ကရင်ပြည်နယ်၊ ကြာအင်ဆိပ်ကြီးခရိုင်၊ ဘုရားသုံးဆူမြို့နယ်အတွင်းက သဒိန် (တာဒိန်) ကျေးရွာ သံပုရာချောင်းဖျားတွင် မွန်ပြည်သစ်ပါတီ (NMSP) နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) တို့၏ လက်အောက် လက်နက်ကိုင် အဖွဲ့နှစ်ဖွဲ့အကြား ဧပြီ ၂၉ ရက်နေ့က မိနစ် ၂၀ ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။
အဆိုပါ တိုက်ပွဲ ဖြစ်ပွားရခြင်းမှာ နယ်မြေအုပ်ချုပ်ရေးနှင့် သစ်ထုတ်လုပ်ရေး ကိစ္စတို့အပေါ် အငြင်းပွားရာက စတင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိမှာလည်း နှစ်ဘက် တပ်ဖွဲ့ဝင်များ တပ်အင်အား ဖြည့်ဆီးကာ သတိအနေအထားဖြင့် စောင့်ကြည့်နေခြင်းကြောင့် စစ်ရေး တင်းမာနေသည်ဟုလည်း သိရသည်။
NMSP နှင့် KNU တို့သည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) အပါအဝင် ပြည်နယ်အဆင့် – ပြည်ထောင်စုအဆင့် အပစ်ရပ်စာချုပ်များကို လက်မှတ်ရေးထိုး ထားကြသည့် လက်နက်ကိုင် အဖွဲ့များ ဖြစ်ကြသည်။
သို့သော်လည်း NMSP နှင့် KNU အကြား နယ်မြေအုပ်ချုပ်ရေးနှင့် သစ်ထုတ်လုပ်ရေးကိစ္စတို့ အငြင်းပွားပြီး မကြာခဏ တိုက်ပွဲများ ဖြစ်ပွားလေ့ရှိကာ မကြာခဏ တွေ့ဆုံဆွေးနွေး ဖြေရှင်းနေကြရသည်။ ထို့နောက်တွင်လည်း တွေ့ဆုံဆွေးနွေး ဖြေရှင်းအပြီး ယခုကဲ့သို့ မကြာခဏ ပြန်လည် ထိတွေ့မှုများ ဖြစ်ပွားလေ့ရှိကြသည်။
ထို့ကြောင့် မွန်ပြည်သစ်ပါတီ (NMSP) ၏ ဘုရားသူံးဆူမြို့နယ်ဥက္ကဋ္ဌ (အုပ်ချုပ်ရေးတာဝန်ခံ) နိုင်အာကာကို ဧရာဝတီသတင်းဌာနမှ အကြီးတန်းသတင်းထောက် ချစ်မင်းထွန်းက ဆက်သွယ်၍ ဧပြီ ၂၉ ရက်က ဖြစ်ပွား ခဲ့သော တိုက်ပွဲအခြေအနေ အပါအဝင် နယ်မြေအခြေအနေနှင့် မည်ကဲ့သို့ တွေ့ဆုံဆွေးနွေးကြမည် ဆိုသည်ကို မေးမြန်းထားပါသည်။
မေး။ ။ ဘုရားသုံးဆူမြို့နယ်ထဲက သဒိန် (တာဒိန်) ကျေးရွာအနီးမှာ ဆရာတို့ NMSP နဲ့ KNU တိုက်ပွဲ ဖြစ်တယ်ကြားလို့ ဘယ်လိုကြောင့် ဖြစ်တာလဲ။
ဖြေ။ ။ ကျနော်တို့ အပစ်အခတ် ရပ်စဲရေးကာလမှာ (၁၉၉၅ ခုနှစ်က အစိုးရနဲ့အပစ်ရပ်ခဲ့ခြင်း) ၅ မိုင် ပတ်လည်ပေါ့လေ။ အဲဒီမှာ ကျနော်တို့ တပ်တည် ဧရိယာခွင်အဖြစ် နိုင်ငံတော်အစိုးရနဲ့ သဘောတူညီမှု ရထားတာ ရှိတယ် ခင်ဗျာ။ အဲဒီမှာ သူတို့က ဝင်လာပြီးတော့ပစ်တော့ သံပုရာချောင်းဖျားမှာ တိုက်ပွဲ ဖြစ်ကြတယ်။
မေး။ ။ ဒါဆို KNU ဘက်က မွန်ပြည်သစ်ပါတီ စိုးမိုးတဲ့ နယ်မြေထဲကို ဝင်လာတာလား၊ ဘယ်လိုမျိုးကြောင့် ဖြစ်တာလဲ။
ဖြေ။ ။ အဓိကကတော့ ကျနော်တို့ဘက် အခြမ်းကတော့ သဒိန်ကျေးရွာပေါ့၊ KNU စစ်ဆင်ရေးရုံးမှာ ထပ်ခါ၊ ထပ်ခါ တောင်းဆိုထားတယ်။ တွေ့ဆုံဆွေးနွေးပွဲ လုပ်ပေးပါ၊ ပြီးတော့ KNU စစ်ဆင်ရေးရုံးက ပြောလာတယ်၊ အဲဒီ တပ်ပိုင်းဆိုင်ရာတွေကို ပြန်ဆုတ်၊ ပြန်ဆုတ်ပြီးမှ စကားပြန်ပြောမယ်လို့ ပြောတယ်။ ပြီးတော့ တွေ့ဆုံပွဲ မဖြစ်ဘူး။ အဲဒီတွေ့ဆုံပွဲမဖြစ်တာနဲ့ ထိတွေ့မှု ဖြစ်သွားတာပေါ့။
မေး။ ။ အခုက နယ်မြေစိုးမိုးရေး အခြေအနေနဲ့ သစ်ထုတ်လုပ်ရေး အခြေအနေ အငြင်းပွားပြီးတော့ ဖြစ်ကြတယ်လို့ သိရတယ်၊ သစ်ထုတ်လုပ်ရေး အခြေအနေက ဘယ်လို အငြင်းပွားတာလဲ။
ဖြေ။ ။ သစ်ထုတ်လုပ်ရေး ကိစ္စကတော့ ကျနော်တို့က KNU နဲ့ မြို့နယ်အဆင့် အကုန်လုံး တွေ့ဆုံပြီးတော့ သဘောတူညီပြီးသားပဲ။ ဒါပေမယ့် နယ်မြေကိစ္စကပဲ အဓိက ဖြစ်သွားတယ်။
မေး။ ။ အခုရော အောက်ခြေ တပ်ပိုင်းဆိုင်ရာ အခြေအနေက ဘယ်လိုရှိလဲ။ စစ်ရေး တင်းမာနေတာလား။
ဖြေ။ ။ တင်းမာမှု ရှိနေဆဲပဲ။
မေး။ ။ နှစ်ဦးနှစ်ဘက်စလုံးက တပ်အင်အားတွေ ဖြည့်နေကြတာလား။
ဖြေ။ ။ ဟုတ်တယ်၊ ဟုတ်တယ်။
မေး။ ။ တပ်အင်အားတွေ ဖြည့်နေတယ်ဆိုတော့ ဘယ်လိုပုံစံမျိုးတွေ ဖြည့်နေကြတာလဲ။
ဖြေ။ ။ သတင်းအရတော့ သူတို့ဘက်ခြမ်းမှာပဲ အင်အားဖြည့်ပြီးတော့ ပြည်သူလူထု သွားလာတဲ့ လမ်းတွေကို သူတို့ လိုက်ပိတ်ထားတယ်ပေါ့၊ ကားလမ်းတွေ ရောပေါ့။ အဲဒီမှာ မွန်ပြည်သူတွေ ဘယ်လိုသွား ဘယ်လိုလာလဲ၊ အဲဒီမှာ စိစစ်နေတယ်။
မေး။ ။ သူတို့ဘက်က အင်အားဖြည့်တယ်ဆိုတော့ အင်အား ဘယ်လောက်လောက် ရှိနေပြီလဲ။
ဖြေ။ ။ သူတို့ဘက်က ကျနော်ထင်တာ ၅၀-၆၀ ဝန်းကျင်လောက် ရှိမယ်လို့ ခန့်မှန်းရတာပေါ့နော်။
မေး။ ။ အဲဒီဒေသမှာ KNU က ဘယ်တပ်ရင်းတွေ လှုပ်ရှားကြသလဲ။
ဖြေ။ ။ ကျနော်တို့ အကြမ်းဖျဉ်း သိထားတာတော့ တပ်မဟာ (၆)၊ တပ်ရင်း (၁၆)၊ တပ်ခွဲ (၂) အဲဒီလောက်ပဲ သိထားတယ်။ သူတို့ စခန်း ဘယ်လောက်ဆိုတာတော့ ကျနော်တို့လည်း အတိအကျတော့ မသိဘူး။
မေး။ ။ အဲဒီအထဲမှာ မွန်ပြည်သစ်ကျတော့ရော ဘယ်တပ်ရင်းတွေ လှုပ်ရှားကြလဲ။
ဖြေ။ ။ ကျနော်တို့ကျတော့ ဘုရားသုံးဆူ မြို့နယ်ဘက်ခြမ်းက ကျနော်တို့အခြမ်းပေါ့။ အမှတ် (၅) တပ်ရင်း ရှိတယ်။
မေး။ ။ တိုက်ပွဲ ဖြစ်သွားတာက မွန်ပြည်သစ်ရဲ့ ဘယ်တပ်ရင်းနဲ့ KNU က ဘယ်တပ်ရင်းတို့ ဖြစ်ကြတာလဲ။
ဖြေ။ ။ ကျနော်တို့ဘက်က အမှတ် (၅) တပ်ရင်းနဲ့ KNU ဘက်က တပ်မဟာ (၆) က တပ်ရင်း (၁၆) နဲ့ တပ်ခွဲ (၂) ပေါ့။
မေး။ ။ အခု ဘယ်လို ဖြေရှင်းနေကြလဲ။
ဖြေ။ ။ ဘယ်လို ဖြေရှင်းလဲဆိုတော့ တပ်ပိုင်းဆိုင်ရာရော၊ အထက်လူကြီးနဲ့ နှစ်ဦးနှစ်ဖက် တွေ့ဆုံဖို့၊ ဆွေးနွေးဖို့ အခြေအနေရှိပါတယ်။
မေး။ ။ အခု အထက်လူကြီးချင်း ရှင်းကြမယ်ဆိုတော့ ဘယ်လိုမျိုး အခြေအနေတွေကို ဆောင်ရွက်နေကြ ပြီလဲ။
ဖြေ။ ။ နှစ်ဦးနှစ်ဖက်စလုံးကတော့ တွေ့ဆုံဆွေးနွေးဖို့ လုပ်နေကြတယ်လို့ ကြားတယ်။ ကျနော် သိထား သလောက်ကတော့၊ ကျနော်တို့ အောက်ခြေ အဆင့်ကတော့ တွေ့ဆုံဖို့ မဖြစ်နိုင်သေးဘူး။ လောလောဆယ် ဗဟိုအဆင့်တို့၊ ခရိုင်အဆင့်တို့၊ အထက်လူကြီးတွေတော့ တွေ့ဆုံဖို့ ရှိကြတယ် ကြားတယ်။
မေး။ ။ ဒါဆို မွန်ပြည်သစ်ဘက်ကနေ တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းတဲ့အကြောင်း KNU ဘက်ကို ပြောထားတာတွေ ရှိပြီးလား။
ဖြေ။ ။ ကမ်းလှမ်းထားပြီးသားပါ။ ကျနော်တို့ သတင်း ကြားရသလောက်တော့ အဲဒီလို ကမ်းလှမ်းထားတာ ရှိတယ်။ တွေ့ဆုံဖို့ပေါ့။
မေး။ ။ အရင်တုန်းကလည်း KNU နဲ့ မွန်ပြည်သစ် နယ်မြေ အငြင်းပွားမှုနဲ့ရော၊ သစ်ထုတ်လုပ်မှုနဲ့ရော ခဏခဏ တိုက်ပွဲတွေ ဖြစ်နေတာ၊ ညှိနှိုင်းလိုက်၊ ပြန်တိုက်လိုက် ဖြစ်နေတာ။ အခု ဆွေးနွေးမယ်ဆိုရင် နှစ်ဦးနှစ်ဖက် အဆင်ပြေနိုင်မယ့် စာချုပ်စာတမ်းတွေနဲ့ လုပ်သွားဖို့ရော ရှိကြမလား။ ဘယ်လို အခြေအနေ ညှိကြမှာလဲ။
ဖြေ။ ။ ကျနော်တို့ကတော့ အကောင်းဆုံးဖြစ်အောင် တွေ့ဆုံပွဲလုပ်ပြီးတော့ နှစ်ဦးနှစ်ဖက် တင်းမာမှုတွေ လျှော့ချပြီးတော့ အတူသွားကြမယ်လို့ ကျနော်ထင်တယ်။ နယ်မြေကလည်း ဘယ်လို ပြောမလဲဆိုတော့ ထပ်တူညီမျှ ဖြစ်နေတယ်လေ။ အဲဒီလိုမျိုး ဖြစ်နေတယ် ခင်ဗျာ။
မေး။ ။ ဒါဆို အဲဒီ နယ်မြေက KNU နဲ့ NMSP ပူးပေါင်းပြီးတော့ အုပ်ချုပ်နယ်မြေအဖြစ် သတ်မှတ်ထား တာလား။
ဖြေ။ ။ ဒီဘက်ခြမ်း ဂျပန်ရေတွင်း၊ သဒိန်ကျေးရွာဘက် ဆိုရင်တော့ ကျနော်တို့က လှုပ်ရှားခွင့်ရော၊ တပ်တည် ဧရိယာရော ရှိတယ်။ ဒါပေမယ့် KNU လည်း အဲဒီမှာ သွားလာတဲ့ အခြေအနေတော့ ရှိတယ်။
မေး။ ။ ဒါဆို သဒိန်ကျေးရွာက KNU ထိန်းချုပ်နယ်မြေလား၊ ဆရာတို့ NMSP ထိန်းချုပ်နယ်မြေလား။
ဖြေ။ ။ တပ်တည် ဧရိယာကတော့ ကျနော်တို့ ထိန်းချုပ်နယ်မြေပဲ။ အရင် ၁၉၉၅ ခုနှစ်တုန်းက ကျနော်တို့နဲ့ နိုင်ငံတော်အစိုးရအကြား အပစ်အခတ်ရပ်စဲရေး ကာလမှာ ချုပ်ဆိုခဲ့တုန်းက ကျနော်တို့ကို တပ်တည် နေရာအဖြစ် ပေးထားတယ်။ ၅ မိုင် ပတ်လည်ကလေ။ အခုက တိုက်ပွဲဖြစ်တဲ့ နေရာကလည်း သံပုရာချောင်းဖျား ပေါ့နော်။ သံပုရာချောင်းလို့ ခေါ်တယ်။ အဲဒီမှာ တိုက်ပွဲဖြစ်သွားတယ်၊ မိနစ် ၂၀ လောက်။ အဲဒါက ကျနော်တို့ ထိန်းချုပ်နယ်မြေပဲ ခင်ဗျာ။
မေး။ ။ ဘာများ ဖြည့်စွက် ပြောလိုပါသလဲ။
ဖြေ ။ ။ ကျနော့်အနေနဲ့ ကျနော်တို့ တိုင်းရင်းသား ညီအစ်ကို မောင်နှမစိတ်ဓာတ်နဲ့ အတူ လက်တွဲပြီးတော့ အတူနေ အတူထိုင်၊ အတူသွား အတူလာ ပေါေ့နာ်။ ရလာတဲ့ အကျိုးအမြတ်တွေလည်း အတူခံစားပေါ့။ အဓိက ကတော့ အကောင်းကိုပဲ လိုလားတယ်။ ဒီတိုက်ပွဲ ဖြစ်လာမယ်ဆိုရင် ပြည်သူလူထုပဲ ထိခိုက်ကြမယ်။ ဒါကြောင့် တိုက်ပွဲ မဖြစ်စေချင်ဘူး၊ အကောင်းဆုံးကိုပဲ မျှော်လင့်ပါတယ်။