ရန်ကုန်မြို့တွင် ဧပြီလမှ စတင်ပြီး မကြာခဏ လျှပ်စစ်မီးများ ပြတ်တောက်လျက်ရှိသည်။ နေ့စဉ် လျှပ်စစ်မီး ပြတ်တောက်မှုများ အပေါ် ပြည်သူလူထုက ဝေဖန်မှုများလည်း မြင့်တက်နေသည်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရတက်စ ကာလအတွင်း လျှပ်စစ်မီးများ အလှည့်ကျ ပေးရန် မလိုတော့ဟု ကြွေးကြော်ထားရာ ပြည်သူလူထုကလည်း ဝေဖန်ထောက်ပြစရာ၊ မေးခွန်းထုတ်စရာဖြစ်နေခြင်းပင်ဖြစ်သည်။
သို့ဖြစ်ပါ၍ ရန်ကုန်တိုင်းတွင် မီးပြတ်တောက်ရသည့် အကြောင်းအရာများနှင့် လျှပ်စစ်ဓာတ်အားပေးနေသည့် အချိန်ကာလများကို အသေးစိတ် သိရှိနိုင်ရန်အတွက် ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်း (YESC)၊ ဓာတ်အားဖြန့်ဖြူးရေးဌာနမှ အထွေထွေမန်နေဂျာ ဦးတင်အောင် အား ဧရာဝတီ သတင်းဌာနက အကြီးတန်း သတင်းထောက် သဇင်လှိုင်က တွေ့ဆုံမေးမြန်းထားပါသည်။
မေး ။ ။ ရန်ကုန်မှာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေတဲ့ လက်ရှိအခြေအနေကို ရှင်းပြပေးပါဦးရှင့်။
ဖြေ ။ ။ ဖြန့်ဖြူးရေး လုပ်ငန်းဆိုတာ ဈေးရောင်းသလိုပဲ ထုတ်လုပ်တဲ့သူဆီကနေ ရောင်းကုန်ပစ္စည်းကိုဝယ်တယ်။ ဝယ်ပြီးတော့ သုံးမယ့်လုပ်တွေဆီကို လက်လီပြန်ဖြန့်ပေးတာ။ ဖြန့်ဖြူးရေး အလုပ်ဆိုတော့ ထုတ်လုပ်တဲ့သူက ၁၀၀ ဖိုး ထုတ်လုပ်ပြီး ကျနော်တို့ကို ၁၀၀ ဖိုးရောင်းနိုင်ရင် ကျနော်တို့ကလည်း မီးသုံးသူကို ၁၀၀ ဖိုးပြန်ရောင်းပေးလို့ ရတယ်။ ထုတ်လုပ်တဲ့သူဘက်က ၈၀ ဖိုးပဲ ထုတ်ပြီး ရောင်းပေးနိုင်တယ်ဆိုရင် ၁၀၀ ဖိုးလိုချင်ပေမယ့် ၁၀၀ ဖိုးရောင်းမပေးနိုင်ဘူး ၈၀ ဖိုးပဲ ရောင်းပေးနိုင်မယ်။
နောက်တခုက လျှပ်စစ်ဆိုတာ များများစားစား သိုလှောင်လို့ရတဲ့ ပစ္စည်းမဟုတ်ဘူး။ ဂိုထောင်ထဲထည့်ပြီးတော့ နွေရာသီရောင်းဖို့ မိုးရာသီရောင်းဖို့ ဆိုပြီး စုထားလို့ရောင်းတဲ့ ပစ္စည်းမဟုတ်ဘဲနဲ့ စက္ကန့်ပိုင်းလိုက် ဖြန့်ဖြူးရတဲ့ အတွက်ကြောင့် နွေရာသီအတွက်ဆို နဂိုကပိုနေတဲ့ လျှပ်စစ်ဓာတ်အားကို စုထားပြီးတော့ ဖြန့်ဖြူးပါလားဆိုတာမျိုးလည်း လုပ်လို့မရဘူး။ ထုတ်လုပ်မှုအပိုင်းမှာ ရာသီကိုလိုက်ပြီးတော့ လျော့နည်းလာပြီးဆိုရင် ဖြန့်ဖြူးရေးကလည်း အလိုလို လိုက်ပြီးတော့ လျော့သွားတယ်။ ထုတ်လုပ်မှုအပိုင်းက များများထုတ်နိုင်နေရင်တော့ လိုသလောက်ဖြန့်နိုင်တယ်။
မေး ။ ။ အခုလပိုင်းအတွင်းမှာ မီးပျက်တာတွေ များလာတာကရော ဘာကြောင့်လဲ။
ဖြေ ။ ။ အဓိကကတော့ ထုတ်လုပ်မှုအပိုင်း လျော့နည်းလို့ပါ။ ထုတ်လုပ်မှုအပိုင်း လျော့နည်းတဲ့ နေရာမှာလည်း ရာသီဥတုကြောင့် အဓိကကျတယ်။ ကျနော်တို့ နိုင်ငံအနေအထားက လျှပ်စစ်ဓာတ်အား ထုတ်လုပ်တာက ရေအားက ထုတ်လုပ်တယ်။ ဒုတိယအများစုကတော့ ဂတ်စ်ကနေထုတ်လုပ်တယ်။ တတိယကတော့ ကျောက်မီးသွေးကနေ ထုတ်လုပ်တယ်။ ဆိုလာ ကထုတ်လုပ်တဲ့ ပမာဏကတော့ နည်းနည်းလေးပဲ ရှိတယ်။ ရေအားလျှပ်စစ်ထုတ်လုပ်မှု အပေါ်မှာ အဓိကမူတည်နေတယ်။
အခုလိုနွေရာသီ ရောက်လာပြီဆိုရင် မိုးမရွာဘူး၊ ဆည်တွေထဲမှာ ရေတွေကလျော့လာတယ် မြစ်တွေချောင်းတွေမှာ ရေတွေကလျော့လာတယ်။ ဆည်တွေမှာ ရေပမာဏ နည်းလာပြီဆိုတာနဲ့ ထုတ်လုပ်နိုင်တဲ့ လျှပ်စစ်ဓာတ်အား ပမာဏကလည်း လျော့ကျသွားတယ်။ နောက်တစ်ခုက ဆည်တွေထဲမှာ ရှိတဲ့ရေကို တစ်ရက်တည်းနဲ့ အကုန်မောင်းပစ် လို့လည်း မရဘူး။ ဘယ်လို manage လုပ်ရလည်းဆိုတော့ ရေပမာဏတွက်ချက်မှုတွေ ရှိတယ်။ နောက်ထက် မိုးမရွာမချင်း ရေကထက်မရတော့ဘူး ဘယ်အချိန်မိုးရွာမယ်ဆိုတာလည်း အတိအကျမသိနိုင်ဘူး ခန့်မှန်းပြီးတော့ ရေအားထုတ်လုပ်တဲ့ စက်ရုံတွေကို ထုတ်ရတယ်။ ဆည်ထဲမှာရေရှိတိုင်း မောင်းလို့မရတာတွေလည်း ရှိတယ်။ မောင်းလို့ရသလောက် မောင်းပေးတယ်။
ဝန်အားမနိုင်တဲ့ အတွက်ကြောင့် မြန်မာပြည်တပြည်လုံး ဖြန့်ဖြူးရေး ဌာနကြီး ၃ ခု (နေပြည်တော်၊ ရန်ကုန်၊ မန္တလေး) စလုံး က အကုန်လုံး အချိုးကျနဲ့ နာရီအလိုက်လျှော့ပြီးတော့ ပေးနေရတယ်။ အဲဒါကို ဘယ်သူက ထိန်းချုပ်လဲဆိုတော့ National Control Center ဆိုတာ ကျနော်တို့ ဝန်ကြီးဌာနမှာ ရှိတယ်။ အဲဒီကနေပြီးတော့ စက်ရုံရဲ့ အခြေအနေ ရေလှောင်တမံကြီး တွေရဲ့ ရေပမာဏ၊ စက်တွေရဲ့ ကောင်းမွန်မှုပေါ် မူတည်ပြီးတော့ နောင်လတွေ နောင်ရက်တွေ အတွက်ပါ မှန်းပြီးတော့ ဒီနေ့တော့ ဘယ်လောက်ထုတ်လုပ်ပေးမယ် ဒီတစ်ပတ်တော့ ဘယ်လောက် ထုတ်လုပ်ပေးမယ် ဆိုတာ သေသေချာချာ ကွန်ပြူတာနဲ့ တွက်ချက်ပြီးတော့ plan တွေလုပ်တယ်။
ရန်ကုန်က ဘယ်လောက်သုံး မန္တလေးက ဘယ်လောက်သုံး ကျန်တဲ့ တိုင်းနှင့်ပြည်နယ်တွေက ဘယ်လောက်သုံးဆိုတာ ဇယားနဲ့ အပတ်စဉ် ချပေးတယ်။ အဲဒီလို ချပေးတဲ့အပေါ်မှာ မူတည်ပြီးတော့ ဖြန့်ဖြူးရေး ဌာနကြီး ၃ ခုက ကိုယ့်သက်ဆိုင်ရာ ခရိုင်အလိုက် မြို့နယ်အလိုက်ပြန်ပြီးတော့ စီမံပြီးတော့ ဝန်အားတွေ လျှော့တယ်။
မေး ။ ။ ဒီလိုဆို ရန်ကုန်က မြို့နယ်တွေကို ဘယ်လိုပုံစံနဲ့ မီးပေးနေသလဲရှင့်။
ဖြေ ။ ။ အခုလက်ရှိလုပ်နေတာကတော့ ရန်ကုန်တိုင်းမှာဆိုရင် ခရိုင်လေးခရိုင်ရှိတယ်။ တပြေးညီတည်းဖြစ်အောင် အများပြည်သူသုံး အုပ်စုက ၁ ခု ၊ စက်မှုဇုန်က အုပ်စု ၁ ခု၊ ရှော့ပင်းမောလ်တို့ ဟိုတယ်တို့ မိုတယ်တို့က အုပ်စု ၁ ခု ဆိုပြီးတော့ အဓိက အုပ်စု ၃ ခုခွဲလိုက်တယ်။ အဲဒီအုပ်စု ၃ ခုအနက်ကမှ စက်မှုဇုန်တွေကိုတော့ နေ့တိုင်း ညနေ ၄ နာရီကနေပြီးတော့ ည ၁၀ နာရီအထိ မီးမသုံးဖို့ကို တောင်းပန်ပြီးတော့ မီးဖြတ်တယ်။ အဲဒီက ရလာတဲ့ ဝန်အားတွေကို ကျန်တဲ့ မီးသုံးတဲ့ အများပြည်သူသုံးတို့ ရှော့ပင်းမောလ်တို့ကို ပေးထားတယ်။ အဲဒီအချိန်မှာ ပြည်သူလူထုကို မလျှော့ဘူး ဝန်အားအပြည့် မီးပေးထားတယ်။
ပြည်သူလူထုမှာ A/B/C/D ဆိုပြီးတော့ အုပ်စု ၄ ခုခွဲတယ်။ သူတို့ကိုကျတော့ အုပ်စု ၁ ခုက မြို့နယ် ၁ ခုကို တစ်ခါမီးပိတ် ရင် ၂ နာရီပဲ ပိတ်မယ်။ အများဆုံး အုပ်စု ၁ စုမှာ တစ်ရက်ကို ၃ ကြိမ်ပိတ်ရတဲ့ နေ့လည်း ရှိတယ်။ ၂ ကြိမ်ပဲ ပိတ်ရတဲ့ နေ့လည်း ရှိတယ်။ အဲဒါကိုမှ အုပ်စု A/B/C/D တွေကို မီးပိတ်ချိန်လွှဲတယ်။ အုပ်စု A မှာကျတဲ့ ရပ်ကွက်နဲ့ လမ်းက ဒီနေ့ Day 1 မှာ ၀၀ နာရီကနေ ၀၁ နာရီ ၀၂ နာရီအထိ ပထမတကြိမ် မီးပျက်တယ်ဆိုရင် Day 2 ကျတော့ အဲဒီအချိန်မပြတ်တော့ဘူး လွှဲသွားရော အဲဒီတော့ အုပ်စုတစုဟာ တခါကို ၂ နာရီမီးပြတ်မှုနဲ့ တရက်ကို ၂ ကြိမ် စုစုပေါင်း ၆ နာရီ ဝန်အားလျှော့ခြင်းကို ခံရမယ်။ တချို့ရက်တွေမှာ ၄ နာရီပဲ မီးပြတ်မယ် တချို့ရက်တွေမှာ ၆ နာရီမီးပြတ်မယ်။ အဲဒီအချိန်တွေက ဆက်တိုက်ကြီးမဟုတ်ဘူး ၂နာရီ ၊ ၂ နာရီပြတ်မယ်။
မေး ။ ။ A/B/C/D အုပ်စုကျတော့ ခရိုင်အလိုက်ခွဲထားတာလား။ ဘယ်လိုခွဲထားတာလဲ။
ဖြေ ။ ။ မြို့နယ်တိုင်း မြို့နယ်တိုင်းမှာ A/B/C/D အုပ်စုဆိုပြီး ခွဲတယ်။ လမ်းနဲ့ မီးသုံးသူ အခြေအနေကိုကြည့်ပြီး တမြို့နယ်ကို လေးပိုင်းပိုင်းလိုက်တာပေါ့။
မေး ။ ။ ရှော့ပင်းမောလ်၊ ဟိုတယ် ၊ မိုတယ် အုပ်စုကရော ဘယ်အချိန်တွေ မီးဖြတ်လဲ။
ဖြေ ။ ။ ရှော့ပင်းမောလ်တွေက အများပြည်သူ ဖြတ်ခံရတဲ့ထဲမှာ ရောပြီးတော့ ပါတယ်။ ပြည်သူလူထုနဲ့ တတွဲတည်းထား တယ်။ ပြည်သူလူထု (+) ရှော့ပင်းမောလ်ပေါ့။ တကယ်လို့ ဝန်အားဘယ်လိုမှ မနိုင်ရင် ရှော့ပင်းမောလ်တွေကို ပိတ်မှာ ပြည်သူလူထုက ပထမဦးစားပေး၊ ဒုတိယ ဦးစားပေးက ရှော့ပင်းမောလ်နဲ့ complex ၊ တတိယ ဦးစားပေးက ဇုန် အများဆုံး အပိတ်ခံရမှာက ဇုန်။ အဲဒါမှ မနိုင်ရင် ရှော့ပင်းမောလ်တွေ ဖြတ်တယ် နောက်ဆုံးပိတ် မနိုင်တော့မှ ပြည်သူလူထုကို ဖြတ်တယ်။ ပြည်သူလူထုကို ဦးစားပေးပြီးတော့ မီးပေးထားတယ်။
မေး ။ ။ ခုဏပြောခဲ့သလိုဆို အများဆုံး ဖြတ်တာက တနေ့ကို ၃ ကြိမ်ပေါ့။ ဒါပေမယ့် ၃ ကြိမ်ထက်ပိုပြီးတော့ ပြတ်နေတာကရော ဘာကြောင့်လဲ။
ဖြေ ။ ။ ၃ ကြိမ်ထက်ပိုပြီးပြတ်ရင် မနိုင်လို့။ ပြတ်တာရယ် ဖြတ်တာရယ် ဆိုပြီး ၂ မျိုးရှိတယ်။ ပြည်သူလူထုက မီးမလာတာပဲ သိတယ်။ မီးဘာကြောင့်မလာလဲဆိုတဲ့ အကြောင်းအရင်းရှိတယ်။ အဲဒီအိမ်ကို မီးပေးထားတဲ့ Transformer တွေပျက်ရင်လည်း မီးမလာဘူး။ အဲဒီအိမ်ကို မီးပေးထားတဲ့ ဓာတ်အားလိုင်း ပိတ်တာတော့ မဟုတ်ဘူး သစ်ပင်ကျိုးကျလို့ ပျက်သွားရင်လည်း မီးမလာဘူး။ ဓာတ်တိုင်ကို ကားတိုက်ရင်လည်း မလာဘူး။ အကြောင်းတခုခုကြောင့် ဝန်အားမနိုင်လို့ ပျက်သွားရင်လည်း မလာဘူး။ အလုပ်လုပ်ရလို့ ဥပမာ သစ်ပင်ခုတ်တာတို့ တခြားလိုင်းနဲ့ဆွဲလို့ သူ့လိုင်းကို ခဏပိတ် ပေးရရင်လည်း မီးပြတ်တယ်။
ပြည်သူက မီးမလာတာပဲ သိတယ်။ မီးပြတ်တာမှာ ဖြတ်လို့ ပြတ်ချင်လား၊ ပျက်လို့ ပြတ်ချင်လား၊ အက်ဆီးဒန့် ဖြစ်လို့ ပြတ်ချင်လား။ အကြောင်းကြောင်းတွေတော့ ရှိတယ်။ အခုပြောနေတာက အုပ်စု A/B/C/D ဆိုတာက ဝန်အား မနိုင်လို့ ပိတ်တာကို ပြောတာ။ အဲဒီအပြင်ကို ထက်ပြတ်တယ်ဆိုရင်တော့ ခုဏက အကြောင်းကြောင်း တခု ရှိနိုင်တယ်။ ဘာကြောင့်လဲဆိုတာတော့ မေးမြန်းစုံစမ်းရမယ်။ ရပ်ကွက်တွေ မြို့နယ်တွေကို ကြေညာထားတယ်။
မေး ။ ။ မီးပြန်လာရင်လည်း ချက်ချင်းဆိုသလို ပြတ်လိုက်လာလိုက်၊ ပိတ်လိုက်ဖွင့်လိုက်ဖြစ်တဲ့ အခြေအနေကရော ဘာကြောင့်လဲရှင့်။
ဖြေ ။ ။ ပိတ်လိုက်ဖွင့်လိုက် မလုပ်ပါဘူး။ အဲဒါလို ပိတ်လိုက်ဖွင့်လိုက်ဖြစ်တာသည် ဌာနက လုပ်တာမဟုတ်ဘူး။ ဘာကြောင့် ပိတ်လိုက်ဖွင့်လိုက် ဖြစ်တာလဲဆိုတာကို ပြောရရင် မီးပြတ်နေတဲ့ အချိန်မှာ ပြည်သူလူထုက မီးကို လိုအပ်နေတယ်။ လိုအပ်နေတော့ အိမ်မှာရှိတာတွေကို အကုန်ဖွင့်ထားပြီးတော့ မီးကိုစောင့်နေတယ်။ သူ့အချိန်ပြည့်လို့ မီးကိုပြန်လာတယ်လည်းဆိုရော အဲဒီတစ်ရပ်ကွက်လုံးက အလင်းရောင်လည်း လိုချင်တယ် ၊ အဲယားကွန်းလည်း လိုချင်တယ်၊ ပန်ကာလည်း လိုချင်တယ်၊ တီဗွီလည်း ကြည့်ချင်တယ်၊ ရေစက်မော်တာလေးလည်း မီးလာတုန်းပြေးမောင်း ဦးမှ ထမင်းအိုးလေးလည်း ပြေးတည်ဦးမှ ရှိရှိသမျှ လူတိုင်းက လျှပ်စစ်မီးကို ဝိုင်းပြီးတော့ သုံးတယ်။
အဲဒီလိုသုံးတဲ့ အခါမှာ စပြီးတော့ မီးပေးတဲ့အချိန်၊ လူတွေကလည်း မီးကိုလိုနေတဲ့ အချိန် ဝိုင်းပြီးတော့ သုံးတဲ့ အချိန်မှာ ဆက်ကနဲ overload လို မနိုင်တော့ဘူး။ မနိုင်တဲ့အတွက်ကြောင့် circuit breaker တွေက ဖြတ်ချလိုက်တယ်။ အခုလာတယ် ဖြတ်ခနဲ ပြတ်သွားတာမျိုးတွေ ဖြစ်တာပါ။ လျှပ်စစ်ဌာနက ပိတ်လိုက်ဖွင့်လိုက် လုပ်တာမဟုတ်ပါဘူး။ ပြည်သူလူထုကလည်း ဆက်ကနဲ ဝိုင်းမသုံးပါနဲ့ လာမှာပါ။ တဖြည်းဖြည်းချင်း သုံးပေးသွားရင် လာလိုက်ပြတ်လိုက် ပိတ်လိုက်ဖွင့်လိုက် လုပ်တယ်ဆိုတာမျိုး မဖြစ်တော့ပါဘူး။
မေး ။ ။ ဘယ်တော့လောက်မှ ပုံမှန်မီးပေးနိုင်တဲ့ အခြေအနေကို ရောက်မှာလဲ။
ဖြေ ။ ။ အစက ပြောခဲ့သလိုပဲ ဓာတ်အားထုတ်လုပ်ပေးနိုင်မှု အပေါ်မှာ မူတည်တယ်။ ထုတ်ပေးနိုင်ရင် ဖြန့်ဖြူးပေးနိုင်တယ်။ ထုတ်မပေးနိုင်သ၍ ကာလပတ်လုံးကတော့ လျှော့ထုတ်ပေးရင် လျှော့ဖြန့်ဖြူးပေးရမှာပဲ။ ဆိုတဲ့ အတွက်ကြောင့် ဆည်တွေထဲမှာ ရေပြန်ဝင်လာတဲ့ အချိန်မှာတော့ ပိုပြီးတော့ ပြည့်ပြည့်ဝဝ ဖြန့်ဖြူးပေးလာနိုင်မယ်။
မေး ။ ။ အရှေ့မှာ ပြောခဲ့သလိုပဲ မြန်မာနိုင်ငံမှာ ရေအားလျှပ်စစ်က အဓိက အနေအထားပေါ့နော်။ ဒါပေမယ့် အခု ရာသီဥတုကလည်း ပြောင်းလဲနေတယ် မိုးအရနောက်ကျတယ် မိုးရတာလည်းနည်းတယ်။ ဒီလိုအခြေအနေတွေမှာ မီးကလည်း ဒီလိုပုံစံနဲ့ပဲ ပေးနေမယ်ဆို ရေရှည်မှာ အဆင်မပြေနိုင်ဘူးဆိုတော့ ရေရှည်အတွက် ဘယ်လိုဖြေရှင်းရမယ် ထင်လဲ။
ဖြေ ။ ။ အခု ကျနော်တို့ ဝန်ကြီးဌာနက ဖြေရှင်းနေတယ်။ ရေအားလျှပ်စစ်ကလည်း မလုပ်လို့မရဘူး။ ဈေးအချိုဆုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု ဖြစ်တယ်။ လုပ်ကို လုပ်ရမယ်။ ဒါကြောင့်မို့ ရေအားလျှပ်စစ် စက်ရုံကြီးတွေ On going လုပ်နေတာလည်း ရှိတယ်။ ဆက်လုပ်မယ့် plan တွေကိုလည်း ဆက်လုပ်သွားမယ်။ တိုးတက်ထုတ်လုပ်နိုင်အောင် လုပ်နေတယ်။ ပြီးတော့ ဂက်စ်နဲ့လည်း တိုးတက်ထုတ်လုပ်နိုင်အောင် လုပ်နေတယ်။ ဒီအပြင် LNG ဓာတ်အားပေးစက်ရုံ တွေလည်း လုပ်နေတယ်။ မဂ္ဂါဝပ် ၃၀၀၀ လောက် တိုးထုတ်နိုင်အောင် လုပ်နေတယ်။ ဆိုလာပါဝါ နဲ့လည်း လုပ်နေတယ် မြင်းခြံနဲ့ မင်းဘူးက on going process တွေဖြစ်တယ်။
မေး ။ ။ ရန်ကုန်မှာက မီးအပြည့်ပေးနိုင်ဖို့ မဂ္ဂါဝပ် ဘယ်လောက်လိုလဲ။ လက်ရှိပေးနေတာကကော ဘယ်လောက်လဲရှင့်။
ဖြေ ။ ။ ရန်ကုန်မှာက ၁၆၀၀ လောက်ပေးမှ လောက်တယ်။ အခုလက်ရှိက ၁၃၀၀ နဲ့ ၁၄၀၀ မဂါ္ဂဝပ်ကြားပေးနေတာ။
မေး ။ ။ ဘာများဖြည့်စွက်ပြောချင်တာရှိသေးလဲရှင့်။
ဖြေ ။ ။ လျှပ်စစ်ဌာနကတော့ မီးကို အပြည့်ပေးချင်တာပေါ့။ ပြည်သူကလည်း မီးကို ၂၄ နာရီ အပြည့်လိုချင်တယ်။ YESC ဆိုတဲ့ မီးပေးဌာနကြီးကလည်း ပြည့်ပြည့်ဝဝနဲ့ ပြည်သူတွေရဲ့ ငြိုငြင်မှုကို မခံရဘဲနဲ့ အပြည့်ပေးချင်တယ်။ မီးကိုလည်း အပြည့်ပေးချင်တယ် ကွာလတီကောင်းကောင်းလည်း ပေးချင်တယ်။ ဗို့အား မကျတာလည်း ပေးချင်တယ်။ ကြိုးစားပြီးတော့ ဆောင်ရွက်နေပါတယ်။ အခုလို ထုတ်လုပ်မှုလေး လျှော့ပြီး ထုတ်လုပ်တဲ့ ကာလမှာတော့ ရန်ကုန်ပြည်သူလူထုက မျှပြီးသည်းခံချွေတာပေးပါ။ ထုတ်လုပ်မှုတွေ များလာတာနဲ့ အချိန်နဲ့ တပြေးညီ တိုးတက်ပြီးတော့ ဖြန့်ုဖြူးပေးသွားပါမယ်။ ဗို့ အားတွေလည်း ပြည့်အောင် လုပ်ပေးပါ့မယ်။