တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက် ကိုင် ၁၀ ဖွဲ့သည် ပြီးခဲ့သည့် မေ ၁၄ ရက်မှ ၁၈ ရက်အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ထိပ်သီး အစည်းအဝေး တရပ်ကို ကျင်းပ ခဲ့ကြသည်။
ထို အစည်းအဝေးတွင် ကရင် အမျိုးသား အစည်းအရုံး (KNU) မှ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတိုင်ပင်ခံ အစည်းအဝေး (PPCM) ကို ဖွဲ့စည်းရန် တင်ပြခဲ့ရာမှာ သဘောထား ကွဲလွဲခဲ့ကြသလို KNU က လက်ရှိ ဖွဲ့စည်းထားသော ငြိမ်းချမ်းရေး လုပ် ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)ကနေ နုတ်ထွက်ရန်ပင် စာတင်ခဲ့သည်။
ထို့ကြောင့် KNU မှ အထွေထွေ အတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမှူးကို ဧရာဝတီ သတင်းဌာန အကြီးတန်း သတင်း ထောက် ချစ်မင်းထွန်း က ဆက်သွယ် မေးမြန်းထားသည်။
မေး။ ။ PPST ကနေ ထွက်ဖို့ KNU အနေနဲ့ ပြင်ဆင်ထားတယ်လို့ ကြားတယ်၊ ဘာကြောင့် ထွက်ချင်ရတာလဲ။
ဖြေ။ ။ PPST ထဲကနေ ထွက်ဖို့ ဆုံးဖြတ်ရတဲ့ အကြောင်းအရင်းကတော့ ကျနော်တို့ ဒုတိယ အကြိမ် ပင်လုံပြီးကတည်းက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က တခုခုတော့ မှားနေပြီ ဆိုပြီးတော့ ကျနော်တို့က PPST ကို တင်ပြခဲ့တယ်။ ဒါကို ပြန်သုံးသပ်ဖို့ လိုပြီ ဆိုတာကို ကျနော်တို့ ပြန်ပြီးတော့ Review တွေ လုပ်ကြတယ်။ ပြီးတော့ Reform တွေ ကျနော်တို့ထဲမှာ ပေါ့လေ၊ လူ တွေ ပြန်ပြီးတော့ အစားထိုးတာတွေ ပြောင်းလဲတာတွေ အဲဒီကတည်းက စပြီး ပြင်ဆင်ခဲ့တယ်။
ဒါပေမယ့် ပြီးခဲ့တဲ့ အပတ်က (မေလ ၁၄ ရက်မှ ၁၈ ရက်အစည်းအဝေး) ထိပ်သီး အစည်းအဝေးပြီးတဲ့ အထိလည်း Reform က ဖြစ်မလာဘူး။ အဲဒီတော့ Reform လုပ်ရတဲ့ အကြောင်းအရင်းကလည်း ခိုင်ခိုင်မာမာကို ရှိနေတဲ့ အတွက် ကြောင့် ကျနော်တို့က Reform လုပ်ဖို့ အတူတကွ လုပ်ခဲ့ပြီးတော့ လုပ်သင့်လုပ်အပ်တဲ့ အချက်တွေကိုလည်း ဖော်ပြထား ပြီးသား ဖြစ်တယ်။
အဲဒါကိုပဲ အများစုက ပေါ့နော်၊ ဒါကိုပဲ နေ့ရွှေ့ ညရွှေ့ လုပ်ပြီးတော့ နောက်ဆုံး ဘာမှမဖြစ်လာတော့ ကျနော်တို့က ဒီလို ပုံနဲ့ ကတော့ အခုလိုမျိုး ငြိမ်းချမ်းရေး တကယ်ကို ပိတ်ဆို့နေပြီးတော့ တဖက်မှာလည်း အရမ်းကို Sensitive ဖြစ်ပြီးတော့ ဆုံးဖြတ်ချက် ချမှတ်တဲ့ အပိုင်းတွေမှာ ကျနော်တို့ လေးလေးနက်နက်နဲ့ တိုင်ပင် ဆွေးနွေးမှုတွေ မရှိဘဲနဲ့ ဒီအတိုင်း ဆက် သွားမယ် ဆိုရင်တော့ ကျနော်တို့ EAO တွေရဲ့ ဖက်ဒရယ် ရည်မှန်းချက် ကတော့ အခြေအနေ သိပ်မကောင်းဘူးပေါ့နော်။ အဲဒီအတွက်ကြောင့် ကျနော်တို့ ဒီလို စုဖွဲ့မှုနဲ့ကတော့ အယုံအကြည် မရှိတော့ဘူး ဆိုတဲ့ အခြေခံကြောင့် ကျနော်တို့ နုတ် ထွက် လိုက်ရခြင်း ဖြစ်ပါတယ်။
မေး။ ။ Reform လုပ်ဖို့ ခိုင်ခိုင်မာမာ အချက်တွေ ရှိတယ် ဆိုတော့ ဘယ် အချက်အလက်တွေက ဆရာ တို့ကို တွန်းအား ဖြစ်စေခဲ့တာလဲ။
ဖြေ။ ။ ဟုတ်တယ်၊ အဲဒါကတော့ PPST ရဲ့ စုဖွဲ့မှုကို အဓိကပေါ့နော်။ စုဖွဲ့မှုပိုင်းမှာ နောက်ပြီးတော့ တာဝန်ယူမှု တာဝန်ခံတဲ့ အပိုင်းရယ်၊ နောက်ပြီးတော့ PPST မှာ ကျနော်တို့ အဲဒီတုန်းက ကျနော်တို့မှာ Process နောက်ကို တကောက်ကောက် လိုက် နေတဲ့ ပုံစံကနေ ကြည့်တယ်။ ဘုံရည်မှန်းချက် ထားတာတွေ မရှိဘူး။ Strategic မရှိဘူးပေါ့ဗျာ။ အဲဒါတွေ ကျနော်တို့ ထောက်ပြခဲ့တယ်။ ဒါတွေ လုပ်ကြမယ်ဆိုတာ လုပ်မယ်လို့တော့ သဘောတူထားတယ်။ ဒါပေမယ့် တကယ့် လက်တွေ့ကျ တော့ မပါလာဘူး။ မလုပ်ကြဘူး ပေါ့နော်။
မလုပ်ကြတဲ့ အခါကျတော့ ကျနော်တို့ ကလည်း တဖွဲ့ နှစ်ဖွဲ့တည်းပဲက ဘယ်လိုမှ အားလုံးကို လိုက်ပြီးတော့ တွန်းလည်း ဘာမှ မဖြစ်လာတော့ သူတို့ စိတ်ဝင်စားမှု မရှိဘူးလို့ပဲ ဆိုရမလားတော့ မသိဘူးပေါ့နော်။ အဲဒီတော့ ကျနော်တို့ကလည်း နုတ်ထွက်လိုက်တာ ဒါပါပဲ။
မေး။ ။ ဒါဆို PPST က လက်ရှိ ငြိမ်းချမ်းရေးကို အကောင်အထည် ဖော်ရာမှာ ဘာတွေ အားနည်းနေတယ်လို့ KNU အနေနဲ့ သုံးသပ်မိထားလဲ။
ဖြေ။ ။ အဲဒါကတော့ ကျနော် အဲဒီလောက်ထိ အသေးစိတ်တော့ ထုတ်ဖော် မပြောသင့်ဘူးလို့ ထင်တယ်။ အဲဒါလေးတော့ နားလည်ပေးပေါ့နော်။ ဒါပေမယ့် ကျနော်တို့မှာ ထွက်ရလောက်တဲ့ ခိုင်လုံတဲ့ အကြောင်းပြချက်တွေ ရှိတဲ့ အတွက်ကြောင့်ပဲ ထွက်လိုက်ရပါတယ် ဆိုတာလေးတော့ ပြောပါရစေ။
မေး။ ။ PPST ကို ဖျက်ပြီးတော့ PPCM ကို ဖွဲ့စည်းချင်တယ်လို့ တင်ပြမှုတွေရှိတော့ ဘာကြောင့် ဒီ PPCM ကို ဖွဲ့စည်းချင်ရ တာလဲ။
ဖြေ။ ။ အဲဒီ PPST ကို ကျနော်တို့ အားနည်းနေတဲ့ အချက်တွေထဲက တချက်ကတော့ ကိုယ့်ကိုယ်ကိုယ် လက်မှတ် ထိုး ထား တဲ့ အဖွဲ့ ဆိုတဲ့ အခြေခံနဲ့ စည်းနှောင်ထားပြီးတော့လေ လက်မှတ်မထိုးသေးတဲ့ အဖွဲ့တွေနဲ့ တဖြည်းဖြည်း ကင်းကွာ လာတဲ့ အခြေခံတွေကို တွေ့လာရတာပေါ့နော်။ အဲဒီတော့ ဒီနေ့ ကျနော်တို့ တနိုင်ငံလုံး ဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ ရေး စာချုပ်ဆိုတဲ့ အခြေခံနဲ့ ကျနော်တို့ သွားတဲ့နေရာမှာ ကျနော်တို့ ၈ ဖွဲ့ ဆိုတဲ့ ပုံစံ တမျိုးနဲ့ သွားတယ်။ ကျန်တဲ့ အဖွဲ့ တွေ က ပုံစံတမျိုးနဲ့ သွားတယ် ဆိုတဲ့ ပုံစံတွေက ဒါက ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ် တခုခုတော့ လိုနေပြီ ဆိုတာကို ထောက်ပြနေ တာ ဖြစ်တယ်လေ။
အဲဒီတော့ တခုခု လိုနေပြီ ဆိုတဲ့ အချက်ကို ဖော်ပြတာ ဖြစ်တဲ့ အတွက်ကြောင့် အဲဒီလို အချက်ကို ပြည့်စုံအောင် ကျနော် တို့ ကြိုးစားပြီး မွမ်းမံတဲ့ နေရာမှာ ကျနော်တို့ EAO တွေကလည်း ကိုယ်တာဝန်ယူသင့်တဲ့ သမိုင်းတာဝန် ခွဲဝေယူနိုင် လောက် တဲ့ အနေအထား တခု ဖြစ်တဲ့ လက်မှတ်ထိုးတဲ့ အဖွဲ့အစည်း အနေနဲ့ မထိုးတဲ့ အဖွဲ့အစည်း ကြားထဲမှာလည်း အနည်းဆုံး အပြန်အလှန် တိုင်ပင် နှီးနှောပြီးတော့ သတင်း အချက်အလက် ဖလှယ်တာကနေ စပြီးတော့ပေါ့နော်။ ကျနော်တို့ အပြန်အလှန် အထောက်အကူ ပေးနိုင်တဲ့ ပုံစံမျိုးလေးတွေလည်း စဉ်းစားသင့်တယ်။
နောက်ပြီးတော့ ဘာကြောင့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးလို့ ပြောပြီး တချို့ဘက်မှာ စစ်တွေ ဖြစ်နေပြီးတော့ တချို့ ဘက်မှာတော့ ထိန်းထားတယ်ဆိုတဲ့ ဟာတွေကလည်း ဘယ်လောက် အထိ ဆက်သွားမှာလဲပေါ့။ ဒါတွေကလည်း ကျနော် တို့မှာ မေးခွန်း ထုတ်စရာတွေ ဖြစ်တာပေါ့နော်။ အဲဒီတော့ ဒီလိုမျိုး မေးခွန်းတွေကို ဖြေနိုင်ဖို့က ကျနော်တို့ ပထမဦးဆုံး EAO တွေ အဖွဲ့ကြားထဲမှာ အချင်းချင်းကြားထဲမှာ ပြန်ညှိနှိုင်းနိုင်တဲ့ ဆွေးနွေးမှုကနေ ကျနော်တို့ စတင်လိုက်နိုင်ခြင်း အားဖြင့် တယောက်နဲ့ တယောက်ကြားမှာ ကွာဟမှုတွေ ကျနော်တို့ လျှော့ချနိုင်မယ်။
ပြီးတော့ တဖက်နဲ့ တဖက် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးနဲ့ ဖက်ဒရယ် ချီတက်မှုကို သွားတဲ့နေရာမှာလည်း ကျနော်တို့ မတူညီတဲ့ အခြေခံတွေကနေပြီးတော့ ကျနော်တို့ ဦးတည်ချက်၊ ရည်မှန်းချက် ဘုံရပ်တည်ချက်တွေကို အတူတကွ သွားနိုင် တဲ့ လမ်းကြောင်းတွေကို ထုတ်နိုင်အောင် ဆိုတဲ့ ရည်ရွယ်ချက်တွေပဲ ဖြစ်ပါတယ်။
ဘာကြောင့်လဲ ဆိုတော့ ကျနော်တို့ တိုင်းရင်းသားတွေက အားလုံးက ရှင်းရှင်းပြောရင် ရည်မှန်းချက်တွေက အတူတူပဲ ဖြစ် ပါတယ်။၊ ဒါပေမယ့် ဒီတူညီတဲ့ ရည်မှန်းချက်ကို မတူညီတဲ့ ပုံစံနဲ့ မတူညီစွာဘဲ အကောင်အထည် ဖော်တဲ့ နေရာမှာ အချင်း ချင်း တဖက်နဲ့တဖက် တယောက်နဲ့ တယောက် အပြန်အလှန် အထောက်အကူပေးတာတို့၊ ညှိနှိုင်းတိုင်ပင်တာတို့၊ ဒါတွေ က မရှိမဖြစ် လိုအပ်တဲ့ အတွက်ကြောင့် ဒီလိုဟာလေးကို ကျနော်တို့ ဖန်တီးတာပဲ ဖြစ်ပါတယ်။
မေး။ ။ ဒါဆို PPCM ကို ဘယ်လို ပုံစံ ဖွဲ့စည်းမှာလဲပေါ့နော်။ နောက်ပြီးတော့ ဘယ်သူတွေ ပါကြမလဲ၊ ဘယ်လို လုပ်ပိုင်ခွင့် တွေ ရှိမလဲ။
ဖြေ။ ။ ဒီနေရာမှာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ ဆုံးဖြတ်ချက်သာ အဓိကပဲလေ။ ဒါပေမယ့် ဘယ်လို ဖွဲ့စည်းမလဲ ဆို တဲ့ အပိုင်းကတော့ သူကတော့ အတိုင်ပင်ခံ အစည်းအဝေး (Consultative Meeting) ပေါ့နော်။ EAO နဲ့ ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်တဲ့ အကျပ်အတည်းတွေ ဒါတွေကို အတူတကွ အကျေအလည် ညှိနှိုင်း ဆွေးနွေး ပြီးတော့ ဒီအခြေ ခံ တွေ အပေါ်မှာ မူတည်ပြီးတော့ စိတ်ဝင်စားမှုခြင်း တူညီတဲ့ အဖွဲ့တွေ ကြားထဲမှာ ရှိတဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ ပေါ်ပေါက် လာမယ်။
ဥပမာ အားဖြင့်ဗျာ ကျနော်တို့ ကြားထဲမှာပေါ့နော်၊ ရှင်းရှင်းပြောရင်တော့ အကျေအလည် ညှိနှိုင်းနိုင်တဲ့ အခြေခံတွေ မရှိကြ ဘူးပေါ့နော်။ အဲဒီလို မရှိသလောက်ဖြစ်တဲ့ အခါကျတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပေါ်မှာ NCA ရဲ့ အကောင်အထည် ဖော်မှုမှာ NCA ကို အကောင်အထည် ဖော်နေကြတဲ့ အဖွဲ့အစည်းတွေ အနေနဲ့ နားလည်မှု မဖော်ရသေးတဲ့ လက်မှတ် မထိုး ရသေးတဲ့ NCA ဘောင်ရဲ့ ပြင်ပမှာ ရှိတဲ့ EAO တွေ အနေနဲ့ ကျတော့ သူတို့က နားမလည်နိုင်ဘူး။
ဆိုတော့ အဲဒီလိုအနေအထားမှာ ကျနော်တို့ အချင်းချင်း သတင်း အချက်အလက် ဖလှယ်တာတွေလည်း ပါမှာပေါ့နော်၊ နောက်တခါတည်းမှာပဲ တူညီတဲ့ အခြေခံတွေ အပေါ်မှာ အတူတကွ ပူးပေါင်း လုပ်ဆောင်နိုင်တဲ့ အပိုင်းတွေ ဖော်ထုတ် သွားမှာလို့ပဲ ခေါ်ခေါ်ပေါ့။ အခု ကျနော်တို့ ဖက်ဒရယ် နိုင်ငံကို ထူထောင်ဖို့က အဆင့် ၄ ဆင့်ကို အခြေခံပြီး ချီတက်မယ့် အပိုင်းလို့ပဲ ခေါ်ခေါ်ပေါ့နော်။ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့။ အဲဒီအခြေခံတွေ အားလုံးမှာ တူညီတဲ့ အပိုင်းမှာ ကျနော်တို့ အားလုံး သဘောထား တခုတည်း အတည်ချပြီးတော့ မတူညီတဲ့ အခြေခံတွေကို ကျနော်တို့ ဆက်ပြီးတော့ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်မှာ ပါဝင်သွားကြဖို့ ဖြစ်တယ်။
မေး။ ။ ဒါဆို PPCM မှာ NCA မထိုးရသေးတဲ့ အဖွဲ့တွေကိုလည်း ပါဝင်ခွင့်ပြုမယ် ဆိုတော့လေ သူတို့က ဘယ်လို ပုံစံမျိုးနဲ့ ပါဝင်လာနိုင်တဲ့ အလားအလာကို ဆရာတို့က ဖွင့်ပေးမှာလဲ။
ဖြေ။ ။ သူက အစည်းအဝေးပဲလေ၊ ဒီအစည်းအဝေးမှာ လာပြီးတော့ မိမိ အဖွဲ့အစည်းရဲ့ Position ယူလာပြီးတော့ မတူညီ တဲ့ အချက်တွေအပေါ်မှာ စုစည်းပြီးတော့ ကျနော်တို့ ပူးပေါင်း လုပ်ဆောင်ကြတာပေါ့။ အဲဒီတော့ တခုရှိတာက NCA လက် မှတ်ထိုးတဲ့ အဖွဲ့တွေ လုပ်တဲ့ လုပ်ငန်းတွေမှာတော့ NCA လက်မှတ်မထိုးတဲ့ အဖွဲ့တွေ ပါဝင်နိုင်ဖို့တော့ မရှိဘူး။
ဒါပေမယ့် အချင်းချင်း ညှိနှိုင်း တိုင်ပင်တဲ့နေရာမှာ သူတို့ ပါရှိခြင်းအားဖြင့် သူတို့ ထိုးဖို့၊ မထိုးခြင်းကို ပိုပြီးတော့ ကျယ်ကျယ် ပြန့်ပြန့် လုံလောက်တဲ့ အချက်အလက်တွေ သူတို့ပိုပြီးတော့ ရရှိလာမှာပေါ့။ အဲဒီတော့ သူတို့မှာ ဆုံးဖြတ်နိုင်တဲ့ အခွင့် အလမ်း တွေ ပိုပြီးတော့ ကောင်းလာမယ်။ ယုံကြည်မှုတွေလည်း ရှိလာမယ်ပေါ့။
ဥပမာ Bilateral နဲ့သွားတဲ့ အဖွဲ့အစည်းတွေ ရှိတယ်။ Bilateral အခြေခံကနေလည်း ဒီငြိမ်းချမ်းရေး လုပ်ငန်းတွေကိုလည်း ဘယ်လို ဆက်သွားသင့်သလဲ၊ ဘယ်လို သွားနိုင်မလဲ။ ထိုးထားတဲ့ အဖွဲ့တွေကတော့ ဒီလိုပုံစံတော့ ရှိနေပြီး အခက်အခဲ တော့ ရှိနေပြီး ဒါဆိုရင် ဘယ်လိုနည်းလမ်းတွေ ကျနော်တို့ ရှာသင့်သလဲ။ ပြောချင်တာက ငြိမ်းချမ်းရေးကို သွားဖို့ဆိုတာက တကယ့် အာသီသ ပြင်းပြစွာနဲ့ ကြိုးစားပမ်းစားသွားဖို့တော့ လိုတာပေါ့။ လမ်းကြောင်းကလည်း တကြောင်းတည်း ရှိတယ် ဆိုတာတော့ မဟုတ်ဘူး ထင်ပါတယ်။
ဘာကြောင့်လဲဆို ကျနော်တို့ ဝိုင်းပြီးတော့ အတူတကွ ညှိနှိုင်းတိုင်ပင်ပြီးတော့ နည်းလမ်းရှာကြမယ် ဆိုရင်တော့ အဖြေက ပေါ်မှာပါ။ အခုက NCA လမ်းကြောင်း တကြောင်းတည်းပဲ သွားနေတဲ့ အခါကျတော့ အဲဒီ တကြောင်းတည်းမှာကို ပိတ်ဆို့မှု တွေ အဖြစ်ခံနေရတဲ့ အခါကျတော့ အဒါကို ကျော်လွှားတဲ့ နေရာမှာလည်း တခြားမထိုးရသေးတဲ့ အဖွဲ့တွေလည်း သင်ယူ နိုင် တယ်၊ လေ့လာနိုင်တယ် ဆိုတဲ့ အခြေခံတွေလည်း ပါတာပေါ့။
မေး။ ။ PPCM မှာ ဒီအဖွဲ့တွေ ပါဝင်ခွင့် ရှိလာနိုင်တယ်ဆိုတော့ အခုလည်း PPST အစည်းအဝေး လုပ်တဲ့အခါမှာ လက်မှတ် မထိုးတဲ့ တချို့အဖွဲ့တွေလည်း လေ့လာသူ အနေနဲ့ ပါနေကြတာပဲ။ ပြီးတော့ ထိပ်သီး အစည်းအဝေးအနေနဲ့ NCA ထိုးတဲ့ အဖွဲ့ ရော မထိုးတဲ့အဖွဲ့ရော လုပ်လို့ရတဲ့ အခင်းအကျင်းလည်း ရှိနေတာပဲ။ ဒီ PPCM က ဘယ်လိုမျိုး ထူးထူး ခြားခြားတွေ ရှိနိုင်တယ်လို့ သုံးသပ်မိလို့ ဆရာတို့က ဖွဲ့ချင်ရတာလဲ။
ဖြေ။ ။ ကျနော်တို့မှာ အဓိက အကြောင်းအရင်းက PPST ရဲ့အဓိက အားနည်းချက်က ညှိနှိုင်းတိုင်ပင်နိုင်တဲ့ အနေအထား တခု မဖန်တီးနိုင်တာ အဓိက အားနည်းချက် ဖြစ်တယ်။ အမှန်က ကျနော်တို့ ညှိနှိုင်း တိုင်ပင်နိုင်တဲ့ အခင်းအကျင်းနဲ့ သွားဖို့ ရည်ရွယ်ချက်နဲ့ ဖွဲ့ခဲ့ကြတာပါပဲ။ ဒါပေမယ့် တကယ် လက်တွေ့ကျတော့ ဒီအစည်းအဝေးတွေ တခုပြီး တခုသွားဖို့ အတွက် ပဲ အာရုံစိုက်ပြီးတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တခုလုံးကို ခြုံငုံသုံးသပ်ပြီးတော့ ကျနော်တို့ အားနည်းချက် အားသာချက် အတူ ရှာဖွေပြီးတော့ အသစ် ပြုပြင် မွမ်းမံဖို့ဆိုတဲ့ အပိုင်း မရှိသလောက် ဖြစ်သွားပြီ။ နောက်ဆုံး ကျနော်တို့က ဒီ Process အပေါ်မှာပဲ ကောက်ကောက်လိုက်ပြီးတော့ လမ်းတွေ ချော်သွားတဲ့ အထိ ဖြစ်သွားတာပေါ့နော်။ ဆိုတော့ အဲဒီလမ်းကို ပြန် ပြင်နိုင်ချင်တာပဲ ဖြစ်ပါတယ်။
မေး။ ။ အခု PPCM လုပ်မယ်ဆိုရင် လက်မှတ်မထိုးတဲ့ အဖွဲ့တွေ ပါဝင်ခွင့် ပေးမယ် ဆိုတော့ မြောက်ပိုင်းအဖွဲ့ကလည်း ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) ဆိုပြီး သီးသန့်သွားနေတဲ့ အခါ သူတို့ရဲ့ သဘောထား ကရော ဘယ်လို အလားအလာတွေ ရှိနိုင်မယ်လို့ သုံးသပ်မိထားလဲ။
ဖြေ။ ။ ကျနော်တို့ကတော့ ဘယ်အဖွဲ့ပဲ ဖြစ်ဖြစ်ပေါ့နော်၊ ကျနော်တို့ရဲ့ ရည်မှန်းချက်က အတူတူပဲလေ။ အဲဒီတော့ ပထမဦး ဆုံး ကျနော်တို့ စရမှာကတော့ ရည်မှန်းချက်ခြင်း တူတဲ့ နိုင်ငံရေး အခြေခံ အပေါ်မှာ သုံးသပ်ချက်ချင်း နီးစပ်တဲ့ အဖွဲ့တွေနဲ့ အရင်စပြီးတော့ လုပ်မှာပေါ့နော်။ ပြီးတော့ အဲဒီ ပုံစံနဲ့ တဖြည်းဖြည်း ကျနော်တို့ EAO တွေကြားမှာ ပိုပြီး ကျယ်ပြန့်တဲ့ ညှိနှိုင်း တိုင်ပင်မှု ရှိတာကို ဖန်တီး ရယူသွားမှာ ဖြစ်ပါတယ်။
မေး။ ။ PPCM ကို တကယ်လို့ အကောင်အထည် ဖော်ဖြစ်ပြီ ဆိုရင်လေ NCA မထိုးတဲ့ အဖွဲ့တွေလည်း ပါလာတဲ့ အခါ ကျတော့ အစိုးရနဲ့ တပ်မတော်ရဲ့ တုံ့ပြန်မှုက ဘယ်လို အခင်းအကျင်းတွေ ဖြစ်လာနိုင်မလဲ။ ဒါကို လက်ခံနိုင်တဲ့ အတိုင်း အတာရော ရှိနိုင်တဲ့ အလားအလာတွေ ရှိမယ်လို့ရော သုံးသပ်မိထားလား။
ဖြေ။ ။ PPCM က ကျနော်တို့ EAO တွေကြားထဲမှာ ရှိတဲ့ တိုင်ပင် ဆွေးနွေးတဲ့ အစည်းအဝေးပဲလေ။ အစိုးရ တပ်မတော် တို့နဲ့ မဆိုင်ဘူး။ သူတို့ဘက် အပိုင်းက လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေကပဲ သွားဆွေးနွေးမှု လုပ်ရမှာပဲလေ။ လက်မှတ် ထိုးတဲ့ ၁၀ ဖွဲ့က လက်မှတ်ထိုးထားတဲ့ အပေါ်မှာ NCA ကို အခြေခံပြီး အကောင်အထည်ဖော်မှာပေါ့လေ။ အဲဒီတော့ PPCM ထဲမှာ ပါတဲ့ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေက သူတို့ Bilateral လမ်းကြောင်းကနေပဲ သူတို့သက်ဆိုင်ရာ အစိုးရ၊ တပ် မတော်နဲ့ပဲ သူတို့ ဆွေးနွေးသွားရမှာပဲလေ။ သူတို့လမ်းကြောင်းနဲ့ သူတို့ ရှိမှာပဲလေ။
ဒါပေမယ့် အဲဒီလို မတူညီတဲ့ လမ်းကြောင်းနဲ့ သွားတယ် ဆိုပေမယ့် ကျနော်တို့ ရည်မှန်းချက်ခြင်းက တူညီတဲ့အခါ တယောက် အခက်အခဲကို ဝိုင်းပြီးတော့ ဆွေးနွေး အဖြေရှာပေးနိုင်တဲ့ ပုံစံတွေက ပိုပြီးတော့ ကျနော်တို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အားကောင်းသွားစေနိုင်တယ်။ သက်ဆိုင်ရာ အဖွဲ့အစည်းနဲ့ ခေါင်းဆောင်တွေကြားထဲမှာရော အစိုးရတို့၊ တပ်မတော်တို့ ကြားမှာ ပိုပြီးတော့ တာဝန်ယူမှု တာဝန်ခံမှုတွေ ပိုပြီးတော့ ပေါ်လွင်လာလိမ့်မယ်။ ကျနော်က အဲဒီလို ယုံကြည်ပါတယ်။
မေး။ ။ PPCM က လက်ရှိ မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် နှေးကွေးနေမှုကို ကျော်လွှားနိုင်မယ်လို့ ထင်လား၊ ဘယ်လို ပုံစံနဲ့ ကျော်လွှားနိုင်မယ် လို့ရော ယုံကြည်ထားကြလဲ။
ဖြေ။ ။ ဒီနေရာမှာကတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အဓိက Stakeholders ကတော့ EAO တွေနဲ့ အစိုးရနဲ့ တပ်မတော် တို့ ဖြစ်တာပေါ့နော်။ အဲဒီတော့ ဒီနေရာမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်ဖို့ ဆိုတာကတော့ EAO တွေ အပေါ်မှာပဲ မူမတည် သလို အစိုးရနဲ့ တပ်မတော်မှာလည်း မူမတည်ဘူး။ တိုင်ပင် ဆွေးနွေးပွဲတွေ ဖြစ်တဲ့ Negotiation ပါတနာတွေ ကြားမှာ လက်ခံ သဘောတူထားတဲ့ စာချုပ်အပေါ်မှာ ဘယ်လောက်ထိ ခိုင်ခိုင်မာမာနဲ့ သံန္နိဋ္ဌာန်ချပြီး အောင်အောင်မြင်မြင် အကောင်အထည် ဖော်သွားနိုင်မယ်ဆိုတဲ့ အချက်အပေါ် မူတည်တာကို။
ဒါပေမယ့် EAO တွေဘက်ကတော့ တတ်နိုင်သလောက် ကျနော်တို့ အချင်းချင်းကြားမှာ မတူညီတဲ့ အခြေခံတွေ ကြားထဲ က ပဲ ကျနော်တို့ တူညီမှုတွေ တည်ဆောက်အောင် ကြိုးစားနိုင်မယ့် လှုပ်ရှားမှုတခု ဖြစ်ပါတယ်။
မေး။ ။ PPCM ဖွဲ့ရင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ပျက်သွားနိုင်တဲ့ အခင်းအကျင်းတွေ ရှိတယ်လို့ သုံးသပ်မှု တချို့ရှိတယ်။ ဆရာရော ဘယ်လို သုံးသပ်မိလဲ။
ဖြေ။ ။ ဒါကတော့ ဘာမှ မဆိုင်ဘူးလို့ဘဲ ပြောရမှာပေါ့နော်၊ ကျနော်တို့ ရှင်းရှင်းပြောရရင်တော့ PPCM က ခုနက ကျနော် ပြောသလိုပေါ့။ တိုင်းရင်းသားတွေကြားမှာ ရှိတဲ့ စုဖွဲ့မှု တခုပဲလေ။ အဲဒီက စုဖွဲ့မှုကနေပြီးတော့ ကျနော်တို့ PPCM ကို ဖွဲ့လိုက် လို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က ပျက်သွားမယ် ဆိုတဲ့ဟာကတော့ တကယ် ဘာမှကိုမဆိုင်တဲ့ ကိစ္စပဲလေ။
အဲဒါကြောင့် ဒီဟာကိုတော့ ကျနော်တို့ လက်မခံဘူး၊ ဒီအယူအဆက ဘယ်လိုပြောမလဲ ခုတ်ရာ တခြား ရှရာတခြား ဆိုတာ မျိုးပေါ့နော်။ ကျနော်တို့မှာ ဗမာစကားပုံတောင် ရှိပါတယ် ညောင်ဦး ကမ်းပါးပြို စမ္ပာနဂိုရ်က နွားမ ပေါင်းကျိုး ဆိုတဲ့ စကားပုံ ရှိတယ် မဟုတ်လား။ အခုက အဲဒီလို ဖြစ်နေတာလေ။ ဆိုတော့ ဘာမှ မဆိုင်ဘူးလေ။
PPCM က သူ့ဘာသာသူ EAO ကြားမှာ စုဖွဲ့မှုတခုပဲ။ အဲဒီတော့ NCA အကောင်အထည်ဖော်မှုက NCA လက်မှတ်ထိုးထား တဲ့ အဖွဲ့တွေက NCA အကောင်အထည်ဖော်မှု ယန္တရားကို အစိုးရ၊ တပ်မတော်နဲ့ သွားညှိနှိုင်းရမှာပဲ။ NCA မထိုးရသေးတဲ့ အဖွဲ့ကလည်း သူတို့ လမ်းကြောင်း သူတို့ဘာသာ သွားရမှာပဲ။ ဒါပေမယ့် EAO တွေကြားထဲမှာ အဲဒီလိုမျိုး စုစည်းမှုရှိနိုင်တဲ့ အခင်းအကျင်း ကနေပြီးတော့ ညှိနှိုင်း တိုင်ပင်နိုင်တဲ့ အခင်းအကျင်းက ပိုပြီးတော့ EAO ကြားထဲမှာ နားလည်မှုတွေ ပို တည်ဆောက်နိုင်မယ်။ ဒါက တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ဖော်ဆောင်နိုင်တာပဲ ဖြစ်ပါတယ်။
ကျနော်တို့ ဒီအခြေခံတွေကနေပြီးတော့ EAO တွေကြားမှာ မတူညီတဲ့ အခြေခံတွေ ကျနော်တို့ ရှာဖွေတွေ့နိုင်ပြီးတော့ အဖြေ ရှာနိုင်သလို တကယ်ကို လုံးဝ မတူညီတဲ့ အခြေခံ ရှိတယ် ဆိုရင် မတူညီစွာဘဲ ကျနော်တို့ နားလည်ကြပြီးတော့ အတူတကွ ဘုံရည်မှန်းချက်တွေ သွားနိုင်တာပဲလေ။
မေး။ ။ PPST နဲ့ PPCM ရဲ့ အားနည်းချက် အားသာချက်က ဘာတွေဖြစ်မလဲ။
ဖြေ။ ။ ပြောချင်တာက ကျနော်တို့ EAO တွေမှာ အနေအထားတွေကလည်း တနံတလျား မတူညီတဲ့ အခြေခံတွေကနေ ရှိနေတဲ့ အခါကျတော့ ကျနော်တို့ကြားထဲမှာ Information Sharing ပိုင်းတွေမှာ အများကြီး အားနည်းခဲ့တယ်။ အဲဒီ အား နည်းချက်တွေကနေပဲ မတူညီစွာဘဲ ခွဲခြား ဆက်ဆံခြင်းခံရတဲ့ အတွေ့အကြုံတွေလည်း ရှိခဲ့ကြတယ်။
ဆိုတော့ ဒီလိုဟာမျိုးတွေလည်း ကျော်လွှားနိုင်ဖို့ လိုတာပေါ့၊ အနည်းဆုံးကတော့ သူ့အခက်အခဲ ကိုယ့်အခက်အခဲ ဝိုင်းပြီး တိုင်ပင် နှီးနှောဆွေးနွေးပြီးတော့ ညှိနှိုင်းမယ်။ ညှိနှိုင်း တိုင်ပင်ခြင်းကို ဖော်ဆောင်တာပဲ ဖြစ်ပါတယ်။
မေး။ ။ KNU ထဲမှာလေ ငြိမ်းချမ်းရေးကို သွားတဲ့အခါမှာ အချင်းချင်း သဘောထား ကွဲလွဲမှုတွေ ရှိနေတယ်လို့ ကြားတယ် ဗျ၊ ဘယ်လို ကိစ္စတွေမှာ သဘောထား ကွဲလွဲမှုတွေ ရှိနေကြတာလဲ။
ဖြေ။ ။ ကျနော်တို့ KNU က ဒီမိုကရက်တစ် အဖွဲ့အစည်း ဖြစ်တယ်။ လူသားတွေ ဖြစ်တဲ့ အားလျော်စွာ သဘောထား တိုက် ဆိုင်မှု ဆိုတာက မရှိပါဘူး။ ဒါပေမယ့် ဒီမိုကရေစီကို အခြေခံတဲ့ဟာ ဖြစ်တဲ့ အခါကျတော့ မတူကွဲပြားမှုကို ကျနော်တို့ ပွင့်ပွင့် လင်းလင်း ဖော်ထုတ်တယ်။ ဒါပေမယ့် အဲဒါကို မူတခု အနေနဲ့ ကျလာပြီ ဆိုရင် အဲဒီ အပေါ်မှာ အတူတကွ လိုက်ကြ တဲ့ သဘောသဘာဝတော့ ရှိပါတယ်။
ဗဟိုချုပ်ကိုင်တဲ့ စနစ်ကို အလေ့အထ ရှိနေတဲ့ အဖွဲ့အစည်း တချို့နဲ့ လူပုဂ္ဂိုလ် တချို့ကတော့ ဒီဟာကို သဘောထား ကွဲလွဲ တယ်လို့ မြင်ကောင်းမြင်လိမ့်မယ်။ သူတို့ရဲ့ အတွေ့အကြုံကတော့ ထိပ်ဆုံးက လူတယောက် ပြောရင် အောက်ခြေက အကုန်လုံး ပြီးသွားရမယ် ဆိုတဲ့ ပုံစံရှိတာကို။ ကျနော်တို့မှာကတော့ ထိပ်ဆုံးက လူတယောက်က ပြောတာထက် ကျနော် တို့ အားလုံး စုပေါင်းပြီးတော့ ချမှတ်ထားတဲ့ အခြေပေါ်မှာ အတူတကွ လိုက်နာရတယ်။
တဦးစ နှစ်ဦးစ ကတော့ သဘောထား ကွဲလွဲမှုဆိုတဲ့ ဟာမျိုး ထုတ်ဖော်လို့ ရတယ်။ ဒါပေမယ့် အဖွဲ့အစည်း တခုရဲ့ အချိတ် အဆက်ကို သွားတဲ့နေရာမှာတော့ ကျနော်တို့ ချမှတ်ထားတဲ့ အခြေခံ လမ်းစဉ်ထဲကနေ ပစ်ပယ်လို့ မရဘူးပေါ့နော်။
ပြောချင်တာကတော့ ကျနော်တို့ KNU အနေနဲ့ သွားနေတဲ့ လမ်းကြောင်းက ၄ နှစ် တခါ ပြုလုပ်တဲ့ ကွန်ဂရက်ပေါ့နော်၊ ကွန်ဂရက်ရဲ့ ဂိုက်လိုင်းနဲ့ သူ့ရဲ့ ရှေ့လုပ်ရမယ့် လုပ်ငန်းစဉ်ရဲ့ ဘောင်ထဲကနေ ကျနော်တို့ ဗဟို အမြဲတမ်း ကော်မတီက တာဝန်ခံရတာ ဖြစ်ပါတယ်။ အဲဒီ ဗဟိုအမြဲတမ်း ကော်မတီကနေပြီးတော့ တနှစ်တခါပေါ့။ အရေးပေါ်ရင် အရေးပေါ်သလို လုပ် တာပေါ့လေ။ အဲဒီလို ဗဟိုအမြဲတမ်း ကော်မတီရဲ့ ဆုံးဖြတ်ချက်ကို နေ့စဉ် အကောင်အထည် ဖော်တဲ့နေရာမှာတော့ EC လို့ခေါ်တဲ့ ၁၁ ဦးက တာဝန်ခံရတာ ဖြစ်ပါတယ်။
ဆိုတော့ အဲဒီအတွက်ကြောင့် ကျနော်တို့ EC ၁၁ ဦးက တာဝန်ခံမှုတွေဟာ ကျနော်တို့ ဗဟို အမြဲတမ်း ကော်မတီရဲ့ လမ်း ညွှန်မှု ဘောင်ထဲကပဲ လုပ်ပိုင်ခွင့် ရှိပါတယ်။ ဆိုတော့ သူ့မှာ ကျော်လွန်ပြီးတော့ လုပ်ပိုင်ခွင့်မရှိဘူး။ သူ့ကို ကျော်လွန်ပြီး တော့ လုပ်ပိုင်ခွင့် ရှိတယ် ဆိုရင် ကျနော်တို့ အရေးပေါ် အစည်းအဝေး ပြန်ခေါ်မယ်။ ပြန်လည် သုံးသပ်တာတွေ လုပ်မယ်။ ပြန်ပြင် ဆင်စရာရှိ ပြင်ဆင်မယ် ဆိုတဲ့ ပုံစံက ကျနော်တို့ အဖွဲ့အစည်းရဲ့ဒီမိုကရက်တစ် စနစ်နဲ့သွားတာ ဖြစ်ပါတယ်။
အဲဒီတော့ လူတွေက တယောက်နဲ့ တယောက် မတူကြဘူး။ မတူညီတဲ့ဟာကို မတူညီသလိုဘဲ ကျနော်တို့က အသိ အမှတ် ပြုပြီးတော့ တူညီတဲ့ မူဝါဒနဲ့ ပေါ်လစီတွေကို ချမှတ်ပြီးတော့ အဲဒီမူဝါဒ ပေါ်လစီ အပေါ်မှာပဲ ကျနော်တို့ အတူတကွ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် သွားကြတာ ဖြစ်ပါတယ်။
အဲဒီ အတွက်ကြောင့် မူဝါဒ အပေါ် မှာ အကုန်လုံး တာဝန်ခံတယ်။ ပုဂ္ဂိုလ်ရေး အရ ထုတ်ဖော် ပြောကြားမှုတွေမှာတော့ မတူ ညီတာတော့ ဖြစ်ကောင်း ဖြစ်နိုင်တယ်။ ဒါပေမယ့် မရှိသလောက်ပါဘဲ။ ဒါပေမယ့် ကျနော်တို့ အကုန်လုံးကတော့ ခုနပြောတဲ့ မူဝါဒ အပေါ်မှာတော့ အကုန်လုံး တာဝန်ခံမှု ရှိပါတယ်။
မေး။ ။ အခု KIA ပြောသံတွေ ထွက်လာတယ်။ NCA မှာ အချက် ၃၅ ချက် မကျေလည်ဘဲနဲ့ ထိုးခဲ့ကြတယ် ပေါ့၊ အဲဒီ ၃၅ ချက်က ဘာလဲ၊ KNU ထဲမှာ သဘောထား ကွဲလွဲနေတာလည်း ဒီကိစ္စတွေ ပါတယ်လို့ သိရတယ် ဟုတ်လား။
ဖြေ။ ။ အဲဒါကတော့ KIO က ပြောတာ ၃၅ ချက်၊ ကျနော်တို့ ပြဿနာက NCA ကို ထိုးလိုက်တဲ့နေရာမှာ ဒီဘက်က EAO ဘက်က အဆိုပြု လိုက်တာကို အစိုးရနဲ့ တပ်မတော်က ပြန်လည် အဆိုပြုချက် ပြန်ပေးလိုက်တယ်။ အဲဒီ ၂ ခု အပေါ်မှာ အခြေခံပြီး ကျနော်တို့က Sign draft ဆိုတဲ့ NCA စာချုပ်ကို ကျနော်တို့ ရလာတယ်။ ဒါပေမယ့် အဲဒီဟာ ဘာနဲ့ သွားတူလဲ ဆိုရင် တကယ့် အသေးစိတ် ကျနော်တို့ ဆက်ဆွေးနွေးရမယ့် အပိုင်းတွေက အများကြီး ကျန်နေခဲ့တယ်။
ဘာကြောင့်လဲ ဆိုတော့ အဲဒီတုန်းက တပ်ပိုင်းဆိုင်ရာ ဆွေးနွေးပွဲ ဆိုရင် ကျနော်တို့က အဓိပ္ပာယ် ဖွင့်ဆိုရမယ့် အပိုင်း တွေ က အစ ပေါ့နော်။ ကျနော်တို့ လုပ်ဖို့အတွက် အဖွဲ့ဖွဲ့ခဲ့ကြတာ ရှိတယ်။ EAO ဘက်က ဆိုရင် ဗိုလ်ချုပ် ဂွန်မော်က ဦးဆောင် ပြီးတော့ တပ်ပိုင်း ဆိုင်ရာ ကိစ္စဆွေးနွေးပွဲလုပ်တော့ တပ်မတော်ဘက်က နေပြည်တော်က နေပြီးတော့ သူတို့ တာဝန်ပေး မှာ ပေါ့ဗျာ။
နောက်ပိုင်းကျတော့ ကျနော်တို့ကြားမှာ ဘယ်လိုဖြစ်သွားလဲ ဆိုတော့ တပ်ပိုင်းဆိုင်ရာ အခန်း(၃)၊ အခန်း(၄) ကိစ္စတွေ ပေါ့ နော်၊ တပ်ပိုင်းဆိုင်ရာ ကိစ္စတွေ ကျနော်တို့ ဆွေးနွေးမယ် ဆိုရင်တော့ ပိုကြာသွားမယ်။ အဲဒီတာ့ NCA ထိုးတဲ့အပိုင်းမှာ တော့ နည်းနည်းပိုပြီး ကြာသွားတာပေါ့နော်။ အဲဒီအတွက်ကြောင့် ဒါကို NCA လက်မှတ်ထိုးပြီမှ ဆွေးနွေးရအောင် ဆိုတဲ့ ပုံစံနဲ့ ကျော်သွားခဲ့ကြတယ်။ ဆိုတော့ အဲဒီမှာ ဆွေးနွေးရမယ့် အချက်တွေက မနည်းဘူး၊ ဗိုလ်ချုပ် ဂွန်မော်ပြောတဲ့ ၃၅ ချက်၊ ၃၆ ချက် ဆိုတာက ကျနော်တို့ NCA ထဲမှာ ရှင်းရှင်းလင်းလင်း အဓိပ္ပာယ် ဖော်ထုတ်နိုင်တဲ့ အချက်တွေက အများ ကြီးပဲ။
ဒါကြောင့် ကျနော်တို့ KNU က အမြဲတမ်း ပြောနေတာက NCA အဓိပ္ပာယ် ဖွင့်ဆိုမှုမှာ မတူညီစွာဘဲ ဖွင့်ဆိုပြီး အကောင် အထည်ဖော်ကြတယ် ဆိုတာပဲ အမြဲတမ်း ထောက်ပြတယ်။ အဲဒီတော့ ဒီကိစ္စကိုလည်း ကျနော်တို့ NCA လက်မှတ်ထိုးပြီး ပထမဆုံး အစည်းအဝေးမှာ ဝန်ကြီး ဦးအောင်မင်း အဲဒီတုန်းက ငြိမ်းချမ်းရေး ဆွေးနွေးမှု ခေါင်းဆောင် တယောက်အနေနဲ့ အစည်းအဝေးမှာ ပြောခဲ့ပါတယ်။ အခု ကျနော်တို့ ကြိုးကြိုးစားစားနဲ့ Sign draft ဆိုတဲ့ Agrees တော့ ရလာပြီပေါ့တဲ့၊ ဒါပေမယ့် ကျနော်တို့ သဘောထား တခုတည်း ဖြစ်အောင် ဆက်လုပ်ရမယ့် Dialogue တော့ လိုအပ်ပါသေးတယ် ဆိုတာ ကို အသိအမှတ်ပြု ပြောသွားပါတယ်။
ကျနော်တို့လည်း အဲဒါကို ဒီဘက် အစိုးရသစ် တက်တဲ့ နောက်ပိုင်းမှာ ဆက်ပြီး ဆွေးနွေးနိုင်မယ်လို့ မျှော်လင့်တာပေါ့နော်၊ ဒါပေမယ့် အဲဒီလမ်းကြောင်းတွေက ပျောက်နေတာပေါ့နော်။ အဲဒီ အခြေခံတွေကြောင့် အခု NCA မှာ အောက်ခြေတွေမှာ တချို့အပိုင်းတွေမှာ နားလည်မှု မတူညီတဲ့ အပိုင်းတွေ၊ တချို့အောက်ခြေမှာလည်း မကျေလည်မှုလေးတွေ ဖြစ်ပေါ်နေ တာ ရှိပါတယ်။
ဒါကြောင့် ကျနော် ပြောချင်တာက ဗိုလ်ချုပ် ဂွန်မော် ပြောတဲ့ ၃၅ ချက်နဲ့ ၃၆ ချက်နဲ့ အခု ကျနော်တို့ကလည်း NCA အဓိပ္ပာယ် ဖွင့်ဆိုချက် မတူကြဘူးဆိုတာက ဆွေးနွေးမှုတခုထက် လိုအပ်တယ်ဆိုတဲ့ အခြေခံတခုပြောချင်တာပဲ ဖြစ်တယ်။ ခုနက ပြောခဲ့တဲ့ ပျောက်နေတဲ့ Dialogue တခုကို ကျနော်တို့ ဖန်တီးဖို့ လိုအပ်တယ်ဆိုတာပဲ ပြောချင်ပါတယ်။
မေး။ ။ အခု KNU က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကနေ ယာယီ ရပ်ဆိုင်းထားတဲ့ အခါကျတော့ တရားဝင် အစည်းအဝေးတွေ မလုပ်နိုင်ဘူး။ ၂၁ ရာစု ပင်လုံ လိုဟာမျိုးလည်း မလုပ်နိုင်ဘူးဆိုတော့လေ KNU အနေနဲ့ ဘယ်လို အခြေအနေလောက်မှာ တရားဝင် အစည်းအဝေး လမ်းကြောင်းပေါ်ကို ပြန်လာနိုင်မယ့် အလားအလာရှိမလဲ။ ဘယ်လိုတွေ ဆောင်ရွက်နေလဲ။
ဖြေ။ ။ ကျနော်တို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အထူးသဖြင့် NCA ကိုကြည့်လိုက်မယ် ဆိုရင် အဓိက အပိုင်းကြီး ၂ ပိုင်းရှိ တယ်။ အဲဒီအပိုင်းကြီး ၂ ပိုင်းက နံပါတ်(၁) အပစ်အခတ် ရပ်စဲရေးပေါ့နော်။ ဒုတိယ တပိုင်းကတော့ ကျနော်တို့ နိုင်ငံရေး ဆွေးနွေးပွဲကနေပြီးတော့ ကျနော်တို့ ဖက်ဒရယ် သွားဖို့ ပေါ့နော်။ အဲဒီ အပိုင်းကြီး ၂ ပိုင်းမှာ NCA ရဲ့ အဓိက ရည်ရွယ်ချက် ကတော့ အပစ်ရပ်မယ်၊ ပြီးရင် ဖက်ဒရယ် တည်ဆောက်မယ်ပေါ့။ အပစ်ရပ်ရအောင် ဆိုတဲ့ အခြေခံမှာ လက်မှတ်ထိုးကြ တယ် ဆိုပေမယ့် အပစ်ရပ်ဖို့ အတွက် ကျနော်တို့ လိုအပ်တဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေဟာ တချို့အပိုင်းဆို စတောင် မစနိုင် တဲ့ သဘော ရှိနေတာပေါ့။
ဥပမာ အခန်း(၆) လိုမျိုး ကြားကာလကို ကြည့်ရင် ဆွေးနွေးမှုတောင် မစနိုင်ဘူး။ အခန်း(၃) လိုမျိုး တပ်ပိုင်းဆိုင်ရာ ဆွေး နွေးမှုတွေက အခုထိ မစနိုင်သေးဘူး။ ကျနော်တို့ NCA ထဲမှာ ပါတာက လက်မှတ်ထိုးပြီး ၁၄ ရက် အတွင်းမှာ ကျနော်တို့ နှစ်ဖက် တပ်မှူးတွေ တွေ့ပြီးတော့ ဆွေးနွေးဖို့ ဆိုတဲ့ အချိန်ဇယား သတ်မှတ်မယ်။ ဘယ်လို ဆွေးနွေးမလဲ ဆိုတဲ့ ပုံစံ သတ် မှတ်မယ်ပေါ့နော်။
ဒါပေမယ့် အခုထိ ၃ နှစ်ကျော်ပြီ မလုပ်နိုင်သေးဘူး။ အဲဒီတော့ ထိုနည်းလည်းကောင်းပေါ့နော်။ အခန်း(၄)မှာလည်း အဲဒီ လို ပဲ။ အလားတူပဲ အခန်း(၃)က ဘာမှ အလုပ်မဖြစ်တော့ အခန်း(၄)မှာ ကျနော်တို့ သို့လော သို့လောနဲ့ နောက်ဆုံး ကျနော် တို့ သဘောထားတွေ ကွဲပြီးတော့ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) လည်း ရှေ့ဆက်လို့ မရဘူး ဖြစ်သွားတာတွေ ရှိတယ်။ ဆိုတော့ ဒါကတော့ အပစ်အခတ် ရပ်စဲရေး အပိုင်းပေါ့နော်။
နောက်ပြီးတော့ အခန်း(၇)မှာ ဆိုရင် ကျနော်တို့ အပိုဒ် ၃၀ မှာ ဆိုရင် လုံခြုံရေး ကဏ္ဍ ပြုပြင်ပြောင်းလဲရေးနှင့် လက်နက် ဖြုတ်သိမ်းရေး- တပ်ဖျက်သိမ်းရေး- ပြန်လည် ပေါင်းစည်းရေး (SSR/DDR) ကိစ္စ ဆွေးနွေးရမယ် ဆိုပြီးတော့ နောက်ဆုံး မှာ ဖော်ပြထားတာ ရှိတယ်လေ။ အဲဒီအချက်ကို ဆိုရင် ကျနော်တို့ အခုထိ စကားမပြောနိုင်သေးဘဲနဲ့ တခါတည်း လုံခြုံရေး ဆိုင်ရာ ပြန်လည် ပေါင်းစည်းရေး ဆိုတဲ့ ကိစ္စတွေ ရှေ့တန်းတင်ပြီးတော့ ပရိုပို့စ် လုပ်လာတာတွေ ပြန်ကြားရတော့ ဒါတွေ က ရှေ့နောက် မညီတော့ဘဲနဲ့ NCA ကို လိုတဲ့အပိုင်းသာ လိုသလို ကောက်ပြီး အကောင်အထည် ဖော်နေတာများလား ဆိုပြီး ဖြစ်လာတာပေါ့။
အဲဒီတော့ ပြောချင်တာက အပစ်အခတ် ရပ်စဲရေး ခိုင်မာမှု အပိုင်းမှာ ကျနော်တို့ တိတိကျကျနဲ့ ဘယ်လို ပြန်ပြီး Process ပြန်ထုတ်ပြီး ဆွေးနွေးရမယ် ဆိုတဲ့ ဆွေးနွေးမှုတော့ လိုအပ်နေပြီ ဆိုတာကို ကျနော်တို့က သုံးသပ်မှု ရှိတယ်လေ။ အဲဒါကို ဘယ်လိုသွားသင့်လဲ ဆိုတာကို ကျနော်တို့က ဆွေးနွေး လိုတယ်။ အဲဒါ ပထမအချက် ပေါ့နော်။ ဒုတိယ တပိုင်းကတော့ နိုင်ငံရေးပိုင်း။ နိုင်ငံရေး အပိုင်းကတော့ ဖက်ဒရယ်ကို သွားမယ် ဆိုတာကို ကျနော်တို့ သဘောတူကြတယ်။ အဲဒီတော့ ဖက်ဒရယ်ကို သွားမယ် ဆိုရင် ဘယ်လို သွားမယ်ဆိုတာတော့ ဘာမှ မရှိသေးဘူး။ အဲဒီတော့ အခု ကျနော်တို့ နောက်ထပ် ပရိုပို့စ် ထပ်လုပ်ထားတဲ့ အဆင့် (၃)ဆင့်ကို အခြေခံပြီးတော့ ဖက်ဒရယ်နိုင်ငံကို ရောက်အောင် ထူထောင်သွားကြမယ်။
အဲဒီအဆင့် ၁ ဆင့်စီ တိုင်းမှာလည်း ရှင်းလင်းထင်ရှားတဲ့ အောင်မြင်မှု မှတ်တိုင်တွေကို စိုက်ထူနိုင်မယ့် အချက်တွေ ပရိုပို့စ် ပြန်လုပ်ထားတာ ရှိပါတယ်။ အဲဒီတော့ ပြောချင်တာကတော့ အဆင့်(၃)ဆင့်ကို ပထမဆုံး အပစ်အခတ်ရပ်စဲရေး ခိုင်မာ ရေး အဆင့်အပါ အားလုံး အဆင့်(၄)ဆင့်ကို အခြေခံပြီးတော့ တဆင့်ချင်း တိုးတက် အောင်မြင်မှုနဲ့ ကျနော်တို့ ငြိမ်းချမ်း ရေး လုပ်ငန်းစဉ် အောင်မြင်အောင် ချီတက်သွားမယ် ဆိုတဲ့ တခုကို အဆို တင်ထားတာ ရှိပါတယ်။
အဲဒီ အဆိုကို ကျနော်တို့ လွန်ခဲ့တဲ့ ဧပြီလ ၁၁ ရက်က အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟို ဌာန (NRPC) မှာတုန်းက ကျနော်တို့ အစိုးရက တာဝန်ရှိ ပုဂ္ဂိုလ်များနဲ့ တွေ့ဆုံစဉ် ပေးအပ်ခဲ့တယ်။ တခါတည်းမှာပဲ ကျနော်တို့ အဲဒီအခြေခံပေါ်မှာ မူတည်ပြီးတော့ PPST ထဲမှာလည်း ဒီဟာကို အလုပ်အဖွဲ့ တခု ဖွဲ့ပြီးတော့ ဆွေးနွေးပြီးတော့ ညှိနှိုင်း တိုင်ပင်ဖို့ အလုပ်အဖွဲ့ ပြင်ဆင်ထားတာလည်း ရှိတယ်။ အဲဒီလိုမျိုးတော့ ရှိခဲ့တာပေါ့နော်။
ကျနော်ပြောချင်တာ အဲဒီ အခြေခံတွေက ရှင်းလင်းပြီးတော့ ၂၀၂၀ မတိုင်ခင်နဲ့ ၂၀၂၀ အလွန်မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် က ခိုင်ခိုင်မာမာသွားလို့ ရမယ်လို့ ယုံကြည်တယ်။ အဲဒီအတွက်ကြောင့် လောလောဆယ်က ၂၀၂၀ မတိုင်ခင် ကျနော်တို့ လိုချင်တဲ့ဟာက ၂၀၂၀ အလွန် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆက်သွားနိုင်အောင် အဲဒီ အဆင့် (၄)ဆင့်ကနေ သွားမယ် ဆိုပြီး တော့ ဒီဟာကို ဆွေးနွေးဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။ အဲဒီအခြေခံပေါ်ကနေ ကျနော်တို့ ဆက်ပြီးတော့ တရား ဝင် အစည်းအဝေးပွဲတွေ သွားဖို့ ဖြစ်ပါတယ်။ ။
You may also like these stories:
“မလွှဲမရှောင်သာလို့ တိုက်နေရတဲ့ စစ်ပွဲ ဖြစ်တယ်”
အပစ်ရပ်ကာလ ၂ လ ထပ်တိုးပေးလိုက်ပြီဖြစ်ကြောင်း တပ်မတော်ထုတ်ပြန်
PPCM ဖြစ်လာရင် ငြိမ်းချမ်းရေး ပျက်နိုင်တဲ့ အခင်းအကျင်း ဖြစ်နိုင်တယ်
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့က KNU ဘာကြောင့် နုတ်ထွက်ချင်သလဲ