ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) တိုက်ပွဲများ ဖြစ်ပွားပြီး စစ်ရေးတင်းမာနေသည်မှာ ၄ လကျော် ရှိပြီဖြစ်သည်။
နှစ်ဖက်တပ်အကြား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးနိုင်ရေးအတွက် ကိုယ်စားလှယ်များ တွေ့ဆုံမှု ရှိသော်လည်း ပြေလည်ခြင်း မရှိသေးပါ။
တပ်မတော်က AA ကို အကြမ်းဖက် သောင်းကျန်းသူအဖြစ် သတ်မှတ်ထားပြီး ပိတ်ဆို့ချေမှုန်းရန် AA လှုပ်ရှားနေသည့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ တပ်ပိုင်းဆိုင်ရာ အဆင့်မြင့် အရာရှိများ နှင့်လည်း နှစ်နိုင်ငံအစည်းအဝေးများ လုပ်ကာ ချေမှုန်းရေး ဆောင်ရွက် နေသည်။
၄ လ ကျော်ကြာလာသည့် တိုက်ပွဲကာလအတွင်း ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် အရပ်သားသေဆုံးမှုနှင့် ထိခိုက်မှုများ မြှင့်တတ်လာပြီး အရပ်သား တသောင်းကျော် မှာလည်း စစ်ဘေးရှောင်ဒုက္ခသည်များ ဖြစ်နေသည်။
ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခ၊ AA ၏နိုင်ငံရေးခံယူချက်အပေါ် ရပ်တည် ချက်များ၊ ပဋိပက္ခများအပေါ် သဘောထားများနှင့် ပတ်သတ်၍ ရက္ခိုင်စစ်တပ် (AA) ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို ဧရာဝတီအကြီးတန်း သတင်းထောက် နန်းလွင်နှင်းပွင့်က တွေ့ဆုံမေးမြန်းထားသည်။
မေး။ ။မြန်မာနဲ့ အိန္ဒိယ တပ်တွေကြား AA ကို ချေမှုန်းဖို့ ပိတ်ဆု့ိဖို့သဘောတူပြီးနောက်ပိုင်း ကုလားတန်စီမံကိန်းအတွက် သယ်လာတဲ့ ပစ္စည်းတွေပါတဲ့ ရေယာဉ်ကို ဖျက်ဆီး လိုက်တယ်နော်။ အဓိက ရည်ရွယ်ချက်က ဘာလဲ။
ဖြေ။ ။ တိုက်ပွဲဖြစ်နေတဲ့ ဒေသမှာဆိုတော့ ကျနော်တု့ိရဲ့ အောက်ခြေကို ညွှန်ကြားရတဲ့ ညွှန်ကြားချက်တွေက ရှင်းရှင်းလင်းလင်းပဲ ပေးထားပါတယ်။ မြန်မာအစိုးရ တပ်တွေကလည်း တချိန်လုံး ဝင်လာနေတယ်။ အဲ့အချိန်မှာ ကျနော်တို့ရဲ့ လှုပ်ရှားတပ်တွေကို အစိုးရရဲ့စစ်ကူတွေ အမြှောက်ကြီးတွေ အလွယ်တကူ မရောက်လာနိုင်အောင် ကျနော်တို့မှာ ညွှန်ကြားထားတာ တွေရှိတယ်။
အဲ့သင်္ဘောကလည်း ကျနော်တို့က တံတားကိစ္စကို အတွေးထဲကို မဝင်ဘူး။ ကျနော်တို့ ညွှန်ကြား ထားတာက သင်္ဘောတွေ ဝင်လာမယ်။ အမြှောက်ကြီးတွေ တင်လာတယ်လို့ ကြားတယ်။ မြှုပ်လိုက်ပါလို့ဆိုပြီး ညွှန်ကြားထားတယ်။ အဲ့လို အရွယ်အစား ရှိတဲ့ သင်္ဘောတွေလည်း သွားလာလေ့ မရှိပါဘူး။ ပြီးရင် အခုနောက်ပိုင်းမှပဲ ရခိုင်ပြည်ကိုလည်း စစ်သင်္ဘော အကြီးကြီးတွေ အရမ်းဝင်လာတယ်လေ။
ရန်ကုန်-စစ်တွေကားလမ်း ပေါ်ကနေ စစ်သားတွေ သိပ်မပို့တော့ဘူး။ ရေလမ်းကနေ ပို့တယ်။ ကျနော်တို့ကလည်း ရေလမ်းကို သတိထားနေတဲ့ အချိန်မှာ ပိုပြီး တိုက်ဆိုင်လာတယ်။ အဲ့တာ တချက်ရှိပါတယ်။ နောက်တချက်ကတော့ ကျနော်တို့ အထူးသဖြင့် ပြောချင်တာ ရခိုင်ပြည်မှာ တချို့နိုင်ငံတွေရဲ့ရင်းနှီးမြှုပ်နှံမှုတွေရှိတယ်။ အိန္ဒိယနဲ့ တရုတ်ပေါ့ ။ အထူးသဖြင့် အဲ့ရင်းနှီးမြှုပ်နှံမှုတွေကို ကျနော်တို့ အနေနဲ့ဆန့်ကျင်စရာ အကြောင်း မရှိဘူး။ အဲ့တာတွေကို ကျနော်တို့က ကြိုဆိုပါတယ်။
ဒါပေမယ့် ကျနော်တို့ လူထုရဲ့ အကျိုးစီးပွား တွေကို မထိခိုက်ဖို့ ပြီးရင် ရခိုင်ပြည်မှာ လုပ်မယ် ကိုင်မယ် ဆိုရင် ကျနော်တို့နဲ့ ညှိနှိုင်းပြီး လုပ်မယ် ဆိုရင် ပိုပြီး အကျိုးစီးပွား ရှိနိုင်တယ်။ ကျနော်တို့လည်း တတ်နိုင်သမျှ ကိုယ်လုပ်နိုင်သမျှ ပူးပေါင်း ဆောင်ရွက်လို့ ရတယ်။ အခုဖြစ်တဲ့ကိစ္စတွေ ပလက်ဝမြို့နယ်မှာ ဆုထူးစံကုမ္ပဏီမှာ ထောက်လှမ်းရေး ဟောင်းတွေ ပါလာတယ်။ သူတို့ကုမ္ပဏီက ရခိုင်မှာ အရင်ဝန်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်း လက်ထက်ကတည်းက အကိုကြီး၊ ညီလေး ဆက်ဆံရေးတွေနဲ့ ဆောက်လုပ်ရေးတွေ ရပါတယ်။
သူတို့လည်း အရင် ငွေတွေပေါ့ဗျာ။ ဘယ်လို ရထားတဲ့ ငွေတွေဆိုတာ လူတိုင်း သိပါတယ်။ အဲ့တာတွေနဲ့ သူတို့အများကြီး ရပြီးမှ ပရောဂျက်တွေ လုပ်ပါတယ်။ လုပ်တော့ ဒီကုမ္ပဏီက ဘယ်လို ကုမ္ပဏီလဲဆိုတာ ကျနော်တို့ သိတယ်။ ကျနော်တို့ စစ်ရေးလှုပ်ရှားတဲ့ ခွင်မှာ ရှိနေတာတော့ ကျနော်တို့ သဘောမကျဘူး။
တကယ်ဆိုရင် အဲ့ဒီ့ စီမံကိန်းကို ဆန့်ကျင်ချင်လို့ မဟုတ်ဘူး။ အဲ့မှာ ဒါမျိုးအဖွဲ့အစည်းတွေ ရှိနေတာ လုံခြုံရေးအရ ကျနော်တို့အတွက် သတင်းပေါက်ကြားမှုတွေက အန္တရာယ် ရှိတယ်။ သူက စစ်ရေးအမြင် ရှိတယ်။ တကယ်လေ့ကျင့်ထားတဲ့ လူတွေဖြစ်နေတယ်။
ထောက်လှမ်းရေးအဟောင်းလို့ ဘယ်လောက်ပဲ ပြောပြော သူ့ရဲ့ mindset က ရှိတာပေါ့ဗျာ။ လူအများက ကြိုက်ချင်မှ ကြိုက်မယ်။ ကျနော်တို့ရဲ့ အမြင်အတိုင်း ပြောမယ်ဆိုရင် ထောက်လှမ်းရေး ဟောင်းတွေရော ဗမာတပ်မတော်ရဲ့ အရာရှိတွေ ဗမာလူမျိုးရေးအစွန်းရောက် စစ်ဝါဒ ရှိတဲ့ လူတွေကို ကျနော်တို့အမှန်အတိုင်း သုံးသပ်တယ်။ ဒါ့ကြောင့် ထိန်းသိမ်းထားတယ်။
မေး။ ။ အဲ့ဒီဖမ်းဆီးထားဆဲ ဖြစ်တဲ့ ဆုထူးစံ ကုမ္ပဏီက ၈ ဦး၊ သူတို့အခြေအနေရော ဘယ်လို ရှိလဲ။
ဖြေ။ ။ မဆိုးပါဘူး။ ကျနော်တို့က မထိန်းသိမ်းထားချင်ပါဘူး တကယ်ဆို။ အလုပ်ရှုပ်တာပေါ့။ ပြန်လွှတ်ပေးချင်ပါတယ်။ ခဏလိုအပ်တဲ့ အခြေအနေကြောင့် ထိန်းသိမ်း ထားတာပါ။ ကျနော်တို့ ရက်ရက်စက်စက် သတ်ဖြတ်တာတို့ မလုပ်ပါဘူး။
မေး ။ ။ AA အနေနဲ့စစ်ဆင်ရေးတွေမှာ တချို့ရွာတွေကို ဝင်ပြီး တိုက်တာရှိတယ်လို့ မြေပြင်က ကျမတို့သတင်းထောက်တွေရထားတဲ့ အချက်အလက်တွေအရ သိရတယ်။ ရွာထဲ ဝင်တိုက်တယ် ဆိုတာ အရပ်သားတွေကို ထိခိုက်နိုင်ချေ များတယ်။ ဘာလို့ ဒီနည်းလမ်းကို သုံးတာလဲ။
ဖြေ။ ။ ရွာထဲ ဝင်တိုက်တယ်ဆိုတဲ့ စကားကို ကျနော် နားမလည်ဘူး။ မြန်မာနိုင်ငံမှာ ရခိုင်လိုမျိုး နေရာတွေက ဒါရခိုင်လူမျိုးတွေ သီးသန့်နေတဲ့ နေရာတွေ ဖြစ်တယ်။ ကျနော်တို့ တိုက်လိုက်ရင် ကျနော်တို့ လူထု နားမှာပဲ။ ဘာမှ မတိုက်ရင်တောင်မှ တိုက်ပွဲ ဖြစ်ပါတယ်ဆိုပြီး တရွာလုံးကို ဝင်ပစ်သွားတယ်။ ပြီးရင် သူတို့က စွပ်စွဲတယ်။ ကျနော်တို့ပစ်တယ်လို့ ပြောတယ်။
ပစ်တယ် ဆိုရင် ကျနော် ကျည်ဆံတတောင့် နှစ်တောင့်လောက်ပဲ သက်သေတောင်းချင်တယ်။ တရွာလုံးမှာ သူတို့ကျည်ဆံတွေရှိတယ်။ ကျနော်တု့ိဟာ ဘယ်မှာလဲ အထောက်အထား။ ပစ်တယ်ဆိုရင် အဲ့အိမ်က ဘယ်အိမ်လဲ။ အဲ့အိမ်က အိမ်ရှင်ကို အချိန်မရွေး ကြက်ကလေး ငှက်ကလေးလို ဖမ်းလို့ ရတယ်။ ဘာကြောင့် မဖမ်းနိုင်သလဲ။
ကျနော်တို့ပစ်သွားတယ်ဆို သေသွားတဲ့ သူတို့စစ်သား ဘယ်မှာလဲ။ မသေဘူး။ ဘာမှ မရှိဘူး။ အဲ့တာ တိုက်ပွဲ အတုပဲ။ ကျနော်တို့ကိုလည်း နာကျည်းစေတယ်။ ကျနော်တို့ပြည်သူတွေကိုလည်း လူမျိုးရေး ဆန်တဲ့ အမုန်းတရားပေါ့။ ဒါက သတ်ဖြတ်တာတင် မကဘူး။ တကယ့်စော်ကားတာပဲ။ သူတို့မီဒီယာတွေကို ထိန်းချုပ်ထားတဲ့ အတွက် အမှားကို အမှန်လုပ်လိုက်တယ်။ ပြီးမှပဲ ကိုယ့်ရဲ့ အပြစ်ကို သူများပေါ်မှာ တင်လိုက်တယ်။ အဲ့လုပ်ရပ်က ကျနော်တို့ကို တကယ်ရင်နာစေတယ်။ ကျနော်လုံးဝ မကျေနပ်ဘူး အဲ့ကိစ္စတွေကို။ သူတို့က ဒါမျိုးလုပ်လာရင်တော့ ကျနော်တု့ိက ရှင်းရှင်းလေးပါပဲ။ ဒါမျိုးတွေကို ကျနော်တို့ တတ်နိုင်သမျှတော့ သည်းခံမယ်။ တကယ်များလာရင်တော့ ကျနော်တို့ကို အပြစ်မဆိုတော့နဲ့လို့ ပြောချင်တယ်။
မေး။ ။ ဗိုလ်ချုပ် အရပ်သားတွေဆိုရင် ကျည်ဆံတွေက ဘယ်သူ့ကျည်လဲ မခွဲခြားနိုင်ဘူး။ နောက် တော်လှန်ရေးတပ်ဖွဲ့တွေကလည်း မဟာမိတ်တွေ ဆီက ဖြစ်ဖြစ် မှောင်ခိုဈေးကွက်က ဖြစ်ဖြစ် ဝယ်သုံးတဲ့ လက်နက်တွေကျည်တွေကို သတင်းထောက်တွေတောင် အကုန်ဝေခွဲရ ခက်ပါတယ်။ မသိနိုင်ပါဘူး။ ဒီတော့ ဘယ်သူ့ကျည်ဆိုတာ ဘယ်လိုခွဲမလဲ။
ဖြေ။ ။ ဒါပေမယ့် နေရာတိုင်းမှာ သူ့ရဲ့ကျည်ဆံပဲ ဖြစ်နေတယ်။ ရွာ ၅ ရွာကို ပစ်လိုက်တယ် ဆိုရင်ဗျာ။ ရွာ ၅ ရွာလုံးမှာ ကပစ ကျည်ဆံတွေပဲ ဖြစ်နေတယ်။ ကျနော်တို့ ရက္ခိုင်စစ်တပ်က တော်လှန်ရေးအဖွဲ့အစည်း ဆိုပေမယ့် ကျနော်တို့ရဲ့လက်နက်တပ်ဆင်မှုက တော်တော်လေး စနစ်တကျ ရှိပါတယ်။ ဖြစ်ကတတ်ဆန်း တပ်စိတ်တစိတ် သေနတ် ၅ မျိုး မဟုတ်ပါဘူး။
ကျနော်တို့မှာ ပင်မကျည်ဆိုတာ ရှိတယ်။ ကျနော်တို့သုံးတဲ့ ၇.၆၂ ၊ ၃၉ သူ့ရဲ့ Cartridge ဒါမျိုး ဆိုရင် ကျနော်တို့က ပင်မကျည်ဆို ပင်မကျည်၊ ကျနော်တို့ သုံးတဲ့ လက်ပစ်ဗုံးဆိုတာ ရှိတယ်။ ကျနော်တို့ သုံးတဲ့ RPG ဆိုတာ ရှိတယ်။ အများစုပေါ့နော်။ RPG 2 ကို သုံးတယ် 7 သုံးတယ် ဆိုရင်တောင် ကျနော်တို့မှာ ကပစ တွေမသုံးဘူး။
တခါတလေ သူ့ဆီက သိမ်းလို့ရတော့ ပြန်ပစ်တာ တော့ ရှိပါတယ်။ အဲ့လောက်တော့ မများပါဘူး။ ရုရှားလုပ်ရှိမယ်။ US လုပ် ရှိမယ်။ ဒါ မှောင်ခိုဈေးက ဝယ်တာပဲ။ အဲ့လောက်ထိတော့ သူ့ဟာကြီးကို ကိုင်ပြီး ကိုယ့်လူထု နာအောင်အတွက်တော့။ ကျနော်တို့လည်း ရှုံးနေတာမှ မဟုတ်တာ ဘယ်သူက နာနေတာလဲ။ ကိုယ်အသာစီးနဲ့ တိုက်ရင် ကိုယ့်လူထု နာအောင် ဘယ်သူလုပ်မလဲ။ ဒါမျိုးတွေတော့ စဉ်းစားစရာ အများကြီး ရှိတာပေါ့။
ဒါ့ကြောင့် ကျနော်တို့က မီဒီယာတွေကို တကယ်လာစေချင်ပါတယ်။ တကယ်စိတ်ရင်း စေတနာမှန် နဲ့ပြောတာ။ နားလည်မှု တစုံတရာသာ ရရင် မီဒီယာတွေလာပေါ့။ မြန်မာ တပ်မတော်လည်း ခဗျားတို့ အစိုးရပီပီတော့ လုပ်ပေါ့နော်။ ကျနော်တို့ ကြိုဆိုတဲ့ အချိန်မှာ မလာရဲအောင် လုပ်လိုက်တာ မျိုးက တော်တော်လေး ခက်တယ်လေ အဲ့လို ပညာမျိုးက။ ကျနော်တို့က ရိုးရိုးပဲ။ တော်လှန်ရေးပဲ။ ကလိမ်ကကျစ်တွေသိပ်မလုပ်ပါဘူး။ တကယ် သတ်တယ်ဆိုလည်း သတ်တယ် ပြောတာပဲ။ ကြေငြာပြီးမှကို ချနေတာပဲ။ ကလိမ်ကကျစ် မချပါဘူး။
မေး။ ။ ဧပြီ ပထမပတ်ထဲမှာ သတင်းဌာနတွေကို AA က ဆိုပြီး ခြိမ်းခြောက်စာတွေ အကြိမ်ကြိမ် ရောက်တယ်။ ဒီအပေါ်မှာ ဘာများ မှတ်ချက်ပေးချင်လဲ။
ဖြေ။ ။ ဒီကိစ္စက တော်တော်လေးကို ကိုယ်ကျင့်သိက္ခာမဲ့တယ်။ ကျနော်တို့ မီဒီယာကို တောင်းဆို ချင်တာက ဘက်လိုက်စရာ အကြောင်းမရှိဘူး။ အရှိတရားကိုပဲ ဖော်ပြပေးပါ။ ကျနော်တို့လည်း မကောင်းတာ မှားတာ ရှိမှာပဲ။ ရှိရင် ရေးပါ။ ဒါဟာ ဘယ်သူက မှန်တယ် ဘယ်သူက မှားတယ် ဆိုတာ တကမ္ဘာလုံးက သိရမယ်။ လူထုက သိရမယ်။ အဲ့တာကြောင့် ဘက်လိုက်ပါလို့ ဘယ်တော့မှ ပြောမှာ မဟုတ်ဘူး။
ကိုယ်ကိုယ်တိုင် မှားနေတဲ့ဟာကို အမှန်လို့ ပြောရင်လည်း ဒါကတော့ မှားရင် မှားတယ်ပေါ့။ ဒါမျိုး ကျနော်တို့က ဖိတ်ခေါ်လိုက်တာနဲ့ ချက်ချင်း အရှက်ကွဲသလို ဖြစ်သွားတဲ့ လူတစုက counter လိုက်လုပ်တယ်လို့ ထင်တာပဲ။ ဒီအပေါ်မှာတော့ ကျနော် ပြောစရာ စကားလုံးတောင် ရှာမတွေ့ပါဘူး။ နိုင်ငံတကာ အဖွဲ့အစည်းတွေများ လာမလား ပေါ့လေ။ အဲ့လိုမျိုး လာပြီး လုပ်ရင်တော့ ပိုကောင်းတာပေါ့ဗျာ။ တခါတလေ မတရားပြောခံ လိုက်ရတဲ့ အချိန်မှာ အဲ့စကားလုံးကို ဘယ်လို တုန့်ပြန်ရမလဲ ဆိုတာ စဉ်းစားလို့ မရဘူး။
မေး။ ။ ရခိုင်ပြည်နယ်တွင်း တိုက်ခိုက်မှုတွေမှာ AA က ရဲတွေကို ဘာလို့ပစ်မှတ်ထား တိုက်ခိုက် နေတာလဲ။ ရဲဆိုတာ ပြည်ထဲရေးရဲ့ လက်အောက်ခံပဲလေ ဖွဲ့စည်းပုံအရ ဆိုရင် သူတို့မှာ ငြင်းပိုင်ခွင့် မရှိတာတွေရှိနိုင်မယ်။ AA ရဲ့ အဓိက ရည်ရွယ်ချက်က ဘာလဲ။ ရခိုင်ပြည်နယ်က အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားကို ပြိုပျက်စေချင် တာလား။
ဖြေ။ ။ အဓိက ကတော့ ရဲဆိုတာ ပြည်ထဲရေးဝန်ကြီး အောက်က ဖြစ်တယ်။ ပြည်ထဲရေး ဝန်ကြီး ဆိုတာကတော့ ကာကွယ်ရေး ဦးစီးချုပ်အောက်က ဖြစ်တယ်။ ခုဏမေးခွန်းလိုမျိုး အခြေခံဥပဒေကို ကိုင်ပြီး မေးမယ်ဆိုရင်တော့ ဒါဟာ ရဲဆိုတာ နိုင်ငံတော်ရဲ့ ဒုတိယအရံ ကာကွယ်ရေး ဖြစ်တယ်။ ပြီးရင် သူ့ရဲ့ ဖွ့ဲစည်းပုံအရ ပြည်ထဲရေးဆိုတာ ဗိုလ်ချုပ်တွေပဲဖြစ်တယ်။ အင်္ကျ ီလဲထားတာ ဖြစ်တယ်။ အချိန်မရွေး အစိမ်းဖြစ်လိုက် အဝါဖြစ်လိုက်ဆိုတာ လူတိုင်း သိပါတယ်။ ဒါ အခြေခံဥပဒေက ပြောတယ်ဆိုရင်လည်း သူ့ရဲ့ Paramilitary ပေါ့။
စစ်ဘက်ဆိုင်ရာ လက်နက်ကိုင်ပေါ့။ ရဲမှာလည်း အမျိုးမျိုး ရှိပါတယ်။ ရွာထဲ မြို့ထဲမှာ နေတဲ့ Law Enforcement Officer တွေ ရှိတယ်။ သူ့ရဲ့အလုပ်က Law Enforce လုပ်ရတယ်။ နယ်ခြားစောင့်တွေကျတော့ သူ့ရဲ့ လက်နက်တပ်ဆင်ပုံလည်း မတူဘူး။ လေ့ကျင့်ပုံလည်း မတူဘူး။ စခန်း တည်ဆောက်ပုံ လည်း မတူဘူး။ သူက G 3 ၊ G4 တွေ ပြီးရင် စိန်ပြောင်းတွေ ကိုင်တယ်။ Energa ဗုံးသီး တွေလည်း ကိုင်တယ်။
ပြီးရင် ရှိပါတယ် တခြားစစ်အသုံးအဆောင်တွေနဲ့ အမိန့်ပေး စနစ်ကလည်း ဒီအတိုင်းပဲ။ ယူနီဖောင်းအရောင်လည်း မတူဘူး။ အဲ့တာ ဖွဲ့စည်းတာလည်း အရင်တုန်းက ဦးခင်ညွှန့် ခေတ်တုန်းက နစက လား။ စစ်တပ်က ထွက်လာပြီး အသွင်ပြောင်းတယ်။ ရဲက တချို့နဲ့ ရောထားတယ်။ သူက တိုက်ခိုက်အင်အား ရှိတယ်။ သူ့ရဲ့ လက်နက်ငယ်က G3 ဆိုရင် သူ့ရဲ့ General Purpose Light Machine Gun က G4 ၊ ပြီးရင် 23 တွေ သူ့မှာ စနစ်တကျနဲ့ လက်နက် တပ်ဆင်ထားတယ်။ သူများ ထင်သလိုမျိုး မီးကျိုးမောင်းပြတ် မဟုတ်ဘူး။ သူ့ရဲ့ဟာတွေ ကျနော်တို့ သိမ်းထားတာတွေဆိုရင် အကောင်းတွေပဲ။ ကျနော်တို့ သိပါတယ်။
ဒါ့ကြောင့် ရဲကို ကျနော်တို့ စစ်တပ်အင်အားပေါ့။ ကျနော်တို့ မြို့ထဲမှာ Law Enforcement လုပ်နေတဲ့ ရဲစခန်းကို ဝင်တိုက်တယ်ဆိုတာ တခါမှ မရှိဘူး။ နယ်ခြားစောင့်စခန်းကို တိုက်တာက သူက တပ်ရင်းအလိုက် ချီတက်တယ်။ မြန်မာစစ်တပ်က ကျနော်တို့စခန်းတွေရှိတဲ့ ဘက်ကို တိုက် နေတယ်ဆိုရင် သူက တရွာလုံးကို ပိတ်ဆို့ပြီး နေလှမ်းတာ အိမ်တွေကို ဖျက်ဆီးပြီး လူတွေကို နှိပ်စက်တာ သူပါတယ်။
ပြီးရင် အခုချိန်မှာ သူတို့က ၁၄၄ ထုတ်ပြန်တယ်။ ပြီးရင် စစ်အုပ်ချုပ်ရေး ထုတ်ပြန်မယ်ဆို ကျနော်တို့လည်း ကြိုဆိုပါတယ်။ နောက်စကားဆက်ပြီး ပြောချင်တယ်။ ၄ ယောက်ထက် မစုရဆိုတော့ ကျနော်တို့လူထုက ညမထွက်တော့ဘူး။ သတိထားတော့မယ်။
ဒါဆို ကျနော်တို့ဘက်ကလည်း သူ့ကို ပြန်ပြီးတော့မှ တော်လှန်ရေးစည်းကမ်း ပြန်ထုတ်ပြန် ရမယ်။ ကားလမ်းပေါ်မှာ စစ်ဆင်ရေးပုံစံမျိုးနဲ့ ကားတွေနဲ့ လှည့်လည်သွားလာမယ် ဆိုရင် ကျနော်တို့လည်း ပစ်မယ်။ အဲ့လို တန်ပြန်ထုတ်ပြန်မယ်။ ဒါက စစ်ကို စစ်နဲ့ ထုတ်ပြန်တဲ့ သဘော။
အခုလည်း သူတို့ဘက်က မထုတ်ပြန်ဘူး။ ကျနော်တို့ဘက်ကလည်း မထုတ်ပြန်ဘူး။ ဒါပေမယ့် သူတို့ဘက်က စစ်ဆင်ရေးပုံစံနဲ့ သွားလာတယ်ဆိုရင် ဒါကျနော်တို့ကို ခြိမ်းခြောက်တာပဲ။ အဝေးပြေး လမ်းမပေါ်မှာ စစ်ကား ၃၊ ၄ စီးနဲ့ ရဲကားတွေနဲ့ Automatic rifle တွေ စိန်ပြောင်းတွေ တင်ပြီး သွားတယ်ဆိုရင် ကျနော်တို့ ပစ်သင့်ရင် ပစ်ရမှာပဲ။
ဧပြီ ၉ ရက် ညက အမြှောက်ကြီး စခန်း ၂ ခုကို တိုက်တယ်။ တခုက ရဲတပ်ရင်းပဲ။ သူက ပြောလာတယ်။ ထုတ်ပြန်တာ ကျနော်တွေ့တယ်။ ရဲတပ်ရင်းရဲ့ မိသားစုလိုင်းခန်းကို AA က တိုက်ပါတယ် ဆိုပြီး ထုတ်လိုက်တယ်။ ပြန်ကြားရေးကပေါ့လေ။ ဒါပေမယ့် ကျနော်တို့က သူ့ရဲ့ လူတွေကို ဖမ်းလာခဲ့တယ်။ ဖမ်းမိထားတဲ့ လူတွေရှိတယ်။ သူတို့ကို စစ်ကြည့်တယ်။ ကျနော်တို့လည်း သိပြီးသားပဲ။ ၁၂၀ မမ ဘယ်နှစ်လက်ကို ချပြီး ဘယ်အချိန်တွေ ပစ်နေသလဲ ဆိုတာ ကျနော်တို့ သက်သေတွေရှိပါတယ်။
ဒါ အကြောင်းမဲ့ လုပ်တာ မဟုတ်ပါဘူး။ ရဲနဲ့ ပတ်သတ်ပြီးမှ တဖက်ကနေ ကျနော်တို့ကို အကြမ်းဖက်သမားဆိုတာမျိုး လိုင်းတင်ချင်လို့ ထုတ်ပြောနေတာ။ ပြီးရင် ရဲစခန်းထဲကနေ လက်နက်ကြီး ပစ်တာ ဘယ်သူ့အမှားလဲဆိုတာ ပြည်သူလူထု ဆုံးဖြတ်ပေါ့ဗျာ။ ဘလိုင်းကြီး စွပ်စွဲတာ မကောင်းပါဘူး။
နောက်တခုက အုပ်ချုပ်ရေး ယန္တရားနဲ့ပတ်သတ်ပြီး ပြောတာ ရှိတယ်။ အုပ်ချုပ်ရေးယန္တရား ကလည်း အဲ့စဉ်းစားချက်က မှန်သင့်သလောက် မှန်ပါတယ်။ ကျနော်တို့ရဲကို သတ်ဖြတ်တယ် ဆိုတာက သတ်ဖြတ်တယ်လို့တော့ မပြောသင့်ဘူးပေါ့နော်။ နယ်ခြားစောင့်ရဲစခန်းတွေကို ဝင်တိုက်တာ ရှိတယ်။ ဒီဘက်ကို မလုပ်ဘူး။ ခြိမ်းခြောက်တယ် ဆိုတာလည်း သူတကယ် သတင်းပို့နေတဲ့ အချိန်မှာ ကျနော်တို့နောက်ကို လိုက်လို့မလိုက်အောင် သတိပေးတာတွေ လုပ်ပါတယ်။
အဲ့မှာ အုပ်ချုပ်ရေးဆိုတာကတော့ တော်လှန်ရေး လုပ်တဲ့ အချိန်မှာ ကျနော်တို့က ကိုယ့်ရဲ့ သြဇာအာဏာနဲ့ ထိန်းချုပ်မှုကတော့ ရအောင်တော့ ကြိုးစားရမှာပဲ။ သူ့အုပ်ချုပ်မှုကို ကိုယ့်အုပ်ချုပ်ရေးနဲ့ အစားထိုးချင်လို့ တော်လှန်ရေးလုပ်နေတာပဲ။ ကိုယ့်ဆုံးဖြတ်ချက် နဲ့ ကိုယ့်ကံကြမ္မာ ဖန်တီးနေတဲ့ အချိန်မှာ သူ့ရဲ့ သြဇာအာဏာကိုတော့ ကျနော်တို့ဘက်က အလိုမရှိဘူး ဆိုတာ အရှိတရားပါပဲ။ အမှန်တရားပါပဲ။ ဒါပေမယ့် သူတို့ကို တမင်တကာ အကြမ်းဖက် ဆန်ဆန် လုပ်ကြံတာတော့ မဟုတ်ပါဘူး။
မေး ။ ။ တိုက်ပွဲတွေထဲမှာ အရပ်သားတွေနဲ့ပတ်သတ်ပြီး ပစ်နေခတ်နေတုန်းဆို ထားခဲ့မလား။ ခေါ်သွားမလားဆိုတာ ဘယ်လိုဆုံးဖြတ်လဲ။ ဗဟိုက ညွှန်ကြားလား။ တပ်မှူးတွေက ဆုံးဖြတ် တာလား။ မြေပြင်က စစ်သားတွေကို ပဋိပက္ခတွင်း အရပ်သားတွေကို ဘယ်လိုဆက်ဆံရမလဲ ဆိုတာ လေ့ကျင့်ပေးထားလား။
ဖြေ။ ။ ကျနော်တို့ ရက္ခိုင်စစ်တပ် တော်လှန်ရေးတပ် ဖွဲ့စည်းကတည်းက ကျနော်တို့မှာ ကြိုတင် စဉ်းစားချက်တွေရှိတယ်။ ရခိုင်ပြည်မှာ လက်နက်ကိုင်တပ်ဖွဲ့ လာတော့မယ်ဆိုရင် ကျနော်တို့မှာ မွတ်ဆလင် ပြဿနာတွေရှိတယ်။ နယ်စပ်ကနေ စပြီးဝင်တာနဲ့ သူတို့နဲ့တွေ့ရမှာပဲ။ အဲ့အချိန်မှာ အမုန်းတရားကို အခြေခံပြီးမှ မမှားသင့်တာ မမှားဖို့ကျနော်တို့ကြိုပြီးမှ စဉ်းစားထားခဲ့တယ်။
ကျနော်တို့ ၂၀၀၉ အပါတ်စဉ် ၁ သင်တန်းပေးကတည်းက လူ့အခွင့်အရေး ကြေငြာချက်ကို ကျနော် ကိုယ်တိုင် ပြခဲ့ပါတယ်။ ဘယ်လောက်ပဲ အနေအထားတခုဖြစ်ပါစေ လူကို ဂုဏ်သိက္ခာနဲ့ အညီ ဆက်ဆံရမယ်။ အဲ့အချက်အလက်တွေ အထူးသဖြင့် ကလေးတွေ အမျိုးသမီးတွေနဲ့ ပတ်သတ်တာတွေ ဆိုရင် စစ်တပ်တခုရဲ့ ကျင့်ကြံအားထုတ်ရမယ့် ရပ်တည်ရမယ့် သဘောတရား တွေကို အပါတ်စဉ် ၄ အထိ ကျနော်ကိုယ်တိုင် ပြတယ်။ အပါတ်စဉ် ၄ နောက်ပိုင်းမှာမှ တခြား ဆရာတွေနဲ့ လွှဲပြီး ပြတယ်။ ဒီကိစ္စက ကျနော်တို့ ရခိုင်တွေမှာ အထူးသတိထားရတဲ့ ကိစ္စဖြစ်တယ်။ အဲ့တာတွေကို သတိမထားမိလို့လူတချို့ဆိုရင် အခုဆို အရမ်းဒုက္ခရောက်ပြီလေ။
မေး။ ။ ရှေ့တန်းမှာ စစ်သားတွေက အမျိုးသမီးတွေ ကလေးငယ်တွေနဲ့ပတ်သတ်ပြီး လိုက်နာ ရမယ့် စည်းကမ်းတွေ ထုတ်ထားတာ ရှိပါသလား။
ဖြေ။ ။ ကျနော်တို့က စာအုပ်နဲ့ ဒါမျိုး ဖြစ်ပါမယ်လို့တော့ မထုတ်ထားဘူး။ ဒါပေမယ့် အခြေခံ သင်တန်းတိုင်းမှာ ဒီအချက်အလက်တွေကို သင်ပေးတယ်။ သူတို့အချင်းချင်းလည်း ဆွေးနွေးမှုတွေ ကို လုပ်ခိုင်းပါတယ်။ ကျနော်တို့တပ်မှာလည်း စစ်မေတွေ တော်တော်များများ တာဝန် ထမ်းဆောင်နေတယ်ဆိုတော့ ဒီကိစ္စကို တော်တော်တန်ဖိုးထားတယ်။ ပြီးရင် ရခိုင်လူမျိုးတွေရဲ့ အရင်တုန်းကရှိတဲ့ Gender Equality နဲ့ ပတ်သတ်ပြီး Concept တွေ ရှိတာပေါ့။
ကျနော်တို့က နောက်ပိုင်း အနာဂတ်မှာ ကျနော်တို့ မြင်ချင်တဲ့ ရခိုင့်လူ့အဖွဲ့အစည်းကို အမျိုးသမီး တွေနဲ့ တခြား Gender တွေက အစ ဘယ်လို သဘောထားရမယ်ဆိုတာ ကျနော်တို့သေချာ ပြောပြ ပါတယ်။ အများစုကတော့ တော်တော်လေး စည်းကမ်းလိုက်နာကြတယ်။ ဖောက်ဖျက် မှုတွေနည်းပါတယ်။ တကယ်လို့ရှိရင်လည်း ကျနော်တို့တကယ် အရေးယူပါတယ်။
မုဒိမ်းမှုဆို ပစ်သတ်လိုက်တာ ရှိပါတယ်။ ဒါကတော့ ပြတ်ပြတ်သားသားပဲ။ ကျနော်တို့မှာ ထောင်တွေ ဘာတွေမရှိဘူး။ တကယ်စစ်ဆေးတယ်။ ရွာသားတွေကို ဒီရွာမှာ တခါဖြစ်ဖူးတယ်ဆိုရင် တကယ်ရွာသားတွေကို ခေါ်တယ်။ တခါဖြစ်ဖူးပါတယ်။ အဲ့ဒီ့နောက်ပိုင်း ကျနော်တို့ရွာသား တွေနဲ့ ထိုင်ပြီး ဘယ်လိုဖြစ်ချင်လဲဆိုပြီး တောင်းပန်တယ်။ သူတို့ လူမျိုးစုရိုးရာအရဆို ကျနော်တို့ လျော်ကြေး ပေးတယ်။ ပြီးရင် ဘယ်လိုဖြစ်ချင်လဲ ကျနော်တို့ တကယ်အရေးယူတယ်။ ရွာသားလည်း ကျေနပ်တယ်။ ကျနော်တို့တပ်မှာလည်း တခါမှ မဖြစ်လာတော့ဘူး။
မေး။ ။ နောက်တခုက တိုက်ပွဲ သတင်းထုတ်ပြန်ချက်တွေမှာ ခုနောက်ပိုင်း AA ဘက်က တပ်မတော်ဘက်က စစ်သားတွေ ပိုးလို့ပက်လက်သေဆုံးနေတဲ့ ပုံတွေ နာမည်ကတ်ပြားတွေကို ထုတ်ပြန်နေတာ ဘာ့ကြောင့်လဲ။ သူတို့မိသားစုဝင်တွေနဲ့ တပ်အသိုင်းအဝိုင်းက ဒီအပေါ် ပြစ်တင် ပြောဆိုတာတွေ ရှိနေတယ်။ သေဆုံးသူရဲ့ ပုံတွေကို တင်တာ လူ့ဂုဏ်သိက္ခာပိုင်းဆိုင်ရာအရ စည်းမျဉ်းစည်းကမ်းတွေနဲ့ မကိုက်ညီဘူးလို့ယူဆ ကြတယ်လေ။
ဖြေ။ ။ တဖက်က ကြည့်ရင်တော့ တချို့အဲ့လို ထင်တာပေါ့။ ခံစားလို့တော့ မကောင်းဘူးပေါ့။ ကျနော်တို့က မီဒီယာမှာ uphill ပေါ့ ။ သူတို့ကတော့ တော်တော်များများ ထိန်းချုပ် ထားတယ်။ သူတို့ရဲ့ ကျောထောက်နောက်ခံပြုထားတဲ့ မီဒီယာတွေကလည်း ဘာမှ မဟုတ်တာကိုတောင် ဟုတ်ပါတယ် ပြောတာကို ဟုတ်တာကို ဟုတ်တယ်လို့ပြောတာကိုတော့ တရားမလွန်ဘူးလို့ ကျနော်တို့ ထင်တယ်။ ပြီးရင် သူ့ရဲ့ ဂုဏ်သိက္ခာကို စော်ကားတာတော့ မဟုတ်ဘူး။
ကျနော်တို့ကို သူတို့က ပြောထားတာရှိတယ်။ အားကစားဝတ်စုံ ဝတ်တယ်ပေါ့လေ။ သူတို့လည်း အဲ့ဒီ့ အားကစား အသင်းကပါပဲ။ အာကာထွန်း အဖွဲ့ပါပဲ။ သူတို့လည်း အပေါ်က ယူနီဖောင်း၊ အောက်က အာကာထွန်း၊ အများကြီးပဲရှိတယ်။ ကျနော်တို့ မျက်နှာတော့ ဖုံးထားပါတယ်။ အချင်းချင်းပါပဲ။ အဲ့လောက်ထိ တင်စီးပြီးတော့ မီဒီယာနဲ့ ဖိနှိပ်တယ်ဆိုတော့ ကျနော်တို့က အထောက်အထားကို တင်ပြတာပါ။
ဆုံးရှုံးသွားတဲ့ ကျဆုံးသွားတဲ့ တဖက်စစ်သည်တွေကို စော်ကားတဲ့ သဘောမျိုးတော့ မဟုတ်ပါဘူး။ ပြီးရင် တိုက်ပွဲ ပုံသဏ္ဍာန်၊ တိုက်ပွဲ ဖြစ်နေတဲ့ အချိန် လောလော လောလောနဲ့ ရိုက်နေရတဲ့ ပုံတွေကျတော့ ပါလာတဲ့ အတိုင်းပဲ ဖြစ်တယ်။ သူ့ကို ကျနော်တို့က ဖိုတိုရှော့တွေနဲ့ ပြောင်းလိုက်ရင်လည်း ဒါက သူ့ရဲ့စစ်မှန်မှု လျော့သွားမယ်။ ဒီ့ထက် ဆိုးတဲ့ ပုံတွေ လည်း ရှိတယ်။ ကျနော်တို့ မတင်ပါဘူး။ တင်နိုင်တဲ့ ပုံကိုပဲတင်တာပါ။ ဒီလိုပုံ မတင်သင့်ဘူးဆိုတဲ့ စည်းကမ်းတော့ ကျနော်တို့မတွေ့သေးဘူး။ ရှိရင်လည်း ပြောပါ ဖတ်ကြည့်ပါမယ်။
မေး ။ ။ ဗိုလ်ချုပ်တို့ရဲ့ နိုင်ငံရေး ရည်မှန်းချက်က ကွန်ဖက်ဒရေးရှင်းပုံမျိုးလို့ ပြောထားတယ်နော်။ ဗိုလ်ချုပ်ရဲ့တပ်ထဲက စစ်မေတွေ ရဲဘော်တွေနဲ့ စကားပြောကြည့်တော့ သူတို့က နိုင်ငံတခု လိုတောင် မျှော်လင့်တယ်လို့ ပြောနေကြတယ်။ အစိုးရနဲ့ တချိန်ချိန်မှာ အပစ်အခတ်ရပ်စဲရေး လုပ်ပြီး နိုင်ငံရေးစကားဝိုင်းတွေသွားရင် ရခိုင်ပြည်နယ်အနေနဲ့ ဆွေးနွေးမလား။ ဘယ်လိုလဲပေါ့ ။ အပြင်မှာလည်း ကောလဟာလလို ထွက်နေတာတွေ ရှိတယ်။ ရခိုင်နိုင်ငံဆိုတာမျိုးပေါ့။ ဒါကို ရှင်းရှင်းလင်းလင်းဖြစ်အောင် ရှင်းပြပေးပါဦး။
ဖြေ။ ။ နိုင်ငံဆိုတာ ကောလဟာလ မဟုတ်ပါဘူး။ ကျနော်တို့ ရခိုင်ပြည်သူတွေရဲ့ ရိုးသားတဲ့ အသံပဲ ဖြစ်တယ်။ ဒါဟာ ကောလဟာလ မဟုတ်ပါဘူး။ လူထုက ဘာဖြစ်ချင်တယ်ဆိုတာ ရိုးရိုး သားသားပြောနေတဲ့ ကိစ္စပဲ။ ဒါပေမယ့် ကျနော်တို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ ရက္ခိုင်တပ်တော်ရဲ့ မူဝါဒက ကျနော်တို့ ခွဲထွက်မယ်လို့ ဘယ်တော့မှ မပြောသေးဘူး။
ကျနော်တို့ရဲ့ ပကတိ အနေအထားနဲ့ ကျနော်တို့လိုလားတဲ့ နိုင်ငံရေးဆန္ဒကိုပဲ ကျနော်တို့ပြောတာ ဖြစ်တယ်။ တကယ် ရခိုင်ပြည်ရဲ့ ကံကြမ္မာကို ဆုံးဖြတ်ရမှာက ရခိုင်လူထုပဲဖြစ်တယ်။ လူထုရဲ့ အတွေးအခေါ်ယူဆချက် တွေဆိုတာ အဲ့လူထုကို ဦးဆောင်တဲ့ နိုင်ငံရေးသမားတွေပေါ်မှာ မူတည်တာလည်း ဟုတ်တယ်။ ဒါဟာ နှစ်ဖက်ကြားမှာ ဖြစ်သင့်တာ တခုတော့ ဖော်ဆောင်ရမှာပဲ။ အကောင်းဆုံးကတော့ တအိမ်တည်းမှာ ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်ရင် အကောင်းဆုံးပဲ။
ဒါပေမယ့် ကျနော်တို့ကို လုံးဝ နေထိုင်လို့မရအောင်ထိ နှိပ်စက်ရင်တော့ အိမ်နီးချင်းကောင်းဖြစ်အောင် ကြိုးစားရလိမ့်မယ်။ ဒါကတော့ ကျနော့်ရဲ့ ဆုံးဖြတ်ချက် မဟုတ်ဘူး။ သူတို့အပေါ်မှာလည်း မူတည်တယ်။ ကျနော်တု့ိက ဘယ်လောက်ပဲ အတူနေချင်သည် ဖြစ်စေ သူတို့က ကျနော်တု့ိကို နေထိုင်လို့ ဘယ်လိုမှ မဖြစ်နိုင်အောင် လုပ်ခဲ့ရင် ဒါက Option တခုအနေနဲ့ ရှိကို ရှိရမယ်။ အဲ့တာတွေအတွက်လည်း ကျနော်တို့က အားနာနေလို့မဖြစ်ဘူး။ သူတို့ကတောင် ကိုယ့်ကို သေအောင် သတ်တော့မယ်။ ကိုယ်က အားနာနေရင် ကျနော်တို့က လူမဖြစ်သင့်တော့ဘူး။ အဲ့လိုမျိုးပဲယူဆပါတယ်။
မေး။ ။AA ရဲ့စစ်ရေးရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ဖို့ မဟာမိတ်တွေဖြစ်တဲ့ KIA ၊ UWSA တို့က ဘယ်လောက်ထိ အရေးပါလဲ။ ဘာတွေကူညီပေးနေလဲ။ သူတို့နဲ့ မဟာမိတ် စာချုပ်တွေချုပ်ဆိုထားတာ ရှိပါသလား။
ဖြေ ။ ။ မဟာမိတ်တွေ အများကြီး လိုပါတယ်။ ကျနော်တို့မိတ်ဆွေတွေ တော့ အများကြီး တည်ဆောက်ရမှာပေါ့။ ကချင်လူမျိုးဆို ကိုးကွယ်ရာ ဘာသာ မတူဘူး။ ဒါပေမယ့် ကျနော်တို့ ရင်ဆိုင်နေရတဲ့ ပုံစံတူတယ်။ UWSA ဆိုရင်လည်း လူမျိုးလည်း မတူဘူး။ ဒါပေမယ့် ဘုံရန်သူနဲ့ ခြိမ်းခြောက်မှုက တူတူပဲ။ တခြားမဟာမိတ်တွေလည်း ဒီတိုင်းပါပဲ။ တခြားလက်မှတ်ထိုးသွားတဲ့ အဖွဲ့တွေလည်း မလွဲသာတဲ့ အခြေအနေ တခုမှာ ထိုးလိုက်ရတာ ပါမယ်။ ကျနော်တို့က သူတို့အကျပ်အတည်းကို နားလည်တယ်။ အဖိနှိပ်ခံ ဘဝတူတိုင်းရင်းသားတွေကြားမှာတော့ ဒါဟာ ဘာစာချုပ်မှ မရှိရင်လည်း အပြန်အလှန်နားလည်ထားကြတဲ့ သဘောတရားတခုပါပဲ။
မဟာမိတ်ကတော့ ကချင်နဲ့ ရခိုင် ကြားမှာဆို ဘာစာချုပ်မှ မရှိပါဘူး။ ဒါပေမယ့် ကျနော်တို့ အချင်းချင်းကြားမှာ ဒီစာချုပ်တွေထက် ခိုင်မာတဲ့ နားလည်မှုတွေ ရှိကြတယ်။ ညီအကို အရင်းဖြစ်ပြီဆို စာချုပ် ချုပ်စရာ မလိုပါဘူး။ သူလိုအပ်ရင် ကိုယ်ရပ်တည်ရမှာပဲ။ ဒီလို အခြေအနေပါ။ ကျနော်တို့ တခြားမဟာမိတ်တွေကိုလည်း တိုးချဲ့ဖို့ဆက်ကြိုးစား ပါဦးမယ်။ ဘာဖြစ်လို့ဆိုတော့ ရခိုင်ပြည်မှာ အခုတိုက်ပွဲကာလတွေမှာ ကျနော်တို့ ရခိုင်လူထုတွေ အများကြီး ဒဏ်ရာ ရတယ်။ လက်နက်ကြီး ပစ်ခံရတာတို့ရှိတယ်။ ဥပဒေမဲ့ ဖမ်းဆီးတာတွေလည်း ရှိတယ်။
ကျနော်တို့ပြောတယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေက ဘာမှ အရေးမယူဘူး။ ဟိုမှာ မွတ်ဆလင် ရွာတွေ တခုခုဖြစ်ပြီဆိုရင် အမေရိကန်သံရုံးက ညနေခင်းဆို ကြေငြာချက် ထွက်လာပြီ။ နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း ဗုံးတလုံး ကျတယ်ဆိုတာနဲ့ ချက်ချင်း ရပ်တန့်ပါ ဆိုတဲ့ စိုးရိမ်ကြောင်းတွေပေါ်လာတယ်။ ကျနော်တု့ိ ပြန်စဉ်းစားတယ်။ ကျနော်တို့ ပိုပြီး မိတ်ဆွေတွေ တည်ဆောက်ဖို့ လိုတယ်။
နိုင်ငံတကာ အဖွဲ့အစည်းတွေဆိုတာလည်းပဲ သူ့ရဲ့ အလှူရှင် နိုင်ငံတွေရဲ့ အာဂျန်ဒါတွေကို ဦးစားပေးနေတာ တွေ့ရတာပေါ့။ သူတို့မှာ တကယ်လို့ လူသားတိုင်းကို တန်းတူညီခဲ့တယ်ဆိုရင် မွတ်ဆလင်တွေဖြစ်မှ သည်းသည်းလှုပ် ဖြစ်နေတာတွေက ဘာတွေလဲပေါ့။ ဒါ့ကြောင့် ကျနော်တို့ကတော့ KIO ၊ UWSA မက လို့အများကြီး တော့ ထိုးဖောက်ရဦးမယ်။ စစ်ရေးနဲ့ ပတ်သတ်ရင် ဖြစ်ဖြစ် နိုင်ငံရေးနဲ့ပတ်သတ်ရင် ဖြစ်ဖြစ်ပေါ့။ အားနည်းချက်တွေကတော့ အများကြီး ရှိတာပေါ့။ ကြိုးစား ရဦးမယ်။
ကျနော်တို့က ဒီမှာ (လိုင်ဇာ) စတင်ဖွဲ့စည်းခဲ့တာပဲလေ။ ဒါမျိုး မစတင်ခဲ့ရင် ဒီခရီး မရောက်လာဘူး။ သူ့အချိုးအကွေ့တိုင်းမှာ လိုအပ်တဲ့ အရာတွေ ကျနော်တို့စတင်ဖို့ ဒီနေရာဟာ မရှိမဖြစ် ဖြစ်တယ်။ ကျနော်တို့ ဆက်ပြီး ခရီးဆက်ဖို့အတွက် တခြားမဟာမိတ်တွေနဲ့လည်း အများကြီး ပေါင်းသင်း ရတာ ရှိပါတယ်။ ကြိုးစားနေတဲ့ လူတယောက်အတွက် သူ့ရဲ့ အချိုးအကွေ့တိုင်းမှာ သဘာဝတရားကို လုပ်တတ်ကိုင်တတ်ရင် ခွန်အားဖြစ်အောင် ကြိုးစား တည်ဆောက်လို့ ရပါတယ်။ ကျနော်တို့ ညီနောင် ၃ ဖွဲ့ ပလောင်ဖြစ်ဖြစ် ကိုးကန့်ဖြစ်ဖြစ် တကယ် စိတ်ဓါတ်ခိုင်မာပြီး တယောက်ကို တယောက် ဖေးမကူညီနေတာ ရှိပါတယ်။ ဒါ့ကြောင့် KIO၊ UWSA ဆိုတဲ့ ၂ခုကိုပဲ ပုံသေ လက်ညိုးထိုးပြီး ပြောလို့တော့ မရပါဘူး။ တကယ်က အကုန်လုံးနဲ့လက်တွဲ ထားတာပါ။
မေး ။ ။ စစ်အင်အားအတွက် လက်နက်တွေကရော သူတို့တွေပဲ ကူညီပေးတာလား။
ဖြေ။ ။ ကျနော်တို့ရဲ့ လက်နက်ဖွဲ့စည်းပုံကို ကြည့်မယ်ဆိုရင် KIO ဖွဲ့စည်းပုံနဲ့လည်း မတူပါဘူး။ UWSA ဖွဲ့စည်းပုံနဲ့လည်း မတူပါဘူး။ ဒါပေမယ့် အခြေခံ AK အခြေခံကတော့ သူ့မှာ တူညီမှု တော့ရှိမယ်။ ဒါပေမယ့် ကျနော်တို့မှာလည်း ကျနော်တို့ရဲ့လျှို့ဝှက်ချက်ပေါ့ဗျာ။ အဲ့တာတော့ ရှိပါတယ်။ ဒါကတော့ ရက္ခိုင့်တော်လှန်ရေးကို ဦးဆောင်လုပ်ကိုင်နေတဲ့ စစ်ရေးအတွေး အခေါ်ပေါ့နော်။ ကျနော်တို့ဖော်ဆောင်ချင်တဲ့ သေနင်္ဂဗျူဟာပေါ့။ အဲ့အပေါ်တွေ မူတည်ပြီး ကျနော်တို့တပ်ဆင် ဖွဲ့စည်းပုံတွေရှိပါတယ်။ တိုက်ပွဲဝင်တဲ့ ပုံစံလည်း မတူပါဘူူး။
တကယ်ပြောမယ်ဆိုရင် မြန်မာစစ်တပ်တွေ ကချင်တွေ ရှမ်းတွေနဲ့ တိုက်ဖူးတာပါတယ်။ သူတို့ တိုင်းရင်းသားအဖွဲ့ အစည်းတွေဘယ်လို တိုက်ပွဲဝင်တယ်ဆိုတဲ့ နည်းဗျူဟာကို ကောင်းကောင်း ကျွမ်းကျင်ပါတယ်။ ကျနော်တို့က ကျနော်တို့အတွက် ကိုယ်ပိုင်နည်းနာတွေကို တီထွင်ပါတယ်။ ဒါက ကိုယ့်ရဲ့ သေနင်္ဂဗျူဟာအမြင်ပေါ်မှာပဲ မူတည်ပါတယ်။ တချို့ကိစ္စကတော့ ဟုတ်ပါတယ်။ မှန်ပါတယ်။ ဆက်စပ်ပါတယ်။ သို့သော်လည်း အဲ့လောက် ထင်သလောက်တော့ မဟုတ်သေးဘူးပေါ့။
မေး။ ။ AA အနေနဲ့အခြား တော်လှန်ရေးတပ်ဖွဲ့တွေလို ကိုယ်ပိုင်ဘတ်ဂျက်တွေနဲ့ ရပ်တည်နိုင်ဖို့ စဉ်းစားနေလား။ အခြေအနေ ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ အခုလည်း ဒီလိုမျိုးပါပဲ။ တခြား တော်လှန်ရေး အဖွ့ဲအစည်းတွေမှာလည်း သူ့အခက်အခဲနဲ့ သူ ရှိကြပါတယ်။ ကျနော်တို့က ကိုယ့်လူမျိုးကို အမှီအခိုကင်းမဲ့အောင် ရပ်တည်နိုင်ဖို့ ကြိုးစားနေတဲ့ အဖွ့ဲအစည်း ဖြစ်တယ်။ ဒါ့ကြောင့် မိမိကိုယ်တိုင်လည်း အမှီအခိုကင်းကင်းနဲ့ ခွန်အား ရှိရှိ ရပ်တည်နိုင်အောင် ကြိုးစားနေတယ်။ အခုချိန်မှာ ဒီမှာ အခြေပြုထားတယ်ဆိုတာ ယာယီ အခြေပြုပေါ့။ ဒီခေတ်မှာက ကိုယ်ဘယ်နေရာမှာ နေနေတယ်ဆိုတာထက် ကိုယ်ဘယ်လောက် လက်တံဖြန့်နိုင်လဲဆိုတာပေါ်မှာပဲ တိုင်းတာ ရမယ် ထင်တယ်။ သူများ တွေးသလို ရခိုင်မှာ ဌာနချုပ် ရှိပြီလားဆိုတာထက် ဘယ်တပ်စခန်းမဆို ဌာနချုပ်ကိုက ပုံသေထားလို့မဖြစ်ဘူးလေ။ တော်လှန်ရေး အဖွဲ့အစည်းက။ ကိုယ့်ရဲ့ အမိန့်ပေးစနစ်ကို ကောင်းကောင်း တည်ဆောက် ထားရင် သူ့စနစ်နဲ့ သူ အုပ်ချုပ်တာပါ။ ဌာနချုပ် တည်နေရာက အခရာ မကျပါဘူး။ သူတိုက်ပွဲဝင်တဲ့ နေရာနဲ့ စနစ်နဲ့ပါ။
မေး ။ ။ အခြားတော်လှန်ရေး အဖွ့ဲအစည်းတွေက သူတို့နိုင်ငံရေးရည်မှန်းချက်တွေက ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု၊ ဗိုလ်ချုပ်တို့က အဲ့ထက် မြင့်တဲ့ ကွန်ဖက်ဒရေးရှင်းလို ပြောနေတော့ ဒါက ကွဲလွဲနေသလား။
ဖြေ။ ။ ဒါကတော့ သူ့သမိုင်းနဲ့သူပေါ့။ သူ့လူထုရဲ့ လိုလားချက်နဲ့သူပါ။ တခါတလေ တိုင်းရင်းသား ခေါင်းဆောင်တွေ ကြားမှာ နိုင်ငံရေး အတွေးအခေါ် ကွာဟချက်တွေတော့ ရှိတာပေါ့။ ကျနော်တို့ရဲ့ အတွေးအခေါ်ကတော့ နိုင်ငံတနိုင်ငံမှာ စနစ်တခုတည်းနဲ့ မူတခုတည်းနဲ့ ရှိသမျှ ပြဿနာ အကုန်လုံးကို တခုတည်းမှာပဲကွက်တိ ဖြစ်ရမယ်ဆိုတဲ့ Concept ကို ကျနော်တို့က လက်မခံဘူး။
တရုတ်နိုင်ငံလိုမျိုး တပါတီစနစ်နဲ့ အုပ်ချုပ်တယ်။ ကွန်မြူနစ်ကြီးစိုးတဲ့ နိုင်ငံမှာတောင် သူ့နိုင်ငံရဲ့ ဖြစ်တည်မှု သမိုင်း၊ အရှိတရားနဲ့ ပတ်သတ်တဲ့ မူဝါဒကို ချတယ်။ ဟောင်ကောင်ကို သူတို့ ဘယ်လို အုပ်ချုပ်လဲ။ မကာအိုကို သူတို့ဘယ်လို အုပ်ချုပ်လဲ။ ကမ်းခြေက အရေးကြီးတဲ့ မဟာဗျူဟာမြောက် စီးပွားရေး ဒေသတွေဆိုရင် သူ့ရဲ့ ဗဟိုကော်မတီက တိုက်ရိုက် ကိုင်တယ်။ ယူနန်ဒေသလိုဆို ယူနန်ဖွဲ့စည်းပုံရှိတယ်။ တိဗက်တို့ ရှင်းကျန့်တို့ဆိုလည်း သူ့ရဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွေပေါ့။
အခြေအနေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီအောင် တည်ဆောက် ထားတဲ့ မူဝါဒ ဖြစ်တယ်။ ဒါ့ကြောင့် နိုင်ငံက ပြဿနာတော့ ရှိကောင်း ရှိမယ်။ ဒါပေမယ့် တိုးတတ်အောင် ရှေ့ကို သွားနိုင်တယ်။ မြန်မာနိုင်ငံမှာ တိုင်းရင်းသား များစွာရှိတယ်။ နောက်ခံတွေမတူကြဘူး။ သူ့သမိုင်းနဲ့ သူ ၊ သူ့လူမျိုးနဲ့သူ အဲ့မှာ ဒီမိုကရေစီဖက်ဒရယ်စနစ်တခု တည်းနဲ့ အကုန်လုံး ဖြစ်ရမယ်ဆိုတာ တရားသေ ဆန်လွန်းတယ်။
ဒါကတော့ ကျနော်တို့ ရခိုင်လူမျိုးရဲ့ အတွေးအခေါ်နဲ့ နည်းနည်း မကိုက်ဘူး။ ကျနော်တို့လည်း နားလည်ပါတယ်။ စည်းစည်းလုံးလုံးနဲ့လုပ်တာ အကောင်းဆုံးပေါ့။ အတူတူနေတိုင်း ကောင်းတာတော့ မဟုတ်ပါဘူး။ အတူတူ နေတိုင်း ကောင်းတယ်ဆို ဒီနေ့ EU မှာ ဘာဖြစ်လဲ။ Brexit တွေရှိတယ်။ ဘာ့ကြောင့် ရှိလာသလဲ။ ကိုယ့်နယ်နမိတ် ကိုယ်လိုချင်လို့ရှိလာတာ။ စပိန်နိုင်ငံမှာ ဘာစီလိုနာက ဘာ့ကြောင့် ကိုယ့်ဘာသာ ရပ်တည်ချင်လဲ။ သူ့လူမျိုးရဲ့ သူ့နောက်ခံသမိုင်းရှိတဲ့ သူ့လူမျိုး တန်ဖိုးထားတဲ့ Value တွေရှိတယ်။
အဲ့တာတွေကြောင့် ကျနော်တို့က အတူတူနေနိုင်ဖို့ ကျနော်တို့အကောင်းဆုံးလို့ ထင်တာ တွေကို ကျနော်တို့ဖော်ပြတာ။ မြန်မာနိုင်ငံအနေနဲ့ ဒါ အသစ်အဆန်းလည်း မဟုတ်ဘူး။
ဝ လူမျိုးတွေကျတော့ နေနိုင်တာပဲ။ ကျနော်တို့ ရခိုင်ကိုကျတော့ ဘာလို့ မနေနိုင်ရမှာလဲ။ ဒါကတော့ သူ့တန်ဖိုးကို ဘာနဲ့ ချိန်ဆပြီး ဒီလူက ဖြစ်နိုင်တယ်။ ဒီလူက မဖြစ်နိုင်ဘူးဆိုတာ ဘယ်လို တိုင်းတာသလဲ။ ကျနော်တို့ ဖြေရမှာထက် ကျနော်တို့ကပဲပြန်မေးသင့်ပါတယ်။
မေး ။ ။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ဆိုတဲ့ စကားလုံးလေးကို လက်ခံဖို့တောင် နှစ်ပေါင်းက ဆယ်စုနှစ် များစွာ ကြာခဲ့တာဆိုတော့ ဗိုလ်ချုပ်တို့ ခရီးက ပိုဝေးနိုင်မလား။
ဖြေ ။ ။ မဝေးပါဘူး။ ဒါက တကယ်မကြိုးစားလို့ပါ။ ကျနော်တော့ သိပ်မဝေးဘူးလို့ ထင်တယ်။ တခါတလေ တော်လှန်ရေး အဖွဲ့အစည်းတွေက အားသာချက် ကိုယ်စီရှိကြတယ်။ ကျနော်တို့ ရခိုင်တော်လှန်ရေးဆို တချိန်မှကိုယ့်ဒေသကိုယ် အခြေပြုပြီး ခေါင်းမော့ခွင့် ကလေးတောင် မရခဲ့ပါဘူး။ သူ့ရဲ့ အားသာချက်က ဘာလဲ။ အားနည်းချက်က ဘာလဲ။ စစ်ညောင်းတာရှည်ဖြစ်နေ တဲ့ မြန်မာပြည်ရဲ့ ဆူးညှောင့်ခလုတ်တွေက ဘာလဲကြည့်တယ်။
ကြည့်တော့ အရင်တုန်းက ဆိုရင် တော်လှန်ရေး အဖွဲ့အစည်းတွေက ဖက်ဒရယ်လို့ မပြောခင် အကုန်လုံး လွတ်လပ်ရေးလို့ပြောကြ တာပဲ။ တိုက်လို့မနိုင်ဘူး အဲ့အချိန်မှ ဖက်ဒရယ်လို့ပြန်ပြောင်း သွားတယ်။ ဒါဟာ ရယ်စရာ ကောင်းတယ်။ မနိုင်ရင် နိုင်အောင် ချမယ်လို့ ရည်ရွယ်ချက် ရှိရမယ်။ ပြတ်ပြတ်သားသား ရှိရမယ်။
ဒါမျိုး မဟုတ်ပဲ မနိုင်တဲ့အခါ တမျိုးပြောပြီး နောက်တမျိုးပြောတာ လူထုက ဝေဝါး သွားပြီ။ အဲ့လိုဆို ဦးဆောင်သူနဲ့ ပြည်သူကြားမှာ သဘောတရားတွေထပ်တူ မရှိတော့ဘူး။ ဒီ့ထက် ပြောလိုက်ရင်တော့ တချို့ မူဝါဒ လုပ်နေသူတွေကို တိုက်ခိုက်သလို ဖြစ်သွားမယ်။ အဲ့လို အားနညာ်းချက်တွေတော့ နည်းနည်းတော့ တွေ့တာပေါ့။ ကျနော်တို့ကတော့ ပြတ်ပြတ်သားသား ဖြစ်အောင်တော့ ကြိုးစား သွားပါမယ်။
မေး။ ။ ရခိုင်အရေး၊ ပဋိပက္ခတွေနဲ့ ပတ်သတ်ပြီး ဧရာဝတီက တဆင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဘာများ ပြောချင်ပါသလဲ။
ဖြေ။ ။ ကျနော်တို့ အရင်က ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံ ပြဿနာများရဲ့ Part Of The Solution လို့ အမြင်ရှိတယ်။ အခု အရှိတရားမှာတော့ Part Of The Problem လို့ပြန်မြင်တယ်။ အခုချိန်မှာ သူ့ရဲ့နေရာက သူ့အမိန့်ကို မနာခံတဲ့ စစ်မြင်းရထားပေါ် တတ်စီးမိပြီ။ စစ်တိုက်တဲ့ မြင်းရထားပေါ် သူတတ်စီး မိလိုက်ပြီ။ အဲ့တော့ အဲ့အပေါ်ကပဲ ပြုတ်မကျအောင် ကြိုးစားပါလို့ ။ အဲ့လောက်ပဲပြောချင်တယ်။
ပြီးရင် မြန်မာပြည်သူ လူထုတွေအတွက် ကျနော်တို့ကြည့်ပါတယ်။ ၂၀၂၀ မှာ ရွေးကောက်ပွဲ လုပ်တော့မယ်ဆိုရင် NLD ပါတီရဲ့ အနေအထားလည်း ကျနော်တို့ကြည့်ပါတယ်။ သူ့ရဲ့မူဝါဒ အရရော သူ့ရဲ့ လူ့စွမ်းအားအရင်းအမြစ် ပိုင်းတွေရော ကျနော်တို့ ကြည့်တယ်။ အရှိတရားကို မြင်နေရပါတယ်။ ဒီဘက်က အတိုက်အခံအင်အားစုရဲ့ အနေအထားကိုလည်း ကျနော်တို့သုံးသပ် ပါတယ်။ ဘယ်သူဟာ ဒီနိုင်ငံကို တာဝန်ခံပြီး ဒီပြဿနာတွေကို ဖြေရှင်းဖို့စွမ်းရည်တွေရှိမလဲ ဆိုတာ ကျနော်တို့ သုံးသပ်ကြည့်တော့ အခြေအနေတော့ သိပ်မကောင်းပါဘူး။
ပြည်သူလူထုရဲ့ တနေ့တခြားအခြေအနေ၊ ဆင်းရဲလာတဲ့ လူထု၊ ဒုက္ခရောက်လာတဲ့ လူတွေ အတွက် တာဝန်ယူ ပြီး စဉ်းစားမယ့် မူဝါဒနဲ့ အဖွဲ့အစည်းတွေကျနော်တို့ မတွေ့ဘူး။ ကိုယ့်အုပ်စု သူ့အုပ်စုနဲ့ ကိုယ့်အယူအဆ သူ့အယူအဆ ဆိုတဲ့ အင်အားစုတွေပဲတွေ့တယ်။
အခြေခံလူထုကတော့ စစ်တပ်ပေါ် မကျေနပ်တဲ့ လူကတော့ ရှိတဲ့ဟာကို ရွေးမှာပဲ။ ရွေးလိုက်တဲ့ဟာကလည်း ပြဿနာ အတွက် အဖြေတွေ မက်မောလောက်စရာတွေ မတွေ့ဘူး။ ဒါ့ကြောင့် ကျနော်တို့ အမှာစကားတော့ မပါးတော့ ပါဘူး။ ကိုယ့်ကံတရားကိုပဲ ကိုယ် အကောင်းဆုံး ဖြစ်အောင် တည်ဆောက်သွားတော့မယ်။
ဆက်စပ်ဖတ်ရှုရန် – AA စစ်ဦးစီးချုပ်နှင့် တွေ့ဆုံမေးမြန်းခြင်း (အပိုင်း – ၁)