိတ်တွေ အတွက် ခံနိုင်ရည် မကောင်းဘူး။ အမည်းစက် တွေ ဖြစ်နိုင်ခြေ ရှိတယ်။
မေး။ ။ တချို့ကြတော့ သနပ်ခါးလိမ်းပြီး အပြင်ထွက်ကြတာမျိုး ရှိတယ်။ သနပ်ခါးကရော နေလောင်ဒဏ်ကို ကာကွယ်နိုင် သလား။ ဘယ်လောက် အထိ ကာကွယ်နိုင်သလဲ။
ဖြေ။ ။ သနပ်ခါးက နေလောင်ဒဏ်ကို လုံးဝ အကာကွယ် မပေးဘူး။ ရိုးရာ အရ ငယ်ငယ်ကတည်းက သြင်္ကန်တွင်း ဆိုရင် အသားအရေ မပျက်စီးအောင် သနပ်ခါး အရည် ကျဲကျဲလေး လိမ်းကြတယ်။ အဲဒါက အသားအရေ ပြန်လည် ထိန်းသိမ်းတဲ့ အပိုင်းလောက်ပဲ။ နေလောင်ဒဏ်ကို လုံးဝ အကာအကွယ်မပေးဘူး။
မေး။ ။ အခု နောက်ပိုင်း အလှအပနဲ့ အသားအရေ ပစ္စည်းတွေက အများကြီး အပြိုင်အဆိုင် ထွက်နေတာဆိုတော့ ဘယ် လိုမျိုးကို ဝယ်သုံးသင့်လဲ။ ပါဝင် ပစ္စည်းတွေကို ဘယ်လို ရွေးရမလဲ။
ဖြေ။ ။ ပါဝင် ပစ္စည်းတွေကို ဘယ်လိုမျိုး ကြည့်ဝယ်ရမလဲ ဆိုတော့ အများအားဖြင့် Zinc Oxide တို့၊ တိုက်တေနီယမ် ဒိုင်အောက်ဆိုဒ် Titanium Dioxide တို့ ပါကြတယ်။ အဲဒီထဲမှာ ပါတဲ့ အမျိုးအစားကို ရွေးချယ်ဖို့ သင့်တော်တယ်။ သြင်္ကန်တွင်း ဆိုတော့ ရေကလည်း စိုမှာဆိုတော့ ရေဒဏ်ပါ ခံနိုင်တဲ့ ခရင်မ်တွေကို သံုံးသင့် တယ်။
မေး။ ။ နေရောင်ဒဏ် ကာကွယ်ဖို့ စနစ်တကျ ထိရောက်မှု ရှိအောင် ဘယ်လို အသုံးပြုသင့် သလဲ အကြံပြုပါဦး။
ဖြေ။ ။ နေပူထဲ ထွက်တော့မယ်၊ ရေကစားတော့မယ် ဆိုရင် ၁၅ မိနစ်၊ နာရီဝက်လောက် အလိုမှာ နေရောင်ဒဏ် ကာ ကွယ် ပေးတဲ့ ခရင်မ်တွေကို ကြိုလူးထားဖို့ လိုတယ်။ တနေ့လုံး နေပူထဲ သွားတော့မယ် ဆိုရင် ၂ နာရီခြား၊ ၃ နာရီခြား တခါ လိမ်းဖို့ လိုတယ်။ ရေအရမ်း စိုလို့ ခရင်မ် လိမ်းလို့ အဆင်မပြေဘူး ဆိုရင် မှုတ်ဆေး Spray Type တွေ လာတာမျိုး လည်းရှိတယ်။
နောက်တခုက နေရောင် ကာကွယ်တဲ့ နေရာမှာ မျက်နှာတခုတည်းကို အကာအကွယ် လုပ်လို့ မရဘူး။ ခန္ဓာကိုယ်မှာ နေရောင် တိုက်ရိုက် ထိမယ့် အပိုင်းတွေမှာပါ လိမ်းဖို့ လိုတယ်။ နဖူးနဲ့ နှာခေါင်းကြား ဆိုရင် အဆီပြန်ပြီး ပျက်လွယ် တာကြောင့် ပိုလိမ်းဖို့ လိုတယ်။ ခြေထောက်တွေ၊ လက်တွေက နေရောင် တိုက်ရိုက် ထိမယ့် အပိုင်း ဆိုတော့ အဲ့ဒါတွေကို လိမ်း သင့်တယ်။
ခရမ်းလွန် ဓာတ်ရောင်ခြည် ကာကွယ်ပေးတဲ့ UV Filter ပါတဲ့ မျက်မှန်တွေ၊ အကာကွယ်ယူတဲ့ ဦးထုပ်တွေ ယူသွား သင့် တယ်။ အသားအရေ နေမလောင်အောင် အကျီ ၤလက်ရှည်၊ ဘောင်းဘီရှည်တွေ ဝတ်သင့်တယ်။ သြင်္ကန်တွင်းမှာ အတို လေး တွေ ဝတ်ချင်တောင် အသားအရေ ထိခိုက်ပျက်စီးမှာ ကြောက်ရင် နေထိမယ့် အပိုင်းတွေကို အကာကွယ် လုပ်ထား သင့်တယ်။
မေး။ ။ တကယ်လို့များ နေလောင်ပြီး အသားအရေ ပျက်စီးတာ ကြုံလာရင် ဘယ်လို ကုစားသင့်သလဲ။
ဖြေ။ ။ နေရောင် တိုက်ရိုက် ထိသွားမယ် ဆိုရင် နေလောင်ထားတဲ့ နေရာကို ရေအေး အဝတ်လေးနဲ့ တင်ပေးတာမျိုး လုပ် ပေးဖို့ လိုတယ်။ နောက်ပြီး အသားအရေကို အေးစေတဲ့ ရှားစောင်း လက်ပတ်၊ စိုထိုင်းစ Moisture ပါတဲ့ လိမ်းဆေးတွေ လိမ်းပေးဖို့ လိုမယ်။ နောက်ပြီး ခါတိုင်းထက် ရေပိုသောက်ပေးဖို့ လိုအပ်တယ်။
မေး။ ။ နေရောင်ကြောင့် အသားအရေ ပျက်စီးတာ အပြင် သြင်္ကန်တွင်းမှာ အခြားရော ဘာများ ကြုံတွေ့ရနိုင်သေးလဲ။
ဖြေ။ ။ နေရောင်ကြောင့် အသားအရေ အရောင် မညီတာ၊ ခြောက်တာတွေ ဖြစ်တတ်တယ်။ နောက်တခုက မသန့်ရှင်းတဲ့ ရေတွေကြောင့် အရေပြားနဲ့ ဓာတ်မတည့်တာ၊ ယားယံတာမျိုးတွေ ဖြစ်တတ်တယ်။ ဝဲစားတာ၊ မိတ်ဖုတွေ ထွက်တာမျိုး ဖြစ် တတ်တယ်။ မျက်နှာမှာ ဆိုရင် သန့်စင်မှု အားနည်းတဲ့ အခါ ဝက်ခြံလို အဆီဖုတွေ ဖြစ်လာနိုင်တယ်။ နောက် ရေပက်ခံ ထွက်တဲ့ အခါ မီးသတ်ပိုက်နဲ့ ထိုးပက်ကြတာ အရမ်းပြင်းသွားရင် အရေပြား ပွန်းပဲ့ ဒဏ်ရာတွေ ကြုံလေ့ ရှိတယ်။
မေး။ ။ မသန့်ရှင်းတဲ့ ရေကြောင့် ပြဿနာ မဖြစ်ရအောင် ဘာတွေ ဆင်ခြင်သင့်သလဲ။
ဖြေ။ ။ မသန့်တဲ့ ရေကြောင့် ပြဿနာ မဖြစ်အောင် ရေစိုနေတဲ့ အဝတ်တွေကို အိမ်ရောက်တာနဲ့ လဲရမယ်၊ ရေချိုးတဲ့အခါ ပိုးသတ်ပေးနိုင်တဲ့ ဆပ်ပြာနဲ့ သန့်စင်ရမယ်။ အသားအရေကို ပြန် အားဖြည့်တဲ့အနေနဲ့ တနေ့လုံး နေလောင်ထားတဲ့ အသား အရေတွေကို ရှားစောင်း လက်ပတ်၊ သခွားမွှေးတို့နဲ့ မျက်နှာ၊ ခန္ဓာကိုယ်တွေကို ကပ်ပြီး ကိုယ်လိမ်းခရင်မ် လူး သင့် တယ်။ ပွန်းပဲ့ ဒဏ်ရာ ရထားတယ် ဆိုရင် အရက်ပျံနဲ့ သေချာဆေးပြီး ပိုးသတ်ဆေးထည့်ဖို့ လိုတယ်။ ကိုယ့်ရဲ့ အရေပြား ပြဿနာ ပိုဆိုးသွားပြီ ဆိုရင် နီးစပ်ရာ အရေပြား ဆရာဝန်နဲ့ ပြသဖို့ အကြံပေးချင်တယ်။
မေး။ ။ ဘာများ ဖြည့်စွက် ပြောချင်တာများ ရှိသေးလဲ။
ဖြေ။ ။ အရေးကြီးဆုံးက နွေရာသီ သြင်္ကန်မျိုးမှာ အပူရှိန် အရမ်း မြင့်တယ်။ ရေကို ခါတိုင်းထက် ပိုသောက်ပေးဖို့ လိုတယ်။ အပူချိန် မြင့်တာနဲ့ အမျှ ခန္ဓာကိုယ်မှာ ရေဓာတ် ဆုံးရှုံးမှုက ပိုများတယ်။ နောက်တခုက အပူရှပ်ပြီး သတိလစ်တာမျိုး အထိ တောင် ဖြစ်နိုင်တယ်။ များသောအားဖြင့် သြင်္ကန်ကျတော့ ရေစိုနေတာမျိုးက နေအရမ်းပူတဲ့ နေရာမျိုးက ချက်ချင်းရေနဲ့ ထိ တာမျိုး မလုပ်နဲ့။ ခဏတော့ နားသင့်တယ်။ ရေကို ဝအောင် သောက်သင့်တယ်။ ။