ယခု နွေရာသီကာလမှာတော့ မြန်မာနိုင်ငံ အနှံ့အပြားမှာ လျှပ်စစ်မီး မကြာခဏ ပြတ်တောက်မှုများ ဖြစ်ပေါ်နေပါတယ်။ အဲဒီလို မီးပျက်ရတဲ့ အကြောင်းရင်းတွေထဲမှာ စံချိန်တင် ပူပြင်းတဲ့ ရာသီဥတုကြောင့် ရေအား လျှပ်စစ် စက်ရုံတွေရှိရာ ဆည်တွေက ရေများ ခန်းခြောက်ကုန်ပြီး ဓာတ်အား ထုတ်လုပ်မှုတွေ အရင် နှစ်ထက် ကျဆင်းလာတာကြောင့်လို့ သိရပါတယ်။ ရန်ကုန်တိုင်းအတွင်းမှာ မြို့နယ်များ အလိုက် မီး မကြာခဏ ပျက်ခြင်း၊ မန္တလေးတိုင်းမှာ ဆိုရင်လည်း မြို့နယ် အလိုက် အုပ်စု ၈ ခု ခွဲပြီး အလှည့်ကျ မီးပေးတဲ့ စနစ်ကို ကျင့်သုံး ရပါတယ်။
လျှပ်စစ်မီး ဓာတ်အားနဲ့ ပတ်သက်ပြီး ဧပြီ ၂၉ ရက်က ပြည်သူ့ လွှတ်တော် အစည်းအဝေးမှာ လွှတ်တော် ကိုယ်စားလှယ် တဦးရဲ့လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု မရှိစေရေး မည်သို့ စီစဉ်ဆောင်ရွက်ထား သလဲ မေးခွန်းကို လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာ ထွန်းနိုင် က လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု မဖြစ်ပေါ်စေလိုပါက ဝန်ကြီး ဌာနက နှစ်စဉ် တင်ပြ တောင်းခံတဲ့ ဘတ်ဂျက်များကို ဖြတ်တောက်မှု မပြုလုပ်ဘဲ ခွင့်ပြုပေးရန် လိုအပ်ကြောင်းနဲ့ မြန်မာနိုင်ငံမှာ လျှပ်စစ်မီး ပျက်သွားတဲ့အခါ စင်ကာပူ၊ အမေရိကန်တို့လောက် မကြာဘဲ နာရီပိုင်းနဲ့ ပြန်ရတယ်လို့ ဖြေကြားသွားပါတယ်။
အခုလို ဒုဝန်ကြီးရဲ့ ဖြေကြားချက်များ အပေါ်မှာ သဘော ထား အမြင် သုံးသပ်ချက်များ အနေနဲ့ နယ်ပယ် အသီးသီးက ပုဂ္ဂိုလ်များကို ဧရာဝတီ သတင်းထောက် သဇင်လှိုင်နဲ့ အောင် သီဟ တို့က မေးမြန်းထားမှုများကို တင်ပြ လိုက်ရပါတယ်။
ဦးနေမျိုးထက်
လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ (ပြည်သူ့ လွှတ်တော်) အဖွဲ့ဝင်
ကျောက်တံတား မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်
ကျနော်တို့ကတော့ မီးပျက်လို့ ပြည်သူတွေ အခက်အခဲ ဖြစ်နေလို့ မေးခွန်းမေးရတာပါ။ Check and Balance လုပ်ရမယ့် တာဝန်ကို လုပ်တာပေါ့။ ဒါပေမယ့် သူဖြေသွားတဲ့ အပေါ်မှာ သဘောမကျဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပထမပိုင်းက ဖြေ သွားတာကတော့ ဘာကြောင့် ဆိုတာကို ရှင်းပြတယ်ပေါ့။ ပထမပိုင်း ကတော့ အိုကေ ပါတယ်။ နောက်တပိုင်းကတော့ အခု နွေရာသီကတော့ ပြီးသွားပြီ။ ၂၀၂၀ နွေရာသီ ကျရင် မဖြစ်အောင် ဘာတွေ လုပ်မလဲ ဆိုတာ သူဖြေတာ အဆင် မပြေဘူး။
ကျနော်တို့ လိုလားတာက ဘယ်လို ကောင်းအောင် ဘာတွေ ဆက်လုပ်မယ်။ ဘယ်လို plan တွေ ရှိလဲ။ အခက်အခဲတွေကို ဘယ်လို ဖြေရှင်းမလဲ ဆိုတာကို သိချင်တာ။ ပြည်သူတွေကိုပါ သိစေချင်တာ။ အဲဒါကို သေသေချာချာ လေးလေးစားစား မဖြေသွားဘဲနဲ့ ဘတ်ဂျက် တောင်းတဲ့ ကိစ္စတွေ ဖြေသွားတယ်။ အမေရိကန်တို့ စင်ကာပူတို့ အကြောင်းတွေ ပြောသွား တယ်။
ဘတ်ဂျက်မှာတော့ ၂ ပိုင်း ရှိတယ်။ ကျနော်တို့ လွှတ်တော်ကို မတင်ခင် စီမံ/ဘဏ္ဍာ ဝန်ကြီး ဌာနကို တင်ရတယ်။ အဲဒီက ကျလာမှ လွှတ်တော်ကို တင်ရတယ်။ ကျနော်တို့ လွှတ်တော်က လျှပ်စစ်နဲ့ ပတ်သက်ရင် ဘက်ဂျက် လုံးဝ မဖြတ်ဘူး။ မဖြတ်ဘဲနဲ့ အကုန် ပေးခဲ့တာ။ ဒါပေမယ့် သူဖြေသွားတဲ့ အဓိပ္ပာယ်က စီမံ/ဘဏ္ဍာက ဖြတ်ခဲ့တာကို ပြောတာလား။ လွှတ်တော်က မဖြတ်ဘဲနဲ့ သူပြောတာက သဘာဝ မကျဘူး ဖြစ်နေတယ်။
လျှပ်စစ် ဝန်ကြီး အနေနဲ့က လုပ်ဆောင်ချက်တွေ ကြိုးစားချက်တွေ ရှိပါတယ်။ အဲဒါကို အတိုင်းအတာ တခု အထိ အသိ အမှတ် ပြုပါတယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် မီးပျက်တာ ဖြစ်တဲ့အတွက် သူ့မှာ တာဝန်ရှိပါတယ်။ မီးကို ဘယ်လောက်အထိ သုံးမယ် ဆိုတာ တွက်ချက်ရမယ်။ ကျနော်တို့ တချိန်လုံး မေးနေတာပဲ။ ပြည်သူတွေကို ရှင်းပြရမယ်။ ကောင်းကောင်း မွန် မွန် ပြောရမယ်ပေါ့။
ကျနော်တို့ နိုင်ငံမှာ လျှပ်စစ်မီး သုံးစွဲတာက ရေအား လျှပ်စစ်ပေါ်မှာ အရမ်း မှီခိုလွန်းတယ်။ အရမ်း မှီခိုတာ မကောင်းဘူး လို့ ကျနော်တို့ ကြိုသိလို့ လွန်ခဲ့တဲ့ နှစ်တွေကတည်းက ပြောင်းပါ၊ ရေအား တခုတည်းနဲ့ မှီမခိုပါနဲ့၊ ဆိုလာ သုံးပါ၊ တခြား နည်းလမ်းတွေကို သုံးပါလို့ တိုက်တွန်းတယ်။ သူတို့ဘက်ကလည်း ငွေကြေး အခက်အခဲတွေ ရှိတယ်။ မှန်တယ် ကျနော် တို့မှာ ငွေကြေး မရှိဘူး။ သူများ နိုင်ငံတွေ ဘယ်လို လုပ်နေလဲ၊ PPP ပုံစံနဲ့ တင်ဒါတွေ ဘယ်လိုခေါ်လဲ ဒီလို စနစ်တွေ ပြောင်းပါ။ အဲဒီတော့မှ ကျနော်တို့ အဆင်ပြေသွားမယ်။ ကမ္ဘာမှာ တခြား နိုင်ငံတွေ သုံးတဲ့ ပုံစံတွေကို ကျင့်သုံးပြီးတော့ ပြောင်းလဲသင့်တယ် လို့ အကြံပေးချင်တယ်။
မမြတ်နိုးခင်
ကြည့်မြင်တိုင် မြို့နယ်နေ အိမ်ရှင်မ တဦး
ကျမတို့လည်း မီးပျက်တာကို လက်ခံပါတယ်။ အခြေအနေ အကြောင်း အမျိုးမျိုးကြောင့် ပျက်ရတာ ဆိုတော့။ ဒါပေမယ့် လည်း သတင်း အချက်အလက်က ဘာမှ တိတိကျကျ မရဘူး။ ဥပမာ ဘယ်အချိန်ကနေ ဘယ်အချိန်ထိတော့ မီးပျက်မယ် ဘယ်အချိန်မှာတော့ မီးပြန်လာ ဆိုတဲ့ ကြေညာချက်မျိုးတွေ ရရင်တော့ ဘာပဲပြောပြော ထမင်းချက်တာ ဖြစ်ဖြစ်၊ ရေတင် ထားတာ ဖြစ်ဖြစ် ကြိုလုပ်လို့ ရတယ်။
အခုက ဘာမှ မသိရဘူး ပျက်တယ်။ ပျက်ပြီးရင်လည်း ဘယ်အချိန် ပြန်လာမှာလည်း ဆိုပြီး စောင့်နေရတယ်။ စောင့်သာ စောင့်နေရတာလေ။ ပြန်လာမယ် မလာဘူးက မသေချာဘူးလေ။ ကိုယ့်တွေက ဘာလုပ်လို့ ဘာကိုင်ရမလဲ မသိဘူးလေ။ နောက် စင်ကာပူတို့ ဘာတို့ နဲ့ ယှဉ်ပြီး ပြောတယ် ဆိုတာက ဘယ်လိုမျိုးက ယှဉ်ပြီး ပြောနိုင်မလဲ။ သူတို့ ဖွံ့ဖြိုးမှုနဲ့ အမတို့ နိုင်ငံရဲ့ အခြေအနေနဲ့က အများကြီး ကွာနေသေးတယ်။
သူတို့ နိုင်ငံမှာလည်း မပျက်ဘူး မပြောပါဘူး။ ပျက်ပါတယ်၊ တလ နေလို့ တခါလောက်တော့ ပျက်တာတွေ ရှိတယ်။ ဒါပေမယ့် သူတို့မှ တာဝန်ယူမှု တာဝန်ခံမှု ရှိတယ်။ ဒီက ၁၇၇၁ က မီးပျက်ပြီ ဆိုရင် ဖုန်းဆက်လို့ မရတော့ဘူး။ မီးပျက်ရင် ဆက်လို့ မရတဲ့ ဖုန်းကို ဘာလို့ ထားထားသေးလဲ ပေါ့နော်။ ကျမတို့က မီးပျက်တာကို နားလည်ပေးပါတယ်။ အိမ်ရှင်မတွေ မှာကလည်း မီးမရရင် လုပ်လို့ မရတဲ့ ကိစ္စတွေ အများကြီး ရှိတယ်လေ။ ရေတင်တာ၊ ထမင်းချက်တာတွေ အပြင် ဖုန်းအား သွင်းတာတွေ၊ တခြား သန့်ရှင်းရေး လုပ်တာတွေ အများကြီး ရှိတယ်။ ဘာမှ ချိန်လုပ်လို့ မရဘူး ဖြစ်နေတာ။
ဥပမာပေါ့- ရုံးချိန်မှာ သုံးနာရီလောက် ဖြတ်မှာလား၊ ဒါမှမဟုတ် ည ဘက်မှာ ဖြတ်မှာလားပေါ့။ ရာသီဥတု အပြောင်းအလဲ တွေကြောင့် ရေမရှိလို့ လျှပ်စစ်ဓာတ်အား မလုံလောက်တာတွေကို နားလည်ပေးပါတယ်။ တိကျတဲ့ သတင်း အချက် အလက်တွေတော့ လိုချင်တယ်။ ဘယ်အချိန် ပြန်လာမှန်မှန်း မသိတဲ့ ဟာကို ထိုင်စောင့်နေရတာ တော်တော် ဒုက္ခ ရောက် တယ်။
မအေးသန္တာထွန်း
NGO ဝန်ထမ်း တဦး
လတ်တလော ကြုံရတာကတော့ အချိန်အခါ မဟုတ် ပျက်ချင်တိုင်း ပျက်တော့ စီမံခန့်ခွဲရတာတွေ ကမောက်ကမ ဖြစ် တယ်။ ကလေး မူကြိုကို ထမင်းဘူး မထည့်ပေးလိုက်နိုင်တာ ကနေ အလုပ်လုပ်ဖို့ ကွန်ပျူတာ အားကုန်တာ အထိ မီးက အရေးပါ နေတယ်။ ပညာရေး အရ ဆိုလည်း ငယ်ငယ်ကတော့ ဖယောင်းတိုင်မီးနဲ့ စာကျက်ခဲ့တာပါပဲ။ ဒါပေမယ့် ပညာရေး အတွက် ဖယောင်းတိုင်မီးနဲ့ စာကျက်နေကြရတာတွေက မျက်လုံး အတွက် မကောင်းဘူး။
မီးပျက်တာက အိမ်မှု ကိစ္စတွေ အပြင် ပညာရေး အတွက်ကိုလည်း လာထိခိုက်တယ်။ ပေါင်းအိုးထဲမှာ နေရသလို ပူပြီး ချွေး ထွက်လွန်းတဲ့ ရန်ကုန် ရာသီဥတုကြောင့် မီးပျက်တော့ လူက ပူတယ်။ ပူရင် လူက ဒေါသထွက်လွယ်တော့ ကျန်းမာရေး ရော ပေါင်းသင်း ဆက်ဆံရေးကိုလည်း ထိခိုက်စေတယ်။ အစိုးရ ဆိုတာကလည်း ပြည်သူကို အကောင်းဆုံး ပေးချင်တာ၊ ပြည်သူ ဆိုတာကလည်း အကောင်းဆုံး ဆိုတာကိုမှ လိုချင်ကြတာပဲလေ။
ဒီမိုကရေစီလို့ အော်လို့ ရနေပြီ ဆိုတော့ အကောင်းဆုံး ဆိုတာတွေ ပေးရင်ပေး၊ မပေးရင်တော့ အဟင်းဟင်း ဆိုတဲ့ အနေ အထားတွေ ဖြစ်နေကြတယ်လို့ ကျမကတော့ မြင်တယ်။ ကျမ က အကောင်းမြင်တယ် ပြောရမလား၊ ဟိုတုန်းက မီးမရတဲ့ စနစ်မှာ နေခဲ့ဖူးတာကြောင့်လားတော့ မသိဘူး။ သူတို့ ပြောခဲ့ ကြေညာခဲ့သလို ဖြစ်မလာပေမယ့် ကျမကတော့ ကိုယ့်အစိုးရ ကို နားလည်ပါတယ်။ သူတို့မှာလည်း လုပ်စရာတွေ အများကြီး ရှိနေတယ် ဆိုတော့လေ။
ဦးမျိုးမြင့်
ကမ္ဘာ့ဘဏ်မှ စွမ်းအင် ပညာရှင်
အခု လောလောဆယ် မြန်မာနိုင်ငံက အဓိက လျှပ်စစ် ထုတ်တာက ရေအားနဲ့ သဘာဝ ဓာတ်ငွေ့ ကနေ ထုတ်တာ ၅၀-၅၀ လောက် ရှိတာပေါ့။ ဒါပေမယ့်လည်း ရေအားကတော့ နည်းနည်းလေး ပိုများတယ်။ ရေအား အပေါ်မှာ လုံးဝ မှီခိုနေရတာ တော့ မဟုတ်ဘူးပေါ့။ စာရင်းဇယားတွေ အရ ပြောမယ် ဆိုရင်တော့ ရေအားက တဝက်သာသာလောက်ပဲ ရှိတယ်။ နိုင်ငံ ရဲ့လျှပ်စစ်ဓာတ်အား ဖူလုံဖို့က နိုင်ငံရဲ့ အရင်းအမြစ်ကို ကြည့်ရင် ရေ အရင်းအမြစ်တွေ အများကြီး ရှိနေပါသေးတယ်။
ရေအားနဲ့ ထုတ်လုပ်ရတဲ့ နေရာတွေ အများကြီး ရှိနေသေးတယ်။ သဘာဝ ဓာတ်ငွေ့ကျတော့ ကျနော်တို့ဆီမှာ ပြည်တွင်း အတွက် သိပ်မကျန်တော့ဘူး။ အကုန်လုံးက ရောင်းထားတာ ဆိုတော့လေ။ အဲဒီတော့ ဝန်ကြီးဌာနကလည်း ပြည်ပကနေ ဓာတ်ငွေ့ရည် (LNG) သွင်းပြီး လုပ်မယ် ပြောပေမယ့် တကယ်တမ်း ကျတော့ အဲဒါက ဈေးကြီးတယ်။ ဈေးကြီးတော့ ဒါနဲ့ လုပ်ဖို့ တတ်နိုင်ပါ့မလားပေါ့။ လျှပ်စစ် ဝန်ကြီးဌာနကလည်း တော်တော်ကြီး ရှုံးနေတာကို။ အဲဒီတော့ ကျနော်တို့ နိုင်ငံမှာ သဘာဝ ပတ်ဝန်းကျင် သိပ် မထိခိုက်ဘဲနဲ့ လုပ်လို့ ရတဲ့ ရေအားလျှပ်စစ်တွေ အများကြီး ရှိသေးတယ်။
နောက်တခု ကတော့ မပြီးသေးတဲ့ ရေအား လျှပ်စစ် စီမံကိန်းတွေလည်း ရှိနေသေးတယ်။ အဲ့ဒီ စီမံကိန်းတွေကို အစိုးရ အနေနဲ့ မြန်မြန် ပြီးအောင် လုပ်သင့်တာပေါ့။ အစိုးရ အနေနဲ့လည်း တွန်းပြီး လုပ်နေတယ်လို့ ကျနော်တို့ မြင်နေရတယ်။ ရေအား လျှပ်စစ်က နွေရာသီမှာ အထွက် နည်းတယ် ဆိုပေမယ့်လည်း များများ ဆောက်ထားမယ် ဆိုရင်တော့ လုံလောက် မှု ရှိနိုင်တာပေါ့။ တခြား ဘေးပတ်ဝန်းကျင်က လာအိုတို့ နီပေါတို့ ဆိုရင်လည်း ရေအားလျှပ်စစ် နိုင်နိုင်ထုတ်ပြီးတော့ တခြား နိုင်ငံကိုတောင် ပြန်ရောင်းနေကြတဲ့ အခြေအနေတွေ ရှိတယ်။
ရေအား လျှပ်စစ်ကတော့ ကိုယ့်နိုင်ငံက အရင်းအမြစ်ကနေ လုပ်တာ ဆိုတော့ နံပတ် ၁ က ကုန်ကျစရိတ် သက်သာတယ်။ သူများ နိုင်ငံတွေကို ရေအား လျှပ်စစ်ကို ပြန်ရောင်းတဲ့ အခြေအနေတွေ အထိ ဖြစ်လာရင် နိုင်ငံ အတွက်လည်း တဖက် တလမ်းက ဝင်ငွေရစေတာပေါ့။ ဆိုလာတို့ လေအား လျှပ်စစ်တို့က သူ့ကိုပဲ အားကိုးလို့ မရနိုင်ဘူး ဆိုတာ၊ သူ့ဆီက လျှပ် စစ်အားက မှန်းလို့ မရနိုင်ဘူး၊ အမြဲတမ်း တက်လိုက် ကျလိုက် ဖြစ်နေတာ။ တကယ် ဖွံ့ဖြိုး တိုးတက်နေတဲ့ နိုင်ငံတွေမှာ တောင်မှ ၂၀ ရာခိုင်နှုန်းလောက်ပဲ ထုတ်ကြတာ။
ကျနော်တို့ နိုင်ငံမှာ သူတို့ ၁၀ ရာခိုင်နှုန်းလောက် ဖြစ်ဖြစ် ထည့်ဖို့ ကြိုးစားနေတာလည်း ရှိတယ်။ အစိုးရကတော့ လျှပ်စစ် ထုတ်လုပ်မှု အပိုင်းမှာ ကြိုးစားပမ်းစားတော့ လုပ်နေတာပေါ့။ စီမံကိန်းတွေရဲ့ သဘော သဘာဝကလည်း ရေတို မဟုတ် ဘူးလေ၊ ရေရှည် တည်ဆောက် ရတာ ဆိုတော့ အချိန်တခု လိုတာပေါ့။
ကိုမြအေး
ဖက်ဒရယ် ဒီမိုကရက်တစ် အင်အားစု (FDF)
တချို့ လူငယ်တွေ ကျတော့ တကယ့် ခေတ်ဆိုးကြီးကို မကြုံဖူးခဲ့ကြတာ ရှိတယ်။ တရက်လုံးကို နာရီပိုင်းလောက်ပဲ ရတဲ့ အခြေအနေတွေလည်း ရှိခဲ့တယ်။ ဘာမှ ကွန်ပလိန်း တက်လို့ မရတဲ့ဟာတွေ ကြုံခဲ့ရတယ်။ အရင်ကာလတွေနဲ့ နှိုင်းယှဉ် ရင်တော့ ပိုပြီး ရလာတဲ့ အနေအထားတော့ ရှိတယ်။ ပြီးတော့ မီးကြိုးတွေကလည်း ဟောင်းနွမ်းနေတဲ့ အနေအထား တွေလည်း ရှိတော့ သူတို့ လုပ်ရကိုင်ရ ခက်တဲ့ အပိုင်းလေးတွေလည်း ရှိမယ် ထင်တယ်။ ကျတော်တို့ဘက်က ကျတော့ အားမလို အားမရတဲ့ အပိုင်းလေးတွေ ရှိတာပေါ့။
ပြည်သူတွေက ငါတို့ အစိုးရ ဒီထက် ပိုလုပ်နိုင်ရမယ် ဆိုတဲ့ စိတ်လေးတွေတော့ ရှိကြလို့ စေတနာနဲ့ ပြောကြတာလည်း ရှိတာပေါ့။ ကျနော်လည်း မီးပျက်တာ မကြိုက်ပါဘူး။ တဖက်ကလည်း နားလည်ပေးရမယ့် အပိုင်းလေးတွေတော့ ရှိတယ်။ ဟိုအရင် ခေတ်ဆိုးထက် စာရင်တော့ ပိုကောင်းနေသေးတယ် လို့တော့ ပြောမယ်။ ဒု ဝန်ကြီး စကားကတော့ တော်တော် လွဲတယ်ဗျ။ အချက်အလက်တွေလည်း မမှန်ဘူး။ ကိုးကားမှုတွေကလည်း လွဲချော်နေတဲ့ အခါကျတော့ အမှားကြီးကို တက်ပြီး ပြောလိုက်တော့ ရယ်စရာကြီး ဖြစ်သွားတာပေါ့ဗျာ။
သူပြောတဲ့ နိုင်ငံတွေမှာ နေတဲ့ မြန်မာတွေလည်း အများကြီးပါ။ သူတို့နိုင်ငံတွေထက် စာရင် ကျနော်တို့ နိုင်ငံကမှ သာသေး လိုမျိုး ပြောတော့ ပေါတောတော ကြောင်တောင်တောင်ကြီး ဖြစ်တာပေါ့ဗျာ။ အဲဒီလိုမျိုးကြီး ပြောတာတော့ အဓိပ္ပာယ် မရှိ ဘူး။ မြန်မာနိုင်ငံ မီးရရေး မီးမှန်ရေး ဆိုတဲ့ ကိစ္စက အများကြီး စဉ်းစားရမယ့် ကိစ္စပါ။ လျှပ်စစ်နဲ့ ပတ်သက်ပြီး ဝန်ကြီး ဌာန က ဘယ်လို ဝန်ဆောင်မှုတွေ ပေးမလဲ၊ ဒီလို ဝန်ဆောင်မှုတွေ အတွက် ထိုက်တန်တဲ့ နှုန်းထားကိုလည်း ဘယ်လို ယူမလဲ ဆိုတဲ့ ပြည်သူနဲ့ အစိုးရကြား ညှိယူရမယ့် ကိစ္စပေါ့။
အချိန်ကာလ တခု အထိ နားလည်မှု တည်ဆောက်ရမယ့် အပိုင်းပေါ့။ မြန်မာတနိုင်ငံလုံး လျှပ်စစ်မီး ရရှိရေး အတွက် ဘယ်လို စီမံကိန်းတွေ ဘယ်လို အစီအမံတွေနဲ့ လုပ်မလဲ ဆိုတာကို စဉ်းစားရမယ့် အနေအထားပေါ့။ ရေအား လျှပ်စစ်တို့ သဘာဝ ဓာတ်ငွေ့တို့က ဘယ်လို တိုးထုတ်ကြမလဲ ဆိုတာတွေက အများကြီး လုပ်ရဦးမယ့် အခြေအနေပါ။ ချက်ချင်းတော့ မရနိုင်သေးဘူးပေါ့။ ဒါပေမယ့်လည်း နိုင်ငံတော် အဆင့် နေရာကြီးမှာတော့ ဒီလိုမျိုး ပြောတာကတော့ ရယ်စရာကောင်း တာပေါ့။ မဖြစ်သင့်ဘူး။ ကိုယ့်ရဲ့ အခြေအနေကို အမှန်တိုင်း ဝန်ခံပြီး နားလည်အောင် စည်းရုံး သိမ်းသွင်း ပြောပြဖို့ လို တယ်လို့ ကျနော် မြင်တယ်။
ဦးအေးသောင်း
ရွှေလင်ပန်း စက်မှုဇုန် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ
မီးပျက်တဲ့ ကိစ္စကတော့ မီးမနိုင်လို့ ပျက်တယ် လို့ သိရတာပေါ့။ ကျနော် မြင်တာကတော့ ရှုံးလည်း ရှုံးတယ်၊ ပျက်လည်း ပျက်တယ် ဆိုရင် အလားအလာ မကောင်းဘူး။ တခုခု ပြောင်းဖို့ လိုနေပြီလေ။ ပြောင်းဖို့ အတွက်ကိုလည်း ကျနော် တို့ ခဏခဏ နေပြည်တော်မှာလည်း သွားရောက် တွေ့ဆုံပြီး ပြောနေတာပဲ။ အရင်တုန်းကလည်း စက်မှုဇုန်တွေ အကြောင်းပြ ပြီး ဈေးတက်သွားခဲ့တာပဲ။ ကတိတွေ ပေးခဲ့ပြီးပေမယ့်လည်း ဘာမှ မဖြစ်လာပါဘူး။ ပိုဆိုးသွားတာက ကြားပွဲစား ကန် ထရိုက်တွေ ပေးလိုက်တာပဲ။ ကန်ထရိုက်က မီတာခ ကောက်တာလောက်ပဲ လုပ်တာ။
ပွင့်လင်း မြင်သာမှု ရှိရှိ တကယ် လုပ်နိုင်တဲ့သူတွေကို လုပ်ခွင့်ပေးလိုက်ပါ။ ကျနော်တို့ စက်မှု လုပ်ငန်းရှင်တွေ အတွက် နံပတ် ၁ အရေးကြီးဆုံးက လျှပ်စစ်ပဲ။ လျှပ်စစ် မရှိရင် လုပ်ငန်း လုပ်လို့ မရပါဘူး။ လျှပ်စစ် ဈေးတက်တာကို ကျနော်တို့ မကြောက်ပါဘူး။ နိုင်ငံတကာ စံနှုန်းအတိုင်း ဈေးတက်မယ် ဆိုရင် နိုင်ငံတကာမှာ ပေးနေတဲ့ ဝန်ဆောင်မှု အတိုင်း ဖြစ်ဖို့ လိုတယ်။ ဈေးနှုန်းတော့ တက်တယ်၊ မြန်မာ့ နည်း မြန်မာ့ ဟန် အတိုင်း ပျက်နေမယ် ဆိုရင်တော့ မဟုတ်သေးဘူးလေ။
နောက်ပြီးတော့လည်း ဝန်ကြီးဌာနက အပြည့်အဝ လုပ်ကိုင်ခွင့်ပေးဖို့ လိုတယ်။ လျှပ်စစ်က လျှပ်စစ် ထုတ်တယ်၊ လျှပ်စစ် ရောင်းတယ်၊ ဝင်သမျှဟာကို နိုင်ငံတော် ဘတ်ဂျက်ထဲ ပေးရပြီး လုပ်ငန်း ပြန်လုပ်ဖို့ ဘတ်ဂျက် ပြန်တောင်းပြီး လုပ်နေရ တော့ တိုင်ပတ်နေတာပေါ့။
နိုင်ငံတကာတွေမှာလို နူးကလီးယား က လျှပ်စစ် ထုတ်မယ် ဆိုရင်လည်း လုပ်ချင်လို့ ရတာပဲ အဓိက ဘတ်ဂျက်ပေါ့။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တွေတော့ လူကြီးတွေက ဖိတ်ခေါ်နေတာပဲ။ အခုလိုမျိုး တကယ် အရေးကြီးတဲ့ လျှပ်စစ်မီးလို ကိစ္စကို မှန်အောင် မလုပ်ပေးနိုင်ရင် အပြောနဲ့ လက်တွေ့ မညီဘူး။ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာ ကျစေတာပေါ့ဗျာ။ မီးပျက် တာလည်း ပျက်ပါ၊ ဘယ်နေ့ ပျက်မယ်၊ ဘယ်အချိန် ပျက်မယ် ဆိုပြီး ပျက်ပါ။
အခုကတော့ ပျက်ရတဲ့ အချိန်လည်း ပျက်တယ်။ လာနေရမယ့် အချိန်လည်း ပျက်နေတာတွေတော့ အဆင်မပြေဘူးလေ။ ကျနော်တို့တွေ မပြောချင်တော့ပါဘူးဗျာ။ စက်သုံးဆီက အရင်လို ဝယ်ဖို့ မခက်တော့ဘူး ဆိုတော့ မီးစက်နဲ့ပဲ လုပ်ကြရ တာပေါ့။ အဲဒီတော့ ထုတ်လုပ်မှု စရိတ်စကတွေ တက်ကုန်တာပေါ့။ ဒါပေမယ့် လုပ်ငန်းရှင်က အလုပ်ဖြစ်ရေးပဲ စဉ်းစားရ တာပေါ့။ မီးမလာလို့ စက်ရုံ ပိတ်ပြီး အလုပ်သမားတွေ ပြန်လွှတ်ရအောင်ကလည်း သဘာဝ မကျဘူးလေ။ နောက်ဆက်တွဲ အကျိုး သက်ရောက်မှုတွေ ကတော့ အများကြီးပဲ။
ဦးမြတ်သင်းအောင်
လှိုင်သာယာ စက်မှုဇုန် နာယက
ဒီမှာက သုံးစွဲတဲ့ အားမနိုင်ဘူး။ ဒီဘက်က shutdown ရင် ဟိုဘက်ကိုလှည့် ဟိုဘက်က shutdown ရင် ဒီဘက်ကိုလှည့် လုပ်ပေးတာက အရင်ထက်စာရင်တော့ တော်ပါတယ်။ မြန်မာ့နည်း မြန်မာ့ဟန်နဲ့ ရှိတာနဲ့ လုပ်ပေးတာပေါ့။ ဒါပေမယ့် သူများ နိုင်ငံတွေက မီးပျက်တာက မဖြစ်စလောက်လေ။ တခုခုကြောင့် အကြာကြီး ပြတ်သွားတာမျိုးက မြန်မာပြည်မှာ လည်း ရှိပါတယ်။ မိုင်းကွဲလို့ တာဝါတိုင် ပျက်သွားလို့ ၅ ရက် ၁၀ ရက်လောက် ပျက်တာ ဖြစ်ပါတယ်။ ဒါက ဖြစ်ခဲတယ်။
သူများ နိုင်ငံမှာက တနှစ်မှ ၂ ခါ ၃ ခါလောက် ဒီမှာက ၁ လတင် ၁၀ ခါ မကဘူး ဖြစ်နေတာ။ အရင်ကထက် စာရင်တော့ ကျေးဇူးတင်စရာ ရှိပါတယ်။ ရက်ရှည် မပျက်ဘူးပေါ့။ ခဏပျက် ခဏပျက်ပဲ။ ဒုဝန်ကြီး ပြောသွားတဲ့ အပေါ် ကျနော့် စိတ် အထင်တော့ သူက ကြွားလုံး ထုတ်တယ် ထင်တာပဲ။ နိုင်ငံခြားမှာ ပျက်တယ် ဆိုတာ အကြီးအကျယ် ပျက်သွားတာလေ။ ဒီမှာလည်း လိုင်းတွေကို ဖြတ်လိုက်ပါလား ရက်အကြာကြီး ပျက်သွားမှာပဲ။
ဒီမှာက ကြိုးတွေကလည်း မနိုင်ဘူး။ သိတဲ့အတိုင်း တင်ဒါ ခေါ်ပြီးတော့ အပေါစားတွေ ထည့်တာ။ ဝယ်တော့ အကောင်း စားဈေး ရလာတော့ အညံ့စား။ ကြွားလုံး ထုတ်တဲ့ သဘောပဲ။ ဒီမှာက Break Down ဖြစ်တာက ဖြစ်တာပဲ။ အကြိမ်ပေါင်း ကို တွက်လိုက်ပါ။ နိုင်ငံခြားမှာက ဘယ်နှကြိမ် ဖြစ်လဲ။ ဒီမှာကတော့ တနေ့ကို လေးငါးကြိမ် မကဘူး ဖြစ်နေတာ။
ဘတ်ဂျက် ကတော့ မပေးလို့ မရဘူး။ ဘတ်စ်ကားတွေ တိုးဖို့ ဆိုရင် ဘတ်စ်ကားတွေ ဝယ်ရမှာပဲ။ အခုလည်း မီးစက်တွေ ထပ်ဝယ်ရမှာပဲ။ ပြည်သူ လူထုကို အရှုံးခံပြီးတော့ ဈေး အပေါဆုံး ပေးထားတာပဲ။ ဒီ့အပြင် နိုင်ငံတွေက ဒီဈေးနဲ့ မရောင်း ပါဘူး။ ပြည်သူ လူထုကို ၃၅ ကျပ် ပေးတာက မီးချောင်း ၃ ၊ ၄ချောင်း ပဲပေး။ အဲကွန်း သုံးမယ်၊ ရေခဲ သေတ္တာ သုံးမယ်၊ ထမင်းချက်မယ် ဆိုရင် ဒါဆို မရတော့ဘူး။ အဲဒီထက် ပိုယူ။
ဆိုလာကို ကျနော်တို့ ဝယ်သုံးကြတယ်။ ဆိုလာက နေရောင်ခြည်လာမှ သွင်းရတယ်လေ။ နေရောင် မလာရင် လမ်းမီးလေး တောင် မလင်းဘူး။ ဒါက အကြီးကြီး လုပ်မှ၊ အကြီးကြီးလည်း သူတို့ မတည်နိုင်ဘူး။ အစိုးရ တည်ရမှာလေ။ သူများ နိုင်ငံ တွေမှာတော့ လုပ်ကြတယ်။ ဒီမှာ ဘာလို့ မလုပ်လဲ ဆိုတော့ အဲဒီ အရင်းအနှီးကို မလုပ်နိုင်ကြဘူး။ ဒီလိုအချိန် (နွေရာသီ) မှာ တခြားဟာတွေနဲ့ လည်ပတ် ရတော့မှာပေါ့။ အရံစက်တွေနဲ့ လည်ရမယ်။ ကျောက်မီသွေးဆို ပြည်သူတွေက ကန့်ကွက် နေကြတယ်။ အမှန်တော့ ကျောက်မီးသွေး စက်ရုံ လုပ်မယ် ဆိုရင် လုပ်ခွင့်ပေးလိုက်။ စာချုပ်မှာထည့် ချုပ်လိုက် ပတ်ဝန်း ကျင် ထိခိုက်ရင် စက်ရုံ လည်ခွင့် မပေးဘူး။ လုပ်ရဲမလား။ ရင်းထားပြီးတော့ ကျောက်မီးသွေး စက်ရုံ လည်ခွင့် မပေးဘူး ဆိုရင် အကြွေးတွေ တက်မယ်။ အခုက ဘာမှ မလာသေးဘူး။ မသိသေးဘူ၊ မလုပ်နဲ့ မလုပ်နဲ့ အော်နေတာ တော့ မှားတယ် ထင်တယ်။
မခင်တီကြိုင်စိုး
SMS POH ကုမ္ပဏီ မှ Sales and Marketing Director
စင်ကာပူမှာတော့ မီးပျက်သွားတယ် ဆိုရင်တောင်မှ ၁၀ မိနစ် ဆိုတာက အကြာဆုံးပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီ ၁၀ မိနစ် အတွင်းမှာတောင် complain တွေက အများကြီး ဖြေရှင်းရတယ်။ သူတို့ဆီမှာ System Break Down ဖြစ်သွားရင် အာမခံတွေ ဘာတွေက အစ effective ဖြစ်တာ ရှိတယ်။ အဲဒါကတော့ သူများ နိုင်ငံတွေ အနေအထားပေါ့။ ကျမတို့ဆီမှာ ကတော့ မီးပျက်တယ် ဆိုတာက အထူးအဆန်း မဟုတ်တော့ဘူးပေါ့။ မွေးကတည်းက ဆိုတော့။ ဒါပေမယ့် ဟိုးအရင် ထက်စာရင်တော့ ခဏပဲ ပျက်တာ။
ကျမတို့ ငယ်ငယ်က မနက်လာရင် ညနေ မရဘူး။ ညနေ လာရင် မနက် မရဘူး။ ဟိုးအရင် အချိန်ထက် စာရင်တော့ ခဏ ပျက်တာပေါ့။ ဒါပေမယ့် ခဏခဏ ပျက်လာတာရယ်၊ ရာသီဥတုရဲ့ အနေအထားပေါ်မှာ၊ လူတွေပေါ်မှာ ပိုပြီးတော့ မကျေ နပ်စရာ ဖြစ်လာတယ်။ တခြား နိုင်ငံမှာတော့၂ ရက် ၃ ရက် ထိတောင် ပျက်သွားတယ် ဆိုတာတော့ တခါမှ မကြားဖူးဘူး။ ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ ၂ ရက်လောက် ထိ ရေပြတ်တာမျိုး၊ ၂ ရက်လောက်ထိ မီးပျက်တာမျိုးတော့ ကျမ တို့တော့ ကြုံရတယ်။
မီတာခတွေ ပြောင်းလဲ ကောက်ခံပြီ ဆိုရင်လည်း ကျမက ပြည်သူ တယောက် အနေနဲ့ ပေးကို ပေးရမှာပဲ။ ပေးရတာနဲ့ တန် အောင် ပြန်ရမှာလား။ costs တွေသာ တက်လာပြီး effective မဖြစ်ခဲ့ရင် သူတို့ plan က ဘာလဲ၊ ဘယ်လောက် ရာခိုင် နှုန်းကို ဘယ်လို တွက်ယူပြီး ကောက်ခံမှာလဲ။ အပြင်ကို ရောင်းနေတာမျိုး ရှိတယ်။ ဒီဘက်ကိုကျတော့ မလုံလောက်ဘူး ဆိုတော့ ပိုက်ဆံ ဆိုတဲ့ ပမာဏ တခုကြီးကို ချပြထားတာ ထက်စာရင် solution ကို အရင်ရှာပြီးတော့ ဒီလိုအချက်တွေ ကြောင့် ငွေကြေး တိုးကောက်ရခြင်းပါ ဆိုရင် ပြည်သူတွေက မပေးနိုင် စရာမရှိဘူး။
ကိုရွှန်းစိုဦး
စွမ်းအင် ကဏ္ဍဆိုင်ရာ မန်နေဂျာ WWF – မြန်မာ
မြန်မာနိုင်ငံ အတွက် ကျတော့ ကျန်တဲ့ သန်း လူ ၃၀ နီးပါးကို မီးပေးဖို့ ကျတော့ တိုင်းပြည်က ဖွံ့ဖြိုးဆဲ နိုင်ငံ ဆိုတော့ ဘတ်ဂျက်က အခက်အခဲ ရှိတယ်။ အဲဒါကြောင့် ဘယ်လိုမျိုးတွေ လိုအပ်သလဲ ဆိုရင် လျှပ်စစ် ကဏ္ဍမှာ နိုင်ငံတကာ က ရင်းနှီးမြှုပ်နှံမှုတွေကို ပုဂ္ဂလိက ကဏ္ဍကို ဖိတ်ခေါ်နိုင်မယ်။ အစိုးရကနေပြီးတော့ မူဝါဒတွေ ချမှတ်ပြီးတော့ control လုပ် ထားတဲ့ အစိုးရ ဖြစ်နေမယ် ဆိုရင်တော့ အဲဒါက အလွယ်ဆုံး ဖြစ်လိမ့်မယ် ထင်တယ်။
၂၀၁၆ တုန်းက မြန်မာနိုင်ငံမှာ နောက်နှစ် ၃၀ အတွက် တိုးတက်လာတဲ့ လျှပ်စစ် ကဏ္ဍ ရည်မှန်းချက်ကို ဘယ်လောက် လိုတယ် ဆိုတာ တွက်ဖူးတယ်။ ဘီလီယံပေါင်း ၆၅ သန်း ကနေပြီးတော့ ဘီလီယီ ၈၀ လောက် တဖြည်းဖြည်း တိုးလာတာ က အားလုံး ပေါင်းလိုက်ရင်၂၀၅၀ မှာ ဘီလီယံ ၈၀ လောက် အထိကို လိုတယ်။ မြန်မာနိုင်ငံ အတွက် နည်းနည်း ထမ်းရ တာ ခက်မယ့် တာဝန် ဖြစ်သွားမယ်။ အဲဒါကြောင့် ပြည်တွင်းရော ပြည်ပရော ရင်းနှီး မြှုပ်နှံမှုတွေ ဖိတ်ခေါ်ပြီးတော့ အစိုးရ က တာဝန်ယူ control လုပ်နိုင်မယ် ဆိုရင်တော့ မြန်မာနိုင်ငံက မီးလင်းမယ်။
အခု ဆိုရင် မီးပျက်တာက ဆည်တွေမှာ ရေမရှိတဲ့ အတွက် ဆိုပြီး သတင်းတွေ ဖတ်ရတယ်။ အဲဒီတော့ ရေ အပြင်နေ။ အကောင်းဆုံး ကတော့ ဆိုလာ ပါဝါ စနစ် လက်ရှိမှာ ရှိနေပြီးသား။ လျှပ်စစ်ရယ် လက်ရှိ ရှိပြီးသား ရေအားတွေနဲ့ ပေါင်း ပြီးတော့ ဆိုလာကို များများနဲ့ မြန်မြန် လုပ်မယ် ဆိုရင် မြန်မာနိုင်ငံ မီးပျက်တာ သက်သာလိမ့်မယ် လို့ ထင်ပါတယ်။
ဆိုလာ ပရောဂျက်က စဆောက်ရင် သန်းကို ဘယ်နှရာတောင် ကုန်မယ် ဆိုပြီးတော့ ပြောကြတယ်။ ဒါပေမယ့် အမှန် တကယ် ဆိုရင် ရင်းနှီးမြှုပ်နှံတဲ့ သူတွေနဲ့ အစိုးရနဲ့ ပြန်ချုပ်တဲ့ စာချုပ်မှာ ဆိုရင် ယူနစ် ဘယ်နှ ယူနစ် ရောင်းမယ်။ ၁ ယူနစ်ကို ဘယ်လောက်ဈေးနဲ့ပဲ ပေးရမယ်။ တကယ်ဆို ဆိုလာ စနစ်မှာ ရင်းနှီးမြှုပ်နှံဖို့ အတွက်ဆိုရင် အစိုးရက အကုန် လုံးကို စိုက်ထုတ်ပြီးတော့ ဘတ်ဂျက် ထုတ်ပေးလိုက်ရတာမျိုး မဟုတ်ဘူး။ သူတို့က သူတို့ဘာသာ လာမယ် ပြီးရင် ဒီဘက်မှာ ဘယ်လောက်နဲ့ ရောင်းလိုက်မယ်။
စာချုပ်ချုပ်ပြီးတော့ သူတို့ဘာသာ ဆက်လုပ်မယ်၊ ပိုက်ဆံ စိုက်ပြီး ချေးငွေယူပြီးတော့ လုပ်ကြတာ။ အမှန်တကယ် ဆိုရင် အစိုးရလည်း ဝန်မပိဘူးပေါ့။ ပိုပြီးတော့ အဆင်ပြေတာက ၁ ယူနစ်ကို ဘယ်နှကျပ်နဲ့ ရောင်းမယ်၊ အစိုးရက ဘယ်လောက် နဲ့ ဝယ်မယ် ပြီးသွားပြီ။ ရင်းနှီး မြှုပ်နှံမှုတွေ အဲဒီလို လုပ်ရတယ် ဆိုတာလည်း အစိုးက ပိုပြီး အသက်ရှုချောင်တယ်။ ကိုယ့်ပိုက်ဆံနဲ့ ကိုယ် အမြတ်ရနိုင်လောက်တဲ့ ပမာဏကို ရင်းမယ်။ အစိုးရက ကိုယ်ဝယ်နိုင်တဲ့ ဈေးကို ပြောလိုက်ရုံပဲ။
အခု နေတွေခြစ်ခြစ်တောက်အောင် ပူနေတဲ့ အချိန်ဆိုတော့ မြန်မာနိုင်ငံမှာ ဆိုလာ ပရောဂျက် အကြီး မရှိသေးတာ နှမြောဖို့ ကောင်းတယ်။ ကျနော်တို့ ချွေးသံ တရွှဲရွှဲ ဖြစ်နေတာက လျှပ်စစ်မီး ရနိုင်တဲ့ အလကား ရတဲ့ source လေ။
အခုမှ အစိုးရကလည်း ၃ နှစ်သားပဲ ရှိသေးတယ် ဆိုတော့ အဲဒီတော့ ဥပဒေတွေရော မူဝါဒတွေရော အခုမှ စလုပ်ခါစဆို တော့လေ။ ကျနော်တို့ကလည်း ပြည်သူတွေ ဆိုတော့ လိုချင်တာပေါ့နော်။ တကယ်တမ်းက အစ ဆိုတော့ အခက်အခဲ တွေလည်း ရှိဦးမယ်။ နောက်တခုက ရှိပြီးသား လျှပ်စစ်ကိုပဲ လုံလောက်အောင် ပေးရတာက တမျိုး နောက် တိုးချဲ့ပြီးတော့ ဖြည့်ပေးရတာက တမျိုး ဆိုတော့ အဲဒါတွေကြောင့် ခက်ခဲတယ်လို့ ထင်တယ်။