ပိုမိုကောင်းမွန် ပြည့်စုံသော NCA ဖြစ်တယ်ဆိုရင် ကျနော်တို့ လက်မှတ်ထိုးမယ်

နန်းလွင်နှင်းပွင့်
KIC ဒုဥက္ကဋ္ဌ - ၁ ဗိုလ်ချုပ်ဂွန်မော် / ဧရာဝတီ

အပစ်အခတ်ရပ်စဲရေး စာချုပ် ချုပ်ဆိုထားခြင်း မရှိသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကို အပစ်ရပ်စာချုပ်များ ချုပ်ဆိုနိုင်ရေး၊ ဆွေးနွေးနိုင်ရေးအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက  အချိန် ၄ လကျော် ပေးထားသည်။

ဧပြီ ၃၀ ရက်တွင် အချိန် ၄ လပြည့်တော့မည် ဖြစ်သည်။

တပ်မတော်နှင့် ၁၇ နှစ်တာ အပစ်ရပ်စာချုပ် ကျိုးပေါက်ကာ ၂၀၁၁ ခုနှစ်၊ ဇွန် ၉ ရက်မှစ၍ တိုက်ပွဲများ ၇ နှစ်ကျော် ဖြစ်ပွားခဲ့သည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကလည်း အပစ်ရပ်စာချုပ်တခု ချုပ်ဆိုနိုင်ရေးကို အစိုးရနှင့် ညှိနှိုင်းလျက် ရှိသည်။

KIA နှင့် အစိုးရ၊ တပ်မတော်တို့ ကြား ညှိနှိုင်းနေမှုအခြေအနေများနှင့် အပစ်အခတ်ရပ်စဲရေး အလားအလာ များနှင့် ပတ်သတ်၍  ကချင်လွတ်လပ်ရေးကောင်စီ (KIC) ၏ ဒုဥက္ကဋ္ဌ – ၁ ဗိုလ်ချုပ်ဂွန်မော်ကို ဧရာဝတီ အကြီးတန်း သတင်းထောက် နန်းလွင်နှင်းပွင့် က တွေ့ဆုံ မေးမြန်းထားသည်။

မေး။     ။ အပစ်အခတ်ရပ်စဲရေးအတွက် ညှိနှိုင်းဖို့ ဆိုပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ပြောထားတဲ့ အချိန် ၄ လက ပြည့်တော့မယ်။ ဗိုလ်ချုပ်တို့ ညှိနှိုင်းမှု အခြေအနေတွေ ဘယ်လို ရှိပြီလဲ။

ဖြေ။     ။ အခုအချိန်ထိတော့ NRPC နဲ့ ၃ ကြိမ်တွေ့ပြီးပြီ။ KIO ပါဝင်ပြီး တွေ့တာ ၃ ကြိမ် ရှိပါပြီ။ အခု ဧပြီလ ၃၀ ရက်နေ့မှာ နောက်တကြိမ် တွေ့ဖို့ လုပ်နေပါတယ်။ ဒါ နောက်ဆုံးအခြေအနေပါပဲ။ ဒါ ကျနော်တို့ ဘက်ကနေ တင်ပြထားတဲ့ Proposal ရှိတယ်။ NRPC ကနေ ကျနော်တို့ကို ပေးထားတဲ့ Proposal ရှိတယ်။ ဒီတခေါက်မှာတော့ အစိုးရဘက်က ပေးထားတဲ့ Proposal နဲ့ ကျနော်တို့ KIO အပါအဝင် ကျနော်တို့ မြောက်ပိုင်းမဟာမိတ် ကနေ ဖြစ်စေချင်တဲ့ Proposal နှစ်ခုကို ညှိနှိုင်းဖို့ ဖြစ်ပါတယ်။

မေး။     ။ ဗိုလ်ချုပ်တို့ဘက်က Bilateral ထိုးချင်တယ်။ အစိုးရဘက်က NCA လို့ ပြောနေတယ်။ ဒီနှစ်ခုကြားမှာ ဘယ်လို ညှိနှိုင်းမှု ရှိသလဲ။

ဖြေ။     ။ NCA ကတော့ ကျနော်တို့ အရင် NCCT ခေတ်ကတည်းက ကျနော်တို့ ပြောတာက NCA ကို ထိုးဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် NCA ကို ၂၀၁၅ မတ်လ အကုန်မှာ ကျနော်တို့ ဆွေးနွေးတဲ့အခါမှာ အခု ကျနော်တို့ လက်မှတ်မထိုးဘဲ ကျန်ခဲ့တဲ့ အဖွဲ့က NCA ဟာ အပြီးသတ် မဆွေးနွေးရသေးဘူးလို့ မှတ်ယူတယ်။ တချို့ အဖွဲ့တွေ ထိုးသွားတယ်။ ဒီကနေ့ထိ ကျနော်တို့က NCA ကို ထပ်ပြီးမှ ပိုမို ကောင်းမွန်အောင် ဖြည့်စွက်ဖို့ လိုတယ်ဆိုတဲ့ အယူအဆရှိပါတယ်။ NCA ကို ဘာဖြစ်လို့ မထိုးတာလဲ ဆိုရင် ကျနော်တို့ ဆွေးနွေးချက်တွေ မပြီးသေးဘူး။ ပြီးရင် ကျနော်တို့ နှစ်ဖက်လက်ခံနိုင်တဲ့ အနေအထား မရောက်သေးဘူး ဖြစ်ပါတယ်။ အဲ့တော့ ဒီအနေအထားကို သွားဖို့အတွက် ကျနော်တို့ တောင်းဆို နေတာကတော့ ကျနော်တို့ Bilateral Ceasefire Agreement လုပ်ဖို့ လိုတယ်။ ဒါကတော့ ကျနော်တို့ တိုက်ပွဲတွေ ရပ်ဆိုင်းထားဖို့ ဖြစ်တယ်။ တိုက်ပွဲတွေ ရပ်ဆိုင်းထားပြီးမှ တည်ငြိမ်တဲ့ အခြေအနေအောက်မှာ NCA ပါဝင် လက်မှတ်ရေးထိုးနိုင်ရေးကို ကျနော်တို့ ဆက်လက်ပြီး ဆွေးနွေးသွားမယ်ဆိုတဲ့ ဆန္ဒဖြစ်ပါတယ်။ အဓိက ကတော့ ကျနော်တို့ အရင်သွားနေတဲ့ လမ်းကြောင်းကို ဆက်ပြီးမှ ကျနော်တို့ Bilateral ကနေ တဆင့် ဘယ်လို သွားနိုင်မလဲဆိုတဲ့ အပိုင်းကို ကြိုးစားနေတာ ဖြစ်ပါတယ်။

မေး။     ။ Bilateral စာချုပ်မှာ ဘယ်လိုအချက်တွေကို KIA က ထည့်သွင်းချင်တာလဲ။ ယခင် ၂၀၁၃ တုန်းက သဘောတူခဲ့တဲ့ အချက်တွေမျိုးလား။

ဖြေ။     ။ ကျနော်တို့ လိုချင်တဲ့ Bilateral ကတော့ ကြိုတင်ကန့်သတ်ချက်တွေ အများကြီး မထားတဲ့ စာချုပ်မျိုး ဖြစ်စေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အခု ကျနော်တို့က တိုက်ပွဲတွေ ဖြစ်လာတာလည်း ၈ နှစ် ရှိနေပြီ။ တချို့ တောင်းဆိုမှုတွေ သိပ်များတဲ့ စာချုပ်ဟာ ချုပ်ရခက်မယ်လို့ ကျနော်တို့ ထင်တယ်။ ဒါ့ကြောင့် တောင်းဆိုမှုတွေ သိပ်မများတဲ့ တိုက်ပွဲများကို ရပ်ဆိုင်းထားနိုင်ပြီးမှ တည်ငြိမ်တဲ့ အခြေအနေ တခုကို ဖန်တီး နိုင်တဲ့ အပစ်အခတ်ရပ်စဲမှုစာချုပ်မျိုး လိုချင်တာ ဖြစ်ပါတယ်။ အဲ့တော့ ဒီတခေါက်မှာလည်း ဒါပဲ ကျနော်တို့ ကြိုးစားပြီး ညှိနှိုင်းမှာ ဖြစ်ပါတယ်။ တိုက်ပွဲများကို ရပ်ဆိုင်းထားမယ်။ တည်ငြိမ်တဲ့ အခြေအနေ တခုအောက်မှာ ကျနော်တို့ IDPs များကို မူလ နေရာ ပြန်ဖို့ ဝိုင်းပြီး ကြိုးစားကြမယ်။ ပြီးရင် NCA လက်မှတ်ရေးထိုး နိုင်ရေးမှာ ရှိနေတဲ့ အခက်အခဲ များကို အတူတကွ ဆွေးနွေးကြမယ်ဆိုတဲ့ ရည်မှန်းချက် ဖြစ်ပါတယ်။ အချက်အလက်တွေ သိပ်များများ မလုပ်ပဲနဲ့ ဖြစ်နိုင်တဲ့ အနေအထားကနေ ပြန်ပြီး အစပြုချင်တယ်ဆိုတဲ့ သဘောထား ဖြစ်ပါတယ်။

မေး။     ။ ၄ လတာ ကာလအတွင်းမှာ KIA ရဲ့ မဟာမိတ်တွေက တိုက်ပွဲတွေ ပြန်ဖြစ်တယ်။ AA ဘက်မှာ ဆိုရင် အဆိုးဆုံးပဲ။ KIA ကတော့ တိုက်ပွဲတွေ ငြိမ်အောင် ထိန်းနေတာ ကြားရတယ်။ ဘယ်လိုတွေ များ ညှိနှိုင်း ထားတာလဲ။

ဖြေ။     ။ အထူးညှိနှိုင်းထားတာ မရှိပါဘူး။ ကျနော်တို့ KIA တပ်တွေကို ထိုးစစ်တွေ မလုပ်ဖို့ နဲ့ အများပြည်သူတွေ သွားနေတဲ့ လမ်းတွေမှာ တပ်မတော်ရဲ့ အခြေချစခန်းတွေမှာ ဝင်ပြီးတိုက်တာတို့ မလုပ်ဖို့ ညွှန်ကြားထားပြီးသား ဖြစ်ပါတယ်။ ဒါက ကြာပါပြီ။ ၂၀၁၃ တည်းက ကျနော်တို့ ညွှန်ကြားထားတာ ဖြစ်ပါတယ်။ AA မှာ ကျတော့ ကျနော်တို့နဲ့ ကွာပါတယ်။ ဟိုဘက်မှာ ကျတော့ သူတို့ရဲ့ အနေအထားအရ တိုက်ပွဲတွေ အမျိုးမျိုး ဖြစ်နေတယ်။ ကျနော်တို့ဆီမှာတော့ တိုက်ပွဲတွေ နည်းပါတယ်။ ဒါပေမယ့် ရှမ်းပြည်နယ်တကြော ကျနော်တို့ တပ်မဟာ (၄) ခွင်တွေမှာတော့ တိုက်ပွဲတွေ နည်းနည်းပါးပါး ရှိပါတယ်။

မေး။     ။ တကယ်လို့ Bilateral စာချုပ်ကို ဆွေးနွေးတဲ့ အဆင့်ရောက်လာမယ်ဆိုရင် တဖွဲ့ချင်းစီက စာချုပ် တခုစီလုပ်မလား။ စာချုပ်တခုကိုပဲ မြောက်ပိုင်းမဟာမိတ်တွေ ဝိုင်းလက်မှတ်ထိုးမလား။ ဘယ်လိုများ စဉ်းစားထားပါသလဲ။

ဖြေ။     ။ ကျနော်တို့ FPNCC ရဲ့ အဖွဲ့ဝင် ၇ ဖွဲ့ထဲမှာ ကျနော်တို့ ၄ ဖွဲ့ကတော့ Bilateral မရှိသေးတဲ့ အဖွဲ့တွေ ဖြစ်ပါတယ်။ ကျန်တဲ့ ၃ ဖွဲ့ကတော့ Bilateral ရှိတယ်။ ပြီးတော့ NCA ကို သွားမယ်လို့ စဉ်းစားတယ်ဆိုရင် ပထမအဆင့်အနေနဲ့ ပြည်ထောင်စုအဆင့်မဟုတ်ပဲနဲ့ ပြည်နယ်အဆင့်မှာ ကျနော်တို့ အပစ်အခတ်ရပ်စဲရေး စာချုပ်တွေ လုပ်ဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် ကျနော်တို့ စဉ်းစားတာက ၄ဖွဲ့ဟာ တဖွဲ့ချင်းအလိုက် အပစ်အခတ်ရပ်စဲရေးစာချုပ်တွေ လုပ်ချင်တယ်ဆိုတဲ့ ဆန္ဒဖြစ်ပါတယ်။

မေး။     ။ KIA က မဟာမိတ် ၄ ဖွဲ့ အတူဆွေးနွေးရေးကို ဆုပ်ကိုင်ထားတယ်။ ဒီထဲမှာ AA ဆိုရင် တိုက်ပွဲတွေ ပြင်းပြင်း ထန်ထန်ဖြစ်နေတယ်။ ဒီတော့ KIA ရဲ့ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှုအတွက် အဟန့်အတား မဖြစ်စေဘူးလား။

ဖြေ။     ။ ဒါကတော့ ကျနော်တို့ တကယ်ပဲ တိုက်ပွဲတွေကို ရပ်ဆိုင်းဖို့ ဆန္ဒရှိတယ်ဆိုရင် အခက်အခဲ မရှိနိုင် ဘူးလို့ ထင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ရခိုင်ဒေသမှာ တိုက်ပွဲဖြစ်နေလို့ ဆိုပြီး ပြောမယ့် အစား ရခိုင်ဒေသမှာ တိုက်ပွဲ မဖြစ်အောင် ဘယ်လိုလုပ်မလဲ ဆိုတဲ့ အပိုင်းကို စဉ်းစားဖို့ လိုပါတယ်။ ဥပမာ နိုင်ငံတော်အစိုးရက ပြောတာ အဖြူရောင်နယ်မြေ ဖြစ်နေလို့ AA ဝင်လာတယ်ဆိုတာက မှန်သင့်သလောက် မှန်ပါတယ်။ သို့သော်လည်း ရခိုင်လူမျိုးတွေရဲ့ သဘောအလျောက် ပြောမယ်ဆိုရင် ရခိုင်ဒေသမှာ ရခိုင်တပ်ဖွဲ့ ဝင်လာတာ ရခိုင်လူမျိုးတွေက ကြိုဆိုမှာ ဖြစ်ပါတယ်။ အဲ့တော့ နှစ်ဖက်မျှပြီးတော့ စဉ်းစားပြီးမှ တကယ်လို့ AA တပ်ဖွဲ့တွေ ဟိုမှာ ဝင်လာတယ်။ သို့သော်လည်း ဒီကိစ္စကို ဝိုင်းဖြေရှင်းဖို့ တိုက်ပွဲတွေကို ရပ်စဲ သွားအောင် လုပ်ကြမယ်ဆိုရင် ရခိုင်အဖွဲ့ ဝင်လာတယ် မဝင်လာဘူးဆိုတာကတော့ အဓိက ပြဿနာ မဟုတ်ဘူးလို့ ဒီလိုပဲ မြင်ပါတယ်။ အဓိက ကတော့ တည်ငြိမ်တဲ့ အနေအထား တခုကို ရောက်ဖို့ ဆိုရင် ကျနော်တို့ က နှစ်ဖက် မျှပြီး စဉ်းစားဖို့ လိုပါတယ်။

မေး။     ။ တပ်မတော်က AA နဲ့ ပတ်သတ်ပြီး KIA ကို ပြစ်တင်ပြောဆိုတာတွေ ရှိတယ်။ သတင်း ထုတ်ပြန်ချက်တွေမှာပေါ့။ KIA က ကူညီပေးဖို့ ဒီလိုပြဿနာတွေ ဖြစ်လာတယ် ဆိုတာမျိုးပေါ့။  ဒီအပေါ်မှာ ဗိုလ်ချုပ်အနေနဲ့ ဘယ်လို မှတ်ချက်ပေးချင်လဲ။

ဖြေ။     ။ AA ကို KIO က ကူညီတယ်ဆိုတာကတော့ အနည်းအကျဉ်းပါပဲ။ အစပြု ပျိုးထောင်ပေးတဲ့ အဆင့်လောက်ပဲ ရှိတာပါ။ AA တပ်ဖွဲ့အနေနဲ့ သူ့ဟာသူ တိုးတတ်လာတယ်ဆိုတာ သူတို့ရဲ့ အရည်အချင်း ၊ သူတို့ရဲ့ လူမျိုးတွေရဲ့ ပါဝင်မှုပဲ ဖြစ်ပါတယ်။ ကျနော်တို့ KIO က ပံ့ပိုးပေးလို့ ဒီလောက်ထိ တိုးတတ်လာတယ် ၊ ဒီလောက် စိတ်ဓါတ်တတ်ကြွလာတယ်ဆိုတာ မဟုတ်ပါဘူး။ ကျနော်တို့ သူတို့ကို ပေးတယ် ဆိုတာက နည်းနည်းလေးပါ။ ဒါက သူတို့ရဲ့ ဆုံးဖြတ်ချက်၊ သူတို့ရဲ့ ဦးဆောင်မှုနဲ့ ပြည်သူလူထုရဲ့ ပါဝင်မှုပဲ ဖြစ်ပါတယ်။ သို့သော်လည်းပဲ အစိုးရအနေနဲ့ကတော့ KIA ကနေပြီး ပံ့ပိုးပေးတယ်ဆိုတာကတော့ အဖြစ်ကို ပြောတာပဲ ဖြစ်ပါတယ်။ KIA က ကူညီပေးလို့ သူတို့ ဒီလောက်အထိ များပြား လာတာ မဟုတ်ပါဘူး။ အရင်းခံကတော့ သူတို့ အထဲမှာပဲ ရှိပါတယ်။

မေး။     ။ ရခိုင်မှာ ဖြစ်နေတဲ့ ပြဿနာတွေကိုရော ဘယ်လို ဖြေရှင်းသင့်တယ်လို့ မြင်လဲ။

ဖြေ။     ။ ဆွေးနွေးညှိနှိုင်းဖို့ လိုပါတယ်။ ရခိုင်ဒေသမှာ AA ကို ဝင်မလာနဲ့လို့ ပြောတဲ့ အစား ဒီရခိုင်ဒေသမှာ ဘယ်သူပဲ ဝင်လာ ဝင်လာ ညှိနှိုင်းရမှာပါ။ တချိန်ချိန်မှာ ရခိုင်လူထုရဲ့ သဘောထားအရ နိုင်ငံတခု တည်ဆောက်တဲ့ အစိတ်အပိုင်းမှာ ဘယ်လိုပုံစံ ပါဝင်လာမလဲ။ ဘယ်လိုပူးပေါင်း ဆောင်ရွက်မလဲ ဆိုတဲ့ အပိုင်းက ပိုအရေးကြီးပါတယ်။ AA ကို ဝင်မလာနဲ့လို့ ပြောလိုက်တာက ပြဿနာ ဖြေရှင်းနည်း မဟုတ်ပါဘူး။ ဘယ်လို နိုင်ငံတခုကို တည်ဆောက်ကြမလဲဆိုတဲ့ အပိုင်းကတော့ ပိုအရေးကြီးတယ်လို့  မြင်ပါတယ်။

မေး။     ။ KIA နဲ့ AA ကြားမှာ နိုင်ငံရေးရည်မှန်းချက် ဘုံတူညီချက်တွေ ထားမယ်ဆိုပြီး မဟာမိတ် စာချုပ်တွေ ချုပ်ဆိုထားတာ ရှိပါသလား။

ဖြေ။     ။ အဲ့လို မရှိပါဘူး။ ကျနော်တို့ ဘုံ သဘောထားလည်း တခါမှ မညှိခဲ့ဖူးဘူး။ အဓိက ကတော့ အားလုံးက ကိုယ့်ရဲ့ ကံကြမ္မာကို ကိုယ်ဖန်တီးနိုင်တဲ့ တန်းတူအခွင့်အရေး ရှိတဲ့ ဖက်ဒရယ်စနစ်ကို လိုချင်တယ်ဆိုတဲ့ အခြေခံ ယူဆချက် ရှိပါတယ်။ ဒါပေမယ့် တဖက်အဖွဲ့နဲ့ တဖက်အဖွဲ့က  အလုံးစုံ တူညီဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ညှိယူရမှာ ဖြစ်ပါတယ်။ အစိုးရနဲ့သော်လည်းကောင်း၊ တော်လှန်ရေးတပ်ဖွဲ့ တခုချင်းသော်လည်းကောင်း အားလုံး မျှချေ အဖြစ် လက်ခံနိုင်တဲ့ ဘုံသဘောထားများကို ညှိနှိုင်းဖို့ လိုတယ်။ ခုဏ ပြောသလို Bilateral Ceasefire Agreement တွေ လုပ်ထားမယ်။ ပြီးရင် NCA ကိစ္စ ဆွေးနွေးနေမယ်။ တပြိုင်တည်းမှာပဲ NCA အပါအဝင် ကျနော်တို့ရဲ့ နိုင်ငံကို ဘယ်လို တည်ဆောက်ကြမလဲ ဆိုတဲ့ နိုင်ငံတည်ဆောက်ရေး စီမံချက်တွေ ကိုပါ တခါတည်း ဆွေးနွေးဖို့ လိုတယ်လို့ မြင်ပါတယ်။ ဒါကတော့ ပြဿနာတွေကို ဖြေရှင်းတဲ့ အရင်းခံ တခုဖြစ်တယ်လို့ ယုံကြည်ပါတယ်။

မေး။     ။ KIO/KIA က NCA မှာ အစကနေ အပြီးသတ်ထိ ပါဝင်ခဲ့တယ်။ နောက်ပိုင်းမှာ FPNCC ကနေ ဝ ရဲ့ မူတွေ အတိုင်း သွားမယ်ဆိုပြီး နိုင်ငံရေးသဘောထားတွေ ပြောတယ်။ အခုအခြေအနေကရော ဘယ်ဘက်နဲ့ သွားမှာလဲ။

ဖြေ။     ။ KIO ကတော့ NCA ကို အစပြုကတည်းကနေ ၂၀၁၅ မတ်လ အကုန်ထိ ပါဝင်ခဲ့ပါတယ်။ တကယ်တော့ NCA စာချုပ် မူကြမ်းဟာ ပဌ္စမမြောက် မူကြမ်းအထိ ဆွေးနွေးခဲ့တာ ဖြစ်တယ်။ ပဉ္စမ မူကြမ်းကို အတည်ပြုမူကြမ်းလို့ ကျနော်တို့က နာမည်ပေးခဲ့ကြတယ်။ ဒါပေမယ့် အဲ့ ပဌ္စမ မူကြမ်း လို့ ခေါ်တဲ့ အတည်ပြုမူကြမ်း ပြီးတဲ့ အချိန်ထိ တပ်ပိုင်းဆိုင်ရာကိစ္စတွေကတော့ ကျနော်တို့ ဘာမှ မဆွေးနွေးနိုင်ခဲ့ဘူး။ ဆွေးနွေးဖို့ အချက်ပေါင်း ၃၅ ချက် ကျန်ခဲ့တယ်။ အဲ့ ၃၅ ချက်ကို မဆွေးနွေးပဲနဲ့ တချို့အဖွဲ့က လက်မှတ် ထိုးလိုက်တာ ဖြစ်တယ်။ အဲ့တော့ ကျနော်တို့က NCA ကို အပြီးသတ် မဆွေးနွေးနိုင်ဘူး။ မပြည့်စုံဘူးလို့ ယူဆတဲ့ အတွက် ကျနော်တို့ က လက်မှတ်မထိုးတာ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ကျနော်တို့ ပြောနေတာက NCA ကို ပိုမို ကောင်းမွန်ပြည့်စုံတဲ့ NCA ဖြစ်စေချင်တယ်။ ဒီ NCA လက်မှတ်ထိုးပြီးရင် အဖွဲ့တိုင်းဟာ နောက်တကြိမ် စစ်ပွဲအတွက် ပြင်ဆင်နေတဲ့ အချိန်မျိုး မဖြစ်စေချင်ဘူး။ ဒါ့ကြောင့် ပိုမိုကောင်းမွန် ပြည့်စုံသော NCA ဖြစ်တယ်ဆိုရင် ကျနော်တို့ လက်မှတ်ထိုးမယ်။ ပိုမိုကောင်းမွန်ပြည့်စုံတဲ့ အခြေအနေ မရောက်မချင်း NCA ထိုးဖို့ ကျနော်တို့ ဆုံးဖြတ်လို့ မရပါဘူး။ ဒါ ကျနော်တို့ရဲ့ သဘောထား ဖြစ်ပါတယ်။

မေး။     ။ ဒါဆိုရင် ကျန်နေတဲ့ ၃၅ ချက်ကို ဆွေးနွေးအတည်ပြုနိုင်မယ်ဆိုရင် KIO က NCAကို လက်မှတ် ထိုးမှာပေါ့။

ဖြေ။     ။ မှန်ပါတယ် ။ ဒါကျနော်တို့ နှစ်ဖက် လက်ခံနိုင်တဲ့ အနေအထားကို ရောက်တယ်ဆိုရင် NCA လက်မှတ်ထိုးဖို့ အရင်ကတည်းက ကျနော်တို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လို့ NCA ကို ပိုမို ကောင်းမွန် ပြည့်စုံတဲ့ အနေအထားကို ဖြည့်နိုင်မယ်ဆိုရင် လက်မှတ် ထိုးမယ်လို့ ပြောတာ ဖြစ်ပါတယ်။ FPNCC မူ ရှိပါတယ် ကျနော်တို့ ။ ဒါ့ကြောင့် ကျနော်တို့ ပြောနေတာက FPNCC ရဲ့ မူကိုလည်း ဆွေးနွေးဖို့ သင့်တယ်။ နိုင်ငံတော်အစိုးရအနေနဲ့တော့ NCA ဟာ လမ်းကြောင်း တခု အနေနဲ့ ထားတယ်။

အဲ့ဒီ့အခါမှာ ကျနော်တို့ ပြောတာက FPNCC ရဲ့ မူကို ဆွေးနွေးတယ်လို့ ပြောစရာမလိုပဲနဲ့ NCA လမ်းကြောင်းကို ဆွေးနွေးတဲ့အခါမှာ ဒီ FPNCC က တင်ထားတဲ့ မူများကိုလည်း တပါတည်း ဆွေးနွေးဖို့ လိုတယ်။ ဘယ်နေရာမှာတော့ လက်မခံ နိုင်ဘူး။ ဘယ်နေရာမှာတော့ ယထာဘူယျ မကျဘူးဆိုတာကို ဆွေးနွေးဖို့ လိုပါတယ်။ မဆွေးနွေးဘဲနဲ့တော့ FPNCC ရဲ့ မူကိုလည်း လက်မခံနိုင်ဘူးလို့ မပြောသင့်ဘူးလို့ ကျနော်တို့ မြင်တယ်။ FPNCC ရဲ့ မူဟာ တချို့ ပြည်နယ်အစိတ်အပိုင်းတွေ တချို့တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေအတွက် အစိုးရအတွက် တကယ့် ပကတိအခြေအနေနဲ့ ကွာဟနေတာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

သို့သော်လည်း ဆွေးနွေးဖို့ လိုပါတယ်။ အပြန်အလှန် ဆွေးနွေးပြီးမှ ဒီအပိုင်းကို လက်မခံနိုင်ဘူး။ ဒီအပိုင်းကို ပြင်ဆင်ရမယ်။ ထိုနည်းလည်းကောင်းပဲ NCA မှာလည်း FPNCC အဖွဲ့ကတော့ ဒီလိုဖြစ်ချင်တယ်။ ဒါကတော့ ဖြည့်စွက်ပေးပါ စသဖြင့် နှစ်ဖက် ဆွေးနွေး ဖို့ လိုတယ်လို့ မြင်ပါတယ်။

မေး။     ။ NCA မှာ ကျန်နေတဲ့ ၃၅ ချက်ကို အစိုးရနဲ့ ဆွေးနွေးဖို့ ဗိုလ်ချုပ်တို့ဘက်က ပြောတာ ရှိလား။

ဖြေ။     ။ ကျနော်တို့ အမြဲတမ်း ပြောနေတာ ဖြစ်ပါတယ်။ မိုင်ဂျာယန်မှာ တိုင်းရင်းသားညီလာခံ လုပ်ကြတယ်။ NCA မထိုးသေးတဲ့ အဖွဲ့တွေ ပါဝင်ပြီးမှ ကျနော်တို့က FPNCC ကနေ တောင်းဆိုချက် ၈ ချက်ကို ကျနော်တို့က တောင်းဆိုခဲ့ဖူးပါတယ်။ ဒီအချက်တွေ အားလုံးကတော့ ၃၅ ချက်ပေါ်မှာ ပြန်လည် ဖြည့်စွက်ရင်းနဲ့ NCA ကို ပိုမို ကောင်းမွန်တဲ့  NCA ၊ ပိုမို ပြည့်စုံတဲ့ NCA  ဖြစ်ရေး ဖြစ်ပါတယ်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး က ပြောတာကတော့ ပြင်လို့ မရဘူးလို့ ပြောတယ်။ ကျနော်တို့က ပြင်မှာ မဟုတ်ဘူး။ ယခင် ဆွေးနွေးလို့ မပြီးသေးတဲ့ အချက်တွေကို ထပ်ဖြည့်မယ်။ ပိုကောင်းအောင် လုပ်မယ်။ ကျနော်တို့ရဲ့ အတွေးကတော့ NCA ကို ပိုကောင်းအောင်လို့ လုပ်မယ်လို့ ပြောတာကို ဘာဖြစ်လို့ လက်မခံတာလဲဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ ဒါကျနော်တို့ ဘက်က သဘောထား ဖြစ်ပါတယ်။

မေး။     ။ ဒီလိုတွေ ညှိနှိုင်းလို့ မရလို့ “ဝ” နဲ့ မဟာမိတ်ဖွဲ့ပြီး KIA က FPNCC ဘက်ကို ရောက်သွားတာပေါ့။

ဖြေ။     ။ ဒါကတော့ တစိတ်တပိုင်း မှန်ပါတယ်။ ဒါပေမယ့် အဲ့အချိန်မှာ အနေအထား အရက တောင်ပိုင်း တခုလုံးမှာကတော့ လက်မှတ်ထိုးတဲ့ အဖွဲ့တွေ ပိုများတယ်။ KIO ဟာ မြောက်ပိုင်းမှာ ရှိတဲ့ အဖွဲ့ဖြစ်တယ်။ အဲ့တော့ စစ်ရေးအရကလည်း ဒီမှာ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ အချိန်ဖြစ်တဲ့အခါမှာ  ကျနော်တို့ မြောက်ပိုင်းမှာ ရှိတဲ့ အဖွဲ့တွေက ပိုပြီး စုစုစည်းစည်း ဖြစ်သွားဖို့ လိုပါတယ်။ ဒါ့ကြောင့် ကျနော်တို့ UNFC က ထွက်ပြီးမှ FPNCC ထဲမှာ ပါဝင်လာရတာ ဖြစ်ပါတယ်။

မေး။     ။ FPNCC ရဲ့ မူက NCA ပါ စာချုပ်အချက်တွေထက် နိုင်ငံရေးမျှော်မှန်းချက်တွေ ပိုမြင့်တာကို တွေ့ရ တယ်။ တကယ်လို့ KIO က အစိုးရနဲ့ တေ့တေ့ဆိုင်ဆိုင် စကားပြောရတော့မယ် ညှိရမယ်ဆို NCA ပေါ်မှာ ရပ်မလား။ FPNCC ရဲ့ အပစ်ရပ်စာချုပ်နဲ့ နိုင်ငံရေးခံယူချက်ပေါ် ရပ်တည်မလား။

ဖြေ။     ။ KIO ရဲ့ သဘောထားကတော့ မူနှစ်ခုစလုံးကို သုံးသပ်ပြီးတော့မှ ကျနော်တို့ အားလုံးနဲ့ ကိုက်ညီမယ့် သဟဇာတဖြစ်မယ့် မူအပေါ်မှာပဲ ရပ်မှာ ဖြစ်ပါတယ်။ ဒီနေရာမှာ အလျဉ်းသင့်လို့ စဉ်းစားတဲ့ အချက်ကတော့ FPNCC ရဲ့ မူက သိပ်မြင့်တယ်။ တခြားအဖွဲ့တွေနဲ့ မကိုက်ညီဘူး ပြောတယ်ပဲ ထားဦး။ UNFC နဲ့ လက်မှတ်ထိုးပြီးသား အဖွဲ့တွေ အင်မတန် ကောင်းမွန်တဲ့ Proposal တင်တဲ့အခါမှာ ဘာဖြစ်လို့ နိုင်ငံတော် အစိုးရနဲ့ တပ်မတော်က လက်မခံတာလဲ ဆိုတဲ့ အပိုင်း ဖြစ်ပါတယ်။ FPNCC ရဲ့ မူဟာ ကောင်းတယ် မကောင်းဘူး၊ သဘာဝ ကျတယ်မကျဘူး ဆိုတာထက် အင်မတန်ကောင်းမွန်တဲ့ Proposal တင်တော့ရော လက်ခံသလားဆိုတဲ့ မေးခွန်းကလည်း ရှိပါတယ်။ ဒါ့ကြောင့်မို့လို့ KIO က လက်ရှိ အခြေအနေပေါ်မှာ မူတည်ပြီး ကျနော်တို့ တိုင်းရင်းသား များရဲ့ တန်းတူပူးပေါင်းဖွဲ့စည်းနိုင်မယ့် ဖက်ဒရယ်ပြည်ထောင်စု ဘယ်လို လုပ်နိုင်မလဲ ဆိုတဲ့ မူအပေါ်မှာ ရပ်တည်သွားမှာ ဖြစ်ပါတယ်။

မေး။     ။ တိုင်းရင်းသားခေါင်းဆောင်တွေ အစိုးရရော တပ်မတော်ရော အကုန်လုံး အနာဂတ်မှာ ဖက်ဒရယ်ကို သွားမယ်လို့ သဘောတူထားကြတယ်။ ဒါပေမယ့် ဘာလို့ ညှိလို့ မရကြတာလဲ။

ဖြေ။     ။ ဒီကိစ္စကတော့ နည်းနည်း ရှုပ်ထွေးပါတယ်။ NCA ရဲ့ နိဒါန်းမှာ ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ တောင်းဆိုချက်ကတော့ နိုင်ငံကို ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံ တည်ထောင်မယ်လို့ ကတိတောင်းတာ ဖြစ်တယ်။ တပ်မတော် နဲ့ အစိုးရ ပေးတာက ဒီကိစ္စကို နိုင်ငံရေး ဆွေးနွေးပွဲမှာ ဆွေးနွေး ကြမယ်လို့ ပြောတယ်။ တည်ဆောက်ကြမယ်လို့ အတိအကျ ကတိပေးတာ မဟုတ်ဘူး။

သို့သော်လည်းပဲ အခင်းအကျင်းအရကတော့ NCA လက်မှတ်ထိုးပြီးလို့ ရှိရင် ဒီ NCA ကို အကောင်အထည် ဖော်တဲ့အခါမှာ ပူးတွဲဦးဆောင်မယ့် အနေအထားမျိုးကို အစိုးရနဲ့ တပ်မတော်တို့က လက်မခံဘူး။ သူတို့ကပဲ အားလုံး ဆုံးဖြတ်မယ်ဆိုလို့ ကျနော်တို့ အစည်းအဝေးမှာ မေးပါတယ်။ ကျနော်တို့ရဲ့ ကိစ္စကို ခဗျားတို့ ဘယ်မှာ ဆုံးဖြတ်မလဲ။ အတိအကျ မေးခဲ့တယ်။ ကျနော့်ဆီမှာ Record ရှိပါတယ်။ အဲ့တော့ NCA လက်မှတ်ရေးထိုးပြီး အတူတကွ ပူးပေါင်းပြီးမှ ပူးတွဲ ပြီးမှ ကျနော်တို့ အကောင်အထည်ဖော်မယ့် အနေအထားမျိုးကို မရရှိပဲနဲ့ ကျနော်တို့ရဲ့ ကံကြမ္မာကို ကာလုံမှာသော်လည်းကောင်း ၊ UPCC လို နေရာမျိုး ထိပ်သီးအစိုးရရဲ့ ခေါင်းဆောင်တွေက သီးသန့် ဆုံးဖြတ်မယ်ဆိုတဲ့ သဘောထားမျိုး ဖြစ်လာတော့ ကျနော်တို့က NCAကို လက်မှတ်ထိုးဖို့ ပိုပြီး အခက်အခဲ ဖြစ်စေပါတယ်။

မေး။     ။ KIO နဲ့ တပ်မတော်ကြား ယုံကြည်မှု တည်ဆောက်တဲ့ အခန်းကဏ္ဍက ဘယ်လို အခြေအနေမှာ ရှိပါသလဲ ။

ဖြေ။     ။ ယုံကြည်မှုကတော့ ဘာမှ မရှိဘူးလို့ ပွင့်ပွင့်လင်းလင်း ပြောရမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ၂၀၁၁ တိုက်ပွဲတွေ စဖြစ်တဲ့ ပထမလမှာပဲ ကျနော်တို့ ကချင်ပြည်နယ် အစိုးရအဖွဲ့နဲ့ တွေ့တယ်။ တွေ့တော့ ကျနော်တို့ ပထမ စမေးတဲ့ မေးခွန်းက ပင်လုံစာချုပ်ကို တရားဝင်သတ်မှတ်သလားဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။ ဒီကနေ့ထိ ကျနော်တို့ အဖြေမရပါဘူး။ ပင်လုံက ကတိကဝတ်တွေကို တန်ဖိုးထားပြီးမှ အကောင်အထည် ဖော်မယ်ဆိုရင် ကျနော်တို့ KIO ဟာ လက်နက်ကိုင်လမ်းစဉ် စွန့်လွှတ်မယ်လို့ ၂၀၀၉ သြဂုတ်မှာ ကျနော်တို့က ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီကို ကျနော်တို့ တိုက်ရိုက်စာရေးပြီး တင်ထားတဲ့ စာတမ်းရှိပါတယ်။ ဒါ့ကြောင့် ကျနော်တို့ ပြောချင်တာက ယုံကြည်မှု တည်ဆောက်ရေးလို့ ပြောတဲ့အခါမှာ တဖက်နဲ့ တဖက် အပေးအယူရှိဖို့ လိုပါတယ်။ ပင်လုံကို အသိအမှတ်ပြုဖို့ လိုပါတယ်။

ဒီလို အသိအမှတ်ပြုတယ် ဆိုတာကို အခြေခံဥပဒေမှာ ထည့်သွင်းရေးသားပြီး တရားဝင် ထုတ်ပြန်ဖို့ လိုပါတယ်။ အခြေခံဥပဒေမှာ တရားဝင် ရေးသားဖော်ပြခြင်း မရှိသရွေ့ နိုင်ငံရေးအာမခံချက် မရှိပါဘူး။ ဒါဟာ ကျနော်တို့ ပြောတဲ့ ယုံကြည်မှု တည်ဆောက်ရေး ဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လို့ ဒီကနေ့အချိန်ထိတော့ တပ်မတော်နဲ့ ကျနော်တို့ KIO ကြားမှာ ယုံကြည်မှု ရှိသလားလို့ မေးရင် ယုံကြည်မှု မရှိဘူးလို့ ပြောလို့ ရတယ်။ ကျနော်တို့ဘက်က မယုံကြည်သလို တပ်မတော်ဘက်ကလည်း ကျနော်တို့ကို ယုံကြည်မှု မရှိပါဘူး။ ဒါကို လက်တွေ့ပြနိုင်ဖို့က တိုက်ပွဲတွေ ရပ်မယ်။ ဆွေးနွေးပွဲတွေ လုပ်မယ်။ သဘောတူညီချက်တွေကို အခြေခံဥပဒေမှာ ထည့်သွင်းဖော်ပြပြီးမှ တရားဝင် ထုတ်ပြန်တဲ့ အချိန်ကျတော့မှ ယုံကြည်မှု ဆိုတာ ရှိလာမှာ ဖြစ်ပါတယ်။

မေး။     ။ KIO / KIA အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် မျှော်လင့်ချက်ကရော ဘယ်လို ရှိနေပါသလဲ။

ဖြေ။     ။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အရည်အချင်းနဲ့ လုပ်ဆောင်မှုတွေ ပေါ်မှာ ကျနော်တို့ အမြဲတမ်း ယုံကြည်မှု ရှိပါတယ်။ သို့သော်လည်း သူ့မှာ အခက်အခဲတွေ အများကြီးရှိတာ ကျနော်တို့ နားလည်ပါတယ်။ ကျနော်တို့က တောက်လျှောက်ပြောနေတာက တိုက်ပွဲတွေ ပြန်ဖြစ်လာကတည်းက မေတ္တာရပ်ခံလာတာက ဗိုလ်မှူးကြီး သန်းအောင်ကို ကျနော်တို့ ပြောပါတယ် လဂျားယန်မှာ။

အခု တနိုင်ငံလုံးမှာ ရှိတဲ့ တပ်တွေက ကချင်ပြည်နယ်ကို ထိုးစစ်ဆင်ဖို့ ရောက်လာပြီ။ အဲ့တော့ နောက်ထပ် တပ်တွေကို ထပ်မပို့ပါနဲ့။ နောက်ထပ် တပ်တွေ ထပ်ပို့ရင် အစိုးရနဲ့ တပ်မတော်က ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းဖို့ ဆန္ဒမရှိဘူးလို့ အဓိပ္ပာယ်ကောက်ယူ ရမှာ ဖြစ်တယ်လို့ ၂၀၁၁ တိုက်ပွဲတွေ စဖြစ်ဖြစ်ချင်း ကျနော်တို့ မေတ္တာရပ်ခံပါတယ်။ ဒါပေမယ့် အဲ့ဒီနောက်ပိုင်းမှာ တပ်တွေ တတ်လာတယ်။ အဲ့တော့ ငြိမ်းချမ်းရေးအတွက် ကျနော်တို့ ဆွေးနွေးရမယ့်အစား တိုက်ပွဲကြီးများကို ဆင်နွဲဖို့အတွက်ပဲ အမြဲတမ်း စီမံချက်တွေ ချတယ်။ တပ်တွေ ဖြည့်တယ်။  လူအင်အား ဖြည့်တယ်။ တပ်အင်အား ဖြည့်တယ်။ လက်နက်အင်အား ဖြည့်တယ်။ လေယာဉ် စသဖြင့် အဆင့်မြင့် တိုက်ပွဲများကို ဆင်နွဲနေတဲ့ အခါမှာ တကယ်ပဲ ဒီတပ်မတော်နဲ့ ဒီအစိုးရက ငြိမ်းချမ်းတဲ့ နည်းနဲ့ ဖြေရှင်းဖို့ ဆန္ဒရှိသလားဆိုတာ ကျနော်တို့ဆီမှာ အင်မတန်မှ သံသယ ရှိပါတယ်။

သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တချို့ခေါင်းဆောင်များအ နေနဲ့ နိုင်ငံတော်ကို အေးချမ်းစွာနဲ့ ပြောင်းလဲရေးတွေ လုပ်ချင်တဲ့ သဘောထား ရှိတယ်ဆိုတာတော့ ကျနော်တို့ ယုံမှားစရာ မရှိပါဘူး။ သူတို့ ဘယ်လောက် လုပ်နိုင်တယ် မလုပ်နိုင်ဘူး ဆိုတာကတော့ နိုင်ငံရေးအခြေအနေပေါ်မှာ မူတည်ပါတယ်။ ဒါကျနော်တို့ နားလည်ပါတယ်။

မေး။     ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၂၀၂၀ မှာ ငြိမ်းချမ်းရေး ပြည်သူလက်ထဲ အပ်မယ် ပြောနေတယ်။ တရုတ်ဘက်ကလည်း ဖိအားပေးတယ်ဆိုတာမျိုးတွေ မကြာခဏ ကြားရတယ်။ တရုတ်နဲ့ ဆက်ဆံရေး အခြေအနေ က ဘယ်လိုရှိပါသလဲ။

ဖြေ။     ။ ဒေါ်အောင်ဆန်းစုကြည် ပြောတာတော့ ၂၀၂၀ မှာ အခြေခံမူတွေ ရအောင်ယူမယ်လို့ ပြောတယ်။ ကာကွယ်ရေးဦးစီးချုပ်ကတော့ ၂၀၂၀ မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ပြီးရမယ်လို့ ပြောတယ်။ အဲ့တော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ပြီးရမယ် ဆိုတာကတော့ မဖြစ်နိုင်ဘူးလို့ ကျနော်တို့တွေ ဒီလိုပဲ မြင်တယ်။ တခုရှိ တာတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ပြီးမယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က တကယ် ယုံကြည် တယ်ဆိုရင် ၂၀၀၈ အခြေခံဥပဒေကို အသစ်ရေးဖို့ လိုတယ်။ အားလုံးပါဝင်ပြီးမှ ၂၀၀၈ အခြေခံ ဥပဒေ ကို ဖျက်သိမ်းပြီးမှ နိုင်ငံတော်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်တခု ထွက်လာတယ်ဆိုရင်တော့ ဒီကနေ့ ထွက် လာရင် မနက်ဖြန်၊ သဘက်ခါ နိုင်ငံဟာ ငြိမ်းချမ်းသွားနိုင်ပါတယ်။

နောက်တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍကတော့ တရုတ်နိုင်ငံရဲ့ စိုးရိမ်မှု့တော့ သူ့ရဲ့ တည်ငြိမ်နေတဲ့ အနေအထားနဲ့ သူ့ရဲ့ လုပ်ငန်း စီမံချက်တွေပေါ်မှာ အဟန့်အတား ဖြစ်ဖို့ စိုးရိမ်မှု ရှိပါတယ်။ ဒါ့ကြောင့် တနိုင်ငံလုံးရဲ့ ငြိမ်းချမ်းရေး တွေကို သူမဖော်ဆောင်နိုင်သော်လည်းပဲ နယ်စပ်တလျှောက်မှာ သူ့ရဲ့ နယ်နိမိတ်နဲ့ ကပ်နေတဲ့ နေရာတွေမှာ တိုက်ပွဲတွေ ဖြစ်မှာကို သူစိုးရိမ်ပါတယ်။ အဲ့အခါ အစိုးရကိုလည်း သူက ဖိအားပေးတယ်။ အစိုးရ တပ်မတော်ကိုလည်း ဖိအားပေးတယ်။ ကျနော်တို့ကိုလည်း ဖိအားပေးတယ်။ အဓိက သူတို့ ပြောတာတော့ ငြိမ်းချမ်းရေး ဖော်ဆောင်ပါ။ နယ်စပ်မှာ တိုက်ပွဲတွေ မဖြစ်စေနဲ့ ဆိုတဲ့ အဓိက ၂ ချက်ဖြစ်ပါတယ်။ ဒါကတော့ ဖိအားပေးတယ်လို့ ယူဆလို့ ရသလို သူ့ရဲ့ အနေအထားအရ ကျနော်တို့ကို တပြိုင်တည်း ပြောတဲ့ ကိစ္စ ဖြစ်တော့ ဒါက ယထာဘူယျ ကျတယ်လို့ မြင်တယ်။ ဒါကတော့ တရုတ်နိုင်ငံရဲ့ interest  ဖြစ်ပါတယ်။

မေး။     ။ ပြီးခဲ့တဲ့ လက KBC ကို ယူနန်အစိုးရဘက်က ခေါ်တွေ့ပြီး NCA မထိုးရင် နယ်စပ်ဂိတ်တွေ ပိတ်ပစ်မယ်၊ လက်နက်စက်ရုံက ပညာရှင်တွေ ပြန်ခေါ်ယူမယ်ဆိုတာမျိုး ပြောဆိုချက်တွေကရော KIA အပေါ်မှာရော သက်ရောက်မှု ရှိလား။

ဖြေ။     ။ ကျနော်တို့ကို တိုက်ရိုက်တော့ မပြောဘူး။ နယ်စပ်ဂိတ်ပိတ်တယ်ဆိုတာတော့ ပိတ်တာ မဟုတ်ဘဲ သူတို့ စည်းကမ်းတင်းကျပ်တာတွေ တေ့ွရတယ်။ သူကတော့ မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ နယ်စပ် တလျှောက်လုံးကို စည်းကမ်းတွေ ပြန်တင်းကျပ်လိုက်တာ တွေ့ရတယ်။ စက်ရုံတွေမှာ သူ့လူတွေ ပြန်ခေါ်မယ်ဆိုတာကတော့ အစိုးရက တိုက်ရိုက်ပြောတာ မဟုတ်ပါဘူး။ သိရသလောက်ကတော့ သူတို့ဆီက လူပုဂ္ဂိုလ်တွေ ပြောတာပဲ ဖြစ်တယ်။ ပြီးရင် ဒီဘက်တွေမှာ တရုတ်နိုင်ငံသားတွေ လာပြီး လုပ်နေတဲ့ စက်ရုံတွေ မရှိပါဘူး။ ကျနော်တို့ရဲ့ လူအင်အားနဲ့ပဲ လုပ်နေတာ ဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လို့ ဒီကိစ္စကတော့ ကြားမှာ ပြောရင်း ဆိုရင်းနဲ့ အဓိပ္ပာယ် ဖော်ဆောင်မှု လွဲမှားတဲ့ အနေအထားပဲ ဖြစ်ပါတယ်။ ကျနော်တို့ကိုလည်း တိုက်ရိုက် ပြောတာ မရှိပါဘူး။

မေး။     ။ မြစ်ဆုံကိစ္စနဲ့ ပတ်သတ်ပြီး တရုတ်ရဲ့ လုပ်ဆောင်ချက်၊ ပြောဆိုချက်တွေကြောင့် လူထုက စိုးရိမ်မှု ပြန်မြင့်တတ်လာနေတယ်။ KIO အနေနဲ့ မြစ်ဆုံစီမံကိန်းအပေါ် ဘာများပြောချင်ပါသလဲ။ တရုတ်နဲ့ ပတ်သတ်ပြီး ဒီကိစ္စမှာ ရပ်တည်ချက် ဘယ်လိုများရှိပါသလဲ။

ဖြေ။     ။ မြစ်ဆုံကိစ္စနဲ့ ပတ်သတ်ပြီး တရုတ်ကုမ္ပဏီတွေကတော့ မြစ်ဆုံကို ပြန်လုပ်ချင်တယ် ဒါသူတို့ ကျနော်တို့ကို ပွင့်ပွင့်လင်းလင်း ပြောပါတယ်။ ကျနော်တို့ KIO အနေနဲ့ကတော့ ပြည်သူလူထုကို အမိန့်ပေးလို့ မရဘူး ။ ဒါက (၁) အချက်ပါ။ (၂) အချက်ကတော့ အရင် ဒီစီမံကိန်းဟာ KIO နဲ့ စပြီး ဖော်ဆောင်ခဲ့တာ မဟုတ်ဘဲနဲ့ အစိုးရနဲ့ ဖော်ဆောင်ခဲ့တာ ဖြစ်တယ်။ ကျနော်တို့ဘက်ကတော့ ဒီကိစ္စ အပေါ်မှာ တာဝန်မရှိဘူး လို့ ကျနော်တို့က ပြောဆိုထားတယ်။ နောက်တချက်ကတော့ ကျနော်တို့ KIO က ကူညီပေးနိုင်တာကတော့ တရုတ်ကုမ္ပဏီက သူဖြစ်စေချင်တဲ့ သတင်းစကားတွေကို ကျနော်တို့က ကချင်လူထုကို တဆင့် လက်ဆင့်ကမ်းပေးမယ်။

ထိုနည်းလည်းကောင်းပဲ ပြည်သူလူထုရဲ့ အသံတွေကိုလည်း ကုမ္ပဏီကို ကျနော်တို့ လက်ဆင့်ကမ်းပေးမယ်။ ဒါ ကျနော်တို့ ကူညီနိုင်တဲ့ အပိုင်းဖြစ်တယ်။ တတိယအချက်ကတော့ ဖြစ်နိုင်လို့ ရှိရင ်မြန်မာနိုင်ငံအစိုးရနဲ့ တရုတ်ကုမ္ပဏီက ညှိနှိုင်းပြီးတော့ မြစ်ကြီးနားလို နေရာမျိုးမှာ လူထု ရှင်းလင်းပွဲ လုပ်ရင် သင့်တော်တယ်လို့ ကျနော်တို့ အကြံပြုထားတယ်။ အဲ့ဒီအခါကျမှ လူထုရဲ့ စိုးရိမ်ချက်တွေကို တိုက်ရိုက် မေးလို့ ရတယ်။ ကုမ္ပဏီ အနေနဲ့လည်း တိုက်ရိုက် ဖြေရှင်းပေးလို့ ရတယ်။

အဲ့ဒီအခါမှာ ဘာတွေ ဖြေရှင်းပေးရမလဲ ဆိုတာ နားလည်လာသလို လူထုရဲ့ အသံကိုလည်း တိုက်ရိုက် ကြားနိုင်မယ်။ တရုတ်ကုမ္ပဏီရဲ့ သတင်းစကားကိုလည်း လူထုက တိုက်ရိုက်နားထောင်နိုင်မယ်။ စတုထ္ထအချက်အနေနဲ့ ကျနော်တို့ကတော့ လူထုက လက်ခံတယ်ဆိုရင် ကျနော်တို့က ကန့်ကွက်စရာ မရှိဘူး။ သို့သော်လည်း လူထုက လက်မခံတဲ့ အနေအထားမှာ ကျနော်တို့က လူထုကို အတင်းအဓမ္မ လက်ခံခိုင်းလို့ မရဘူးလို့ ဒီ ၄ ချက်ကို ကျနော်တို့က တရုတ်ကုမ္ပဏီတွေကို ပြောထားတာ ရှိပါတယ်။

မေး။     ။ မြစ်ဆုံစီမံကိန်းအပေါ် KIO ရဲ့ ရပ်တည်ချက်ကရော ဘယ်လိုရှိပါသလဲ။

ဖြေ။     ။ ကျနော်တို့ KIO ကတော့ ဒီစီမံကိန်းကို စပြီး အကောင်အထည် ဖော်မယ်လို့ သတင်းစာတွေမှာ ပါလာကတည်းက ကျနော်တို့က တရုတ်အစိုးရကိုလည်း ကျနော်တို့ အကြံပြုစာပို့ထားတာ ရှိပါတယ်။ အွန်လိုင်းမီဒီယာတွေမှာ တွေ့နိုင်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီကိုလည်း ကျနော်တို့ ပို့ထားတာ ရှိပါတယ်။ KIO ရဲ့ သဘောထားက ထိုနည်းလည်းကောင်းပါပဲ။ မပြောင်းလဲပါဘူး။

မေး။     ။ ၇ နှစ်တာကာလအတွင်း တိုက်ပွဲကြောင့် ဒုက္ခသည်ဖြစ်နေသူတွေ အတွက်ရော KIO နဲ့ အစိုးရကြား ညှိနှိုင်းမှုတွေ ဘယ်လိုရှိပါသလဲ။

ဖြေ။     ။ ၂၀၁၈ မကုန်ခင်မှာ ကျနော်တို့က အစိုးရဆီကို သတင်းစကား ပို့ထားတာကတော့ အခုလက်ရှိ ကျနော်တို့ IDPs စခန်းတွေမှာ ရောက်နေတဲ့ မူလရွာ ၆၅ ရွာကတော့ ပြန်ပြီး နေထိုင်လို့ ရပြီ။ အဲ့တော့ ပြန်သင့်တယ်လို့ ကျနော်တို့က အကြံပြုစာ ပို့ထားပါတယ်။ ၆၅ ရွာ ဖြစ်ပါတယ်။ အစိုးရဘက်ကတော့ အဖြေမပေးပဲနဲ့ NCA လက်မှတ်ထိုးပြီးရင် ဆွေးနွေးရအောင်လို့ ပြောနေတယ်။ ကျနော်တို့ တောင်းဆိုချက် ကတော့ NCA ထိုးခြင်း မထိုးခြင်း ၊ အပစ်ရပ်စာချုပ် ရပ်စဲရေး ထိုးခြင်း မထိုးခြင်းဆိုတဲ့ အခြေအနေ မထားပဲနဲ့ အခုပြန်ပြီး နေထိုင်လို့ ရတဲ့ မိမိဒေသကို ပြန်လို့ ရတဲ့ ရွာပေါင်း ၆၅ ရွာကို ဦးစွာ ပြန်ခွင့် ပေးပါလို့ ကျနော်တို့ မေတ္တာရပ်ခံထားတာ ရှိပါတယ်။ နောက်တကြိမ် တွေ့တဲ့အခါမှာလည်း ဒီကိစ္စကိုပဲ အဓိက ထားပြီး ကျနော်တို့ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ လက်မှတ်မထိုးလို့ ဒီလူတွေကို အကူအညီမပေးတော့ဘူးလား။ ပြန်ခွင့်မပေးတော့ ဘူးလားဆိုတာကတော့ မတင့်တယ်ပါဘူးလို့ ကျနော်တို့ စာနဲ့ အကြောင်းကြားထားတာ ရှိပါတယ်။

မေး။     ။ KIO က လက်မှတ်မထိုးရင် ဒီလူတွေကို ပြန်ခွင့်မပေးဘူးဆိုတော့ ဒီဒုက္ခသည်တွေကို KIO ရဲ့ လူတွေလို့ သတ်မှတ်တာလား။ သူတို့က မြန်မာနိုင်ငံသားတွေပဲ မဟုတ်ဘူးလား။ ဗိုလ်ချုပ် ဘယ်လို မြင်ပါသလဲ။

ဖြေ။     ။ ဒီကိစ္စကို ကျနော်တို့ စဉ်းစားတာကတော့ ၂၁ ရာစု ပထမ ပင်လုံမှာ တပ်မတော်အစုအဖွဲ့က တင်တဲ့ စာထဲမှာ NCA လက်မှတ်မထိုးတဲ့ အတွက်ကြောင့် KIO ထိန်းချုပ်တဲ့ ဒေသမှာ ရှိတဲ့ IDPs စခန်းတွေဟာ တရားမဝင်ဘူးလို့ သူတို့က ပြောတယ်။ ဒီကိစ္စကို ကျနော်တို့ ကန့်ကွက်ထားတာ ရှိပါတယ်။ ပြီးရင် UN Agency တွေကိုလည်း ကျနော်တို့ ပြောပါတယ်။ ဒီစစ်ရှောင်တွေ စစ်ပြေးတွေ IDPs တွေရဲ့ ကိစ္စက လက်မှတ်ထိုးသည် ဖြစ်စေ၊ မထိုးသည်ဖြစ်စေ လူသားချင်း စာနာမှု ပေးသင့်တယ်။ သူတို့ ဒေသကို ပြန်ဖို့အတွက် ကျနော်တို့က အစီအစဉ် လုပ်ပေးဖို့ လိုအပ်တယ်လို့ ကျနော်တို့က ပြောထားတယ်။

ဒါ့ကြောင့် ကျနော်တို့ တောက်လျှောက် ပြောနေတာကတော့ ကျနော်တို့ KIO နဲ့ လက်မှတ်ထိုးသည် ဖြစ်စေ ၊ မထိုးသည်ဖြစ်စေ ဒီလူတွေဟာ မိမိရဲ့ မူလဒေသကို ပြန်ဖို့ လိုအပ်တယ်။ ဒါကို ဝိုင်းပြီး ကြိုးစားရအောင်လို့ ကျနော်တို့က ပြောတယ်။ ကျနော်တို့ ဘက်က ဝိုင်းပြီး အကြံပြုထားတာကတော့ ဒီဒေသ ပြန်နိုင်ရေးအတွက် ကျနော်တို့ KHCC လို့ ခေါ်တဲ့ ကချင် လူမှု အဖွဲ့အစည်းတွေ ပေါင်းစည်းထားတဲ့ အဖွဲ့အစည်းတွေ ရှိတယ်။ သူတို့ကတော့ လက်တွေ့မှာ တာဝန်ယူ နေတယ်။ မူပိုင်းဆိုင်ရာ ဆွေးနွေးဖို့ အကုန်လုံးကို KBC ရယ် ရိုမန်ကတ်သလစ်ရယ် အင်္ဂလိကန်ရယ် ပါဝင်တဲ့ KHCC လို့ ခေါ်တဲ့ အဖွဲ့တခု ရှိပါတယ်။ ဒီ ၃ဖွဲ့ကို မူဝါဒများ ချမှတ်နိုင်ရေး ကျနော်တို့ KIO က အားလုံး အပ်နှံထားပြီး သား ဖြစ်တယ်။ NRPC နဲ့လည်း ဆွေးနွေးဖို့ သူတို့ ဆောင်ရွက်နေတယ်ဆိုတာ သိရပါတယ်။ ကျနော်တို့ဘက်ကတော့ ဒီသဘောထားပဲ ရှိပါတယ်။

မေး။     ။ KIO/KIA အနေနဲ့ ဒုက္ခသည်အရေးကို ဘယ်လိုမျိုး ဖြစ်စေချင်သလဲ။

ဖြေ။     ။ ကျနော်တို့ကတော့ မိမိဒေသကို ပြန်စေချင်ပါတယ်။ KIO နဲ့ အစိုးရတပ်မတော် လက်မှတ်ထိုး တယ် မထိုးတယ်ဆိုတဲ့ အခြေအနေပေါ်မှာ မထားပဲ ပြန်လို့ ရတဲ့ ဒေသတွေကို ပြန်စေချင်ပါတယ်။ ဒါ ကျနော်တို့ရဲ့သဘောထား ဖြစ်ပါတယ်။

မေး။     ။ ဗိုလ်ချုပ်တို့ တင်ထားတဲ့ ၆၅ ရွာဆိုတာ ကချင်ရော ရှမ်းမြောက်ရော အကုန်လုံးလား။

ဖြေ။     ။ အကုန်လုံးပါ။ ကချင်ရော ရှမ်းမြောက်ရော ပါပါတယ်။ အားလုံး ရွာပေါင်း တော်တော်များများ ရှိတဲ့ ထဲကမှ ၆၅ ရွာဟာ အခုချိန်မှာ လုံခြုံစိတ်ချစွာ ပြန်လို့ ရတယ်လို့ ကျနော်တို့ ယူဆလို့ရလို့ ကျနော်တို့ တင်ပြထားတာ ဖြစ်ပါတယ်။

မေး။     ။ KIA ဘက်ကရော ဒီ ရွာတွေကို စစ်ရေးအရ အာမခံပေးနိုင်တယ်ပေါ့။

ဖြေ။     ။ မှန်ပါတယ်။ ကျနော်တို့လည်း အာမခံပေးနိုင်တယ်ဆိုတဲ့သဘော ဖြစ်ပါတယ်။

မေး။     ။ အခု ဧပြီ ၃၀ ဆိုရင် အပစ်ရပ်ထားတဲ့ ကာလက ကုန်ပြီ။ ဒီကာလ အလွန်မှာ တိုက်ပွဲတွေ ပြန်ဖြစ် မလားဆိုတဲ့ စိုးရိမ်မှုတွေ ရှိကြတယ်။ KIA ရဲ့ ရှေ့တန်းစခန်းတွေကို တပ်မတော်ဘက်က ခြိမ်းခြောက် ထားတဲ့ နေရာတွေ ရှိနေပါသား။

ဖြေ။     ။ ကျနော်တို့က ၈ နှစ်လောက် တိုက်ပွဲတွေ ဖြစ်လာတော့ နေရာတိုင်းကတော့ ခြိမ်းခြောက်မှု ရှိတဲ့ နေရာတွေပဲ ဖြစ်တယ်။ အဲ့တော့သိပ်မထူးခြားဘူးလို့ ကျနော်တို့က မြင်ပါတယ်။ ဒါပေမယ့် တခုရှိတာတော့ ဧပြီလ ၃၀ လို့ ပြောတာကတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ စစ်ရုံးချုပ်က ကန့်သတ်ပေးတဲ့ သဘောဖြစ်ပါတယ်။ ဒါကိုတော့ ကျနော်တို့ ပြန်ပြီး စဉ်းစား သင့်တယ်လို့ ယူဆတယ်လေ။ ငြိမ်းချမ်းရေး သို့မဟုတ် တည်တံ့တဲ့ အခြေအနေတခုဆိုတာက ဒီ ၄လ က အချိန်အများကြီး လုံလောက်တယ်လို့ ပြောလို့ မရဘူး။ နှစ်ပေါင်းများစွာ ဖြစ်နေတဲ့ အနေအထားဖြစ်တော့ ဒီ ၄လမှာ မလုံလောက်ဘူးဆိုရင် ထပ်ပြီးမှ ကျနော်တို့က ဒါကို အချိန်တွေကို ပြန်ပြီးမှ တိုးချဲ့နိုင်ဖို့အတွက် ကျနော်တို့ လိုအပ်ပါတယ်။ ဒါကိုလည်း ကျနော်တို့ မေတ္တာရပ်ခံသွားမှာ ဖြစ်ပါတယ်။

မေး။     ။ ဒီ ၄လ ပြီးရင်ရော တိုက်ပွဲတွေပြန်ဖြစ်မယ့် အလားအလာတွေ မြင်ရသလား။

ဖြေ။     ။ တိုက်ပွဲကတော့ အချိန်မရွေးဖြစ်နိုင်ပါတယ်။ အခုလည်း ရှမ်းမြောက်လို ဒေသမျိုး ဖြစ်နေဆဲ ပါပဲ။ ကျနော်တို့ KIO ရဲ့ တပ်တွေ ရှိတဲ့ နေရာတွေမှာလည်း တိုက်ပွဲတွေ ဖြစ်နေတာပါ။ အနည်းနဲ့ အများပဲ ကွာပါတယ်။ အဲ့တော့ တိုက်ပွဲဆိုတော့ တကယ်ပဲ နှစ်ဖက်က ထိန်းသိမ်းနိုင်မယ်ဆိုရင် အောက်ခြေက တပ်တွေက အမိန့်နာခံမှာ ဖြစ်ပါတယ်။

မေး။     ။ အပစ်အခတ်ရပ်စဲရေးက  ငြိမ်သွားလိုက် ဆွေးနွေးလိုက်နဲ့ ဖြစ်နေတော့ ရေရှည်က ဒီတိုင်း ဇာတ်မျောကြီးပဲ ဖြစ်နေမလား။ ဘယ်လို သုံးသပ်ချက်ရှိပါသလဲ။

ဖြေ။     ။ အဓိက ကတော့ကျနော်တို့က တဖက်နဲ့တဖက် ပေးတဲ့ ကတိပေါ်မှာ မူတည်ပါတယ်။ ကျနော်တို့ တောင်းဆိုခဲ့တဲ့ အဆိုပြုချက်က ကျနော်တို့ နိုင်ငံကို တန်းတူရည်တူဖြစ်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံ တည်ဆောက်ရအောင်ဆိုတဲ့ ကတိတောင်းတာ ။ ဒါ အတိအကျ ကတိတောင်းတာ ဖြစ်တယ်။ ဒါပေမယ့် တပ်မတော်နဲ့ အစိုးရက တည်ဆောက်မယ် ၊ မတည်ဆောက်ဘူးဆိုတဲ့ ကတိမပေးပဲနဲ့ နိုင်ငံရေးဆွေးနွေးပွဲမှာ ဆွေးနွေးရအောင်လို့ ပြောတယ်။ တကယ်လို့သာ အဲ့လို မဟုတ်ပဲနဲ့ ကောင်းပြီ ကျနော်တို့ နိုင်ငံကို တည်ဆောက်ကြမယ်လို့ ကတိတောင်းတယ်ဆိုရင် အခုလုပ်နေတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ၂၁ ရာစုပင်လုံတွေ အစား နိုင်ငံကို ဘယ်လိုတည်ဆောက်မလဲဆိုတဲ့ ပိုမိုတိကျတဲ့ အစည်းအဝေးတွေ ဖြစ်လာနိုင်ကောင်းရဲ့လို မြင်ပါတယ်။ ဒါ့ကြောင့် ဒီလိုအနေအထားမျိုး ရောက်ရင်တော့ ခုဏပြောသလို ဇာတ်မျော မဟုတ်ပဲနဲ့ အချိန်လည်း တိုသွားမယ်။ အတိအကျ ဖြစ်တဲ့ အဖြေတခုကို ရှာဖွေတဲ့ အစည်းအဝေးတွေ ဖြစ်လာနိုင်တယ်လို့ မျှော်လင့်ပါတယ်။

မေး ။     ။ ၇ နှစ်တာကာလအတွင်း ကချင်လူထုက စစ်ဒဏ်ကို လူးလိမ့်နေအောင် ခံရတယ်။ သူတို့ အတွက်ရော ဘာများ ပြောချင်ပါသလဲ။ သူတို့ဘဝက ဒုက္ခသည်စခန်းမှာ ဆက်ဒုက္ခခံနေရဦးမှာလား ။

ဖြေ ။     ။ KIO ကတော့ ကျနော်တို့ ကချင်လူမျိုး အပါအဝင် အခြားတိုင်းရင်းသားလူမျိုးတွေလည်း တန်းတူ ရည်တူ အတူနေထိုင်တဲ့ ပြည်ထောင်စု တည်ဆောက်ရေးမျှော်မှန်းချက်ကို ကျနော်တို့က အကောင်အထည် ဖော်နိုင်ဖို့ တောင်းဆိုနေတာ ဖြစ်ပါတယ်။ အဲ့တော့ ဒီရည်မှန်းချက်ကို ကျနော်တို့ ပြည့်မှီအောင် ကြိုးစားမှာ ဖြစ်တယ်။ ကျနော်တို့ တန်းတူရည်တူ မဟုတ်ပဲနဲ့ နဂိုပုံစံအတိုင်း ဖြစ်သွားမယ့် ပုံစံမျိုးဆိုရင်တော့ ကျနော်တို့က ဒီကိစ္စကို ဆက်လက်ပြီး ကြိုးစားရမှာ ဖြစ်ပါတယ်။ အားလုံး တန်းတူရည်တူ ဖြစ်နိုင်တဲ့ အနေအထားရောက်တဲ့ အခါကျတော့မှ ကျနော်တို့နိုင်ငံဟာ တကယ်ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး ရမယ်လို့ယုံကြည်တယ်။ ဒီလို ဖြစ်အောင်လည်း ကျနော်တို့ ကြိုးစားမယ်။ ဒီလို ကြိုးစားတဲ့ အချိန်တိုင်းမှာလည်း ကျနော်တို့က ပြည်သူလူထုကို အသိပေးသွားမှာ ဖြစ်ပါတယ်။

Loading