ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ် အမှတ် (၃) လမ်းမပေါ်ရှိ ပုလဲမြို့သစ် အရန်မီးသတ်တပ်ဖွဲ့ တည် ထောင်ခဲ့သည်မှာ ၁၆ နှစ်တာ ကာလသို့ ရောက်ရှိလာပြီ ဖြစ်သည်။ “သင် အကူအညီ လိုအပ်တဲ့အချိန် ဘေးမှာ ပုလဲမီး သတ် ရှိနေမှာပါ” ဟူသည့် ဆောင်ပုဒ်အတိုင်း အကူညီတောင်းခံသည့် ကိစ္စမှန်သမျှ အယုတ် အလတ် အမြတ် မရွေး ကူ ညီပေးနေသည့် ပုလဲမြို့သစ် အရန်မီးသတ်တပ်ဖွဲ့၏ ဂုဏ်သတင်းသည် တစတစ ပြည်သူလူထုအကြားသို့ ပျံ့နှံ့လာခဲ့သည်။
အောင်မြင်မှု အတိုင်းအတာ တခု ရရှိနေသည့် ပုလဲအရန်မီးသတ်တပ်ဖွဲ့၏ ၁၆ နှစ်တာကာလအတွင်း ဆောင်ရွက်ချက်များ၊ အခက်အခဲများနှင့် စေတနာ့ဝန်ထမ်း အရန်မီးသတ်တို့၏ ဘဝ တစိတ်တပိုင်းကို သိရှိနိုင်ရန် ပုလဲမြို့သစ်အရန်မီးသတ်တပ် ဖွဲ့ တည်ထောင်ချိန်က ခေါင်းဆောင်အဖြစ်ပါဝင်ခဲ့သူလည်းဖြစ် ယခုထိလည်း စခန်းတာဝန်ခံအဖြစ် တာဝန်ယူ ဆောင်ရွက်နေသူ ဦးထင်လင်းအောင်ကို ဧရာဝတီ အကြီးတန်း သတင်းထောက် ဇူးဇူးက ဆက်သွယ် မေးမြန်းထားပါသည်။
မေး ။ ။ ပုလဲအရန်မီးသတ်တပ်ဖွဲ့အဖြစ် ဘယ်လို စတည်ဖြစ်ပေါ်ခဲ့ပါသလဲ။
ဖြေ ။ ။ ၂၀၀၂/၂၀၀၃ လောက်မှာ ကျနော်တို့ မြို့နယ်ပေါ့။ မင်္ဂလာဒုံမြို့နယ် ပုလဲမြို့သစ် အမှတ် ၃ လမ်းမဆိုတာ အဲဒီ တုန်းက လမ်းဆိုးကြီး။ အငှားယာဉ်တွေကအစ မလာချင်ကြဘူး။ လူနေမှုကလည်း အဲဒီတုန်းက သိပ်မများသေးတဲ့ အချိန်။ ကားတိုက်ပြီဆို သေတာများတယ်။ လူနာတင်ယာဉ်ဆိုတာလည်း ရန်ကုန်တိုင်းမှာ မရှိသေးဘူး။ ဒီလို ပရဟိတ အသင်းတွေ လည်း မရှိသေးဘူး။ ယာဉ်ထိန်းတပ်ဖွဲ့ကပိုင်တဲ့ လူနာတင်ယာဉ်တို့ဘာတို့ကလည်း လှမ်းခေါ်ရတာ မြို့ထဲကနေဆိုတော့ အဝေးကြီး။ လာဖို့ကလည်း ခက်ခဲတယ်။
အဲဒီအချိန်မှာ ရပ်ကွက်လူကြီးတွေ ရပ်မိရပ်ဖတွေ ဌာနဆိုင်ရာတွေနဲ့ တိုင်ပင်ပြီး ပုလဲမြို့သစ် အရန်မီးသတ်တပ်ဖွဲ့ စဖွဲ့ဖို့ ဖြစ် ခဲ့တယ်။ ၂၀၀၃ လောက်မှာပေါ့။ အခြေခံဆေးပညာတွေ၊ မီးသတ်တဲ့နည်းပညာတွေသင်ရတယ်။ ရန်ကုန်မြို့နယ် ကြက်ခြေ နီကိုလှမ်းဖိတ်ပြီး အခြေခံ ရှေးဦးပြုစုနည်း ၁ လ သင်တန်းပေးတယ်။ အဲဒီတုန်းက လူနာတင်ယာဉ်တို့ဘာတို့ မပိုင်သေး ဘူး။ ကိုယ့်ရှိတဲ့ဟာလေးနဲ့စုပြီး ယူနီဖောင်းလေးတွေ လူနာတင်တဲ့ကတ်တွေ ဝယ်ရတာပေါ့။ အောက်ဆီဂျင်ဘူးတွေတော့ မဝယ် နိုင်သေးဘူး။ လိုက်ထရပ်ကားလေးတွေ ပိုင်တဲ့ သူငယ်ချင်းတွေကလည်း ကျနော်တို့အဖွဲ့က လိုအပ်လို့ရှိရင် သုံးခွင့် ပေးတယ်။
ကျနော်က လူပျိုဘဝကတည်းက ရပ်ကွက်ထဲမှာ နေရာတကာ ပါလေရာပေါ့ဗျာ။ အဖေကလည်း အရင်က ရပ်ကွက်လူကြီး။ အဖေက တပ်မတော်အငြိမ်းစား။ ညီအစ်ကိုနှစ်ယောက်တည်း။ ရပ်ကွက်ထဲမှာထစ်ကနဲဆို ကျနော်တို့ညီအစ်ကိုနှစ်ယောက် ရှေ့ဆုံးက။ မီးရေးထင်းရေးပဲဖြစ်ဖြစ် သူခိုးပဲဖြစ်ဖြစ်။ အဲဒီလို ဝါသနာ အရမ်းကြီးတာ။ အဲဒီကနေပြီးတော့မှ ကံကြမ္မာလေး လည်း ပေးလာတော့ အရန်မီးသတ်ပေါ့။ ကျနော်တို့ လုပ်တဲ့အလုပ်တွေက တဖြည်းဖြည်း များများလာပြီးတော့ ပြည်သူကို လိုလေသေးမရှိ ကူညီတဲ့အဖွဲ့ကို ရောက်ကုန်တာ။ အခုဆို ကျနော်တို့ ဘဝက ရှေ့တိုး လည်းခက်။ နောက်ဆုတ်လည်းခက် ဖြစ်နေပြီ။ အင်အားတော့ကြီးတယ်။ အောင်မြင်မှုအားလည်း အရမ်းကောင်းတယ်။ ဒါပေမယ့် ဆင်းရဲတဲ့ စေတနာ့ဝန်ထမ်း ဘဝပေါ့။

မေး ။ ။ စဖွဲ့တုန်းက လူအင်အား ဘယ်လောက်ပါဝင်ခဲ့လဲ။ အခုရော လူအင်အား ဘယ်လောက်ရှိပြီလဲ။
ဖြေ ။ ။ စဖွဲ့တုန်းက လူအင်အား ၁၅ ယောက်လောက်ပဲ ရှိတယ်။ ကျနော်တို့ ရပ်ကွက်က လူငယ်လေးတွေ ပါတယ်။ အခုတော့ စေတနာ့ဝန်ထမ်း (volunteer) ၄၈ ယောက် ရှိသွားပြီ။
မေး ။ ။ အဖွဲ့အနေနဲ့ ဘယ်လို အခက်အခဲတွေ ကြုံခဲ့ရလဲ။
ဖြေ ။ ။ အခက်အခဲတွေကတော့ အများကြီးပဲ။ ကျနော်တို့ မချမ်းသာပါဘူး။ ဒါပေမယ့် စလုပ်ကတည်းက အလှူမခံဘူး။ ကိုယ်ပိုင်ချွေးနည်းစာနဲ့ ဖြတ်သန်းတော့ အခက်အခဲ ရှိတယ်။ အသင်းကြေး လစဉ်ကြေးအနေနဲ့ ရပ်ကွက်ထဲမှာ ကောက်ခံ တာလည်း မရှိဘူး။ ရပ်ကွက်နဲ့လည်း ငွေရေးကြေးရေး ကင်းအောင် နေတယ်။ သူများရပ်ကွက်တွေမှာဆို အရန်မီးသတ်ဆို မီးထိန်းကြေးအဖြစ် တလ ၅၀၀ ထည့်ရတာ ရှိတယ်မလား။ ကျနော်တို့ စလုပ်ကတည်းက ရပ်ကွက်ထဲမှာ အဲဒီလို မရှိဘူး။ တပိုင်တနိုင်ပေါ့။ ဆေးပစ္စည်းတွေ လိုတယ်ဆို ဒီမှာလုပ်နေတဲ့သူ အားလုံး ဝိုင်းထည့်ပြီး ဝယ်ပေါ့။
လောလောဆယ်မှာတော့ လစဉ်ကြေး အလှူရှင်တွေ ရှိတယ်။ ကျနော်တို့ကို လေးစားတဲ့ အားပေးတဲ့ မိဘပြည်သူတွေက လှူတာ တလကို ၃ သိန်းခွဲလောက် ရှိတယ်။ မီးသတ်ကား ၅ စီး၊ လူနာတင်ယာဉ် ၅ စီး စုစုပေါင်း ၁၀ စီး ရှိတယ်။ ကူညီမှု အနေနဲ့ ထွက်ငွေ တနေ့ကို အနည်းဆုံး ၇/၈ သောင်းလောက်တော့ ရှိတယ်။ ဘာပဲဖြစ်ဖြစ် အကူညီတောင်းတိုင်း လုပ်ပေး နေတော့ စီးပွားရေး နည်းနည်း အလုပ်အကိုင် ပျက်တာတို့၊ ထိခိုက်တာတို့ ရှိတာပေါ့။
စလုပ်တဲ့ အချိန်တုန်းကဆို လူတကာလည်း ဖုန်းမကိုင်နိုင်သေးတဲ့အချိန်။ ကျနော်တို့လည်း ဖုန်းမကိုင်နိုင်ဘူး။ တခုခုဖြစ်ပြီ ဆို အကူညီတောင်းသူတွေက ပြေးလာတယ်။ စက်ဘီး/ဆိုင်ကယ်တွေနဲ့ လာခေါ်ကြတယ်။ စလုပ်ကတည်းက အရန်မီး သတ်ပေမယ့် ရပ်ကွက်ထဲ လိုအပ်တဲ့ အကူညီမှန်သမျှ အကုန်ပေးတယ်။ ဘယ်ဟာမှ မငြင်းဘူး။ ဗိုက်ကြီးသည်လည်း ကူ ညီပေးတာပဲ။ ပုပ်ပွနေတဲ့အလောင်း တွေ့တယ်ဆိုလည်း မီးသတ်အနေနဲ့ ကူညီပေးတာပဲ။
မေး ။ ။ မိသားစုတွေရဲ့ သဘောထားကရော ဘယ်လိုရှိပါသလဲ။
ဖြေ ။ ။ ကျနော်နဲ့ ၁၆ နှစ်တာ ကာလအတွင်းမှာ အတူတွဲ လုပ်ကိုင်လာတဲ့ အရမ်းတော်တဲ့ လူငယ်တွေ ရှိတယ်။ အငှား ယာဉ်မောင်းတဲ့သူ ရှိတယ်။ လက်သမား၊ ပန်းရံလုပ်တဲ့သူလည်း ရှိတယ်။ ဆိုင်ကယ် ကယ်ရီဆွဲတဲ့သူလည်း ရှိတယ်။ မိသား စု ဝမ်းရေးအရ နည်းမျိုးစုံနဲ့ ကျင်လည်နေရတဲ့သူတွေ ရှိတယ်။ ဒါပေမယ့် ကျနော်တု့ိ့ လုပ်လာတာ နှစ်ကြာလာတော့လည်း မိသားစုတွေက တဖြည်းဖြည်း နားလည်လာကြပါတယ်။ ဘာလို့ဆို ကျနော်တို့လုပ်နေတဲ့ အလုပ်တွေက ကိုယ့်ထမင်းကိုယ် စားတယ်။ ကိုယ့်စီးပွား ကိုယ်ရှာတယ်။ မိသားစုလည်း ဒုက္ခမရောက်စေရဘူး။ အကူညီလိုတဲ့ ၇ ရက် သားသမီးလည်း အချိန်ပြည့် အကူညီပေးနိုင်ရမယ်။ ဘုရားပေးတဲ့ ဆုလို့ပဲ ပြောရမှာပေ့ါ။ မချမ်းသာဘူး။ ဒါပေမယ့် လုပ်နေရင်းနဲ့ ထမင်းငတ် သွားတာတော့ မရှိပါဘူး။ နှစ်ကြာလာပြီဆိုတော့ ကျနော်တို့အတွင်း ယန္တရားလေး တော်တော်ကောင်းလာပြီ။ အဖွဲ့က ညီ လည်းညီတယ်။
မေး ။ ။ အရန်မီးသတ်တပ်ဖွဲ့နဲ့ အစိုးရ မီးသတ်တပ်ဖွဲ့ (သန္ဓေမီးသတ်တပ်ဖွဲ့) တွေအကြား ဘာတွေ ကွာခြားမှု ရှိလဲ။
ဖြေ ။ ။ အရင်ခေတ်တွေတုန်းက ဝန်ကြီးဌာနထဲမှာ အဆင်းရဲဆုံးက မီးသတ်ပဲ။ မီးသတ်ကားတွေဆိုလည်း ဖွတ်ချပ်ချပ်။ ယူနီဖောင်းတွေကအစ နေရေးထိုင်ရေး စားရေးသောက်ရေးကအဆုံး ပံ့ပိုးမှု အားနည်းခဲ့ကြတယ်။ မီးသတ် ဝန်ထမ်းတွေဆို တော်တော်လေး ဒုက္ခခံခဲ့ကြရတာ။ အခုချိန်မှာတော့ ခေတ်စနစ်ပြောင်းလဲမှုအရ အစိုးရ မီးသတ်တပ်ဖွဲ့က ပြောင်းလဲမှုတွေ ဖြစ်လာတယ်ဆိုတာ တွေ့ရမှာပါ။ မီးသတ်ကားတွေ ယူနီဖောင်းတွေကအစ ကျနော်တို့နဲ့ အများကြီး ကွာဟသွားတယ်။ အရန်မီးသတ်ကတော့ ပြည်သူက ပေါက်ဖွားလာတာဖြစ်ပြီး ပြည်သူနဲ့ အနီးကပ်ဆုံးရှိနေတဲ့ အဖွဲ့အစည်းဖြစ်လို့ ဘာမှ ပြောင်း လဲမှု မရှိဘူး။
ဒီဘဝလေးမှာပဲ ပျော်နေပြီး စေတနာ့ဝန်ထမ်းဘဝကို ဒီယူနီဖောင်းလေးနဲ့ ဒီဘက်တံဆိပ်လေးကိုပဲ တပ်ပြီးမှ သွားနေကြ တယ်။ အစိုးရ မီးသတ်တပ်ဖွဲ့ဝင်တွေက လစာတွေလည်း ကောင်းသွားတယ်။ ထောက်ပံ့မှုတွေကလည်း အရမ်းကောင်း သွားတော့ အင်အားလည်း အရမ်းများလာတယ်။ အရင်တုန်းကဆို သန္ဓေမီးသတ်စခန်းမှာ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် အရမ်း နည်းတယ်။ အခုကျတော့ သန္ဓေတပ်ဖွဲ့ဝင်တွေ တော်တော်များလာတယ်။ ပစ္စည်းပစ္စယကလည်း နိုင်ငံတော်က ထောက်ပံ့မှု တွေ ကောင်းလာတယ်။
ကျနော်တို့က စေတနာ့ဝန်ထမ်းဆိုတော့ ကိုယ့်ပစ္စည်း ကိုယ်ဆင်မြန်း၊ ကိုယ့်ယူနီဖောင်း ကိုယ်ဝတ်ပေါ့။ မီးလောင်ပြင် သွား တာကအစ ကိုယ့်မီးသတ်ကား ကိုယ်ဆီဖြည့်ပြီး ချနေတာ။ ဝါသနာပေါ့။ ဒါပေမယ့် ကျနော်တို့ကို ပြည်သူတွေရဲ့ ထောက်ခံ မှုကတော့ တော်တော်အားကောင်းတယ်။ ပုလဲမီးသတ်ကို တာမွေသွားလည်း ချစ်တယ်။ မြောက်ဥက္ကလာ သွားလည်း ချစ် တယ်။ ရန်ကုန်မြို့မှာ ဘယ်နေရာသွားသွား ပုလဲမီးသတ်ကို ချစ်တယ်။ အဲဒီအတွက်တော့ ကျေနပ်တယ်။ ပီတိဖြစ်တယ်။

မေး ။ ။ သန္ဓေ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ဘယ်လို ပူးပေါင်း ချိတ်ဆက် ဆောင်ရွက်သလဲ။
ဖြေ ။ ။ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ လက်အောက်ခံ အရန်မီးသတ်တပ်ဖွဲ့။ ကျ နော်တို့ မင်္ဂလာဒုံမြို့နယ်မှာဆို မြို့နယ် မီးသတ်စခန်းက ထောက်ကြန့်မှာ ရှိတယ်။ ကျနော်တို့က မြောက်ဥက္ကလာ မီးသတ် စခန်းနဲ့ ထောက်ကြန့် မီးသတ်စခန်း ကြားထဲမှာရှိတဲ့ အရန်မီးသတ်စခန်းပေါ့။ မင်္ဂလာဒုံမြို့နယ်ထဲမှာ မီးလောင်တာပဲဖြစ်ဖြစ် ပြည်သူက အကူညီလိုအပ်တာပဲဖြစ်ဖြစ် အကူညီတောင်းခံမှုက ကျနော်တို့ဆီ အရင်ရောက်တယ်။ မီးလောင်ပြီဆိုရင် သန္ဓေ မီးသတ်စခန်းကို သတင်းပို့ရတာပေါ့။ ဘယ်နားမှာ မီးလောင်တယ်။ ကျနော်တို့ဆီကတော့ မီးသတ်ကား ထွက်ပြီ။ အဲဒီလို ပူးပေါင်း ဆောင်ရွက်တယ်။
ကားတွေဘာတွေ ညပ်လို့ လူတွေကယ်ထုတ်တဲ့ ခေတ်မီကိရိယာတန်ဆာပလာတွေဆို သန္ဓေက ကိုင်နိုင်တယ်။ ကျနော်တို့ ကျ မကိုင်နိုင်ဘူး။ မဝယ်နိုင်ဘူး။ ဈေးကြီးတယ်။ ရှိတဲ့ဟာလေးတွေနဲ့ပဲ တီထွင်ကြံဆပြီး ကယ်ထုတ်ရတာ။ ကျနော်တို့ မနိုင် တော့ဘူးဆိုရင် သူတို့ကို လှမ်းခေါ်ရတယ်။ ၁၉၁ ကို လှမ်းဆက်သွယ်။ ကယ်ဆယ်ရေးတွေ ဘာတွေတောင်းပေါ့။ ပူးပေါင်း ဆောင်ရွက်မှုကတော့ ကောင်းပါတယ်။ သူတို့လည်း အရမ်းတိုးတက် ပြောင်းလဲသွားပြီ။ ကိုယ်တွေကတော့ နောက်လေးငါး ခြောက်နှစ်တောင် ပြောင်းလဲမယ့် အဖွဲ့အစည်း မဟုတ်ဘူးလို့ ထင်တယ်။ တဖွဲ့တည်းပြောတာ မဟုတ်ပါဘူး။ တနိုင်ငံလုံးမှာ ရှိတဲ့ အရန်မီးသတ်တွေကို ပြောတာပါ။ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ခေါင်းဆောင်တွေက ကောင်းရင်တော့ အဲဒီက အရန်မီးသတ်လေးတွေ အတွက်တော့ ကောင်းမှာပေါ့။
မေး ။ ။ မီးလောင်ပြင် သွားတဲ့အခါ ကူညီကယ်ဆယ်ရေး သွားလုပ်တဲ့အခါမျိုးမှာ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေရဲ့ ဘေးကင်း လုံခြုံရေးဆိုင်ရာ ဘာတွေ ဆောင်ရွက်ထားတာမျိုး ရှိလဲ။
ဖြေ ။ ။ အရန်မီးသတ်ကတော့ ကိုယ်ဖြစ်ကိုယ်ခံပဲ။ အရန်မီးသတ်တင် မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာရှိတဲ့ စေတနာ့ဝန် ထမ်း လုပ်နေကြတဲ့ လူအကုန်လုံးက သူတပါးကို ကူညီချင်လို့ သွားတဲ့အချိန်မှာ မစဉ်းစားနိုင်တော့ဘူး။ ကိုယ်ဖြစ်ကိုယ်ခံပဲ။ ဥပမာ မီးလောင်ပြင်မှာ ကူညီရင်းနဲ့ အသက်ဆုံးရှုံးသွားတယ် ဘာညာဖြစ်ရင်လည်း ဘွဲ့တွေဘာတွေတော့ ရမှာပေါ့။ တခြား ဘာမှတော့ မရှိဘူး။ ကိုယ့်ဘာသာ လူ့အသက် အာမခံသွားထားမှပဲ ရရင်ရမယ်။ ကျနော်တို့ တဖွဲ့လုံးဆိုရင် ဘာအသက် အာမခံမှ မရှိဘူး။ ကိုယ့်ဟာနဲ့ကိုယ်တောင် မနည်းလည်ပတ်နေရတာဆိုတော့ အသက် အာမခံထက် စခန်းမှာ လစဉ် မီးဖိုး ရေဖိုး ကားဆီဖိုးနဲ့တင်ပဲ ပတ်ချာလည် ရိုက်နေတယ်။
မေး ။ ။ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေကို အစိုးရပိုင်းက ဘာတွေ ထောက်ပံ့မှုပြုစေချင်လဲ။
ဖြေ ။ ။ အခုက ပွင့်လင်းမြင်သာတဲ့ ခေတ်လည်း ရောက်နေပြီ။ အရန်မီးသတ်အကုန်လုံး မြို့နယ်တိုင်းကိုတော့ မဆိုလို ဘူး။ ကိုယ့်အပိုင်မှာ မီးသတ်စခန်းတွေ ရှိတယ်။ အခု မင်္ဂလာဒုံမြို့နယ်မှာဆို အရန်မီးသတ်တပ်ဖွဲ့ခွဲ ၅ ခုရှိတယ်။ ကျနော်တို့ က တပ်ခွဲ ၂ ထဲမှာ ပါတယ်။ အကုန်လုံးကို လုပ်ပေးပါလို့ မဆိုလိုဘူး။ ဘယ်မြို့နယ်မှာရှိတဲ့ ဘယ်တပ်ဖွဲ့ကတော့ မြန်မာနိုင် ငံ မီးသတ်တပ်ဖွဲ့အတွက် အားကိုးရတယ်။ ဘယ်သူကတော့ ဘယ်လိုမျိုး လုပ်နိုင်တယ်။ စသဖြင့် ကျနော်တို့ဆိုရင် စခန်း ပိုင်ရှိတယ်။ လူပိုင်ရှိတယ်။ ကားပိုင်ရှိတယ်။ အစိုးရလစာ မစားဘဲ ၂၄ နာရီ ပြည်သူအတွက် ရှိပေးနိုင်တယ်။
အခုချိန် ပြောင်းလဲမှုတွေ များစွာဖြစ်လာတဲ့အချိန်မှာ အရန်မီးသတ်ကတော့ မပြောင်းလဲသေးဘူး။ ယူနီဖောင်းမှာ လက် မောင်း တံဆိပ်ကလေးက အစပေါ့။ ကျနော်တို့ရဲ့ ယူနီဖောင်းက ကုန်တိုက်တို့ဘာတို့က လုံခြုံရေး အသွင်သဏ္ဍာန်နဲ့ သွား ဆင်နေတယ်။ ကျနော်တို့ကိုလည်း ပြုပြင်မွမ်းမံမှုလေး လုပ်စေချင်တယ်။ အန်းတိတ်ကြီးတွေ ဖြစ်နေတာကြာပြီ။ ခု မြန်မာ နိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်တွေရဲ့ ယူနီဖောင်းလေးတွေဆို တအားလှတယ်။ ကျနော်တို့တွေလည်း အဲဒီလိုမျိုးလေးတွေ ဝတ် ချင်တယ်။ ဒါပေမယ့် အရာရှိတွေမှာ တင်တဲ့ အပွင့်တွေပေါ့နော်။ ပြည်ထဲရေး လက်အောက်ခံမို့ ကြယ်တွေ တပ်တယ်။ အ ရမ်းလှပါတယ်။ အားကျပါတယ်။ ကျနော်တို့ကို အဲဒီလို မဟုတ်တာတောင်မှ နည်းနည်းလေး ပြောင်းလဲပေးစေချင်ပါတယ်။ ကျနော်တို့က ပြည်သူနဲ့ တိုက်ရိုက် ထိတွေ့နေရတာဆိုတော့ ဒီယူနီဖောင်းပေါ်မှာ မူတည်ပြီးမှ ပြည်သူရဲ့ ယုံကြည်အားကိုးမှု ကလည်း သက်ဝင်မှာကိုး။ ပြည်သူကလည်း တောက်လျှောက်မြင်နေတာ အရန်မီးသတ်ဆိုတာ ဒီလို ပုံစံ ဆိုတာမျိုး။
ကျနော်တို့ စခန်းမှာဆိုလို့ရှိရင် စည်းကမ်းတွေရှိတယ်။ အရန်မီးသတ် စေတနာ့ဝန်ထမ်းလုပ်မယ်ဆို စခန်းက ထုတ်ပြန်ထား တဲ့ စည်းကမ်းချက်ကို လိုက်နာနိုင်လား။ လိုက်နာနိုင်ရင်လုပ်။ မလိုက်နာနိုင်ရင်တော့မလုပ်နဲ့။ ဆံပင်နီ ဆေးဆိုးလို့ မရဘူး။ နားကပ်တပ်လို့ မရဘူး။ ဆံပင်အရှည်ထားလို့ မရဘူး။ စစ်သားတယောက်ရဲ့ ပုံစံအတိုင်း ဖြစ်နေရမယ်။ စမတ်ကျကျနဲ့ပေါ့။
အရန်မီးသတ်တပ်ဖွဲ့ ဆိုတာလေးက အရင်တုန်းက အရမ်းသိမ်ငယ်တာ။ ကျနော်တို့ ငယ်ငယ်လောက်တုန်းက ပတ်ဝန်း ကျင်မှာ စုတ်တီးစုတ်ပြတ်လေးနဲ့။ ရပ်ကွက်ထဲ ဘုရားပွဲဆိုလည်း မီးသတ်။ မြောင်းဖော်လည်း မီးသတ်။ ခြုံရှင်းလည်း မီး သတ်။ အဲဒီလိုမျိုး ဒီအဖွဲ့လေးက ဘယ်နေရာဖြစ်ဖြစ် ခိုင်းဘက်။ အဲဒီထဲမှာ ကောင်းတဲ့သူလည်း ရှိမယ်။ ဆိုးတဲ့သူလည်း ရှိ မှာပေါ့။ ဘယ်နေရာမှာ ဖြစ်ဖြစ် ဒီလိုရှိတတ်တာပဲ။ ဒီ အဖွဲ့အစည်း တခုတည်းမှ မဟုတ်ပါဘူး။ အဲဒီထဲကမှ ဒီအဖွဲ့လေးတခု ကို တန်းပေါ်တင်ကြည့်တာ။ ကိုယ်ပိုင်အချိန်၊ ကိုယ်ပိုင်ငွေ၊ ကိုယ်ပိုင်စီးပွားရေး အဲဒါတွေတော့ ဆုံးရှုံးတာပေါ့။ ဒါပေမယ့် ကျနော်တို့ တန်းတတန်းပေါ်တော့ ရောက်သွားတာပေါ့။
မေး ။ ။ ဒီတော့ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေ ကိုယ်စား ဘာများ တောင်းဆိုချင်ပါသလဲ၊
ဖြေ ။ ။ လိုအပ်တဲ့ မီးသတ်ကားဆိုလည်း မီးသတ်ကားပေါ့။ အသုံးအဆောင် ပစ္စည်းလေးတွေ ထောက်ပံ့စေချင်တယ်။ ထောက်ပံ့စေချင်တယ်ဆိုတာ လိုချင်လို့ ပြောတာ မဟုတ်ဘူး။ ကျနော်က လုပ်သာလုပ်တာ အောက်ကျတော့ မခံချင်ဘူး။ ကျနော့်ရဲ့ မာနတခုပဲ။ လုပ်ပေးနိုင်ရင်တော့ လုပ်ပေးစေချင်တယ်။ ဘာလို့ဆို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကြီး ဆိုတာလည်း အနောက်မှာ အရန်မီးသတ်တပ်ဖွဲ့ကြီးနဲ့ အင်အားက အရမ်း ကြီးထွားလာမယ်။ ပြည်သူကို one by one စနစ် ကူညီနိုင်တဲ့ အဖွဲ့အစည်းတခု ဖြစ်လာနိုင်တယ်။ ပြည်သူတယောက် ဒုက္ခရောက်နေရင် မီးသတ်တယောက် ကယ်မယ်။ ပြည်သူ ၁၀ ယောက် ဒုက္ခရောက်နေရင် မီးသတ် ၁၀ ယောက် ကယ်မယ်။ အရန်မီးသတ်တွေကို မြေတောင်မြှောက်ပေးဖို့ လိုတယ်။ အ ကုန်လုံးကို ပြောတာမဟုတ်ပါဘူး။ တကယ်အလုပ်လုပ်တဲ့ သူတွေကိုတော့ လိုအပ်နေတဲ့ ပစ္စည်း အသုံးအဆောင်လေးတွေ ချပေးသင့်တယ် ထင်တယ်။ ဒါတွေက ကျနော်တို့အတွက်တော့အိပ်မက်ပဲ။ ထီပေါက်မှ ဝယ်နိုင်မှာ။ အရမ်းဈေးကြီးတာကိုး။
မေး ။ ။ လက်ရှိ ဘဝကို အားရကျေနပ်မှု ရှိရဲ့လား။ အဖွဲ့နဲ့ပတ်သက်လို့ အားမလိုအားမရ ဖြစ်တာမျိုး ရှိလား။
ဖြေ ။ ။ အခု ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာဆို တော်တော်လည်း အကူညီ တောင်းခံလာကြတယ်။ သက်ကြီးရွယ် အို စွန့်ပစ်ထားတာတွေ့လည်း ကျနော်တို့ကို လှမ်းခေါ်တယ်။ ကလေးသူငယ်တွေ အိမ်မပြန်တတ်လည်း လှမ်းခေါ်တယ်။ စိတ်ဝေဒနာရှင်တွေ သောင်းကျန်းနေတယ် လျှောက်သွားနေတယ်ဆိုလည်း လှမ်းခေါ်တယ်။ အကုန်လုပ်ပေးရတယ်ဆို တော့ ဒီဘဝလေးကို ကျေနပ်တယ်။ ပျော်လည်းပျော်တယ်။
ဒါပေမယ့် တခါတလေကျတော့လည်း ပြောရင်းနဲ့ ဝမ်းနည်းတယ်။ ကျနော်တို့နိုင်ငံမှာ အောင်မြင်လာရင် တိုက်ခိုက်တယ်ဆို တဲ့တခု ရှေးရိုးစွဲကြီးလို ဖြစ်နေတယ်။ ပြိုင်ဆိုင်တာတွေ တိုက်ခိုက်တာတွေ။ ဒါတွေကို တခါတလေကျရင် စိတ်အနှောင့်အ ယှက် ဖြစ်မိတယ်။ ဒါပေမယ့် အကောင်းဆုံးက ကိုယ့်လမ်းကိုယ်လျှောက် ကိုယ့်အလုပ်ကိုယ်လုပ်ပဲ။ ကိုယ်မှန်တယ် ထင်ရင် ချမယ်။ မှန်တယ်ထင်လို့ လုပ်ပြီးမှ မှားတယ်ဆိုလည်း အဲဒီအမှားကို ခံမယ်။
ကျနော် ထီကတော့ လတိုင်းထိုးတယ်။ ထီပေါက်ရင် ကျနော့်အဖွဲ့လေးကို အရည်အသွေး ထပ်မြှင့်အုံးမယ်။ ထီပေါက်တာပဲ ဖြစ်ဖြစ် ကျနော့်လက်ထဲ ပိုက်ဆံရောက်လာရင် သုံးပုံပုံမယ်။ ကျနော့် မိဘ/မိသားစုအတွက် တပုံပဲ။ ကျန်တဲ့နှစ်ပုံက ဒီဘက် အတွက်။ ကားတွေ အဆင့်မြှင့်မယ်။ သုံးထပ်ဆောက်မယ်။ ကျနော့်ကားတွေက old model တွေ ဖြစ်နေပြီ။ ဟောင်းနေပြီ။ ဟိုနေ့က မီးလောင်ပြင် ထွက်သွားတော့ ကားကြီးက မီးလောင်ပြင်မှာ ပျက်လို့။ ပြင်ရနဲ့ ခက်ခဲတယ်။ လှူထားတဲ့အပေါ် မူတည်ပြီး ပစ္စည်းတွေကို ထိန်းသိမ်းနေရတာဆိုတော့ အပတ်မလည်ဘူး ဖြစ်နေတယ်။
ကျနော်တို့စခန်းက ကားတွေက ရပ်ထားရတာ မဟုတ်ဘူး။ လူနာတင်ယာဉ်ဆိုလည်း တနေ့ ၃/၄ ကြောင်းလောက် သွားရတယ်။ သွားလာနေရ လုပ်ကိုင်နေရတယ်။ ကလေးတွေဝတ်တဲ့ ယူနီဖောင်းကအစ သူများတွေက ကြည့်ရင်တော့ သာသာယာယာပေါ့။ ဝတ်လိုက် လျှော်လိုက် နဲ့ဆိုတော့ အရောင်ကျွတ်။ ပေါက်ပြဲနဲ့။ မီးသတ် အသုံးအဆောင်တွေကလည်း ဈေးကြီးတယ်ဗျာ။
ဘယ်လိုပဲဖြစ်ဖြစ် ဒီမှာရှိတဲ့ ရဲဘော်ရဲဖက် အကုန်လုံးက ပြည်သူအတွက် ကူညီကယ်ဆယ်ရေးနဲ့ သေရမှာ မကြောက်တဲ့ ကောင်တွေချည်းပဲ။ အဲဒီလောက်ထိကို ဝါသနာပါတယ်။ ခံယူချက်တခုပေါ့။ ဒီအပေါ် ပြည်သူတွေက အသိအမှတ်ပြုလာ လူရာသွင်းလာတာကိုပဲ ကျေနပ်ပါတယ်။