ရခိုင်ပြည်နယ်ထဲတွင် တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) တို့အကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့သည်မှာ ၄ လကျော် ကြာမြင့်လာခဲ့ပြီဖြစ်သည်။ လက်ရှိအချိန်တွင်လည်း တိုက်ပွဲများ လျှော့ချနိုင်ခြင်း မရှိသေးဘဲ စစ်ရေး တင်းမာမှုများ ရှိနေဆဲဖြစ်သည်။
ထို့အပြင် နှစ်ဖက်တပ်အကြား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးနိုင်ရန် အစိုးရ ကိုယ်စားလှယ်များ တွေ့ဆုံမှု ရှိသော်လည်း ပြေလည်ခြင်း မရှိသေးပါ။ တပ်မတော်ကတော့ AA ကို အကြမ်းဖက် သောင်းကျန်းသူအဖြစ် သတ်မှတ်ထားပြီး ပိတ်ဆို့ချေမှုန်းရေး ဆောင်ရွက်နေလျှက်ရှိသည်။
ထို့ကြောင့် AA နှင့် ဖြစ်ပွားနေသည့် အခြေအနေများအပါအဝင် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် လတ်တလော ဖြစ်နေသည့် တိုက်ပွဲအခြေအနေ၊ ကရင်ပြည်နယ် အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် ဖြစ်ပွားနေသည့် မြေပြင် အခြေအနေများနှင့် ပတ်သက်ပြီး တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို ဧရာဝတီ အကြီးတန်း သတင်းထောက် ထက်နိုင်ဇော်က ဆက်သွယ်မေးမြန်းထားသည်။
မေး ။ ။ အခု လက်ရှိ အချိန်အထိ ရခိုင်မှာ တပ်မတော်ဘက်ကနေ ဖမ်းဆီးအရေးယူထားတဲ့ ဥပမာ ၁၇ (၁) တို့ ဘာ တို့နဲ့ အရေးယူထားတဲ့သူ ဘယ်နှစ်ယောက်လောက် ရှိနေပြီလဲ။ တရားရုံး တင်ထားတာမျိုးရောပေါ့။
ဖြေ ။ ။ ကျနော်တို့ သိသလောက်က အရင်ဘုန်းကြီးတွေနဲ့ ဖမ်းမိထားတဲ့အဖွဲ့ တွေ ရှိတယ်။ ဘုန်းကြီး ၂ ပါးကို သိက္ခာချပြီး ဖမ်းလိုက်တာလေ။ နောက်တခုက လက္ကာ (မြောက်ဦးမြို့နယ်ထဲရှိ ရွာတရွာ) မှာ ဖမ်းမိတဲ့ ၂၃ ယောက် ရှိတယ်။ ဖမ်းဆီး စစ်ဆေးဆဲက ၂၃ ယောက် ရှိတယ်။ ကျန်တဲ့ဟာတွေလည်း ရှိလိမ့်မယ်။ အကုန်လုံးတော့ စာရင်း အတိအကျ မသိနိုင်ဘူး လေ။
မေး ။ ။ လက္ကာ ဖြစ်စဉ်မှာ ကျနော်တို့ကြားတာက စစ်ကြောရင်းနဲ့ သေတဲ့သူတွေ ရှိတယ် ဆိုတာမျိုး သိရတယ်။ ဟုတ် လား။
ဖြေ ။ ။ ဟုတ်ပါတယ်။ ကျနေ်ာတို့ သတင်းထုတ်ပြန်ထားတာ ရှိပါတယ်။ စစ်ကြောရင်းနဲ့ သေတဲ့သူ တ ယောက် ရှိတယ်။ နှလုံးရောဂါနဲ့ ဆုံးတဲ့သူတယောက် ရှိတယ်။ ဟိုတနေ့က ၂၀၊ ၂၁ ရက်နေ့လောက်က သူက အရင်ကတည်းက ဆေးစွဲနေတဲ့ တယောက်။
အဲဒီ သေဆုံးတဲ့သူတွေနဲ့ ပတ်သက်ပြီး လုပ်ထားတဲ့ လုပ်ထုံး၊ လုပ်နည်းကတော့ စစ်တွေ ပြည်သူ့ ဆေးရုံ ကြီး ပို့တယ်။ ရင်ခွဲ စစ် ဆေးချက် ယူတယ်။ ရဲစခန်းမှာတော့ တို့ဘက်က သေမှုသေခင်း ဖွင့်ထားတယ်။ ၃ ယောက် သေသွားတာပေါ့။ ဒီနေ့အထိလို့ ပြော ရမှာပေါ့။ အားလုံး ပေါင်း ၃ ယောက် သေသွားပြီ။
မေး ။ ။ လက္ကာမှာ ဖမ်းတာက AA နဲ့ ဆက်သွယ်မှုပဲလား။ ဘယ်လို ပုံစံမျိုး အရေးယူထားတာလဲ။
ဖြေ ။ ။ လက္ကာမှာ ဖမ်းတာက AA နဲ့ ဆက်သွယ်မှုပါ။ အဓိကကတော့ ဖွဲ့ စည်းပုံ စာရွက်တွေ မိတယ်။ မိတဲ့ အခါမှာ ဖွဲ့စည်းပုံ စာရွက်တွေထဲမှာလည်း နာမည်တွေ ပါတယ်။ နောက်တခု ထပ်ပြောချင်တာက သူတို့ကို စစ်ကြော၊ မေးမြန်းထား တဲ့ မေးမြန်းချက်တွေ ရှိတယ်။ စစ်ကြော မေးမြန်းချက်တွေအရ ကိုယ်တိုင် ပါဝင်ထားတဲ့သူတွေ ဖြစ်နေတယ်။
ကျနော်တို့ဆီက တချို့ ဖော်ထုတ်ချက်တွေအရလည်း မှန်နေတယ်။ အကုန်လုံးက အမျိုးသားတွေချည်းပဲ။ မြောက်ဦး မြို့နယ်ထဲမှာ။ အရင်ဖြစ်နေတဲ့ နေရာတွေပေါ့။ ပန်းပြားတို့ဘာတို့။ အဲဒီနားလေး တဝိုက်ပဲ။
မေး ။ ။ အဲဒီ ၂၃ ယောက်ပဲလား။ တိမ်ညိုဘက်ကိုလည်း ၄ ယောက် ခေါ်သွားတယ်လို့ ကြားတယ်။ သူတို့ရော ပါလား။
ဖြေ ။ ။ မှန်တယ်။ ၄ ယောက်က တိမ်ညို ရဲစခန်းမှာ အမှုဖွင့်ထားတဲ့ ၄ ယောက် ရှိတယ်။ မှန်ပါတယ်။ အား လုံး ၂၇ ယောက် ဖြစ်သွားမှာပေါ့။ စာရင်းက အဲလောက်ပဲ သိတယ်။ နပခကို မေးကြည့်ရင်တော့ စာရင်း အတိအကျ ထွက်နိုင်တယ်။ တချို့ လူတွေက တပ်ကနေ ထိမ်းသိမ်းတာမျိုး မဟုတ်ဘဲနဲ့ ရဲက တိုက်ရိုက် ဖမ်းဆီး အရေးယူလိုက်တာတွေလည်း ရှိတယ်။
လောလောဆယ်မှာတော့ ဖမ်းဆီး စစ်ဆေးနေတာမျိုးပဲ။ တရားရုံးက အမိန့်ချလိုက်တာမျိုးတော့ မကြားရသေးဘူး။
မေး ။ ။ လက်ရှိ AA နဲ့ တိုက်ပွဲတွေကရော ဘယ်လို အခြေအနေမျိုး ဖြစ်နေလဲ။ ပိုပြင်းထန်လာတာမျိုး ရှိလား။ ဘယ်နေရာ တွေမှာ တိုက်ပွဲတွေ ဖြစ်နေလဲ။
ဖြေ ။ ။ ထိတွေ့မှုကတော့ ပိုပြင်းထန်လာတာမျိုး မရှိဘူး။ တခု ထူးခြားတာက အငူမော်နဲ့ မောင်တော လမ်းကြောင်းမှာ ထိတွေ့မှု သိပ်မရှိဘူး။ အခုနောက်ပိုင်းမှာ အငူမော်နဲ့ မောင်တော လမ်းကြောင်းမှာ မိုင်းဖြစ်စဉ်တွေ ရှိလာတယ်။ အနည်းဆုံး ၂ ကြိမ်လောက် ရှိခဲ့တယ်။ ထိခိုက်ဒဏ်ရာ ရမှုတော့ မရှိဘူး။
ကျနော်တို့ သတင်းထုတ်ပြန်ထားတာ ရှိတယ်။ ရဲစခန်း အဝပေါ့။ ရွာနာမည် မေ့နေလို့။ ကျောက်ပန်းနုရဲ့ အောက်ဘက်မှာ ရှိတဲ့ ရွာ တရွာပဲ။ အဲဒီအဝမှာ မိုင်းကွဲတာတွေ ရှိတယ်။
မေး ။ ။ တိုက်ပွဲဖြစ်စဉ်တိုင်းမှာ အရပ်သား သေဆုံးမှုတွေ ထိခိုက်ဒဏ်ရာရမှုတွေ ရှိတယ်လို့ ပြောတာကိုး။ အဲဒီလို ဖြစ်စဉ် တွေ ရှိတော့ တပ်မတော်ဘက်က ဘာပြောချင်လဲ။ လျော်ကြေးပေးတာမျိုး ရှိလား။ နစ်နာကြေးပေးတာမျိုးရှိလား။
ဖြေ ။ ။ နစ်နာကြေး ပေးတာတွေ မရှိဘူးလားဆိုတော့ တပ်ကတော့ ဆောင်ရွက်နေတဲ့ဟာကတော့ ဘယ်သူပဲ ဒဏ်ရာရရ သွားရောက်ပြီးတော့ ကြည့်ရှု့ ပေးတာ ရှိတယ်။ ဆေးသွား ကုသပေးတာ ရှိတယ်။ လျော်ကြေး နစ်နာကြေး ပေး တယ်ဆိုတာထက် အဓိကကတော့ ထောက်ပံ့ကြေးပေးတာပါ။ အဲဒါတွေကတော့ တိုက်ပွဲတိုင်း၊ ထိတွေ့ မှုတိုင်းမှာ ဆောင်ရွက် နေတာ။ စိုင်းဒင်မှာ ဘင်္ဂလီတွေနဲ့ ဖြစ်တုန်းကလည်း တပ်က ဆေးရုံအထိ သွားကြည့်ပေးတာတွေ ရှိတယ်။ ကျန်တဲ့နေရာတွေ မှာလည်း အကုန်လုံးတော့ လုပ်ပေးတယ်။
မေး ။ ။ အဲဒီ ဘင်္ဂလီတွေနဲ့ ဖြစ်စဉ်တုန်းက ဘယ်လိုဖြစ်တာလဲ။ တချို့ ရေးနေကြတာ ရဟတ်ယာဉ်ပေါ်က ဗုံးသီးလွတ်ကျ တာတို့ ဘာတို့ ဆိုတော့ တကယ်လား။ ဒါမှမဟုတ် မှားပစ်မိတာလား။
ဖြေ ။ ။ အေးအဲဒါလည်း ဘယ်သူတွေ ဖွလည်း မသိဘူး။ ကျနော်တို့ ရဟတ်ယာဉ်က ဗုံးသီးတွေ ပြုတ်ကျတယ်။ ဆိုပြီးတော့လေ။ ရဟတ်ယာဉ်ပေါ်က ဗုံးသီးက ပြုတ်ကျစရာလားကွာ။ သတင်းဌာနတွေကတော့ တင်တာမဟုတ်ဘူး။ Facebook အကောင့်တွေကနေ တက်လာတာ။ အလကား တိုက်ရင်းနဲ့တော့ ဗုံးသီးပြုတ်ကျစရာ အကြောင်းမရှိပါဘူး။
ကျနော်တို့ ပြောတာက ရှင်းရှင်းလေးရယ်။ အဲဒီဘက်မှာ ရောက်ရှိနေတယ်ဆိုတာ သတင်းရတယ်။ ပစ်တယ်။ ပစ်တဲ့အခါမှာ အဲဒီ အဖွဲ့ နဲ့ ပါလာတဲ့ ဘင်္ဂလီတွေ ခံလိုက်ရတယ်ဆိုတာ သတင်းထုတ်ပြန်ထားတယ်။ ပြီးရင် ညဘက်မှာ အဲဒီနားမှာ တပ်ရင်းတရင်း ရှိတယ်။ အဲဒီတပ်ရင်းဌာနချုပ်ကို အဲဒီဘက်ကနေပဲ လာပစ်တယ်။ ၆၀ မမ စိန်ပြောင်းနဲ့ လာပစ်တာ။ အဲဒါတွေလည်း ကျနော်တို့ သတင်းထုတ်ပြန်ထားတယ်။
မေး ။ ။ နောက်ပြီးတော့ တပ်မတော်သားတွေကို စစ်သည်တော် ကျင့်ဝတ်တွေ လိုက်နာဖို့ ဘယ်လို ညွှန်ကြားထားလဲ။ တိုက်ပွဲတွေ ဖြစ်တဲ့အခါမှာ အရပ်သားတွေ ထိခိုက်သေဆုံးမှု မရှိအောင်လို့ပေါ့။
ဖြေ ။ ။ အောက်ခြေမှာက ဒါတွေ ရှိပြီးသားပါ။ ကျနော်တို့က Rule of Engagement ပေါ့။ ထိတွေ့ တိုက် ခိုက်မှု ကိစ္စတွေမှာ စစ်ဘက်နဲ့မဆိုင်တဲ့ ပစ်မှတ်များကို မတိုက်ခိုက်ရဘူး။ Rule of Engagement မှာလည်း သူက တခုတော့ ရှိတယ်။ ရန်သူကနေပြီးတော့ စတင်ပစ်ခတ်လာရင်တော့ ပစ်ခတ်နိုင်တယ်။
ဒီဘက်မှာလည်း ရခိုင်ပြည်နယ်မှာ ရှုပ်ထွေးနေတာက ကျနော်တို့လည်း ခနခန ပြောပြီးသားပဲ။ ရွာနားလေးမှာ တိုက်ပွဲ ဖော်ဆောင် တာတွေ ရှိတယ်။ ရွာထဲကနေပြီး ပစ်တာတွေ ရှိတယ်။ အဲလို အခြေအနေမှာတော့ ကျနော်တို့က မလွှဲမရှောင်သာ ပြန်ပြီးတော့ ပစ်ရတယ်။ ခနခန ဖြစ်ခဲ့ဖူးတာတွေ ရှိတယ်။ တခုခု ဖြစ်လိုက်တိုင်း၊ ရွာနားလေးမှာ ဖြစ်လိုက်တိုင်း ရွာသား ထိခိုက်ဒဏ်ရာ ရရှိမှု ဆိုပြီး တက်လာတယ်။ တပ်က လုပ်တာလို့ ပြောတယ်။
သို့သော် တကယ်ပစ်ခတ်တာတော့ ၂ ဖက်လုံးက ပစ်ခတ်တာပဲ။ ဘယ်သူ့ကြောင့် ဖြစ်ပါတယ်ဆိုပြီးတော့ အတိအကျတော့ ပြောလို့ မရဘူး။ ကျနော်တို့ဘက်ကတော့ ရွာနားလေးမှာ တိုက်ပွဲဖော်ဆောင်မှုတွေ ရှိလာရင် အတတ်နိုင်ဆုံးတော့ တို့ဆီကတော့ ရှောင် တယ်။ ရှောင်တယ်ဆိုတာက မလွှဲမရှောင်မှသာ ပြန်လည် ပစ်ခတ်ရတဲ့ အနေအထားမျိုး ဖြစ်တယ်။
မေး ။ ။ အခုနောက်ပိုင်းမှာ တပ်မတော်ဘက်က ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို တရားစွဲတာတွေ သိပ်မရှိတော့ဘူးနော်။ အခုနောက်ပိုင်း ဒီလို တရားစွဲတာတွေနဲ့ ပတ်သက်ပြီး မူဝါဒပြောင်းသွားတာလား။ ဘယ်လိုကြောင့်လဲ။
ဖြေ ။ ။ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို မစွဲတော့ဘူးလား ဆိုတာက တချို့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ ကို ခေါ်ပြီး မေးမြန်းတာတော့ ရှိပါတယ်။ မကြာခင်က မြောက်ဦးမှာ ရှိတဲ့ တပ်ရင်းတွေကို ရန်ကုန်-စစ်တွေ ကားလမ်းမကြီးကနေ ပစ်တာတွေ ရှိတယ်။ ပြီးရင် ဘောင်းထုတ်ကျေးရွာကနေ ပစ်တာတွေ ရှိတယ်။
ဘောင်းထုတ်ကျေးရွာကတော့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ ဘာတွေကို ခေါ်မေးတာ ရှိတယ်။ ခေါ်မေးမြန်းပြီး ဘောင်းထုတ်ကျေး ရွာ ဘုန်းကြီးကျောင်းမှာ သွားပြီးမှ ရပ်မိရပ်ဖတွေနဲ့ တွေ့တာ ရှိတယ်။ ပညာပေး ဆွေးနွေးတာတွေ ရှိတယ်။ ဒါမျိုးလေးတော့ တို့က လုပ်ဆောင်နေတာပဲ။
အဓိကကတော့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ အပေါ်မှာ မူဝါဒ အရတော့ ပြောင်းလဲတာ မဟုတ်ဘူး။ အောက်ခြေမှာ ဖြစ်နေတာနဲ့ ရွာတွေမှာ ဖြစ်နေတာနဲ့ ပထမဆုံး ဘာဖြစ်လဲဆိုတော့ ရည်ရွယ်ချက် ရှိရှိနဲ့ကိုပဲ တဖက် အဖွဲ့ အစည်းနဲ့ အကြမ်းဖက် အဖွဲ့ အစည်းနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့သူတွေ ရှိတယ်။ ဒါမျိုးတွေကတော့ ဖော်ထုတ် အရေးယူရမှာပဲ။
တချို့ကတော့ ရည်ရွယ်ချက် မရှိဘူး။ ကြောက်လို့ပဲ ဖြစ်ဖြစ်၊ တခုခုကြောင့်ပဲ ဖြစ်ဖြစ် ပြောဆိုဆက်ဆံရတာတွေ ရှိနိုင်တယ်။ အဲလို ဆက်ဆံတာတွေကိုသာ အကုန်လုံး အရေးယူရမယ်ဆိုရင်လည်း ဖြစ်နိုင်စရာ အကြောင်း မရှိဘူး။ တချို့ ဟာတွေကျ ရည်ရွယ်ချက် မရှိဘဲ ဆက်ဆံရတာတွေ ရှိတယ်။ အဲလို ဆက်ဆံရတာတွေကိုကျတော့ ကျနေ်ာတို့က ခွဲခြားပြီးတော့ ဆောင်ရွက်လျက် ရှိပါတယ်။
မေး ။ ။ AA ကို ချေမှုန်းဖို့ သမ္မတရုံးကလည်း ခွင့်ပြုတယ်။ သောင်းကျန်းသူ နှိမ်နင်းရေး စစ်ဆိုပြီး လုပ်ထားတော့ ရခိုင်မှာ AA က စစ်ဆင်ရေးတွေ ဆက်လုပ်သွားမယ်ဆိုတဲ့ သဘောမျိုး ရှိလား။
ဖြေ ။ ။ စစ်ဆင်ရေး ကိစ္စတွေကတော့ နယ်မြေလုံခြုံရေး အာမခံချက် ရှိတဲ့အထိကတော့ ဆောင်ရွက် သွားရမှာပဲ။
နောက်တခု အရေးကြီးတာ တခု ရှိသေးတယ်။ ကျနော်တို့ ရမခ ဘက်မှာ KIA နဲ့ တိုက်နေတာ ရှိတယ်။ ရမခဘက်မှာ လုပ်ဆောင်ရတဲ့ အကြောင်းရင်းကတော့ ကချင်ပြည်နယ်ဘက်မှာ တိုက်ပွဲ မဖြစ်ဘူး။ ရှမ်းမြောက်ဒေသမှာ တိုက်ပွဲက ဖြစ်နေတာ။ ရမခဘက် မူဆယ်ဘက်မှာ တိုက်ပွဲဖြစ်နေတာ ရှိတယ်။
ပြန်ဖြစ်နေတာ သြင်္ကန်ပြီးကတည်းက ၃ ကြိမ်လောက် ရှိသွားပြီ။ မနေ့က ၂၃ ရက်နေ့မှာ ၄ ကြိမ်မြောက် ထိတွေ့မှု ဖြစ်ပွားခဲ့တယ်။ အဓိက ဖြစ်ရတဲ့ အကြောင်းက KIA နဲ့ ကျနော်တို့က NCA ကိစ္စတွေ မစခင်ကတည်းက သဘောတူ လက်မှတ်ရေးထိုးထားတာတွေ ရှိတယ်။ အဲဒီမှာ နယ်မြေသတ်မှတ်ထားတာတွေ ရှိတယ်။ အဲဒီနယ်မြေထက် ကျော်လွန်ပြီးတော့ ကချင်ပြည်နယ်လည်း မဟုတ်ဘူး။ အဲဒီနယ်မြေထက် ကျော်လွန်ပြီးတော့ ဝင်ရောက် လှုပ်ရှားပြီးတော့ စခန်းတွေ လာဆွဲထားတာ ရှိတယ်။
တပ်ရဲ့ အုပ်ချုပ်မှု ကိစ္စတွေကို လိုက်လံပြီးတော့ ပစ်ခတ်တာတွေ ရှိတယ်။ တို့ဘက်က KIA စခန်းနေရာ ၇ နေရာ၊ ၈ နေရာ လောက် ကို မနေ့က သိမ်းပိုက်ရရှိခဲ့တယ်။ ပထမဆုံး သူတို့ဘက်က စတာ။ မုံးပေါ် ဆိုတဲ့ တပ်ကနေ အရင်ကတည်းက တာဝန်ယူထားတဲ့ စခန်းရှိတယ်။ အဲဒီစခန်းရဲ့ မီတာ ၆၀၀၀ လောက်ကနေ လာပြီးတော့ တပ်ဆွဲတယ်။ တပ်ကိုလာပြီးတော့ နှောက်ယှက်ပစ်ခတ်တာ တွေ ရှိတယ်။
မနေ့ကတော့ အဲဒီဒေသဝန်းကျင် အကုန်လုံးကို နယ်မြေလုံခြုံရေး ဆောင်ရွက်ပြီးသွားပြီ ဖြစ်တယ်။ စခန်းနေရာ ၆ နေရာ၊ ၇ နေရာ လောက်ကို သိမ်းပိုက်လိုက်တာတွေ ရှိတယ်။
မေး ။ ။ ကရင်ပြည်နယ်ဘက်မှာရော တပ်မတော်က လမ်းဖောက်တာတွေ ဆက်လုပ်ဦးမှာလား။ တင်းမာမှုတွေလည်း ရှိနေ တယ်လို့ ကြားလို့ပါ။
ဖြေ ။ ။ ကရင်ပြည်နယ်ဘက်မှ တပ်ကနေ လမ်းဖောက်နေတာတွေ ရှိတယ်။ အဓိကကတော့ တံတားကို မိုးမကျခင် ပြီးမှ ရမယ်။ အဲဒါကြောင့် တံတားလုပ်ငန်းကို ဆက်ပြီး ဆောင်ရွက်နေတာမျိုး ရှိတယ်။
အခြေအနေ တင်းမာသွားတာက ပြည်နယ်ဝန်ကြီးချုပ် သွားတဲ့အချိန်မှာ တင်ပြထားတာတွေ ရှိတယ်။ ကျနော်တို့ဘက်က ပြောတာ က အဲဒီလမ်းတွေက ယခင်ကတည်းက ရှိနေတဲ့လမ်းတွေ။ သူက ကျောက်ကြီးနဲ့ ဆက်သွယ်ထားတဲ့ လမ်းပဲ။ ကျောက်ကြီးကနေမှ တောင်ငူကို ရောက်တာပေါ့။ ဟိုဘက် ယွန်းစလင်းကြီးချောင်းအထိ လမ်းရှိပြီးသား။
နှစ်စဉ်နှစ်တိုင်းလည်း ဖောက်နေကျလမ်းဖြစ်တယ်။ အဲဒါကို ဒီဘက်က ကျောက်ခင်းလမ်းအဖြစ် ဆောင်ရွက်တဲ့အခါမှာ မူသဲအထိ ရောက်သွားပြီ။ လုပ်ရတာ တော်တော်ခက်ခဲပါတယ်။ အရင်တုန်းက မူသဲကို သွားမယ်ဆိုရင် တနေကုန်သွားရတယ်။ အသွားအပြန် တောင် မရပါဘူး။ အခုနောက်ပိုင်းမှာတော့ ၂ နာရီ၊ ၃ နာရီ အတွင်းမှာ ရောက်ပြီ။
အဓိကကတော့ လမ်းပြီးသွားရင် အကျိုးခံစားရမယ့် လူတွေက အဲဒီမှာ အရင်ကတည်းက ရှိနေတဲ့ ရွာတွေက လူတွေပါပဲ။ ဒါပေမယ့် ဒီလမ်းနဲ့ ပတ်သက်ပြီး နည်းနည်းလေး အနှောက်အယှက်တွေ လုပ်နေတဲ့ အဖွဲ့ အစည်းတွေ ရှိတယ်။ နောက်ကွယ်မှာလည်း တော်တော်များများ ရှိတယ်။ ဆိုလိုတာက ဒီလမ်းနဲ့ ပတ်သက်ပြီးတော့ တချို့ လုပ်ချင်ကိုင်ချင်တဲ့ သူတွေလည်း ရှိတယ်။
သို့သော် ဒီလမ်းလုပ်ငန်းနဲ့ ပတ်သက်ပြီး ဆောင်ရွက်တဲ့အခါမှာ ခုနက ပြောတဲ့ အနှောက်အယှက်တွေ ဝင်လာတာပေါ့။ မူသဲ တံ တားနဲ့ ပတ်သက်ပြီး ဆက်မလုပ်ဖို့ ဆန္ဒပြတာတို့။ ဝန်ကြီးချုပ်လာရင် ပြောဆိုတာတို့ ဒါတွေက ဆက်မလုပ်ဖို့ ပြောတာတွေ ရှိတယ်။ အခုလောလောဆယ်တော့ အဲဒီတံတားကို ဆက်ဖောက်ဖို့ တံတားလုပ်ငန်းကိုတော့ ဆက်ဆောင်ရွက်နေဆဲပဲ ဖြစ်တယ်။