၂၀၁၇ ခုနှစ်တွင် သေဆုံးသူ ၃၈ ဦး အထိ ရှိခဲ့သည့် ရာသီတုပ်ကွေးရောဂါ (Seasonal Influenza) H1N1 ရောဂါသည် ယခုနှစ် ဇွန်လလယ်လောက်တွင် ဖြစ်ပွားမှု စတင်ခဲ့သည်။
ရန်ကုန်တိုင်း၌ ယခုနှစ် H1N1 ဖြစ်ပွားမှု ကာလအတွင်း သေဆုံးသူ ၈ ဦးနှင့် စစ်ကိုင်းတိုင်းတွင် သေဆုံးသူ ၁ ဦး စုစုပေါင်း ၉ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
ထိုကဲ့သို့ သေဆုံးမှုများ ဖြစ်ပေါ်နေသဖြင့် လူထုကြားတွင်လည်း စိုးရိမ် ထိတ်လန့်မှုများ ဖြစ်ပေါ်လျက် ရှိကာ ကြိုတင် ကာ ကွယ်ဆေး ထိုးနှံထားမှု များပြားသဖြင့် ဈေးကွက် အတွင်း၌လည်း ကာကွယ်ဆေး ပြတ်လပ်မှုများ ဖြစ်ပေါ်လျက်ရှိသည်။
ထို့ကြောင့် ယခုလက်ရှိ ရာသီတုပ်ကွေး H1N1 ဖြစ်ပေါ်မှု အခြေအနေနှင့် မည်ကဲ့သို့ ကြိုတင်ကာကွယ် နေထိုင်သင့်သည် များကို သိရှိနိုင်ရန် အတွက် ရန်ကုန်တိုင်း ဒေသကြီး ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ထွန်းမြင့်ကို ဧရာဝတီ သတင်းဌာန သတင်းထောက် သဇင်လှိုင်က တွေ့ဆုံ မေးမြန်းထားပါသည်။
မေး ။ ။ ရန်ကုန်တိုင်းမှာ ရာသီတုပ်ကွေး H1N1 ဖြစ်ပွားနေတဲ့ အခြေအနေ ဘယ်လို ရှိပါသလဲရှင့်။
ဖြေ ။ ။၂၀၁၇ တုန်းက စစ်ဆေးသူ ၁၁၆၅ ဦး၊ ပိုးတွေ့တာ ၄၀၆ ဦး၊ သေဆုံး လူနာ ၃၈ ဦးရှိခဲ့တယ်။ အခု ၂၀၁၉ မှာက တနိုင်ငံလုံး စစ်ဆေးခဲ့တာ ၁၈၉ ဦး၊ ပိုးတွေ့တာ ၃၅ ဦး၊ သေဆုံးလူနာက ၉ ဦး။
ဒီနှစ်မှာ ရန်ကုန်တိုင်း အတွင်း ရာသီတုပ်ကွေး စစ်ဆေးခဲ့တာ ၇၈ ဦး၊ အဲဒီမှာ Influenza A H1N1 pdm 09 တွေ့တာက ၂၄ ဦး၊ သေဆုံး လူနာက ၈ ဦး။
မေး ။ ။ H1N1 ဖြစ်တဲ့ ရောဂါလက္ခဏာတွေကို အသေးစိတ် ပြောပြပေးပါလားရှင့်။
ဖြေ ။ ။ အဖျားရှိမယ်။ အပူချိန် ၃၈ ဒီဂရီ စင်တီဂရိတ်နဲ့ အထက်။ နှာရည်ယိုတာ၊ နှာချေတာ၊ ချောင်းဆိုးတာ၊ ခေါင်းကိုက်တာ ကိုယ်လက် ကိုက်ခဲတာ၊ နုံးခွေတာတွေ ရှိပါတယ်။ ဒါတွေက ရာသီတုပ်ကွေး လက္ခဏာတွေပါ။ အဲဒီထဲမှာမှ အသက် ရှူရခက်ပြီး ပြင်းထန်တယ် ဆိုရင်တော့ ဒါလတ်တလော အသက်ရှူလမ်း ကြောင်း ပိုးဝင်တဲ့ လူနာ အဖြစ် သတ်မှတ်ပြီးတော့ ဆေးရုံ တက်ရောက်ကုသမှု ခံယူဖို့ လိုပါတယ်။
ကိုယ်လက် နာတယ်။ ဖျားချင်သလို နာချင်သလို ဖြစ်တယ်ဆိုရင် ကျနော်တို့က သံသယ တုပ်ကွေးလူနာလို့ ခေါ်တယ်။ ပြင်ပလူနာ အနေနဲ့ ထားပြီးတော့ ရက်ချိန်းပေးပြီးတော့ ပြန်ပြီး ကြည့်ပါတယ်။ နောက် ဓာတ်ခွဲစမ်းသပ်ပြီး အတည်ပြုတဲ့ လူနာရဲ့ မိသားစုတွေကို ၅ ရက်ကနေ ၁၀ ရက် အထိ ကျန်းမာရေး ဝန်ထမ်းတွေက စောင့်ကြည့်ပါတယ်။ တယ်လီဖုန်းနဲ့ မပြတ်ဆက်သွယ် မေးမြန်းနေပါတယ်။
မေး ။ ။ H1N1 ဖြစ်ပြီဆိုရင် ဘယ်လိုသိနိုင်လဲရှင့်။ ဆေးရုံရောက်မှပဲ သိနိုင်တာမျိုးလား။
ဖြေ ။ ။ ဓာတ်ခွဲ စမ်းသပ်ပြီးမှပဲ ဒါကတော့ A H1N1 pdm 09 ဟုတ်မဟုတ် ဆိုတာကို အတည်ပြုနိုင်ပါတယ်။ သာမန်ကတော့ ဒီရာသီက တုပ်ကွေးတွေလည်း ဖြစ်နေကြတော့ ခွဲခြား မသိနိုင်ဘူး။
မေး ။ ။ သေဆုံးမှုမှာ ရန်ကုန်တိုင်းက များတယ် ဆိုတော့ အဲဒါက ဘယ်လိုအကြောင်းကြောင့်လဲ။
ဖြေ။ ။ ရန်ကုန်တိုင်းဟာ လူဦးရေ ထူထပ်တယ်။ လူနေများတယ်။ ကူးစက်ရောဂါ အများစုကလည်း ရန်ကုန်တိုင်းမှာ ဖြစ်တာများတယ်။ ရန်ကုန်တိုင်းမှာက လူဦးရေ ကျပ်သိပ်နေတာကလည်း ကူးစက်ဖို့ ပိုလွယ်တာပေါ့။ နောက် ဒီမှာက ပြဿနာ တခုက ရွှေ့ပြောင်းလာပြီး နေထိုင်တဲ့သူတွေ။ အဲဒါတွေက မြို့ ဆင် ခြေဖုံးတွေမှာ နေကြတယ်။ ဒီလူတွေမှာ ကူးစက်ရောဂါ ပိုပြီးတော့ ဖြစ်လွယ်တာပေါ့။
မေး ။ ။ ကာကွယ်ဆေးကရော အစိုးရ အစီအစဉ်နဲ့ ထိုးပေးတာမျိုး ရှိလား။
ဖြေ ။ ။ ကာကွယ်ဆေးက ဝယ်ထိုးချင်ရင် ထိုးလို့ရတယ်။ ကာကွယ်ဆေးရဲ့ Coverage က ၄၆ ရာခိုင်နှုန်းလောက်ပဲ ကာကွယ်လို့ ရတယ်။ လူတိုင်းလူတိုင်း ကာကွယ်ဆေးထိုးစရာ မလိုဘူး။ ပြည်သူလူထု အကုန်ထိုးတယ် ဆိုတာလည်း ကမ္ဘာ ပေါ်မှာ မရှိပါဘူး။
ထိုးနှံဖို့လိုတဲ့ လူတွေက ဒီလို ရာသီတုပ်ကွေး လူနာတွေနဲ့ ထိတွေ့ ဆက်ဆံ ကိုင်တွယ် နေရသူ အများစုကို ထိုးပေးတယ်။ ထိုးပေးသော်လည်းပဲ ၁၀၀ ရာခိုင်နှုန်း ကာကွယ်တာ မရှိဘူး။ မရှိပေမယ့်လည်း အစိုးရအနေနဲ့က ကျနော်တို့ရဲ့ ကျန်းမာ ရေး ဝန်ထမ်းတွေကို အကုန်ထိုးဖို့ အတွက် လုပ်ထားပေးပါတယ်။
မေး ။ ။ အဲဒါဆိုရင် အစိုးရ ကျန်းမာရေး ဝန်ထမ်း အကုန်လုံးကို ထိုးပေးတာလား။ ပြည်သူလူထု အတွက်ကရောရှင့်။
ဖြေ ။ ။ အဲဒါတော့ မသိဘူး။ ဒီရောဂါပိုး ရှိတဲ့သူတွေကို ထိတွေ့ ကိုင်တွယ်နေရတဲ့သူတွေကိုပဲ ထိုးပေးတာ။ အကုန် တော့လည်း မထိုးနိုင်ဘူး။
မေး ။ ။ H1N1 ကူးစက်သူတွေထဲမှာမှ ဘယ်အသက်အရွယ်တွေ သေဆုံးမှု များတာလဲ။
ဖြေ ။ ။ သေဆုံးတာက ၇၅ နှစ်၊ ၇၇ နှစ်၊ ၅၀ နှစ်၊ ၆၄ နှစ်၊ ၃၁ နှစ်နဲ့ တယောက်ကတော့ ၁ နှစ် ၃ လ ။ နောက်တယောက် ကတော့ အသက် ၅၀ ပေါ့။ အချို့က အသက်အရွယ် ကြီးရင့်တာ။ ဦးသိန်းအောင်ဆိုရင် ရင်ကြပ်ရောဂါ ရှိတယ်၊ အသက် က ၇၇ နှစ်။
မှော်ဘီက တယောက်ဆိုရင် အသက်က ၆၄၊ မရမ်းကုန်းက တယောက်ဆိုရင် ကျောက်ကပ် ရောဂါနဲ့ ဆီးချို ရောဂါ ရှိတယ်။ ကလေးငယ် ဆိုရင်လည်း မွေးရာပါ နှလုံးရောဂါ ရှိတယ်။ ဒါတွေနဲ့ ဆုံးပါးသွားကြတယ်။ ဒါကြောင့် ပြောလို့ရတာ က H1N1 ကူးစက်ခံရပြီ ဆိုရင် ရောဂါအခံ ရှိရင် ပိုပြီးတော့ ပြင်းထန်တယ်။
မေး ။ ။ ဒီရာသီတုပ်ကွေး ရောဂါကို ဘယ်လိုမျိုး ကာကွယ်နိုင်မယ် ဆိုတာကို ပြောပြပေးပါရှင့်။
ဖြေ ။ ။ နှာခေါင်းစည်း (Mask) တပ်တာကတော့ Surgical Mask ဆိုတာ ရှိတယ်။ N95 ဆိုတဲ့ အမျိုးအစားလည်း ရှိတယ်။ Surgical Mask ကတော့ သူ့ဆီက ရောဂါပိုးကို နောက်တယောက်ဆီကို မကူးအောင် တပ်တာ။ N 95 ကတော့ သူများဆီ က ပိုးကို ကိုယ့်ဆီ မကူးအောင်ပေါ့။ Surgical Mask တွေ တပ်တာကတော့ ရောဂါ မကူးစက်အောင် တားဆီးတဲ့နေရာမှာ အထောက်အပံ့ မပေးဘူး။ Surgical Mask တပ်တဲ့ သူတွေမှာတောင် ပိုပြီး ကူးစက်ဖို့ လွယ်မယ်။ အဲဒါကို အားမပေးဘူး။
H1N1 ရောဂါရဲ့ သဘာဝကလည်း ၆ ပေထက် အကွာကို ဒီရောဂါပိုးက မပျံ့နှံ့ဘူး။ အဲဒါကြောင့် သံသယရှိတယ် ဆိုရင် ၆ ပေ အကွာမှာနေ။ နောက်ပြီး ချောင်းဆိုးတဲ့သူရဲ့ ဦးတည်ချက်က တည့်တည့်မဟုတ်ဘဲ ဘေးစောင်းနေရင်လည်း မကူးနိုင်ဘူး။ ချောင်းဆိုးတဲ့သူတွေ အနေနဲ့လည်း ချောင်းဆိုးရင် လက်ကိုင်ပုဝါနဲ့ ဖြစ်ဖြစ်၊ တစ်ရှူးနဲ့ ဖြစ်ဖြစ်၊ လက်တံတောင်ဆစ် ကွေးနဲ့ ဖြစ်ဖြစ် ချောင်းဆိုးရင် အုပ်ဆိုးဖို့ လိုတယ်။
နောက်တခုကတော့ လက်ဆေးတာ။ တခုခုကို ကိုင်တွယ်ပြီးတိုင်း အထူးသဖြင့် အများသုံးတွေပေါ့။ ကိုင်တွယ်ပြီး လက် ဆေးဖို့နဲ့ တကိုယ်ရည် သန့်ရှင်းဖို့ အဲဒါက ပိုအရေးကြီးပါတယ်။
ဒါတွေက ရောဂါ မကူးစက်အောင် ကာကွယ်ရမယ့် အကြောင်းထဲမှာ ဖြစ်တယ်။ နောက်ရာသီ အကူးအပြောင်းမှာ ဒါတွေက ဖြစ်နိုင်တဲ့ အတွက် ဒီလိုရာသီ ရောက်ရင် အိပ်ရေးဝဝအိပ်၊ ရေလည်း များများသောက်၊ အရည်များများသောက်၊ သံသယရှိ တဲ့သူနား၊ လူထူတဲ့ အနား မသွားနဲ့ပေါ့။ ကိုယ်ခံအား ကောင်းအောင်နေ။ ဒါဆိုရင် ကာကွယ်ပြီးသား ဖြစ်တာပေါ့။
ကာကွယ်ဆေးနဲ့ ကာကွယ်လို့တော့ ရတယ်။ ဒါပေမယ့် ၁၀၀ ရာခိုင်နှုန်း မကာကွယ်ပါဘူး။
မေး ။ ။ Surgical Mask တပ်ရင် ပိုကူးစက်ဖို့ လွယ်တယ်ဆိုတာ ဘာကြောင့်လဲ။
ဖြေ ။ ။ Surgical Mask ရဲ့ သဘောက ပြင်ပကဟာကို မကာကွယ်နိုင်ဘူး။ အဲဒီအချိန်မှာ နှာခေါင်းအငွေ့နဲ့ ပါးစပ် အငွေ့နဲ့ဆို သွားစိုမယ်။ Infection က လာမယ် ဆိုရင် သူ့ကို လာကပ်မယ်။ လာကပ်ပြီး ကိုင်မယ်ပြုမယ် ချမယ်ဆိုရင် ကူးစက်ဖို့က ပိုလွယ်သွားမယ်။
လူတွေကို သတိပေးချင်တာက Surgical Mask တပ်ပြီး ကာကွယ်ဖို့ မသင့်ဘူး။ ပိုပြီး ကူးလွယ်တယ်။ လူထူတဲ့နေရာ မသွားနဲ့ တကိုယ်ရည် သန့်ရှင်းရေး ဂရုစိုက် ချောင်းဆိုးရင် အုပ်ဆိုး၊ ချောင်းဆိုးတဲ့သူ သံသယရှိသူနဲ့ ၆ ပေအကွာက နေရင် မကူးစက်ပါဘူး။
မေး ။ ။ ရာသီတုပ်ကွေးက နှစ်စဉ် ဇွန်လလောက်ဆို ဖြစ်တတ်တော့ ကာကွယ်ဆေးကလည်း ဈေးကြီးတဲ့အခါ လူတိုင်း လက်လှမ်းမမီကြဘူး။ ဘယ်လိုလုပ်သင့်လဲ။
ဖြေ ။ ။ ကာကွယ်ဆေးနဲ့ ကာကွယ်ရမယ် ဆိုတာချည်းပဲ မဟုတ်ပါဘူး။ ကာကွယ်ဆေးကလည်း ၄၆ ရာခိုင် နှုန်းပဲ ကာကွယ်နိုင်တာပါ။ လူတွေ အထိတ်တလန့် ဖြစ်ကြတယ်။ အကြောက်လွန်ကြတယ်။ အထိတ် တလန့် ဖြစ်စရာလည်း မလိုဘူး။ အကြောက်လွန်စရာလည်း မလိုဘူး။ ဒီရာသီတုပ်ကွေး ဆိုတာကတော့ ရာသီအကူး အပြောင်းတွေမှာ ဖြစ်တတ်ပါတယ်။
ဒီနှစ် ဇွန်လမှာ H1N1 ဝင်တယ်ဆိုတာ စောဝင်တာ။ ပုံမှန်အားဖြင့်တော့ ဇူလိုင်၊ သြဂုတ်လ တွေမှာဝင်တာပါ။ အခုနှစ်က စောဝင်တာ။ ကျနော်တို့ ဆေးရုံတွေမှာကလည်း Surveillance System ရှိတဲ့အတွက် ကြိုပြီးသိတယ်။ အခုဆိုရင် ကြိုပြီး သတိထားတယ်။ သူက ၁၂ လ ပတ်လုံးဖြစ်နိုင်တယ်။ ဒါပေမယ့် ရာသီ အကူးအပြောင်းတွေမှာ ဖြစ်နေတယ်။ အိမ်နီးချင်း နိုင်ငံတွေမှာလည်း ဖြစ်နေတယ်။ ဘင်္ဂလားဒေ့ရှ်တို့ ကမ္ဘောဒီယားတို့မှာပဲ ဖြစ်ပါတယ်။
မေး ။ ။ H1N1 ဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး ဘာများ ဖြည့်စွက်ပြောချင်တာရှိသေးလဲရှင့်။
ဖြေ ။ ။ ပြည်သူလူထု အနေနဲ့တော့ သိပ်ပြီး ထိတ်လန့် တုန်လှုပ်၊ ခြောက်ခြားနေစရာ မလိုပါဘူး။ ကျန်းမာရေး ဝန်ကြီး ဌာနရဲ့ ညွှန်ကြားချက်တွေကို လိုက်နာ နေထိုင်ဖို့နဲ့ သံသယရှိတယ် ဆိုရင် ဆေးရုံဆေးခန်းတွေကို လာရောက်ပြသ ကုသ မှု ခံယူပါ။ ပြည်သူလူထု အနေနဲ့ တအား မစိုးရိမ်ပါနဲ့။ ကျန်းမာရေး ဝန်ကြီးဌာနက အားကြိုးမာန်တက် ဆောင်ရွက်နေပါတယ်။
You may also like these stories:
H1N1 အရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန သတိပေး
ကူးစက်ပြန့်ပွားမှုနှုန်း မြင့်မားနေတဲ့ H1N1 ရာသီတုပ်ကွေး အကြောင်း
H1N1 ဖြင့် သေဆုံးသူ ၅ ဦးထိရှိလာပြီး ရောဂါပိုးရှိသူ ၂၂ ဦးတွေ့ထား
H1N1 ဖြင့် သေဆုံးသူ ၃ ဦးရှိပြီး၊ ကူးစက်ခံနေရသူ ၇ ဦးရှိနေ