လုပ်ငန်းခွင်အတွင်း လိင်စိတ် ဝိသေသကွဲပြားမှုကို အဓမ္မ ဖော်ထုတ်ခံခဲ့ရပြီး နိုင်ထက်စီးနင်း ပြုကျင့်ခံခဲ့ရမှုများကြောင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်မှု တခု ပြီးခဲ့သည့် ဇွန် ၂၄ ရက်က ဖြစ်ပွားခဲ့သည်။ သေဆုံးသွားသူ အသက် ၂၆ နှစ်အရွယ် မောင်ကျော်ဇင်ဝင်းသည် Myanmar Imperial University (MIU) တွင် စာကြည့်တိုက်မှူးအဖြစ် တာဝန် ထမ်းဆောင် နေသူ တဦးဖြစ်သည်။
မောင်ကျော်ဇင်ဝင်း မကွယ်လွန်မီ တင်ခဲ့သည့် ၎င်းအပေါ် ခွဲခြားဆက်ဆံမှုများ၊ နိုင်ထက်စီးနင်း ပြုကျင့်ခဲ့သည့် ဟူသော Screen Shot များနှင့် ၎င်း၏ သေဆုံးမှုသည် လူမှုကွန်ရက်စာမျက်နှာ သုံးစွဲသူများအကြား ဟိုးလေးတကြော် ဖြစ်သွား ခဲ့ပြီး LGBT (လိင်စိတ်ကွဲပြားသူများ) အသိုင်းအဝိုင်းကြားလည်း လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ကြသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံ လူ့အခွင့်အရေး ပညာပေးရေး လုပ်ငန်းကို နှစ် ၃၀ ကျော် ပါဝင်ဆောင်ရွက် နေသူ၊ LGBT အရေးဆိုင်ရာ တက်တက်ကြွကြွ ရှေ့ဆောင်လမ်းပြ လှုပ်ရှားနေသူ တဦးဖြစ်သည့် ညီမျှခြင်းမြန်မာ (Equality Myanmar) ၏ အမှုဆောင် ဒါရိုက်တာ ဦးအောင်မျိုးမင်းကို ဧရာဝတီသတင်းဌာန အကြီးတန်း သတင်းထောက် ဇူးဇူးမှ ဆက်သွယ် မေးမြန်းထားပါသည်။
မေး ။ ။ ကျော်ဇင်ဝင်း သေဆုံးမှုကို စကြားသိရချင်း LGBT အရေး ဆောင်ရွက်နေသူ တဦးအနေနဲ့ ဘယ်လို ခံစားရပါလဲ။
ဖြေ ။ ။ ဒီသတင်းကို စကြားတုန်းက တော်တော်ကြီးကို စိတ်မကောင်းဖြစ်မိတယ်။ ဘာကြောင့်လဲဆိုတော့ လူကို လူလို့ မြင်တဲ့ ယဉ်ကျေးမှုကို ကျနော်တို့ ထူထောင်တဲ့ကြားမှာ လိင်စိတ်ခံယူမှု ကွဲပြားတဲ့အပေါ်မှာ အထူးသဖြင့် ဒီလိုမျိုး ပညာရေး အသိုင်းအဝိုင်း ကျောင်းတွေမှာ သူ့ပေါ်မှာ နှိမ့်ချမှုတွေ စော်ကားမှုတွေ ဖြစ်တာကို မဖြစ်သင့်ဘူးလို့ ယူဆတယ်။
တဖက်မှာလည်း သနားမိတယ်။ သူ့အနေနဲ့ တကယ်လို့သာ သူ့ရဲ့ ခံစားမှုတွေကို အားပေးနိုင်တဲ့သူတွေ ဖြေသိမ့်ပေး နိုင်မယ့်သူတွေ ရှိမယ်ဆိုရင် ဒီလိုမျိုးအဖြစ်မျိုးကို သူ ရှောင်ရှားနိုင်မယ်။ အဲဒါမျိုး အခြေအနေ မရှိတဲ့အတွက် သူ့ အပေါ် မှာ တော်တော် သနားမိတယ်။
နောက်တခုက ဒီလိုဖြစ်တဲ့ အပေါ်မှာ ကျနော်တို့ ပတ်ဝန်းကျင် လူ့အသိုင်းအဝိုင်းကြီးကို အံ့သြမိတယ်။ လူတယောက် ကို တယောက် လေးစားဖို့ အတွက် လူ့ယဉ်ကျေးမှုကို တတိုင်းပြည်လုံး တကမ္ဘာလုံးက လေးစားလက်ခံအောင် ကြိုး စားနေတဲ့ ကြားက လိင်စိတ် ကွဲပြားမှုအပေါ်မှာ နားမလည်မှုတွေ အဲဒီ အပေါ်မှာ မှားယွင်းတယ်ဆိုပြီးတော့ အရှက်ခွဲမှု တွေ ရှိနေကြတဲ့ဟာက လူ့လောကအသိုင်းအဝိုင်းမှာ လူကို လူလိုလေးစားသော လူ့ယဉ်ကျေးမှု ထွန်းကားအောင် ဆက်လက်ပြီး လုပ်ဆောင်ပေးဖို့ အများကြီး လိုအပ်သေးတယ်ဆိုတာကို သတိထားမိတယ်။
မေး ။ ။ သူ့နာရေးမှာ LGBT အသိုင်းအဝိုင်းက လာရောက် ဝန်းရံကြသလို သူ့အတွက် ဆုတောင်းပွဲတွေ လုပ်ပေး မယ်လို့လည်း သိရပါတယ်။ ဒါတွေကရော ကျော်ဇင်ဝင်း သေဆုံးမှုအတွက် ဘယ်လိုများ သက်ရောက်မှုတွေ ရှိနိုင် မလဲ။
ဖြေ ။ ။ ဒီ ကျော်ဇင်ဝင်း သေဆုံးမှုက လူတယောက် သေဆုံးမှုလို့ သတ်မှတ်လို့မရတော့ဘူး။
လိင်စိတ်ကွဲပြားတဲ့သူတွေအပေါ်မှာ လူ့လောကအသိုင်းအဝိုင်းကြီးက ဘယ်လိုမျိုး ယူဆပြီးတော့ ဘယ်လိုမျိုး နှိမ့်ချမှု ရှိလဲ ဆိုတာကို မီးမောင်းထိုးပြလိုက်တဲ့ အဖြစ်အပျက်တခု ဖြစ်တယ်။ ဒီလိုမျိုး သေဆုံးတဲ့သူတွေ သတ်သေသွားတဲ့ သူတွေက ကမ္ဘာနဲ့တဝှမ်းမှာ အများကြီးဖြစ်တယ်။
ဒါကြောင့်မို့ ဒီ ဇွန်လဆိုရင် လိင်စိတ်ကွဲပြားသူတွေရဲ့ စွမ်းအင် သတ္တိကို အသိအမှတ်ပြုတဲ့ LGBT Pride Month လို့ တောင် သတ်မှတ်ပြီးတော့ ကျင်းပနေတဲ့ အချိန်မျိုးမှာ သူ့တယောက် ဒါမျိုးဖြစ်ခြင်းကို LGBT တွေ အကုန်လုံးက ပိုပြီးတော့ ဝမ်းနည်းမှုဖြစ်တယ်။ ဒါကြောင့်မို့ ဆုတောင်းပွဲတွေ လုပ်ဆောင်ပေးတယ်။
အခုလိုမျိုး ဆုတောင်းပွဲ လုပ်တာက သူ သေဆုံးမှုတခုကို ဝမ်းနည်း ကြေကွဲခြင်းမကဘဲ လိင်တူချင်း ချစ်တဲ့သူကို လူ့လောက အသိုင်းအဝိုင်းက လက်ခံဖို့ လိုအပ်တယ်ဆိုတဲ့ တပ်လှန့်သံတွေ ဖြစ်လာတယ်။
လိင်တူချင်းချစ်တဲ့သူတွေက ကိုယ့်ကိုယ်ကို ဂုဏ်ယူဖို့ရယ်။ တဦးတည်း သိမ်ငယ်မှုမရှိဘဲ လောကကို အရှုံးပေးတာမျိုး မရှိဖို့ အတွက် သတိပေးရာ ရောက်သလို လိင်တူချင်း ချစ်တဲ့သူတွေ လိင်စိတ်ကွဲပြားသူတွေ မဟုတ်တဲ့ သူတွေက လည်း လူ့အခွင့်အရေး လေးစားတဲ့သူတွေ ကနေ ပူးပေါင်းလုပ်ဆောင်မှုတွေ သူ့အပေါ် စာနာမှုတွေ ဒီလိုမျိုး လိင်စိတ် ကွဲပြားသူများရဲ့ဘဝ အခြေအနေကို ပိုမိုနားလည်သဘောပေါက်လာဖို့ ဒါလေးတွေက သက်ရောက်မှု ရှိတယ်။
အခုဆိုရင် သူ့အပေါ်မှာ ဝမ်းနည်းမှုတွေ စာနာမှုတွေ ဒါမျိုးကိစ္စနဲ့ပတ်သက်လို့ စာနာနားလည်မှု အပိုင်းမှာ လူထုကြား ထဲမှာ အရင်ကထက် မြင့်လာတယ်။
မေး ။ ။ နိုင်ငံတကာအဆင့် တက္ကသိုလ်ကျောင်းမှာ ပညာတတ် အသိုင်းအဝိုင်းတွေကြားမှာ အခုလို ဖြစ်ပျက် သွားတဲ့အပေါ် ဘာများ မှတ်ချက်ပြုချင်ပါသလဲ။ LGBT အရေး ဆောင်ရွက်တဲ့သူတွေ အနေနဲ့ရော ဘယ်လို သင်ခန်းစာတွေ ရလိုက်ပါသလဲ။
ဖြေ ။ ။ ပညာတတ်ခြင်း မတတ်ခြင်းက လူ့ရဲ့ အတတ်ပညာကို ပို့ချပေးတာ ဖြစ်တယ်။ ဒါပေမယ့် တချို့သော ကျောင်းတွေမှာ အတတ်ပညာ ပို့ချပေမယ့် လူကိုလူလို မြင်လိုသော အသိပညာ ကျင့်ဝတ် သီလပိုင်းတရားတွေ အားနည်းနေတယ်ဆိုတဲ့ အချက်က ကျနော်တို့ကို တကယ် တပ်လှန့်လိုက်တာပဲ။
ကျနော်တို့က ပညာတတ်လို့ရှိရင် ဒါနဲ့ပတ်သက်ပြီး လေးစားမှုတွေ ရှိလာလိမ့်မယ်။ လူ့ယဉ်ကျေးမှုတွေ ထွန်းကား လိမ့်မယ်ပေါ့။ ဒါပေမယ့် ဦးနှောက်ထဲမှာ ပညာရှိပြီးတော့ နှလုံးသားထဲမှာ လူကို လူလို မမြင်သော နှလုံးသားပိုင်ရှင် တွေ ဖြစ်နေတယ်ဆိုတဲ့အချက်က လူဆိုတာ ပညာတတ်ခြင်း မတတ်ခြင်းနဲ့ မဆိုင်ဘူး။ အဓိက လူကို လူလိုမြင်သော လူ့ ယဉ်ကျေးမှုကို ဘယ်လောက်ထိ လက်ခံထားနိုင်လဲ ဆိုတဲ့အချက်နဲ့ တိုင်းတာဖို့ လိုအပ်တယ်ဆိုတာ ပြောတာပါ။
ကျောင်းတွေမှာ ဒါတွေ တားဆီးရမယ်။ ဘယ်လိုမျိုး ပေါ်လစီချမှတ်မယ်ဆိုတဲ့ လုပ်ငန်းစဉ်တွေ (procedure) ရှိတယ်။ ဒါပေမယ့် ကျနော် ဘာသတိထားမိလဲဆိုတော့ ပေါ်လစီက စာအုပ်ထဲမှာ မူက စာအုပ်ထဲမှာ။ ဒါပေမယ့် လူက ဒါကို နားမလည်ကြဘူး။ တချိန်တည်းမှာ ဝန်ထမ်းတွေက ဒါကို သဘောမပေါက်တဲ့အတွက် ဒီလိုမျိုးပြဿနာ ရှိတယ်ဆိုတာ တွေ့ရတယ်။
နောက်တခုက ကျနော်တို့ဟာ ပညာကို ဦးစားပေးတဲ့ အသိုင်းအဝိုင်းဖြစ်လာတယ်။ ဒါပေမယ့် ကျနော်တို့ တန်ဖိုးထား တဲ့ ပညာက အတန်းပညာတင် မကဘဲ လူကို လူလိုမြင်တဲ့ သီလတရားတွေ ကွဲပြားခြားနားမှုကို လက်ခံပြီးတော့ မတူကွဲပြားမှု အပေါ်မှာ ဘာမှပြဿနာ မရှိသော စိတ်ထားပိုင်ရှင်တွေ ဖြစ်ဖို့အတွက် သီလပိုင်းဆိုင်ရာနဲ့ အကျင့် စာရိတ္တပိုင်း ဆိုင်ရာမှာ အားနည်းနေတယ်ဆိုတာ ဒီအချက်လေးကို ကျနော်တို့ ထောက်ပြလို့ရပါတယ်။ ပေါ်လစီအရ ရှိဖို့ လိုအပ်တယ်။ ကျင့်သုံးဖို့လည်း လိုအပ်တယ်။ နောက်တခါ လိင်စိတ်ကွဲပြားမှု အပါအဝင် မတူကွဲပြားမှုတွေ ရှိနေတဲ့ အကြောင်း သူတို့အပေါ်မှာ စာနာ နားလည်မှု ရှိနိုင်တဲ့ သင်ခန်းစာတွေ ပါဝင်သင်ကြားသော ပညာရေးစနစ်က လိုအပ် နေတယ်။ ကျောင်းတိုင်းကျောင်းတိုင်းမှာ လိုအပ်နေပါတယ်။
မေး ။ ။ အခုလို ဖြစ်သွားတာနဲ့ ပတ်သက်လို့ ကျော်ဇင်ဝင်း စိတ်ဓာတ်ပျော့ညံ့လို့ဆိုတဲ့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။ ဒါနဲ့ပတ်သက်လို့ရော ဘာများ ပြောချင်ပါသလဲ။
ဖြေ ။ ။ ကျော်ဇင်ဝင်း ပျော့ညံ့လို့ဆိုပြီး ပြောကြတာ တွေ့ပါတယ်။ ဒါက ဘာလဲဆိုတော့ လူတွေက ကိုယ့်ရဲ့လက်ရှိ အခြေအနေနဲ့ သူ့ရဲ့အခြေအနေကို တိုင်းတာပြီး ငါသာဆို ဒါမျိုး မလုပ်ဘူးဆိုတဲ့ ငါဆိုတဲ့ စံချိန်ကို တိုင်းပြီးတော့ ဝေဖန် ကြတာ ရှိတယ်။ အမှန်တော့ ကျနော်တို့က ကျနော်တို့ရဲ့ ပေတံနဲ့ မတိုင်းဘဲနဲ့ ကျော်ဇင်ဝင်းရဲ့ အဲဒီ အခြေအနေမှာရှိတဲ့ သူ့ရဲ့ ဘဝ ပေတံကို တိုင်းတာဖို့ အဲဒါကို နားလည်ဖို့ လိုအပ်ပါတယ်။
သူကိုယ်တိုင်က ပွင့်ပွင့်လင်းလင်း ဝန်မခံရဲတဲ့သူ တယောက်ဖြစ်တယ်။ သူ့မှာ ပတ်ဝန်းကျင် မရှိဘူး။ မိသားစု ဆိုရင် လည်း အသက် ၇၀ ကျော် အဖွားအိုပဲ ရှိတယ်။ မိသားစုအတွင်းမှာ စိတ်ကုစားမှုကို တိုင်ပင်နိုင်တဲ့ အကြံဉာဏ် တောင်းနိုင်တဲ့ ပတ်ဝန်းကျင်တွေ မရှိဘူး။
ကျောင်းတွေမှာလည်း counselor လိုဟာမျိုးတွေ ရှိပေမယ့် တကယ်တမ်း လိင်မှုကိစ္စနဲ့ ပတ်သက်လို့ လိင်စိတ် ကွဲပြားမှုနဲ့ ပတ်သက်လို့ လက်ခံပြီးတော့ အရေးတယူလုပ်ဆောင်တဲ့ စိတ်ထားတွေ အစီစဉ်တွေ မရှိကြဘူး။ အဲဒီတော့ သူ့မှာ ဒီကိစ္စမှာ အဖော်မဲ့နေတယ်။
ငါသာဆိုလျှင် မဟုတ်ဘဲ သူ့နေရာကို ဝင်ကြည့်ဖို့ လိုအပ်ပါတယ်။ ကိုယ့်ကိုယ် ယုံကြည်မှု လိင်စိတ်ကွဲပြားမှုကို ဖော် ထုတ်နိုင်တဲ့ သတ္တိမရှိသေးဘူး။ အသက်အရွယ်ကလည်း အရမ်းငယ်သေးတယ်။ သူ့ကို ဝိုင်းဝန်းပြီး ကူညီပေးတဲ့ အကူ အညီတွေ အသိုင်းအဝိုင်းတွေကို ရင်ဖွင့်စရာနေရာမရှိတဲ့ လူငယ်တယောက်က နောက်ဆုံးကျရင် လောကကို အရှုံး ပေးသွားတတ်တဲ့ လမ်းကြောင်းကိုပဲ ရွေးသွားတတ်ပါတယ်။
ပျော့ညံ့တာ မဟုတ်ဘူး။ တခြား နည်းလမ်းကို စဉ်းစားလို့ မရအောင် ရှိနေတဲ့ ကျနော်တို့ လူ့လောကကိုလည်း ပြန်ပြီး ကြည့်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ကျနော် ပြောချင်တာ တခုက အရှုံးမပေးပါနဲ့။ ကိုယ့်ရဲ့ ရပ်တည်မှု ဖြစ်တည်မှုကို ယုံကြည်ပါ။ နောက်တခါ ရင်ဖွင့်စရာ အသိုင်းအဝိုင်းကို ရှာဖွေပါ။ ကောင်းမွန်တဲ့ အကြံဉာဏ်တွေ ယူပြီးတော့ လောက ရဲ့ ထိုးနှက်မှု ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုကို ဘယ်လိုရှောင်ကြဉ်ပြီး တွန်းလှန်နိုင်မလဲဆိုတာ ခွန်အားတွေမွေးတဲ့ နည်းလမ်းကိုတော့ ကျနော် အကြံပြုလိုပါတယ်။
မေး ။ ။ ကျော်ဇင်ဝင်း အခုလို ဖြစ်သွားတာနဲ့ ပတ်သက်လို့ သူ့အတွက် တရားမျှတမှု ဖော်ဆောင်နိုင်ဖို့ ဥပဒေကြောင်း အရ ဘယ်လိုတွေများ ဆောင်ရွက်နိုင်ပါသလဲ။
ဖြေ ။ ။ ကျော်ဇင်ဝင်းနဲ့ ပတ်သက်လို့ ကျနော်တို့ ဖြေရှင်းနိုင်တဲ့ နည်းလမ်း ၃ ခုရှိပါတယ်။ ပြီးသွားတာကတော့ ဘယ်လိုမှ ပြန်ရှင်လို့မရဘူး။ ဒါပေမယ့် ကျနော်တို့ ပြောနေတဲ့ တရားမျှတမှုကို ဖော်ဆောင်နိုင်ဖို့အတွက် ဒီကျောင်း ကနေ ဒီလိုမျိုးဖြစ်ခဲ့တဲ့ အရာတွေ ဘာကြောင့်ဖြစ်တာလဲ။ ဘယ်သူတွေမှာ တာဝန်ရှိလဲ။ ကျောင်းရဲ့စည်းကမ်း စီမံမှု ကိစ္စတွေ ကျောင်းရဲ့ လုပ်ထုံးလုပ်နည်းတွေ ဒါတွေကို ဖော်ထုတ်ပြီးတော့ ဒီလိုမျိုးကိစ္စ ဖြစ်တဲ့သူအပေါ်မှာ ကျောင်းရဲ့ လုပ်ပိုင်ခွင့် အတိုင်း အရေးယူတဲ့ Social Punishment (လူမှုရေးဆိုင်ရာ ပြစ်ဒဏ်) ဒါကို ကျနော်တို့ လုပ်နိုင်တယ်။
နောက်တခုက ဒီဟာက လူသေမှုလည်း ဖြစ်ပါတယ်။ သေတာကလည်း သူ့ကိုယ်ကို သတ်သေတာ မကဘဲ သတ်သေဖို့ အတွက် တွန်းအားပို့တာ ဖြစ်တဲ့အတွက် ဥပဒေကြောင်းအရ ဒါဆိုရင် လူသတ်မှု မြောက်နိုင်လား။ လူတယောက်ကို ကိုယ့်ကိုယ်ကို သတ်သေဖို့ အတွက် တွန်းပို့နေတဲ့ ဖြစ်နေအောင် လုပ်ဆောင်နေတဲ့ အရာနဲ့ ပတ်သက်လို့ ဥပဒေကြမ်းအရ သို့မဟုတ် ဥပဒေကြောင်းအရ ဘယ်လိုမျိုး လုပ်ဆောင်နိုင်မလဲ။
လူသေမှု ဖြစ်တဲ့ အတွက် ရဲအပါအဝင် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်မယ်။ ဥပဒေတွေရဲ့ ဆုံးဖြတ်မှုတွေ ခံယူပြီး အပြစ်ရှိတဲ့ သူတွေကို အပြစ်ရှိတဲ့ အတိုင်း အရေးယူတဲ့ ဥပဒေ လမ်းကြောင်းအတိုင်း လုပ်နိုင်တယ်။
ကျောင်းမှာ စုံစမ်းစစ်ဆေးမှုတွေကို လွတ်လပ်တဲ့ သူတွေက လုပ်ဆောင်ပြီးတော့ ကျောင်းမှာ တာဝန်ရှိတဲ့ သူတွေကို အရေးယူနိုင်တဲ့ကိစ္စမျိုး။ ကျောင်းရဲ့ ပေါ်လစီပြောင်းအောင်၊ နောက်ထပ် ဒါမျိုးမဖြစ်အောင် ဘယ်လိုလုပ်နိုင်မလဲဆိုတဲ့ စုံစမ်းစစ်ဆေးမှု ဒါတခု လုပ်နိုင်တယ်။
လူ့အခွင့်အရေး ကော်မရှင်ကနေ ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်း စုံစမ်းပြီးတော့ လူ့အခွင့်အရေးရှုထောင့်ကနေ ဘာလုပ် သင့်တယ်ဆိုတာမျိုး လုပ်နိုင်တယ်။ ဒီတော့ Social (လူမှုရေးဆိုင်ရာ) ရယ်၊ legal (ဥပဒေပိုင်းဆိုင်ရာ) ရယ်နဲ့ Human rights (လူ့အခွင့်အရေးရှုထောင့်) ဆိုတဲ့ လမ်းကြောင်းသုံးသွယ်နဲ့ စုံစမ်းဖော်ထုတ်ပြီး အရေးယူနိုင်ပါတယ်။
မေး ။ ။ ကျော်ဇင်ဝင်း သေဆုံးမှုနဲ့ ပတ်သက်လို့ ဝန်းရံသူတွေ အမြင်သဘောထား ကွဲလွဲသူတွေနဲ့ LGBT တွေ အတွက် ဘာများ သတင်းစကား ပါးချင်ပါသလဲ။
ဖြေ ။ ။ အဆိုးထဲက အကောင်းဆိုသလိုပဲ ကျော်ဇင်ဝင်း သေဆုံးမှု သတ်သေသွားမှုက လက်ရှိ ကျနော်တို့ တိုင်းပြည်နဲ့ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ဖြစ်နေတဲ့ LGBT များရဲ့ဘဝကို မီးမောင်းထိုးလိုက်တာပါ။
လူ့လောကအသိုင်းအဝိုင်းထဲမှာ လူသား ဖြစ်ပေမယ့် လူသားလို့ အသိအမှတ်မပြုဘဲ ပြောင်လှောင်စရာ စော်ကားစရာ တွေ ဖြစ်နေတယ်။ အဲဒီလိုမျိုး စိတ်ဓာတ်တွေကလည်း သတင်းမီဒီယာတွေ၊ ရုပ်ရှင် အနုပညာတွေရဲ့ ပံ့ပိုးမှုတွေ ဒါနဲ့ ပတ်သက်ပြီး ပုံသွင်းမှုတွေရဲ့ အယူအဆတွေဖြစ်နေတယ်။
အဲဒါကြောင့် သေဆုံးသွားတဲ့သူ သေဆုံးသွားပေမယ့် ကျနော်တို့မှာ အာရုံစိုက်မှုတွေ ဒါကို စာနာ နားလည်နိုင်မှုတွေ အခုဆိုရင် မြန်မာနိုင်ငံမှာ သူ့အပေါ်မှာ မူတည်ပြီးတော့ LGBT အပေါ်မှာ ပြောဆိုလာတာတွေ စာနာမှုတွေ ရှိလာတာ တွေ ရှိလာပါတယ်။ ဒါက ကျနော်တို့အတွက် အဆိုးထဲက အကောင်းတခုဖြစ်ပါတယ်။
အဲဒီတော့ သေဆုံးသွားတဲ့ မောင်ကျော်ဇင်ဝင်းကိုပဲ သနားပြီး ဝမ်းနည်းနေရုံမကဘဲနဲ့ ဒီလိုလူမျိုးတွေ နောက်ထပ် မဖြစ်ဖို့ အတွက် ဘယ်လိုမျိုး ဝိုင်းဝန်း တားဆီးဖို့ လိုအပ်လဲ။ အရေးတကြီး လုပ်ဆောင်သင့်တာနဲ့ ရေရှည်လုပ်ဆောင် သင့်တာ ခွဲချင်တယ်။
အရေးတကြီး လုပ်ဆောင်သင့်တာက LGBT များ ကိုယ်တိုင်က ကိုယ့်ရဲ့ရပ်တည်မှုကို ကိုယ်ကိုယ်တိုင် ပွင့်ပွင့်လင်းလင်း နဲ့ ပြောရဲတဲ့ သတ္တိရှိအောင် အချင်းချင်း စိတ်ဓာတ်စွမ်းရည်တွေ မြှင့်တင်ဆောင်ရွက်ဖို့ လိုတယ်။ နောက်တခါ ဒါမျိုး ကိစ္စတွေ ဖြစ်လာရင် ကျနော်တို့ တိုင်းပြည်မှာ Counselling လို့ခေါ်တဲ့ ဖြေသိမ့်မှု ပေးတဲ့ဟာ မရှိဘူး။ ဒါတွေ ကျနော် တို့ လိုအပ်တဲ့ သူတွေ ပေးနိုင်ဖို့ လုံလုံခြုံခြုံ လွတ်လွတ်လပ်လပ် ပေးနိုင်ဖို့ စီစဉ်ဆောင်ရွက်သင့်တယ်။
အစိုးရအနေနဲ့ ကျောင်း အနေနဲ့ ဒီလိုမျိုး မဖြစ်အောင် ကာကွယ်တဲ့ ပေါ်လစီတွေကို တကယ်တမ်း ပေါ်လစီ စာအုပ် ထဲမှာ သိမ်းထားတာ မကဘဲ ကျင့်သုံးဖို့ အတွက် ဝန်ထမ်းတွေ ကျောင်းသူ/ကျောင်းသားတွေကို သေချာ သိအောင် လုပ်ဆောင်ပေးဖို့ လိုသလို လိင်စိတ်ကွဲပြားမှု (Sexual Orientation) ဆိုတဲ့အကြောင်းအရာ တခုကိုလည်း ကျောင်းရဲ့ သင်ခန်းစာထဲမှာ ထည့်သွင်းပြီးတော့ သင်ကြားပေးဖို့လိုအပ်ပါတယ်။
You may also like these stories:
မောင်ကျော်ဇင်ဝင်း သေဆုံးမှု လူ့အခွင့်အရေး ကော်မရှင် စုံစမ်း စစ်ဆေးမည်
“LGBT တယောက်ဆိုတာ သေချာပြီဆိုရင် စိတ်ဓာတ် ကြံ့ခိုင်ပါ”လို့ ဦးဟန်ဇော်လတ် ပြော
အရှက်ခွဲ အနိုင်ကျင့်ခြင်းသည် လူယဉ်ကျေးတို့၏ အပြုအမူ မဟုတ်