မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်ရှိ မြစ်ဆုံဆည်မှသည် ရှမ်းပြည်နယ်မြောက်ပိုင်းမှ ဧရာဝတီ မြစ်ဝှမ်းသို့ ဝင်ရောက်လာမည့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်း အထိ၊ ဘင်္ဂလားပင်လယ်အော်ရှိ တိုင်းပြည်၏ အနောက်ဘက် ကမ်းရိုးတမ်းပေါ်မှ ကျောက်ဖြူရေနက်ဆိပ်ကမ်း အထိ၊ တရုတ်နိုင်ငံ၏ အလွန် ရည်မှန်းချက်ကြီးသော ခေတ်သစ် ပိုးလမ်းမ စီမံကိန်း (BRI) တွင် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအတွက် အရေးအကြီးဆုံး ဗျူဟာမြောက် မိတ်ဖက်များထဲမှ တခုဖြစ်သည်။
တချို့ BRI စီမံကိန်းများက စီစဉ်ဆဲ အဆင့်တွင် ရှိနေသေးချိန်တွင် အခြားစီမံကိန်းများက အကောင်အထည်ဖော်နေပြီ ဖြစ်သည်။ ရပ်တန့်နေသော မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းအပါအဝင် တချို့က ကြီးမားသော အငြင်းပွားဖွယ်ရာများဖြင့် ပတ်ဝိုင်းနေသည်။
ဒုတိယအကြိမ်မြောက် Belt and Road Forum ကို တက်ရောက်ရန် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဧပြီလ ၂၄ ရက်နေ့တွင် ဘေဂျင်းမြို့သို့ ရောက်ရှိခဲ့ခြင်းနှင့် အတူ မြန်မာနိုင်ငံမှ တရုတ်စီမံကိန်းများက သမ္မတ ရှီကျင့်ဖျင်နှင့်တွေ့ဆုံရာတွင် ဆွေးနွေးမည့် အစီအစဉ်စာရင်း၌ သေချာပေါက်ပါဝင်နေလိမ့်မည် ဖြစ်သည်။
တွေ့ဆုံမှု မတိုင်မီတွင် ဧရာဝတီမှ နန်းလွင်က Stimson Center မှ အရှေ့အာရှ အစီအစဉ်၏ ပူးတွဲ ဒါရိုက်တာနှင့် တရုတ် အစီအစဉ်၏ ဒါရိုက်တာ Yun Sun နှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံမှ BRI စီမံကိန်းများနှင့် ပတ်သက်သော ကိစ္စများနှင့် တရုတ်- မြန်မာ ဆက်ဆံရေး အနာဂတ်တို့ကို ဆွေးနွေးမေးမြန်းခဲ့ပါသည်။
မေး။ ။ မြန်မာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒုတိယ အကြိမ်မြောက် Belt and Road Forum ကို တက်ရောက်နေပါတယ်။ အကြွေးထောင်ချောက်ကို ကြောက်ရွံ့မှုကြောင့် BRI စီမံကိန်းတွေက နိုင်ငံအများအပြားမှာ ဆန့်ကျင်မှုတွေ မြင့်တက်လာတာကို ရင်ဆိုင်နေရတဲ့ အချိန်မှာ ဒီခရီးစဉ်အတွင်း မြန်မာနိုင်ငံက မူဆယ်-မန္တလေး မြန်နှုန်းမြင့်ရထားလမ်း အပါအဝင် စီမံကိန်းကြီး အများအပြားကို သဘောတူ လက်မှတ်ထိုးမယ်လို့ မျှော်လင့်ရပါတယ်။ မြန်မာနိုင်ငံက တရုတ်နိုင်ငံရဲ့ အကြွေးထောင်ချောက် သံခင်းတမန်ခင်းရဲ့ နောက်ဆုံးသားကောင်လို့ ထင်ပါသလား။
ဖြေ။ ။ ဘဏ္ဍာရေးလုံခြုံမှုဆိုင်ရာ ဂယက်ရိုက်မှုအတွက် အဓိက အလားအလာရှိတဲ့ တရုတ်စီမံကိန်းတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံက အလွန် သတိထားခဲ့ပါတယ်၊ အကဲဆတ်ပါတယ်။ ကျောက်ဖြူရေနက်ဆိပ်ကမ်းကို အရွယ်အစား လျှော့ချလိုက်ခြင်းက နမူနာကောင်းတခုပါ။ စီမံကိန်းသစ်တွေရဲ့ စည်းကမ်းချက်တွေကို မမြင်ရဘဲနဲ့ အဲဒါတွေက မြန်မာနိုင်ငံကို အကြွေးထောင်ချောက်ထဲ ထည့်မှာလားဆိုတာ ခန့်မှန်းဖို့ အလွန်ပဲ ခက်ပါတယ်။
ကျမ တယောက်တည်း အမြင်နဲ့ ဆိုရင်တော့ အကြွေးထောင်ချောက်ဆိုတဲ့ ဇာတ်ညွှန်းကို သဘောမတူပါဘူး။ ထောင်ချောက်ဆိုတဲ့ စကားလုံးကိုယ်တိုင်က ရည်ရွယ်ချက်ကို ဖော်ပြပါတယ်။ တရုတ်နိုင်ငံက တခြားသူတွေ ဝင်လာဖို့အတွက် ရည်ရွယ်ချက်ရှိရှိနဲ့ ထောင်ချောက်ကို ဆင်တယ်။ ဒီမှာတော့ အဲဒါမှန်တယ်လို့ ကျမ မထင်ပါဘူး။ တကယ်လို့ အဲဒါက ထောင်ချောက်ပဲဆိုရင် မြန်မာနိုင်ငံက ထောင်ချောက်မိလိမ့်မယ် ဆိုတာ သိသိနဲ့ အဲဒါတွေကို ဘာကြောင့် စဉ်းစားနေမှာလဲ။ မြန်မာနိုင်ငံမှာ ကောင်းကောင်းကြီး ဖွံ့ဖြိုးနေတဲ့ အရပ်ဘက် အဖွဲ့အစည်းတခုနဲ့ ဒီလိုစီမံကိန်းမျိုးတွေကို မီဒီယာ စောင့်ကြည့်မှုလည်း ရှိပါတယ်။ ဒီစီမံကိန်းကြီးတွေက အများပြည်သူ မေးခွန်းထုတ်မှုနဲ့ စိစစ်မှုကနေ လွတ်မြောက်လိမ့်မယ်လို့ ခန့်မှန်းဖို့ ခက်ခဲပါတယ်။
မေး။ ။ ဦးသိန်းစိန်ရဲ့ အရင်အစိုးရလက်ထက်က တရုတ်-မြန်မာ ဆက်ဆံရေးအတွက် အခက်ခဲဆုံး ကာလဖြစ်ခဲ့တယ်။ အဓိကကတော့ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကို ဆိုင်းငံ့လိုက်လို့ ဖြစ်ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ လက်ထက်မှာ တရုတ်-မြန်မာ ဆက်ဆံရေးကို ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ NLD အာဏာရပြီးနောက်ပိုင်း ဆက်ဆံရေးက တော်တော်လေး ကောင်းခဲ့ပါတယ်။ တရုတ်နိုင်ငံကလည်း သူတို့ မြန်မာနိုင်ငံမှာ သြဇာလွှမ်းမိုးမှု ပြန်ရခဲ့ပြီလို့ ယုံကြည်တယ်။ စစ်အစိုးရ နှစ်တွေတုန်းက ရခဲ့တဲ့ အဆင့်အတန်းမျိုး မဟုတ်ရင်တောင်မှ အနည်းဆုံးတော့ တရုတ်က သြဇာလွှမ်းမိုးမှု အရှိဆုံး နိုင်ငံ နောက်တကြိမ် ပြန်ဖြစ်လာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က တရုတ်နိုင်ငံနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်ဖို့ ကြိုးစားနေခဲ့ပါတယ်။ ဘေဂျင်းကို သွားရောက်ခဲ့တဲ့ ခရီးစဉ်တွေ၊ BRI forum နဲ့ တခြားအဆင့်မြင့် အခမ်းအနားတွေမှာ ပါဝင် တက်ရောက်တာတွေက သက်သေပါပဲ။ တရုတ်နိုင်ငံက မြန်မာ့တပ်မတော်အပေါ် ကောင်းမွန်တဲ့ ဆက်ဆံရေးနဲ့ အားကောင်းတဲ့ သြဇာ လွှမ်းမိုးမှု ကိုလည်း ဆက်ထိန်းထားနိုင်ခဲ့ပါတယ်။
မေး။ ။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ စီးပွားရေးမှာ တရုတ်နိုင်ငံရဲ့ ပါဝင်ပတ်သက်မှုကို ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ နိုင်ငံရေးမှာ တရုတ်နိုင်ငံရဲ့ အနာဂတ် အခန်းကဏ္ဍက ဘယ်လို ဖြစ်နိုင်ပါသလဲ။
ဖြေ။ ။ အဲဒါက တရုတ်နိုင်ငံကို မြန်မာနိုင်ငံက ဘယ်အခန်းကဏ္ဍက ပါဝင်ခွင့်ပေးမလဲဆိုတဲ့ အပေါ်မှာ မူတည်ပါတယ်။ ဥပမာပြရရင် တကယ်လို့ တရုတ်စီမံကိန်းတွေက သူတို့အတွက် စီးပွားရေးတိုးတက်မှုတွေ ယူလာတယ်လို့ မြန်မာပြည်သူတွေက ယုံကြည်တယ်ဆိုရင် သူတို့က တရုတ်နိုင်ငံအတွက် ပိုကြီးမားတဲ့ အခန်း ကဏ္ဍကို လက်ခံကြမှာပဲ။ ဒေသတွင်းနိုင်ငံရေး အတွက် ဆိုရင်တော့ တရုတ်နိုင်ငံက မြန်မာ့နိုင်ငံရေးရဲ့ အနာဂတ်ကို လွှမ်းမိုးဖို့ သို့မဟုတ် ဆုံးဖြတ်ပေးဖို့ ရည်ရွယ်ချက် ရှိတယ်လို့ ကျမ မထင်ပါဘူး။ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားတွေ အကာအကွယ်တွေ ရှိနေသရွေ့ တိုင်းပြည်မှာ ဘယ်သူ အာဏာရှိသလဲဆိုတာ တရုတ် နိုင်ငံက တကယ် ဂရုစိုက်မယ်လို့ ကျမ မထင်ပါဘူး။
မေး။ ။ မြန်မာနိုင်ငံက ကျောက်ဖြူ အထူးစီးပွားရေးဇုန် သဘောတူညီချက်ကို အောင်မြင်စွာ ပြန်လည် ညှိနှိုင်း နိုင်ခဲ့တယ်။ သဘောတူညီချက်သစ်ရဲ့ စည်းကမ်းတွေအရ အကြွေးထောင်ချောက် ဖြစ်နိုင်တဲ့ အန္တရာယ် မရှိဘူးလို့ အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းက တရုတ်နိုင်ငံအတွက် အလားအလာကောင်းတဲ့ အချက်အချာ နေရာတခုဖြစ်ပြီးတော့ အိန္ဒိယ သမုဒ္ဒရာကို တိုက်ရိုက် ဝင်ထွက်ခွင့်ပေးလိမ့်မယ်၊ ရေနံ တင်ပို့မှုတွေက မလက္ကာ ရေလက်ကြားကို ရှောင်လွှဲနိုင်လိမ့်မယ်။ အကြွေး အန္တရာယ်အပြင် ကျောက်ဖြူနဲ့ ပတ်သက်လို့ တခြား ပြဿနာဖြစ်စရာ ရှိပါသေးသလား။
ဖြေ။ ။ကျမ အံ့သြတာကတော့ ရှည်ကြာလွန်းတဲ့ ညှိနှိုင်း ဆွေးနွေးရေးကာလပါပဲ။ အဲဒီ နှုန်းအတိုင်းဆိုရင် မြန်မာနဲ့ တရုတ်နိုင်ငံကြားမှာ လက်မှတ်ထိုးထားတဲ့ စီမံကိန်းမှန်သမျှက အကောင်အထည် ဖော်ဖို့ ပိုပြီးတော့တောင် အများကြီး ကြာသွားပါလိမ့်မယ်။ အဲဒါက နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေအတွက် နေရာဆိုတဲ့ မြန်မာနိုင်ငံရဲ့ ပုံရိပ်ကို လျော့ကျစေပါတယ်။ အဲဒါက မြန်မာနိုင်ငံအနေနဲ့ စီမံကိန်းမှန်သမျှကို နားမလည်ဘဲ သို့မဟုတ် ထိခိုက်နိုင်တာတွေကို ဖယ်ထုတ်ပစ်ခြင်းမပြုဘဲ လျင်လျင်မြန်မြန် အကောင်အထည် ဖော်သင့်တယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဒါပေမယ့် ဆိုလိုတာက မြန်မာနိုင်ငံ အနေနဲ့ ညှိနှိုင်း ဆွေးနွေးမှုတွေ မပြုလုပ်မီမှာ ပေးဖို့ဆန္ဒရှိတာဘာလဲ ဆိုတာနဲ့ ဘာယူချင်တာလဲ ဆိုတဲ့ ကြားမှာ ပိုမိုကောင်းမွန်တဲ့ တွက်ချက်မှု တခု ရှိရပါလိမ့်မယ်။
မေး။ ။ အခု လတ်တလောမှာ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်း ပြန်လည်စတင်ရေး အတွက် တရုတ်က ကချင်ခေါင်းဆောင် တွေနဲ့ မြန်မာအစိုးရကို ဖိအားပေးတဲ့နေရာမှာ ပိုပြီး ပြင်းထန်လာတယ်။ အဲဒါက တရုတ်-မြန်မာ စီးပွားရေး စြင်္ကန် သဘောတူညီချက် အောက်က BRI စီမံကိန်းရဲ့ အစိတ်အပိုင်းလို့ တရုတ် တာဝန်ရှိသူတွေက ပြောလာခဲ့ကြတယ်။ အရင်က အဲဒီလိုရှင်းလင်းတာမျိုး တခါမှ မကြားဖူးပါဘူး။ အခု တကြိမ်မှာ တရုတ်နိုင်ငံက မြစ်ဆုံစီမံကိန်းကို BRI ထီးရိပ်အောက် ထည့်လိုက်တဲ့ အကြောင်းရင်းတွေက ဘာတွေလဲ။
ဖြေ။ ။ ၂၀၁၃ ခုနှစ် မတိုင်မီ လက်မှတ်ထိုးခဲ့တဲ့ စီမံကိန်းတွေ အများကြီးရှိပါတယ်။ အဲဒါတွေကို နောက်ပိုင်းမှာ BRI ခေါင်းစဉ်အောက် ထည့်လိုက်တယ်။ ဒါပေမယ့် မြစ်ဆုံကတော့ အထူးကိစ္စပါ။ ဒါကို BRI စီမံကိန်း လုပ်လိုက်ခြင်းက တရုတ်ရဲ့ စနစ်မှာ အဲဒါရဲ့ အရေးပါမှုကို မြှင့်တင်လိုက်တာလို့ ယူဆရပါတယ်။ တရုတ်နိုင်ငံက အဲဒါကို ပြန်လည် စတင်ရေးအတွက် တွန်းအားပေးနေတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒါက အရေးပါလို့ ဆိုတဲ့ သဘောပါပဲ။ ဒါပေမယ့် မြစ်ဆုံ ဆန့်ကျင်ရေး သဘောထားရဲ့ သမိုင်းကြောင်းကို နားလည်တဲ့သူ မှန်သမျှအနေနဲ့ ပြန်လည်စတင်ရေးနဲ့ ပတ်သက်လို့ ဂရုပြု ဆောင်ရွက်သင့်ပါတယ်။ တကယ်တော့ မူလဆည် အကြီးစား ဒီဇိုင်းကို အစားထိုးမယ့် အသေးစား ဆည်တွေ တည်ဆောက်ရေး အတွက် ပြန်ပြင်ထားတဲ့ အစီအစဉ်တွေ ရှိခဲ့ပါတယ်။ တကယ်လို့ အဲဒါက ဒီဇိုင်းသစ် ဖြစ်မယ်ဆိုရင် စီမံကိန်းအသစ်ကို အများပြည်သူ မနှစ်သက်တဲ့ အရင်ဒီဇိုင်းနဲ့ တွဲဖက်ဖို့ မလိုပါဘူး။ အဲဒါကို မြစ်ဆုံ စီမံကိန်း ပြန်လည် စတင်ခြင်း တခုအနေနဲ့ ယူဆဖို့ မလိုပါဘူး။
မေး။ ။ ဘေဂျင်း ခရီးစဉ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်က အငြင်းပွားဖွယ်ရာ အဖြစ်ဆုံး တရုတ် စီမံကိန်းတွေ၊ အထူးသဖြင့် မြစ်ဆုံ စီမံကိန်းကို ဆွေးနွေးမယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းကြပါတယ်။ မြစ်ဆုံ ကိစ္စကို ဖြေရှင်းဖို့ အတွက် ဘယ်အဖြေက ဖြစ်နိုင်ဖွယ်ရာ အရှိဆုံးလို့ ထင်ပါသလဲ။
ဖြေ။ ။ အထက်မှာ ရည်ညွှန်းပြီး ဖြစ်တဲ့ စိစစ်ပြင်ဆင်ထားတဲ့ အစီအစဉ်ရှိသလို၊ လူတိုင်းအတွက် မျက်နှာ နာစရာ အသက်သာဆုံး လမ်းကတော့ စီမံကိန်းကို ပိုကောင်းတဲ့ဒီဇိုင်း၊ မြန်မာနိုင်ငံရဲ့ ဓာတ်အား လိုအပ်ချက် တွေကို ပိုမို ဝန်ဆောင်ပေးမယ့်၊ သဘာဝပတ်ဝန်းကျင် သက်ရောက်မှု နည်းပါးတဲ့ စီမံကိန်း အသစ်တခု အဖြစ်ကို ပြောင်းလဲဖို့ပါ။ တရုတ်နိုင်ငံက ထုတ်ပေးထားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေက စီမံကိန်းအသစ်တွေအတွက် ရှယ်ယာတွေ အဖြစ် ပြောင်းလဲသွားပါလိမ့်မယ်။ တကယ်လို့ ဒုက္ခများတဲ့ ဒီကိစ္စကနေ ရှောင်သွားဖို့ တရုတ် နိုင်ငံက စိတ်ဝင်စားတယ်ဆိုရင်၊ ၂ နိုင်ငံဆက်ဆံရေးကို ရှေ့ဆက်သွားချင်တယ်ဆိုရင် အဲဒါက အလုပ် ဖြစ်မယ်လို့ ကျမယုံကြည်ပါတယ်။ အပြန်အလှန် ညှိနှိုင်းမှုတခုကနေ အကျိုး ဖြစ်ထွန်းပါလိမ့်မယ်။
မေး။ ။ တရုတ်နိုင်ငံက နိုင်ငံတကာစင်မြင့်မှာ မြန်မာနိုင်ငံ အတွက် အမြဲတမ်း ရပ်တည်ပေးခဲ့တယ်။ အထူးသဖြင့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက မြန်မာနိုင်ငံမှာ ဖြစ်နိုင်ချေရှိတဲ့ လူမျိုးတုန်း သတ်ဖြတ်မှုကို စုံစမ်းစစ်ဆေးဖို့ အဖွဲ့အစည်းတရပ် ဖွဲ့စည်းရေး ဆောင်ရွက်မှုကို ဆန့်ကျင်မဲပေးခဲ့ခြင်း အပါအဝင် ရခိုင်ပြည်နယ် ပြဿနာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ ဒီလို ထောက်ခံမှုမျိုးတွေအရ မြန်မာအစိုးရအနေနဲ့ ပြည်သူရဲ့ ဆန္ဒ အတိုင်း အငြင်းပွားဖွယ်ရာ တရုတ်စီမံကိန်းတွေကို ပယ်ချဖို့ ခက်ခဲနိုင်ပါသလား။
ဖြေ။ ။ အဲဒါက ခက်ခဲတယ်လို့ ကျမ မထင်ပါဘူး။ တရုတ်နိုင်ငံက ၂၀၁၇ ရခိုင် ပြဿနာအတွင်းနဲ့ နောက်ပိုင်းမှာ မြန်မာနိုင်ငံဘက်က ရပ်တည်ပေးခဲ့တယ်။ ဒါပေမယ့် ၂၀၁၈ ခုနှစ်မှာ လက်မှတ်ထိုးတဲ့ ကျောက်ဖြူ သဘောတူညီချက် မှာတော့ စီမံကိန်း အရွယ်အစား ၉၀ ရာခိုင်နှုန်းကို လျှော့ချထားတုန်းပဲ။ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွေနဲ့ ပတ်သက်ရင် မြန်မာနိုင်ငံက သူ့ရဲ့ အကျိုးစီးပွားကို ကာကွယ်နေတုန်းပါပဲ။ ဒါကို ဒီမိုကရက်တစ် စနစ်နဲ့ အစိုးရရဲ့ စီမံခန့်ခွဲမှုက ဆုံးဖြတ်ပါတယ်။
မေး။ ။ မြန်မာနိုင်ငံက ဖွံ့ဖြိုးဆဲ နိုင်ငံတခုဖြစ်တယ်။ သူ့ရဲ့ ပြည်ပကြွေးမြီ တဝက်လောက်က တရုတ်ဆီမှာ ဖြစ်နေတယ်။ မြန်မာနိုင်ငံ အနေနဲ့ တိုင်းပြည်အတွင်း ရေရှည်မှာ အကျိုးယုတ်မယ့် အကြွေးထောင်ချောက်ကို ရှောင်လွှဲနိုင်ဖို့ အတွက် BRI စီမံကိန်းတွေနဲ့ တခြား တရုတ်ရင်းနှီးမြှုပ်နှံမှုတွေ အပေါ်မှာ တိကျတဲ့ မူဝါဒတခု ကျင့်သုံးဖို့ လိုပါသလား။
ဖြေ။ ။ တရုတ်နိုင်ငံက မြန်မာနိုင်ငံရဲ့ အကြွေးပမာဏ အများကြီးကို ကိုင်ထားရတဲ့ အကြောင်းရှိပါတယ်။ အကြွေး ထောင်ချောက်နဲ့ ငွေချေးထောင်ချောက်က ဒင်္ဂါးတပြားရဲ့ ဟိုဘက်၊ ဒီဘက်ပါပဲ။ အကြွေးတွေ ပြန်မပေးနိုင်တဲ့ မြန်မာကို ငွေ အမြောက်အများ ချေးငှားခြင်းက တရုတ်နိုင်ငံ အတွက်လည်း ကောင်းတဲ့ ဘဏ္ဍာရေး ဆိုင်ရာ ဆုံးဖြတ်ချက်တော့ မဟုတ်ပါဘူး။ ကျမပေးချင်တဲ့ အကြံဉာဏ်ကတော့ မြန်မာနိုင်ငံအနေနဲ့ FDI စီးဝင်မှုကို စုံလင်အောင်လုပ်ဖို့ ဖြစ်ပါတယ်။ အပြိုင်အဆိုင်ရှိလာရင် တရုတ်နိုင်ငံကလည်း သူတို့ စည်းကမ်းချက်တွေကို ကောင်းမွန်အောင် လုပ်ရပါတော့မယ်။
မေး။ ။ ပြီးခဲ့တဲ့ အပတ်တုန်းက မြန်မာ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘေဂျင်းကို သွားရောက် ခဲ့ပါတယ်။ သူက တရုတ်နိုင်ငံရဲ့ ရည်မှန်းချက်ကြီးတဲ့ BRI စီမံကိန်းတွေမှာ မြန်မာနိုင်ငံ အတွက် အကျိုးရှိနိုင်မယ့် စီမံကိန်းတွေ အများကြီးပါတယ်၊ အဲဒါတွေ အကောင်အထည်ဖော်ရာမှာ တပ်မတော်ကလည်း ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ပဲလို့ တရုတ်သမ္မတကို ပြောခဲ့ပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ ဘယ်လို မြင်ပါသလဲ။
ဖြေ။ ။ တပ်မတော်က တရုတ်နဲ့ ဆက်ဆံရေး ကောင်းချင်ပါတယ်။ အဲဒါက အသစ်အဆန်း မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ကလည်း တရုတ်နဲ့ ဆက်ဆံရေးကောင်းနေတဲ့ အချိန်မှာ တပ်မတော်က အနည်းဆုံးတော့ အရပ်သား အစိုးရရဲ့ အားထုတ်မှု အဆင့်ကို လိုက်မီအောင်၊ ညီအောင် လုပ်ဖို့လိုတယ်လို့ ခံစားရတယ်။
မေး။ ။ International Growth Center ရဲ့ ၂၀၁၈ အစီရင်ခံစာမှာ အရင်က အတွေ့အကြုံတွေကြောင့် မြန်မာနိုင်ငံမှာ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်လို့ ထင်ထင်ရှားရှားကို မျက်စိမှိတ် ဆန့်ကျင်ကြတယ်လို့ ပြောပါတယ်။ ပြည်သူလူထုနဲ့ ထိတွေ့ဆက်ဆံမှု အပါအဝင် သူတို့ရဲ့ မူဝါဒတွေကို အောက်ခြေမြေပြင်မှာ ပြောင်းလဲ နေပါပြီလို့ တရုတ်က ပြောခဲ့သည့်တိုင်အောင် မြစ်ဆုံကိစ္စကြောင့် မြန်မာနိုင်ငံသားတွေ အကြားမှာ တရုတ်ဆန့်ကျင်ရေး စိတ်ထားတွေ ပြန်လည်ပေါ်ပေါက်လာခဲ့တယ်။ ဒါပေမယ့် သူတို့ အရင်က လုပ်ခဲ့တာ တွေကြောင့် ပြည်သူတွေက ခံစားနေရဆဲပဲ ဖြစ်တဲ့အတွက် တရုတ်ရဲ့ အားထုတ်မှု အသစ်တွေက မအောင်မြင်ကြဘူး။ တရုတ် ရင်းနှီးမြှုပ်နှံမှုကို စဉ်းစားတဲ့ အပိုင်းရောက်ရင် မြန်မာပြည်သူတွေက NLD အစိုးရ ကိုတောင် စောဒက တက်ကြတယ်။ အဲဒါကို ဘယ်လိုထင်ပါသလဲ။
ဖြေ။ ။ အတိတ်က တရုတ်ရင်းနှီးမြှုပ်နှံမှုတွေက တိုင်းပြည်အပေါ် ဆိုးကျိုး သက်ရောက်မှုတချို့ ရှိခဲ့တယ်။ ဒါပေမယ့် အဲဒါက အနာဂတ်မှာ တရုတ်နိုင်ငံက မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးမှာ အပြုသဘော ဆောင်တဲ့ ပါဝင်မှု မလုပ်နိုင်ဘူးလို့ မဆိုလိုပါဘူး။ အဓိက အချက်က တရုတ်စီမံကိန်းတွေကို ဘယ်လိုစောင့်ကြည့်မလဲ၊ ဘယ်လို စီမံခန့်ခွဲမလဲ ဆိုတာပါပဲ။ ဘယ်လို ပိတ်ပစ်ရမလဲ၊ ဘယ်လို နှင်ထုတ်ရမလဲဆိုတာ မဟုတ်ပါဘူး။ ရခိုင်အရေး အပါအဝင် အချက်တွေကြောင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေ ဟန့်တားခံထားရတဲ့ အချိန်မှာ ဒါက တော်တော်လေးကို မှန်ပါတယ်။
မေး။ ။ မြန်မာနိုင်ငံက တရုတ်ရင်းနှီးမြှုပ်နှံမှုတွေနဲ့ မဟာစီမံကိန်းကြီးတွေကို ချဉ်းကပ်တဲ့ အချိန်မှာ တရုတ်အစိုးရ အနေနဲ့ မူဝါဒသစ်တခုကို ကျင့်သုံးဖို့ လိုပါသလား။
ဖြေ။ ။ တရုတ်အစိုးရမှာ ရှိတယ်လို့ ကျမထင်ပါတယ်။ တကယ်တော့ ပြီးခဲ့တဲ့ နှစ် အတော်များများအတွင်းမှာ မဟာစီမံကိန်း အသစ်တွေ လက်မှတ်မထိုးတာ သို့မဟုတ် အကောင်အထည် မဖော်တာကို ကြည့်မယ်ဆိုရင် တရုတ်အစိုးရက သတိထားပြီး ထိန်းချုပ်တဲ့ မူဝါဒအသစ်တခုကို ကျင့်သုံးခဲ့ကြောင်း ဖော်ပြနေပါတယ်။ သူတို့ရဲ့ စီးပွားရေး အကျိုးအမြတ်အတွက်နဲ့ မြန်မာနိုင်ငံရဲ့ ရန်သူလို့ ယူဆခံရမယ့် အခြေအနေတခုထဲကို တရုတ်နိုင်ငံက ပြေးမဝင်ချင်ပါဘူး။ အဲဒါက ဘယ်သူ့ကိုမှ အကျိုးမဖြစ်စေပါဘူး။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ China Doesn’t Want to be Perceived as an Enemy ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)