မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့် ကမ္ဘာ့ အညွှန်းကိန်းက ယခင်နှစ်ထက် တဆင့် ထပ်မံ နိမ့်ကျခဲ့သည်။ ယခင်နှစ်က နိုင်ငံပေါင်း ၁၈၀ ရှိသည့် အနက်မှ မြန်မာနိုင်ငံ၏ အဆင့်မှာ ၁၃၇ ရှိခဲ့ရာမှ ယခုနှစ်တွင် ၁၃၈ အဆင့် ဖြစ်သွားခဲ့သည်။
လက်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရလက်ထက်တွင် သတင်းမီဒီယာသမားများအပေါ် တရားစွဲဆိုမှု ၃၁ မှုအထိ ရှိပြီး ၄၇ ဦးမှာ တရားရင်ဆိုင်နေရကြောင်း နှင့် ယင်းသို့ တရားစွဲဆိုသူများတွင် အစိုးရဝန်ထမ်းများမှ ၁၈ မှု ၊ တပ်မတော်က တရားစွဲဆိုထားသောအမှု ၄ မှု၊ အခြားသူများက တရားစွဲဆိုထားမှု ၉ မှု ရှိကြောင်း အသံ(လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ခွင့် လှုပ်ရှားမှုအဖွဲ့) ထုတ်ပြန်ထားသည်။
သတင်းသမားများကို တရားစွဲဆိုရာတွင် ဆက်သွယ်ရေးဥပဒေကို အသုံးပြုမှု အများဆုံးဖြစ်ပြီး မတရားအသင်း ဥပဒေ၊ မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက် အက်ဥပဒေ၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၀ နှင့် ၅၀၅ (ခ)၊ သတင်းမီဒီယာ ဥပဒေ အစရှိသည့် ဥပဒေများနှင့်လည်း တရားစွဲဆိုလေ့ ရှိသည်။
မြန်မာ့ သတင်းလွတ်လပ်ခွင့်နှင့် ပတ်သက်ပြီး ယနေ့ ၂၀၁၉ ခုနှစ် မေလ ၃ ရက်၌ ကျရောက်သော ကမ္ဘာ့သတင်းစာလွတ်လပ်ခွင့်နေ့တွင် ပြည်တွင်း သတင်း ဌာနများမှ ဦးဆောင်အယ်ဒီတာများနှင့် ဝါရင့် သတင်းစာဆရာများ၏အမြင်ကို ဧရာဝတီက စုစည်းတင်ပြအပ်သည်။
ဦးအောင်လှထွန်း
ဒု ဝန်ကြီး – ပြည်ထောင်စု ပြန်ကြားရေး ဝန်ကြီး ဌာန
လက်ရှိ မြန်မာ့ မီဒီယာ အခြေအနေကို ပွင့်ပွင့်လင်းလင်း ခြုံငုံ သုံးသပ်ရရင် ကျနော် မျှော်လင့်ထားခဲ့တာက သိပ်မြင့်နေလို့ လား မသိပါဘူး။ ဒီထက် အများကြီး တိုးတက်ဖို့ လိုသေးတယ်လို့ပဲ ပြောချင်ပါတယ်။ ကျနော်တို့ရဲ့ ဒီမိုကရေစီ အသွင်ကူး ပြောင်းရေး ကာလမှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေက သိပ်ကြီးမားလွန်း ပါတယ်။ အသေးစိတ်ကို အားလုံး နားလည် ထားပြီးသား ဖြစ်လို့ မရှင်းတော့ပါဘူး။
ကျနော်တို့ နိုင်ငံမှာ နိုင်ငံတကာက အထူး အာရုံစူးစိုက် စိတ်ဝင်စားတဲ့ ကိစ္စတွေလည်း ရှိပါတယ်။ အဲဒီတော့ ကျနော်တို့ နိုင်ငံက မီဒီယာတွေမှာ အင်မတန် ကြီးမားတဲ့ တာဝန်တွေ ရှိပါတယ်။ ဒါတွေကို စနစ်တကျ ကိုင်တွယ်ဖို့ ကျနော်တို့ မီဒီယာတွေမှာ အခြေအနေနဲ့ အင်အား မလုံလောက်သေးဘူးလို့ ထင်ပါတယ်။
ပိုဆိုးတာ တခုက ပြည်တွင်းက ပုဂ္ဂလိက မီဒီယာတွေက ဝင်ငွေ ကျဆင်းတဲ့ အတွက် ဆက်လက် ရပ်တည်ဖို့ စီးပွားရေး အရ ခက်ခဲလာခြင်းပါပဲ။ ပုဂ္ဂလိက မီဒီယာတွေ ပြင်ပက ဘဏ္ဍာရေး အထောက်အပံ့ မလိုဘဲ အမှီအခို ကင်းစွာ ရပ်တည်နိုင်မှ သူတို့ရဲ့ မွန်မြတ်တဲ့ မီဒီယာ တာဝန်ကို ဘက်လိုက်မှု ကင်းစွာနဲ့ ဆောင်ရွက်နိုင်မှာပါ။ ကြော်ငြာ ဝင်ငွေ လျော့ကျ သွားခြင်းက နိုင်ငံတကာမှာ ကြုံတွေ့နေရတဲ့ ဘုံပြဿနာ တခုပါ။ တဖက်နဲ့ တဖက် ဝေဖန် အပြစ်တင်နေကြတာ ထက် စုပေါင်း အဖြေရှာဖို့ လိုအပ်ပါတယ်။
မီဒီယာတွေ အပေါ် တရားစွဲဆိုမှုတွေ ရှိတယ် ဆိုတာက မီဒီယာတွေနဲ့ အစိုးရ မဏ္ဍိုင် (၃) ခုရဲ့ကြားမှာ ရှိတဲ့ အပြန်အလှန် နားလည်မှု၊ ယုံကြည်မှုနဲ့ ပူးပေါင်း ဆောင်ရွက်မှုကို လက်ရှိ အခြေအနေထက် အများကြီး တိုးတက် ကောင်းမွန်အောင် လုပ်ဖို့ လိုအပ်နေတာကို ဖော်ပြနေတာပါပဲ။
နိုင်ငံတိုင်းမှာ မီဒီယာနဲ့ အစိုးရကြားမှာ ပွတ်တိုက်မှုတွေ ရှိတတ်ကြပါတယ်။ အားလုံးသိပြီး ဖြစ်တဲ့ အတိုင်း ကျနော်တို့ရဲ့ ဒီမိုကရေစီ သက်တမ်းက ၈ နှစ်လောက်ပဲ ရှိပါသေးတယ်။ မီဒီယာ လွတ်လပ်မှုက ၅ နှစ်လောက်ပဲ ရှိပါသေးတယ်။ ခေတ် အဆက်ဆက်က ကျန်ရစ်ခဲ့တဲ့ ပြဿနာတွေနဲ့ အသစ် ပေါ်လာတဲ့ ပြဿနာတွေကလည်း အများကြီး ဆိုတော့ ကျနော်တို့မှာ ရှိတဲ့ ပွတ်တိုက်မှုတွေ ပိုများနိုင်တာပေါ့။
အားလုံး စိတ်ရှည်ရှည်နဲ့ ပူးပေါင်း ညှိနှိုင်း ဆွေးနွေး ဆောင်ရွက်သွားရင်တော့ ကျနော်တို့ရဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး ပိုမို ချောမွေ့ အောင်မြင်လာမယ် လို့ ယုံကြည်ပါတယ်။
ဒေါ်အေးအေးဝင်း
ဝါရင့် အမျိုးသမီး သတင်းစာဆရာ
လက်ရှိ မြန်မာနိုင်ငံမှာ သတင်းထောက်တွေကို ထောင်သွင်း အကျဉ်းချတာ၊ သတင်းမီဒီယာတွေကို တရားစွဲဆိုတဲ့ အခင်းအကျင်းကို ကြည့်လိုက်ရုံနဲ့တော့ မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်က မကောင်းတဲ့ အလားအလာ ဆိုတာ သေချာတယ်။ ဒီမိုကရေစီ စနစ်နဲ့ မအပ်စပ်တဲ့ ဟာတွေ မြင်နေရတော့ တော်တော်လေး စိတ်ပျက်မိတယ်။
သတင်းမီဒီယာ ကောင်စီ ဆိုတာကို အစိုးရ ကိုယ်တိုင်ကိုက ကြားဝင် ဖြေရှင်းပေးဖို့ အတွက် ဖွဲ့စည်းခဲ့ပါတယ်။ ဒါပေမယ့် လက်တွေ့မှာ ဘာမှဖြစ်မလာဘူး။ အစိုးရရော စစ်တပ်ကရော အလေးမထားတဲ့ သဘော ဖြစ်နေတယ်။ ကောင်စီရဲ့ လုပ်ပိုင် ခွင့်ကို ဘာမှ ပေးမထားတော့ နဂိုထဲက သြဇာ မရှိတဲ့ အဖွဲ့အစည်းကို အရေးတယူကို မလုပ်တော့ဘူး။
သတင်းထောက်တွေကို ထောင်ချတာ၊ သတင်းထောက်တွေကို မရေးရဲတော့ပဲ ကြောက်လာအောင် လုပ်တာဟာ သတင်း မီဒီယာ လွတ်လပ်ခွင့်ကို ချိန်းခြောက်တာပဲ။ သတင်းထောက်တွေကို သတင်း မီဒီယာအလုပ်ကို ကောင်းကောင်း မလုပ်နိုင် အောင် လုပ်တာပဲ။ တိုက်ပိုင်ရှင်တွေဘက်မှာလည်း ပြဿန ာဖြစ်လာရင် သတင်းထောက်တွေကို လျော်ကြေးပေးရတာ မျိုးတွေ ဆိုတော့ သူတို့မှာလည်း ပြဿနာ ရှိလာတယ်။ သေချာတာကတော့ အာဏာ လက်ကိုင် ရှိတဲ့ အစိုးရ ကိုယ်တိုင် ကိုက စတုတ္တမဏ္ဍိုင်လို့ ပြောနေပေမယ့် အားမပေးတဲ့ ပုံက ပေါ်နေတယ်။
ကိုကျော်မင်းဆွေ
အယ်ဒီတာချုပ် – The Voice အပတ်စဉ်ထုတ် ဂျာနယ်
လက်ရှိ အစိုးရ လက်ထက်မှာ အားရစရာ သိပ်မရှိဘူး။ မြင်သာထင်သာ ရှိတဲ့ ကိန်းဂဏန်းတွေ အခြေအနေကရော၊ လက်တွေ့ မီဒီယာတွေ ရင်ဆိုင်နေရတဲ့ အခြေအနေတွေကရော ထောက်ချင့်ပြီး ပြောတာ။ တရားစွဲခံနေကြရတဲ့ ကိန်း ဂဏန်းတွေ ပြန်ကြည့်ရင် ရှင်းပါတယ်။ အဲဒါကြောင့်လည်း ဒီနှစ်ဆို နယ်စည်း မခြား သတင်းသမားများ အဖွဲ့အစည်းလို နိုင်ငံတကာရဲ့ သတင်း လွတ်လပ်ခွင့် စံနှုန်းတွေ ကျဆင်းလာတာပေါ့။
ကျနော်တို့က နိုင်ငံတကာနဲ့ ယှဉ်နေဖို့ မလိုဘူး။ ကိုယ့်နိုင်ငံရဲ့ အရင်နှစ်ကနဲ့ ဒီနှစ် ယှဉ်ဖို့ပဲ လိုတာ။ ကိုယ့် ကျဆုံးမှုကို ကိုယ့်ဘာသာကိုယ် သိဖို့ လိုတယ်။ ကျနော်တို့ အောက်မှာ ဘယ်လောက်ရှိသလဲ ဆိုတာထက် ကျနော်တို့ အထက်မှာ ဘယ်လောက် ရှိသလဲကို ကြည်ဖို့ လိုတယ်။
နောက်တခုက နိုင်ငံတကာမှာလို ပုံနှိပ် မီဒီယာတွေ အခက်အခဲ ကြုံနေကြရတာပဲ။ ကိုယ့်ဆီမှာလည်း နိုင်ငံတကာနဲ့ တူ တာပဲလို ပြောလို့မရဘူး။ ဒါဟာ လက်လွတ်စပယ်ပြောတာ။ နိုင်ငံတာကမှာက သတင်းမီဒီယာ လွတ်လပ်ခွင့် အတွက် အစိုးရတွေက ဘာလုပ်ပေးနေလဲ၊ ဥပဒေကြောင်း အရရော ဘာဖြစ်နေလဲ ဆိုတာ ကျနော်တို့ နိုင်ငံနဲ့ မတူဘူး။ အဲ့ဒီတော့ ကျနော်တို့ဟာ နိုင်ငံတကာ အစိုးရတွေလို မီဒီယာတွေ အပေါ်မှာ တာဝန်ကျေရဲ့လားလို့ မေးရမယ်။
လွှတ်တော်ပိုင်းမှာလည်း အခု သတင်း မီဒီယာတွေ ဥပဒေ အမျိုးမျိုးနဲ့ တရားစွဲခံနေရတာ သူတို့ အားနည်းချက်ကြောင့်ပဲ။ လွှတ်တော် အနေနဲ့ သတင်း သမားတွေကို အကာကွယ်ပေးဖို့ ဥပဒေတွေ လုပ်ပေးရမယ် ဆိုတာ ဘာကြောင့် ပြောရလဲ ဆိုရင် သတင်းသမားတွေက ဘယ်သူ့ အတွက် လုပ်နေကြတာလဲ၊ ဘာအတွက် လုပ်နေကြတာလဲကို ပြန်စဉ်းစားဖို့ လို တယ်။ အမြင် တိမ်တိမ်နဲ့ ကြည့်ရင် သတင်းသမားတွေက ကိုယ့် စာမူခအတွက်၊ ကိုယ့် တိုက်အတွက် ဆိုပြီး သတင်းကို ရောင်းစားနေကြတာလို့ ကြည့်ကြတယ်။ မလိုတဲ့ အချိန်မှာဆိုရင် တိုင်းပြည်ကို ရောင်းစားနေတဲ့သူတွေ၊ သစ္စာဖောက် တွေလို့ တံဆိပ်ကပ် ကြတယ်။ အမှန်က သတင်းသမားတွေဟာ ကိုယ့်ထမင်း ကိုယ်စားနေပြီးတော့ ပြည်သူတွေရဲ့ သတင်း သိပိုင်ခွင့်ကို ဖြည့်ဆည်းပေးနေကြတာ။
သတင်းသမားတွေကို အကာကွယ်ပေးတယ် ဆိုတာ တကယ်တော့ တိုင်းပြည်မှာ သတင်း သိပိုင်ခွင့်ရှိတဲ့ နိုင်ငံသားတွေကို ကာကွယ်ပေးနေတာနဲ့ အတူတူပဲ။ သူတို့ရဲ့ သတင်း သိပိုင်ခွင့်ကို အားပေးနေတာနဲ့ အတူတူပဲ။ သတင်းသမားတွေကို အချိန်မရွေး ဖမ်းပြီး ထောင်ချလို့ရတဲ့ ဥပဒေ ဆိုးတွေကို ဒီမိုကရေစီ အသွင်ကူးပြောင်းမှုနဲ့ ညီတဲ့၊ လူ့အခွင့်အရေး စံချိန် စံညွှန်းတွေနဲ့ ညီတဲ့ သတင်းသိခွင့်ရှိတဲ့ နိုင်ငံသားတွေရဲ့ အခွင့်အရေးနဲ့ ညီတဲ့ ပြုပြင်ပြောင်းလဲမှုတွေ၊ ပြင်ဆင်မှုတွေ၊ ဖျက်သိမ်းမှုတွေ လုပ်ဖို့မှာ လွှတ်တော်မှာ အဓိက တာဝန်ရှိတယ်။ အခုက အဲဒီဟာကို ပျက်ကွက်နေတယ်။
နောက်ပြီး အဲ့ဒီ ဥပဒေဆိုးတွေကို ရေလဲသုံးနေတဲ့ အစိုးရနဲ့ တပ်မတော်မှာလည်း တာဝန်ရှိတယ်။ သတင်း လွတ်လပ်ခွင့်ကို အဟန့်အတား ဖြစ်အောင် ပြုလုပ်တာလို့ ရည်ရွယ်ချက် ရှိ မရှိ၊ သတင်းသမားတွေကို ဖမ်းပြီး အဲဒီ ဥပဒေဆိုး ပုဒ်မတွေနဲ့ ထောင်ချနေတာက ဟန့်တားနေတာပဲ။ ခြိမ်းခြောက်နေတာပဲ။ စစ်အစိုးရ လက်ထက်၊ ဦးသိန်းစိန် ဦးဆောင်တဲ့ အရပ်သား တပိုင်း အစိုးရ လက်ထက်နဲ့ အခု အစိုးရ လက်ထက် ယှဉ်လိုက်ရင် ဦးသိန်းစိန် အစိုးရ လက်ထက် ကတောင် သတင်း မီဒီယာတွေက တဟုန်ထိုး ပြောင်းသွားတယ်။ အခု အစိုးရက တန့်သွားတဲ့ အပြင် ပြန်တောင် ဆင်းလာတယ်။
ဒါဟာ ဦးသိန်းစိန် အစိုးရကို ချစ်လို့ ပြောနေတာ မဟုတ်ဘူး။ နိုင်ငံတကာက ဝိုင်းပယ် ခံထားရတဲ့ တိုင်းပြည်ကို နိုင်ငံတကာ ထဲ ဝင်ဆံ့လာအောင်၊ အသိမှတ်ပြုခံရအောင် ဖြေလျှော့ပေးတဲ့ တံခါးကို စဖွင့်ခဲ့တဲ့ အစိုးရမို့ သူ့လက်ထက်မှာ အသိမှတ်ပြု ခံလိုက်ရတာပဲ။ စေတနာ ပါလွန်းလို့၊ ကြံ့ခိုင်ရေး ပါတီက လုပ်လို့ မဟုတ်ပေမယ့် သူက စဖွင့်ခဲ့သူမို့ပဲ။ အခုချိန်မှာ စဖွင့်ခဲ့သူ ထက်ကို ပိုကျယ်ကျယ် ဖွင့်နိုင်ဖို့ လုပ်ဖို့ ကောင်းတယ်။ ပြန်ပိတ်ဖို့ လုပ်နေတာကတော့ မကောင်းဘူးဗျ။
နိုင်ငံတကာမှာ ပုံနှိပ် မီဒီယာတွေရဲ့ ရပ်တည်မှုကိုက ကျဆင်းနေတယ် လို့ ဆိုပေမယ့် နိုင်ငံတကာမှာ အစိုးရဘက်ကရော၊ လွှတ်တော်ဘက်ကရော အဲဒီလို မီဒီယာတွေကို လုပ်နေတဲ့ ဥပဒေမျိုးတွေ မရှိဘူး။ နောက်ပြီး နိုင်ငံတကာ အစိုးရတွေက ပုဂ္ဂလိက မီဒီယာတွေနဲ့ ပြိုင်ပြီး ဈေးကွက်ဝေစု ဝင်မလုဘူး။ ဒါ ကွာတယ်။ ဒီမှာက အစိုးရ ကိုယ်တိုင်ကိုက ရေနစ်သူကို ဝါးကူထိုးနေသလို ဖြစ်နေတယ်။
ပြည်သူ့ ဘဏ္ဍာကို သုံးပြီးတော့ လုပ်နေတဲ့ အစိုးရ အာဘော် မီဒီယာက တခြားမီဒီယာ တွေနဲ့ အပြိုင် လုပ်နေတာ။ တိုင်း ပြည်မှာ နိုင်ငံသားပိုင် စီးပွားရေး လုပ်ငန်းတွေ ကျနေတယ်၊ ကုန်ဈေးနှုန်းတွေ တက်နေတယ်၊ ဝင်ငွေကျတော့ မတိုးတဲ့ အချိန်မှာ ပြည်သူတွေက သူတို့ရဲ့ နေ့စဉ် အသုံးစရိတ်တွေ လျှော့ချရတော့တယ်။
အဲဒီတော့ သတင်းစာတွေကို ဝယ်ယူ သုံးပြီး သတင်း သိခွင့် လုပ်နေတာတွေ လျှော့ချ လိုက်ရတော့တယ်။ လုပ်ငန်းလည် ပတ်မှုမှာ အသုံးတည့်စေတဲ့ ကြော်ငြာတွေလည်း လျော့ကျသွားတယ်။ အဲဒီမှာ မီဒီယာတွေရဲ့ ရပ်တည်ရေးက ခက်လာ တယ်။ တချို့ဆို လျော့ချတာတွေ၊ တချို့ဆို ရပ်သွားတာတွေနဲ့ ပျောက်ကွယ်လာတယ်။ တချို့သတင်း ဌာနတွေက ထောက်ပံ့မှုတွေကို အခြေပြုလာရပြီး ထောက်ပံ့သူတွေရဲ့ သြဇာခံတွေ ဖြစ်လာတယ်။ နှောင်ကြိုးတွေ ပါလာတဲ့ အခါ အဲဒီ သတင်းဌာနတွေရဲ့ တချို့တင်ဆက်မှုတွေကြောင့် သတင်း စားသုံးသူတွေဟာ ဝေခွဲမရ ဖြစ်ပြီး တိုင်းပြည်မှာ ရှုပ်ထွေး မှုတွေကို ပိုဖြစ်စေတော့တယ်။
ကိုကျော်ဇောလင်း
အယ်ဒီတာချုပ် – Eleven Media Group
မီဒီယာ လွတ်လပ်ခွင့် ဆိုတာ ကျနော်တို့ တိုင်းပြည်လို ဒီမိုကရေစီ တဝက်သာ ရှိသေးတဲ့ဟာမှာ အရေးကြီးတယ်။ မဏ္ဍိုင် ၄ ရပ် တွေ့ဆုံပွဲတွေ လုပ်တယ် ဆိုတာ ရှိသင့်တာ မှန်ပေမယ့် အားကောင်းမောင်းသန်ဖို့ အရေးကြီးတယ်။ အစိုးရ အနေနဲ့ ဒီဟာတွေကို ထောက်ပံ့ပေးဖို့ လိုအပ်တယ်။ ပြည်သူတွေ တင်ခဲ့တဲ့ အစိုးရ လက်ထက်မှာ ကျနေတာကတော့ ရလဒ်က မကောင်းဘူးပေါ့။
မီဒီယာ ဆိုတာ ပြည်သူတွေရဲ့ နား၊ မျက်စိပဲ။ ပြည်သူတွေ သိအောင် တဆင့် ပြောပေးတယ်၊ ပြည်သူ့ အသံကို အစိုးရ သိအောင် တဆင့် ပြောပေးတဲ့ တာဝန်ကို မီဒီယာက ထမ်းဆောင်နေတာ။ ဒီမိုကရေစီ စနစ်ကို သွားမယ် ဆိုရင် မီဒီယာ တွေ မှေးမှိန်လို့ မရဘူး။ ဖိနှိပ်မှုတွေ၊ အကျပ်အတည်းတွေကို ဖြေလျှော့ပေးပြီး နားလည်မှု ရှိရှိနဲ့ လက်ခံလာအောင် လုပ်ပေးရမှာ။ မီဒီယာ လွတ်လပ်ခွင့်ကို အားပေး လက်ခံဖို့ လိုတယ်။
နောက်ပြီး သတင်း မီဒီယာတွေ ကျဆင်းလာတယ်၊ တိုက်တွေ ပိတ်လာရတယ် ဆိုတာ တကမ္ဘာလုံးမှာ ဖြစ်နေတယ်။ နည်း ပညာနဲ့ ဒစ်ဂျစ်တယ်တွေ ဖြစ်လာတယ် ဆိုနေပေမယ့် တကယ့် အနှစ်သာရ၊ တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ သတင်း စားသုံးတဲ့ အရသာက မတူဘူး။ ကျနော်တို့ နိုင်ငံရဲ့ စီးပွားရေးနဲ့လည်း တိုက်ရိုက် ရိုက်ခတ်နေတယ်။ တိုင်းပြည် စီးပွားရေးက ထင် သလောက် ဖြစ်မလာတော့ ကျနော်တို့ မျှော်လင့်ထားတဲ့ အခြေအနေ တခုကို ရောက်မလာတော့ဘူးပေါ့။ ဒါကို အစိုးရ အနေနဲ့ သိမြင်သင့်တယ်။
နောက်ပြီး အရင်က စာပေ စိစစ်ရေးကို ဖြတ်ရပေမယ့် အခုက ကိုယ့်ဘာသာကိုယ် ပြန်ပြီး စိစစ် တည်းဖြတ်နေရတော့ တယ်။ ကျနော်တို့ မီဒီယာတွေကို အကာအကွယ်ပေးမယ့် ဥပဒေကလည်း အားနည်း၊ အကြောက်တရားတွေ ကလည်း ဖြစ်လာတော့ သတင်း မီဒီယာ လောကကို နောက်ထပ် ဝင်လာမယ့် မျိုးဆက်သစ်တွေ အတွက် ပိုအန္တရာယ် များလာ တယ်။ အချိန်မရွေး တရားစွဲမယ်၊ အန္တရာယ်ပြုမယ် ဆိုတဲ့ ခံစားချက်က အကြောက်တရားကို ဖြစ်စေတော့တယ်။
သတင်းမီဒီယာ ကောင်စီ ဆိုတာကလည်း မီဒီယာ ဥပဒေကို ပြန်ပြင်ဖို့ ကြိုးစားနေတယ် ဆိုပေမယ့် အုပ်ချုပ်တဲ့ အစိုးရ ကိုယ်တိုင်က ပါဝင်လုပ်ပေးဖို့၊ နားလည်ပေးဖို့ သိပ်အရေးကြီးတယ်။
ကိုအားမာန်
အယ်ဒီတာချုပ် – 7 Day News
ခြုံငုံ သုံးသပ်ရရင်တော့ အရင် အစိုးရ လက်ထက်နဲ့ သိပ်တော့ မကွာလှပါဘူး။ တချို့ဟာတွေမှာ ပိုတောင်မှ နောက်ဆုတ် တယ်လို့ ခံစားရလာတယ်။ လက်ရှိ အစိုးရဘက်မှာလည်း တိုက်ရိုက် မဟုတ်ပေမယ့် သတင်း ရယူခွင့် အပိုင်းမှာ အရင် အစိုးရနဲ့ နှိုင်းရင် ဘာမှ သိပ်မကွာဘူး။
ပွဲတွေ လုပ်ပေးနေတယ်၊ သတင်း အချက်အလက်တွေ ပေးနေတယ် ဆိုပေမယ့် မျှော်လင့် သလို ဖြစ်မလာဘူး။ နောက် တခုက မတရား အသင်း ဆက်သွယ်မှု ၁၇(၁)၊ နိုင်ငံတော် အကြည်အညို ပျက်စေမှု ၅၀၅(ခ) တို့လိုတွေနဲ့ တရားစွဲလာ တွေ ပိုများလာတော့ ပြန်ဆုတ်သွားတယ်။ ဦးသိန်းစိန် လက်ထက်က အရှိန်မြှင့် လုပ်ဆောင်ခဲ့တယ်၊ တိုင်းရင်းသား လက် နက်ကိုင်တွေနဲ့လည်း နားလည်မှုကို ပေးခဲ့တယ်။ အဲဒီအပိုင်းတွေ အခု ပိုကျဆင်းနေတယ်လို့ မြင်တယ်။
နောက်ပြီး ရပ်တည်နေတဲ့ သတင်း ဌာနတွေ စီးပွားရေး အရပါ ကျဆင်းလာနေတာက နိုင်ငံရဲ့စီးပွားရေး ဈေးကွက်နဲ့ သက် ဆိုင်တယ်။ မီဒီယာမှ မဟုတ်ဘူး။ လုပ်ငန်းတွေ အားလုံး ကျဆင်းနေတော့ မီဒီယာတွေမှာ ကြော်ငြာတွေ ကျလာတယ်၊ ဈေးကွက်မှာ စားသုံးသူတွေ ကျလာတယ်။ စာဖတ်သူတွေ လျော့ကျတာက သတင်းမီဒီယာတွေရဲ့ ရပ်တည်ရေး အတွက် ပြဿနာ အကြီးကြီးပဲ။ လူမှုကွန်ရက်တွေ အားကောင်းလာတာလည်း စာဖတ်သူတွေရဲ့ ဖတ်တဲ့ ပုံစံ ပြောင်းလဲသွားတာ ပါမယ်။
နောက်တချက်က စာဖတ်သူတွေမှာ ဟိုဘက်၊ ဒီဘက် အမြင်တွေရဲ့ဒဏ်ကိုလည်း သတင်းမီဒီယာတွေက ခံစားလာရ တယ်။ အစိုးရကို လိုအပ်လို့ ဝေဖန် ထောက်ပြတယ် ဆိုရင် စာဖတ်သူ တဖက်က အစိုးရကို တိုက်ခိုက်တယ်လို့ မြင်လာ တယ်။
အရင်ခေတ်တွေတုန်းက မခံစားခဲ့ရတဲ့ ခံစားချက်တွေ အခု ခံစားလာရပြီ။ ဘက်နဲ့ ကြည့်တဲ့ အခါ ကြားကနေ လုပ်နေရတဲ့ မီဒီယာတွေမှာ ထူးဆန်းတဲ့ အတွေ့အကြုံ ရလာတာပေါ့။ သတိထား လုပ်လာရတယ်။ ဒါတောင်မှ အခုချိန်ထိ မလွတ်သေး ဘူး။ တကယ်ဆို ဒီဟာတွေမှာ အစိုးရမှာ တာဝန် ရှိတယ်။ အစိုးရ တာဝန်ရှိသူ တချို့၊ လွှတ်တော် အမတ်တွေက ဒီအမြင် တွေနဲ့ သူတို့ ကိုယ်တိုင် လွဲမှားနေတာမျိုး တွေ့လာရတယ်။
ကိုဆွေဝင်း
အယ်ဒီတာချုပ် – Myanmar Now သတင်းဌာန
လွတ်လပ်ပြီး အမှီခို ကင်းတဲ့ စာနယ်ဇင်းတွေက ရပ်တည်ရေး အတွက် မနည်းကို ကြိုးစားနေကြရတယ်။ အာဏာပိုင် အဖွဲ့အစည်းတွေက အထူးသဖြင့် ၆၆(ဃ) လို ပုဒ်မတွေနဲ့ တရားစွဲဆိုမှုတွေကလည်း တအားကို မြင့်တက်နေတယ်။ အသရေဖျက်မှုတွေလိုနဲ့ တရားစွဲဆိုနေကြတော့ စာနယ်ဇင်းတွေ အနေနဲ့ လွတ်လွတ်လပ်လပ် ရေးသားဖို့မှာ အခက်အခဲ တွေ အများကြီး ရှိနေတယ်။
နောက်ဆက်တွဲမှာ ပြည်သူတွေ အနေနဲ့ အမှန်တရားကို သိဖို့မှာ အခက်အခဲတွေ အများကြီး ဖြစ်လာတယ်။ သတင်း မီဒီ ယာတွေ လွတ်လွတ်လပ်လပ် ရှင်သန် ရပ်တည်ရေးမှာ အဓိက နံပါတ် ၁ အနေနဲ့ တရားဥပဒေ စိုးမိုးရေး ဆိုပြီး အာဏာရှိ သူတွေက အသုံးချနေတဲ့ဟာတွေ ရပ်တန့်ဖို့ လိုအပ်တယ်။ တရားစီရင်ရေးမှာလည်း ဖြောင့်မတ်ပြီး တည်ကြည်ဖို့ လိုအပ် တယ်။ မြန်မာပြည်က အဲဒီလို အခြေအနေတွေ မရောက်လာသေးဘူး။
အစဉ်အဆက် အနောက်နိုင်ငံတွေက မြန်မာပြည်တွင်းက သတင်း မီဒီယာတွေကို ကူညီနေခဲ့ရာကနေ အခု နောက်ပိုင်းမှာ တရုတ် အစိုးရဘက်က တိုင်းရင်းသား မီဒီယာတွေကို ကူညီတော့မယ် ဆိုတဲ့ အသံတွေ ကြားနေလာရတော့ ဒီလို အခြေ အနေမှာ သတင်းမီဒီယာတွေကို အစိုးရ အနေနဲ့ ငွေကြေး ပံ့ပိုးပေးမှုတွေ အများကြီး ပြုလုပ်ပေးသင့်တယ်။
ဦးစိန်ဝင်း
သတင်းစာ ပညာရပ် ဆိုင်ရာ အကြံပေး – Internews
ကျနော်တို့ တိုင်းပြည်မှာက မီဒီယာ လွတ်လပ်ခွင့်ကရော၊ မီဒီယာတွေရဲ့ ရှင်သန် ရပ်တည်မှုတွေကရော အနှုတ်လက္ခဏာ ပြနေပြီ။ အောက်ဘက်ကို ဇောက်ထိုးဆင်းနေပြီ။ မီဒီယာ လွတ်လပ်ခွင့် ကျဆင်းရတဲ့ အဓိကကျတဲ့ အချက်က စစ်ဘက်၊ အရပ် ဘက် အာဏာ လွန်ဆွဲမှုကနေ စလာတာပဲဗျ။ အခုချိန်မှာ သူတို့ ၂ ဖက်လုံးက မီဒီယာနဲ့ ပတ်သက်ရင် သဘော တူတဲ့ အချက် တခုကို သွားတွေ့ရတယ်။ အဲဒါက ဘာလဲဆိုတော့ မီဒီယာ လွတ်လပ်ခွင့်က မလိုအပ်ဘူး။ မီဒီယာတွေကို ထိန်းချုပ်ရမယ် ဆိုတဲ့ မီဒီယာတွေ အပေးမှာ တန်ဖိုးထား အလေးထားမှု မရှိတဲ့ဟာပဲ။
နောက်တခုက မီဒီယာတွေရဲ့ ရှင်သန် ရပ်တည်ရေးမှာ တိုင်းပြည် စီးပွားရေးက ကျဆင်းနေတော့ ပိုခက်ရော။ တချို့က ဒစ်ဂျစ်တယ် မီဒီယာ ကဏ္ဍ ပေါ်လာလို့ လို့ပြောကြတယ်။ အာဏာရှိတဲ့ သူတွေ ကိုယ်တိုင်က အဲဒီလို မီဒီယာတွေ ကျဆင်း မှုမှာ အထောက်အပံ့တွေ ပေးတာ မရှိလို့ပဲ။ ဒစ်ဂျစ်တယ် မီဒီယာတွေကြောင့် ဆိုရင် ထိုင်းမှာလည်း ပုံနှိပ်မီဒီယာ တွေ ဆိုးနေတယ်လို့ ပြောပေမယ့် သူတို့မှာ အစောင်ရေ တသန်းလောက် ထုတ်နေချိန် ကျနော်တို့မှာက သောင်းဂဏန်း လောက်ပဲ ထုတ်နိုင်တော့တယ်။
ပုံနှိပ် မီဒီယာတွေ တတိုက်ပြီး တတိုက် ပိတ်လာကြတာ။ သတင်း လွတ်လပ်ခွင့် အားမကောင်းတော့ တာကို ပျော်နေကြတဲ့ သူတွေ၊ အစွန်းရောက်တဲ့ သူတွေကလည်း ရှိနေတယ်။ အာဏာကို အလွဲသုံးစား လုပ်တဲ့သူတွေ၊ မဟုတ်တာ လုပ်တဲ့သူ တွေ ကတော့ သတင်း လွတ်လပ်ခွင့် မရှိလေ ကောင်းလေလို့ ယူဆထားကြမှာပဲ။
အဲဒီတော့ တိုင်းပြည်ရဲ့ အကူးအပြောင်းကို မီဒီယာ ကဏ္ဍကနေ အထောက်အပံ့ ပေးမှုတွေ ဆက် မလုပ်နိုင်ကြတော့ဘူး။ မီဒီယာတွေက ဦးတည်ချက် မရှိဘဲ မောင်းနှင်နေတဲ့ သဘော ဖြစ်သွားရော။ စုံစမ်း ဖော်ထုတ် သတင်းရေးသားမှု ဆိုတာ တကယ့် တိုက်ကြီးတွေတောင်မှ မလုပ်လာနိုင်ကြတော့ဘူး။ ပိုက်ဆံ သုံးဖို့၊ အချိန် သုံးဖို့ မလုပ်လာနိုင်တော့ဘူး။ အဲ့ဒီတော့ စုံစမ်း ဖော်ထုတ် သတင်းရေးသားတယ် ဆိုတာ မရှိသလောက် ဖြစ်လာပြီ။ လုပ်နေတဲ့သူတွေကလည်း အထောက်အပံ့ တွေနဲ့ပဲ သွားနေကြရတဲ့ သဘော ဖြစ်နေပြီ။