“ARSA နဲ့ ISIS ကြား အချိတ်အဆက် မရှိဘူး”

ငြိမ်းငြိမ်း
လုံခြုံရေးဆိုင်ရာကျွမ်းကျင်သူနှင့် ဂျကာတာအခြေစိုက် ပဋိပက္ခ မူဝါဒသရုပ်ခွဲလေ့လာရေးဌာန (IPAC) ဒါရိုက်တာ ဆစ်ဒနီဂျုန်း / ငြိမ်းငြိမ်း

အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့ ISIS ကို လိုလား ထောက်ခံသော အရှေ့တောင်အာရှရှိ ကွန်ရက်များအရေး ဆွေးနွေးပွဲတခုတွင် လုံခြုံရေးဆိုင်ရာကျွမ်းကျင်သူနှင့် ဂျကာတာအခြေစိုက် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည့် ပဋိပက္ခ မူဝါဒသရုပ်ခွဲလေ့လာရေးဌာန (IPAC) ဒါရိုက်တာ ဆစ်ဒနီဂျုန်းက မေလ ၃၀ ရက်နေ့တွင် ဘန်ကောက်မြို့တွင် ဟောပြောခဲ့သည်။

ထိုအရေးစိတ်ပါဝင်စားသူ ပညာရှင်များ၊ စကောလာများ၊ လေ့လာသူများနှင့် သတင်းထောက်များ တက်ရောက်ခဲ့သည့်ဟောပြောပွဲကို ဘန်ကောက် အနုပညာနှင့် စာပေ စင်တာရှိ SEA Junction (အရှေ့တောင်အာရှ ဆုံမှတ်) တွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

သူမကိုယ်တိုင် စကောလာတဦးဖြစ်ပြီး အရှေ့တောင်အာရှဒေသ-အထူးသဖြင့် အင်ဒိုနီးရှား၊ မလေးရှားနှင့် ဖိလစ်ပိုင် နိုင်ငံတို့၏ အစွန်းရောက်အကြမ်းဖက်များ၏ လှုပ်ရှားမှုအကြောင်း ကာလရှည်ကြာလေ့လာနေသူ မစ္စ ဂျုန်းက သူမ ဟောပြောပွဲအပြီး ဧရာဝတီသတင်းဌာနနှင့် တွေ့ဆုံမေးမြန်းမှုကို ဖြေကြားခဲ့သည်မှ ကောက်နှုတ်တင်ပြပါသည်။

မေး။ ဆရာမက လုံခြုံရေးနဲ့ ISIS ကိုထောက်ခံတဲ့ ကွန်ရက်တွေအကြောင်း အထူးပြုလေ့လာတာဆိုတော့ အရှေ့တောင်အာရှ အခြေအနေကို စတင်မေးမြန်းချင်ပါတယ်။ အရှေ့တောင်အာရှက ISIS လိုလားတဲ့ ကွန်ရက်တွေရဲ့ လက်ရှိအခြေအနေကို ပြောပြပေးပါ။

ဖြေ။ အရှေ့အလယ်ပိုင်းက ISIS တွေ တော်တော်လေးကို ပြိုကွဲသွားပေမယ့် အရှေ့တောင်အာရှက သူတို့ကို ထောက်ခံတဲ့အုပ်စုတွေကတော့ ဆက်ရှိနေတုန်းပဲ။ သူတို့ရဲ့ လက်ရှိ ရည်ရွယ်ချက်ဟာ ပြည်တွင်းမှာ စစ်ဆင်နွှဲဖို့လို့ ယုံကြည်တဲ့အတွက် လှုပ်ရှားနေတုန်းပဲ။ ဒါကြောင့် ISIS တွေဟာ တိုက်ခိုက်ဖို့အတွက် ဒေသတွင်းက သူတို့ရဲ့ ဒေသခံကလပ်စည်းတွေကို အားပေးပြီး ပြောက်ကျား သေနင်္ဂဗျူဟာမျိုး ပြောင်းသုံးနေကြတယ်။ အရှေ့အလယ်ပိုင်းက ISIS တွေ ရှုံးနိမ့်သွားလို့ ဒါမှမဟုတ် နယ်မြေတွေဆုံးရှုံးသွားလို့ ဒီအုပ်စုတွေ အားလျှော့သွားတာမျိုး မရှိဘူး။ အဲဒီအရှုံးဟာ တနည်းအားဖြင့် တိုက်ခိုက်မှုတွေလုပ်ဖို့ သူတို့ကို အားပေးလှုံဆော်မှုအသစ်တောင်မှ ဖြစ်စေတယ်။

မေး။ အရှေ့တောင်အာရှမှာ အဲဒီလို ပြည်တွင်းကပဲ ပေါက်ဖွားလာတဲ့အုပ်စုတွေ ပေါ်ပေါက်လာတော့ ပိုပြီး စိုးရိမ်စရာရှိလား။

ဖြေ။ အဓိကအားဖြင့် အရှေ့တောင်အာရှမှာ ဖြစ်နိုင်ခြေရှိတဲ့ ISIS ခြိမ်းခြောက်မှု ၃ ခုရှိတယ်။ တခုက ဆီးရီးယားက ပြန်လာတဲ့သူတွေပဲ။ နောက်တခုက ဆီးရီးယားကို သွားဖို့ကြိုးစားရင်း ဆီးရီးယားကို မရောက်ခင် အဖမ်းခံရပြီး တူရကီ အစိုးရက အရှေ့တောင် အာရှနိုင်ငံတွေကို ပြန်ပို့တာ ခံရသူတွေပဲ။ တတိယက ပြည်တွင်းက ဘယ်တုန်းကမှ ထွက်မသွားတဲ့သူတွေ။ အကြီးမားဆုံး ခြိမ်းခြောက်မှုကတော့ အဲဒီ တတိယအုပ်စုက လာတာ။

ဒီအဖွဲ့တွေက အစိုးရက ဖြိုခွဲလို့ ဒါမှမဟုတ် သူတို့ခေါင်းဆောင်တွေကို ဖမ်းဆီးလို့ ဘယ်တော့မှ စိတ်မပျက်ဘူး။ တခြားနေရာတွေမှာ ပြန်ပေါ်လာကြတာပဲ။ တခါတခါဆိုရင် အဖွဲ့ဝင်က ၅ ယောက် ၆ ယောက်လောက်ပဲရှိတယ်။ သူတို့ထဲက အများအပြားဟာ စွမ်းဆောင်ရည် နိမ့်ကျကြတယ်။ သူတို့ကို တကယ့် ပရော်ဖက်ရှင်နယ်တွေလို လေ့ကျင့်ပေးထားတာ မဟုတ်ဘူး။ သူတို့ရဲ့ ဗုံးအများစုက အလုပ်မဖြစ်ဘူး။ ဒါပေမယ့် အင်တာနက်က ညွှန်ကြားချက်တွေအတိုင်း လိုက်လုပ်ပြီး တကယ့်ကို အန္တရာယ်ကြီးမားတဲ့ လုပ်ရပ်ဖြစ်လာအောင် လုပ်ဖို့ဆိုတာ အီလက်ထရွန်းနစ်အကြောင်း နည်းနည်းပါးပါး ကျွမ်းကျင်ပြီး ဓါတုပစ္စည်းဘယ်လိုသုံးရမလဲဆိုတဲ့ ဗဟုသုတနည်းနည်းလောက်ပဲရှိတဲ့ လူ ၂ ယောက်လောက်ပဲ လိုတယ်။

မေး။ ဒီလိုပြဿနာမျိုးတွေ မြန်မာနိုင်ငံမှာရောရှိလား။ မြန်မာနိုင်ငံမှာက ရိုဟင်ဂျာ (ခေါ် ဘင်္ဂလီ) တွေလိုမျိုး အကာအကွယ် ကင်းမဲ့နေတဲ့ အုပ်စုတွေလည်း ရှိနေပြီး သူတို့တွေ အကြမ်းဖက်ကွန်ရက်မှာ ပူးပေါင်းနိုင်တယ် ဆိုတာမျိုးကိုလည်း တော်တော်လေးပြောနေကြတယ်လေ။

ဖြေ။ ရိုဟင်ဂျာနဲ့ ISIS အကြားမှာ ကျမတို့ သိထားသလောက် အချိတ်အဆက်မရှိဘူး။ အကြမ်းဖက် အစွန်းရောက်ဝါဒ ၂ မျိုးကိုတော့ ခွဲခြားသိဖို့လိုမယ် ထင်တယ်။ တခုက နိုင်ငံရေးနဲ့ဆိုင်ပြီး၊ တခုက သဘောတရားရေးနဲ့ ဆိုင်တယ်။ ပထမတခုမှာ လူမျိုးစု အမျိုးသားရေး အုံကြွမှုတွေပါဝင်ပြီး သူတို့တွေက တခါတရံ အကြမ်းဖက်တဲ့နည်းလမ်းကို သုံးပေမယ့် သူတို့ရဲ့ရည်မှန်းချက်က အဓိကအားဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့ လွတ်လပ်ရေးတို့ ရဖို့ပဲ။ ဒုတိယအမျိုးအစားမှာတော့ ကမ္ဘာလုံးဆိုင်ရာ ဂျီဟတ် ဘာသာရေးစစ်ပွဲဆင်နွှဲဖို့ ဆုံးဖြတ်ထားတဲ့ အဖွဲ့အစည်းတွေပါတယ်။

ကျမတို့သိသလောက်တော့ အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်ဖွဲ့ (ARSA) က ပထမအမျိုးအစားမှာ ပါနေတယ်။ ဒီလိုကြည့်ရင် သူတို့က အာချေးပြည်နယ်က အခြေအနေနဲ့တူတယ်။ ၂၀၀၅ ခုနှစ် ငြိမ်းချမ်းရေး သဘောတူညီချက်မရခင်က လွတ်လပ်သော အာချေးလှုပ်ရှားမှု (GAM) က တိုက်တာပဲ။ ဒါပေမယ့် GAM က ကမ္ဘာလုံးဆိုင်ရာ ဂျီဟတ်လှုပ်ရှားမှုမှာ ပါဝင်ဖို့ စိတ်မဝင်စားပေမယ့် အစိုးရဟာ အားနည်းကြောင်း သိစေချင်လို့ မကြာခဏဆိုသလို အကြမ်းဖက် နည်းပရိယာယ်တွေ သုံးတယ်။ ရန်သူတွေကို တိုက်ခိုက်ခြင်း အားဖြင့် ဒေသခံလူမှုအသိုင်းအဝန်းတွေရဲ့ ထောက်ခံမှုနဲ့ အာရုံစိုက်မှု ရဖို့ကြိုးစားကြတယ်။ အခြား အုံကြွမှုတွေလိုပဲ သူတို့လည်း ပြည်သူတွေ အင်ဒိုနီးရှားစစ်တပ်နဲ့ မပူးပေါင်း မဆောင်ရွက်အောင် လူတွေကို ခြောက်လှန့်ဖို့ တခါတခါကျရင် သတင်းပေးတွေကို သတ်တယ်။ မြန်မာနိုင်ငံမှာလည်း ARSA က သတင်းပေးတွေကို သတ်တာ ကျမတို့တွေ့ခဲ့ကြပြီ။ ဒါမျိုးအာချေးမှာ ဖြစ်ခဲ့တယ်။ ဒါမျိုး ထိုင်းနိုင်ငံတောင်ပိုင်းမှာ ဖြစ်တယ်။ ဖိလစ်ပိုင်မှာလည်း ဖြစ်တယ်။

အုံကြွမှုရှိတဲ့ နေရာတွေမှာ အဲဒီနည်းစနစ်ကို သုံးကြတယ်။ ဒါပေမယ့် ISIS လို နိုင်ငံတကာ အကြမ်းဖက် လှုပ်ရှားမှုနဲ့ အဆက်အစပ်ရှိတယ်လို့ ဆိုလိုရာ မရောက်ပါဘူး။

မေး။ ဒါဖြင့်ရင် မြန်မာနိုင်ငံမှာနဲ့ ပြည်ပက မြန်မာသံရုံးတွေမှာ ISIS နဲ့ ဆက်နွယ်တဲ့အဖွဲ့တွေရဲ့ တိုက်ခိုက်မှု ဖြစ်လာနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေက မှားနေလား။

ဖြေ။ ကျမပြောချင်တာက အခုအချိန်အထိ ARSA နဲ့ ISIS အချိတ်အဆက်ရှိကြောင်းပြတဲ့ အထောက်အထား မရှိဘူး ဆိုတဲ့အချက်ပါ။ ARSA ကို ပထမဆုံးတည်ထောင်တုန်းက ဆော်ဒီနဲ့ ပါကစ္စတန်က အဝေးရောက် ရိုဟင်ဂျာ အချို့ ပါဝင်တယ်ဆိုတဲ့ အထောက်အထားအချို့ ရှိတယ်။ ဒါတွေက ၂၀၁၆၊ ၂၀၁၇ တုန်းက ပါကစ္စတန် သင်တန်းနည်းပြတဦးနဲ့ ပတ်သက်တဲ့စွပ်စွဲချက်တွေကို ထောက်ပြပြောတာလို့ ကျမထင်တယ်။ ဒါပေမယ့် ARSA မှာ ပြည်ပ အကြမ်းဖက်အုပ်စုတွေ စနစ်တကျ ပါဝင်ပတ်သက်ကြောင်းပြတဲ့ အထောက်အထား တခုမှတော့ ကျမ မသိဘူး။

မေး။ အရှေ့တောင်အာရှနဲ့ တောင်အာရှမှာ ISIS လိုလားတဲ့ ကွန်ရက်တွေ ကြီးထွားလာနေလား။

ဖြေ။ သူတို့တွေ ကြီးထွားလာနေတယ်လို့ ကျမ မဆိုဘူး။ ဒါပေမယ့် သူတို့အမြဲတမ်း ပြောင်းလဲနေတယ်။ သူတို့ ပုံသေတည်ငြိမ်မနေဘူး။ တခါတခါ ဖမ်းဆီးမှုတွေ ဆက်တိုက်ရှိလာတဲ့အခါ အဲဒါက လှုပ်ရှားမှုတခုကို ယာယီ အားနည်းသွားစေတာမျိုးတော့ ရှိတယ်။ ဥပမာ ၂၀၁၈ ခုနှစ် မေလနဲ့ သြဂုတ်လအတွင်းက အင်ဒိုနီးရှားမှာ ISIS လိုလားတဲ့ အကြမ်းဖက်သမားအဖြစ် သံသယရှိသူ ၃၀၀ ကို ဖမ်းဆီးခဲ့တယ်။

တချိန်တည်းမှာပဲ ဖေ့ဘွတ်ကနေ လူသစ်စုဆောင်းမှုတွေ ပိုများလာတာ တွေ့ရတယ်။ ဆိုတော့ အစိုးရရဲ့ ဖြိုခွင်းမှုကနေ သူတို့ သင်ခန်းစာယူတယ်ဆိုတာ တွေ့လာရတယ်။ ခေါင်းဆောင်တယောက် အဖမ်းခံရရင် တိုက်ပွဲဘယ်လိုဆက်မယ်ဆိုတာနဲ့ပတ်သက်ပြီး စိတ်ကူးစိတ်သန်းသစ်တွေရှိမယ့် ခေါင်းဆောင်သစ် ရှာကြတယ်။ ဒါမှမဟုတ်ရင်လည်း အခွင့်အလမ်းသစ်တွေဖွင့်ပေးတဲ့ ဖြစ်ရပ်သစ်တွေ ပေါ်ပေါက်ရင် ပေါ်ပေါက်လာမယ်။ ၂၀၁၆ ခုနှစ် ဇူလိုင်လမှာ အင်ဒိုနီးရှားစစ်တပ်က ဆူလာဝေဆီ အလယ်ပိုင်း ပိုဆိုဒေသက ISIS လိုလားတဲ့ လက်နက်ကိုင်အုပ်စုငယ်တခုက ခေါင်းဆောင်ကို သတ်လိုက်တယ်။ အဲဒီက အုပ်စုက လူ ၅ ယောက် သေနတ် ၂ လက်လောက်ပဲ ကျန်တော့တယ်။

ဒါပေမယ့် နောက်တော့ ဘာဖြစ်လာလည်းဆိုတော့ နိုဝင်ဘာလမှာ ဆူလာဝေဆီ အလယ်ပိုင်း ပါလူးမှာ ဆူနာမီဖြစ်တယ်။ ဆူနာမီဖြစ်တော့ ဆူနာမီ ဒုက္ခသည်တွေကို ကူညီမယ့် လူသားချင်းစာနာမှုဝန်ထမ်း ဟန်ဆောင်ပြီး လူသစ်တွေ ရောက်လာတယ်။ သူတို့တွေက အကူအညီပေးသူအဖြစ် ပုံဖမ်းပြီး ပိုဆိုကို သွားတယ်။ အခု ပိုဆိုမှာ တိုက်ခိုက်ရေးသမားသစ်တွေနဲ့ အုပ်စုကြီးဖြစ်နေပြီ။

မြန်မာနိုင်ငံနဲ့ ARSA ကိုကြည့်လိုက်ရင် နောက် ၆ လကြာတဲ့အခါ အခြေအနေက အခုအတိုင်းပဲ ဆက်ရှိနေဦးမယ်လို့ ပြောလို့မရဘူး။ ဖြစ်ပေါ်တိုးတက်မှုတွေကို အမြဲမပြတ်ကြည့်နေရမယ်။ ဘယ်သူက ခေါင်းဆောင်လဲ။ အပြောင်းအလဲတွေ ဘယ်လောက်မြန်ဆန်လဲ။ လူမှုကွန်ရက်မှာ သူတို့ ဘာတွေပြောလဲ ကြည့်ရမယ်။

မေး။ လူမှုကွန်ရက်အကြောင်း ဆရာမက အတော်လေးကိုးကားပြောသွားတာ တွေ့ရတယ်။ မြန်မာနိုင်ငံမှာ လူမှုကွန်ရက်အသုံးပြုတဲ့ အကောင့်တွေကို ပိတ်ပစ်တာ၊ ကန့်သတ်တာတွေရှိတော့ ဒါက အစွန်းရောက်လှုပ်ရှားမှုနဲ့ပတ်သက်ပြီး ကောင်းကျိုး၊ ဆိုးကျိုးသက်ရောက်မှု ဘယ်လိုတွေ ရှိမလဲ။

ဖြေ။ အင်တာနက်ကို အပြည့်အဝထိန်းချုပ်ဖို့ အရမ်းကို ခက်ခဲတယ်။ အန္တရာယ်ရှိတဲ့အကြောင်းအရာတွေကို ရှာဖွေဖေါ်ထုတ် ဖယ်ရှားဖို့ရာမှာ ပိုမိုမြန်မြန်ဆန်ဆန် ဆောင်ရွက်ဖို့ သတိထားဖို့ဆိုတာ ဂူဂယ်လ်လို၊ တွစ်တာလို ဖေ့ဘွတ်လို မီဒီယာ ကုမ္ပဏီကြီးတွေရဲ့ အခန်းကဏ္ဍတခုရှိတယ်လို့ ကျမထင်တယ်။ သူတို့အခု ဒါကို သိလာကြပါတယ်။ ဒါပေမယ့် တချို့ကိစ္စတွေကြတော့ အသုံးပြုသူ များနိုင်သမျှများရေးဆိုတဲ့ ငွေကြေးမက်လုံးက အရမ်းကို ဆွဲဆောင်နေတယ်။

မေး။ အဲဒီအုပ်စုတွေရဲ့လူမှုကွန်ရက် အသုံးပြုမှုကို စောင့်ကြည့်ကြီးကြပ်ဖို့ လိုအပ်တယ်လို့ ယူဆလား။

ဖြေ။ လိုတယ်။ ဒါပေမယ့် ဒါကို အရမ်းဂရုတစိုက် လုပ်ရမယ်။ အင်တာနက်ပေါ်မှာ လွတ်လပ်စွာပြောဆိုခွင့် ကိုလည်း မထိခိုက်စေချင်ဘူးလေ။ ဒါပေမယ့် အစိုးရတွေကော မီဒီယာကုမ္ပဏီကြီးတွေမှာပါ သင့်တော်တဲ့ လမ်းညွုန်ချက်တွေ ဖေါ်ထုတ်ပေးဖို့၊ အန္တရာယ်ရှိတဲ့ အကြောင်းအရာတွေကို အမြန်ဖယ်ရှားပေးဖို့ တာဝန် ရှိတယ်။ ပြဿနာကတော့ အန္တရာယ်ရှိတဲ့အကြောင်းအရာတွေဟာ ဂူဂဲလ် သို့မဟုတ် ဖေ့ဘွတ်ကနေ WhatsApp ကို ပြောင်းသွားပြီး စက္ကန့်ပိုင်းအတွင်း ပျံနှံ့သွားတယ်။ ဘယ်သူမှဒါကို ထိထိရောက်ရောက် မတုံ့ပြန်နိုင်ဘူး။

အင်ဒိုနီးရှားမှာ မေလ ၂၁-၂၂ ရက် အဓိကရုဏ်းအတွင်း သူတို့လုပ်တာက WhatsApp ရဲ့ ဓါတ်ပုံတွေ၊ ဗီဒီယိုတွေ ပို့မရအောင် ပိတ်လိုက်တာပဲ။ ဒါဟာ အဓိကရုဏ်း ပြင်းထန်နေချိန်မှာ ကောင်းမွန်တဲ့ ချိန်ချိန်ဆဆလုပ်တဲ့ တုံပြန်မှုလို့ ကျမ ထင်တယ်။ အဓိကရုဏ်းက ထိန်းချုပ်မရအောင် ဖြစ်တော့မယ်လေ။ အခြေအနေကို ပြန်ထိန်းချုပ်နိုင်တဲ့အခါ ကန့်သတ်ချက်တွေကို ပြန်ရုတ်သိမ်းလိုက်တယ်။ အဲဒီ ကန့်သတ်ချက်တွေက ရက်အနည်းငယ်ပဲ ထားတာ။ အစိုးရအနေနဲ့ ထိန်းချုပ်မှု အသုံးပြုပုံနဲ့ ပတ်သက်ပြီးလည်း တာဝန်ခံဖို့ အရေးကြီးတယ်။

မေး။ မြန်မာနဲ့ အင်ဒိုနီးရှားအစိုးရတွေဟာ အစွန်းရောက်အုပ်စုတွေကို နှိမ်နှင်းဖို့ တန်ပြန်အကြမ်းဖက်မှု တိုက်ဖျက်ရေးလှုပ်ရှားမှုတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ မနှစ်က စပြီး ကြိုးစားကြတယ်။ ဒါဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် တကယ်ပဲ ထိရောက်တဲ့ နည်းလမ်းလား။ ဖြိုခွင်းမှုတွေဟာ လူတွေကို ISIS လိုလားတဲ့ ကွန်ရက်တွေမှာ ပိုပါသွားဖို့ အားပေးနေတာမျိုးရော ဖြစ်နေသလား။

ဖြေ။ လက်ရှိအချိန်အထိ အရှေ့တောင်အာရှက ဘယ်အစွန်းရောက်တိုက်ဖျက်ရေး အစီအစဉ်ကမှ လူတွေကို ပိုမို အစွန်းရောက်ဖြစ်သွားအောင် (စစ်သွေးကြွဖြစ်သွားအောင်) အားပေးတယ်လို့ ကျမ မထင်ဘူး။ အန္တရာယ်ရှိတာတခုက အစွန်းရောက်တိုက်ဖျက်ရေး အစီအစဉ်မဟုတ်ဘဲ ထောင်အခြေအနေတွေက တချို့လူတွေကို အစွန်းရောက်ဖြစ်သွားစေတယ်။ အကျဉ်းထောင် အုပ်ချုပ်မှုပုံစံက ပိုမိုညင်သာဖို့လိုတယ်။ ထောင်ထဲမှာ လူကြပ်နေရင်၊ ထောင်ဝန်ထမ်းတွေက ဆက်ဆံပုံမကောင်းရင်၊ တဦးတည်း အကြာကြီး အကျဉ်းချခံထားရင် ဒါတွေအားလုံးဟာ အနာဂတ်မှာ ပြဿနာရှိနိုင်တယ်။ ဒါတွေဟာလူတွေကို ပြန်ပြီး အစွန်းရောက်ဖြစ်စေတဲ့ အချက်တွေပဲ။

မေး။ အင်ဒိုနီးရှားနဲ့ မလေးရှားက ရိုဟင်ဂျာတွေရဲ့ အခြေအနေကရော ဘယ်လိုတွေ့ရပါလဲ။ သူတို့ကို စခန်းတွေမှာ ပိတ်လှောင်ထားတာလား။

ဖြေ။ မလေးရှားမှာ သာမန်လူတွေလိုပဲ လွတ်လွတ်လပ်လပ် နေထိုင်နေတဲ့ ရိုဟင်ဂျာတွေ သောင်းနဲ့ချီ ရှိပါတယ်။ အင်ဒိုနီးရှားမှာတော့ အသစ်ရောက်တဲ့သူတွေကို လူဝင်မှုကြီးကြပ်ရေးဌာနက ထိန်းသိမ်းရေးစင်တာတွေနဲ့ စခန်းတွေမှာ ထိန်းသိမ်းထားလေ့ရှိတယ်။

မေး။ ARSA အဖွဲ့ဝင်တွေ မြန်မာနိုင်ငံပြင်ပက ISIS ကွန်ရက်တွေမှာ ပါဝင်လာမှာကို ဘယ်လောက်စိုးရိမ်လဲ။

ဖြေ။ ARSA က ISIS လိုလားတဲ့အုပ်စုတွေထဲ ပါဝင်မှာထက် မြန်မာသံရုံးတွေကို တိုက်ခိုက်ဖို့ နည်းလမ်းရသွားမှာကို ပိုစိုးရိမ်ရတယ်။ ပြည်ပက မြန်မာအာဏာပိုင်တွေကို ပစ်မှတ်ထားတဲ့ စစ်သွေးကြွ ရိုဟင်ဂျာတွေရှိမှာကိုပဲ ပိုစိုးရိမ်ရတယ်။ ဒါကြောင့် မလေးရှားမှာ လွန်ခဲ့တဲ့အပတ်က ရိုဟင်ဂျာတွေကို ဖမ်းခဲ့တာပဲ။

မေး။ ARSA က လူမျိုးစု အမျိုးသားရေးအုံကြွမှု ပိုဆန်တယ်လို့ ဆရာမ စောစောကပြောခဲ့တယ်။ မြန်မာနိုင်ငံနဲ့ တချို့နိုင်ငံတွေမှာ စစ်သွေးကြွတွေက အစိုးရလုံခြုံရေးတပ်တွေကို တိုက်တာမျိုးကို လူတွေက သိပ်မကြိုက်ကြဘူး။ အဲဒါကို ဘယ်လိုပြောနိုင်မလဲ။

ဖြေ။ အာဆာလုပ်ရပ်အပေါ် သူတို့က ဘယ်တော့မှ ကြိုက်မှာမဟုတ်ဘူး။ ဒါဟာ အပြစ်ပေးရမယ့် ကိစ္စဖြစ်တယ်ဆိုတာလည်း မှန်တယ်။ လူတယောက်အနေနဲ့ ဘာရည်မှန်းချက်ပဲရှိရှိ ရဲကင်းကိုသွားပြီး လူသတ်လို့ မရဘူး။ ဒါကြောင့် ဒီဖြစ်စဉ်မှာပါတဲ့ လူတွေကိုဖမ်းတာ အစိုးရအနေနဲ့ လုံးဝမှန်တယ်။ ဒါပေမယ့် မှားတာက ဘာလဲဆိုတော့ လူအုပ်စုတစုလုံးကို သိမ်းကြုံးအပြစ်ပေးသလို ဖြစ်တဲ့ဟာပဲ။

မေး။ ရိုဟင်ဂျာတွေ အစုလိုက် ထွက်သွားတာက တပ်မတော်က မောင်းထုတ်လို့လို့ လူတိုင်း ပြောကြတယ်။ ARSA တိုက်ခိုက်မှု မရှိခဲ့ရင် ဒီလိုဖြစ်နိုင်မလား။

ဖြေ။ အရင်က ARSA လို ဘာအဖွဲ့မှ မရှိခင်တုန်းကလဲ ရိုဟင်ဂျာတွေကို မှန်မှန်မောင်းထုတ်နေတာပဲ။ ဟုတ်တယ်မဟုတ်လား။ ရိုဟင်ဂျာတွေကို ထွက်သွားအောင်လုပ်ဖို့ မြန်မာအာဏာပိုင်တွေရဲ့ ဆုံးဖြတ်ဆောင်ရွက်ချက်ဟာ ARSA ကြောင့် မဟုတ်ပေမယ့် အဲဒီတိုက်ခိုက်မှုတွေကြောင့် မြန်မာအာဏာပိုင်တွေရဲ့ သူတို့ကို မောင်းထုတ်လိုစိတ် ပိုမိုကြီးမားလာစေတာ သေချာပါတယ်။

မေး။ ARSA နဲ့ ISIS အကြားအချိတ်အဆက် အထောက်အထားမရှိဘူးလို့ ဆရာမပြောခဲ့တယ်။ အနာဂတ်မှာ အချိတ်အဆက်ဖြစ်လာမှာကို စိုးရိမ်စရာမရှိဘူးလို့ကော ဆိုလိုပါသလား။

ဖြေ။ တယောက်ယောက်ဟာ ISIS နဲ့ အချိတ်အဆက်ရှိတယ်ဆိုတဲ့ စွပ်စွဲချက်ကိုကြားတိုင်း မေးခွန်းထုတ်ဖို့လိုတယ်။ အထောက်အထားရဖို့လိုတယ်။ စွပ်စွဲချက်တွေကို ဒီအတိုင်း လက်ခံလို့မရဘူး။ ကျမတို့ အဖွဲ့အစည်းမှာ အလေးထားတာတွေထဲက တခုက ISIS နဲ့ အချိတ်အဆက်တွေကို ရင်းမြစ်တွေ၊ အထောက်အထားတွေနဲ့ မှတ်တမ်းတင်တာပဲ။ ရရှိတဲ့အချက်အလက်တွေရဲ့ အရည်အသွေးကို ဘယ်လိုအကဲဖြတ်ရမယ်ဆိုတာ ကျမတို့ သိကြပါတယ်။

ကျမက မြန်မာနိုင်ငံအကြောင်း၊ ရိုဟင်ဂျာအကြောင်း ပြည့်ပြည့်စုံစုံ မသိပါဘူး။ တစုံတယောက်က စွပ်စွဲချက်တွေ လုပ်လာတဲ့အခါ အဲဒီအထောက်အထား မှန် မမှန်ကို အကဲဖြတ်ဖို့ ရှင်းရှင်းလင်းလင်း မသိဘူး။ ဒါပေမယ့် အစိုးရက ထုတ်ပြန်တဲ့သတင်းတွေ ARSA က ထုတ်ပြန်တဲ့သတင်းတွေကို သံသယဝင်ရမယ် ဆိုတာကိုတော့ ကျမ ကောင်းကောင်းသိတယ်။ ကိုယ်ယုံကြည်ရတဲ့ သတင်းရင်းမြစ်ကို ရှာရမယ်။ သူတို့ဆီက အချက်အလက်ဟာ တိကျမှန်ကန်ရမယ်၊ ပုဂ္ဂလိက ခံစားချက်တွေ မပါရဘူး။ ပြီးတော့ စွပ်စွဲချက်ကို သက်သေပြတာ သို့မဟုတ် ပယ်ဖျက်တာ လုပ်နိုင်သူ ဖြစ်ရမယ်။

မေး။ တောင်အာရှ သို့မဟုတ် အရှေ့တောင်အာရှမှာ ISIS တွေနဲ့ သူတို့ကို လိုလားသူတွေ လှုပ်ရှားနေတာ ရှိလား။ လက်ရှိအခြေအနေကို ဘယ်လို အကဲဖြတ် သုံးသပ်ချင်ပါလဲ။

ဖြေ။ ယေဘူယျပြောရရင် အရှေ့တောင်အာရှက တောင်အာရှထက်၊ အရှေ့အလယ်ပိုင်းထက်၊ ဗဟိုအာရှထက် အခြေအနေ ပိုကောင်းပါတယ်။ အိမ်နီးချင်းကို ရန်သူလို့မြင်တဲ့ အစိုးရမျိုးမရှိဘူး။ အပြန်အလှန် အပြစ်တင်နေတဲ့ အိန္ဒိယ- ပါကစ္စတန်လို အခြေအနေမျိုး မရှိတာဟာ အရမ်းကို အရေးပါ ပါတယ်။ ယေဘုယျအားဖြင့် အရှေ့တောင်အာရှမှာ ထူးခြားတာတွေထဲက တခုက အစိုးရတွေ တခုနဲ့တခု အဆင်ပြေကြတာပဲ။ ပူးပေါင်းဆောင်ရွက်မှုဟာ ကောင်းသင့်သလောက် မကောင်းရင်တောင်မှ ပြဿနာရှာဖို့ စိတ်မဝင်စားကြဘူး။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Nyein Nyein ၏  No Evidence of Any ARSA Links to ISIS: Terrorism Expert  ကို ဘာသာပြန်ဆိုသည်။)

Loading