ဗဟန်းမြို့နယ် ဆရာစံမြောက်အရှေ့ရပ်ကွက်ရှိ ပိုင်ရှင်မဲ့လမ်းဘေး ခွေးများကို ဖောင်ကြီး၊ မင်းကုန်း၊ မရမ်းချောင်၊ သရက်နီ ကျေးရွာရှိ သဘာဝ ဓမ္မတရားရိပ်သာ၏ ဘေးမဲ့ဂေဟာသို့ ပို့ဆောင်ခြင်း၊ ယင်းခွေးများကို မွေးလိုသည့်လူရှိပါက တရားဝင် မွေးနိုင်ရန် မှတ်ပုံတင်လုပ်ပေးခြင်း လုပ်ငန်းများကို မေ ၂၉ ရက်တွင် မြို့နယ် စည်ပင်သာယာ ကော်မတီဥက္ကဋ္ဌ ဦးဆောင်မှုဖြင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်း အပါအဝင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (YCDC) က ဆောင်ရွက်နေသည့် ရန်ကုန် တိုင်းအတွင်းရှိ ခွေးလေခွေးလွင့်များ ရှင်းလင်းဆောင်ရွက်ရေး အခြေအနေ၊ လမ်းဘေးခွေး ရှင်းလင်းရေးအား ထိထိရောက် ရောက် မလုပ်ဆောင်နိုင်ဟုဆိုကာ YCDC အပေါ် ပြည်သူတို့၏ ဝေဖန်ပြောဆိုနေမှုများနှင့် ပတ်သက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (YCDC) ဒုတိယဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန် ဦးစိုးလွင်ကို ဧရာဝတီ သတင်းထောက် ဇူးဇူး က တွေ့ဆုံ မေးမြန်းထားသည်။
မေး ။ ။ ဗဟန်းမြို့နယ်မှာ ဆောင်ရွက်တဲ့ ခွေးရှင်းလင်းရေး ကိစ္စနဲ့ ပတ်သက်ပြီး သိချင်ပါတယ်။
ဖြေ ။ ။ ဗဟန်းမြို့နယ်က လာလာပြီး ကျနော့်ကို ဆွေးနွေးကြတယ်။ သဘာဝ တရားရိပ်သာကနေ ခွေးအကောင် ၁၀၀၀ ကျော် ၂၀၀၀ လောက် လက်ခံပေးနိုင်တဲ့ အခါကျတော့ ကျနော်ကလည်း ခွေးကို အဆိပ်ချတဲ့နည်းနဲ့ မဖြေရှင်းချင်ဘူး။ ဒီတော့ ဟိုဘက်ကနေ အကောင် ၂၀၀၀ လောက် လက်ခံပေးနိုင်တယ်။ ခင်ဗျားတို့ ဗဟန်းမြို့နယ်ထဲမှာ ကိုက်တတ်တဲ့ခွေး တွေကို အရင်ဦးစားပေးဖမ်းပေးမယ်။ ကျနော်တို့ YCDC ကနေ ကားနဲ့ ဖမ်းတတ်တဲ့လူ လွှတ်ပေးမယ်။
ဒီမှာက မေ့ဆေးပေးပြီးပဲ ဖမ်းတတ်တော့ မေ့ဆေးပေး ဖမ်းရင် စရိတ်ကုန်ကျတယ်။ အဲဒီတော့ ပိုက်နဲ့ဖမ်း။ ကျနော်တို့ အိမ် နီးချင်းနိုင်ငံ ထိုင်းမှာ ပိုက်နဲ့ဖမ်းတယ်။ ကုန်ကျစရိတ် မရှိတော့ဘူး။ ကျနော်တို့ နိုင်ငံက ချမ်းသာတဲ့ နိုင်ငံ မဟုတ်ဘူး။ ဒီစ ရိတ်တွေ ပိုကုန်တယ်။ မေ့ဆေး ကုန်ကျမယ့် စရိတ်ကို တခြားနေရာမှာ သုံးချင်တာ။ သန့်ရှင်းရေးတို့။ ရေစီးရေလာတို့ အဲဒီ နေရာမှာ သုံးချင်တာ။ ကျနော်တို့ဆီမှာ ပိုက်နဲ့ ဖမ်းတတ်တဲ့လူတွေက မရှိသေးတဲ့ အခါကျတော့ သင်ကြပေါ့နော်။ အိမ်နီး ချင်း ထိုင်းတွေတောင် ဖမ်းတတ်နေတာပဲ။ ဒီမှာလည်း သင်ကြလို့ ကျနော် ပြောထားတယ်။
အခု ဗဟန်းမြို့နယ်ကနေ စပြီး ပို့မယ်ဆိုတော့ မေ့ဆေးတွေ လိုတယ်။ ဖမ်းတာကျွမ်းတဲ့လူတွေရော။ သူတို့ကိုလည်း ပံ့ပိုး ပေးချင်တယ်။ မေ့ဆေးလည်း ဝယ်ရမယ်ဆိုတော့ ကျနော်ကနေ ၁၀ သိန်း (ကိုယ်ပိုင်ငွေ) မတည်ပေး လိုက်တယ်။ ကျန်တဲ့ ဟာတွေ ခင်ဗျားတို့ ရှာကျန်ပေါ့နော်။ နောက်ပြီး ပြည်သူတွေနဲ့လည်းပူးပေါင်းဆိုပြီး မတည်ပေးလိုက်တယ်။ ဒီနေ့ လုပ်ငန်းစ တဲ့အခါ ခွေးချစ်သူတွေ ကိုယ်တိုင် ကားပေါ်တင်ပေးတာ။ ကျနော်တို့ ဌာနကလည်း ခွေးရူးကာကွယ်ဆေး ထိုးပေးတယ်။ မှုတ်ပြောင်းနဲ့ ဖမ်းပေးတယ်။ ကျနော်တို့မှာ ကား ၄ စီးရှိတယ်။ ကျနော်သွားတဲ့အချိန်မှာ အကောင် ၄၀ လောက် ရှိပြီထင် တယ်။ ဖမ်းပြီးပို့ နေတယ်။ ခွေးချစ်သူတွေလည်း မယုံဘူးဆိုရင် လိုက်သွားကြ။ ဖောင်ကြီးဘက်မှာ ရှိတယ်။ အဲဒီကို သွားပို့ မှာ။ ဒါ အခု လုပ်ငန်းစပြီ။ အဲဒီလိုပဲ တခြားမြို့နယ်တွေလည်း ပြည်သူ ပူးပေါင်းပါဝင်မှ ရမှာ။ မပါဝင်ဘဲ မလုပ်နိုင်ဘူး။
မေး ။ ။ ခွေးကောင်ရေ ၂၀၀၀ ပဲလား။ ကျန်တဲ့ဟာတွေကျတော့ရော ဒီတိုင်းပဲ ထားအုံးမှာလား။
ဖြေ ။ ။ သူ လက်ခံနိုင်သလောက် လက်ခံမယ်။ ၂၀၀၀ ရယ်တော့ မဟုတ်ဘူး။ နောက်ထပ် လက်ခံရင်လည်း လက်ခံ ပေးမယ်။ ကျနော်က ဆိုးတဲ့ခွေးလည်း သူ့ကိုပို့မယ်။ ဒီမှာလည်း အရပ်ထဲက လက်ခံနိုင်တဲ့ လူတွေကိုလည်း မှတ်ပုံတင်ပြီး တော့ လက်ခံနိုင်တဲ့သူတွေလည်း လက်ခံပေါ့။ အကုန်လုံးကိုတော့ ချက်ချင်းကြီးတော့ မပြောင်းလဲနိုင်ဘူး။
ရိပ်သာကတော့ ကျနော် မရောက်သေးဘူး။ သူက ခြံအကြီးကြီး ဧက အကြီးကြီးမှာ ဝန်းခတ်ထားတယ် ပြောတယ်။ ဘုန်း ကြီးရဲ့ မေတ္တာနဲ့ပဲ ဒီခွေးတွေက နေနေတယ်လို့ ပြောတယ်။ ကျနော်ကတော့ မရောက်သေးဘူး။ သွားကြည့်မယ်။
မေး ။ ။ ပို့လိုက်တဲ့ ခွေးတွေအတွက် စားသောက်ဖို့ စရိတ်ကျတော့ရော ဘယ်လိုဆောင်ရွက်သွားမလဲ။
ဖြေ ။ ။ သူ့မေတ္တာနဲ့ လှူတဲ့သူတွေ ရှိတယ်ထင်တယ်။ ဦးမောင်မောင်ဦးဆိုတာ လာတယ်။ သူ့ဆီကို ပို့ပေးနိုင်တယ်တဲ့။ ခွေးအကောင် ၁၀၀၀/၂၀၀၀ လောက်။ သူတို့ အကုန် စီစဉ်တယ်တဲ့။ ဘာမှ မလိုဘူးတဲ့။ ခွေးသာပို့လိုက်တဲ့။ ကျနော်က ပို့ပေးမယ် ပြောလိုက်တဲ့အခါကျတော့ ဗဟန်းမြို့နယ်က ဥက္ကဋ္ဌကို ဖုန်းဆက်လိုက်တဲ့အခါ ဥက္ကဋ္ဌကနေ အဖွဲ့ဝင် (၁) ဦးမြင့်သန်းကို သွားကြည့်ခိုင်းလိုက်တယ်။ အဆင်ပြေတယ်တဲ့။ သူတို့ဒီနေ့ (မေ ၂၉ ရက်) စပို့တာ။
မေး ။ ။ YCDC အနေနဲ့ လမ်းဘေးခွေး ရှင်းလင်းရေးမှာ အထက်က နည်းလမ်းအပါအဝင်ပေါ့ နောက်ထပ် ဘယ်လို နည်း လမ်းတွေနဲ့ ဖြေရှင်းသွားဖို့ရှိလဲ။
ဖြေ ။ ။ ဒီလို နည်းလမ်းကတော့ အစပေါ့နော်။ YCDC အနေနဲ့ တခြားနေရာမှာလည်း သုံးဖို့ငွေတွေက အများကြီး လို သေးတယ်။ ဒီခွေးတခုတည်းမှာပဲ အကုန်အကျ မခံနိုင်ဘူး။ ပြည်သူတွေ ပူးပေါင်းပါဝင်ဖို့ လိုတယ်။ ဟိုးတလောတုန်းက WVS (World Veterinary Society) ဆိုတဲ့ အဖွဲ့တဖွဲ့ လာသွားပြီးတော့ ခွေးအကောင် ၄၀၀။ အထီးဆိုရင် သင်းကွပ်ပေး လိုက်တယ်။ အမဆိုရင် သားအိမ်ထုတ်လိုက်တယ်။ အဲဒီလို လုပ်လိုက်ခြင်းအားဖြင့် အထီးဆိုရင်လည်း ရန်လိုတာတွေ လျော့သွားမယ်။ ခွေးက ကိုက်တာက မိတ်လိုက်တဲ့ရာသီတွေ ကိုက်တတ်တယ်။ အမဆိုရင်လည်း ကလေးမွေးနေရင် ကိုက်တတ်တယ်။ သူတို့ အစာဆာရင်လည်း ကိုက်တတ်တယ်။ သွားစရင်လည်း ကိုက်တတ်တယ်။ ဆိုတော့ ဒီလိုမျိုးလုပ် လိုက်ရင် ရန်လိုတာကတော့ လျော့သွားလိမ့်မယ်။ ဒီလိုနည်းနဲ့ ဖြည်းဖြည်းချင်း လျှော့ချရမယ်။ အဆိပ်ပစ်ပြီး လျှော့ချတာ နိုင်ငံတကာကလည်း လက်မခံဘူး။
မေး ။ ။ ဒီလို ခွေးတွေကို သင်းကွပ်တာ သားကြောဖြတ်တာဟာ ခွေးကောင်ရေ ထိန်းချုပ်တာပဲဖြစ်လို့ ခွေးကိုက်တဲ့ ပြဿနာတွေ ခွေးရူးပြန်ရောဂါကြောင့် သေဆုံးရတဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်ပါ့မလား။
ဖြေ ။ ။ ခွေးရူးကာကွယ်ဆေးက တနှစ်တကြိမ် ထိုးရမှာ။ ဈေးလည်း သိပ်မများဘူး။ တလုံး ၁၀၀၀ လောက်ပဲရှိတယ်။ လှူမယ့်သူတွေ ရှိတယ်။ အဆင်သင့်ကို ရှိတယ်။ အကုန်လုံးကို ထိုးနိုင်တယ်။ သားဆက်ခြားတဲ့ နည်းနဲ့ကတော့ WVS လာ သွားတယ်။ သူတို့က အမဆိုရင် ဗိုက်ခွဲပြီးတော့ သားအိမ်ထုတ်လိုက်တယ်။ ဗမာပြည်က Vet တွေ ခွဲတာက ဗိုက်ခွဲပြီး ၃ ရက်လောက် ထားရတယ်။ ဆေးတွေဘာတွေ ထည့်ပေးရတယ်။ သူတို့နည်းကျတော့ မဟုတ်ဘူး။ ချက်ချင်းကို ပြန်လွှတ် လို့ရတယ်။ ဘာမှမဖြစ်ဘူး။ အထီးဆိုရင်လည်း သင်းကွပ်လိုက်မယ်ပေါ့။ ဒီလိုကတော့ ငွေကုန်ကြေးကျ များတယ်။ WVS က ပြန်ဝင်လာမယ်လို့လည်း ပြောတယ်။ သူတို့လိုချင်တာက ခွေးတွေကို အဆိပ်မချနဲ့။ အဆိပ်ချလိုက်ရင်တော့ သူတို့ ကူ ညီမှာ မဟုတ်ဘူး။ ဒီလို သင်းကွပ်တဲ့နည်းနဲ့လုပ်ရင် သူတို့က ကူညီလိမ့်မယ်လို့ မျှော်လင့်တယ်။ ဒါ ချိတ်ဆက်နေတယ်။
လှိုင်မြို့နယ်မှာက တိရစ္ဆာန်ဆရာဝန်အသင်း ဒုဥက္ကဋ္ဌကနေ ဖိတ်လိုက်တာ WVS ဝင်လာတယ်။ လှိုင်မြို့နယ်က လွှတ်တော် ကိုယ်စားလှယ်နဲ့ ပေါင်းပြီးတော့ လုပ်လိုက်တာ သူတို့ အောင်မြင်သွားတယ်။ အကောင် ၄၀၀ လောက် လုပ်လိုက်တယ်။ ကျနော်ကလည်း သွားတွေ့တယ်။ ပြန်လာပါအုံး။ ပြန်လာ ကူညီပေးပါအုံးဆိုတော့ သူတို့ကတော့ ဒီမှာလုပ်သွားတာ အောင် မြင်တယ်တဲ့။ အပေါ်ကို တင်ပြလိုက်ရင် သူတို့ကို လွှတ်ပေးလိုက်ရင် ပြန်လာမှာပါတဲ့။ ကျနော်က သူတို့နဲ့ ပေါင်းလုပ်ရမယ် လို့ မျှော်လင့်တယ်။
မေး ။ ။ ဒီတော့ လမ်းဘေးခွေးရှင်းလင်းရေးနဲ့ ပတ်သက်လို့ အဆိပ်ချနည်းကို လုံးဝ မသုံးတော့ဘူးဆိုတဲ့ သဘောလား။
ဖြေ ။ ။ ကျနော်ကတော့ မသုံးချင်ဘူး။ မသုံးဘူးဆိုတော့လည်း ကျနော် မသုံးဘူး။ ကျနော် မညွှန်ကြားဘူး။
မေး ။ ။ မြို့တော်သတင်းမှာ ပါလာတဲ့ တိုးပွားနေတဲ့ ခွေးကောင်ရေကို တဖြည်းဖြည်းချင်း လျှော့ချသွားမယ်ဆိုတဲ့ ဆရာ့ရဲ့ ပြောဆိုချက်နဲ့ ပတ်သက်လို့ ပြစ်တင်ဝေဖန်မှုတွေ ရှိနေတယ်။ အဲဒီအပေါ် ဘယ်လို တုန့်ပြန်ချင်လဲ။
ဖြေ ။ ။ တိရစ္ဆာန်တွေကိုလည်း မေတ္တာတရား ထားရမယ်။ အကုန်လုံးကို ရှင်းဆိုတော့ ကျနော်တို့ နိုင်ငံကြီးက သူများ နိုင်ငံနဲ့ ယှဉ်ကြည့်လိုက်ရင် ရုပ်ဝတ္ထုပိုင်းမှာ ကြည့်လိုက်။ ကျနော်တို့ဆီမှာ ဘတ်စ်ကားတွေ ကြပ်နေတယ်။ သူများနိုင်ငံတွေ မှာ underground တွေနဲ့ ချက်ချင်းကြီး ပြောင်းလဲနိုင်မလား။ မပြောင်းလဲနိုင်ဘူး။ ဒီလိုပဲ တိရစ္ဆာန်ကို ဒီခွေးတွေကိုလည်း ရှင်းတာ ချက်ချင်းကြီး မဖြစ်နိုင်ဘူး။ ဖြည်းဖြည်းလုပ်မှ။
သို့သော် သားဆက်ခြားခြင်းအားဖြင့် ခွေးတကောင်ရဲ့ သက်တမ်း က ၁၀ နှစ် ဝန်းကျင်ပဲရှိတယ်။ ၁၀ နှစ် ဝန်းကျင်မှာ ဒီလမ်းဘေးခွေးတွေက အစားကောင်းကောင်း မစားရဘူး။ ခွေးရဲ့သက် တမ်း ၁၀ နှစ်ဆိုတာ ကာကွယ်ဆေးထိုးထားမှ ၁၀ နှစ်လောက်ခံတာ။ ၁၀ နှစ်တောင် မခံဘူး။ အိမ်မွေးတဲ့ ခွေးတွေ ၇ နှစ် လောက်ဆို သေတာပဲ။ ဒီလမ်းခွေးတွေက သူ့မှာ ကျောက်ကာကွယ်ဆေးရှိတယ်။ ကြွက်သေးကနေလာတဲ့ ဗိုင်းရပ်စ်တွေရှိ တယ်။ ဒီကာကွယ်ဆေးတွေ မထိုးထားရင် သူတို့လည်း မခံဘူး။ ၃/၄ နှစ်ဆို သေမှာပဲ။ ကံကောင်း ထောက်မစွာ ကြာရှည်ခံ တဲ့ ခွေးတော့ ရှိရင်ရှိမယ်။ တကောင်နှစ်ကောင်။ ၇/၈ နှစ်လောက် ခံရင်လည်းခံမယ်။ များသောအားဖြင့် သေတာများလိမ့် မယ်။
မေး ။ ။ လမ်းဘေးခွေး အရေအတွက်က တိုးပွားနေတာဖြစ်တယ်။ ဒါကို တဖြည်းဖြည်းချင်း လျှော့ချသွားမယ် ဆိုတော့ ဘယ်နှစ်နှစ်နေမှ ခွေးအန္တရာယ်က ကင်းဝေးမလဲဆိုတာမျိုး ပြည်သူတွေက မေးခွန်းထုတ်တာမျိုးလည်း ရှိတယ်ပေါ့။
ဖြေ ။ ။ ခုနက ခွေးသွားဖမ်းတဲ့အခါကျတော့ ဗဟန်းမြို့နယ်မှာ ဘာတွေ့လာလဲဆို ခွေးမ တကောင်ကနေ ၈ ကောင် တောင် ပွားထားတာ။ ခွေးကလေးတွေ ၃ လသားလောက်ရှိတယ်။ ၈ ကောင်တောင် ရှိတယ်။ အဲဒီ ၈ ကောင်လုံးနဲ့ သူ့ အမေကြီးပါ ဖမ်းပြီးတော့ သဘာဝ တရားရိပ်သာကို ပို့ပေးလိုက်တယ်။ ဆိုတော့ ဒီ ၄/၅ နှစ်လောက်ကတော့ ခွေးလျော့ သွားအောင် စောင့်ရလိမ့်မယ်။ ချက်ချင်းကြီး မလျှော့ချနိုင်ဘူး။
မေး ။ ။ အခုနောက်ပိုင်း ခွေးရူးပြန်ရောဂါကြောင့် သေတဲ့သတင်းတွေ ခဏခဏ တွေ့လာရတယ်။ ကလေးတွေ အများ ဆုံးပေါ့။ အဲဒီအပေါ်မှာ ကြောက်ရွံ့တဲ့သူတွေရှိတယ်။ နောက်ပြီး YCDC ရဲ့ ဖြေရှင်းမှုအပေါ် အားမလိုအားမရ ဖြစ်ပြီး ဝေဖန် နေကြတာတွေကိုရော ဘာများပြောချင်ပါသလဲ။
ဖြေ ။ ။ အဲဒီကိစ္စကတော့ ကျနော်တို့ဖြစ်လာမှ ဒီဟာတွေ Facebook တွေပေါ်မှာ တက်ပြီးတော့ ကျနော့်ကိုများ တိုက် ခိုက်နေသလားလို့ အဲဒီလိုမျိုးတောင်။ ဒါ နိုင်ငံရေး issue များလားတောင် စိတ်ထဲမှာ သံသယဖြစ်မိတယ်။ ခွေးရူးပြန်တဲ့ ရောဂါနဲ့ သေတယ်ဆိုတာ ဘယ်သူက ပြောတာလဲ။ ဆရာဝန်မှတ်ချက် ဘာရေးထားလဲ။ တကယ်ပဲ ကျန်းမာရေး ဌာနကနေ ဒီကလေးလေး သေသွားတာ ခွေးရူးပြန်ရောဂါနဲ့ သေသွားတာ ပြောထားလား။
ခွေးကိုက်ပြီးတာနဲ့ ခွေးရူးပြန်ရောဂါ ချက်ချင်း မဖြစ်ဘူး။ ဥပမာ ခြေထောက်ကို ခွေးက ကိုက်လိုက်တယ်။ ခြေထောက်ကနေ ဦးနှောက်ရောက်မှ ခွေးရူးပြန်ရောဂါ ဖြစ်လာတာ။ ဒီဦးနှောက်ရောက်ဖို့ အပေါ်ရောက်ဖို့ ချက်ချင်းကြီး ကိုက်ပြီးတာနဲ့ ချက်ချင်းကြီး ခွေးရူးပြန် ရောဂါမဖြစ်ဘူး။
ကလေး ကို ကိုက်ပြီးတာနဲ့ ကလေးက သေတယ်ဆိုတော့ ဒါ ဟုတ်ချင်မှလည်းဟုတ်မယ်။ ဟုတ်ချင်လည်း ဟုတ်မယ်။ ဒါ ဘယ်သူမှ မပြောနိုင်ဘူး။ အဲဒီတော့ ဘယ်သူက ပြောလဲ။ ကျန်းမာရေးဌာနက ဒီကလေးက ခွေးရူးပြန်ရောဂါနဲ့ သေပါတယ်ဆိုတာကို သူတို့က တင်တာလေ။ ခွေးကိုက်လို့ သေရင်လည်း သေမယ်။ ခွေးကိုက်လို့ သေတာဆို သူက ဘယ်လို ကိုက်လိုက်သလဲ ကလေးကို အများကြီး ကိုက်လိုက်တာလား။ ခွေးရူးပြန် ရောဂါလက္ခဏာတွေ ပြလားပေါ့။
မေး ။ ။ အခုနောက်ပိုင်း ခွေးလေခွေးလွင့်တွေ ရှင်းတဲ့နေရာမှာ ကန့်ကွက်တဲ့သူတွေ ရှိရင် တာဝန်ယူမှာလားဆိုပြီး မှတ်ပုံ လုပ်ပေးမယ်ဆိုတာ ဟုတ်ပါသလား။ အသေးစိတ် သိချင်ပါတယ်။
ဖြေ ။ ။ တကယ်ပါ။ အခု ဗဟန်းမြို့နယ်ထဲမှာ သွားဖမ်းတယ်။ အရပ်ထဲကကိုပါ ပူးပေါင်းပြီး လုပ်ပေးတာပါ။ မကန့်ကွက်ဘူး။ ခွေးချစ်တဲ့ သူတွေကိုယ်တိုင် မေ့နေတဲ့ ခွေးတွေကို မပြီး ကားပေါ်တင်ပေးလိုက်တာ။ ကန့်ကွက်တယ်ဆိုတာက သွားဖမ်းတဲ့အချိန်မှာ အဲဒီခွေးကို သင်းကွပ်ထားပြီးသား သူတို့မွေးထားတဲ့ခွေး။ ဒါပေမယ့် သူတို့က register မလုပ်ထားဘူး။ register မလုပ်ထားတော့ တားပိုင်ခွင့်မရှိဘူး။ သူတို့ပြောနေတာက သွားဆွဲတယ် ဆွဲတယ်ဆိုတာ။ ဟိုတနေ့က မြို့နယ် တခုမှာ ဖြစ်သွားတဲ့ဟာက သင်းထားပြီးသားခွေးကို ဖမ်းလို့ သူတို့က ပြန်ခေါ်တာ။ ပြန်ခေါ်တာမဟုတ်ဘူး။ အမှန်တကယ် က မကျွမ်းကျင်တဲ့သူတွေကြောင့် ခွေးက ပြုတ်ကျသွားတယ်။ သွားဆွဲတာ မဟုတ်ဘူး။ လုတာလည်း မဟုတ်ဘူး။ ဘယ်လို လုပ်လုမလဲ။ ဝင်လုပြီဆို ဝတ္တရားနှောင့်ယှက်မှုနဲ့ ဆွဲလို့ရတယ်။
မေး ။ ။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး စည်ပင်က တရားစွဲမယ်ဆိုတဲ့သတင်း ကြားမိတယ်။
ဖြေ ။ ။ စွဲမယ်ဆို ဌာနဆိုင်ရာက ဟုတ်နေရင် စွဲလေ။ မတားဘူး။ မှန်နေရင်။ တကယ်ပဲ လုရင်။
မေး ။ ။ အန်ကယ့်အနေနဲ့ မဲဆွယ်စဉ်ကာလက ဒီခွေးပြဿနာကို ပြောခဲ့တယ်။ အဲဒီထဲမှာ မှတ်မှတ်ရရ သတိထားမိလိုက် တာက ဒီခွေးအတွက် သီးခြားဘတ်ဂျက်ကို ကြိုးစားမယ်လို့ ပြောထားတာ တွေ့တယ်။
ဖြေ ။ ။ မပြောခဲ့ဘူး။ ဘတ်ဂျက်လို့ မပြောခဲ့ဘူး။ ကျနော် ပြောခဲ့တာက ကတိလည်း မပေးခဲ့ဘူး။ ကျနော်ပြောတာက ဒီခွေးလေခွေးလွင့်တွေ လျော့နည်းလာအောင် လုပ်ဆောင်မယ်ပဲ ပြောတာ။ လျော့နည်းအောင် ကြိုးစားမယ်ပဲ ပြောတာ။ ဘာကတိမှ မပေးခဲ့ဘူး။
မေး ။ ။ ဦးစိုးလွင်ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ တင်ထားတဲ့ ခွေးပြဿနာ အဖြေရှာဆိုတဲ့ အထဲမှာ ရေးထားတာ။ မြို့ တော်ဝန်တို့နဲ့ ပူပေါင်းပြီး သီးခြားဘတ်ဂျက်ရအောင် လုပ်မယ်ဆိုပြီးတော့လေ။
ဖြေ ။ ။ မပြောခဲ့ပါဘူး။ ဘတ်ဂျက် ဘယ်လိုလုပ်သွားတောင်းမလဲ။ ဘတ်ဂျက်က အစိုးရချပေးမှ ရတာ။ ကျနော်တို့ နိုင်ငံ က ချမ်းသာတဲ့နိုင်ငံမှ မဟုတ်ဘဲ။ ဒီခွေးကိစ္စကို ဘတ်ဂျက်ကို တခြားနေရာမှာသုံးရမယ်လေ။ သန့်ရှင်းရေးတို့ ရေရရှိရေးတို့ သုံးမှာလေ။ ဒီခွေးကိစ္စ ဘတ်ဂျက်ကြီးကို ကျနော်တို့ တိုင်းပြည် ချမ်းမှမချမ်းသာတာပဲ။ ချမ်းသာရင်တော့ တောင်းမှာပေါ့။ ပြည်သူတွေနဲ့ ပူးပေါင်းပြီး အဖြေရှာမှာလေ။ ကျနော်တို့ ပြောလာကတည်းက ပြည်သူနဲ့အတူ ပူးပေါင်းစုပေါင်းညီ ပြောင်းလဲ ပြုပြင်ဆောင်ရွက်မည် ပြောခဲ့တာလေ။
မေး ။ ။ ဆိုတော့ ဒီလုပ်ငန်းစဉ်အတွက် ဘတ်ဂျက်ကို ပြင်ပအလှူရှင်တွေရဲ့ အလှူငွေနဲ့ပဲ သွားမှာလား။
ဖြေ ။ ။ ပြင်ပအလှူရှင်တွေ လာရင်လည်း ကောင်းတာပေါ့။ သူတို့မလာရင်တော့ ကျနော်တို့ YCDC အနေနဲ့ နိုင်တဲ့နည်း နဲ့ လုပ်ရမှာပဲ။ ပိုကောင်းတာပေါ့ လာရင်တော့။ မလာရင်လည်း ကိုယ့်ဘာသာ ဖြေရှင်းရမှာပေါ့။ ကိုယ့်ပြည်တွင်းရေး ကိုယ် ဖြေရှင်းရမှာပေါ့။ ဘယ်သူမှ မဖြေရှင်းပေးဘူး။
မေး ။ ။ လမ်းဘေးခွေး ရှင်းလင်းရေးနဲ့ ပတ်သက်လို့ တိရစ္ဆာန်ဆေးကုနဲ့ သားသတ်ရုံများဌာနမှာ ဘတ်ဂျက်အခက်အခဲ ရှိ တယ်လို့ ကြားတယ်။ တိုးတောင်းဖို့ မရှိဘူးလား။
ဖြေ ။ ။ ဘတ်ဂျက်တိုးတောင်းဖို့ မပြောနဲ့ အခုက အကုန်လုံးက တိုးတောင်းနေကြတာ။ လုပ်စရာတွေက အများကြီးပဲ။ မော်တော်ကားလမ်းဆို မော်တော်ကားလမ်းက။ ရေသန့်ရဖို့ဆို ရေသန့်ရတဲ့ဘက်က။ အဲဒါမျိုးတွေ ဖြစ်နေတဲ့အခါကတော့ ဒါကို ပြည်သူနဲ့အတူ ပူးပေါင်းဆောင်ရွက်မယ်။ ဘတ်ဂျက်တိုးတောင်းဖို့ကတော့ ဘတ်ဂျက်ကလည်း အထိုက်အလျောက် တော့ ချထားပြီးသား ရှိတယ်။ မရှိဘူးမဟုတ်ဘူး။ ရှိတယ်။
မေး ။ ။ ဟုတ်ကဲ့။ တချို့ပြည်သူတွေက အန်ကယ် မဲဆွယ်ကာလကပြောခဲ့တဲ့ စကားတွေနဲ့ အခုကိစ္စတွေ ပြန်နှိုင်းယှဉ်ပြီး ပြင်းပြင်းထန်ထန် ဝေဖန်တာမျိုးတွေ ရှိတယ်ဆိုတော့ အန်ကယ့်ဘက်က ဘာများ တုန့်ပြောချင်ချင်ပါသလဲ။
ဖြေ ။ ။ ချီးမွန်းခုနစ်ရက်။ ကဲ့ရဲ့ခုနစ်ရက်လေ။ သူတို့ပြောပစေ။ ကျနော်ကတော့ ကျနော်လုပ်သွားစရာရှိတာ လုပ်သွား မှာပဲ။ အကောင်းဆုံးနည်းနဲ့။ ဘာမှလည်း တုန့်ပြန်ဖို့ မရှိပါဘူး။ မတုန့်ပြန်ပါဘူး။
မေး ။ ။ YCDC က ခွေးရှင်းလင်းရေး ဆောင်ရွက်နေတာနဲ့ ပတ်သက်လို့ ပြည်သူတွေကို ဘာများ သတင်းစကားပေးချင် တာမျိုး ရှိပါသလဲ။
ဖြေ ။ ။ ရှင်းလင်းပေးတယ်။ ပူးပေါင်း ပါဝင်ပေးပါ။ မေတ္တာတရား ထားကြပါ။ အခုလုပ်နေတဲ့ဟာတွေကို ပူးပေါင်းပါဝင် ကြပါ။ အားပေးကြပါ။ ဒီနည်းနဲ့ပဲ ဖြေရှင်းလို့ရမယ်။ YCDC တခုတည်းနဲ့ ဖြေရှင်းလို့မရပါဘူး။ အကုန်လုံး ပူးပေါင်း ပါဝင်လာမှ ရမှာ။ ဒီခွေးကိစ္စက အခုမှ ပေါ်လာတာ မဟုတ်ပါဘူး။ နဂိုကတည်းက ဟိုးအရင်ကတည်းက ကျနော်တို့ ငယ်ငယ်ကလေး ကတည်းက ပေါ်နေတဲ့ကိစ္စပဲ။ ဒါ ဖြည်းဖြည်း ဖြည်းဖြည်း။ အရင်တုန်းကတော့ ဗိုက်ခွဲပြီး သားအိမ်ထုတ်တဲ့ ဟာတွေ ဘာညာဆို မလုပ်နိုင်ဘူး။ အခုကတော့ ဒီနည်းတွေ လုပ်နိုင်ပြီ။ သူများနိုင်ငံမှာ ဒီနည်းနဲ့ လုပ်နေတာလည်း ခွေးကောင်ရေ လျော့ကျ လာပြီ။ ဒီနည်းနဲ့ လုပ်တယ်ပေါ့။
You may also like these stories:
နေပြည်တော် ခွေးလေခွေးလွင့်များ အတွက် ကျပ် ၁ ဘီလီယံတန် ဂေဟာ ဆောက်ရန် စီစဉ်
“ခွေးရူး ရောဂါ ကင်းစင်တဲ့ မြို့တော်ကြီး ဖြစ်လာနိုင်ပါတယ်”
ခွေးလေခွေးလွင့်တွေက တကယ့်ပြဿနာ