အင်တာဗျူး

ခေါင်းဆောင်ကောင်းဆိုတာ ခေါ်သွားတဲ့သူရဲ့လုံခြုံရေးကို စီစဉ်ပေးနိုင်ရမယ်

Want create site? Find Free WordPress Themes and plugins.

ဖန်ဂရမ်ရာဇီရေခဲတောင်တက် ခရီးစဉ်တွင် အသက်ဆုံးရှူံးခဲ့သည့် မစိမ့်ထက်သည် အဖွ့ဲဝင် ၂၁ဦးပါသည့် “The Summiter” တောင်တက်အဖွဲ့နှင့်အတူ ဧပြီ ၃ရက်နေ့ကစပြီး တောင်တက်ခဲ့ပြီး ဧပြီ ၁၂ ရက်နေ့တွင် ပေ ၂၀၀၀မြင့်သည့် ရေခဲတောင်ပေါ်မှ ခြေချော်ပြီး အသက်သေဆုံးသွားခြင်း ဖြစ်သည်။ မစိမ့်ထက် သေဆုံးကြောင်းကို ၎င်း၏ မိဘများထံသို့ ဧပြီ ၁၅ရက်နေ့တွင် အကြောင်းကြားခဲ့ပြီး ၁၈ရက်နေ့တွင် သက်ပျောက်ဆွမ်းသွပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး လူမူကွန်ရက်စာမျက်နှာတွင် ဝေဖန်မှုများစွာဖြစ်ပေါ်ခဲ့ရာ ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး မစိမ့်ထက်၏ ဖခင် ဦးမောင်မောင်လေးကို ဧရာဝတီသတင်းထောက် လဲ့လဲ့က ဆက်သွယ်မေးမြန်းထားပါသည်။

မေး ။ ။ မစိမ့်ထက်က အရင်ကရော တောင်တက်ခဲ့ဖူးတာ ရှိလား။

ဖြေ ။ ။ သူ တက်ဖူးပါတယ်။ ရခိုင်ရိုးမဘက်လည်း တက်ဖူးတယ်။ နောက် တခြားမှာလည်း ခဏခဏသွား တက်ပါတယ်။

မေး ။ ။ မစိမ့်ထက်ရဲ့ကျန်းမာရေးအခြေအနေက ဘယ်လိုရှိလဲ။

ဖြေ ။ ။ သူမှာ ဘာရောဂါမှ မရှိဘူး။ ကျန်းမာရေးကောင်းပါတယ်။ သူက သူကိုယ်သူ အမြဲတမ်းတက်ကြွနေတဲ့သူ တယောက်ဖြစ်တယ်။ သူက ဘာပဲလုပ်လုပ် အသစ်အဆန်းကို စိတ်ဝင်စားတဲ့သူဖြစ်တယ်။ သူက သာမာန်လူ တယောက်လိုမဟုတ်ဘူး။ အမြဲလန်းဆန်းတက်ကြွနေတယ်။ ဖျတ်လတ်တယ်။

မေး ။ ။ သမီးသေဆုံးကြောင်း ရုတ်တရက်ကြားရတော့ ဘယ်လိုရှိခဲ့ပါလဲ။

ဖြေ ။ ။ ကျနော်ကတော့ ဒီသမီးလေးက ဒီပညာအရည်အချင်းနဲ့ တော်တော်လေး ကြိုးစားလာခဲ့တယ်။ ဒီအရွယ် ကောင်းလေးမှာ ဒီလိုဖြစ်သွားတယ်ဆိုတော့ မိဘတွေက တော်တော်ယူကျူံးမရ ဖြစ်မိတယ်။ နောက်ပိုင်းမှာ သူရည်မှန်းချက်တွေ၊ သူမျှော်လင့်ချက်တွေက အများကြီးရှိတယ်။ အခုလိုဖြစ်သွားတယ်ဆိုတာ ဘယ်လိုမှ ယုံကြည်လို့မရဘူး။ သူခရီးသွားနေတယ်လု့ိပဲ မှတ်နေတာ။ သမီးက အခုမှ ၂၈နှစ်ပဲရှိသေးတာ။ နောက် သူက မောင်နှမသုံးယောက်မှာ အကြီးဆုံးဖြစ်တယ်။ သူ့အမေဆိုရင်တော့ သေဆုံးသွားတဲ့ ခန္ဓာကိုယ် မတွေ့ရတော့ သူ့သမီးမသေသေးဘူးလို့ ထင်နေတုန်းပါပဲ။

ဖန်ဂရမ်ရာဇီရေခဲတောင်တက် ခရီးစဉ် တွင် တွေ့ရသည့် သေဆုံးသူမစိမ့်ထက်/ “The Summiter”/facebok

မေး ။ ။ သူတောင်မတက်ခင်မှာ ဆရာတို့ကို ဘာပြောသွားတာရှိသေးလဲ။ မှတ်မှတ်ရရရှိနေတဲ့အရာရှိရင် ပြောပေးပါ။

ဖြေ ။ ။ မှတ်မှတ်ရရကတော့ သွားခါနီးတော့ သေသေချာချာမှာလိုက်တယ်။ အန္တရာယ်တွေ ဘာတွေ ဂရုပြု သွားဖို့ကျနော်တို့က သေသေချာချာမှာလိုက်တယ်။ ဧပြီ ၃ရက်နေ့ ထွက်သွားတယ်။ ၆ရက်နေ့မှာ ကျနော့်ဆီကို သူဖုန်းဆက်တယ်။ သူတို့ အပေါ်ပိုင်းရောက်ရင် ၉ရက်နေ့မှာ ဖုန်းဆက်သွယ်လို့ မရဘူး။ ဖုန်းလိုင်း မမိဘူးဆိုတဲ့ အကြောင်း ပြောပါတယ်။ ပြောတော့ ကျနော်လည်း သတိထားဖို့အကြောင်း သေချာမှာလိုက်ပါတယ်။ မှာပြီး တော့မှ ကျနော်စိတ်တော့ ထင့်သွားတယ်။ သူသေတာက ၁၂ရက်နေ့၊ ကျနော်တို့ သိရတာက ၁၅ရက်နေ့ပါ။ ၁၆ရက်နေ့မှာတော့ သက်ပျောက်ဆွမ်းကပ်လိုက်တယ်။ ဆင်းလာတဲ့ သူတို့အဖွဲ့တွေကတော့ ၁၈ ရက်နေ့မှာ သူတို့လည်း ပူတာအိုမှာ ဆွမ်းသွပ်ခဲ့တယ်လို့ ပြောတယ်။ သူသွားမယ်ဆိုတော့ သူပြောခဲ့တာလေး တခွန်းတော့ ကျနော်မှတ်မိလိုက်တယ်။ သူအသက်အာမခံလုပ်သွားတယ်လို့ ပြောပါတယ်။ ဆုံးသွားမှ ကျနော် သတိထား မိတာက ဒါနုတ်ဆက်သွားတာဖြစ်မယ်လို့ ကျနော်စိတ်ထဲမှာ ဒီလိုပဲ ယူဆလိုက်တယ်။
နောက်တခုက သူတို့ တောင်စတက်မယ်ဆိုတဲ့ ၆ရက်နေ့မှာ သူ့အမေက အိပ်မက်မက်တယ်။ နင်ဘာလို့ နေခဲ့ တာလဲလို့ သူ့အမေက မေးတာကို စိမ့်ထက်က သူ အိပ်ပျော်နေတာ။ သူငယ်ချင်းတွေက သူ့ကို ထား သွားတယ်လို့ အိပ်မက်မက်တယ်တဲ့။

မေး ။ ။ မစိမ့်ထက် သေဆုံးသွားကြောင်း သက်သေအထောက်အထား ဘာတွေပြတာရှိလဲ။

ဖြေ ။ ။ သူတို့က ဓါတ်ပုံရိုက်ပြီး ဘယ်နေရာကျသွားတယ်ဆိုတာလောက်ပဲ ပြောနိုင်တယ်။ သက်သေကတော့ တောင်အောက်ကျသွားတဲ့နေရာကို အဝိုင်းလေးတွေနဲ့ ပြထားတာ တွေ့ပါတယ်။ သမီးကတော့ အကျီ ပန်း ရောင်လေး ဝတ်ထားတယ်လို့ ပြောတယ်။ ကျနော်တို့ကတော့ မတွေ့ရပါဘူး။ သူနဲ့ အဖွဲ့ခေါင်းဆောင် ကိုဇော်ခိုင်နဲ့ လမ်းပြနှစ်ယောက်နဲ့ ဆင်းလို့ရသလောက် နေရာကနေ သွားဆင်းကြည့်တဲ့အခါမှာ ခြေထောက် လား၊ လက်လားမသိဘူး။ အပိုင်းအစတခုက တောင်ကုန်းမှာ တင်နေတယ်။ ကျန်တဲ့ နှစ်စ၊ သုံးစက မြေပြင်မှာ ကျဲနေတယ်လို့ သူတို့ပြောပါ တယ်။ ဒါတွေလည်း သွားကြည့်မှ သိရမှာပါပဲ။

မေး ။ ။ သမီးသေဆုံးမှုနဲ့ပတ်သက်ပြီး ဘယ်သူတွေလာသေးလဲ။ ဘာလုပ်ပေးတာမျိုးရှိလဲ။

ဖြေ ။ ။ ကျနော်တို့ဆီကို အခုတော့ မြန်မာနိုင်ငံတောင်တက်အသင်းချုပ်က လာပြီးပြီ။ အသင်းချုပ်ရဲ့ ဥက္ကဌ ဒေါက်တာနေစိုးအောင်က သမီးသေဆုံးတာကို ဝမ်းနည်းကြောင်း လာပြောသွားတယ်။ သူက ဒါတွေမှာ သူလွတ်သွားတာတွေရှိတယ်လို့လည်း ပြောပါတယ်။ သူကတော့ ကျနော်ကို အမြင့်ပေ တသောင်း ကျော်ရင် သူတို့ထံ အကြောင်းကြား ရပါတယ်လို့ ပြောတယ်။ ဒါပေမယ့် အဖွဲ့က သူ့ကို လာအကြောင်းကြားမသွားဘူးလို့ ပြောပါတယ်။ သူတို့ခွင့်ပြုချက်ယူ ရတယ်။ ဒါတွေလည်းလိုတယ်။ အဲဒီခွင့်ပြုချက်တွေလည်း သူတို့လုပ်မသွား ဘူး။ သူတို့ သဘောတူကြောင်း ရဲစခန်းကို လက်မှတ်တွေပေးထားခဲ့တယ်လို့ ပြောတယ်။

မေး ။ ။ အသက်အာမခံလုပ်သွားတယ်ဆိုတော့ အာမခံဌာနက လာသေးလား။

ဖြေ ။ ။ အသက်အာမခံနဲ့ပတ်သက်ပြီး လာပြောတာတော့ မရှိသေးဘူး။ သမီးပြောသွားတာကို အမှတ်ရလို့ ပြောပြတာပါ။ အသက်အာမခံကတော့ ကျနော့်ကို လာမဆက်သွယ်သေးဘူး။ သူတို့ကို မေးတော့လည်း သူတို့အဖွဲ့မှာ ဘယ်သူမှ အသက်အာမခံလုပ်မသွားဘူးလို့ ပြောပါတယ်။ ကျနော်လည်း မအားသေးတာနဲ့ ဘယ်မှ မသွားရသေးပါဘူး။ ကျနော့်သမီးကတော့ သူ့ဘာသာသူ အသက်အာမခံလုပ်သွားတယ်ဆိုတာ ကျနော်ကို ပြောသွားတာပဲရှိတယ်။ သူတို့ ပစ္စည်းလာအပ်တဲ့အချိန်မှာ သူတို့ကို မေးပါတယ်။ အသက်အာမခံ လုပ်ထားလားလို့။ မလုပ်ထားဘူူးလို့ ပြောပါတယ်။

မေး ။ ။ သူအဖွဲ့က စိမ့်ထက်သေဆုံးသွားတယ်ဆိုတာနဲ့ ပတ်သက်ပြီး ဘာတွေလုပ်ပေးသေးလဲ။

ဖြေ ။ ။ သူကျန်ခဲ့တဲ့ ပစ္စည်းတွေ တရားဝင်လာအပ်တယ်။ ပထမတော့ သူတို့အဖွဲ့ထဲက တယောက်ထဲ ပစ္စည်း လာအပ်တယ်။ ကျနော်က အဖွဲ့နဲ့ပဲလာအပ်ပါလို့ ပြောမှ သူတို့အဖွဲ့နဲ့ လာတော့ ကျနော်လည်း တရားဝင် လက်ခံခဲ့တယ်။

မေး ။ ။ သူတို့တောင်တက်အဖွဲ့က တရားဝင်ဖွဲ့စည်းထားတဲ့အဖွဲ့လား။

ဖြေ ။ ။ အဲဒီလိုတော့ မဟုတ်ဘူး။ သူတို့ ပူတာအိုမှာ စစ်ဆေးခံတဲ့အချိန်မှာ သူတို့ သဘောတူညီကြောင်း လက် မှတ်တွေ ရဲစခန်းကို ပေးထားခဲ့တယ်လို့ သူတို့ပြောတယ်။ အဖွဲ့အစည်းအတွင်းမှာ သဘောတူညီမှု လက်မှတ် တွေထိုးထားတယ်လု့ိ သိရတယ်။ လောလောဆယ်တော့ ကျနော်ကလည်း အခြေအနေဘာမှန်း မသိတော့။ ကျနော်က ဘာလုပ်ရမှန်း မသိဖြစ်နေသေးတယ်။ နောက် ကျနော်က လူကြီးပိုင်းဆိုတော့ ကျနော်ကို တော် တော်များ တွန်းတာခံနေရပါတယ်။ တချို့က ဘယ်လိုစကားတွေတောင် ပြောထားလဲဆိုတော့ စိမ့်ထက်က ဒီလိုမိသားစုမှာ လူဖြစ်ရကျိုး မနပ်ပါဘူးလို့ ဖေ့ဘွတ်ပေါ်မှာ တင်ထားတာ ပြောဆိုခြင်းလည်း ခံရပါတယ်။

မေး ။ ။ မစိမ့်ထက်သေဆုံးတာနဲ့ ပတ်သက်ပြီး ဘာပြောချင်ပါသေးလဲ။

ဖြေ ။ ။ ကျနော်တို့ကတော့ ခေါင်းဆောင်ကောင်းတယောက်ဆိုတာ ကိုယ်ခေါ်သွားတဲ့သူရဲ့လုံခြုံရေးကို အပြည့် အဝ စီစဉ်ပေးနိုင်ရမယ်။ ဒါက ဖြစ်တာတော့ ဖြစ်သွားပြီ။ ဒါက သူမစီစဉ်ပေးခဲ့လို့ ဒီလိုလူတယောက် ဆုံးရှူံးသွား ရတယ်လို့ ကျနော်ယူဆတယ်။ အဓိကက သူတို့ဖြစ်တဲ့နေရာမှာ သူတို့ ကြိုးတန်းပြီး သွားရမယ့် ကိစ္စမျိုး ဒါမျိုး တွေ မလုပ်ခဲ့ဘူး။ အခုကတော့ ဖြစ်သွားပြီးပြီဆိုတော့ နောက်လူတွေအတွက်တော့ ဘယ်လောက် အမြင့် တက်ရင် ဘာလုပ်ရမယ်ဆိုတာမျိုးလောက်တော့ ကျနော်လုပ်စေချင်ပါတယ်။ ကျနော် လက်ရှိဥပဒေကို မသိ တာလည်း ဖြစ်ချင်ဖြစ်မယ်။ ကျနော်ခံစားရတာကို ကျနော်ပြောပြတာပါ။ ကျနော့်သမီးလိုမျိုး မဖြစ်စေချင် တာကြောင့် နောက်လူတွေ သတိထားပြီးဆင်ခြင်နိုင်အောင်ပါ။

မေး ။ ။ မစိမ့်ထက်ရဲ့အတန်းပညာက ဘယ်လောက်ရှိလဲ။

ဖြေ ။ ။ သူက ငယ်စဉ်က အများသူငါလိုပါပဲ။ သူငယ်တန်းကနေ ၁၀တန်းအထိ လသာ ၂ အမျိုးသမီးကျောင်းမှာ နေခဲ့တယ်။ နောက်စာပေးစာယူနဲ့ ဥပဒေဘွဲ့ကို ဒဂုံတက္ကသိုလ်မှာ ယူခဲ့တယ်။ ပြီးတော့ အင်္ဂလန်မှာ MBA ဘွဲ့ကိုရယူခဲ့တယ်။ ပြန်လာတဲ့အချိန်မှာ အထက်တန်းရှေ့နေအောင်မြင်ခဲ့တယ်။ သူစာလည်း သင်ပါတယ်။ မဆုံးခင်အထိတော့ ဓာတ်လှေကားကုမ္ပဏီတခုမှာ ၂နှစ်အလုပ်ဝင်ရောက်ခဲ့တယ်။ သူတောင်တက်က ပြန်လာရင် အလုပ်သစ်မှာလုပ်ဖို့ လျှောက်ထားတာတွေလည်းရှိပါတယ်။ လက်ရှိမှာတော့ စီးပွားရေးစီမံခန့်ခွဲမှု နှင့်ပတ်သက်ပြီး အချိန်ပိုင်းသင်တန်းတွေ လိုက်ပြတယ်။

မေး ။ ။ မစိမ့်ထက်က အရင်ဘာတွေ လုပ်ခဲ့သလဲ။

ဖြေ ။ ။ သူအရင်တုန်းက စက်ဘီးစီးတာတို့၊ လမ်းလျှောက်တာတို့၊ ပြေးတာတို့ Gymဆော့တာတို့ ရှိတယ်။ အခုတောင်တက်ကတော့ တနှစ်ခွဲလောက်ပဲရှိဦးမယ်လို့ ယူဆရတယ်။ တောင်တက်အသင်းက ဝင်ထားလား၊ မဝင်ထားလား ကျနော်လည်း အတိအကျ မသိဘူး။

မေး ။ ။ Pre-Wedding ရိုက်ဖို့ သွားကြတယ်လို့ ကြားတယ်။ ဟုတ်ပါသလား။

ဖြေ ။ ။ ဟုတ်တယ်။ အဓိကကတော့ သူတို့စုပေါင်းပြီး ခရီးထွက်တဲ့ပုံစံပါပဲ။ Pre-Wedding Photo ပုံတွေလည်းရိုက်ခဲ့ကြပါတယ်။ packageနဲ့ သွားတဲ့ပုံစံပါပဲ။ ဒါတွေက ငြင်းလို့မရဘူး။ လူတယောက်ကို ၁၃သိန်းနဲ့ သွားတယ် ဆိုတာလည်း မှန်ကန်ပါတယ်။ ဒီဟာကတော့ သူများဆီက တဆင့်ကြားရတဲ့ဟာပါ။ သူတို့အဖွဲ့တွေထဲက ရေးတင်နေတာတွေ့လို့ ကျနော်တို့ သူတို့ကို ပြန်ပြောတာ။ Pre-Weddingရိုက်ဖို့ သွားကြတယ်ဆိုတဲ့သဘော ပါပဲ။ ရေခဲတောင်က နာမည်ကြီးနေတာဆိုတော့ သူတို့အောင်မြင်အောင် တက်ချင်တယ်။ ဒါတွေလည်း ပါနိုင်ပါတယ်။

မေး ။ ။ သူတို့က ရေခဲတောင်တက်တာ ကြိုးတွေ မပါဘူးလား။ ဘာလို့ ကြိုးမသုံးတာလဲ။

ဖြေ ။ ။ သူတို့က အကြောင်းပြချက်ကတော့ တခါမှ မစည်းခဲ့ဘူး။ ဒီလိုနေရာမှာလည်း အန္တရာယ်မဖြစ်ခဲ့ဘူးဆိုပြီး ကျနော်တို့ကို ပြောပါတယ်။ ဒါပေမယ့် လက်ရှိကတော့ ဒီလိုဖြစ်သွားတယ်။ ကလေးတွေမဟုတ်တဲ့အတွက် ကြိုးသုံးဖို့ မလိုဘူးလို့ ပြောပါတယ်။ ကြိုးတွေသုံးရမယ်ဆိုတာတော့ သူတို့ သိတယ်တဲ့။ ဒါပေမယ့် အဲဒီလို တွေသုံးရင် စရိတ်တွေပိုလာပြီ းကုန်ကျစရိတ်များမှာကြောင့်နဲ့ ကြိုးအတွက် တခြားဖြည့်ဝယ်စရာတွေ ရှိတာ ကြောင့် မသုံးဖြစ်တော့တာပါလု့ိ သူတို့ ပြောပါတယ်။

မေး ။ ။ ဒီသေဆုံးမှုနှင့်ပတ်သက်ပြီး ဘာတွေ ဆက်လုပ်သွားဖို့ ရှိလဲ။

ဖြေ ။ ။ ကျနော်တို့ကတော့ dead body ရအောင် ကြိုးစားနေပါတယ်။ အဲဒါကို ကျနော်တို့ မိသားစုတွေ တတ်သိနားလည်သူတွေနဲ့ စီစဉ်ဆောင်ရွက်နေပါတယ်။ နောက် ကယ်ဆယ်ရေးအဖွဲ့ရှိတယ်။ သူတို့မနေ့က လာပါတယ်။ သူတို့ပေါင်းပြီးဆောင်ရွက်မယ်လို့ ပြောသွားပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading