ခြိမ်းခြောက်ခံနေရသည့် ဝန်ကြီးဟောင်း ဆလိုင်းအိုက်ဇက်ခင်နှင့် တွေ့ဆုံခြင်း

ချစ်မင်းထွန်း
ချင်းပြည်နယ်အစိုးရအဖွဲ့၊ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာန ဝန်ကြီးဟောင်း ဆလိုင်းအိုက်ဇက်ခင် / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) တို့အကြား ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလမှ ယခုနှစ် ဇွန်လအထိ တိုက်ပွဲများ ဖြစ်ပွားနေသည်။

ထိုတိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်တွင် တိုက်ပွဲရှောင် ၃ သောင်းကျော်ရှိလာပြီး ချင်းပြည်နယ်၊ ပလက်ဝ မြို့နယ် အတွင်းမှာမူ တိုက်ပွဲရှောင် ၃၀၀၀ ဝန်းကျင်ရှိလာခဲ့သည်။ အဆိုပါ တိုက်ပွဲများကြောင့် ပလက်ဝ ဒေသ ဖွံ့ဖြိုးရေး စီမံကိန်းများ နှောင့်နှေးလာခဲ့သလို ပလက်ဝဒေသရှိ ချင်းတိုင်းရင်းသားများ အိုးအိမ်စွန့်ခွာမှုများ ဖြစ် လာသည့်အတွက် တိုက်ပွဲများ ရပ်တန့်ရန် တောင်းဆိုနေကြသည်။

ထိုတိုက်ပွဲများ ရပ်တန့်ပေးရန်နှင့် ပလက်ဝ ဒေသရှိ တိုက်ပွဲရှောင်များ ကူညီစောင့်ရှောက်ပေးနေသော ဆလိုင်းအိုက်ဇက်ခင်ကို မေ ၃၁ ရက်က အသက်အန္တရာယ် ခြိမ်းခြောက်မှုများ ပြုလုပ်လာခဲ့ကြသည်။

ဆလိုင်းအိုက်ဇက်ခင်သည် ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်ထိ ချင်းပြည်နယ်အစိုးရအဖွဲ့၊ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာန ဝန်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးသူဖြစ်သည်။ ထို့ကြောင့် ဝန်ကြီးဟောင်း ဆလိုင်းအိုက်ဇက်ခင်အား ဧရာဝတီသတင်းဌာနမှ အကြီးတန်း သတင်းထောက် ချစ်မင်းထွန်းက တွေ့ဆုံ၍ မေးမြန်းခဲ့သည်။

မေး ။       ။ အခု ဆရာနဲ့ ချင်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီး ဦးစိုးးထက်တို့ အသက်အန္တရာယ် ခြိမ်းခြောက်ခံရမှု တွေ ဖြစ်လာတယ်လို့ သိရတယ်၊ အဲဒါ ဘယ်လိုကြောင့် ဖြစ်လာတာလဲ။

ဖြေ ။       ။ တကယ့် တကယ်တော့ ဒါကစိတ်ပိုင်းဆိုင်ရာ စစ်ဆင်ရေးလုပ်တာပေါ့၊ လူကို ရှင်းရှင်း ပြောမယ်ဆိုရင် မဟုတ်သလို ရီသလို မောသလိုနဲ့ တကယ်ပြောနေတာ တကယ်ပြောသလားဆိုရင်လည်း မဟုတ်ပြန်ဘူး၊ ရူးသလို ပေါသလိုနဲ့ရှောင်ထွက်သွားတာ။ အဲနည်းပဲ အခု သူတို့လုပ်တဲ့ဟာပေါ့လေ။

ဒါက ဘာပါလဲဆိုရင် ကျနော်တို့သိတာက ဒါ ရက္ခိုင်စစ်တပ် (AA) လုပ်တာမဟုတ်ပါဘူး၊ သူ့ကို ရူးကြောင် မူးကြောင် လျောက်လုပ်တာပါ။ ဒါပေမယ့် သူက ရူးကြောင် မူးကြောင်နဲ့ သူလုပ်ရဲတယ်ဆိုတာက သူ့မှာလဲ အတိုင်းအတာတခုထိ ချိတ်ဆက်မှု ရှိမှာပဲ အဲဒါကြောင့်မလို့လဲ လုပ်ပိုင်ခွင့်တခုကို သူက အသုံးချလိုက်တာကို။ ဘာလို့ဆို Page တခုကို သူ့က စီမံခန့်ခွဲတာကို ဒါကို ဒီလိုမျိုး သူပြောရဲထဲဆိုတာက ပြောတဲ့လူ ကိုယ်၌က AA နဲ့ တစုံတရာ အတိုင်းအတာတခုထိ ချိတ်ဆက်မှု ရှိနေလို့ပေါ့။

အဲတော့ AA ကလုပ်ခိုင်းတာတော့ ဖြစ်ချင်မှ ဖြစ်မယ်၊ ဒါပေမယ့် အဲသလိုမျိုးလုပ်တဲ့ ကိစ္စကို AA က မတားဘူး၊ တရားဝင် တားတာမဟုတ်ဘူး၊ မရှိဘူး အဲလို မလုပ်ရဘူးလို့ သူတားတာ မရှိဘူး သူတို့မလုပ်ပါဘူးလို့ပဲ ပြောတာ။ သူတို့လို့ ပြောတဲ့အရာမှာ သူ့တပ်ဖွဲ့ဝင်ပေါ့နော်၊ AA ရဲ့ တပ်ဖွဲ့ဝင် နာမည် နာမ်နဲ့ မလုပ်တာပဲ ရှိတယ်၊ ဒါက ဖြစ်လေ့ဖြစ်ထ ရှိတာပေါ့လေ။ ဒါကတော့ AA မှ မဟုတ်ပါဘူး၊ အဲလိုမျိုး တော်လှန်ရေးလုပ်ကျတဲ့ နေရာတိုင်းမှာ တိုင်းပြည် တော်တော်များများမှာ အဲလိုဖြစ်ကြတယ်။

နောက်တခုက အဲဒါ ဘာပြသလဲဆိုလို့ရှိရင် သူက တာဝန်ရှိတဲ့ Public figure တဦးကို ခြိမ်းခြောက်လာပြီ ဆိုကတည်းက သူတို့ရဲ့ အနေအထားက deadline ဖြစ်နေသလားပေါ့။ ဒါလည်း သုံးသပ်စရာရှိတယ်။ သူတို့အနေနဲ့ အသားစီး ရနေတယ်ဆိုရင် ဘာမှ ခြိမ်းခြောက်စရာမလိုဘူး၊ ဒါပေမယ့် သူတို့ အနေနဲ့ သူတို့လိုချင်တဲ့ အနေအထားကို မရောက်လာတော့ဘူးလို့ ထင်ရင် အဲမှာ သူတို့က လူထုကို အကြောက်တရားနဲ့ ခြိမ်းခြောက်တာပေါ့လေ။ AA က အစကတည်းက အကြောက်တရားနဲ့ ခြိမ်းခြောက်တာကို အထူးသဖြင့် AA ကစိတ်ဓာတ်စစ်ဆင်ရေးတွေကို အများကြီး သုံးတယ်။ လူတွေကို ကြောက်အောင် လူတွေကို စိုးရိမ်အောင် ဒါတွေအများကြီးလုပ်တယ်၊ ဆိုတော့ ဒါက သူတို့ရဲ့ နည်းဗျူဟာတခု။

အဲတော့ Public figure တွေကို ဒီလိုပြောလိုက်ခြင်းအားဖြင့် Public figure တွေတောင်မှ အပြောခံနေရတယ် ဆိုရင် ရိုးရိုးရွာသားတွေက ပိုပြီးတော့ ကြောက်မှာပေါ့နော်။ အဲတော့ ရွာသားတွေကြောက်ရင် ဒီလူကြီးတွေက  မကြောက်ဘူးဆိုတာ သူတို့သိပြီးသား၊ ဒီလူကြီးတွေ လုပ်လို့မရဘူးဆိုတာ သူသိတယ် ဒါပေမယ့် ဒီလူကြီးတွေ က ဒီတိုင်း ငြိမ်ခံလိုက်တဲ့အခါကျရင် လူကြီးတွေက ဘာမှ မဖြစ်ဘူး၊ ဟိုရွာသားတွေက လူကြီးတောင်မှ မပြောရဲ ဘူးဆိုတဲ့ဟာမျိုး သူတို့အတွေးထဲမှာ ဖြစ်သွားမယ်။

အဲဒါကြောင့်မလို့ တာဝန်အရှိဆုံးဖြစ်တဲ့ ချင်းပြည်နယ်အစိုးရအဖွဲ့က ဒါကို တရားဝင် ကိုင်တွယ်တာပေါ့။

မေး ။        ။ အခု ကျနော်တို့ နိုင်ငံက ဒီမိုကရေစီကို သွားနေတယ်၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာလည်း နိုင်ငံသားတဦးက လွတ်လပ်စွာ သဘောထားကွဲပိုင်ခွင့်ရှိတယ်၊ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ရှိတယ်လို့ ပါတယ်။ ဒီလိုမျိုး ခြိမ်းခြောက်မှုတွေက ဒီမိုကရေစီသွားတဲ့ လမ်းကြောင်းကို ဘယ်လို အတားအဆီးတွေဖြစ် စေနိုင်သလဲ။

ဖြေ ။        ။ ကျနော်တို့က ပွင့်ပွင့်လင်းလင်း ပြောရင် ဒီမိုကရေစီက အင်မတန်မှ နူးညံ့သိမ့်မွေ့တယ်၊ အင်မတန်မှ လေးစားမှုတို့ ဂုဏ်သိက္ခာတို့ အဲဒါအရမ်းဂရုစိုက်တယ်။ ဒါပေမယ့် ကမ္ဘာကြီးမှာ လူတိုင်း အဲလိုမဖြစ် လာဘူး၊ အထူးသဖြင့် ပညာရေး အခြေခံမှုနဲ့လည်းဆိုင်တယ်။ လူတွေက ပညာရေးအရ သေသေချာချာ စဉ်းစား တွေးခေါ်နိုင်တဲ့ အနေအထားမျိုး မရှိဘူး၊ နောက်ပြီးတော့ သူတို့မှာ အတိုင်းအတာတခု ငွေကြေးအရ စိတ်ကြောင့်ကြမှု မလိုတဲ့လူတွေ အဲဒါမျိုးလူတွေက ဒီဒီမိုကရေစီသုံးရတာ ပိုပြီးတော့ သက်သောင့်သက်သာ ဖြစ်တယ်။

အဲတော့ ကျနော်တို့က သုံးသပ်လို့ရတာက ဒီမိုကရေစီဆိုပြီးတော့ သရုပ်ဖော်သွားနေပေမယ့် တကယ့်တကယ် ဒီမိုကရေစီသည် လူတန်းစား အားလုံးကို တပြေးညီ ဖမ်းဆုပ်ထားနိုင်ရဲ့လားဆိုတာ စဉ်းစားစရာရှိလာတယ်။ အဲဒါကြောင့်မလို့ ကြံဖန်ပြီးပြောရမယ်ဆိုရင် တပ်မတော် အစိုးရလက်ထက်တုန်းက စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ စနစ်ဆိုတာတွေ ဘာတွေလုပ်လာတယ်။

အဲလိုလုပ်တာကလည်း မှားတယ်လို့ ကျနော်တို့ပြောဖို့က ခပ်ခက်ခက် ဘာလို့ဆို သူတို့ကလည်း သူတို့စဉ်းစားချက်က ပြောမယ်ဆိုလို့ရှိရင် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီဆိုတာကို သူတို့ သုံးတာကိုယ်၌က နောက်တချက်က ဦးနေဝင်းလုပ်ခဲ့တဲ့ ဆိုရှယ်လစ်စနစ်က နိုင်ငံသူ/သားတွေကို ဒီမိုကရေစီ ပေမီဒေါက်မီ မလုပ်နိုင်ခဲ့ဘူးလို့ ဝန်ခံတာ တနည်းပဲ။

ဘာလို့ဆို ဦးနေဝင်း ဖွဲ့စည်းပုံနဲ့ အုပ်ချုပ်တာ ၁၄ နှစ်၊ ဖွဲ့စည်းပုံနဲ့ မဟုတ်ပဲ အုပ်ချုပ်တာက ၁၂ နှစ် စုစုပေါင်း ၂၆ နှစ်။ ဒီ ၂၆ နှစ်အတွင်းမှာ နိုင်ငံသူ/သားတွေကို train ပေးလိုက်တာက ဒီမိုကရေစီစနစ်နဲ့ ဘယ်လိုမှ အန်ဝင်တဲ့ လူတွေမဖြစ်ဘူး ဆိုလိုချင်တာက လူတွေက နိမ့်ကျသွားတယ်လို့ ဝန်ခံလိုက်တာနဲ့အတူတူပဲ။ အဲဒါကြောင့်မလို့ အရင် ဦးခင်ညွန့်တို့၊ ဦးသန်းရွှေတို့ သူတို့ပြောတဲ့ဥစ္စာက စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ။ ဒီမိုကရေစီတော့ ဒီမိုကရေစီ ဒါပေမယ့် စည်းကမ်းပြည့်ဝရမယ် ဘာလို့ဆို ကျနော်တို့က စည်းကမ်းမရှိဘူး၊ စည်းကမ်းမပြည့်ဝဘူး ဆိုတဲ့ သဘောရှိတယ်။

အဲဒါကြောင့်မလို့ အခု ကျနော်တို့က ဒီဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ နိုင်ငံသား အခွင့်အရေးတွေထဲမှာ ကျနော်တို့ကို အပြည့်ပေးထားပေမယ့် ဒါကို ကျင့်သုံးခွင့်ပေးဖို့ကျတော့ အုပ်ချုပ်မှုယန္တရားအတွက်ကျတော့ တော်တော်လေး စိန်ခေါ်မှုကြီးတယ်လို့ သုံးသပ်ပုံပေါက်တယ်။ အဲမှာ  ၂ ခုရှိတာပါ တခုကတော့ ဒီနိုင်ငံသားတယောက် ချင်းစီရဲ့ ဒီမိုကရေစီယန္တရားနဲ့ အံဝင် ခွင်ကျဖြစ်တဲ့ စဉ်းစားမှု၊ တာဝန်ယူမှု၊ စည်းကမ်းလိုက်နာမှု ရှိခြင်းမရှိခြင်း ဒါတခု။ နောက်တခုက အုပ်ချုပ်မှု ယန္တရားက ဒီအနေအထားကို ကောင်းကောင်းမွန်မွန် ကိုင်တွယ် အုပ်ချုပ်နိုင်တဲ့ သူတို့ လုပ်နိုင်တဲ့ အရည်အချင်း ရှိ မရှိ ဒီ ၂ ခုဆိုင်တယ်။

အဲတော့ ဒီမိုကရေစီစနစ်တခု အောင်မြင်ဖို့ဆိုရင် နိုင်ငံသူ/သားမှာလည်း တာဝန်ရှိတယ်၊ အုပ်ချုပ်တဲ့ ယန္တရားမှာ လည်း တာဝန်ရှိတယ်။

မေး ။        ။ တပ်မတော်နဲ့ AA တိုက်ပွဲက ၂၀၂၀ လောက်ထိ ကြာနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေကြတယ်၊ ဆရာရော ဘယ်လိုမြင်လဲ တိုက်ပွဲအရှိန်လျှော့ချဖို့  ဘယ်လို သွားသင့်လဲ။

ဖြေ ။       ။ ပွင့်ပွင့်လင်းလင်းပြောရင် ဒီတိုက်ပွဲကို ၂၀၂၀ ဆိုတဲ့ ကန့်သတ်မှုနဲ့တိုက်နေတယ်ဆိုရင်တော့ မှန်ကန်တဲ့ ရွေးချယ်မှု ဟုတ်ကော ဟုတ်ပါ့မလား မေးစရာရှိတယ်၊ ဒါပေမယ့် စစ်တိုက်တဲ့ဥစ္စာ ဘယ်နှခုနှစ်ထိ တိုက်မယ်၊ ဘယ်နှ ခုနှစ်ထိ မတိုက်တော့ဘူးလို့ လုပ်လို့မရဘူး။ စစ်တိုက်ခြင်းရဲ့ ရည်ရွယ်ချက်က နိုင်ငံရေး ရည် ရွယ်ချက်ပဲ နိုင်ငံရေးလုပ်တဲ့ နေရာမှာ ကျနော်တို့က အကြမ်းတမ်းဆုံး အမြင့်ဆုံးနည်းက လက်နက်ကိုင်တာပဲ။

ကမ္ဘာ့သမိုင်းတွေ အကုန်လုံးကို ကြည့်တဲ့အခါမှာ နိုင်ငံလွတ်လပ်ရေး တော်တော်များများမှာ ကျနော်ထင်တယ် တိုင်းပြည် ၁၀ ခုမှာ ၇- ၈ ခုလောက်က လက်နက်ကိုင်တော်လှန်ရေးဆိုတာ လုပ်ခဲ့ရတယ်။ အဲဒါ ဘာကြောင့် လုပ်ခဲ့ရလဲဆိုရင် အဲဒီလက်နက်ကိုင်ဆိုတဲ့ idea ကိုယ်၌က ကျနော်တို့ လက်ဝဲ အယူအဆတွေပါတယ်။ နောက် တခုက ကိုလိုနီအုပ်ချုပ်မှု ယန္တရားက အရမ်းကို စနစ်တကျဖြစ်လာတဲ့အခါကျတော့ အဲလို လက်နက် စွဲကိုင် ပြီးတော့ မတော်လှန်ရင် ဘယ်လိုမှ မခုခံနိုင်ဘူး၊ မတွန်းလှန်နိုင်ဘူး မရုန်းထနိုင်ဘူး။ အဲမှာ လက်နက်ကိုင်စွဲမှုကို သုံးရတာတွေရှိတယ်။

ဒါပေမယ့် တိုင်းပြည်ထူထောင်တဲ့အခါကျတော့ အဲဒီ လက်နက်ကိုင်တဲ့ ပုဂ္ဂိုလ်အားလုံးက လက်နက်ကိုင်တဲ့ အဖွဲ့အစည်း ထဲကနေ သူတို့ ထွက်ကျတယ်။ ဥပမာ မြန်မာနိုင်ငံသမိုင်းမှာတောင်မှ ဗိုလ်ချုပ် အောင်ဆန်းပေါ့ နော်။ ဗိုလ်ချုပ် အောင်ဆန်းက အင်္ဂလိပ်ကို တော်လှန်တယ်၊ ဂျပန်ကိုတော်လှန်တယ် သူကိုယ်တိုင် စစ်ပညာ သွားသင်တယ် ရဲဘော်သုံးကျိပ်ကို ဦးဆောင်ပြီ သင်တယ်။

တကယ့်တကယ် လွတ်လပ်ရေး ရဖို့သေချာပြီ ဗိုလ်ချုပ်အောင်ဆန်း ၁၉၄၅-၁၉၄၆ မှာ သေနတ်ကိုင်ဖို့ သူလုပ်တယ်၊ ၁၉၄၇ လည်းကျရော တနှစ် နှစ်နှစ်ပဲ သူစစ်သားလုပ်တာ။ အဲဒါပြီးတော့ သူတပ်ကနေ ထွက်တယ်၊ ထွက်ပြီးတော့ နိုင်ငံရေးသမား ခံယူတယ်။ အဲတော့ ပုဆိုးတွေဘာတွေ ဝတ်တယ်၊ တိုက်ပုံဝတ်တယ် အဲတော့ စစ်ဗိုလ်ယူနီဖောင်း ချွတ်လိုက်တယ်။ အောင်ဆန်း-အက်တလီ စာချုပ် ချုပ်တဲ့အချိန်မှာ သူက ဦးအောင်ဆန်း ဖြစ်နေပြီ အရင်တုန်းက သခင် အောင်ဆန်းပေါ့၊ နောက်တော့ ဗိုလ်ချုပ်အောင်ဆန်းပေါ့၊ နောက် ဦးအောင်ဆန်းပေါ့။

အဲတော့ ကျနော်တို့က ဘာအမှတ်မှားနေသလဲပြောရင် နိုင်ငံရေးကို စစ်ယူနီဖောင်းနဲ့ လုပ်လို့ရတယ်ဆိုတဲ့ အယူအဆပေါ် ကို အမှတ်မှားနေတယ်။ အခုတပ်ကိုပဲ ကျနော်တို့က စစ်တပ်လုပ်နေပြီးတော့ နိုင်ငံရေး ဝင်လုပ်နေတယ် ပြောနေတာ၊ အခု တိုင်းရင်းသားလက်နက်ကိုင်တွေ အားလုံးကလည်း စစ်ယူနီဖောင်းနဲ့ နိုင်ငံရေး လုပ်နေကြတာပဲ။

ဒီဟာတွေ ပြန်ကြည့်တဲ့အခါကျရင် ဘာတွေ့ရလဲဆိုရင် တပ်ကလည်း နိုင်ငံရေး တနည်းအားဖြင့် တကယ့် နိုင်ငံရေး ယန္တရားထဲကနေ ဆုတ်ဖို့လိုတယ်ဆိုရင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေမှာလည်း ဒါကို ကွဲကွဲပြားပြား ဖြစ်ဖို့လိုတယ်လို့ စဉ်းစားချက်တွေရှိတယ်။ အဲကြောင့်မလို့ AA ကလည်း ၂၀၂၀ ရည်မှန်းချက် လုပ်တယ်ဆိုရင် ၂၀၂၀ မှာ သူတို့လိုချင်တဲ့ နိုင်ငံရေး သဘောတူညီချက်ကို ရအောင်လုပ်မယ်လို့ပြောရင် တိုက်ပွဲတွေကို လက်ရှိမှာ ရပ်ဖို့လိုတယ်။

မေး ။        ။ ဆရာပြောတဲ့အထဲမှာ ဦးအောင်ဆန်းက လွတ်လပ်ရေးယူဖို့ တပ်ဖွဲ့ပြီး တိုက်တယ်ပေါ့၊ နောက်လွတ်လပ်ရေး ရတော့မယ့် အချိန်မှာ အရပ်သားပြောင်းခဲ့တယ်။ ဆိုတော့ AA ကလည်း သူ့ကို အသိအမှတ်ပြုဖို့ အတွက် ပထမဆုံး လက်နက်ကိုင် တိုက်ခိုက်မှုလုပ်တယ် အခု အသိအမှတ်ပြုနေပြီ နိုင်ငံရေးဆွေးနွေးဖို့အတွက် စစ်ပွဲကို ရပ်ထားပြီး သွားရင် မဖြစ်နိုင်ဘူးလား။

ဖြေ ။       ။ အဲဒါ နည်းနည်းလေး ခက်တယ်၊ ဘယ်လို ခက်သလဲဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းက ဂျပန်ကို တော်လှန်တဲ့ အခါမှာ အချုပ်အခြာ အာဏာပိုင်တဲ့ တိုင်းပြည်တခုရဲ့ တော်လှန်ရေး လုပ်ငန်းစဉ် ရှင်းတယ်။  ဗိုလ်ချုပ်အောင်ဆန်းက ဂျပန်ကို တော်လှန်တဲ့ပုံစံနဲ့ AA က မြန်မာ့တပ်မတော်ကို တိုက်ခိုက်တဲ့ပုံစံက မတူဘူး၊ သေသေချာချာ စဉ်းစားရင် သူက တချိန်မှာ အပြောင်းအလဲ တခုဖြစ်လာရင် အုပ်ချုပ်မှုအဖွဲ့ အစည်းကို တာဝန်ယူရမယ်။ ဘယ်သူပဲဖြစ်ဖြစ် လက်ရှိ တွေ့ဆုံ ဆွေးနွေးမှုတွေ ပြီးသွားရင် သူက ခေါင်းဆောင် တွေဘာလုပ်မယ်လို့ စဉ်းစားရမယ်။

ဦးအင်ဘန်လ၊ ဦးယွက်စစ်၊ ဦးစောမူတူးစေးဖိုး ဘာလုပ်မလဲ သူတို့နိုင်ငံရေးထဲကို ဝင်လာမယ်ဆိုရင် ငြိမ်းချမ်းရေး လုပ်ငန်း စဉ် ပြီးသွားရင် ဒီအပွင့်က တရား မဝင်တော့ဘူး။ လက်ရှိ တော်လှန်ရေးကာလမှာ တရားဝင်တယ်။ လက်ရှိ သူတို့ ဗိုလ်ချုပ်ကြီးတွေ ဖြစ်နေတာ NCA အရဖြစ်နေတာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မဟုတ်ဘူး။ သူတို့တပ်လာလို့ရတယ် ဒါပေမယ့် အဲဒါသည် NCA အရဖြစ်တာ အဲ NCA သည် ဖွဲ့စည်းပုံကို ကျော်တယ်။

NCA ရဲ့ အခြေအနေ တော်တော်များများသည် ဖွဲ့စည်းပုံကို ကျော်ထားတယ်၊ ဒါပေမယ့် ဒီအဖွဲ့တွေသည် တရားဝင်တာက ဖွဲ့စည်းပုံကြောင့် မဟုတ်ဘူး၊ အဲတော့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တရားဝင်တာ မဟုတ်တဲ့ အခါကျတော့ ဒီအပွင့်ကြီးတွေ က တပ်လာလို့မရဘူး၊ ဒါပေမယ့် NCA အရ သူတို့ တပ်လာလို့ ရတယ်။ အဲအတွက်ကြောင့်မလို့ ကိုထွန်းမြတ်နိုင်သည် နိုင်ငံရေး လုပ်မယ်ဆိုရင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်နဲ့ လုပ်လို့မရဘူး ဦးထွန်းမြတ်နိုင်နဲ့ပဲ လာလုပ်လို့ရမယ်။ အဲလိုမှ မဟုတ်ဘူး သူနိုင်ငံရေး မလုပ်ဘူး ဒီအပွင့်ကြီးပဲ ဆက်တပ်ချင်တယ်ဆိုရင် သူတပ်ကိုသွားပေါ့ တပ်ကိုပြောင်းပေါ့။

ဖိလစ်ပိုင်မှာဆိုရင် MNLF က လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေး (SSR) လုပ်တဲ့အခါကျတော့ Moro National Liberation Front (MNLF) မှာ သုံးပွင့်ဆိုရင် သူက ဒီဘက် အစိုးရဘက်မှာဆိုရင် နှစ်ပွင့်နဲ့ ပြန်လက်ခံတယ်၊ ဒါပေမယ့် သူတို့ စာမေးပွဲ ဖြေရသေးတယ်။ တပ်နဲ့သက်ဆိုင်ရာ စာမေးပွဲဖြေလို့ အောင်ရင်တော့ သူ့ပြန်ပေးတယ်။ အောင်အောင်လည်း သူတို့လုပ် ပေးတယ်။ အဲတော့ ကိုထွန်းမြတ်နိုင်က သူအပွင့် ဆက်ချိတ် ချင်သေးတယ်ဆိုရင် တပ်ကိုပြောင်း ဒါပဲရှိတယ်။ တပ်မပြောင်းရင် ရဲပြောင်းမလား အဲတော့ ဒါသည် အုပ်ချုပ်မှု အဖွဲ့အစည်း မဟုတ်ဘူး၊ လက်တွေ့ လုပ်ကြတဲ့အခါ တပ်က ဗိုလ်ချုပ်လုပ်လို့ မရဘူး။

ထိုင်းမှာ ဗိုလ်ချုပ်ကြီး ပရာရွတ်ချန်အိုချာတောင်မှ နောက်ဆုံး အငြိမ်းစားလုပ်ရတယ်။ သူဝန်ကြီးချုပ် လုပ်ချင်တော့ ဗိုလ်ချုပ်ကြီး ငြိမ်းလုပ်ရတယ် တပ်ကနေ ထွက်ကို ထွက်ရတယ်။ ရာထူးလက်ရှိနဲ့လုပ်လို့မရဘူး။ အဲအတွက်ကြောင့်မလို့ ကိုထွန်းမြတ်နိုင်တို့ အဲလောက်ထိ အမြင်ကျယ်ကျယ် စဉ်းစားမယ်ဆိုရင် ဒီအပွင့်ကြီးတွေနဲ့ မြို့ပေါ်တက်လာလို့မရဘူး၊ အဲဒါကို ပြောချင်တာ။ အဲတော့ အပွင့်ကြီးတွေနဲ့ တတ်လာမယ့်အစားကို နိုင်ငံရေးအဖွဲ့အစည်း အနေနဲ့လုပ်ဖို့ လိုတယ်။

လောလောဆယ်မှာ သွေးပူနေလို့သာ ဖြစ်နေတာ အဲတော့ AA က ဘာကို ရည်မှန်းချက်ထားလဲဆိုတော့ တိုက်ပွဲကို ထားတယ်၊ တိုက်ပွဲကြောင့် AA ဆိုတာ ရတာ။ ဒါပေမယ့် ဒီတိုက်ပွဲဟာ တချိန်ကျရင် တန့်သွားလိမ့်မယ်။

မေး ။        ။ အခု တိုက်ပွဲတွေက ရပ်တန့်နိုင်ဖို့က မလွယ်သေးဘူး ဆက်ဖြစ် နေအုံးမယ်လို့ သုံးသပ်နေကြတော့လေ၊ ဆက်ဖြစ်နေရင် ပလက်ဝထဲမှာ ဒေသခံတွေ အိုးအိမ် စွန့်ခွာမှုတွေ၊ ဖမ်းဆီးခံရမှုတွေ၊ သေဆုံးမှုတွေ ဖြစ်မှု မြင့်မားလာနိုင် တယ်ဆိုတော့ ချင်းပြည်နယ်အစိုးရနဲ့ ချင်းအဖွဲ့အစည်းတွေ ဘာတွေ ပြင်ဆင်ထားလဲ။

ဖြေ ။       ။ အဲဒါကတော့ ကျနော်တို့ ၂ ပိုင်း ၃ ပိုင်းမြင်တာပေါ့ ပထမက ထောက်ပံ့မှုလုပ်တဲ့ဟာပေါ့။ အခု ကျနော်တို့ ချင်းတွေအနေနဲ့က ပလက်ဝက IDPs တွေအတွက်ပါမကဘူး၊ ရခိုင်ပြည်နယ်ထဲက ချင်း IDPs တွေ အတွက်ပါ စစဉ်းစား နေရပြီ။

ရေရှည်ပြန်လည် ထူထောင်ရေးဆိုတာ မစဉ်းစားလို့မရတော့ဘူး၊ ခု ပလက်ဝကို လူ ၇၀၀ လောက်ရောက် လာတယ်၊ ကျနော်တို့ တော်တော်ရှော့ ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုရင် အစောပိုင်းတုန်းက မြို့ပေါ်ကို ကျနော်တို့က IDPs အတက်မခံဘူး၊ အတက်မခံတဲ့ အကြောင်းအများကြီးရှိတယ် သူတို့ကို မစာနာ တာ မဟုတ်ဘူး၊ မြို့ပေါ်ကို IDPs ရောက် လာပြီး ဆိုကတည်းက အုပ်ချုပ်ရေးယန္တရား ထိသွားတယ်၊ တပ်ရဲ့ ဝင်ရောက် စွက်ဖက်မှုကလည်း ပိုများသွားပြီ၊ ဒါပေမယ့် အခုက မြို့ပေါ်တက်လာပြီး လူအယောက် ၇၀၀ ဆိုတာ နည်းတာမဟုတ်ဘူး။ ဒီထက် ပိုတက်လာဖို့ ရှိတယ်။

အဲတော့ ပလက်ဝမြို့ဟာ IDPs တွေလက်ခံတဲ့ မြို့ဖြစ်သွားပြီ တိုက်ပွဲက ကြာလေလေ ဒီလူတွေကို ဘယ်လို လုပ်မလဲ အဲတော့ လက်ရှိ အနေအထားက ပလက်ဝမြို့ဟာ ကျနော်တို့က ပြန်လည်ထူထောင်ရေး နေရာချ ထားရေး ဒါလုပ်ရ တော့မယ်။ ဒါက ပထမတခုပေါ့။ အဲဒါကို ကျနော်တို့ စစဉ်းစားနေပြီ။ အစီစဉ်ရေးဆွဲတဲ့လူတွေ က လူငြိမ်သွားအောင် စောင့်နေရတယ်။

ဒုတိယ တခုကတော့ ကျနော်တို့က ဒီလိုမျိုး ဖြစ်တဲ့ဟာကို လူတော်တော်များများက ပလက်ဝမြို့နယ်ဟာ ရခိုင် ပြည်နယ် ထဲမှာပဲ ရှိနေသလိုလို၊ ပလက်ဝ လူဦးရေ ၈၀ ရာခိုင်နှုန်းက ရခိုင်တွေပဲ ဖြစ်နေသလိုလို အဲအတွက် ကြောင့်မလို့ AA သွားနေတယ်လို့ ထင်ကြတာပေါ့လေ။ အဲအတွက် လူတော်တော်များများက ပလက်ဝသည် ရခိုင်ပြည်နယ်လို့ပဲ ထင်တာ တချို့သိတဲ့လူတွေကလွဲလို့ပေါ့။ အဲမှာ ချင်းလည်း ရှိလို့ ချင်းတွေကပဲ ရခိုင်ပြည် နယ်ထဲမှာ မပေါင်းချင်လို့ဆိုတာမျိုးတွေ လည်း တချို့ကလည်း ထင်ကြတယ်။

တကယ်တော့ ပလက်ဝမြို့နယ်ဟာ ချင်းပြည်နယ်ထဲမှာ ရှိနေတယ်၊ ပလက်ဝလူဦးရေ ၈၀ ရာခိုင်နှုန်း ကျော်ဟာ ချင်းတွေ ဖြစ်တယ်၊ AA ဝင်လာတာက ချင်းတွေ ညံ့လို့မဟုတ်ဘူး အစဉ်အဆက် နားလည်မှု သဘောထားကြီးမှု အရင်တုန်းက ALP လည်း ဝင်ထွက် သွားလာနေတယ်၊ ALP ရှိတုန်းက ကျနော်တို့ သဘောတူညီမှု ရှိကြတယ်။ ခင်ဗျားတို့ လက်နက်မကိုင်ရင် သွားလာလို့ရတယ်။ အဲဒါကြောင့်မလို့ ကျနော်တို့က ခွင့်ပြုတာတော့ မဟုတ်ဘူးနော် သဘောထားကြီးကြီးနဲ့ နားလည်မှု ပေးလိုက်တာပေါ့နော်။ သီးခံတယ်။

ဒီနောက်ပိုင်းမှာ အရှိန်ပိုများများလာတယ် AA ကို အကြောင်းပြုပြီးတော့ ချင်းနဲ့ ရခိုင်ကြား နားလည်မှုလွဲတဲ့ ကိစ္စတွေ တင်းမာမှု ဖြစ်လာမယ့် ကိစ္စတွေ ကျနော်တို့ တက်နိုင်သမျှ လျှော့ဖို့လုပ်ရမယ်။ နောက်ဆုံးတခုက ဒီတိုက်ပွဲကြီးက နိုင်ငံရေး နည်းလမ်းနဲ့ အဖြေရှာလို့ရအောင် ကျနော်တို့ ဝိုင်းဝန်းပြီးတော့ ဆောင်ရွက်ပေးဖို့ ကိစ္စပေါ့လေ။ ကျနော်တို့က လက်ရှိမှာ အတူတူ ခံဖက်ဖြစ်နေတယ် ဒုက္ခရောက်တဲ့အခါ ဒီနေရာမှာ အဖြေတခုခု ထွက်အောင်လုပ်ရမယ်ဆိုတဲ့ကိစ္စက ကျနော်တို့ပါ ပါဝင်ပြောရမယ်ဆိုတဲ့ ကိစ္စဖြစ်လာတယ်။ ဘာလို့ဆို ဒီအဖြေ မထွက်လာမခြင်း ကျနော်တို့က ကြားမှာ ညှပ်နေမှာကို။

လက်ရှိ အနေအထားမှာတော့ ရခိုင်လူမျိုးတွေ ကိုယ်တိုင်က ဘယ်လိုသဘောထားရှိလဲ မသိဘူး၊ စစ်ပဲ ဆက်တိုက် စေချင်သလား၊ ဘာလားတော့ မသိဘူး ကျနော်တို့ ချင်းတွေကတော့ စစ်တိုက်တဲ့ ကိစ္စ အလုပ် မဖြစ်နိုင်ဘူးလို့ ခံယူတယ်၊ မြင်တယ်၊ အခုချိန်ဆိုရင် AA အနေနဲ့ သူတို့လိုချင်တာ ဒါဘာလားဆိုတာတော့ လူတွေသိသွားအောင် လုပ်နိုင်ခဲ့တယ်။

မေး ။        ။ ဒါဆို ဘယ်လိုပုံစံမျိုးနဲ့ တိုက်ပွဲတွေ ရပ်လို့ရနိုင်သလဲ။ Bilateral စာချုပ် ချုပ်နိုင်ဖို့ ဆွေးနွေးနေတော့ အဲထဲမှာ နှစ်ဖက် လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေနဲ့ ထိထိရောက်ရောက် အရေးယူနိုင်မယ့် စောင့်ကြည့်ရေးယန္တရားတွေ ထည့်ရင်ရော အဆင်မပြေနိုင်ဘူးလား။

ဖြေ ။        ။ တိုက်ပွဲတွေ ရပ်တန့်နိုင်ဖို့ဆိုရင် တွေ့ဆုံ စကားပြောဖို့လိုတယ်၊ နှစ်ဖက်စလုံးက တိုက်ပွဲတွေ ရပ်ဖို့ လိုတယ်။ အစိုးရကလည်း ခင်ဗျားတို့ တော်လောက်ပြီ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ လုပ်ပါ။ ဒီပြည်တွင်းမှာ မပြော နိုင်ရင် ပြည်ပကို သွားပြောပေါ့။ ကျနော်တို့က ခန့်မှန်းရခက်နေတာက ဒီတိုက်ပွဲတွေ တော်တော်များများက ကုလားတန် စီမံကိန်းတွေ သွားထိထိနေတယ်။ အဲဒီ ကုလားတန်စီမံကိန်းက အိန္ဒိယရဲ့ အကောင်အထည်ဖော်မှုဖြစ်တယ်။

တရုတ်က ကျောက်ဖြူမှာနေမယ်၊ မလေးကျွန်းသူယူပြီး၊ ပြီးခဲ့တဲ့ တလ နှစ်လလောက်ကပဲ ဘင်္ဂလားဒေ့ရှ်က ကော့ဘဇားမှာ ရေငုပ်သင်္ဘောချပြီး ဘင်္ဂလားဒေ့ရှ်ကို သူရောက်သွားပြီ။ အဲတော့ တရုတ်က BRI ခေါင်းစဉ် အောက်မှာ ပါကစ္စတန်ရယ်၊ ဘင်္ဂလားဒေ့ရှ်မှာ ကော့ဘဇာ၊ မြန်မာမှာ ကျောက်ဖြူဆိုတော့ အကုန်လုံး ပတ်ထားပြီ၊ ပြီးတော့ အခု AA တောက်လျောက် ဖြစ်တဲ့ တိုက်ပွဲတွေက ပလက်ဝမြို့နယ်ထဲ တောက်လျောက် ဖြစ်တယ်။ ကျောက်တော် ဒီလမ်းကြောင်းပေါ့။

အဲတော့ ကုလားတန်စီမံကိန်းကို တိုက်ရိုက် နှောင့်နှေးသွားစေ ချင်တာလား၊ AA က ကုလားတန်စီမံကိန်းကို နှောင့်နှေး သွားစေ ချင်တယ်ဆိုရင် သူ့ရဲ့စီမံကိန်းလား၊ ဒါမှ မဟုတ်ရင် ဘယ်သူရှိလဲဆိုတာ ကျနော်တို့က ရန်သူ့ရဲ့ ရန်သူက မိတ်ဆွေဆိုတော့ ရှိတော့ ရန်သူရဲ့ မိတ်ဆွေ က ကိုယ့်ရဲ့မိတ်ဆွေပဲဆိုတာမျိုးလို့ ကြည့် လိုက်ရင် ဒီကုလားတန်စီမံကိန်းကို နှောင့်နှေးအောင် လုပ်တာက တရုတ်ကများ နှောင့်နှေးစေချင်တာလား စဉ်းစားချက်ရှိတယ်။

အဲတော့ တချိန်တည်းမှာပဲ ကိုထွန်းမြတ်နိုင် “ဝ” ပွဲတုန်းက ဖြေထားတဲ့ အင်တာဗျူး တခုမှာဆိုရင် တရုတ်ရဲ့စီမံ ကိန်းကို သူထောက်ခံပါတယ်လို့ ဖြေထားတယ်၊ အဲလို ထောက်ခံပါ့မယ်။ ပြောတဲ့ကိစ္စက မြစ်ဆုံလည်း ထောက် ခံမယ်၊ ကျောက်ဖြူကိုလည်း ထောက်ခံမယ်ဆိုတဲ့ ပုံစံမျိုး ဖြစ်နေတယ်။ တရုတ်ရဲ့အကျိုးစီးပွား မထိခိုက်စေရဘူး။ ဆိုတဲ့ အာမခံချက် ပေးတဲ့ဥစ္စာသည် ဘယ်သူ့အတွက် ခြိမ်းခြောက်မှုဖြစ်စေသလဲဆိုတော့ အိန္ဒိယအတွက် ခြိမ်း ခြောက်မှု ဖြစ်စေတယ်။

အဲတော့ ကျနော်တို့ ဒါတွေ ပြန်ဆက်စပ်လိုက်တဲ့ အခါကျတော့ ဒီ AA နဲ့ တပ်မတော်ဖြစ်တဲ့ကိစ္စက AA နဲ့ တပ် ကိစ္စပဲ မကတော့ဘူး ဒေသတွင်း နိုင်ငံရေးကိစ္စဖြစ်လာတယ်။ အဲလိုဆိုရင် အိန္ဒိယတို့၊ တရုတ်တို့၊ ဘင်္ဂလားဒေ့ရှ် တို့လည်း ဝင် ပါလာ နိုင်တယ်။ ဒီလို အခြေအနေမှာ AA က တန်းတူအခွင့်အရေး ရရှိရေးတို့၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးတို့ဆိုတာ သူ့ မျှော်မှန်း ချက်ပေါ့။ ဒါပေမယ့် အဲမှာ ဝိုင်းပြီးတော့ ကစားတဲ့လူတွေက ရှိလာနေတာ၊ ဒါကြောင့် မြန်မာအစိုးရ အနေနဲ့ အရေး ကြီးတဲ့အပိုင်းပါလာပြီ။

တဖက်ကလည်း AA ဘက်က ဆုံးဖြတ်ရမယ့် ကိစ္စတွေ ရှိမယ်၊ နောက်တခုက မြန်မာ အစိုးရ အနေ နဲ့ AA နဲ့တပ်ဖြစ်တဲ့ ကိစ္စကို အဖြေရှာမယ်ဆိုလို့ရှိရင် တရုတ်တို့၊ အိန္ဒိယတို့၊ ဘင်္ဂလားဒေ့ရှ် တို့ကို သူက influence လုပ်နိုင်မှ ဖြစ်တော့မယ်။ influence မလုပ်နိုင်ရင် ဒီစစ်ပွဲက ဆက်ရှိနေမှာ၊ တပ်က တော့ အနေသာကြီးပဲ အခုလည်း အစိုးရက တိုက်ခိုင်းလို့ တိုက်တယ်လို့ပြောတယ်။

ကျနော်တို့လည်း အဲလိုပဲ မျှော်လင့်တာပေါ့လေ။ ဖြစ်ချင်လည်း ဖြစ်သွားနိုင်တယ်၊ ကျနော်တို့က နည်းပညာ ပိုင်ဆိုင်ရာကို စဉ်းစားကြည့်တာ ဒါပေမယ့် တကယ့် တကယ် သူတို့ ဆုံးဖြတ်တဲ့အခါကျတော့လည်း လုပ်သင့်တယ် လုပ်ရင် ပိုကောင်း တယ်ဆိုရင်တောင်မှ လုပ်ချင်မှ လုပ်မှာ။ သိပ်မလုပ်သင့်ဘူး လုပ်ရင်လည်း အကျိုးမရှိဘူးဆိုရင်လည်း လုပ်ချင်လုပ်မှာ ဒါက နိုင်ငံရေးဆုံးဖြတ်ချက်နဲ့ဆိုင်တာ။

ဒါပေမယ့် နည်းပညာပိုင်း ဆိုင်ရာအရ ပြောရမယ်ဆိုရင် ဖြစ်သင့် ဖြစ်ထိုက်တာက Bilateral ထိုးတာက အကောင်းဆုံးပဲ။

မေး ။       ။ ဆိုတော့ ချင်းပြည်နယ်အစိုးရနဲ့ ရခိုင်ပြည်နယ်အစိုးရ ဒီကိစ္စထဲ ပါပြီးတော့ အကြံပြုတာတွေရော မလုပ်သင့် ဘူးလား။ သူတို့ကလည်း တစိတ် တဒေသတော့ သက်ဆိုင်သူတွေဖြစ်နေတာလေ။

ဖြေ ။       ။ တကယ့် တကယ်တော့ လက်ရှိ ပြည်နယ်နဲ့တိုင်းဒေသကြီး အစိုးရများရဲ့ လုပ်ပိုင်ခွင့်အရ တရားဝင် ပြောလို့မရနိုင်ဘူး၊ လွှတ်တော်တွေက ရနိုင်တယ်။ ချင်းပြည်နယ်လွှတ်တော်တို့၊ ရခိုင်ပြည်နယ် လွှတ်တော်တို့က ရနိုင်တယ်။

အစိုးရချင်းဆိုတာထက် လွှတ်တော် ၂ ခုက စကားပြောဖို့လိုတယ်။ အဲဒါ ဘာကြောင့်ပြောသလဲဆိုရင် ဖြစ်တဲ့ အရာ တော်တော် များများကို အစိုးရက ပြည်ထောင်စုအစိုးရ စကားကို နားထောင်ပြီးမှ လုပ်ရတယ်။ ပြည်ထောင်စု အစိုးရ ခိုင်းတဲ့အတိုင်းပဲ သူလုပ်ရတယ်။ အဲတော့ လွှတ်တော်တွေက ပိုပြီးတော့ လုပ်ပိုင်ခွင့်ရှိတယ်။ ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော်တွေက ပြည်ထောင်စုလွှတ်တော်ရဲ့ စကားနားထောင်စရာမလိုဘူး။ အထက်အောက် သွားတာမဟုတ်ဘူး သူက အစိုးရအဖွဲ့မှာပဲ နက်ဝက်ချိတ်တာ ပြည်ထောင်စုလွှတ်တော်က ဘာတွေ မဆွေးနွေးရဘူး ဘာတွေ ဆွေးနွေး ရမယ်လို့ ချပေးလို့မရဘူး။

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်လွှတ်တော်က လွတ်လပ်မှုပိုရှိတယ် အစိုးရထက်စာရင် အဲဒါကြောင့် ဆွေးနွေး သင့်တာက ချင်းပြည်နယ်လွှတ်တော်နဲ့ရခိုင်ပြည်နယ်လွှတ်တော်ထဲ ကိုယ်စားလှယ်တွေ ဒီကိစ္စကို အဖြေရှာ သင့်တယ်။

မေး ။         ။ အရင်တုန်းက ကချင်မှာ KIA နဲ့ တပ်မတော် တိုက်ပွဲတွေ အပြင်းအထန်ဖြစ်တုန်းက ပဋိပက္ခ ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ ဆိုတာမျိုး ဖွဲ့ပြီးတော့ တိုက်ပွဲတွေ ရပ်တန့်နိုင်ရေး လုပ်ခဲ့ကြတယ်။ အခု ရခိုင် တိုက်ပွဲမှာ အဲလိုမျိုး လုပ်ရင်ရော မရနိုင်ဘူးလား။

ဖြေ ။       ။ အဲလိုမျိုးလုပ်ဖို့ ခုကျနော်တို့ ဦးအေးသာအောင်ဦးဆောင်တဲ့ ကော်မတီကို အဆိုင်းမန့်ပေးတယ်လို့ အဲလို နားလည်တယ်။ တည်ငြိမ်အေးချမ်းရေးအထောက်အကူပြုဆိုတော့ နာမည်ကတော့ လှလှပပလေး ဘယ် လောက်ပဲ တက်တက် ဦးအေးသာအောင်တို့၊ ဆရာဖေမြင့်တို့၊ နောက် ရခိုင်လူကြီးတွေပေါ့နော် သူတို့ကို အဲလို အဆိုင်းမန့် ပေးတယ်လို့ နားလည်တယ်။

ဒါပေမယ့် တခုရှိတာက သူတို့က ရခိုင်လူထုကို လွှမ်းမိုးမှုမရှိနိုင်ဘူး influence မရှိနိုင်ဘူး၊ ပိုဆိုးသွားတာက နိုင်ငံရေးအရ သူတို့ စွန့်စားရသလိုမျိုးဖြစ်သွားတယ်။ အဲဒါကို လုပ်ပေမယ့် ဦးလှစောတို့ မထုမေတို့က သူတို့ မသိပါဘူးဆိုပြီးလုပ်တယ်၊ အခုချိန်ထိ အစည်းအဝေးတက်တယ်လို့ မကြားမိဘူး၊ ပြည်ထောင်စုအစိုးရအဖွဲ့က ကြားဝင် စေ့စပ်ညှိနှိုင်းဖို့ ဖွဲ့ပေးပြီး အလုပ်လုပ်နိုင်အောင် စဉ်းစားခဲ့ပေမယ့် လက်ရှိက ရံပုံငွေရှာတဲ့ အဖွဲ့ လောက်ပဲ ဖြစ်နေတယ်။

နောက်တခု စဉ်းစားလို့ရတာက ရခိုင်လူမျိုးတွေထဲမှာ ရခိုင်ညီညွတ်ရေးကော်မတီဆိုတာ ရှိတယ်၊ အဲထဲမှာ ပါတဲ့ လူတွေက သူတို့ရဲ့နိုင်ငံရေးပေးဆပ်မှု၊ အတိုင်းအတာတခုထိ သြဇာလွှမ်းမိုးတဲ့ဟာရှိတယ်၊ တဖက်ကလည်း လူထုက သူတို့ထဲက ခေါင်းဆောင် တော်တော်များများကို လက်ခံတာရှိတယ်၊ အဲတော့ နားထောင်မှုရှိတယ်။ ဒါပေမယ့် လက်ရှိအနေအထားမှာ အဲဒီအဖွဲ့ကို အစိုးရဘက်က ဘယ်လောက်အထိ လက်ခံ အသိအမှတ်ပြုလဲ ဆိုတာ ပြဿနာရှိတယ်။

အကောင်းဆုံးကတော့ အဲလိုအဖွဲ့မျိုးနဲ့ အလွတ်သဘော ဆွေးနွေးသင့်တယ်၊ ညှိနှိုင်းသင့်တယ် အတိုင်းအတာ တခုထိ အဖြေရှာသင့်တယ်၊ ဥပမာ ပလက်ဝမှာဆိုလို့ရှိရင် ခူမီးရေးရာကောင်စီဆိုရင် အဲလိုမျိုးအဖွဲ့ဖြစ်တယ်။ အဲဒါမျိုးတွေနဲ့ သူက ဝင်သင့်တယ်။ အဲတော့ အဲလို ဖြစ်ဖို့အတွက် တတိယအုပ်စု တခုလိုတယ်၊ ရခိုင်တွေလည်း ပါတယ်၊ ရခိုင်မဟုတ်တဲ့ လူတွေလည်း ပါဖို့လိုတယ်၊ ရခိုင်တွေကြီးပဲဆို ပြောရခက်တယ်၊ ဒီတော့ ရခိုင်၊ ချင်း၊ တခြား ရခိုင်-ချင်းမဟုတ်တဲ့ထဲက ရခိုင်တွေ လက်ခံနိုင်တဲ့ ပုဂ္ဂိုလ်နဲ့ ဖွဲ့ပြီးတော့ ညှိနှိုင်းတဲ့ ကိစ္စဆို အလုပ်ဖြစ်နိုင် တယ်။ အခုထိ အဲဒါ ဘယ်သူမှ မလုပ် နိုင်သေးဘူး။

You may also like these stories:

ချင်းပြည်နယ် စည်ပင် ဝန်ကြီးနှင့် ဝန်ကြီးဟောင်းတို့ ခြိမ်းခြောက်ခံရ

အကောင့်အတုဖြင့် AA အားပေးသည့် ဝန်ထမ်းများ ချင်းပြည်နယ်အစိုးရ အရေးယူမည်

“လောလောဆယ် ချင်းကိုပဲပြန်ခိုင်းတယ်”

Did you find apk for android? You can find new Free Android Games and apps.
Loading