ကချင်ပြည်နယ်၊ ဖားကန်မြို့နယ်အတွင်း ကျောက်မျက်လုပ်ကွက်ရှိ နွံကန်ပေါက်ကျမှုကြောင့် အလုပ်သမား ၅၀ကျော် သေဆုံးခဲ့ရသည်။ ၎င်းသေဆုံးမှုနှင့်ပတ်သက်ပြီး ILO အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့က လုပ်ငန်း ခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ဥပဒေသစ်ကို အထူးသဖြင့် သတ္ထုတူးဖော်ရေး ကဲ့သို့ အန္တရာယ်များသည့် ကဏ္ဍများတွင် အရေးတကြီး အလျင်အမြန်အကောင်အထည်ဖော်ရန် တိုက်တွန်း ထားသည်။အဆိုပါ တိုက်တွန်းမှုနှင့်ပတ်သက်ပြီး ပြည်တွင်းရွေ့ပြောင်းလုပ်သားများ၏အခက်အခဲ၊ ပြည်ပရွေ့ပြောင်း လုပ်သားများ၏အခြေအနေများနှင့် ပတ်သက်ပြီး အလုပ်သမားအရေး လှုပ်ရှားဆောင်ရွက်နေသော အနာဂတ်အလင်းတန်းဆုံမှတ်၏ ဒါရိုက်တာ ဒေါ်သက်သက်အောင်ကို ဧရာဝတီသတင်းထောက် လဲ့လဲ့ က တွေ့ဆုံမေးမြန်းထားပါသည်။
မေး ။ ။ ဖားကန့်မှာ နွံကန်ပေါက်ပြီး လူသေဆုံးမှုအပေါ် အလုပ်သမားအခွင့်အရေး လှုပ်ရှားဆောင်ရွက်သူတွေ အနေနဲ့ ဘယ်လိုမြင်ပါသလဲ။
ဖြေ ။ ။ အဓိကအားဖြင့်ဆိုရင် ကျမအမြင်အရ ဘယ်လုပ်ငန်းခွင်မှာ အလုပ်လုပ်နေသောအလုပ်သမားတွေသည် သူ့အတွက် လုပ်ငန်းခွင်မှာ လုံခြုံမှုရှိဖို့လိုတယ်။ ဥပမာ ဖားကန့်လိုမျိုးဆို ဒီတကြိမ်မှ မဟုတ်ဘူး။ အကြိမ်ကြိမ်ဖြစ်နေတာ။ ပြီးခဲ့တဲ့နှစ်တွေကလည်း မြေပြိုကျတာကြောင့် ခဏခဏ လူသေကြတယ်။ သေကြေ ပျက်စီးမှု နှုန်းတွေ များနေတယ်။ ကုမ္ပဏီတွေခေါ်လို့ သွားလုပ်ကြတာဆိုတော့ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းဖို့တော့ လိုတယ်။
ကျမဖြစ်စေချင်တာက အလုပ်လုပ်တဲ့လုပ်ငန်းခွင်ထဲမှာ ဘေးအန္တရာယ်ကင်းရှင်းရေးကို ဘာပဲဖြစ်ဖြစ် လုပ်ပေးဖို့ လိုတယ်။ အန္တရာယ်ဖြစ်သွားတယ်။ ဖြစ်သွားပြီးရင် တချို့ဆို ဘယ်နေရာ၊ ဘယ်ဒေသလာတယ်ဆိုတာ မသိတဲ့ အတွက် သေသွားရင် မိဘတွေမသိလိုက်တာတွေတောင် ရှိတယ်။ အဲဒီဒေသမှာ အဲဒီလိုကိစ္စတွေက အများကြီးပဲ။
ဒါမျိုးတွေ မဖြစ်ရအောင် ဒီလိုလုပ်သားတွေ အလုပ် လုပ်နိုင်အောင်လို့ တကယ့်ကို တာဝန်ယူမှု တာဝန်ခံမှု ရှိတဲ့ ကုမ္ပဏီတွေကနေ ဘေးအန္တရာယ်ကင်းဖို့ ဦးစီးပြီး လုပ်ဆောင်သင့်တယ်။ ဒီလိုဖြစ်တယ်ဆိုတာ ကုမ္ပဏီတွေရဲ့ တာဝန်ဝတ္တရားတွေ၊ ဥပဒေတွေရဲ့ အားနည်းချက်တွေကြောင့် ဖြစ်တယ်။
မေး ။ ။ ဖားကန့်နွံကန်ပေါက်တာနဲ့ပတ်သက်ပြီး ILOက လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ ပတ်သက်ပြီး ဥပဒေပြဌာန်းပေးဖို့ တောင်းဆိုထားတာရှိတယ်။ အဲဒါအလုပ်သမားအရေးလှုပ်ရှားသူတွေအနေနဲ့ ဘယ်လို သဘောထားရှိပါသလဲ။
ဖြေ ။ ။ ကျမတို့က ဒါကို သဘောတူပါတယ်။ လုပ်လည်း လုပ်သင့်တယ်။ ကျမ ILOက စာတော့ သေချာမဖတ်ရသေးပါဘူး။ ဒါပေမယ့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ကျန်းမာရေးဥပဒေက ၂၀၁၈ခုနစ် မတ်လ ၁၂ရက်နေ့မှာ အတည်ပြုထားပြီးပြီ။ များသောအားဖြင့် အဲဒါတွေကလည်း ဆောက်လုပ်ရေးဘက်ကို ဦးတည်ထားတာ များတယ်။ သတ္ထုတွင်းဘက်ကို သိပ်မရှိသေးဘူး။ ဒီဥပဒေက လုပ်ငန်းခွင်အတွက် သိပ်ကို လိုအပ်တယ်။ ဘာလို့လည်းဆိုတော့ လူတွေရဲ့အသက်အန္တရာယ်က အများကြီး ဆုံးရှုံးနေပြီ။
ဖားကန့်က လုပ်သားတွေက တကယ်တော့ ပြည်တွင်းရွှေ့ပြောင်းလုပ်သားတွေဖြစ်တယ်။ ပြည်တွင်း ရွေ့ပြောင်း လုပ်သားတွေဖြစ်တဲ့အတွက် သူတို့ကို ဒါကတော့ သတ္ထုတွင်း လုပ်သားနဲ့ဆိုင်တယ်။ အဲဒီလုပ်သားတွေက အမှန်တကယ်ပြောရလို့ ရှိရင် အလုပ်သမားဝန်ကြီးဌာနအောက်မှာ မတွေ့ရဘူး။ မမြင်ရဘူး။ ဒါပေမယ့် သူတို့ ကလည်း အလုပ်သမားတွေဖြစ်နေတယ်။
မေး ။ ။ ရွှေ့ပြောင်းလုပ်သားတွေ ဘာကြောင့် ဖြစ်လာရသလဲ။
ဖြေ ။ ။ ရွှေ့ပြောင်းလုပ်သားတွေဖြစ်လာရတာက သဘာဝဘေးအန္တရာယ်တွေကြောင့် သူတို့ဒေသမှာ အလုပ် လုပ်လို့ မရတော့ပဲ ရွှေ့ပြောင်းလုပ်ကြတာဖြစ်သလို အခုနောက်ပိုင်း လယ်သိမ်း မြေသိမ်းကိစ္စတွေ ဖြစ်လာတဲ့ အခါမှာလည်း လယ်သမားတွေရဲ့ သားသမီးတွေသည် များသောအားဖြင့် လယ်လုပ်လို့မရတော့တဲ့အခါမှာ ရွှေ့ပြောင်းလုပ်ကြတယ်။ အဲဒါသည် အလုပ်အကိုင်တွေရှားပါးတာ အလုပ်အကိုင် အခွင့်အလမ်းတွေ မရှိတာတွေကြောင့် လူတွေက နေရာရွှေ့ပြောင်းပြီး အလုပ်လုပ်ကိုင်လာကြတယ်။
ဥပမာဆိုရင် ဧရာဝတီတိုင်းဘက်ဆိုရင် နာဂစ်အပြီးမှာ ရန်ကုန်မြို့မှာဆိုရင် လှိုင်သာယာလိုနေရာမျိုးမှာ ရွှေ့ပြောင်းလုပ်သားတွေ တော်တော်များများရှိလာတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဒေသမှာ အလုပ်လုပ် လို့မရလို့ စက်ရုံအလုပ်ရုံတွေ ရှိတဲ့နေရာကို ရွှေ့ပြောင်းလာကြတယ်။
နောက်မြန်မာနိုင်ငံရဲ့ အလယ်ပိုင်းဆိုရင် အောက်ပိုင်းကို ဆင်းလာတွေရှိသလို အပေါ်ပိုင်းကို တက်သွားကြတာ တွေလည်း ရှိတယ်။ ဥပမာ ကချင်ပြည်နယ်တို့ ဖားကန့်တို့ဘက်မှာဆိုရင်လည်း ကျောက်တူးတဲ့ကိစ္စတွေဘက် ဆီ သွားကြတယ်။
အလုပ်အကိုင်တွေရှားပါးတယ်။ လုပ်ခလစာတွေ နည်းပါးတဲ့အခါ စားဝတ်နေရေးပြေလည်ဖို့အတွက် လူတွေက ရေကြည်ရာ မြက်နုရာကို သွားကြတယ်။ ကိုယ်ပတ်ဝန်းကျင်က ရတဲ့သတင်းတွေပေါ်မှာ အခြေခံပြီး သွားကြ တာများတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာက ရန်ကုန်မှာ အလုပ်အကိုင်ကောင်းတယ်ဆိုရင် ရန်ကုန်ကို လာကြ တယ်။ အဲဒီလိုပဲ မြန်မာပြည်ထဲမှာ ရွှေ့ပြောင်းကြတာများသလို ပြည်ပကို ထွက်သွားကြတာကိုလည်း တွေ့ရ တယ်။ ပြည်ပကိုဆိုရင် ထိုင်း၊ မလေးရှား၊ ကိုရီးယား၊ ဂျပန်တို့တွေကို ထွက်တာများတယ်။
ဘာကြောင့်လဲဆိုတော့ တိုင်းပြည်ရဲ့အခြေအနေနဲ့ အများကြီးသက်ဆိုင်တယ်လို့ ကျမမြင်တယ်။ တိုင်းပြည်ရဲ့ စီးပွားရေးအခြေအနေအရ စီးပွားရေးအလုပ်အကိုင်တွေက အရမ်းကို ရှားပါးသွားတဲ့အခါမှာ ကိုယ့်နိုင်ငံမှာ အလုပ်လုပ်တယ်။ ကိုယ်နိုင်ငံမှာ လုပ်တဲ့အလုပ်က ကိုယ့်မိသားစုမပြောနဲ့ ကိုယ်ကိုယ်တိုင်တောင်မှ ပြေလည်မှု မရှိတဲ့အခါကျတော့ မိသားစုစားဝတ်နေရေးအတွက် လူတွေက ရွှေ့ပြောင်းလာကြတယ်။
မေး ။ ။ ရွှေ့ပြောင်းလုပ်သားတွေမှာကြုံတွေ့ရတဲ့ စိန်ခေါ်မှုက ဘာတွေလဲ။
ဖြေ ။ ။ ဂျပန်ကလည်း လုပ်သားဦးရေ ၃သိန်းလောက်ခေါ်မယ်ပြောတယ်။ ၄နိုင်ငံလောက်ကို စာချုပ်ချုပ်ထားတယ် ပြောတယ်။ လက်ရှိမှာတော့ ကိုရီးယားက ဒီနှစ်မခေါ်ဘူး။ မခေါ်တဲ့အခါကျတော့ လူတွေက ဂျပန်ကို အာရုံစိုက်လာတာကို ရွေ့ပြောင်းမှာတွေ့ရတယ်။ ရွှေ့ပြောင်းလုပ်သားတွေရဲ့အခက်အခဲက ဥပမာ MOUနဲ့ သွားတယ်ဆိုပေမယ့် အခက်အခဲတွေနဲ့ရင်ဆိုင်နေရတဲ့ ပြဿနာမျိုးတွေလည်း ရှိနေသေးတယ်။
နောက်ပြီး လုပ်ခလစာမလုံလောက်တာဖြစ်တဲ့အတွက် များသောအားဖြင့် စက်မှုဇုံမှာ အလုပ်လုပ် နေသူတွေရော တခြားသူတွေရော တော်တော်များများက ရွေ့ပြောင်းပြီးတော့ သွားရောက်လုပ်ကိုင် ကြတယ်။ တော်တော် များများ လုပ်သားတွေထွက်သွားတော့ ကိုယ်နိုင်ငံရဲ့အခင်းအကျင်း အရ လုပ်သားဆုံးရှုံးတယ်။ လူ့စွမ်းအား အရင်းအမြစ်တွေ ဆုံးရှုံးတယ်။ တကယ်အလုပ်လုပ်နိုင်တဲ့လူငယ် တော်တော်များများက နိုင်ငံခြားထွက်ပြီးတော့ အလုပ်လုပ်ကြတယ်။
မေး ။ ။ အေဂျင်စီတွေကို ပိတ်သိမ်းတဲ့အပေါ်ပြည်ပက Domestic Workerခေါ်ယူမှုအခြေအနေ ဘယ်လိုရှိလဲ။
ဖြေ ။ ။ ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရ အေဂျင်စီတွေ ပိတ်သိမ်းလိုက်တဲ့အပေါ် ပြန်ပြီး ဖွင့်ပေးတယ်။ အစိုးရက ပေါ်လစီအရ ၄နိုင်ငံကို ခေါ်တယ်။ ထိုင်း၊ စကာၤပူ၊ မကာအို၊ ဟောင်ကောင်ရယ်ကို Domestic Worker အိမ်အကူလုပ်သားတွေ လွှတ်မယ်ဆိုတာကို အခုကျပြီ။
အဲဒီလိုပိတ်သိမ်းထားတဲ့အတွက် လုပ်သားတွေဟာ အခွင့်အရေးတွေ အကာအကွယ်တွေ မရဘူး။ သွားကြတာကလည်း အမျိုးသမီးတွေ များတယ်။ အခု အချိန်မှာ အစိုးရကနေပြီးတော့ စင်္ကာပူနဲ့ ဟောင်ကောင်၊ မကာအို ရယ်နဲ့ ထိုင်းကိုတော့ ရွှေ့ပြောင်းလုပ်သားနဲ့ ပတ်သက် ပြီး ပြန်ဖွင့်ပေးလိုက်ပြီ။ ဒါကကောင်းတဲ့ အလားအလာဖြစ် တယ်။
မေး ။ ။ Domestic Workerအနေနဲ့ သွားမယ်ဆိုရင် ဥပဒေအရက ဘယ်လိုရှိလဲ။
ဖြေ ။ ။ ကျမတို့နိုင်ငံသားတွေ တခြားမှာ Domestic Worker သွားလုပ်မယ်ဆိုရင် ဘယ်လို မျိုးကာကွယ် ပေးတဲ့MOUစနစ်တွေနဲ့ သွားမလဲ။ ဥပမာဆိုပါစို့ အိမ်အကူလုပ်သားသွားလုပ်တော့မယ်ဆိုရင် ဒီကနေပြီးတော့ ကျွမ်းကျင်သင်တန်းတွေပေးရမယ်။ သင်တန်းပြီးမှ သွားရမယ်။ နို့မို့ဆိုရင် တခြားနိုင်ငံကို သွားအလုပ် လုပ်တယ် ဆိုတာ ဘာသာစကားအခက်အခဲ ပြီးတော့ သဘော သဘာဝတွေ မတူကြတာတွေ နောက် Domestic Worker ဖြစ်တဲ့ အတွက် အိမ်ရှင်နဲ့အတူ နေရတဲ့ကာလ တွေရှိတယ်။ အဲဒီအတွက် အိမ်အကူလုပ်သားတွေ အတွက်ကို အကာ အကွယ်ပေးတဲ့ ဥပဒေတောင် ဒီနိုင်ငံ အတွက် မထွက်သေးဘူး။ အိမ်အကူလုပ်သားနဲ့ ပတ်သက်တဲ့ ဥပဒေ မထွက်သေးဘူး။
အဲဒီတော့ လက်ရှိမှာ အိမ်အကူလုပ်သားနဲ့ ပတ်သက်တဲ့ ဥပဒေ ထွက်သင့်တယ် ဆိုပြီး ကျမတို့ ဘက်ကနေ ပြောနေတယ်။ ကိုယ်နိုင်ငံနဲ့အညီပြဌာန်းဖို့။ ဒါမှလည်း တခြားနိုင်ငံတွေနဲ့ MOUထိုး တဲ့အခါမှာ ကိုယ့်နိုင်ငံကလည်း ဒီလိုမျိုး ပေါ်လစီတွေရှိတယ်။ တခြားနိုင်ငံကို လွှတ်မယ်ဆိုလို့ရှိရင်လည်း ILO standard တွေနဲ့ ညီအောင် ဘယ်လိုမျိုး ကိုယ်နိုင်ငံသားတွေကို အကာအကွယ်ပေးမလဲဆိုတာကလည်း နောက်ဆက်တွဲ သွားရမယ့်ဟာလို့ မြင်တယ်။ စေလွှတ်လိုက်ဖို့ကတော့ ကျပြီ။ ဒါပေမယ့် စေလွှတ်လိုက်တဲ့အခါမှာ ကို့ယ်နိုင်ငံသားတွေ တခြားနိုင်ငံမှာ အလုပ်သွား လုပ်တဲ့အခါ တကယ့်ကို ကျွမ်းကျင်တဲ့ လုပ်သားတွေ ဖြစ်အောင် သင်တန်းတွေပေးရမယ်။ တခြားနိုင်ငံမှာ အလုပ်သွားလုပ်တဲ့အခါမှာ ကာကွယ်မှု စောင့်ရှောက်မှု ပေးရမယ်။ ဒါမျိုးတွေလည်း လုပ်ပေးဖို့ လိုအပ်တယ်လို့ မြင်တယ်။
မေး ။ ။ Domestic Workerတွေအတွက် ကာကွယ်စောင့်ရှောက်မှု ဘာကြောင့်လိုအပ်တာလဲ။
ဖြေ ။ ။ ဘာလို့ဆို Domestic Worker သွားတဲ့သူတော်တော်များများက အမျိုးသမီးတွေ ဖြစ်နေတယ်။ အဲဒီတော့ အမျိုးသမီးတွေကို ကာကွယ် စောင့်ရှောက်ဖို့အတွက်လည်း လိုအပ်တယ်။ အရင်နှစ်ကဆိုရင် အမျိုးသားတွေပဲ သွားတာများတာ။ အခုဆိုရင် တခါတလေ အမျိုးသမီးတွေကတောင် များချင်သေးတယ်။ တချို့နေရာတွေမှာ အမျိုးသမီးတွေ စေလွှတ်တာများလာတယ်။
oversea employment lawက ၁၉၉၉ခုနစ်မှာ ထွက်တာဆိုတော့ အဲဒီအချိန်တုန်းက နိုင်ငံခြားထွက် အလုပ် လုပ်တာ အမျိုးသားတွေ များတယ်။ အမျိုးသမီးက ရှိပေမယ့် နည်းနေသေးတယ်။ ၂၀၀၀ခုနစ် နောက်ပိုင်း လောက်မှ များလာတာ။
မေး ။ ။ အိမ်အကူလုပ်သားတွေ ခွဲခြားခံရတာတွေနဲ့ပတ်သက်ပြီး စိစစ်ဖို့အခြေအနေဘယ်လိုရှိလဲ။
ဖြေ ။ ။ အိမ်အကူလုပ်သားနဲ့ပတ်သက်ပြီးတော့ ခွဲခြားတာတွေ စိစစ်ဖို့ တောက်လျှောက်ပြောလာတယ်။ အခုနောက်ပိုင်း ပိတ်ထားတာကို ပြန်ဖွင့်လိုက်ပြီဆိုတာတော့ ဒါကောင်းတဲ့ လက္ခဏာဖြစ်တယ်။ ကျမတို့ တောက်လျှောက်လုပ် လာတဲ့ရလာဒ်တခုလို့ ပြောလို့ရတယ်။
များသောအားဖြင့်က တခြားနိုင်ငံသွားကြပြီဆိုရင် ကျေးလက်ဒေသက သွားကြတာများတယ်။ ကျေးလက် ဒေသကသွားမယ့် အမျိုးသမီးတွေကို သတင်းအမှန်တွေရမယ့် လက်လှမ်းမီဖို့ လိုအပ်တယ်။ ကျမတို့ အမှုတွေ အများကြီးရှင်းနေရတာ အဲဒါပဲ။ ဘာလို့လဲဆိုတော့ ပွဲစားတွေက အလိမ်ခံရတာတွေ၊ နောက်ဆုံး လူကုန်ကူး ခံရတဲ့အထိ ဖြစ်နိုင်တယ်။ အဲဒါက ရွှေ့ပြောင်းလို့ ပြောတဲ့အခါမှာ မြို့ပေါ်မှာ ရွေ့ပြောင်းတာထက် ကျေးလက် ဒေသက ရွေ့ပြောင်းတာ ပိုများတယ်။
လိမ်တယ်ဆိုတာကလည်း တခါတလေ ကိုယ်နဲ့ ရင်းနှီးတဲ့သူတွေက လိမ်ကြတာများတယ်။ ကိုယ့်အချင်းချင်း တွေ လိမ်တဲ့အခါမှာ အများကြီး ဒုက္ခရောက်တယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ သတင်းအချက်အလက် လက်လှမ်း မမီလို့။ အဲဒီတော့ အခုနောက်ပိုင်း အမျိုးသမီးတွေကို သတင်းအချက်ပေးတဲ့အခါမှာ ဘယ်လိုနည်းလမ်းတွေနဲ့ ပေးမလဲဆိုတာ စဉ်းစားလာတဲ့အခါမှာ ဆိုရှယ်မီဒီယာကနေ ပေးနိုင်အောင် အက်ပလီကေးရှင်းတွေ ထုတ်ထား တယ်။ သူတို့လည်း သတင်းမှန်သိအောင် လက်လှမ်းမီဖို့ ကြိုးစားလာကြတယ်။ ဒါပေမယ့် တကယ် လက်လှမ်း မီနိုင်ဖို့အတွက်တော့ လိုအပ်နေသေးတယ်။