မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် စစ်ပဋိပက္ခများကြောင့် ပြည်သူများက အိုးအိမ်များကို စွန့်ခွာပြီး ဒုက္ခသည်များ အဖြစ် နေထိုင်ကြရသည်။ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့် လူဦးရေ တသိန်းခန့်သည် အိမ်မပြန်နိုင်ကြသေးသည့် အခြေအနေမှာပင် ရှိသေးသည်။ ထိုနေရပ်စွန်ခွာသူများ၏ လက်ရှိအခြေအနေနှင့်ပတ်သက်ပြီး အရပ်ဘက် အဖွဲ့အစည်းနှင့် ဒုက္ခသည်စခန်းတွင် နေထိုင်သူများအား ဧရာဝတီသတင်းထောက် လဲ့လဲ့က ဆက်သွယ် မေးမြန်းထားသည်။
မီးမီး (ကရင်နီ အမျိုးသမီးအစည်းအရုံး)
ကရင်နီဒုက္ခသည်စခန်းက အမှတ် ၁၊ အမှတ် ၂ ဆိုပြီး ၂ ခုရှိတယ်။ လူဦးရေက ၁၄၀၀၀ ကျော်ရှိတယ်။ အခု နောက်ပိုင်းမှာဆိုရင် သူတို့ကိုထောက်ပံ့မှုတွေက လျော့ချလာတယ်။ အရင်တုန်းက ရိက္ခာတွေ၊ TBC တို့ ဘာတို့ကဆို လူတယောက်ကို ဆန်တပုံးတို့ ဆီတပုလင်းတို့၊ ကုလားပဲတို့ ငရုတ်သီးတို့စတာတွေ ပံ့ပိုးမှုရှိတယ်။ မြန်မာငွေနဲ့ တွက်မယ်ဆိုရင် တသောင်းခန့် ရှိတဲ့ ကတ်လေးတွေ ပေးတယ်။ အဲဒါနဲ့ သူတို့ရပ်တည်ရတယ်။ သူတို့ရဲ့အခြေအနေက ဒုက္ခသည်လို့ ပြောပေမယ့် ထိုင်းနိုင်ငံက ဒုက္ခသည်အဖြစ် အသိအမှတ်ပြုထားတာ မဟုတ်ဘူး။ လူသားချင်းကိုယ်ချင်းစာနာမှုအရပဲ လက်ခံထားပေးတာ။ သူတို့က ၁၉၅၄ ခုနှစ်ရဲ့ ဒုက္ခသည်ကွန်ဗာရှင်းမှာ သူတို့က လက်မှတ် မထိုးထားဘူး။
နောက်ပြီး ဒီဒုက္ခသည်အဖြစ် အသိအမှတ်ပြုမထားပဲနဲ့ လူသားချင်းစာနာသူအဖြစ် ကူညီထားတယ်။ စခန်းရဲ့ ပြင်ပကို သွားပြီး အလုပ်လုပ်ခွင့်မရှိဘူး။ မရှိဘူးဆို ဒီထဲမှာရှိတဲ့ဒုက္ခသည်တွေက ရိက္ခာတွေလျော့ချတဲ့အတွက် သူတို့ရတဲ့ တသောင်းလောက်နဲ့ တလစာမလောက်ဘူး။ မလောက်တော့ အမျိုးသားတွေက စခန်းအပြင်ကို ခိုးထွက်ကြတယ်။ ခိုးထွက်လို့ တခုခုဖြစ်ရင် ကိုယ့်ဘာသာခံဆိုပေမယ့် ခိုးထွက်တယ်။
ထိုင်းရွာတွေမှာ သွားပြီး အလုပ်လုပ်တယ်။ အဲဒီလိုလုပ်တဲ့အခါမှာ သူတို့က ခေါင်းပုံအဖြတ်ခံရတယ်။ သူတို့က တရားဝင်အလုပ်သမား မဟုတ်ဘူး။ ခိုးထွက်လာတဲ့ ဒုက္ခသည်မှန်းသိတဲ့အခါမှာ တချု့ိဆိုရင် ထိုင်းနိုင်ငံမှာဆို သစ်ခုတ်တာက တအား အပြစ်ကြီးတယ်။ ထိုင်းနိုင်ငံသားတွေကပဲ သစ်ခုတ်ဖို့ အလုပ်သမားခေါ်တယ်။ ဆယ်ရက်လောက်ခိုင်းပြီးလို့ လုပ်ခရှင်းရင် ရဲခေါ်ပြီး ဖမ်းခိုင်းတော့ သူတို့က ထွက်ပြေးတော့ လုပ်အားခလည်း မရဘူး။
နောက်တော့ ဒီဘက်ကိုလည်းပဲ ပြန်လာရတယ်။ တချို့ကျတော့လည်းပဲ အဲဒီလိုသွားပြီးအလုပ်ထွက်လုပ်တော့ မိရော။အဖမ်းခံထိပြီး နယ်စပ်မှာ သွားပြန်ထုတ်ရတာတွေရှိတယ်။ တချို့က အဖမ်းခံထိပြီးတော့ ထိုင်းထောင် ထဲကို ရောက်သွားတာတွေ ရှိတယ်။ အဒီဲလိုတရားဝင်မဟုတ်ပဲနဲ့ အလုပ်ထွက်လုပ်လို့ ပြဿနာဖြစ်ရင် UNကလည်း ပယ်ခံထိတယ်။
အမျိုးသမီးငယ်လေးတွေကျတော့ ဒီလိုလျော့ချတာတွေရှိလာတဲ့အခါ လုံလောက်မှုမရှိဘူး။ ရပ်တည်ဖို့အတွက် အဆင်မပြေဘူးဆိုတော့ သူတို့က အပြင်ထွက်ပြီး အလုပ်လုပ်ရတာတွေရှိတယ်စသဖြင့် ထိုင်းရွာလေးတွေမှာ ကောက်စိုက်၊စားသောက်ဆိုင်တွေမှာ လုပ်ရတာရှိတယ်။ အဲဒီလိုလုပ်တဲ့အခါမှာဆိုရင်လည်း လိင်ပိုင်းဆိုင်ရာ ချိုးဖောက်ခံရတာတွေရှိတယ်။
တချို့ဆိုရင် ကျမတို့ ကရင်နီစခန်းမှာ မိဘတွေက စားဝတ်နေရေးအတွက် အဆင်မပြေတဲ့အခါ ကိုယ့်ရဲ့ ကလေးကို ထိုင်းအမျိုးသားနဲ့ ပေးစားတာလည်း မဟုတ်ဘူး။ ရောင်းစားတာလည်း မဟုတ်ဘူး။ ဥပမာ တလ၊ ၂ လလောက်ပေးနေလိုက်တယ်။ ထိုင်းဘတ် ၂ ထောင်၊ ၃ ထောင်လောက်ရတယ်။ အဲဒါက တော်တော်လေးကို သူတို့အတွက် အဆင်ပြေတော့ လုပ်ကြတယ်။
စခန်းထဲမှာနေတဲ့သူတွေက သူတို့မှာ မျှော်လင့်ချက်တွေ မရှိဘူး။ သူတို့အပြင်လည်း မထွက်ရဘူး။ ဒီရိက္ခာ လေးနဲ့ပဲ နေရတယ်။ အဲဒီတော့ အလုပ်လုပ်ခွင့်လည်းမရှိတော့ မျှော်လင့်ချက်မရှိတော့ စိတ်ဓာတ်တွေ ကျလာ တယ်။ အဲဒီလိုစိတ်ဓာတ်ကျလာတော့ မူးယစ်ဆေးဝါးတွေ၊ အရက်တွေ မှီဝဲကြတယ်။ မှီဝဲလာတော့ အိမ်တွင်း အကြမ်းဖက်မှုတွေ ဖြစ်လာတယ်။
ကရင်နီဒုက္ခသည်စခန်းက စပြီးဖြစ်လာတာက ၁၉၉၀ ခုနှစ်ကတည်းက ဖြစ်တယ်။ ပြည်တွင်းစစ်ကြောင့် ဒုက္ခသည်တွေ ဖြစ်လာကြတယ်။ သူတို့ရွာတွေမီးရှို့ခံရတယ်။ သူတို့ လူ့အခွင့်အရေး ချိုးဖောက်မှု ခံရတယ်။ပေါ်တာတွေ အဆွဲခံရတယ်။ နောက်ပြီး မြေမြုပ်မိုင်းတွေ ရှိတဲ့အခါမှာ သူတို့ ထွက်ပြေးတိမ်းရှောင်လာရင်းမှ ဒုက္ခသည်တွေ အဖြစ် ရောက်လာကြတယ်။
သူတို့က ပြန်ချင်ပေမယ့် သူတို့လုံခြုံစိတ်ချစွာ ပြန်ရဖို့ကို သူတို့မျှော်လင့်တယ်။ သူတို့ပြန်မယ်ဆို သူတု့ိရပ်တည် ဖို့အတွက် သူတို့ရဲ့အသက်မွေးဝမ်းကျောင်းအတွက်ကို အာမခံချက်ရှိတဲ့ ပံ့ပိုးမှုတွေ အဓိကက ၂ နှစ်လောက် လုပ်ပေးဖို့လိုတယ်။ နောက်ပြီး သူတို့စားသောက်ဖို့ အတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးဖို့ လိုတယ်။
သူတို့က ပြည်တွင်းစစ်ကြောင့်ပြေးလာရတာဆိုတော့ သူတို့ရဲ့အဖြစ်ချင်ဆုံးဆန္ဒက ကိုယ်ရဲ့တိုင်းပြည်၊ ကိုယ့်ရဲ့ ပြည်နယ်မှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြည်တွင်းစစ်တွေ မဖြစ်တော့ဘဲနဲ့ ငြိမ်းချမ်းသွားတဲ့အခြေအနေမျိုး ရောက်ချင်တယ်။ ဘာလို့လဲဆိုတော့ စစ်ဆိုတဲ့အသံကိုလည်း မကြားချင်ဘူး။ သေနတ်သံလည်း မကြား ချင်တော့ဘူး။ အဓိကက တကယ်အဓိပ္ပာယ်ပြည့်ဝတဲ့ငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့ဆိုတဲ့ဟာက သူတို့ရဲ့ အလိုလားဆုံး ဆန္ဒဖြစ်တယ်။
စောဝေလေး (ကရင်လူ့အခွင့်အရေးအဖွဲ့ )
တဖက်နိုင်ငံမှာရှိနေတဲ့ ဒုက္ခသည်ကိုသော်လည်းကောင်း ပြည်တွင်းမှာရှိတဲ့ IDP တွေကိုသော်လည်းကောင်း နေရပ် ပြန်ဖို့အတွက် သူတို့ပြန်နိုင်မယ့်နေရာတော်တော်များများက လုံခြုံမှု မရှိသေးပါဘူး။ သို့သော်လည်း မြန်မာ အစိုးရအနေနဲ့သော်လည်းကောင်း၊ ထိုင်းအစိုးရအနေနဲ့သော်လည်းကောင်း ပြီးတော့လည်း UNHCR အပါအဝင် ထောက်ပံ့မှုတွေနဲ့ပတ်သက်ပြီး အကောင်အထည်ဖော်လျှက်ရှိပါတယ်။ အရေအတွက် ၅၀၀ ကျော် ကျော် လောက်က ပြန်ခဲ့ပြီးပါပြီ။ ပြန်တဲ့နေရာမှာ ပြန်တဲ့ ဒုက္ခသည်တွေ သူတို့ရဲ့စားဝတ်နေရေးအခြေအနေက ဘယ်လိုလဲ။ သူတို့ရဲ့လူ့အခွင့်အရေးချိုးဖောက်မှုရှိလား။ ဒါမှမဟုတ် သူတို့လုံခြုံမှုပိုင်းဆိုင်ရာ ခြိမ်းခြောက်မှု တစုံတရာရှိလား။ တချို့သော ဒုက္ခသည်တွေ ပြန်တဲ့နေရာမှာဆိုရင် ရေရှည်လုံခြုံမှု ဒါမှမဟုတ် လုံလောက်တဲ့ လုံခြုံမှု မရှိသော်ငြားလည်း တည်ငြိမ်တဲ့နေရာတွေမှာ ပြန်လည်နေရာချထားတာလည်း ရှိပါတယ်။
တချို့နေရာမှာတော့ မြေမြုပ်မိုင်းတွေ အန္တရာယ်ရှိတဲ့နေရာတွေမှာ ဒုက္ခသည်တွေ ရှိနေတယ်။ လက်တွေ့မှာ ဆိုရင် သူတို့ပြန်လာတဲ့အခါ လုံခြုံရေးပိုင်းဆိုင်ရာကြည့်လိုက်ရင် အသက်အန္တရာယ်ရှိပါတယ်။ ပြန်သွားလို့ မိုင်းထိပြီး သေသွားတဲ့သူလည်းရှိတယ်။
ထိုင်းဘက်အခြမ်းမှာဆိုရင် ဒုက္ခသည်က သိန်းနဲ့ချီရှိပါတယ်။ ဒုက္ခသည်စခန်းတွေက ကရင်၊ ရှမ်း၊ ကရင်နီပါ ရှိတယ်။ သူတို့က ရိက္ခာလျော့ချလိုက်တော့ ဖိအားပေးသလိုဖြစ်နေတော့ သူတို့ နေရပ်ပြန်ဖို့က အရေးကြီးလို့ နေတယ်။ အဲဒါက သူတို့အတွက် အခက်အခဲဖြစ်တယ်။
ဒုက္ခသည်တွေကို ကူညီထောက်ပံ့မှုက အကန့်အသတ်ရှိတဲ့အတွက် သူတို့စားဝတ်နေရေး ပုံမှန်ရဖို့လိုအပ်တယ်။ နောက်ပြီး သူတို့အတွက် အသက်မွေးဝမ်းကျောင်း အလုပ်တွေပေးဖို့လိုတယ်။ သူတို့မှာ အခက်အခဲများစွာ ကြုံရတော့ သူတို့ရွာတွေမှာ ပြန်ပြီး လယ်လုပ်တဲ့အခါ ဒဏ်ရာရရှိတာရှိသလို၊ သေသွားတာတွေလည်း ရှိတယ်။
ဘီကျင့် (ကုန်းကျောရှမ်းဒုက္ခသည်စခန်း)
၂၀၀၂ ခုနှစ်ကတည်းက လက်ရှိ ရွက်ဆစ်ဦးဆောင်တဲ့ ရှမ်းတပ်နဲ့ မြန်မာတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားတဲ့ အတွက် ပြည်သူတွေ ဒုက္ခရောက်တယ်။ ပြည်သူတွေရဲ့ အိုးအိမ်တွေကို မီးရှို့တယ်။ ရှိတဲ့ပိုင်ဆိုင်တဲ့ဟာတွေ အကုန်လုံးကိုလည်း သိမ်းတယ်ဆိုတော့ သူတို့က ဘာမှမပါပဲနဲ့ အဝတ်တထည် ကိုယ်တခုနဲ့ ထွက်ပြေးကြ တယ်။
အစိုးရဘက်က ထောက်ပံ့တဲ့ဟာ ဘာတခုမှ မရှိဘူး။ အခု ကုန်းကျောရှမ်းဒုက္ခသည်စခန်း တခြားကရင်တို့၊ ကရင်နီတို့ ဒုက္ခသည်စခန်းတွေလို အသိအမှတ်ပြုခံထားရတဲ့ စခန်းမဟုတ်တဲ့အတွက် တကယ်လို့ သူတို့ အိမ်ပြန်မယ်ဘာမယ်ဆိုရင် ဟိုဘက်ကလည်း အခြေအနေကောင်းလာလို့ ရှိရင် ပြန်မယ်ပေါ့။
သူတို့အဲဒီလိုပြန်တဲ့အချိန်ကျတော့ UNHCR ကနေ သူ့ရဲ့ Process အတိုင်းသွားတဲ့ဟာပေါ့။ ဆိုလိုတာက ကိုယ့် ဘာသာကိုယ် ပြန်ရမယ့်ဟာမျိုးဖြစ်နေတယ်။ ကျနော်တို့ စခန်းက တရားဝင်အသိအမှတ်ပြုခြင်း မခံရတဲ့ ဒုက္ခသည်စခန်းသာဖြစ်တယ်။
လက်ရှိအခြေအနေမှာ အစိုးရကလည်း ဘာတခုမှ မထောက်ပံ့ဘူး။ လက်ရှိထောက်ပံ့နေတဲ့ နိုင်ငံတကာ အဖွဲ့ အစည်းတွေကလည်း လွန်ခဲ့တဲ့ ၄ လလောက်က ရပ်လိုက်ပြီ။
ဒီကုန်းကျောရှမ်းဒုက္ခသည်စခန်းက အသိအမှတ်ပြုမခံရတော့ စခန်းအတွင်းထဲမှာနေတဲ့သူတွေက အပြင်ထွက် အလုပ်လုပ်ခွင့်ရတယ်။ တချို့မိသားစုတွေကတော့ စားဝတ်နေရေးနည်းနည်းပြေလည်တယ်ဆိုပေမယ့် အများစုက ဒုက္ခရောက်ကြတယ်။
ဥပမာ အပြင်ထွက်ပြီး နေ့စားအလုပ်တွေ လုပ်ကြတယ်။ အဲဒီဝင်ငွေနဲ့ပဲ ကျနော်တို့ ရပ်တည်တယ်။ ဒါကလည်း နေ့တိုင်း အလုပ်လုပ်တာမဟုတ်ဘူး။ တနှစ်လုံးမှ ရက်တရာလောက်ပဲ အလုပ်လုပ်ရတဲ့အနေအထားမှာ ရှိတယ်။ လောလောဆယ်က အဲဒီလိုမျိုးနဲ့ပဲ ရပ်တည်နေရတယ်။
အရင်တုန်းက နိုင်ငံတကာအဖွဲ့အစည်း NGO တွေက လာထောက်ပံ့တယ်။ တချို့ INGO တွေက တနှစ်စာ ထောက်ပံ့တာ ရှိတယ်။ ၂ နှစ်စာထောက်ပံ့တဲ့ဟာရှိတယ်။ သုံးနှစ်ထောက်ပံ့တာရှိတယ်။ အဲဒီလိုမျိုးနဲ့ပဲ ကျနော်တို့ ရပ်တည်လာခဲ့တယ်။
အရင်တုန်းကလာကူညီတဲ့အထဲမှာ အဓိက ကူညီတာက TBC ရှိတယ်။ TBC က ဆန်၊ဆီ၊ဆား၊ မီးသွေးပေး တယ်။ နောက်ပြီး PCF အဖွ့ဲက ဆန်နဲ့ဆီ နှစ်မျိုးပေးတယ်။ တယောက်ကို ၁၂ ကီလိုရတယ်။ ဆီကကျတော့ တယောက်ကို တပုလင်းရတယ်။ တလလည်း ဖြစ်ချင်ဖြစ်မယ်။ ၂ လစာလည်း ဖြစ်ချင်ဖြစ်မယ်။
အရင်ကတော့ အသက်မွေးဝမ်းကျောင်းပညာရပ်တွေ သင်ပေးတာတော့ရှိတယ်။ ဒါပေမယ့် လာလုပ်ပေးတဲ့ အဖွဲ့အစည်းနာမည်ကတော့ မမှတ်မိတော့ဘူး။ ရက်ကန်းနဲ့ စက်ချုပ်တဲ့ဟာရှိတယ်။ ဆိုတော့ အဲဒါကို တချို့မိသားစုတွေက လုပ်နေသေးတဲ့ဟာရှိတယ်။ အဲဒါက ရှိပေမယ့် အနည်းစုပဲ။
အများစုကတော့ ငရုတ်သီးခူးတာတို့၊ ကြက်သွန်ဖြူ စိုက်တာတို့ လုပ်ပြီးတော့မှ နေ့လုပ်နေ့စား အနေနဲ့ ရပ်တည် တယ်။ အဲဒီလိုမျိုး တနေ့လုပ် တနေ့စားဖို့အတွက်ကို အလုပ်က အမြဲမရှိဘူး။ သူ့ရာသီနဲ့ သူ အလုပ်လုပ်ကြ တယ်။ တချို့နေရာတွေကျတော့ အလုပ်တော့ရှိပေမယ့် ထိုင်းရဲကို ကြောက်နေရတဲ့အချိန်ဆိုရင် သူတို့အပြင် မထွက်ရဲဘူး။ တချို့အလုပ်ရှင်တွေက အာမခံရင်တော့ သွားလို့ရတယ်။ အာမမခံဘူး။ ကိုယ့်ကိစ္စ ကိုယ်ရှင်းပဲ ဖြစ်နေတယ်။
အားလုံးက အိမ်ပြန်ချင်ကြပေမယ့်လည်း ဟိုဘက်ကမ်းမှာရှိနေတဲ့ သူတို့နေခဲ့တဲ့နေရာမှာတောင်မှ စစ်တပ်တွေ က အများကြီး။ ဝလည်း ရှိတယ်။ ရှမ်းလည်းရှိတယ်။ မြန်မာစစ်တပ်လည်း ရှိတဲ့အတွက်ကြောင့် အဲဒီတော့မှ ပြုံပြီး ရှိနေတော့ ဘယ်နေ့ထပြီး တိုက်ပွဲဖြစ်ကြမလဲလို့ စိုးရိမ်တာရှိတဲ့အတွက် သူတို့မပြန်ရဲကြဘူး။ နောက်တခု က မြေမြှုပ်မှိုင်းတွေက နေရာတကာမှာရှိနေတော့ စိုးရိမ်တယ်။ ပြန်သွားမယ်ဆိုရင်လည်း ဘယ်လို လုပ်ကိုင်စား သောက်ကြမလဲ။ မြေယာလည်း မရှိ။ နေဖို့နေရာလည်း မရှိ။ အိမ်လည်း မရှိဆိုတော့ ဘာမှ အဆင်မပြေနေဘူး။
ပြန်နေမယ်ဆိုရင် အရင်နေရာတွေပဲ ပြန်နေချင်တယ်။ ဒါပေမယ့် အဲဒီနေရာတွေကလည်း အခုအချိန်မှာ နေရာရယ်လို့ မရှိတော့ဘူး။ မြေသိမ်းယာသိမ်းတွေကြောင့်။ ပြန်ချင်နေပါပြီ။ ထိုင်းနိုင်ငံနဲ့နီးတာကြောင့် တိုက်ပွဲဖြစ်တာ သိပ်မရှိပေမယ့် ထိုင်းရဲကိုတော့ ကြောက်နေရတယ်။
အကြီးဆုံးစိုးရိမ်တာက ထိုင်းအစိုးရကတော့ သူတို့ကို လောလောဆယ်အတင်းပြန်ခိုင်းတာ မရှိသေးဘူး။ ဒါပေမယ့် ပြောလို့မရဘူး။ အတင်းပြန်ခိုင်းလို့ရှိရင်လည်း မြန်မာဘက်မှာက ပြန်သင့်တဲ့အနေအထားမျိုး ရှိ မနေသေးဘူး။
စားဝတ်နေရေးအတွက်ကတော့ ကိုယ့်ဘာသာကိုယ်ရပ်တည်လုပ်ကိုင်လာနိုင်ဖို့က စိုက်ပျိုးဖို့ မြေနေရာလေး ဘာလေးရှိဖို့လိုတယ်။ ဒါပေမယ့် အဲဒါတွေက ကျနော်တို့မှာ မရှိဘူး။ အခုသူတို့ဒုက္ခသည်စခန်းရှိနေတဲ့ နေရာက ဘုန်းကြီးရဲ့မြေနေရာထဲမှာ ရှိနေတာဖြစ်တယ်။ ဒါကြောင့် ခြံစိုက်စားပိုင်ခွင့်တို့ ဘာတို့ မရှိဘူး။ အဲဒါကြောင့် သူတို့စားဝတ်နေရေးမလုံလောက်ဘူး။ တချို့အသက်ကြီးရွယ်အိုတွေက ကလေးကို ရွှေ့ပြောင်းအလုပ်သမား အနေနဲ့ ချင်းမိုင်ကို ပို့ပြီး အလုပ်လုပ်တော့ နေလို့ ထိုင်လို့ ရတဲ့အနေအထားဖြစ်သွားတယ်။
နိုင်ငံတနိုင်ငံကို ဦးဆောင်နေတဲ့အစိုးရအနေနဲ့ မြန်မာနိုင်ငံအစိုးရကို ပြောချင်တယ်။ မြန်မာစစ်တပ်ကနေ တိုင်းရင်းသားဒေသထဲကို လာလာပြီးမှ စစ်လာတိုက်တဲ့ဟာကို မလုပ်စေချင်တော့ဘူး။ တကယ်လို့ တိုက်ပွဲ ဖြစ်တယ်ဆိုရင် နှစ်ဖက်တပ်တွေက သူတို့ဘာသာပစ်ခတ်ပြီး ပြန်သွားကြတယ်။ ဒါပေမယ့် တကယ့်တကယ် ဒုက္ခရောက်နေတာက ပြည်သူတွေဖြစ်တယ်။ အဲဒါကြောင့် စစ်ပွဲကို ရှိကို မရှိစေချင်တော့ဘူး။ တကယ်လို့ ပြန်ရလို့ရှိရင် ပြန်သွားခဲ့ရင်လည်း ကိုယ့်နေရာ လွတ်လွတ်လပ်လပ် သွားလာလို့ရအောင် ရှာဖွေ စားသောက် လို့ရအောင်လည်း လုပ်ပေးဖို့ လိုတယ်။ ပြီးရင် သူတို့ရဲ့လုံခြုံရေးကိစ္စမှာဆိုရင်လည်း သေချာလုပ်ပေးဖို့လိုတယ်။ တကယ်လို့ ကျနော်တို့ပြန်ခဲ့ရင် အဲဒီနေရာမှာ ဘယ်စစ်တပ်မှ မရှိတာကောင်းတယ်။ စစ်တပ်ရှိနေသရွှေ့ သူတို့ ဘက်က မလုံခြုံဘူး။ ကြောက်နေရတယ်။ စစ်တပ်က ဘယ်စစ်တပ်မှ မရှိပဲနဲ့ အကုန်လုံး သူတို့နေရာ ဒေသမှာ စစ်တွေ ရှင်းလင်းထားဖို့လိုတယ်။
မာရီယာဘောက်ဂျာ(ကချင်အမျိုးသမီးအစည်းအရုံး)
ကချင်က ၂၀၁၁ ဇွန်မှာ စစ်စဖြစ်တယ်။ အခု IDP က တသိန်းကျော်ရှိတယ်။ တဖက်မှာက သူတို့ရဲ့အထောက် အပံ့တွေက လျော့ကျတယ်။ စစ်တပ်နဲ့အစိုးရရဲ့ အထောက်အပံ့ပေးမယ့် အဖွဲ့အစည်းတွေကို ခြိမ်းခြောက်တယ်။ ဒါပေမယ့် ဒါက သူတို့အတွက် စိန်ခေါ်မှုဖြစ်တယ်။ အစားအစာအတွက် လုံခြုံမှုအတွက် စိန်ခေါ်မှုတွေ ရှိနေတယ်။ ဆိုတော့ လုံလောက်တဲ့အထောက်အပံ့မရဘူး။ မရတဲ့အတွက်ကြောင့် သူတို့ရဲ့အခြေခံ အစားအစာသာမက ကျောင်းပိုင်းဆိုင်ရာ ကျန်းမာရေးပိုင်းဆိုင်ရာတွေအတွက် လိုအပ်မှုတွေရှိနေတာဖြစ်တယ်။
လက်ရှိမှာ မိသားစုတခုကို တလ ၁၂၀၀၀ ကျပ်နဲ့ရနေတယ်။ ကျန်းမာရေးနဲ့ဆိုင်တဲ့ အစားအသောက်တွေ မရဘူး။ တဖက်မှာတော့ အထောက်အပံ့တွေ မလောက်တဲ့အတွက်ကြောင့် ကလေးတွေ၊ သက်ကြီးရွယ်အို တွေက အဟာရပိုင်းဆိုင်ရာ ချို့တဲ့ တဲ့အနေအထားတွေရှိမယ်။ တချို့မှာဆို အချက်အပြုတ် အတွက် ထင်းမီးသုံးတဲ့ စခန်းတွေရှိတယ်။ အဲဒါတွေလည်း လိုအပ်နေတယ်။ ပြောချင်တာက သူတို့အထောက်အပံ့ လျော့တယ်။ နေတာ ကြာလှပြီ။ ဒီဘက်မှာ အစိုးရရဲ့ ပိတ်ပင်မှုတွေရှိတယ်။ တဖက်မှာ ဒုက္ခသည်တွေအတွက် စားသောက် ပံ့ပိုးနေတာတွေရှိသလို တဖက်မှာ ပိတ်ပင်တားဆီးမှုတွေရှိနေတဲ့အတွက် ဒါတွေက သူတို့အတွက် ယုံကြည်မှုကိုပိုပြီးတော့မှ လျော့နည်းစေတယ်။
သူတို့ဖြစ်ချင်တာကတော့ သူတို့အိမ်ပြန်ချင်တယ်။ နေတာလည်း ကြာပြီ။ လုံခြုံရေးအရကလည်း မကောင်းဘူး။ အစိုးရကလည်း ပြန်ခိုင်းနေတယ်။ ဒါပေမယ့် သူတို့ပြန်သွားရင်ရော ဆိုတာက သူတို့အတွက် မေးခွန်းထုတ် စရာဖြစ်နေတယ်။ သူတို့ပြန်သွားပြီးမှ စစ်ပြန်ဖြစ်မယ်ဆိုရင် သူတို့ ပြန်လာဖို့ ခက်မယ်။ နောက်ပြီး သူတို့နေရာ တွေမှာ လုပ်ကိုင်စားသောက်ဖို့က အဆင်သင့်ဖြစ်မနေသလို မြေမြုပ်မိုင်းတွေ ရန်ကလည်း ကြောက်နေရသေး တယ်။
သူတို့ဆန္ဒက ငြိမ်းချမ်းရေးကို လိုလားနေတယ်။ ငြိမ်းချမ်းစေချင်တယ်။ သူတို့အနေနဲ့ အိမ်ပြန်ရင်တောင်မှ လုံခြုံတဲ့အခြေအနေမျိုးမှာ ပြန်ချင်တယ်။ နိုင်ငံရေးအရ အာမခံချက်ရှိမှ နေရပ်ပြန်ချင်တဲ့သူက များတယ်။
You May Also Like These Stories:
အိမ်ပြန်ချိန် မျှော်လင့်ချက် မဲ့နေဆဲ မြန်မာဒုက္ခသည်များ
ပဋိပက္ခဒေသက အမျိုးသမီးများ လုံခြုံမှု စိုးရိမ်နေရ