ရခိုင်ပြည်နယ်အတွင်း ၈ မြို့နယ်နှင့် ချင်းပြည်နယ်အတွင်း မြို့နယ် ၂ ခုတွင် ဇွန် ၂၁ ရက်နေ့ က အင်တာနက် လိုင်းများ ဖြတ်တောက်လိုက်မှုနှင့် ပတ်သက်ပြီး ယနေ့ ရခိုင်ပြည်နယ်တော်တွင် အရေးကြီးအဆိုတင်သွင်း ခဲ့သ လို ဝေဖန်မှုများ မြှင့်တက်လျှက်ရှိသည်။
အင်တာနက်လိုင်းပိတ်လိုက်သည့် မြို့နယ်များသည် တပ်မတော်နှင့် ရက္ခိုင့်စစ်တပ် (AA) အကြား တိုက်ပွဲများဖြစ်ပွားနေသည့် မောင်တာ၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ စသည့် မြို့နယ်များဖြစ်သည်။
စစ်ဖြစ်ပွားရာ ဒေသအတွင်း ပြည်သူလူထုအနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ၊ ဖမ်းဆီးတရားစွဲဆို ခံရခြင်းများ ကြုံနေရသည့်အပြင် အခြေခံ လူ့အခွင့်အရေးအရ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ သတင်း အချက်အလက် သိရှိပိုင်ခွင့်များကိုလည်း ထိပါးခံနေရခြင်း ဖြစ်သည်။
ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသည့် အခြေအနေနှင့် ပတ်သက်၍ အမြင်သဘောထား မှတ်ချက်များကို ဧရာဝတီက စုစည်း ဖော်ပြလိုက်သည်။
ဦးမျိုးဆွေ
ညွှန်ကြားရေးမှုးချုပ်
ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန
အဓိက အဲ့ဒီဒေသမှာ အများပြည်သူတွေအတွက် တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းဖြစ်စေဖို့အတွက် အထောက် အကူပြုစေဖို့ကို ရည်ရွယ်ပြီး ဒီလိုမျိုးအင်တာနက် ဝန်ဆောင်မှုတွေကို ယာယီရပ်ဖြစ်ခဲ့တာပါ။ ဖုန်းပြောတာတွေ စာတို (SMS) စနစ် တွေက ဒီအတိုင်းပဲ ရှိနေမှာပါ။ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၇၇ အရ ဝန်ကြီးဌာနက အများပြည်သူအကျိုး အတွက် ဆောင်ရွက်ရန် အခြေအနေပေါ်ပေါက်တဲ့အခါ အစိုးရအဖွဲ့၏ သဘောတူညီချက်နဲ့ အော်ပရေတာတွေကို ညွှန်ကြားလို့ရပါတယ်။
အဲ့ဒီမှာကလည်း နယ်မြေမတည်ငြိမ်ရခြင်း အကြောင်းတွေက ရှိနေတာကို ပြီးတော့ အင်တာနက်ပေါ်က သတင်းအတုတွေ ကြောင့်လည်း အကြောင်းအရင်းတခုဖြစ်တယ်လို့ ယူဆရတဲ့အတွက် ရပ်ဆိုင်းခဲ့တာပါ။ ယာယီရပ်ဆိုင်းတာကို တပတ်ဖြစ်မယ် ၁၀ ရက်ဖြစ်မယ်ဆိုတာမျိုးတော့ သတ်မှတ်ထားတာ မရှိဘူး။ နယ်မြေပြန်လည်တည်ငြိမ်အေးချမ်းပြီ ဒီအင်တာနက်တွေဘာတွေ ပိတ်ထားဖို့ မလိုတော့ဘူးဆိုရင် ဒီအင်တာနက် ဝန်ဆောင်မှုတွေကို ပြန်ဖွင့်ပေးမှာပါ။
ဒီဟာလုပ်လို့ ထိရောက်တယ် မထိရောက်ဘူးဆိုတာတော့ အမြင်အမျိုးမျိုးတွေရှိမှာပါ။ ဒါက သတင်းအမှောင်ချထားတာလည်း မဟုတ်ဘူး။ တရားဥပဒေစိုးမိုးရေးကို ဒီဟာလုပ်ခြင်းအားဖြင့် တဖက်တလမ်းကနေ အထောက်အကူပြုစေမယ်ထင်လို့ လုပ်တာပါ။
ဒါလုပ်လိုက်လို့ လုံးဝအဆက်သွယ်ကြီး ပြတ်သွားတာမျိုးမဟုတ်ပါဘူး။ ဖုန်းလိုင်းတွေလည်း ရှိပါသေးတယ်။ လုံးဝအမှောင်ချလိုက်တဲ့ သဘောမျိုးမဟုတ်ပါဘူး။ အွန်လိုင်းမှာက သတင်းအတုတွေရော အမုန်းစကား တွေရော နယ်မြေတည်ငြိမ်အေးချမ်းရေးကို အနှောက်အယှက်ပိုဖြစ်စေတယ်လေ။ အင်တာနက်ကို တလွဲသုံးပြီး တချို့ပြဿနာတွေ မဖြစ်အောင်ရယ် အင်တာနက်ရှိနေလို့ တချို့ပြဿာနာတွေပါ ထပ်ရှိလာနိုင်တယ်လေ။
- ဦးဇေယျာလှှိုင် စာနယ်ဇင်းကောင်စီအဖွဲ့ဝင်
ဦးဇေယျာလှှိုင်
စာနယ်ဇင်းကောင်စီအဖွဲ့ဝင်
ဒီကိစ္စက လူသားတိုင်းမှာ သတင်းအချက်အလက်ကို ရပိုင်ခွင့်နဲ့ သူရဲ့ အမြင်တွေကို လွတ်လပ်စွာထုတ်ဖော် ပြော ဆိုခွင့်တွေဆိုတာ မူလအခြေခံ ရပိုင်ခွင့်တွေဖြစ်တယ်။ အစိုးရက သူရဲ့ ခွင့်ပြုချက်နဲ့ လုပ်တယ်ဆိုတော့ အခြေခံလူ့ အခွင့်အရေးတွေကို စပြီး ချိုးဖောက်တယ်လို့ သုံးသပ်လို့ရတာပေါ့။
သူတို့ အကြောင်းပြချက်က သတင်းအတု၊ သတင်း အမှားတွေနဲ့ အခြေအနေအရပ်ရပ်ကို မတည်မငြိမ် ဖြစ်အောင် လုပ်မှာဆိုးလို့ ဆိုတဲ့ အိုင်ဒီယာပေါ့ အဲ့ဒါက သူတို့ပြောတဲ့အထဲမှာ ပါတာပေါ့။ အဲ့ဒီတော့ ဒီအစိုးရမှာ မီဒီယာကို တုံ့ပြန်ဖို့ မီဒီယာ ပေါ်လစီအတိအကျ မရှိဘူးဆိုတဲ့ အပိုင်းကို သွားမြင်ရတယ်။
သတင်းအတုတွေ သတင်းအမှားတွေဆိုတာ တကမ္ဘာလုံးမှာ နေ့စဉ်အမျှထွက်နေတာပဲ သတင်းအမှားတွေကို ဘယ်လိုကိုင်တွယ်မလဲ ဆိုတဲ့ အိုင်ဒီယာမျိုးမရှိဘဲ သတင်းအမှားတွေထွက်လို့ ဒီပလက်ဖောင်းကို ပိတ်ချဆိုတဲ့ အရင်ဆင်ဆာ စနစ်ပုံစံမျိုး သွားတွေ့ရတာပေါ့။ ဒါကတော့ မကောင်းတဲ့ အလားအလာပေါ့။
သတင်းအမှားထွက်ရင် သတင်းအမှန်ဘာလဲ ဆိုတာကို တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေက ပြန်ဖာထေးရမှာပဲ ဘာလဲဆိုတော့ သတင်းအမှားကို တုံ့ပြန်နိုင်တဲ့ အကောင်းဆုံးလက်နက်က သတင်းအမှန်ပဲဖြစ်တယ်။ သတင်းအမှားတွေ မထွက်နိုင်အောင်လည်း စောင့်ကြည့်ပြီးတော့ သတင်းအမှန်ဘာလဲဆိုတာကို အမှန်ဆုံးထုတ်ပြန်ုဖို့ တာဝန်ရှိတယ်လေ။ သတင်းအမှားတွေ များလို့ ဒီပလက်ဖောင်းကို ပိတ်တယ်ဆိုတာကြီးက နည်းလမ်းကျတဲ့ ဖြေရှင်းနည်းမဟုတ်ဘူး။
ရခိုင်ပြည်နယ်မြောက်ပိုင်းဆိုတာ သွားလာရ ခက်ခဲတဲ့ ဒေသဖြစ်တယ် တိုက်ပွဲတွေကလည်း ဖြစ်နေတယ်။ ဘယ်အချိန်မှာ ဘာဖြစ်မယ်ဆိုတာကို ဘယ်သူမှ အာမ မခံနိုင်ဘူး။ သတင်းသမားတွေ အများစုကလည်း အဲ့ဒီဒေသမှာ ရှိကြတာ မဟုတ်ဘူး။
အဲ့ဒီတော့ Mainstream မီဒီယာတွေက ဘယ်ကို စပြီး ကြည့်နေရလည်းဆိုရင် အဲ့ဒီဒေသမှာ အင်တာနက် သုံးနေတဲ့ သူတွေဆီက ထွက်ပေါ်လာတဲ့ ဓာတ်ပုံတွေ၊ အချက်အလက်တွေကို အခြေခံပြီး သတင်း ဆက်လိုက် ရတာကို သတင်းဆရာက သတင်းစလိုက်ဖို့ အဲ့ဒီလို သတင်းအစတွေ လိုတယ်လေ အခုက အဲ့ဒီလို သတင်းအစတွေ မထွက်တော့အောင် ပိတ်ဖြစ်တဲ့ သဘောရှိတယ်။
ခုနက ပြောခဲ့တဲ့ ဓာတ်ပုံတွေ သတင်းအချက်အလက်တွေကို အချိန်နဲ့ တပြေးညီပို့လို့ မရအောင်လို့ ဖျက်ချဖြစ်တဲ့ သဘောမျိုးပေါ့။ အဲ့ဒီ လိုမျိုးက ၂၀၀၇ ခုနှစ်တုန်းက တနိုင်ငံလုံးအတိုင်းအတာနဲ့ ကြုံခဲ့ဖူးကြတာပဲ အင်တာ နက်ကို ဖြုတ်ချလိုက်ပြီး ကမ္ဘာကို သတင်းပို့လို့မရတော့အောင်လေ အခုကလည်း ဒီစနစ်ပုံစံအတိုင်း သွားနေတယ်လို့ မြင်တယ်။
ကျနော်တို့ သတင်းဆရာ တွေရဲ့ အယူအဆကတော့ သတင်းဆိုတာ လွတ်လပ်စွာစီးဆင်းရမယ် သတင်း အမှားပါရင် အမှန်ဘာလဲဆိုတာကို အမြန်ဆုံးတုံ့ပြန်နိုင်ရမယ် လုပ်ထုံးလုပ်နည်းတွေ၊ မီဒီယာပေါ်လစီ တွေရှိထားဖို့ လိုတယ်ပေါ့။ အဲ့ဒီလိုဆိုရင် သတင်းအမှားတွေ ကို ကြောက်စရာမလိုပါဘူး။
- မောင်ဆောင်းခ /အမှုဆောင် ဒါရိုက်တာ / အသံအဖွဲ့
မောင်ဆောင်းခ
အမှုဆောင် ဒါရိုက်တာ
အသံအဖွဲ့
လိုင်းပိတ်လိုက်တဲ့ ဒေသတွေက သတင်းမီဒီယာတွေ လွယ်လင့်တကူ သတင်းရယူလို့ရတဲ့နေရာ တွေမဟုတ်ဘူး။ အခုလိုလိုင်းဖြတ်တောက်လိုက်ခြင်းဟာ တိုက်ပွဲဖြစ်နေတဲ့ ကိစ္စတွေနဲ့ ဒေသခံ ပြည်သူတွေအပေါ် ထိခိုင်မှုတွေအကြောင်း သတင်းအချက်အလက် ရယူနိုင်မှုကို ထိခိုက်စေနိုင်ပါတယ်။
နောက်ပြီး တိုက်ပွဲပြင်းထန်လာနိုင်လို့ပဲ ဖြစ်ဖြစ်၊ သဘာဝဘေးအန္တရာယ် ကျရောက်လာနိုင်လို့ ပဲဖြစ်ဖြစ် လူအများအပြား လုံခြုံတဲ့နေရာကို အမြန်ရွှေ့ပြောင်းနိုင်ဖို့ အရေးကြီးတဲ့ သတင်းအချက်အလက်တွေ လူထုထံ ဖြန့်ဝေမယ်ဆိုရင်လည်း အင်တာနက်မရှိရင် အတော်လေးကို အခက်အခဲတွေ့နိုင်ပါတယ်။
Internet Access ဆိုတာက လူ့အခွင့်အရေးတွေ ဆုံးရှုံးနစ်နာမှု မရှိစေဖို့ အခြေခံရရှိရမယ့် ရပိုင်ခွင့် တခုဖြစ်ပါတယ်။ အထူးသဖြင့် အခုလိုလက်နက်ကိုင် ပဋိပက္ခတွေဖြစ်ပွားနေတဲ့ ဒေသတွေမှာ အင်တာနက် ဆက်သွယ်မှုဖြစ်တောက်လိုက်တာဟာ ဒေသခံပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်လုံခြုံရေးနဲ့ လူ့အခွင့်အရေး ကိစ္စရပ် တွေအတွက် အတော်လေးကို စိုးရိမ်စရာကိစ္စတခုဖြစ်ပါတယ်။
- ဒေါ်အေးနုစိန် /ဒုတိယ ဥက္ကဋ္ဌ /ရခိုင်အမျိုးသားပါတီ (ANP)
ဒေါ်အေးနုစိန်
မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင်
ရခိုင်အမျိုးသားပါတီ (ANP)
အင်တာနက်လိုင်းတွေ ပိတ်လိုက်တာက လွတ်လပ်တဲ့ အချုပ်အခြာ အာဏာပိုင်အဖွဲ့ အစည်းတခုမှာ ပွင့်လင်းတဲ့ ဒီမိုကရေစီစနစ် ထွန်းကားဖို့အတွက် အားကြိုးမာန်တက် ကြိုးစားနေကြတယ်ဆိုတဲ့ အခင်းအကျင်းမှာတော့ ရခိုင် ပြည်နယ်ကို AA နဲ့ဖြစ်တဲ့ စစ်ရေးကို အကြောင်းပြပြီး ဆက်သွယ်ရေးဥပဒေကို လက်ညိုးထိုးလိုက်တယ်ပေါ့။
ဒီလိုပိတ်တာက မလုပ်ကောင်းတဲ့ ကိစ္စလို့မြင်ပါတယ်၊ အင်တာနက် ဆက်သွယ်ရေးကို စစ်ဖြစ်နေတဲ့ကာလကို ကန့်သတ်လိုတဲ့အတွက် စစ်ရေးအရ အနိုင်ယူလိုတဲ့အတွက် လုပ်အပ်တဲ့ ကိစ္စမျိုးမဟုတ်ပါဘူး။ လွတ်လပ်ပွင့် လင်းစွာ နေထိုင်ကြတဲ့ ပြည်သူတွေရဲ့ အခွင့်အရေးကို ချိုးဖောက်ကန့်သတ်လိုက်ရာ ရောက်တယ်လို့မြင်ပါ တယ်။
ဒီလိုလုပ်လိုက်တဲ့အတွက် လက်ရှိရှိနေတဲ့ အုပ်ချုပ်သူ လူတန်းစားအစိုးရအပေါ်မှာ ပိုပြီးတော့ အထင်အမြင်လွဲ မှားမယ်၊ နာကြည်းမယ်၊ မကြိုက်ဘူးဆိုတဲ့ အနေအထား ဆိုးကျိုးတွေ ပေါ်ပေါက်လာနိုင်တယ်လို့ ကျမ မြင် တယ်။
ဖုန်းပြောတာ မက်ဆေ့ပို့တာနဲ့စာရင် အင်တာနက်က သတင်းစီးဆင်းမှုပိုမြန်တယ်၊ ဒါကို စစ်ရေးတခုတည်းပေါ် မှာ မူတည်းပြီး ကန့်သတ်လိုက်တယ်ဆိုရင် လူတွေရဲ့ တိုးတက်တဲ့ခေတ်ကို မမီမကမ်းနဲ့ အမီလိုက်နေရတဲ့ အ နေအထားကို ဖြတ်တောက်ခံလိုက်ရသလိုပါပဲ။
အခက်အခဲတွေနဲ့ အားလုံးကို ရင်ဘောင်တန်းနေရတဲ့ ရခိုင်ပြည်နယ်တခုတည်းကို အခုလို ဖြတ်တောက် လိုက် တာက ပြည်သူတွေမှာ အခက်အခဲတွေများစွာ ဖြစ်စေပါတယ်။ ဒီလို ခွဲခြားဆက်ဆံတာ၊ ကန့်သတ်တာမျိုးတွေ က တော့ တည်ဆဲဥပဒေကို လက်ညိုးထိုးပြီးတော့ လုပ်လိုရတယ်ဆိုတာမျိုးနဲ့ နိုင်ထက်စီးနင်းလုပ်တာမျိုးက တော့ ပြည်သူတွေအပေါ်မှာ ရင်ဝယ်သားကဲ့သို့ တသားတည်း အုပ်ချုပ်ရမယ်၊ သဘောထားရမယ်ဆိုတဲ့ အစိုးရ အတွက်တော့ မဖြစ်ကောင်း မလုပ်ကောင်းပါဘူး။
- ဦးကျော်မင်းဆွေ /အမှုဆောင် ဒါရိုက်တာ /မြန်မာသတင်းပညာသိပ္ပံ (MJI)
ဦးကျော်မင်းဆွေ
အမှုဆောင် ဒါရိုက်တာ
မြန်မာသတင်းပညာသိပ္ပံ (MJI)
အင်တာနက် လိုင်းပိတ်တာက ဖြေရှင်းနည်း နည်းလမ်းအမှန်လို့ ကျနော်မယူဆဘူး၊ ဒီလို အင်တာနက်လိုင်း ပိတ်လိုက်တဲ့ အတွက် ကောလာဟလ သတင်းတွေက ပိုများနိုင်တာပေါ့၊ အင်တာနက် လိုင်းမရှိတော့ဘူးဆိုရင် တဆင့်စကားတွေ၊ ဖုန်းနဲ့ပြောတာတွေတော့ ရှိမှာပေါ့။ အဲ့ဒီဟာတွေကို ဘယ်လိုအတည်ပြုမလဲ၊ သတင်း အ ချက် အလက်တွေဟာ တိမ်းချော်မှုတွေ၊ လွဲမှားမှုတွေ ပိုများလာနိုင်တယ်၊ မကောင်းဘူးပေါ့။
နောက်တချက်က သတင်းလွတ်လပ်ခွင့်၊ ရခိုင်ပြည်သူလူထုရဲ့ လွတ်လပ်စွာ ပြောဆိုဖော်ထုတ်ခွင့်ကို ကန့်သတ် ချုပ်ချယ်သလိုလည်း သက်ရောက်တယ်၊ ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေပေါ့၊ လက်ရှိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ တပါးသူရဲ့ အခွင့်အရေး မနှောက်ယှက် မပိတ်ပင်ဘဲ လွတ်လပ်တဲ့ ရေးသားပြောဆိုခွင့်ရှိ တယ်၊ ဘယ်ဒေသပဲဖြစ်ဖြစ် ဥပဒေနဲ့မညီတဲ့ ဖော်ထုတ်ရေးသား ပြောဆိုတာတွေရှိလာရင် ဒေသတခုတည်းကိုပဲ ကန့်သတ် ပိတ်ပင်တာက ဥပဒေနဲ့မဆန့်ကျင်တဲ့ ဖော်ထုတ် ရေးသားပြောဆိုမှုတွေကိုပါ ပိတ်ပင်ရာရောက်ပါ တယ်။
ဒီလိုပိတ်လိုက်တဲ့အတွက် မရိုးမသားလုပ်ချင်တဲ့သူတွေအတွက် လမ်းဖွင့်ပေးလိုက်သလိုပါပဲ။ မရိုးမသား လုပ် တယ် ဆိုတာ နှစ်ဖက်စလုံးဖြစ်နိုင်တယ်။ ရခိုင်ပြည်နယ်မှာ ဘာတွေဖြစ်နေတယ်ဆိုတာကို တခြားနေရာတွေက လူတွေကလည်း အင်တာနက်ကနေ သတင်းအချက်အလက် ရယူနေမှုတွေကိုလည်း ပိတ်ပင်ရာရောက်တယ်။
ဒီမှာ ဟိုးအရင်ကတည်းက တခုခုပြသနာတက်ပြီးဆိုရင် ပိတ်ပင် တားဆီး အရေးယူတဲ့ နည်းလမ်းကိုလုပ်တယ်။ အဲ့ဒီနည်းလမ်းက ဘယ်တုန်းကမှ မအောင်မြင်ခဲ့ဘူး။ ပိုပြီးတော့ ဆိုးသွားစေတယ်၊ နားလည်မှုပိုလွဲသွားစေ တယ်၊ ပြသနာကို ချဉ်းကပ်ဖြေရှင်းရာမှာ ပွင့်ပွင့်လင်းလင်း လုပ်တဲ့သူဟာ မှန်မှန်ကန်ကန် သတင်းထုတ်ပြန်မှု တွေကို ဘာမှကြောက်စရာမလိုပါဘူး၊ အွန်လိုင်းဆိုတာက တဖက်နဲ့တဖက် ပုံဖျက်ဖို့ ကြိုးစားတဲ့လုပ်ဆောင်မှု တွေကတော့ ရှိကြတာပဲ၊ တခြားနိုင်ငံတွေမှာလဲ လုပ်တာပဲ။ အဲ့လိုလုပ်လို့ အင်တာနက်လိုင်းကို ပိတ်တာတော့ မကောင်းဘူး။ ဒီလို ပိတ်ပင်တားဆီး အရေးယူတာတွေဟာ မှန်ကန်တဲ့နည်းလမ်း မဟုတ်ဘူးဆိုတာကိုလည်း အရှေ့မှာ သက်သေပြခဲ့ပြီးသား။
ဘယ်သူပဲဖြစ်ဖြစ် ဘယ်သူမှ ကိုယ့်ကို သိက္ခာကျအောင် လူကြမ်းဖြစ်အောင် လုပ်လို့မရဘူး။ ကိုယ်က မှန်နေ ရင် ကိုယ်လုပ်တဲ့ ကိစ္စတိုင်းက ကိုယ့်တန်ဖိုးပဲ၊ ဘယ်သူ့ကြောင့် ဘာဖြစ်နေရပါတယ်၊ ဘယ်ဟာကြောင့်ဆိုတာ တွေက သူများက ကိုယ့်ကိုပြဌာန်းသလိုဖြစ်နေပြီး သူများရဲ့ ပါးစပ်မှာ လမ်းဆုံးနေသလိုပါပဲ။
- ဦးမြင့်ကျော် /သတင်းစာဆရာ
ဦးမြင့်ကျော်
သတင်းစာဆရာ
အင်တာနက် ပလက်ဖောင်းကို သုံးပြီးတော့ တခါတလေမှာ လူမှုပဋိပက္ခတွေကို ပိုပြီးတော့ အရှိန်မြှင့်အောင် လုပ်တာမျိုးတွေ ရှိနေရင်တော့ ယာယီအားဖြင့် ဖြတ်တောက်တာ လိုအပ်ရင်တော့ နားလည်နိုင်ပေမယ့် သတင်း အချက်အလက်ကို သက်သက်ဖြတ်တောက်တာ ဆိုရင်တော့ အသာစီးရအောင် ကြိုးစားတဲ့သဘောပဲ၊ ထိခိုက် နစ်နာမှာကတော့ စစ်ရေးတင်မကဘဲ သာမာန်လူထုတွေရဲ့ အခြားသော သတင်းအချက်အလက်တွေ၊ လူမှုရေး ကိစ္စတွေမှာ နစ်နာတာပေါ့။ တကယ်တန်း မလိုအပ်ဘဲနဲ့တော့ မလုပ်သင့်ပါဘူး။
တချို့သော အဖြစ်အပျက်တွေကို ချက်ချင်းအသိပေးဖို့ ခက်ခဲသွားနိုင်တယ်။ ဖုန်းအဆက်အသွယ်တော့ ရပေ မယ့် အခြေအနေတွေကို တကယ်ဖြစ်ပျက်တယ်ဆိုတာ သက်သေခံဖို့တော့ အခက်အခဲရှိနိုင်တယ်။ စစ်ဖြစ်တဲ့ အနေအထားမှာ လူ့အခွင့်အရေးချိုးဖောက်တာတွေ၊ နိုင်ထက်စီးနင်း လုပ်ခံရတာမျိုးတွေကို သတင်းမီဒီယာ တွေထံ ဆက်သွယ်အသိပေးဖို့ ခက်ခဲသွားမှာပါ။
ကျနော့်အမြင်မှာတော့ ဒါက လူအများရဲ့ လုံခြုံရေးဆိုတာထက် စစ်ရေအခြေအနေတွေကို အသာစီးရအောင် လုပ်တာပေါ့၊ လူထုက အွန်လိုင်းပေါ်ကနေ တခါတလေမှာ တဖက်အဖွဲ့အစည်းတွေကို သတင်းပေးတာ၊ ကူညီ ပေးတာတွေကို အသားစီးရအောင်ပေါ့၊ တဖက်မှာ သွားထိခိုက်တာကျတော့ အကုန်လုံးပဲပေါ့။
ဒီလိုပိတ်ပင်တာကလည်း အကန့်အသတ်နဲ့ပဲ ဖြစ်သင့်တယ်လို့ထင်တယ်။ လနဲ့ချီ၊ နှစ်နဲ့ချီလာရင် လူတွေရဲ့ အမြင်တွေကို သက်ရောက်မှုတွေ ရှိလာနိုင်တယ်။ ဒီဒေသမှာ ပဋိပက္ခကြောင့်သော်လည်းကောင်း၊ အခြားသော လုံးခြုံးရေး အခြေအနေကြောင့် သော်လည်းကောင်း ယာယီပိတ်တာမျိုးလောက်တော့ ရှိနိုင်ပေမယ့် ရေရှည် ပိတ်မယ် ဆိုရင်တော့ ရှိနေတဲ့ ရနေတဲ့ အခွင့်အရေးတွေကို ဆိုင်ဆိုင်မဆိုင်ဆိုင် ဆုံးရှုံးသွားတဲ့ အခြေအနေမျိုးတွေ ကိုတော့ မလုပ်သင့်ပါဘူး။
- ဦးစိန်ဝင်း /သတင်းစာ ဆရာ
ဦးစိန်ဝင်း
သတင်းစာ ဆရာ
ပဋိပက္ခဖြစ်တဲ့ဒေသ၊ စစ်မက်ဖြစ်ပွားရာ ဒေသမှာ ဆိုရှယ်မီဒီယာတွေရဲ့ အခန်းကဏ္ဍက အင်မတန်အရေးပါ တယ်။ တကယ့်မြေပြင်မှာ ဘာတွေဖြစ်နေတယ်ဆိုတာကို သတင်းဌာနတွေ၊ နိုင်ငံရေးလေ့လာသူတွေ၊ စောင့် ကြည့်သူတွေကို ဆိုရှယ်မီဒီယာကနေ သတင်းအချက်အလက်ပေးနိုင်သလို ဒီဘက်ကလဲ စောင့်ကြည့်နိုင်တယ်၊ အကယ်၍ သူတို့မရှိဘူးဆိုရင် သတင်းဌာနတွေက သတင်းရရှိဖို့ မလွယ်ဘူး၊ သတင်းဌာနတွေက သတင်း ထောက်လွှတ်ဖို့ဆိုတာလဲ မလွယ်ဘူးလေ။
ပြီးရင် အစိုးရကဖြစ်ဖြစ်၊ တပ်မတော်ကဖြစ်ဖြစ်၊ လက်နက်ကိုင်တပ်ဖွဲ့တွေကဖြစ်ဖြစ် သူတို့ဘာတွေလုပ်သလဲ ဆိုတာ ကျနော်တို့တွေမသိနိုင်တော့ဘူး၊ အဲ့ဒီလို သတင်းအချက်အလက် မထွက်တဲ့ အခြေအနေမျိုးကို ဘယ် သူတွေ ကြိုက်လဲဆိုတော့ သတင်းကို လှည့်ဖြားမယ့်သူတွေက ကြိုက်တယ်။ သတင်းတွေ မထွက်တော့တာက ဘယ်လိုအခြအနေမျိုးမှာပဲ ဖြစ်ဖြစ် မကောင်းဘူးလို့ တပ်အပ်ပြောလို့ရတယ်။
သတင်းမှန်တွေ မထွက်လာတော့ရင် အဲ့ဒီဒေသမှာ ကောလာဟလတွေ ကြီးစိုးမယ်၊ အာဏာရှိသူတွေ၊ လက်နက် ရှိတဲ့သူတွေ၊ အင်အားကြီးသူတွေက သာမန် အရပ်သူ/သားတွေအပေါ်မှာ မတရားပြုကျင့်တာတွေ ရာဇဝတ် ကျူးလွန်တာတွေ ဖြစ်ခဲ့ရင် ကျန်တဲ့သူတွေ မသိနိုင်တော့ဘူး။ အဲ့ဒီဒေသမှာ သံသယတွေ ကြီးစိုးနေမယ်၊ မယုံ ကြည်မှုတွေများနေမယ်။ ကျူးလွန်မှုတွေဖြစ်ခဲ့ရင်လဲ အရပ်သူ/သားတွေပဲ ခံစားရလိမ့်မယ်။
တခါတလေတော့ လုံခြုံရေးအရ၊ သတင်းတွေ မပေါက်ကြားစတာတွေ ပြောကြတာရှိပေမယ့် ဒါတွေက ခိုင်လုံ တဲ့ အကြောင်းပြချက်တွေမဟုတ်ဘူး၊ တိုက်ပွဲတွေမှာ တဖက်နှင့်တဖက်တိုက်ကြတာမှာ တဖက်က မစိုးရိမ်ဘဲ ဘာလိုကျန်တဖက် စိုးရိမ်ရမှာလဲ၊ သေချာလေ့ကျင့်ထားတဲ့သူတွေက ဒီလိုအနေအထားတွေကို ရင်ဆိုင်ရ သတိ ထားရမှာပဲ၊ ဒီလိုအခြေအနေတွေကို မထိန်းချုပ်နိုင်တာကတော့ ကိုယ်ညံ့တာပဲလေ။
- ဒေါ်ပြုံးကေသီနိုင်/ ပြည်သူ့လွှတ်တော်/ကိုယ်စားလှယ်
ဒေါ်ပြုံးကေသီနိုင်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
အခုလို အရေးပေါ် အခြေအနေတွေ ဖြစ်လာမယ်၊ ဒေသ မတည်ငြိမ်မှုတွေ မြှင့်တက်လာမယ်၊ အဲ့ဒီလို မီဒီယာ သုံးစွဲခွင့်တွေကို ကန့်သတ်ရမယ် ဆိုတာတွေကို မဖြစ်စေချင်လို့ ဖွံ့ဖြိုးတိုးတက်ရေးတွေကို ကျမတို့က လုပ်နေတာဖြစ်တယ်၊ ဒေသမှာ တကယ်စစ်မှန်ပြီးတော့ ရေရှည်တည်တံ့မယ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ လူမှုရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွေကို အရှိန်အဟုန်မြှင့်ပြီးတော့ လုပ်ရမယ်။
- ဒေါက်တာ အောင်ထွန်းသက် /စီးပွားရေး ပညာရှင်
ဒေါက်တာ အောင်ထွန်းသက်
စီးပွားရေး ပညာရှင်
အကျိုးအကြောင်းရှိလို့ လုပ်တာပေါ့၊ အရင်တုန်းကလည်း အင်တာနက်မရှိလည်း နေခဲ့တာပဲ၊ သိပ်မထူးခြားပါဘူး၊ သူတို့လည်း အခြေအနေကောင်းရင် ပြန်လုပ်မှာပဲ၊ ဒါကအမြဲတမ်း ဖြတ်တောက်တာမှ မဟုတ်တာ၊ ဝေဖန်တဲ့သူတွေကတော့ ဝေဖန်ပါစေပေါ့။ အရေးကြီးတာက တာဝန်ရှိတဲ့သူတွေက စဉ်းစဉ်း စားစားနဲ့ လုပ်တာပါ။ ဝေဖန်တာကတော့ လွယ်တာပေါ့။ လူကြိုက်များအောင် ပြောဖို့ကတော့ သိပ်လွယ်တာပေါ့၊ ဒါပေမယ့် တာဝန်ရှိတဲ့သူတွေက ပိုပြီးတော့ သိတာပေါ့။ ဒါအမြဲတမ်း ပိတ်မယ့် ကိစ္စလည်း မဟုတ်ဘူးလေ။
You may also like these stories:
ရခိုင်တွင် အင်တာနက်လိုင်း ဖြတ်တောက်မှု လူမျိုးရေး မုန်းတီးမှု လျော့ချရန်ဟု တပ်မတော် ပြော