နိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်းသက်သာ သုံးကြိမ်မြောက် လွှတ်ပေးခဲ့ပြီးသည့်နောက် မေ ၈ ရက်နှင့် ၉ ရက်နေ့များတွင် အကျဉ်းထောင် ၆ ခုတွင် “လွတ်ငြိမ်းချမ်းသာခွင့် တန်းတူရရှိရေး” အတွက်ဟုဆိုကာ ချိန်သားကိုက် ထောင်ဆူပူမှုများ ဖြစ်ပွားခဲ့သည်။
ကလေးထောင်၊ ဘားအံထောင်နှင့် ရွှေဘိုထောင်တို့တွင် မတ် ၈ ရက်နေ့က ဖြစ်ပွားခဲ့ပြီး မေ ၉ ရက်နေ့တွင် မြစ်ကြီးနား၊ ပုသိမ်နှင့် သာယာဝတီထောင်တို့တွင် ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ရွှေဘိုထောင် ဆူပူမှုတွင်တော့ ပစ်ခတ်နှိမ်နှင်းမှုများ ပြုလုပ်ခဲ့ရပြီး အကျဉ်းသား ၄ ဦးသေဆုံးခဲ့ရသည်။
ယင်းသို့ အကျဉ်းထောင်များ တပြိုင်တည်းဆူပူမှု ဖြစ်ပွားနေခြင်းအပေါ် နိုင်ငံရေးလှုပ်ရှားမှုဖြင့် အကျဉ်းကျခဲ့ဖူးသူများနှင့် ထောင်မှူးဟောင်းတို့ကို ဧရာဝတီ အကြီးတန်း သတင်းထောက်များ ဖြစ်သည့် ထက်နိုင်ဇော်နှင့် ထက်ခေါင်လင်းတို့က မေးမြန်းစုစည်းထားသည်။
ကိုမြအေး (နိုင်ငံရေး အကျဉ်းသားဟောင်း – ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်း)
အမှန်က အခုအကျဉ်းသားတွေ လွှတ်တယ်ဆိုတာ လွတ်ငြိမ်းသက်သာခွင့်ပါ။ လွတ်ငြိမ်းချမ်းသာခွင့်မဟုတ်ဘူး။ ဒီလိုအခြေအနေမျိုးတွေက ကိုယ်ပါတာ၊ မပါတာ ရှိကြတာပဲ။ တန်းတူအခွင့်အရေးလို့ ပြောတဲ့ကိစ္စမှာ ပြောတာ လွယ်သလောက် လုပ်ဖို့က လက်တွေ့မှာတော်တော်ခက်ခဲမှုရှိတယ်။
အခု မူးယစ်အမှုနဲ့ တချို့ကလွတ်တယ်၊ တချို့ကမလွတ်ဘူး။ ဒါက မမှားဘူးဗျ။ အခွင့်အရေး မညီလိုတောင်းကြတာက ပြဿနာမဟုတ်ဘူး။ ဒါပေမယ့် ထောင်ဆူတာကတော့ မဖြစ်သင့်ဘူးဗျ။ အဲ့ဒီရဲ့နောက်မှာ ဘယ်သူတွေက တိုက်တွန်းနေတာလဲ၊ ဒီလိုလုပ်မှ လွတ်မှာပဲဆိုတဲ့ဟာမျိုး ဖန်တီးနေတာတော့ မဟုတ်သေးဘူးဗျ။ ဥပဒေအရ ဖြစ်သွားတဲ့အတွက် အကျဉ်းကျခံနေရတာပဲလေ။
ကိုယ့်ရဲ့ အခွင့်အရေးအတွက် ဆန္ဒပြကြတယ်ဆိုတာ အရင်ခေတ်က နိုင်ငံရေးသမားတွေပဲ လုပ်ခဲ့ကြတာ။ လွတ်ငြိမ်းခွင့်ဆိုတာကို အကျဉ်းသားတိုင်းကတော့ မျှော်လင့်ကြတာပဲ။ ထောင်ထဲမှာ လွတ်ငြိမ်းထဲ ကိုယ်မပါသွားရင် အဲ့ဒီအကျဉ်းသားတွေက မှိုင်သွားကြတာပဲဗျ။
ကျနော်တို့က ထောင်ထဲမှာ အတွေ့အကြုံတွေ အများကြီးရခဲ့ဖူးသူပါ။ အဲ့ဒီအခါဆို ထောင်အာဏာပိုင်တွေ အနေနဲ့လည်း အဲ့ဒီလိုအကျဉ်းသားတွေကို နွေးနွေးထွေးထွေး ဆက်ဆံတာမျိုး လုပ်ပေးရတယ်။ အခုက ဆူလို့ လွှတ်ပေးရမယ် ဆိုတာတော့ အဓိပ္ပါယ်မရှိဘူး။ တရားစီရင်ရေးမှာ တရားမျှတမှုမရှိဘူးဆိုတာတော့ မှန်ပါတယ်။ ကိုယ့်အခွင့်အရေးကို တောင်းဆိုခွင့်ရှိပေမယ့် အခုလို ထောင်ဆူတဲ့အခါ ထောင်ထဲမှာ ပိုကျပ်တည်းသွားနိုင်တယ်။
နောက်ပြီး သက်ဆိုင်ရာ အစိုးရအဖွဲ့တွေက ထောင်ထဲထိသွားညှိတယ်ဆိုတာ ကျနော့်အမြင်တော့ပေါ်ပင် (ထင်ပေါ်အောင်) လုပ်တာလို့မြင်တယ်။ မှားနေတယ်။ ထောင်ဆူတာဟာ ထောင်အာဏာပိုင်မှာ တာဝန်အရှိဆုံးပဲ။ အဲ့ဒီတော့ နောင်လာမယ့် လွတ်ငြိမ်းခွင့်တွေထဲမှာ မျှမျှတတဖြစ်အောင် အစိုးရအနေနဲ့ တာဝန်ယူပေးဖု့ိတော့လိုလာပြီ။
မနီလာသိန်း (နိုင်ငံရေးအကျဉ်းသူဟောင်း ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်း )
အဓိက လူတယောက်ရဲ့ အခွင့်အရေးနဲ့ တရားမျှတမှုတွေအတွက် တောင်းဆိုတာက လုပ်လို့ရတယ်။ ထောင်ကျခဲ့ဖူးတော့ ထောင်မှာ ဘယ်လိုပုံစံအထိ ကိုယ့်အခွင့်အရေးတွေကို ဒီခေတ်မှာ ပိုပြီးပွင့်လင်းမြင်သာမှုတွေ အများကြီးရှိတယ်လေ။ အရင်ခေတ်နဲ့ မတူတော့ဘူးလေ။
ဒါပေမယ့် အခု မြင်လိုက်ရတဲ့ အနေအထားတွေက ဖြစ်သွားတဲ့ဖြစ်စဉ်တွေက မရိုးသားမှုတွေ ပါနေတယ်။ တခုပဲပြောချင်တာက သူတို့တွေရဲ့ အခွင့်အရေးတွေ၊ သူတို့တွေရဲ့ တရားမျှတမှုတွေကို လုပ်ဆောင်ပေးရမှာက တပိုင်း၊ နောက်တပိုင်းက နိုင်ငံရဲ့အလှည့်အပြောင်းပုံစံတခုမှာ လုပ်ဆောင်နေသူတွေအနေနဲ့ ဒီမှာ အကျဉ်းကျ နေသူတွေကလည်း ပြည်သူတွေပဲ၊ ဒီလူတွေကို အသုံးချတာမျိုး၊ ဒီလူတွေနဲ့ ကစားတာမျိုး မလုပ်စေချင်ဘူး။ နောက်ဆုံး ခံရမှာက အဲ့ဒီပြည်သူတွေပဲဖြစ်တယ်။
သူတို့ရဲ့ အလှည့်အပြောင်းတွေ၊ မရိုးသားမှုတွေက ကြားထဲ ခံရမှာ ပြည်သူတွေပဲ။ ဥပမာ မူးယစ်နဲ့ပက်သက်ပြီး လွှတ်ပေးရမယ့်အပိုင်းတွေရှိမယ်၊ မူးယစ်ဥပဒေ ၁၅၊ ၁၆ တို့ဆိုတာ ပညာပေးအပိုင်းနဲ့ သွားရမယ့်ဟာတွေ၊ လွှတ်ပေးတဲ့အပိုင်းမှာ ၇၅ ရာခိုင်းနှုန်းပါတယ်ဆိုရင် ကျမတို့နိုင်ငံမှာ ထောင်တွေ ဘယ်နှယ်ထောင်ရှိလဲ၊ မူးယစ်နဲ့ပက်သက်တဲ့ အကျဉ်းသားဘယ်လောက်ရှိလဲ။ အဲ့လူတွေ အကုန်လုံး လုပ်ပေးလိုက်ဖို့ဆိုတာကလည်း ချက်ချင်းလုပ်လို့ မလွယ်ဘူး။ မလုပ်ပေးနိုင်ဘူး။
နိုင်ကျဉ်းတွေ လွှတ်ပေးပါ ဆိုတုန်းကလည်း အကုန်လုံး တပါတည်း လွှတ်ပေးတာမရှိခဲ့ဘူး။ နောက်ပိုင်း လုပ်လာမယ့် အခြေအနေတွေလည်း ရှိလာမှာပဲ။ တခါထဲ မပါသွားတဲ့ဟာကို ဒီလိုလုပ်တာတော့ ကိုယ့်အခွင့်အရေးအရ တရားမျှတမှုအရ၊ တရားမမျှတဘူးဆိုလည်း ထောင်မှာ တောင်းဆိုလို့ရတဲ့ တင်ပြလို့ရတဲ့အပိုင်းတွေမှာ အခုဖြစ်သွားတဲ့ ဖြစ်စဉ်ကြီးက သွေးရိုးသားရိုးဖြစ်စဉ်လို့ မပြည့်အ၀ မမြင်ဘူး။
ကိုဘိုကြည် (နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ – တွဲဘက်အတွင်းရေးမှူး)
မြန်မာနိုင်ငံမှာက တရားဥပဒေ စိုးမိုးရေး အားနည်းတယ်။ ပြစ်မှုနဲ့ ပြစ်ဒဏ် မျှတသလားဆိုတာလည်း ထည့်စဉ်းစားရမယ်။ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေသလား။ နစ်နာသွားတဲ့အခါမှာလည်း တိုင်ကြားရမယ့် ယန္တရားတွေက အားနည်းတယ်။ ဒီဟာတွေ ပေါင်းဆုံသွားတယ်။ တဖက်ကလည်း ဒီဟာတွေဖြစ်လာတာက သမရိုးကျမဟုတ်ဘူး။
အရင်တုန်းကလည်း ထောင်ထဲမှာ ဒီလိုပြဿနာတွေ ရှိခဲ့ပါတယ်။ ရှိတယ်ဆိုတာက တထောင်ပြီးတထောင် ကူးသွားတာမျိုးကတော့ သမရိုးကျမဟုတ်ဘူး။ အကျဉ်းသားတွေက ကိုယ့်အခွင့်အရေး ဆုံးရှုံးတဲ့အခါမျိုးမှာ ဆန္ဒပြတာပဲ။ ဒီတထောင်ဆို ဒီတထောင်ပဲ။ အခုက တထောင်ပြီးတထောင် ဆက်တိုက်ဖြစ်သွားတာကတော့ ဒီတခါ ပထမဆုံးအကြိမ်ပဲထင်တယ်။ ဘယ်လိုတွေကြောင့် ဒီလို ဆက်တိုက်ဖြစ်လာသလဲကို သေချာမသိဘူး။
ဒါပေမယ့် ရွှေဘိုထောင်မှာလို ပြဿနာတွေကို ဖြေရှင်းတဲ့အခါမှာ လူသေတဲ့အထိ ဖြစ်လာတော့ ဒီလိုအခြေအနေမျိုး မဖြစ်အောင် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ဖို့လိုတယ်။ နောင်ဒီလိုအဖြစ်အောင်ဘယ်လိုလုပ်မလဲကို စဉ်းစားရမယ်။ အဲ့ဒါကြောင့် အရင်ထဲကိုက အကျဉ်းသား စိစစ်ရေးကော်မတီ ဖွဲ့ဖို့လိုတယ်လို့ အကြံပေးနေတာ။
အဲ့ဒီကော်မတီကနေမှ သေချာစိစစ်ပြီးတော့ အကျဉ်းသားလျော့ချရေးကို လုပ်ဖို့ပြောနေတာ။ အကျဉ်းသားတွေကို စိစစ်တဲ့လုပ်ငန်းစဉ်က ပွင့်လင်းမြင်သာရှိမနေဘူး။ ဘယ်လိုစိစစ်သလဲမသိဘူး။ တချို့ကျ ထောင် ၁၇ နှစ်သမားက လွတ်ပြီး ငါတို့က ဘာလို့မလွတ်တာလဲဆိုတဲ့ မေးခွန်းတွေကလည်း အကျဉ်းသားတွေမှာ ရှိနေတယ်။ အစိုးရနဲ့ ပြည်ထဲရေးဘက်က ဒီပြဿနာတွေနဲ့ ပက်သက်တဲ့ တခုခုကို ပြောဖို့လိုတယ်။ ဘယ်သူစိစစ်လဲ၊ ဘယ်လိုစိစစ်လဲမသိတော့ တရားဝင် အကျဉ်းသားစိစစ်ရေး ကော်မတီဖွဲ့တဲ့အခါ အစိုးရ၊ ပြည်ထဲရေး၊ ထောက်လှမ်းရေး၊ ဥပဒေချုပ်ရုံး၊ လွှတ်တော်ကိုယ်စားလှယ်၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပေါင်းပြီး ရက်ရှည်စိစစ်ပြီးမှ လုပ်သင့်တာ။
ဦးတင်ထွေး (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)
အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD)
ပြည်ထဲရေး ဝန်ကြီးဌာနမှာ အဓိက တာဝန်ရှိပါတယ်။ အခု လွတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့ဟာကလည်း ပြည်ထဲရေး ဝန်ကြီးဌာနကို သမ္မတ ကနေပြီးတော့ သတ်မှတ်ချက်တွေနဲ့ ဒါတွေ လွှတ်သင့်တယ်။ ဒါတွေ မလွှတ်သင့်ဘူး ဆိုတာ သူတို့ကို တခါတည်း ပေးလိုက်ပြီးသား။ ပေးတဲ့အပေါ်မှာတော့ ဝန်ထမ်းတွေရဲ့ ချို့ ယွင်းချက်ကြောင့် မမျှတဘူးဆိုတဲ့ ပြဿနာ ပေါ်လာတယ်လို့ပဲ ထင်တယ်။
ဒါကို ဌာနတွင်းလည်း ရှင်းရမယ်။ ပြီးတော့ အကြီးအကဲတွေကိုယ်တိုင်လည်း သွားပြီးတော့ ရှင်းသင့်တယ်။ မမျှတဘူးဆိုတဲ့ ကိစ္စပေါ် လာတာက အန်ကယ်တို့ ကြားရတဲ့ သတင်းအရဆိုရင် ဥပမာ အချုပ်အတူတူကျတယ်။ ပြစ်ဒဏ်တခုတည်းနဲ့ ပုဒ်မလည်း အတူတူပဲ ကျတယ်။ ဟိုလူက လွတ်သွားတယ်။ ဒီလူက ကျန်နေခဲ့တယ်။ ဒီလို ပြဿနာတွေ အများကြီး ရှိတယ်။
တချို့ကျတော့လည်း ပြစ်ဒဏ်နည်းတယ်။ ပုဒ်မချင်း အတူတူပဲ။ အဲဒါကို ပြစ်ဒဏ်များတဲ့သူက အရင်လွတ်ပြီးတော့ နည်းတဲ့သူက ကျန်နေခဲ့တာလည်း ရှိတယ်လို့လည်း ကြားတယ်။ ထောင်ကျ အကျဉ်းသားဆိုပြီး သူတို့ကိုလည်း အထင်သေးလို့ မရဘူး။ အတွေး အခေါ် အယူအဆတွေနဲ့ အတွေးအခေါ် အများကြီးရှိတယ်။
ရှိတဲ့အခါကျတော့ ဒီပေါ်မှာ ပြသနာတွေက စတာပဲ။ အမှန်က ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ အောက်မှာ ပြည်ထဲရေး ဝန်ကြီးဌာန အောက်မှာ ရှိတဲ့ အကျဉ်းဦးစီးဌာန ဝန်ထမ်းတွေရဲ့ လုပ်ဆောင်ချက်မှာ ချို့ ယွင်းချက်တွေ ရှိလို့ ဒီပြဿနာတွေ ပေါ်ရတာ။
ဦးခင်မောင်မြင့် (ထောင်မှူးကြီးဟောင်း)
ဒီလိုထောင်ဆူလို့ လွတ်ငြိမ်းချမ်းသာရတယ်ဆိုတဲ့ အစဉ်အလာဖြစ်လာမှာကိုတော့ ကျနော်စိုးရိမ်တယ်။ အဓိက ဘယ်လိုလွတ်ငြိမ်းချမ်းပေးတယ်၊ ဘယ်သူတွေက စိစစ်တယ်ဆိုတဲ့ ကိစ္စပဲ။ ထောင်ဆူတာမှာ ထောင်အာဏာပိုင် တွေက နောက်ကွယ်ကနေ ပါဝင်ပက်သက်တယ်ဆိုတာတော့ ကျနော့်အတွေ့အကြုံအရ မဖြစ်နိုင်ဘူး။
ထောင်ဆူတာဖြစ်လာတာနဲ့ အနည်းဆုံး အဲ့ဒီထောင်အာဏာပိုင်တွေက ခုံရုံးဖွဲ့ အစစ်ခံရပြီ။ ပြင်းထန်လာရင် ရာထူး ချတာတွေ၊ နယ်ပြောင်းတာတွေ၊ ထောင်အာဏာပိုင်က ထောင်ပြန်ချခံရတာတွေအထိ ဖြစ်ခံရတာ။ ဘယ်သူမှ ကိုယ့်လည်ပင်းကို ကြိုးကွင်းစွပ်မယ်တော့ မထင်ဘူး။ လွတ်ငြိမ်းချမ်းသာခွင့်မှာ မမျှမတဖြစ်လာတဲ့ အခြေခံ အကြောင်းတရားလို့ ယူဆတယ်။
အခု လွတ်ငြိမ်းခွင့်ပေးတာကို ဘယ်သူက အမည်စာရင်းတင်သွင်းသလဲဆိုတာကို အံ့သြနေတာ။ အရင်တုန်းက ကျနော်တို့ ထောင်ဖွင့်ချိန် အင်အားစာရင်းကို တနင်္လာနေ့တိုင်း အသေးစိတ် စာနဲ့ရေးပို့ရတယ်။ အခုက ကွန်ပျူတာ စနစ်ဆိုတော့ ထောင်ပိတ်ချိန်တိုင်း ဝန်ကြီးရုံးကို နေ့စဉ်ပို့ရတယ်။ မနက်ဖြန် လွတ်ငြိမ်းလာတော့မယ်ဆို တညလုံးကို စာရင်းတွေလုပ်ရတာ။ ထောင်ထဲမှာ ပြစ်ဒဏ်နှစ်တွေလျော့တာမှာ ဘယ်သူတွေပါလဲ၊ ဘယ်သူက ဘယ်လောက်လျော့သလဲ စတာတွေအားလုံး လုပ်ရတာ။ အကျဉ်းကျတဲ့ပုဒ်မ၊ နှစ်တွေ တူနေတယ်ဆိုရင်တောင်မှ ထောင်ဝင်နံပတ်နဲ့ ပြန်စီရသေးတယ်။
အခုက မနက်ပိုင်းအထိတောင်မှ အကျဉ်းဦးစီးက ဘယ်သူတွေလွှတ်ပေးရမယ်ဆိုတာ စာရင်းမရောက်လာသေးတဲ့ အနေအထားမျိုး။ အဲ့ဒီတော့ အကျဉ်းဦးစီးအာဏာပိုင်တွေမှာလည်း အလုပ်အရမ်းရှုတ်ကုန်ရော။ ဘာမှပွင့်လင်းမြင်သာမှု မရှိဘူးဖြစ်နေတယ်။
ဦးမြင့်လွင် (တွံတေးမြို့ နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)
အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD)
လွတ်ငြိမ်းသက်သာခွင့် ပေးတဲ့ကိစ္စတွေက အခုမှ ပေးတာ မဟုတ်ဘူး။ အရင် သမ္မတ ဦးသိန်းစိန် လက်ထက်ကလည်း ပေးတာပဲ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက်ကလည်း ပေးခဲ့တာလည်း ရှိတယ်။ အရင်တုန်းက လွတ်တဲ့သူတွေက လွတ်သွားတယ်။ ကျန်တဲ့ သူတွေက မကျေနပ်လို့ ဆန္ဒပြတာ ဘာညာ မရှိဘူး။ ဦးသိန်းစိန် လက်ထက်မှာလည်း မရှိခဲ့ဘူး။
အခု ပြည်သူလူထုက ရွေးချယ်တင်မြောက်ထားတဲ့ ပြည်သူ့အစိုးရပေါ့နော်။ သမ္မတကြီး ဦးဝင်းမြင့် လက်ထက်ကျမှ ဟိုထောင်က ထပြီးတော့ ဆန္ဒထုတ်ဖော်၊ ဒီထောင်က ထပြီးတော့ ဆန္ဒထုတ်ဖော်နဲ့ တချို့ဟာတွေက ဒီမိုကရေစီနဲ့ ပတ်သက်ပြီး ကျင့်သုံးတာ နည်းနည်းများ လွဲနေသလားလို့ သံသယရှိတယ်။ လွှတ်လိုက်တဲ့အထဲမှာတော့ ဖြစ်သင့်သမျှ လွတ်သင့်တဲ့သူတွေကို စိစစ်ရွေးချယ် ပြီးတော့ လွှတ်ပေးတာပဲ။
ကိုယ်တို့လည်း ထောင်ထဲမှာ နေဖူးတာပဲ။ ထောင်ထဲမှာ နေတဲ့သူကတော့ လွတ်ချင်တာချည်းပဲ။ သို့သော်လည်း ထောင်ထဲရောက် တယ်ဆိုတာကတော့ အကြောင်းတခုခုနဲ့ ရောက်တာချည်းပဲ။ နိုင်ငံရေး အကျဉ်းသားဆိုတဲ့သူတွေကတော့ ဖယ်ထားလိုက်ပေါ့။ ရာဇဝတ်မှုနဲ့ ဆိုတာကတော့ ဥပဒေ တခုခုကို ချိုးဖောက်လို့ ရောက်တာချည်းပဲ။ ရောက်သွားရင် နေရတာပဲ။
အဲဒီမှာ လွတ်ချင်ရင်တော့ ငြိမ်းချမ်းတဲ့နည်းနဲ့ ကိုယ့်ရဲ့ ရပိုင်ခွင့်ကို တင်ပြတာ ဆိုရင်တော့ ပိုကောင်းတာပေါ့။ အခုက ဒီမိုကရေစီ အစိုးရ၊ ဒီမိုကရေစီ သမ္မတကို အကြပ်ကိုင် ဖိအားပေးတဲ့ သဘောမျိုးလည်း မရောက်တော့ဘူး။ အခုကျတော့ လွတ်တယ်။ ကျန်တဲ့သူတွေက ဆန္ဒဖော်ထုတ်တယ်ဆိုရင် ဘယ်လိုလုပ် လွှတ်လို့ရတော့မလဲ။
ပြည်သူ့သမ္မတဆိုတော့ ပြည်သူတွေကိုလည်း သက်သာစေချင်တယ်။ ဒီတော့ လွှတ်ပေးတယ်။ လွှတ်ပေးတဲ့အခါ ပြဿနာတွေ တက်ကျ၊ ဆန္ဒတွေ ဖော်ထုတ်ကျဆိုရင် နောက်ကျရင် ဒီထက်များပိုပြီးတော့ အကြမ်းဖက်လာမလားပေါ့။ ထောင်သားတွေကလည်း ဆန္ဒပြတာ လုပ်တယ်။ တဖက်ကလည်း တားဆီးတယ်။
အဲဒီမှာ အကြမ်းဖက်မှုတွေ ဖြစ်တဲ့အခါ ဒီမိုကရေစီ နုနယ်တဲ့ တိုင်းပြည်မှာ ကျတော့ အကုန်လုံးက ဝိုင်းဝန်းပြီးတော့ စိတ်ရှည်သည်းခံမှုနဲ့ စောင့်ဆိုင်းပြီးတော့ သွားသင့်တဲ့ လမ်းကြောင်းကနေ တရားဝင် လမ်းကြောင်းကနေ သွားသင့်တယ်။ ဒီမိုကရေစီမှာ အရေးကြီးတာက စိတ်ရှည် သည်းခံမှုပဲ။ အဲဒါလေးကိုတော့ အကုန်လုံးက စိတ်ရှည်သည်းခံပြီးတော့မှ သွားကြစေချင်တယ်။ အဲဒါမှ မဟုတ်ရင် အင်မတန်မှ သက်တမ်းနုသေးတဲ့ ဒီမိုကရေစီ စနစ်က အန္တရာယ် ရှိတယ်။