ရခိုင်ပြည်နယ် အတွင်း အင်အားကြီး ပါတီ တခု ဖြစ်သည့် ရခိုင်အမျိုးသား ပါတီ (ANP) ၏ ဒုတိယ အကြိမ် ပါတီ ညီ လာခံကို စစ်တွေမြို့တွင် မေလ ၃၀ ရက်မှ ၃၁ ရက် အထိ ၂ ရက်တာ ကျင်းပမည် ဖြစ်သည်။
ထိုညီလာခံမှ လက်ရှိ ဗဟို ကော်မတီဝင်နှင့် ဗဟို အလုပ် အမှုဆောင် ကော်မတီဝင် အားလုံးကို ဖျက်သိမ်းကာ အသစ် ပြန်လည် ရွေးချယ်မည် ဖြစ်သလို ဥက္ကဋ္ဌဟောင်း ဒေါက်တာ အေးမောင်၏ နေရာတွင်လည်း ပါတီ ဥက္ကဋ္ဌ အသစ် ရွေးချယ် တင်မြှောက်မည် ဖြစ်သည်။
ပါတီဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်ခဲ့သော ဒေါက်တာ အေးမောင်မှာ ပါတီမှ နုတ်ထွက်စာ တင်ပြီးနောက် ရသေ့တောင်မြို့ နယ်တွင် ပြုလုပ်ခဲ့သော စာပေ ဟောပြောပွဲ ကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော် ပုန်ကန်မှု အပါအဝင်၊ နိုင်ငံတော် အကြည် အညိုပျက်စေမှု တို့ဖြင့် လက်ရှိ အချိန်တွင် နှစ်ရှည် ထောင်ဒဏ် ချမှတ်ခံထားရသည်။
၂၀၁၄ ခုနှစ်က ရခိုင်အမျိုးသားပါတီ၏ ပထမ အကြိမ် ညီလာခံကို ရခိုင်ပြည်နယ် တောင်ပိုင်း သံတွဲမြို့တွင် ကျင်းပခဲ့ရာ ပါတီခေါင်းဆောင်ပိုင်း ရွေးချယ်တင်မြောက်မှု၌ အငြင်းပွားမှုများ၊ မကျေလည်မှုများ ဖြစ်ပွားခဲ့ရာမှနေ ANP တခုတည်း အဖြစ် ပေါင်းစည်းခဲ့သော ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (RNDP) နှင့် ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) တို့ မှာ သွေးစည်း ညီညွတ်မှု ပြိုကွဲကာ ပါတီ နှစ်ခြမ်းကွဲသည့် သင်ခန်းစာများ လည်း ရှိခဲ့သည်။
ယင်းအပြင် ကျင်းပတော့မည့် ဒုတိယ အကြိမ် ပါတီ ညီလာခံမှ ရွေးချယ်တင်မြှောက်မည့် ပါတီဥက္ကဋ္ဌ အသစ် မည်သူ ဖြစ် လာမည်နည်း ဆိုသည့် ကိစ္စရပ်များ အပါအဝင် ပါတီကနေ နုတ်ထွက်စာ တင်ထားသည့် လွှတ်တော် ကိုယ်စားလှယ်များ အရေး ကိစ္စများနှင့် ပတ်သက်ပြီး ညီလာခံမှ ဆုံးဖြတ်ချမည့် အပေါ် ရခိုင်ပြည်သူ တရပ်လုံးက စိတ်ဝင်တစား စောင့်ကြည့် လျက်ရှိသည်။
ထိုအကြောင်းအရာများနှင့် ပတ်သက်ပြီး ရခိုင် အမျိုးသား ပါတီမှ လက်ရှိ ဒု ဥက္ကဋ္ဌ ဖြစ်သူ ဦးခိုင်ပြည်စိုးကို ဧရာဝတီ သတင်းထောက် မင်းအောင်ခိုင် က ဆက်သွယ် မေးမြန်းထားသည်။
မေး။ ။ ရခိုင်အမျိုးသား ပါတီရဲ့ ဒုတိယ အကြိမ် ပါတီ ညီလာခံကို မေလ ၃၀ ရက်နဲ့ ၃၁ ရက်တို့မှာ ကျင်းပမယ်လို့ ကြား သိရပါတယ်။ ပါတီရဲ့ အဓိက ဘယ်အခန်း ကဏ္ဍာတွေကို ဦးတည် ဆွေးနွေးဖို့ ရှိလဲ။
ဖြေ။ ။ ပါတီရဲ့ ဒုတိယ အကြိမ် ပါတီ ညီလာခံကို စစ်တွေမြို့ အာရိယန် စားသောက်ဆိုင်မှာ ကျင်းသွားပါတယ်။ အဓိက ကျနော်တို့ ရခိုင် အမျိုးသား ပါတီရဲ့ ဖွဲ့စည်းပုံ အရ ၅ နှစ် တကြိမ် ကျင်းပရမယ်လို့ ပြဋ္ဌာန်းထားတာ ရှိပါတယ်။ ဆိုလိုတာက ပထမအကြိမ် ဗဟိုကော်မတီတွေ ရွေးချယ်ခဲ့တာ ရှိပါတယ်။ အဲဒီ ဗဟိုကော်မတီဝင်တွေ၊ ဥက္ကဋ္ဌ အဖွဲ့၊ အတွင်းရေးမှူး အဖွဲ့ တွေ အားလုံး နုတ်ထွက်ပြီးတော့ ပြန်လည် အသစ်ရွေးချယ်သွားပါမယ်။ အဲဒီ ရည်ရွယ်ချက်တွေကြောင့် ဒုတိယ အကြိမ် ညီလာခံကို ကျင်းပရခြင်း ဖြစ်ပါတယ်။
မေး။ ။ လက်ရှိ ပါတီရဲ့ ဗဟို ကော်မတီဝင် ဘယ်လောက် ရှိလဲ။
ဖြေ။ ။ ပါတီက ထုတ်ပယ်လိုက်တဲ့ လူကို ဖယ်လိုက်ရတော့ စာရင်းအရ လက်ရှိကတော့ ဗဟိုကော်မတီဝင် ၈၃ ဦး ရှိပါသေးတယ်။
မေး။ ။ ညီလာခံကို ပါတီထဲက ဘယ်လို ပုဂ္ဂိုလ်မျိုးကို တက်ရောက်ခွင့် ပြုထားလဲ။
ဖြေ။ ။ ပါတီက အရေးယူထားသူ မဟုတ်တဲ့ လက်ရှိ ဗဟိုကော်မတီဝင် အားလုံး တက်ရောက်ခွင့် ရှိပါတယ်။ လွှတ်တော် ကိုယ်စားလှယ် အားလုံး တက်ရောက်ပိုင်ခွင့် ရှိတယ်။ နောက်တခါ မြို့နယ် တခုစီကနေ ညီလာခံ ကိုယ်စားလှယ် ၅ ဦးစီ တက်ရောက်ပိုင်ခွင့် ရှိတယ်။
နောက်ပြီး လူငယ်အဖွဲ့အစည်းက ၁၀ ဦး တက်ရောက် ပိုင်ခွင့် ရှိတယ်။ အထူး ဖိတ်ကြားထားသူ ၁၀ ဦး၊ တတ်သိပညာရှင် ၁၀ ဦး၊ အမျိုးသမီးကိုယ်စားလှယ် ၁၀ ဦး သူတို့ကို ကျနော်တို့ တရားဝင် တက်ရောက်ပိုင်ခွင့် ပြုထားတယ်။ အဲဒီ ပုဂ္ဂိုလ် တွေက တရားဝင် မဲပေးပိုင်ခွင့်၊ ဗဟိုကော်မတီနေရာ အတွက် ရွေးချယ်ခံပိုင်ခွင့် ရှိတယ်။
မေး။ ။ ဒုတိယ အကြိမ် ပါတီ ညီလာခံမှာ မျိုးဆက်သစ် ပါတီ လူငယ်ရေးရာ ကိစ္စနဲ့ ပတ်သက်လို့ ပါတီမှာ မူဝါဒ အသစ် တွေ ပြဋ္ဌာန်းဖို့ ရှိလား။
ဖြေ။ ။ ကျနော်တို့ ပထမအကြိမ် သံတွဲ ညီလာခံမှာ ဗဟို ကော်မတီဝင် ၁၁၁ ဦး ရွေးချယ်ခဲ့တယ်။ အခု ညီလာခံမှာ ၆၃ ဦး ပဲ ရွေးချယ်မယ်။ အဲဒီ ၆၃ ဦးထဲမှာ လူငယ် ကိုယ်စားလှယ် ၃ ဦးကို အလိုအလျှောက် ဗဟိုကော်မတီဝင်တွေ ပေးဖို့ ထည့် သွင်း လုပ်ဆောင်ထားပါတယ်။
သို့သော် လူငယ်တွေက ပါဝင်ခွင့် အခွင့်အရေး နည်းတယ်။ ဖြစ်နိုင်ခြေ နည်းတယ်လို့ လက်ရှိ ဗဟိုကော်မတီဝင်တွေက ယူဆတဲ့ အတွက်ကြောင့် အဲဒီ လူငယ် ကိုယ်စားလှယ်ထဲက ၁၀ ဦးကို သူတို့ စိတ်တိုင်းကျ ရွေးချယ်ပြီးတော့ ဗဟိုကော် မတီဝင် အဖြစ် ခန့်အပ် တာဝန်ပေးလို့ ရပါတယ်။ ကျန်တဲ့ ၇ ဦးကလည်း ဗဟိုကော်မတီ အဖြစ် ရွေးချယ်ပိုင်ခွင့် ရှိတယ်။
မေး။ ။ ဒီညီလာခံက ပါတီ ဥက္ကဋ္ဌ နေရာ အတွက်လည်း တခါတည်း ရွေးချယ်သွားဖို့ ရှိတယ်လို့ သိရတယ်။ ပါတီဥက္ကဋ္ဌ နေရာ အတွက် ဘယ်လို အရည်အချင်းမျိုး သတ်မှတ် ရွေးချယ်သွားမလဲ။
ဖြေ။ ။ ပါတီဥက္ကဋ္ဌက ဘယ်လို အရည်အချင်းမျိုး ဖြစ်ရမယ်လို့တော့ သတ်မှတ်ထားတာ မရှိဘူး။ ညီလာခံမှာ ဗဟိုကော် မတီ ၆၃ ဦး ရွေးချယ်ပြီးတော့ အဲဒီအထဲက ဗဟိုအလုပ် အမှုဆောင် ၂၅ ဦးကို ထပ်ရွေးချယ်သွားမယ်။ အဲဒီ ၂၅ ဦးထဲကပဲ သင့်တော်တဲ့ သူကို ဥက္ကဋ္ဌ၊ အတွင်းရေးမှူး အဖွဲ့ တာဝန်ပေးလို့ ရတယ်။ ဥက္ကဋ္ဌ အဖွဲ့ ၃ ဦး ရွေးမယ်။ အတွင်းရေးမှူး အဖွဲ့ ၃ ဦး ရွေးပါမယ်။
အခု ကျင်းပမယ့် ညီလာခံမှာတော့ ထူးခြားတာ တခုအနေနဲ့ ကျနော်တို့ ပါတီမှာ ပါတီ မူဝါဒ ရေးရာ ဦးဆောင်ကော်မတီ ၇ ဦး ဆိုတာကိုလည်း တင်မြှောက်မယ်။ အဲဒီ ၇ ဦးကို ညီလာခံက တိုက်ရိုက် ရွေးမယ်။ ဆိုတော့ အဲဒီ ၇ ဦးဟာ ဗဟိုကော်မ တီထက်လည်း အဆင့်မြင့်တယ်။ ညီလာခံ ပြီးဆုံးသွားရင် အဲဒီ ၇ ဦးဟာ ပါတီတခုလုံးရဲ့ အဆင့်အမြင့်ဆုံး အဖွဲ့အစည်း ဖြစ်မယ်။ အဲဒါကတော့ ညီလာခံမှာ ထူးခြားတဲ့ အချက်တချက်ပေါ့။
မေး။ ။ ပထမ အကြိမ် သံတွဲ ညီလာခံမှာတုန်းက ပါတီ ဥက္ကဋ္ဌ နေရာ၊ အတွင်းရေးမှူး နေရာ စတဲ့ ခေါင်းဆောင်ပိုင်း နေရာ တွေကို ရွေးချယ်တင်မြောက်တဲ့ အခါ မိမိကိုယ်ကို မိမိ အဆိုပြု ထောက်ခံတဲ့ စနစ်နဲ့ ရွေးချယ်တယ်လို့ သိရတယ်။ ဒီ ညီ လာခံမှာရော ဘယ်လို စနစ်မျိုးနဲ့ ရွေးချယ်ကြမလဲ။
ဖြေ။ ။ အခု ညီလာခံမှာ ရွေးချယ်မှာကတော့ ကိုယ့်ဟာကိုယ် အဆိုပြုတယ် ဆိုတာထက် ကျနော်တို့မှာ ညီလာခံမှာ တက် မယ့် ပုဂ္ဂိုလ်တွေကို ကိုယ်ရေးရာဇဝင် အချက်အလက်တွေကို ကြိုကောက်တာ ရှိပါတယ်။ ဥပမာ- ဗဟိုကော်မတီ အရွေးခံ မှာလား၊ ဗဟို အလုပ်အမှုဆောင် အရွေးခံမှာလား စာရင်းကောက်ကြည့်တယ်။ အဲဒီမှာ တချို့က အရွေးခံမယ်။ တချို့က တော့ အရွေးမခံဘူး ဆိုတဲ့ စာရင်းတွေကို ကျနော်တို့ ရရှိထားပြီးသား ဖြစ်နေပြီ။
အဲဒီတော့ ဗဟိုကော်မတီ အရွေးမခံတဲ့ လူက မဲပေးပိုင်ခွင့် ရှိတယ်။ သူက ဗဟိုကော်မတီ ရွေးချယ်စရာ မလိုတော့ဘူး။ အဲဒီမှာ ဗဟို ကော်မတီဝင် အထဲကို ရောက်လာတဲ့ အခါမှာလည်း ဖြစ်လာတဲ့ လူတွေကိုလည်း ကျနော်တို့က စာရင်းကြည့် လို့ရပြီ။ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် အဖြစ် အရွေးချယ်ခံဖို့၊ မခံဖို့ဆိုတာကိုပေါ့။
ဆိုတော့ အရွေးချယ်ခံမယ့် လူကိုပဲ ကျနော်တို့ ရွေးချယ်သွားဖို့ပဲ ရှိတယ်။ အဲဒီမှာ ဥက္ကဋ္ဌ အဖွဲ့၊ အတွင်းရေးမှူး အဖွဲ့ အရွေး ချယ်ခံမယ့် လူတွေကို ပုဂ္ဂိုလ်တဦး တယောက်က ဖြစ်ဖြစ် သူ့ကို ရွေးချယ်ကြောင်း အဆိုတင်သွင်းတဲ့ ပုံစံမျိုးနဲ့ ကျနော်တို့ ရွေးချယ်တင်မြှောက် သွားပါမယ်။ အတတ်နိုင်ဆုံးတော့ ကျနော်တို့ ညှိနှိုင်းပြီးတော့ လုပ်ကိုင်နိုင်တဲ့လူကို ညှိနှိုင်း ရွေးချယ် တဲ့ စနစ်နဲ့ လုပ်ဆောင်သွားမယ်။ အကယ်၍ အပြိုင်အဆိုင် ဖြစ်လာခဲ့မယ် ဆိုရင် မဲခွဲဆုံးဖြတ်တဲ့ စနစ်နဲ့ လုပ်ဆောင်ဖို့ စီစဉ် ထားပါတယ်။
မေး။ ။ အဲဒီ သံတွဲ ညီလာခံတုန်းက ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး အပါအဝင် ပါတီ ခေါင်းဆောင် တော်တော်များက ရခိုင် မြောက်ပိုင်းဘက်ကပဲ ဖြစ်နေတယ်။ ရခိုင်တောင်ပိုင်းက ပုဂ္ဂိုတွေကိုလည်း ပါတီ ခေါင်းဆောင်နေရာကို အထိုက် အ လျှောက်ပေးသင့်တယ်လို့ ဝေဖန်ကြတာတွေ ရှိတယ်။ အခု ညီလာခံမှာရော မျှမျှတတ ဖြစ်အောင် ဘယ်လို ညှိနှိုင်း ရွေး ချယ် တင်မြှောက်သွားမလဲ။
ဖြေ။ ။ အဲဒီအပိုင်းကိုလည်း ပါတီ ခေါင်းဆောင်တွေက စဉ်းစားကြတာ ရှိပါတယ်။ အားလုံးကလည်း ခုနက ပြောတဲ့ အပိုင်း ကို မြင်ကြတယ်။ ပြုပြင်ပြောင်းလဲမှု လုပ်ဖို့ အားလုံး ကြိုးစားကြတယ်။ အဲဒီလို ကြိုးစားကြတဲ့ အခါမှာ ဗဟိုကော်မတီ အ စည်းအဝေး ခေါ်ရင် တက်နိုင်ရမယ်။ ဗဟိုကော်မတီ အစည်းအဝေးတိုင်းကို တက်ရောက်ပိုင်ခွင့် ရှိတဲ့ လူတိုင်းသည် အစည်းအဝေးတိုင်းကို တက်ရောက်ရမယ်။
နောက်တချက်က ဥက္ကဋ္ဌ အဖွဲ့၊ အတွင်းရေးမှူး အဖွဲ့မှာ တာဝန်ထမ်းဆောင်တဲ့ လူတိုင်းဟာ အချိန်ပြည့် မဟုတ်ရင်တောင်မှ တာဝန်များတဲ့ အတွက်ကြောင့် ဒီတာဝန်ကို ရပ်ဝေးက လူတွေ ယူနိုင်ခြေ ရှိ မရှိ ဆိုတဲ့ အပိုင်းကိုလည်း စဉ်းစားကြတယ်။ သို့သော် ဒီကိစ္စမျိုးတွေက ဖြစ်သင့်တယ်၊ လုပ်သင့်တယ်လို့ အားလုံး မြင်ကြပါတယ်။ အားလုံး မြောက်ပိုင်း တောင်ပိုင်းမျှ ပြီး ပါအောင် ပုဂ္ဂိုလ် အားလုံး စဉ်းစားကြတယ်။ အဲဒီလို မြင်တဲ့ အမြင်အားလုံးကို ကျနော်တို့ ပါတီက အတတ်နိုင်ဆုံးတော့ ဖြည့်ဆည်းဖို့ ဝိုင်းဝန်း စဉ်းစားနေကြပါတယ်။
မေး။ ။ ရခိုင် အမျိုးသား ပါတီမှာ ဥက္ကဋ္ဌ နေရာ အတွက် အမျိုသမီးတွေကို ထောက်ခံ အဆိုပြု လာမယ်ဆိုရင် ပါတီအနေနဲ့ ဘယ်လို ဆောင်ရွက် ဆုံးဖြတ်သွားမလဲ။
ဖြေ။ ။ ကျနော်တို့မှာက အမျိုးသမီးကိုပဲ အဆိုပြုပြု၊ လူငယ်ကိုပဲ အဆိုပြုပြု၊ ဘယ်သူ့ကိုပဲ အဆိုပြုလာလာ၊ အဆိုပြုလာ သူတိုင်းသည် ပြိုင်ဆိုင်ခွင့် ရှိပါတယ်။ ရွေးချယ်မှုကို ခံယူရပါမယ်။ ပါတီမှာတော့ အမျိုးသမီး မလုပ်ရ၊ လူငယ်တွေ မလုပ်ရ ဆိုတာတော့ ကန့်သတ်ထားတာ မရှိပါဘူး။
မေး။ ။ နောက်တချက်က ပါတီကနေ နုတ်ထွက်ခွင့် တင်ထားတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကိစ္စနဲ့ ပတ်သက်ပြီးတော့ ဒီညီလာခံ အစည်းအဝေးမှာ ဘယ်လို ဆုံးဖြတ်သွားမလဲ။
ဖြေ။ ။ လွှတ်တော် အမတ်တွေကိုတော့ ဒီ ညီလာခံကနေ တဦးကိုမှ ထွက်ခွင့် မပေးဘူး။ လွတ်တော် အမတ်သည် ရခိုင် အမျိုးသားပါတီကို ကိုယ်စားပြုပြီးတော့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တယ်။ ရခိုင်အမျိုးသား နာမည်ကြောင့် ပြည်သူလူထု ရွေး ချယ်ပေးခဲ့တယ်။ သူတို့ဘယ်လောက် ထွက်ခွင့်တောင်းတောင်း၊ ရွေးကောက်ပွဲကာလ သက်တမ်းတခုပြီးမှပဲ ကျနော်တို့ သူ့ဟာနဲ့သူ ရပ်ဆိုင်းသွားပါမယ်။ လွှတ်တော် အမတ်တွေကိုတော့ ကျနော်တို့သဘောနဲ့ နုတ်ထွက်ခွင့်ပေးလို့ မရဘူး။
မေး။ ။ ဒေါက်တာအေးမောင် နုတ်ထွက်စာနဲ့ ပတ်သက်လို့ကော ဘယ်လို လုပ်သွားမလဲ။
ဖြေ။ ။ ဒေါက်တာ အေးမောင်နဲ့ ပတ်သက်လို့ကတော့ ကျနော်တို့ ရွေးကောက်ပွဲ ကော်မရှင်ဆိုင်ရာ ဥပဒေနဲ့ပဲ ဆိုင်ပါ တယ်။ ရွေးကောက်ပွဲ ဆိုင်ရာ ကော်မရှင် ဥပဒေမှာက အကျဉ်းကျခံနေရတဲ့ ပုဂ္ဂိုလ်တွေဟာ နိုင်ငံရေးပါတီမှာ ပါဝင်ခွင့် မရ ဆိုတဲ့ ဥပဒေ ပြဋ္ဌာန်းထားတဲ့အတွက်ကြောင့် ကျနော်တို့ နိုင်ငံရေး ပါတီဥပဒေ ဆိုတာက ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ အောက်မှာပဲ သွားရတဲ့ အတွက်ကြောင့် အဲဒီအတိုင်းပဲ ကျနော်တို့ ဆုံးဖြတ်ထားပါတယ်။
မေး။ ။ ပါတီကနေ နုတ်ထွက်ခွင့် တင်ထားတဲ့ လွှတ်တော် ကိုယ်စားလှယ် အရေအတွက် ဘယ်လောက် ရှိပါသလဲ။
ဖြေ။ ။ ကျနော်တို့ ပါတီကနေ နုတ်ထွက်ခွင့် တင်ထားတဲ့ လွှတ်တော် ကိုယ်စားလှယ် ကတော့ ၄ ဦး ရှိပါတယ်။ ကျောက် ဖြူက ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်ရယ်၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေ ရယ်၊ စစ်တွေ မဲဆန္ဒနယ်က အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဝေစိန်အောင်နဲ့ ပြည်နယ် လွှတ်တော် ကိုယ်စား လှယ် ဦးကျော်ဇောဦးပေါ့။ တရားဝင် စာတင်ထားတာ ၄ ဦး ရှိပါတယ်။ ကျန်တာကတော့ နုတ်ထွက်စာတင်တယ် လို့ပြော ကြားတယ်။ ကျနော်တို့ဆီကို တရားဝင် စာမရောက်တဲ့အတွက် မသိဘူး။
You may also like these stories:
ကျနော်တို့ကို ကူညီဖို့ အခွင့်အရေးလေးတော့ ပေးပါ
ကျနော်တို့က IDPs တွေရဲ့ နေရပ်ပြန်ရေး နံပါတ်တစ်ပါ
“ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က တခုခုတော့ မှားနေပြီ”