အစိုးရက နိုင်ငံရေး အကျဉ်းသားကိစ္စကို ဒီထက်ပိုအာရုံစိုက်ဖို့ လိုအပ်တယ်

ထက်ခေါင်လင်း
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) တွဲဘက် အတွင်းရေးမှူး ဦးဘိုကြည် / Ko Bo Kyi / Facebook

နှစ်ဆန်းတရက်နေ့က အကျဉ်းထောင်အသီးသီးက အကျဉ်းသား ၉ ထောင်ကျော် လွှတ်ပေးတဲ့အထဲမှာ နိုင်ငံရေး အကျဉ်းသား ၂ ဦးသာပါပြီးတော့ မူးယစ်ဆေးဝါးမှုနဲ့ အကျဉ်းကျခံခဲ့ရတဲ့ အကျဉ်းသားတွေသာ အများစုဖြစ်နေပါတယ်။

မြန်မာနိုင်ငံအတွင်းက အကျဉ်းထောင်တွေမှာလည်း မူးယစ်ဆေးဝါးအမှုနဲ့ အကျဉ်းကျခံရသူကများနေပြီး အကျဉ်းထောင်တွေဟာ ဝင်ဆံ့နိုင်တဲ့ လူဦးရေထက် များပြားလွန်းနေပါတယ်။

ဒီကိစ္စနဲ့ ပက်သက်ပြီး အကျဉ်းထောင်တွေရဲ့ စီမံခန့်ခွဲခွင့်ပုံစံတွေ ပြောင်းလဲဖို့၊ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ အတွက် တစိုက်မတ်မတ် တောင်းဆိုနေတဲ့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP ရဲ့ တွဲဘက် အတွင်းရေးမှူးဖြစ်သူ ဦးဘိုကြည်ကို ဧရာဝတီ အကြီးတန်း သတင်းထောက် ထက်ခေါင်လင်း က ဆက်သွယ် မေးမြန်းထားပါတယ်။

မေး ။      ။ နှစ်ဆန်းတရက်နေ့က သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ မူးယစ်အမှုတွေ အများဆုံးဖြစ်တယ်။ မိန်းကလေးတွေထဲမှာဆို ပြည့်တန်ဆာအမှုတွေ များတယ်။ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က သူတို့ရဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာရော အကျဉ်းထောင်တွေကို စစ်ဆေးအကြံပြုချက်တွေမှာရော ထောင်ထဲမှာ မူးယစ်မှု၊ ပြည့်တန်ဆာအမှု တွေနဲ့ အများဆုံးဖြစ်ပြီး ထောင်ကျပ်နေတယ်။ သူတို့ကို လွတ်ငြိမ်းချမ်းသာပေးသင့်တယ်လို့ တောက်လျှောက် အကြံပြုခဲ့တယ်။ အဲ့ဒါကို သမ္မတက အကောင်အထည်ဖော်တဲ့သဘောလို့မြင်လား။

ဖြေ။         ။ ထောင်ထဲမှာ လူဦးရေ ကျပ်တည်းနေတယ်၊ အဲ့ဒီဟာကို ဖြေရှင်းရမယ်ဆိုတာက ကျနော်တို့ AAPP နဲ့ လူ့အခွင့်အရေး ကော်မရှင်တို့ တွဲပြီးတော့ သမ္မတဆီ အကြံပေးစာတွေ ပို့ထားတာ ရှိပါတယ်။ တဖက်ကတော့ ဒီဟာကို အကောင်အထည် ဖော်ရာရောက်တယ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် ကျနော်တို့ အကြံပေးတဲ့အထဲမှာ အကျဉ်းသား စိစစ်ရေး ကော်မတီဆိုတဲ့ အဖွဲ့မျိုး ဖွဲ့ပြီးလုပ်မယ်ဆိုရင် ဒီထက်ပိုပြီး မြန်မြန်ဆန်ဆန် လုပ်နိုင်မယ်။ အခုက စိစစ်တဲ့ အပိုင်းတွေမှာ အားနည်းသလို၊ အဂတိလိုက်စားနေတဲ့ပုံစံလို အသံတွေကလည်း ထွက်လာတယ်။ ဒီလိုအသံတွေ ပျောက်သွားအောင်လို့ စိစစ်ရေးကော်မတီလိုမျိုး ဖွဲ့ပြီးလုပ်မယ်ဆို ပိုကောင်းမယ်။

မေး။       ။ မူးယစ်အမှုတွေမှာ အခုလို လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ အခြေအနေအရ သမ္မတက လွှွှတ်မယ့်လူအကုန်လုံးကို စိစစ်နိုင်မှာ မဟုတ်ဘူး။ အောက်ခြေ အကျဉ်းဦးစီးဌာနတွေက တင်ပြတဲ့ ဟာတွေ များမယ်၊ အဲ့ဒီမှာ အဂတိတွေလည်း ပါနိုင်တယ်လို့ ပြည်သူတချို့က ဝေဖန်ကြတယ်။ အဲ့ဒီအပေါ် ဘယ်လိုယူဆလဲ။

ဖြေ။         ။ အဲ့ဒါကြောင့် ကျနော်တို့ပြောနေတဲ့ အကျဉ်းသားစိစစ်ရေးကော်မတီမျိုး လုပ်ပြီး အကျဉ်းထောင်မှာ လူဦးရေ လျော့ချရေး လုပ်မယ်ဆို ပိုပြီး အမြင်ရှင်းရှင်းလုပ်လို့ရမယ်။ ဒီအဆင့်ထိ ရောက်မလာသေးဘူး။ ရောက်လာမယ်လို့တော့ ထင်တာပဲ။ ဘာလို့ဆို အခု တနိုင်ငံလုံးမှာ အကျဉ်းသား တသိန်းကျော်လောက်ရှိတယ်။ အခု ၉ ထောင်ကျော် လွတ်တယ် ဆိုပေမယ့် တသိန်းကျော်က ကျန်နေသေးတယ်။ ထောင်တွေအားလုံးရဲ့ ဝင်ဆန့်နိုင်မှုက ၆ သောင်းကျော်ကျော်လေးပဲ ရှိတယ်။ နောက်ထပ် ၄ သောင်းလောက် လျော့ရဦးမယ်။ ထောင်ထဲမှာ မူးယစ်ဆေးပြား ၂ ပြားလောက်နဲ့ ထောင် ၁၇ နှစ် ကျထားတဲ့သူတွေလည်း ရှိတယ်။ ပြစ်မှုနဲ့ ပြစ်ဒဏ်မမျှတာတဲ့ဟာတွေလည်း ရှိတယ်။

ဒါတွေကိ စိစစ်တာမှာ အကျဉ်းဦးစီးတခုထဲက စိစစ်တာမျိုး မဟုတ်ဘဲ အဖွဲ့ပေါင်းစုံက စိစစ်တာမျိုးက ပိုပြီး လက်တွေ့ကျမယ်။ အမြင်ရှင်းမယ်။ တကယ်နစ်နာတဲ့ သူတွေအတွက် ပြန်ကုစားပေးတာမျိုးရောက်မယ်။ နိုင်ငံတကာမှာလည်း ဒီလိုဟာမျိုးတွေ လုပ်လေ့ရှိတယ်။ မလေးရှာမှာဆို ဘုတ်အဖွဲ့ဖွဲ့ထားတယ်။ အဲ့ဒီထဲမှာ အကျဉ်းဦးစီးက လူတွေပါမယ်၊ တရားရေးဝန်ထမ်းဟောင်းတွေပါမယ်။ အရပ်ဘက်က ဂုဏ်သိက္ခာရှိပြီး ဒီဟာကို ကျွမ်းကျင်တဲ့သူတွေပါမယ်။ အဲ့ဒီလိုလုပ်ရင် ပိုပြီးပွင့်လင်းမြင်သာရှိမယ်။

မေး။       ။ အခုလို အကျဉ်းသားတွေ လျော့ချတဲ့အခါမှာ နိုင်ငံရေး အကျဉ်းသားတွေက ခံစားခွင့်မရသလို ဖြစ်နေသလား။

ဖြေ။         ။ နိုင်ငံရေး အကျဉ်းသားတွေက တကယ်တမ်းကြတော့ အမြင်တွေပေါ် မူတည်ပါတယ်။ အစိုးရရဲ့ နိုင်ငံရေး စိတ်ဆန္ဒပဲ။ အစိုးရကိုယ်တိုင်က နိုင်ငံရေး အကျဉ်းသားတွေ ရှိခြင်း၊ မရှိခြင်းကို အသိမှတ်ပြု၊ မပြုပဲ။ အစိုးရက အသိမှတ်ပြုပြီး နိုင်ငံရေး အကျဉ်းသားရှိနေတယ်ဆိုရင် ဒီအကျဉ်းသားတွေကို ဘယ်လိုဖြေလျော့ပေးမလဲဆိုတာ စဉ်းစားလို့ရတာပေါ့။

အခုက သူတို့ (အစိုးရ) ကိုယ်တိုင်က တချိန်က နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ဖြစ်ခဲ့ပေမယ့် အခုချိန်မှာ သူတို့က နိုင်ငံရေးအကျဉ်းသားတွေ ရှိနေတယ်ဆိုတာကို ဝန်မခံတာက တော်တော်လေး အခက်အခဲရှိနေတယ်။ အခုက ရောသုတ်နေတာ။

ဦးသိန်းစိန်လက်ထက်က လက်ကျန်နိုင်ငံရေးအကျဉ်းသားစိစစ်ရေးကော်မတီဆိုပြီး သပ်သပ်ခွဲလုပ်တယ်။ ဒီအစိုးရ လက်ထက်မှာ ဒီလိုကော်မတီမျိုး ပြန်ဖွဲ့ဖို့တောင် စိတ်မဝင်စားဘူး။ လုပ်ကိုင်ရတာ ပိုခက်တယ်။ ပြီးခဲ့တဲ့နှစ်က ကျနော်တို့ AAPP က တင်ပြလိုက်တဲ့ ၃၆ ယောက်စာရင်းကို သူတို့လွှတ်ပေးလိုက်တယ်။ ဒီနှစ်မှာ ဒါမျိုး လွှတ်ပေးတာမရှိဘူး။ အဲ့တော့ အစိုးရက နိုင်ငံရေးအကျဉ်းသားကိစ္စကို ဒီထက်ပိုအာရုံစိုက်ဖို့ လိုအပ်တယ်။ နိုင်ငံရေးအကျဉ်းသားကိစ္စက နိုင်ငံရေး ပြဿနာပဲဖြစ်တယ်။ သူတို့တွေက ခိုး၊ ဆိုး၊ လုယက်လို့ ထောင်ထဲရောက်နေသူတွေမဟုတ်ဘူး။ ဒီဟာကို သီးခြားစဉ်းစားပေးဖို့တော့ လိုအပ်တယ်။

မေး။       ။ အင်းစိန်ထောင်ထဲမှာဆို ရိုက်တာသတင်းထောက် ကိုဝလုံးတို့၊ ဒေါက်တာ အေးမောင်တို့ အမှုတွေဆိုရင် နိုင်ငံရေး အမှုလို့ AAPP ကအစ နိုင်ငံရေးသမားတိုင်းက ခံယူထားတယ်။ ဒါပေမယ့် လက်ရှိအခြေအနေအရ အစိုးရ အနေနဲ့က ဒါတွေကို နိုင်ငံရေးအမှုလို့ ခံယူဖို့ ခက်နေပုံရတယ်။

ဖြေ။         ။ ဒေါ်အောင်ဆန်းစုကြည်က အခုပြောနေတဲ့စကားက ဥပဒေအရပေါ့ဆိုတာပဲ။ ဒီစကားက အစိုးရ အဆက်ဆက်က ပြောနေကြစကားပဲ။ နိုင်ငံရေးအကျဉ်းသား မရှိဘူးဆိုတာကို သက်သေပြချင်လို့ ဒါကိုသုံးတာပဲ။

တကယ်ပြန်စစ်ရင် မြန်မာနိုင်ငံထဲမှာ ရှိနေတဲ့ တည်ဆဲဥပဒေအများစုက အင်္ဂလိပ်အစိုးရလက်ထက်က စွဲခဲ့တာ။ ခေတ်နောက်ကျတဲ့အပြင် အင်္ဂလိပ်အစိုးရက မြန်မာပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိတဲ့ နှိပ်ကွပ်ချင်လို့ ဆွဲခဲ့တာ။ ကျနော်တို့က လွတ်လပ်ရေးသာ ရသွားတယ်။ အင်္ဂလိပ်လက်အောက်က အခုထိ မလွတ်သေးဘူး။

အကျဉ်းထောင်ပြဿနာကို ဖြေရှင်းတော့မယ်ဆိုရင် ထောင်ထဲရှိသူတွေကို လွှတ်ပေးတာတခုထဲက အဖြေမဟုတ်ဘူး။ လွှတ်ပေးပြီးလည်း ပြန်ဖမ်းဦးမှာပဲ။ ဘာလို့ဆို ဥပဒေက ရှိနေတာကိုး။ ဒါ့ကြောင့် ဥပဒေကို ပယ်ဖျက်ဖို့၊ ပြုပြင်ဖို့က အရမ်းအရေးကြီးပါတယ်။

ဥပဒေကို ပယ်ဖျက်ပြီးတောင် နည်းဥပဒေက ကျန်သေးတယ်။ အဲ့ဒါတွေကို သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက ဆွဲမဆွဲပေါ့။ အဲ့ဒါတွေအတွက် တာဝန်ရှိတာက လွှတ်တော်။ ဒါတွေကို ထိန်းကျောင်းဖို့၊ မလုပ်လာရင် လုပ်ဖို့၊ စောင့်ကြည်တာ၊ ပယ်ဖျက်တာတွေကို လုပ်ရမှာ။

နည်းဥပဒေ ထွက်လာရင်တောင် မူရင်းဥပဒေကို ကျော်သလားဆိုတာ ဒါတွေ စမ်းစစ်ရမယ်။ တခါတလေ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံသားအခွင့်အရေးကို ပေးထားပေမယ့် တခြားဥပဒေ၊ နည်းဥပဒေတွေနဲ့ ပြန်ထိန်းချုပ်တာတွေ ရှိတယ်။

ဥပမာ – ငြိမ်းချမ်းစွာစုဝေးခြင်းနဲ့ စီတန်းလှည့်လည်ခြင်း ဥပဒေဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို သွားလွှမ်းမိုးနေတယ်လို့ ကျနော်တို့ ပြောလို့ရတယ်။ ဒါတွေပြုပြင်မှ ထောင်ထဲမှာ လူဦးရေနည်းမှာ။ နောက်တခုက အစိုးရရော၊ လွှတ်တော် ကိုယ်စားလှယ်တွေကရော ဒီအစိုးရကို အကြည်အညိုပျက်အောင် လုပ်တယ်ဆိုတာမှာ ရာဇဝတ်မှုလို့ မြင်နေသမျှ ကျနော်တို့နိုင်ငံ အတွက် လွတ်လပ်မှုတွေ၊ ဒီမိုကရေစီအရေးတွေကို စိန်ခေါ်မှုအကြီးကြီးဖြစ်နေစေတယ်။

တခြားဒီမိုကရေစီနိုင်ငံတွေမှာ သရေဖျက်မှုဆိုတာ ရာဇဝတ်မှုမဟုတ်ဘူး။ အာဏာရှင် နိုင်ငံတွေမှာတော့ ဒါကို ရာဇဝတ်မှုလို့ သုံးလေ့ရှိတယ်။ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်ကြည့်လိုက်ရင် နိုင်ငံတော်အကြည်ညိုပျက်စေမှုတို့၊ လယ်ယာမြေကိစ္စနဲ့ ပက်သက်တဲ့ဟာတို့၊ ငြိမ်းစုစီတို့တွေရှိတယ်။ တခြားနိုင်ငံတွေမှာ ရာဇဝတ်မှု မမြောက်တဲ့ဟာတွေက ကိုယ့်နိုင်ငံမှာ ရာဇဝတ်မှု လာမြောက်နေတာတွေတွေ့နေရတယ်။ ဒါတွေကို ပယ်ဖျက်ဖို့လိုတယ်။

မေး ။      ။ မူးယစ်ဥပဒေဆိုရင် အခုချိန်ထိ နည်းဥပဒေမထွက်သေးတာက ထင်ရှားတဲ့ ပြယုဂ်တခု ဖြစ်နေသလား။

ဖြေ။         ။ ကျနော်တို့ဆီကို မူးယစ်ဆေးဝါးနဲ့ ထောင်ကျနေတဲ့ တချို့မိသားစုတွေ အကူညီတောင်းနေတာရှိတယ်။ တယောက်ဆို ဆေးပြား ၂ ပြားမိတယ်။ ထောင်နှစ်ရှည်ကျတယ်။ ပြစ်ဒဏ်နဲ့ ပြစ်မှု မမျှဘူး။ အဲဒီထဲမှာ အခက်အခဲ ဖြစ်နေတာကလည်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကလည်း ရှိနေတယ်။

ဥပမာ- ရဲဆိုတာ သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းဖြစ်ဖို့လိုတယ်။ စစ်တပ်ရဲ့ လွှမ်းမိုးမှုအောက်မှာ ရှိနေဖို့ မလိုဘူး။ ရဲတပ်ဖွဲ့ရဲ့ ထိပ်ပိုင်းအရာရှိတွေကလည်း စစ်တပ်က အသွင်ပြောင်းလာတဲ့သူတွေ ဖြစ်စရာမလိုဘူး။ အဲ့ဒီလို သီးခြားဖြစ်နိုင်မယ့် အဖွဲ့အစည်းဖြစ်မှ ရဲတွေရဲ့ အရည်အသွေး၊ ဂုဏ်သိက္ခာတွေပိုတက်လာမှာ။

အခုက တရားဥပဒေစိုးမိုးမှု အရမ်းအားနည်းတယ်။ တရားရုံးတွေပေါ်မှာလဲ လူတွေက ယုံကြည်လက်ခံနိုင်မှု အားနည်းနေတယ်။ တရားရေးဝန်ကြီးဌာနလိုမျိုး ပြန်ထူထောင်ဖို့ လိုအပ်လာတယ်။ ဝင်စွက်ဖက်ဖို့မဟုတ်ပဲ တရားရေးမဏ္ဍိုင်ကို စောင့်ကြည့်ဖို့။ လာဘ်ပေးလာဘ်ယူတွေကို တိုက်ဖျက်ဖို့။ လူတွေ တရားဥပဒေနဲ့ ထိတွေ့ဖို့ လုပ်ဆောင်ပေးဖို့ အများကြီးလိုသေးတယ်။

မေး။       ။ အကျဉ်းထောင်တွေထဲမှာ ထောင်ဝန်ထမ်းတချို့တွေက အကျဉ်းသားတွေအပေါ်မှာ ငါတို့လက်ထဲမှာရှိတာ၊ ငါတို့လုပ်ချင်တာ လုပ်မယ်ဆိုတဲ့ ကြိုးနီစနစ်က အခုချိန်ထိ တချို့ထောင်တွေမှာ ကြားနေရတုန်းလို့ ထောက်ပြ ဝေဖန်မှုတွေရှိနေတယ်။ ဒီအပေါ်မှာရော ဘာပြောချင်သလဲ။

ဖြေ။         ။ အကျဉ်းထောင်က ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်မှာ ရှိနေတယ်။ ဟိုးအရင်တုန်းက အကျဉ်းထောင်ရဲ့ စီမံခန့်ခွဲမှုကို တရားရေးဝန်ကြီးဌာန လက်အောက်မှာ ထားတာပါ။ တရားရေးဝန်ကြီးဌာနကပဲ အကျဉ်းထောင်၊ အကျဉ်းသားတွေကို စီမံခန့်ခွဲတာ လုပ်သင့်တယ်။ အကျဉ်းထောင်ထဲမှာ အကျဉ်းသားတွေ တခုခု နစ်နာတယ်ဆိုရင် တရားရေးဝန်ကြီးဌာနကို တိုင်လို့ရတယ်။ အခုမှာက တိုင်လို့ရနိုင်တာက ပြည်ထဲရေးကိုပဲ တိုင်လို့ရမှာဖြစ်နေတယ်။ သူတို့က ဖမ်းတယ်။ သူတို့က ကိုင်တွယ်တယ်။ ပြီးတော့ သူတို့ကိုပဲ တိုင်ရမယ်ဆိုတော့ အကျဉ်းသားတွေအတွက် တရားမျှတမှုက အားနည်းနေတယ်။

မေး။       ။ နောက်ဆုံးအနေနဲ့ အကျဉ်းထောင်တွေကို ပြုပြင်ပြောင်းလဲဖို့မှာ ဘာတွေလုပ်သင့်တယ်လို့ ယူဆသလဲ။

ဖြေ။         ။ အရေးကြီးတဲ့ အရာတွေက လုံလောက်စွာ အိပ်စက်အနားယူခြင်းပေါ့။ ဒါက လူတွေရဲ့ အသက်ရှင်သန်ရေးနဲ့ ဆိုင်တယ်။ ထောင်ကျပ်နေတဲ့အတွက် ထောင်ထဲမှာ တစောင်းအိပ်ရတယ်ဆိုတာက လူလိုအိပ်ရတဲ့အနေအထားမျိုး မဟုတ်ဘူး။ ဒါက ကြီးမားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်တယ်။ ဒါကို လူတွေကလည်း မြင်ဖို့လိုတယ်။

နောက်တခုက လုံလောက်တဲ့ ကျန်းမာရေး စောင့်ရှောက်ခံပိုင်ခွင့်ပဲ။ ဒါက လူ့အခွင့်အရေးလည်းဖြစ်သလို လူတွေရဲ့ အသက်ရှင်နေထိုင်ခွင့်ပဲ။ လုံလောက်တဲ့ ကျန်းမာရေး စောင့်ရှောက်ခံပိုင်ခွင့်မရတာက အကျဉ်းသားတွေအတွက် အနုနည်းနဲ့ အသတ်ခံနေရသလိုဖြစ်နေတယ်။

တခါတလေကျ ကိုယ်အသက်ခံနေရလို့ အသတ်ခံနေရမှန်းတောင် မသိကြဘူး။ မြန်မာ့လူ့အဖွဲ့အစည်းက။ အဲ့ဒီရဲ့ နောက်ကွယ်ကနေ အိပ်စရာနေရာ ကျယ်ကျယ်ဝန်းဝန်းဖြစ်အောင်၊ ရေလုံလုံလောက်လောက် ချိုးလို့ရအောင် လာဘ်ပေးလာဘ်ယူတွေ ဖြစ်နေတယ်။

ရဲဘက်စခန်းတွေမှာ ပိုဆိုးတယ်။ မသေတဲ့လူ မရှိဘူးဆိုတာမျိုး ဖြစ်နေတယ်။ ဒီလောက်ပြင်းထန်တဲ့ ရာသီဥတုနဲ့ နေပူကြီးထဲမှာ ကျောက်ခွဲရမယ်ဆိုတဲ့ အလုပ်က ဘယ်လောက်အထိ ပင်ပန်းတယ်၊ လူမဆန်ဘူးဆိုတာက ထင်သာမြင်သာဖြစ်နေတယ်။ အဲ့ဒီလို ရဲဘက်စခန်းတွေ ပိတ်သိမ်းဖို့ဆိုတာ လိုအပ်တယ်။

ထောင်ဒဏ်ချတာမှ အလုပ်ကြမ်းဆိုတာကို ဖျက်သိမ်းသင့်တယ်။ အလုပ်ဆိုတာ ထောင်ထဲမှာ ပြန်လည်ထူထောင်ရေး အတွက် လိုအပ်တဲ့ အလုပ်တွေပဲ ခိုင်းသင့်တယ်။ ပိုက်ဆံရတဲ့ အလုပ်ဆိုရင်လည်း ထောင်ထဲမှာ တူတူတန်တန် လစာပေးပြီး ခိုင်းလို့ရတဲ့ အလုပ်မျိုး လုပ်သင့်တယ်။

အခုဟာက လူတွေကို ရဲဘက်စခန်းကိုထုတ်၊ ဒီလူတွေအတွက် ဘာမှ ဘဝရပ်တည်ရေးအတွက် အထောက်အကူ ပေးတဲ့ အလုပ်လဲမဟုတ်ဘဲ ကျောက်သယ်၊ ကျောက်ထုနေတာက ဘာဘဝရပ်တည်ရေးအတွက်မှ အသုံးမတည့်ဘူး။ အဲ့ဒီလိုခိုင်းနေတာက တဖက်မှာ အဓမ္မ လုပ်အားခိုင်းနေတာမျိုး မြောက်နေတယ်။

Loading