မြန်မာနိုင်ငံမှာ ကျူးလွန် ဖောက်ဖျက်တဲ့သူတွေက အာဏာရှိတဲ့သူ

ထက်ခေါင်လင်း
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အဖွဲ့၊ တိုင်ကြားစာများ ကော်မတီ၏ စုံစမ်းစစ်ဆေးရေး လုပ်ငန်းလုပ်ဆောင်သော ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင် / အောင်ကျော်ထက် / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

ယနေ့အချိန်တွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ထံ နှစ်စဉ် တိုင်ကြားခဲ့သည့် အရေအတွက် ၃ ဆခန့်အထိ တိုးတက်လာသည်ကို ကြည့်မည်ဆိုလျှင် မြန်မာပြည်သူများအနေဖြင့် မိမိတို့၏ အခြေခံလူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို တိုင်ကြားရမည်ဆိုသည့် အသိက မြင့်မားလာပေသည်။ လူ့အခွင့်အရေး ကော်မရှင်ထံသို ၂၀၁၆ ခုနှစ်က တိုင်ကြားစာ ၆၁၁ စောင်သာ ရောက်ရှိခဲ့ရာမှ ၂၀၁၇ ခုနှစ်တွင် တိုင်ကြားစာ ၁၁၂၅ စောင်အထိ ဖြစ်လာခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ၃၂၈၁ စောင်အထိ တိုးမြင့်လာကြောင်း ကော်မရှင်၏ စာရင်းများအရ သိရသည်။

ထို့အပြင် အစိုးရ ဌာနဆိုင်ရာများ အနေဖြင့်လည်း ကော်မရှင်၏ စုံစမ်းစစ်ဆေးမှုများအပေါ် ပူးပေါင်းဆောင်ရွက်မှု တိုးတက်လာသကဲ့သို့ ကာကွယ်ရေး ဝန်ကြီးဌာနဆိုလျှင် ၂၀၁၇ ခုနှစ်က ကော်မရှင်နှင့် ပူးပေါင်းဆောင်ရွက်မှု ၅၃ ရာခိုင်နှုန်းမှ ၂၀၁၈ ခုနှစ်တွင် ၅၇ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့သည်။

သို့ရာတွင် ပြည်ထဲရေး ဝန်ကြီးဌာနအနေဖြင့် ကော်မရှင်နှင့် ပူးပေါင်းဆောင်ရွက်မှုသည် ၂၀၁၇ ခုနှစ်ကထက် ၂၀၁၈ ခုနှစ်တွင် ၂ ရာခိုင်နှုန်းမျှ ကျဆင်းခဲ့သည်။ ကော်မရှင်နှင့် ပူးပေါင်းဆောင်ရွက်မှု အပြည့်ဝဆုံး ဌာနသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဖြစ်ကြောင်း သိရသည်။

တိုင်းနှင့်ပြည်နယ်များတွင် မွန်ပြည်နယ်သည် လူ့အခွင့်အရေး ကော်မရှင်နှင့် ပူးပေါင်းဆောင်ရွက်မှု အားအကောင်းဆုံး ပြည်နယ် တခုဖြစ်သော်လည်း စစ်ကိုင်းတိုင်းကမူ လူ့အခွင့်အရေး ကော်မရှင်မှ ပေးပို့ခဲ့သည့် စုံစမ်းစစ်ဆေးချက် အကြံပြု စာများကို ၂ နှစ်ဆက်တိုက် ပြန်လည် အကြောင်းမပြန်ခဲ့ပေ။ ၂၀၁၈ ခုနှစ်တွင် အကြောင်း မပြန်ကြားသည့်အတွက် နိုင်ငံတော် သမ္မတထံသို့ တင်ပြလိုက်သည့်အခါမှ အဆိုပါနှစ်အတွင်း လူ့အခွင့်အရေး ကော်မရှင်မှ စာ ၂၃ စောင်အပေါ် ၁၁ စောင်ကို ချက်ချင်း ပြန်လည် အကြောင်းပြန်ကြားခဲ့သည်။

ထိုကဲ့သို့ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေများ၊ ရဲတပ်ဖွဲ့၊ တရားရေးဌာန၊ အကျဉ်းဦးစီးဌာန တို့နှင့်တကွ မြန်မာနိုင်ငံ အတွင်းရှိ လူ့အခွင့်အရေး အခြေအနေများ၊ တိုင်းရင်းသား လက်နက်ကိုင်နှင့် တပ်မတော်တို့ ထိတွေ့ ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခများအကြား လူ့အခွင့်အရေး ချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးနိုင်မည့် ကိစ္စရပ်များ အကြောင်း တိုင်ကြားစာများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အဖွဲ့၊ တိုင်ကြားစာများ ကော်မတီ၏ စုံစမ်းစစ်ဆေးရေး လုပ်ငန်းလုပ်ဆောင်သော ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်ကို ဧရာဝတီ အကြီးတန်း သတင်းထောက် ထက်ခေါင်လင်းက သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ပါသည်။

မေး။ ။ ၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို တိုင်ကြားခဲ့တဲ့ တိုင်ကြားစာတွေ ထဲမှာ ဘယ်လို အကြောင်းအရာတွေက အများဆုံးဖြစ်ပျက်ခဲ့ပါသလဲ။

ဖြေ။ ။ နှစ်တိုင်းမှာတော့ အများဆုံးက မြေယာနဲ့ ပက်သက်တဲ့ အငြင်းပွားမှုတွေပဲ။ ၂၀၁၈ ခုနှစ်အတွင်းမှာ ဒုတိယ လိုက်တာက တရားရေးနဲ့ ပက်သက်တဲ့ တိုင်ကြားစာတွေ။ တတိယလိုက်တာက ရဲနဲ့ပက်သက်တဲ့ တိုင်ကြားစာတွေ။ ၂၀၁၇ ခုနှစ်တုန်းက ရဲနဲ့ ပက်သက်တာက ဒုတိယ၊ တရားရေးနဲ့ ပက်သက်တာက တတိယ လိုက်ခဲ့ပေမယ့် ဒီနှစ်တော့ တရားရေးက ပိုများလာတယ်။

မေး။ ။ ရဲနဲ့ ပက်သက်တဲ့ကိစ္စတွေမှာ ဘယ်လို အခြေအနေမျိုးတွေက လူ့အခွင့်အရေး ချိုးဖောက်တာတွေ ဖြစ်ခဲ့တယ်လို့ ကိုယ်တိုင် ကွင်းဆင်းစစ်ဆေးခဲ့တဲ့ တွေ့ရှိချက်အရ ပြောနိုင်မလဲခင်ဗျ။

ဖြေ။ ။ ကျနော်တို့ကိုယ်တိုင် ထောင်ထဲမှာပါ လိုက်ပြီးတော့ မေးတဲ့အခါ ရဲက မတရားညှဉ်းပမ်းနှိပ်စက်လို့ အပြစ်မရှိဘဲ ဝန်ခံလိုက်ရတာမျိုး၊ ရဲက အလွယ်တကူ စွပ်စွဲတာမျိုး၊ ဘာမှန်းမသိဘဲ လူသတ်မှု တခုမှာ ရှာလို့မရတော့လို့ မင်း လုပ်တာဆိုပြီး ရိုက်နှက် ဝန်ခံခိုင်းပြီးမှ သက်သေမရှိဘဲ လူသတ်တရားခံ ဖြစ်ခဲ့ရတာမျိုးတွေ ရှိတယ်လို့ အကျဉ်းသား တွေက ပြောကြတယ်။ သေတာက ပုဆိန်နဲ့ ခုတ်ခံရလို့သေတာ၊ ဒါပေမယ့် သက်သေခံဓားနဲ့တကွ တွေ့ရှိရတယ်ဆိုပြီး ထောင်ချခံလိုက်ရတာ မျိုးပေါ့။

နောက်တခုက အရိုက်ခံရတဲ့သူက တရားခံဖြစ်ပြီး ရိုက်တဲ့သူက တရားလို ဖြစ်ခဲ့တဲ့ကိစ္စ။ ရိုက်တဲ့သူက ဦးအောင် ပြေးတိုင်ပြီး ပိုက်ဆံလည်း ပေးထားတော့ အမှုက ပြောင်းပြန် ဖြစ်သွားတာတွေ တွေ့ရတယ်။ မြဝတီမြို့မှာဆို ရဲနဲ့ အဆင်မပြေ ဖြစ်တဲ့အတွက် အိမ်ထဲဝင်ရှာတယ် ဆိုပြီး ဘီဒိုထဲက ဘောင်းဘီထဲ ဆေးပြားထိုးထည့်၊ နောက် ကြားလူ တယောက်ကို ရှာခိုင်း၊ ဆေးပြားတွေ့ပြီဆိုပြီး ထောင် ၁၀ နှစ်ကျသွားတယ်။ အဲဒီလူက မြဝတီမြို့မှာ စားသောက်ဆိုင် အကြီးကြီးတွေ၊ ဟိုတယ်တွေ ပိုင်တယ်။ သူ့လို သူဌေးတဦးက မူးယစ်ဆေး ရောင်းဝယ် ဖောက်ကားမယ်ဆို ဒီလို ဆေးပြားလေး ၂၄ ပြားကို အိမ်မှာ ထုပ်ပိုး သိမ်းထားပါ့မလား ဆိုတာ သဘာဝကျကျ စဉ်းစားကြည့်ပေါ့။ အတုံးလိုက်၊ အထုပ်လိုက် တွေ့ရမှာပေါ့။ သူ့လောက်မှ မချမ်းသာတဲ့ သူတွေတောင်မှ ဆေးပြား သိန်းနဲ့ချီတွေ့ရှိ ဖမ်းဆီးခံနေကြရတာ။ သူ့ကို ဆီးစစ်တော့လည်း ဆီးအောင်ခဲ့တာပဲလေ။ ကျနော်တို့က တော်တော်ကို ကြေကွဲစရာ ဇာတ်လမ်းတွေ ကြားခဲ့ရတယ်။

မေး။ ။ တရားရေးနဲ့ ပတ်သက်လို့ရော ဘာတွေ တွေ့ရှိခဲ့ပါသလဲ။

ဖြေ။ ။ တရားရေးနဲ့ ပတ်သက်လို့လည်း အဲဒီလိုပဲ။ တချို့ အကျဉ်းသားတွေ ပြောပြတာ သူတို့ကို ပြောင်ပြောင် တင်းတင်း ပိုက်ဆံ တောင်းတယ်။ မပေးနိုင်တဲ့အတွက် ထောင်ချ ခံလိုက်ရတယ်လို့ ပြောတယ်။ တရားသူကြီး တယောက်က အကျဉ်းသားတဦးရဲ့ အမှုမှာ မဖြစ်မနေ ၅ နှစ်တော့ ချမှရမယ်၊ နောက်ထပ် ၃ နှစ်ကတော့ အပို ဆောင်းချမယ်၊ တနှစ်ကို ၃ သိန်းနှုန်းနဲ့ ၉ သိန်းပေးမှာလား၊ အဲဒီလိုပေးရင် ၃ နှစ်တော့ လျှော့ပေးမယ်လို့ပြောတယ်။ ခံရမယ့်သူ ဆင်းရဲတော့ ပေးစရာမရှိတာနဲ့ ထောင် ၈ နှစ်တောင် ချလိုက်ရော။ ဒီလိုဖြစ်စဉ်တွေ တရားရေးမှာ များပါတယ်။

မေး။ ။ ရဲတပ်ဖွဲ့တွေရဲ့ ရိုက်နှက် စစ်ဆေးမှုကြောင့် ခံလိုက်ရသူတွေမှာ ပြန်တရားစွဲတဲ့ အလေ့အထ တော်တော် နည်းတယ်။ လူမသေတောင်မှ အပြင်းအထန် ဒဏ်ရာရသွား၊ ကိုယ်အင်္ဂါ ချို့ယွင်းသွားရင်တောင် တရားစွဲတာ နည်းတယ်။ တရားစွဲတဲ့ ဆီမှာ လူ့အခွင့်အရေး ကော်မရှင်ရဲ့ စုံစမ်းစစ်ဆေး တွေ့ရှိချက်တွေကို တရားရုံးမှာ သက်သေအဖြစ် တင်တာ၊ ကော်မရှင်ဘက်က သက်သေ လိုက်ထွက်ပေးတာမျိုး လုပ်လို့ရလား။

ဖြေ။ ။ မြန်မာနိုင်ငံမှာ ကျူးလွန် ဖောက်ဖျက်တဲ့သူတွေက အာဏာရှိတဲ့သူ၊ လုပ်ပိုင်ခွင့်ရှိတဲ့သူ၊ ပိုက်ဆံရှိတဲ့သူတွေ။ ခံရတဲ့သူတွေမှာ ဘာမှမရှိတော့ သူ့ဘ၀ ပြဿနာကို တရားရုံးကနေ ပြန်ဖြေရှင်းမယ်ဆိုရင် ခေတ်ရဲ့ တရားရုံးအစီအစဉ်က ရုံးချိန်းပေါင်း ၁၀၀ တို့၊ နှစ်နဲ့ချီကြာတော့ ဆင်းရဲသားမှာ စားဖို့တောင် ပိုက်ဆံမရှိတာ၊ တရားရုံးကို ရက်ပေါင်းများစွာ လာဖို့က တော်တော့်ကို ခက်တယ်။ ရင်ဆိုင်နိုင်ဖို့ စိတ်ဓာတ်ခွန်အားလည်း မရှိဘူး။ အဲဒါကြောင့် မဆွဲကြတာ များတယ်။ တရားရုံးမှာ အဲဒီလို ကော်မရှင်ရဲ့ စုံစမ်းစစ်ဆေးတွေ့ရှိချက်ကို သက်သေခံချက် အနေနဲ့ တင်တာမျိုးတော့ တခါမှ မကြုံဖူးသေးဘူး။

ဒါပေမယ့် ကျနော်တို့ ဥပဒေအရ ဒါကို သက်သေခံ တင်ချင်တယ်ဆို တင်လို့ရတယ်။ တရားရုံးမှာ သက်သေခံတင်ဖို့ လိုအပ်လို့ တောင်းမယ်ဆို ကျနော်တို့ဆီ တောင်းခံပိုင်ခွင့် ရှိပါတယ်။ ဒါပေမယ့် တရားရုံးရဲ့ တရားခွင်မှာ ကျနော်တို့ရဲ့ စုံစမ်း စစ်ဆေးချက်တွေကို သက်သေ ထွက်ပေးဖို့ဟာတော့ ကျနော်တယောက်တည်း ပြောဖို့ခက်ပါတယ်။ ဒီကိစ္စ ဥပဒေကြောင်းနဲ့ ပတ်သက်တော့ ကျနော်တို့ ကော်မရှင်ဝင်တွေ စုံညီအစည်းအဝေးမှာ တင်ပြပြီးတော့မှ ပြောလို့ရမယ်။ နောက်တခုက တခါလုပ်ပြီးသွားရင် နောင်လည်း လုပ်ရတော့မှာပဲလေ။ အစဉ်အလာ ဖြစ်သွားမှာဆိုတော့ ကျနော် တယောက်တည်း ပြောဖို့ခက်တယ်။ ဒါပေမယ့် ကျနော်တို့ ဥပဒေထဲမှာတော့ ဒီဟာနဲ့ ပက်သက်လို့ မလုပ်ရဘူးလို့လည်း မပြဌာန်း ထားဘူး။ လုပ်ရမယ်လို့လည်း မပြဌာန်းထားဘူး။ သက်သေခံပေးဖို့တော့ တရားဝင် တိတိကျကျ မပြဌာန်း ထားဘူး။ အဲဒီအတွက် ဒီကိစ္စက ပြောဖို့ခက်ပါတယ်။

မေး။ ။ အကျဉ်းထောင်တွေ ထဲမှာရော ၂၀၁၇ ထက်စာရင် ၂၀၁၈ က ဘယ်လိုကောင်းလာလဲ၊ ဘာတွေ ဆုတ်ယုတ်နေလဲ။

ဖြေ။ ။ အကျဉ်းထောင်တွေ ထဲမှာ အကျဉ်းသားတွေရဲ့ နေထိုင်စားသောက်မှု ကတော့ တော်တော်လေး တိုးတက်လာပြီ။ အကျဉ်းထောင်တွေက သူတို့ စီစဉ်ပေးနိုင်သမျှ ထဲကနေ အကောင်းဆုံး လုပ်ပေးကြတာကိုတော့ တွေ့ရတယ်။ နေရေးမှာတော့ မတန်တဆ ကျပ်နေတာကြောင့် အဆင်မပြေဘူး။ တတ်နိုင်သမျှ ပူပြီး ကျပ်ခဲနေတာမှာ ပန်ကာ တပ်ပေးတာမျိုး၊ ထောင်ဝင်စာ တွေ့တာကို ချဲ့ပေးတာမျိုးနဲ့ တိုးတက်လာတယ်။ စားရေးသောက်ရေး ကတော့ အများကြီး တိုးတက်ပါတယ်။ ဒါပေမယ့် ထောင်ထဲမှာ ရိုက်ပုတ်ဆုံးမတဲ့ အစဉ်အလာကတော့ မပျောက်သေးဘဲ နည်းနည်း ကျန်နေသေးတယ်။ အရင်ကထက် စာရင်တော့ တော်တော် သက်သာလာတယ်။

မေး။ ။ အကျဉ်းသား အချင်းချင်း ရိုက်နှက်တာမှာ အကျဉ်းသား အချင်းချင်းကိုပဲ တန်းစီးတို့၊ ဘာယာတို့တွေ ထားပြီး လုပ်တဲ့ အခါကျတော့ရော၊ လာဘ်စားမှုတွေ ဖြစ်မလာဘူးလား။

ဖြေ။ ။ အကျဉ်းသား အချင်းချင်း ဆိုတာထက် အဓိကပြောချင်တာက စနစ်ပေါ့။ အခု ဖွဲ့စည်းပုံကိုက နိုင်ငံခြားက ထောင်တွေလို တခန်း ၂ ယောက်ထား၊ ၄ ယောက်ထားမျိုး မဟုတ်ဘူး။ ဒီအထဲမှာ တယောက်ယောက်က ဒုက္ခပေးမယ်ဆို သိသာတယ်။ အခုက လူ ၆၀ လောက်ကို အခန်းကြီးထဲ ထည့်ထားတာ ဖြစ်တဲ့အတွက်ပေါ့။ ဝန်ထမ်းကလည်း ညကျရင် အဲဒီအထဲ မနေတော့ဘူး။ အဝေးကနေပဲ ကြီးကြပ်ရတာ။ အထဲမှာ ထိန်းသိမ်းဖို့ တာဝန်အဆင့်ဆင့် ပေးထားရတာပေါ့။ မပေးရင် အချင်းချင်း သတ်ကုန်မှာပေါ့။ ခေါင်းဆောင် တယောက် ထားပေးရတာပေါ့။ အဲဒီမှာ လာဘ်စားမှုတွေ ဖြစ်တာတော့ ဖြစ်လာမှာပဲ။ ဒါတွေ ပပျောက်ဖို့ရာမှာတော့ အခုလို ခန်းမစနစ်ကနေ အခန်းစနစ်ကို လုပ်မှရမယ်။ အဲဒီအခါကျ ပိုက်ဆံက တော်တော်ကို ကုန်မှာ။

မေး။ ။ လူ့အခွင့်အရေး ကော်မရှင်အနေနဲ့ ရခိုင်မှာ ကနေ့ ဖြစ်ပျက်နေတာတွေနဲ့ ပထမဦးဆုံး ကြေညာချက် ထုတ်ပြန် ခဲ့တယ်။ အဲဒီလို ရခိုင်မှာ ဒေသခံပြည်သူတွေ သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်တွေနဲ့ ပက်သက်လို့ စုံစမ်းစစ်ဆေးလို့ မရဘူးလား။

ဖြေ။ ။ စုံစမ်းစစ်ဆေးလို့ ရတာပေါ့။ တခုရှိတာက လုံး၀ သောင်းကျန်းသူ မရှိတဲ့နေရာကို အဖြူရောင်နယ်မြေ၊ တပ်တို့ အစိုးရတို့ ဝင်လို့မရတဲ့နေရာကို အနက်ရောင်နယ်မြေ၊ သူလည်းဝင် ကိုယ်လည်းဝင်နေရာကျ အညိုရောင်နယ်မြေ ဆိုတော့ အညိုရောင် နယ်မြေကို ကျနော်တို့သွားဖို့က ခက်သွားတယ်။ ကျနော်တို့သွားတဲ့အခါ တမြို့နဲ့တမြို့ ကူးတာကအစ ရဲက လုံခြုံရေး လုပ်ပေးရတယ်။ ရဲမှာ ကျနော်တို့ လုံခြုံရေးအတွက် တာဝန်ရှိတယ်။ အဲဒီလို တိုက်ပွဲ ဖြစ်နေတဲ့နေရာကျတော့ ဘယ်သူက လုံခြုံရေး လုပ်ပေးမှာလဲ။ ကိုယ့်လုံခြုံရေး လုပ်ပေးတဲ့အခါမှာ သူတို့အချင်းချင်း ပစ်တာနဲ့ ကိုယ့်အတွက်ပါ အန္တရာယ် ရှိလာတာပေါ့။ နမ္မတူလို နေရာမျိုးမှာ ဒုက္ခသည်စခန်းကို သွားကြည့်ဖို့ ပြောတာတောင် သူတို့ လိုက်ပို့လို့ မရဘူးဆိုတာ ဖြစ်လာတယ်။ စစ်ကြောင်းကြီး တကြောင်းလုံးနဲ့ လိုက်ပို့ဖို့မှာလည်း ကျနော်တို့ အဆင့်လောက်နဲ့ မရပြန်ဘူး။ ရဲဘော် ၅ ယောက်လောက်နဲ့ လိုက်ပို့ ဆိုပြန်လည်း အဲဒီလူတွေကြောင့် ဒုက္ခဖြစ်သွား နိုင်ပြန်တယ်။ အဲဒါဆို ကျနော်တို့ ဘာသာ ဘတ်စ်ကားနဲ့ သွားမယ်၊ အရပ်ဝတ်နဲ့ သွားမယ်ဆိုလည်း ဒီဘက် (ကော်မရှင်အဖွဲ့) မှာ ခွင့်မပြုတဲ့သဘော ဖြစ်နေပြန်တယ်။ အဓိက လုံခြုံရေး စိုးရိမ်လို့ပါ။

မေး။ ။ နှစ်ဖက်တပ်ဖွဲ့ ထိတွေ့တဲ့နေရာမှာဆို သီးခြား လွတ်လပ်တဲ့အဖွဲ့အနေနဲ့ နှစ်ဖက်စလုံးကို အကြောင်းကြားပြီး စုံစမ်း စစ်ဆေးမယ်ဆိုရင်ရော။

ဖြေ။ ။ အဲဒီလိုဆိုရင် ဖြစ်နိုင်ပါတယ်။ တခုရှိတာက ICRC လို ထူးခြားတဲ့ သင်္ကေတနဲ့၊ ကြက်ခြေနီတံဆိပ်နဲ့ သွားကြ ပေမယ့် လောက်ကိုင်လို နေရာမှာတောင် အပစ်ခံရသေးတာပဲ။ တချို့က သံသယရှိတယ်။ အစိုးရလူလားလို့ မြင်တာလည်း ရှိတယ်။ သွားသင့်မသင့်ကို ကျနော် တယောက်တည်း ဆုံးဖြတ်လို့မရဘူး။ ကော်မရှင်အားလုံးက ဆုံးဖြတ်ပြီး ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထဲရေးဌာနတို့နဲ့ ညှိရမှာပေါ့။ ကျနော်တို့မှာက တဖက် တိုင်းရင်းသားအဖွဲ့နဲ့ ဆက်သွယ်ဆိုပြန်လည်း အဲဒါက သူပုန်နဲ့ဆက်သွယ်လို့ ပုဒ်မ ၁၇ (၁) နဲ့ သွားငြိသလိုဖြစ်ပြန်ရော။

မေး။ ။ တချို့နေရာတွေမှာ ကော်မရှင်အဖွဲ့ဝင် အားလုံးက ဆုံးဖြတ်ပြီးကာမှ တပ်မတော်က ခွင့်မပြုလို့ နောက်ဆုတ် လိုက်ရတဲ့ ဖြစ်ရပ်မျိုး ရှိလား။ ရခိုင်လိုဟာမျိုးမှာ ကိုယ်က စုံစမ်းစစ်ဆေးမယ်၊ တပ်က ခွင့်မပြုနိုင်ချေ ရှိမရှိပေါ့။ စည်တောင် ရွာလိုမျိုး၊ ရသေ့တောင်မှာ မျိုးပေါ့။

ဖြေ။ ။ အဲဒါမျိုးက နမ္မတူတခုပဲရှိတယ်။ ရခိုင်လိုဟာမျိုးတော့ အဲဒီလို လုပ်တာမျိုး မရှိပါဘူး။ ကျနော်တို့က ဆုံးဖြတ် ပြီးပြီဆို ကာကွယ်ရေး ဝန်ကြီးဌာနက ခွင့်မပြုစရာ အကြောင်း မရှိပါဘူး။ ဒါပေမယ့် ရခိုင်က ဖြစ်ရပ်မျိုးဆိုတာတော့ (တပ်မတော်ကို) ပြောကြည့်မှသိနိုင်မယ်။ ခွင့်ပြု၊ မပြုဆိုတာကိုတော့။ အရင်က တပ်နဲ့ တည့်တည့်တွေ့ရတဲ့ ကိစ္စမျိုးဖြစ်တဲ့ သတင်းထောက် ကိုပါကြီး သေခဲ့တဲ့ကိစ္စ၊ တပ်က ဗိုလ်မှူးချုပ် အဆင့်လောက်အထိ အစစ်ခံတာရှိတယ်။ အလောင်း ဖော်ဖို့လည်း ရဲက ကူညီတယ်။ သထုံမှာ တပ်ထဲကို မှားဝင်သွားတဲ့ ကိစ္စမှာလည်း တပ်ထဲအထိ ဝင်ပြီး စစ်ဆေးခဲ့ဖူးတယ်။ သဘောက သူတို့ လုံခြုံရေး ပေးလို့ရတဲ့ နေရာဆိုရင် ပူးပေါင်းဆောင်ရွက်ဖို့ ကာကွယ်ရေး ဦးစီးချုပ်ကိုယ်တိုင် ခိုင်ခိုင်မာမာ ပြောထားပါတယ်။ လုံခြုံရေး စိတ်မချရတဲ့ နေရာမျိုးတော့ မသိဘူး။

မေး။ ။ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်းလို စစ်ဘေးရှောင်တွေ၊ တချို့ဆို တိုင်းရင်းသား လက်နက်ကိုင် နယ်မြေတွေမှာမျိုး ဆိုတဲ့အခါ အဲဒီစခန်းတွေအထိ သွားပြီး တိုက်ပွဲတွေကြားမှာ ဘယ်လို လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုတွေ ရှိခဲ့တယ်ဆိုတာ စုံစမ်းစစ်ဆေးလို့ မရဘူးလား။ ဒီနေ့အချိန် ကချင်လက်နက်ကိုင် အဖွဲ့နဲ့ အစိုးရတောင်မှ စကားပြောနေပြီ။ ဒီကော်မရှင် ကရော စကားပြောလို့မရဘူးလား။

ဖြေ။ ။ အဲဒါကလည်း ခုနက ပြောသလို တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ စကားပြောဖို့၊ လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှု တွေကို ပြောဖို့ဆိုတာ ကော်မရှင်တဖွဲ့လုံးရဲ့ ဆုံးဖြတ်ချက်ပေါ် မူတည်တယ်။ ကော်မရှင်စုံညီ အစည်းအဝေးမှာ ဒါကို တင်ပြ ဆွေးနွေးရမှာပေါ့။

မေး။ ။ ကချင်ပြည်နယ်မှာ ကျောင်းဆရာမ ၂ ယောက် အသတ်ခံရတဲ့ကိစ္စ အခုချိန်ထိ အမှု မပေါ်သေးတာကို ပါဝင် ပတ်သက်ခဲ့သူတွေကို စုံစမ်းစစ်ဆေးလို့ ရနိုင်သလား။

ဖြေ။ ။ အဲဒါကျတော့ တော်တော့်ကို ခက်သွားပြီး။ အဲဒီကိစ္စက ရာဇဝတ်မှု ဖြစ်နေတာ။ လူ့အခွင့်အရေး အရတော့ ချိုးဖောက်တာ ပေါ့နော်။ လူသတ်မှုဆိုပေမယ့် ရာဇဝတ်မှုနဲ့ ပိုဆိုင်တယ်။ အဲဒီတော့ သက်ဆိုင်ရာ CID တို့စစ်တာက ပိုကောင်းတယ်။ အဲဒီလောက်အထိ ထဲထဲဝင်ဝင် စစ်ဖို့က ကျနော်တို့ကို ဥပဒေအရ ပေးထားတာမရှိဘူး။

မေး။ ။ လူ့ခွင့်အရေး ကော်မရှင်အနေနဲ့ အစိုးရဌာနဆိုင်ရာတွေနဲ့ ပွတ်တိုက်ခဲ့တဲ့ စုံစမ်းစစ်ဆေးခဲ့တဲ့ ဖြစ်ရပ်မျိုးတွေရော ဖြစ်ပျက်ခဲ့ဖူးလား။

ဖြေ။ ။ အဲ့ဒီလိုမျိုးတွေတော့ မရှိပါဘူး။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ပူးပေါင်းဆောင်ရွက်ကြပါတယ်။ ဒါ ငါတို့နယ်၊ မင်းတို့မလာနဲ့လို့ ကလန်ကဆန် လုပ်တာမျိုးတော့ မရှိပါဘူး။ ဧရာဝတီတိုင်းက ရွှေတွင်းသာ လယ်ယာမြေ ကိစ္စဆိုရင် ဝန်ကြီးချုပ်က ဘယ်ကျေနပ်မလဲ။ သူပိတ်ထားတဲ့ ဟာကို သွားစစ်ပြီး ပြန်ဖွင့်ပေးပါလို့ ဆိုခဲ့တာ။ ဒါပေမယ့် လူကြီးပီသစွာနဲ့ အကုန်လုံး ဆက်ဆံတယ်။ သူ့အောက်က လူတွေကလည်း အကုန်လုံး ကူညီပေးတယ်။ ကျနော်တို့ရဲ့ တွေ့ရှိချက်ကို ဝန်ကြီးချုပ် ကိုယ်တိုင် နားထောင်ပါတယ်။ ကျနော်တို့ တွေ့ရှိချက်ကို သမ္မတဆီတင်ပြပြီး သမ္မတက လယ်သမားတွေကို ပြန်ရိတ်သိမ်းခွင့် ပြုလိုက်ပါဆိုတော့ တော်တော်တော့ ဒေါသဖြစ်ကြမှာပေါ့။ ဒါပေမယ့် လုပ်ပေး ကြပါတယ်။ ကျနော်တို့ ပြဿနာ ဖြစ်လို့ သွားစစ်တာမှာ လက်မခံဘူးဆိုတဲ့ ဝန်ကြီးဌာနတွေ မရှိပါဘူး။ မလာရဘူးလို့ ပြောတာမျိုးတွေ မရှိပါဘူး။

Did you find apk for android? You can find new Free Android Games and apps.
Loading