Myanmar Imperial University (MIU) တွင် စာကြည့်တိုက်မှူးအဖြစ် တာဝန်ထမ်းဆောင်နေသူ အသက် ၂၆ နှစ်ရွယ် မောင်ကျော်ဇင်ဝင်းသည် ပြီးခဲ့သည့် ဇွန် ၂၄ ရက်က ကိုယ့်ကိုယ်ကို အဆုံးစီရင်မှု ဖြစ်ပွားခဲ့သည်။
သူ မကွယ်လွန်မီက လူမှုကွန်ရက် စာမျက်နှာပေါ် တင်ခဲ့သော ပြောစကားများနှင့် ဖမ်းယူထားသည့် Screen Shot များအရ လုပ်ငန်းခွင်အတွင်း လိင်စိတ်ခံယူမှု ကွဲပြားခြင်းကို အဓမ္မ ဖော်ထုတ်ခံခဲ့ရပြီး နိုင်ထက်စီးနင်း ပြုကျင့်မှုများ ရှိခဲ့ကြောင်း ဖော်ပြထားသည်။
ထို့အတွက် လူမှုကွန်ရက်သုံးစွဲသူများနှင့် LGBT (လိင်စိတ်ကွဲပြားသူများ)တို့အကြား အမြင် အမျိုး မျိုး ဖြင့် ဝေဖန် ပြစ်တင်မှုများ၊ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့သည်။
ထို့ကြောင့် MIU အနေဖြင့် ကျော်ဇင်ဝင်းကိစ္စနှင့် ပတ်သက်၍ မည်သို့မည်ပုံ ဆောင်ရွက်နေသည်ကို အသေးစိတ် သိရှိနိုင်ရန် MIU တည်ထောင်သူ ဒေါ်ပို့ပို့ကြည်ကို ဧရာဝတီသတင်းဌာန အကြီးတန်း သတင်းထောက် ဇူးဇူးက တွေ့ဆုံမေးမြန်းထားပါသည်။
မေး ။ ။ MIU ကျောင်းမှာ ဖြစ်သွားတဲ့ ကျော်ဇင်ဝင်း ကိစ္စနဲ့ ပတ်သက်လို့ ကျောင်းအနေနဲ့ ဘာတွေ ဆောင်ရွက်နေ တာ ရှိပါသလဲ။
ဖြေ ။ ။ ဒီကျောင်းမှာ ဖြစ်သွားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မောင်လေး မောင်ကျော်ဇင်ပေါ့နော်။ သူနဲ့ ပတ်သက်ပြီးတော့ အစ်မတို့ အရမ်းဝမ်းနည်းတယ်။ ကြေကွဲတယ်။ ခံစားရတယ်။ ဘာတွေ ဆောင်ရွက် နေလဲဆိုတော့ သက်ဆိုင်ရာတွေနဲ့ လည်း ပူးပေါင်းတယ်။ Association (အသင်းအဖွဲ့)တွေနဲ့လည်း ပူးပေါင်းတယ်။ ပူးပေါင်းပြီးတော့မှ အဖြစ်မှန်ကို အမြန်ဆုံး ပေါ်ပေါက်ဖို့ အစ်မတို့ဘက်နေ စုံစမ်း စစ်ဆေးတယ်။
ဒီလိုဖြစ်သွားပြီဆိုတော့ မိသားစုဘက်ကိုလည်း အစ်မတို့ ဘက်ကနေ ဖြစ်ဖြစ်ချင်း ရက်ကတည်းကနေ အိမ်ကို သွားတယ်။ ၂ နာရီကျော်လောက် ကတည်းက ရောက်နေပြီး နာရေးကိစ္စ အဝဝအတွက် လုပ် ပေးခဲ့ပါတယ်။
ဒီကြားထဲမှာလည်း နာရေးအတွက် စီစဉ်တဲ့ နေရာမှာလည်း အတတ်နိုင်ဆုံး ပြုလုပ်ပေးခဲ့တယ်။ ဒီနေ့မနက်ဆို မောင်ကျော်ဇင်အတွက် ဆွမ်းကပ်ပေးတယ်။ အများကြီး လုပ်ပေးနေတယ်။ investigation (စုံစမ်းစစ်ဆေးမှု) လည်း လုပ်နေတယ်။ အဖြေထွက်လာတယ်ဆိုရင်တော့ အားလုံးကို ဖော်ပြသွားမှာပါ။
မေး ။ ။ အခုလိုဖြစ်သွားတဲ့ ကိစ္စနဲ့ပတ်သက်လို့ ကျောင်းရဲ့ တာဝန်ယူမှု တာဝန်ခံမှုအပေါ် မေးခွန်း ထုတ်နေတာတွေ ရှိပါတယ်။ ဒါနဲ့ပတ်သက်လို့ ကျောင်းအနေနဲ့ ဘာများ ပြောချင်ပါသလဲ။
ဖြေ ။ ။ ပထမဆုံး ပြောချင်တာက အစ်မလည်း အရမ်း တုန်လှုပ်သွားတယ် မမှန်းထားဘူး။ ဒီလိုမျိုး ဖြစ်လိမ့်မယ်လို့ အစ်မ လုံးဝ မယုံကြည်ဘူးပေါ့။ ဒီခေတ်ကလည်း Facebook ခေတ်ဆိုတော့လေ ဖေ့စ်ဘုတ်မှာလည်း အစ်မအနေနဲ့ ဝန်ထမ်းတွေကို ကြည့်တာပေါ့။ သူတို့ ပျော်နေလား ဘာလား။ သူက ပျော်နေတယ်။ အကုန်လုံးကိုလည်း ပြောချင် တယ်။ ဖေ့စ်ဘုတ်ကိုလည်း ကြည့်ကြည့်ပါ။
သူ ဘာဖြစ်လို့ ဒီလိုမျိုးကြီး လုပ်သွားလဲဆိုတဲ့ဟာကိုလည်း အစ်မ နားမလည်ဘူး။ ဖေ့စ်ဘုတ်မှာ ဖြစ်ခဲ့တဲ့ဟာဆိုလည်း ဒါ ဧပြီမှာ ဖြစ်ခဲ့တဲ့ကိစ္စ။ ဘယ်အရာက ဒီအချိန်ကျတော့မှ ဘယ်လိုတွေ ဖြစ်ခဲ့လဲတော့ အစ်မလည်း မသိဘူး။
ဘာဖြစ်လို့ အခုချိန်ကျမှ သူ့ကို အရမ်းစိတ်ဆင်းရဲပြီး ဒီလိုမျိုး ဖြစ်သွားစေလဲဆိုတဲ့ဟာကို အစ်မလည်း အဖြေသိချင်တယ်။ အဲဒါကြောင့် အစ်မတို့ တကယ့်ကို စုံစမ်းစစ်ဆေးရေးတွေ အစိုးရဘက် တရားဝင် အဖွဲ့အစည်းတွေ အသင်းအဖွဲ့ တွေနဲ့ ပူးပေါင်းပြီး အမှန်တရားကို ရှာဖွေနေပါတယ်။
မေး ။ ။ ကျော်ဇင်ဝင်း ရေးသွားသလို မန်နေဂျာဖြစ်သူက သူ့ရဲ့ဖြစ်တည်မှုနဲ့ ပတ်သက်လို့ အတင်း အကျပ် မေးခဲ့တယ်လို့ ပြောတယ်။ အဲဒီကိစ္စက တကယ် ဖြစ်ခဲ့သလား။
ဖြေ ။ ။ အတင်းအကျပ် မေးခဲ့တယ်လို့ ပြောတဲ့အပေါ်မှာ ဒါကတော့ အစ်မလည်း ကျောင်းမှာ လူတွေ အားလုံးရဲ့ ဘေးမှာ အချိန်တိုင်း ကိုယ်လည်း မဖြစ်တော့ အစ်မ မဖြေချင်ပါဘူး။ ဘာလို့ဆို ဒါ မသိဘူး ပေါ့နော်။ မသိဘူးဆိုတာ အစ်မမှာ ဒါနဲ့ပတ်သက်ပြီး ဖြေစရာစကား မရှိပါဘူး။
ဒါပေမယ့် တခုပြောချင်တာက အစ်မတို့ဆီမှာ Zero tolerance level, Gender Equality, Human Rights နဲ့ Discrimination အစ်မတို့ တက္ကသိုလ်ဟာ ကျင့်သုံးနေတဲ့ ကျောင်းပါ။ ဒါကို တကယ်လို့ အစီရင်ခံစာတွေ ထွက်လာလို့ ချိုးဖောက်ခဲ့တယ် ဆိုရင်လည်း အဲဒီအတိုင်းပဲ Action ယူသွားမှာ။ အဲဒါလေးတော့ ပြောချင်ပါတယ်။
ပြီးတော့ အစ်မတို့ ကျောင်းမှာလည်း ဒါတွေ ရှိပါတယ်။ မောင်ကျော်ဇင်ဝင်းလည်း အစ်မတို့ အစတုန်း ကတည်းက သိတယ်။ ချစ်လို့၊ ဒီအလုပ်ကို လုပ်နိုင်မယ် ထင်လို့ ခန့်ထားခဲ့တာ။ အစတုန်းကတည်းက မကြိုက်ရင် ခန့်ထားခဲ့ပါ့ မလား ဆိုတာလေးလည်း ပြောချင်ပါတယ်။
မေး ။ ။ လက်ရှိ အစ်မတို့ အနေနဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်ပေါ့နော်။ ဒါပေမယ့် ဒီလို တကယ် ပြောခဲ့ သလား မပြောခဲ့လားဆိုတာတော့ အစ်မတို့ အနေနဲ့ မသိသေးဘူးဆိုတဲ့ သဘောပေါ့။
ဖြေ ။ ။ လူတယောက်အသက်ကြီး တခုလုံး ဆုံးရှုံးသွားတာ။ အဲဒီတော့ ဘယ်အရာတွေက ဒါကို ဖြစ်စေတာလဲ ဆိုတဲ့ဟာ စုံစမ်းရမယ်။ စစ်ဆေးရမယ်။ ဒါကိုလည်း အစ်မတို့ လုပ်တာထက်စာရင် အစ်မတို့ မဟုတ်တဲ့ တခြား အဖွဲ့အစည်းကနေ လုပ်တာသည် အဖြစ်မှန်ကို ပိုရလိမ့်မယ်လို့ ယုံကြည်လို့ ဒီလိုမျိုးဆုံးဖြတ်တာပါ။
အဲဒီတော့ အားလုံးကိုလည်း ပြောချင်တာ အစ်မတို့က ဆုံးရှုံးရတဲ့လူပါ။ အစ်မတို့ကလည်း တကယ့်အမှန်ဆုံးကို သိချင်ပါတယ်။ အာဏာပိုင်ရော အဖွဲ့အစည်းတွေနဲ့ရော အားလုံးနဲ့ ပူးပေါင်းပြီး ဆောင်ရွက်နေပါတယ်။ ခဏလေးတော့ စိတ်ရှည်ပေးပါ။ မိသားစုတွေလည်း ပူဆွေးနေကြတယ်လေ အခုအချိန်မှာ။
မေး ။ ။ ဒီလိုကျောင်းမျိုး ဒီလို ပညာတတ်တွေရှိတဲ့ ပတ်ဝန်းကျင်မှာ အခုလို ဘာကြောင့် ဖြစ်သွားရ တာလဲ ဆိုပြီး မေးခွန်းထုတ်တာတွေလည်း ရှိပါတယ်။ ဒီအပေါ် ဘာများ တုန့်ပြန် ပြောချင်ပါသလဲ။
ဖြေ ။ ။ အစ်မ ဘာမှ မပြောချင်ပါဘူး။ ဒီ Report (အစီရင်ခံစာ)လေးပဲ စောင့်ပေးပါ။ ဒီအစီရင်ခံစာ ထွက်လာရင် တော့ အကယ်၍ အပြစ်ရှိရင်လည်း အပြစ်ရှိတဲ့ အလျောက် အဖြေမှန်က အားလုံးဖြစ်လာမှာပါ။
မေး ။ ။ အစ်မတို့နဲ့ Partnership လုပ်ထားတဲ့ University of Northampton (UK) ကရော အစ်မတို့ဆီကို ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လိုဆက်သွယ်တာမျိုး ရှိလဲ။
ဖြေ ။ ။ ဒီ UK ကျောင်းကလည်း အစ်မတို့ ပေါ်လစီနဲ့ အတူတူပဲ။ Zero tolerance level ပေါ့နော်။ Discrimination နဲ့ Gender Equality ကျင့်သုံးနေတဲ့ ကျောင်းပါ။ အစ်မတို့လည်း ဒါပဲ ကျင့်သုံး တယ်။ သူလည်း ဒါပဲ ကျင့်သုံးတယ်။ အဲဒီတော့ အစ်မတို့ရဲ့ စုံစမ်းစစ်ဆေးမှု လုပ်နေတဲ့ကာလ။ ထွက်လာတဲ့ အခါကျရင် ဒီအပေါ်မှာ မူတည် ပြီး အစ်မတို့ကလည်း မှန်မှန်ကန်ကန် Action ယူသွားမှာပဲ။ အဲဒီဟာအပိုင်းကို Result (ရလဒ်)က အဓိပဲ။ ရလဒ်ပေါ် မူတည်ပြီးမှ အားလုံးကို ဆုံးဖြတ်သွားမှာပါ။
မေး ။ ။ သူတို့ဘက်က ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ တကယ့်ကို မှန်မှန်ကန်ကန် ထိထိရောက်ရောက် ဆောင်ရွက်ဖို့ ဆိုပြီး တွန်းအားပေးတာမျိုးရော ရှိလား။
ဖြေ ။ ။ အစ်မတို့က ဆုံးရှုံးရတဲ့လူပါ။ အစ်မတို့ကို တွန်းအားပေးမှ ဒီကိစ္စကို လုပ်မှာ မဟုတ်ပါဘူး။ ပြီးတော့ အမှန် တရားကို မြတ်နိုးတဲ့သူ တယောက်။ အမှန်တရား အတိုင်းပဲ သိချင်တာ။ ဒါသည် အစ်မကျောင်းက ဝန်ထမ်းဖြစ်တာ ဖြစ်တဲ့အတွက် အမှန်တရားအတွက် လုပ်တာပါ။ ဘယ်သူ တဦး တယောက်ကမှ တွန်းအားပေးလို့ ဆိုတဲ့ဟာမျိုး မရှိပါဘူး။ အမှန်တရားအတွက်ပဲ အားလုံး လုပ်နေ တာပါ။
မေး ။ ။ အခုလို ဖြစ်သွားပြီးနောက် ကျောင်းရဲ့ပုံရိပ်ကို ထိခိုက် သွားစေတယ်ပေါ့။ ဒီတော့ ကျောင်းရဲ့ ဂုဏ်သိက္ခာ အတွက် ဘာတွေလုပ်သွားဖို့ ရှိမလဲ။
ဖြေ ။ ။ အစ်မတို့ ကျောင်းသည် အမှန်တရား အတိုင်းပဲ အမှန်ရပ်တည်ပါတယ်။ မှန်ကန်မှု တခုနဲ့ပဲ ကြိုးစားမှုတခုနဲ့ ပဲ ဒီအခြေအနေထိကို ကြိုးစားခဲ့တယ်။ ရောက်ရှိခဲ့တယ်။ ခုချိန်မှာ ဘယ်သူမှမဖြစ် ချင်ဘူး။ ဒီကိစ္စတခု ဖြစ်သွားတယ်။
ဒီအချိန်မှာ ဒီကျောင်းအနေနဲ့ အကောင်းဆုံး ဘာပြန်လုပ်နိုင်မလဲ။ ခေါင်းအေးအေးနဲ့ထားပြီး စဉ်းစား ရပါတယ်။ ပြီးသွားတဲ့အခါကျတော့ ဖြစ်သွားပြီးပြီ။ အဲဒါကို အစ်မတို့က စိတ်ညစ်လိုက်တာ ဆိုပြီး လုပ်နေလို့မရဘူး။ ဒါသည် အမှန်တရား ထွက်လာဖို့အတွက် အစ်မတို့ ပထမဦးဆုံးတချက် ဖြေရှင်း ရမယ်။ ပြီးတော့ ဒီ Zero tolerance level ၊ Discrimination နဲ့ Gender Equality ကို ဒီထက်ပိုပြီး တော့ အားကောင်အောင် ဘာတွေ လုပ်ရမလဲဆိုတဲ့ဟာ ထပ်စဉ်းစားရမယ်။
နောက်တခုက Society က ပြောင်းလဲလာပြီ။ အရင်ခေတ်နဲ့ အခုခေတ်ရဲ့ Work Force က မတူတော့ ဘူး။ ဒီ ပြောင်းလဲမှုတွေကို ဒီဖြစ်သွားတဲ့ အခြေအနေသည် အစ်မတို့ကို မျက်ဝါးထင်ထင် ပြလိုက်တဲ့ ဟာလေး တခုဖြစ်တယ်။ တခါတလေကျရင် အစ်မတို့ကလည်း ပိုဂရုစိုက်ရမှာပေါ့။
ကိုယ်က ဘာရယ်မဟုတ်ဘူး။ ဆူလိုက်ပေမယ့် တဖက်မှာ စိတ်ခံစားချက်တွေ များနေတဲ့အချိန်မှာ ဘာဖြစ်သွားနိုင်သလဲဆိုတာ အစ်မတို့ အများကြီး ထည့်သွင်းစဉ်းစားပြီးတော့ အမှန်အတိုင်းပဲ ရှေ့ဆက်သွားမယ်။ အကောင်းဆုံး တွေပဲ ကြိုးစားပြီး ဒီဟာတွေထဲက သင်ခန်းစာတွေ ပြန်ယူပြီး ဘယ်လိုမျိုး ထပ်ပြီး အကောင်းဆုံး နေရမလဲ။
အဓိက စဉ်းစားတာကတော့ ကျောင်းသားတွေရော ဝန်ထမ်းတွေရော Emotional Stability ကို ပိုပြီးတော့ အားပေး စေတဲ့ အချက်အလက်တွေ အများကြီးကို ကျောင်းအနေနဲ့ အရင်ကထက် ပိုပြီး ယုံယုံကြည်ကြည်နဲ့ လုပ်ဆောင်သွား မယ်။
မေး ။ ။ ယာယီ ရပ်ဆိုင်းထားတယ် ဆိုတဲ့ ဝန်ထမ်း ၃ ဦးကိစ္စလည်း သိချင်ပါတယ်။ လတ်တလော ဘယ်လို အခြေအနေရှိပါသလဲ။
ဖြေ ။ ။ ယာယီရပ်ဆိုင်းထားပါတယ်။
မေး ။ ။ အဲဒီတော့ သူတို့တွေကို စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပြီလား။ သက်ဆိုင်ရာကရော သူတို့ကို စုံစမ်းမှုတွေ စနေပြီလား။
ဖြေ ။ ။ စနေပါပြီ။
မေး ။ ။ လူ့အခွင့်အရေး ကော်မရှင်ကနေ ဒီနေ့ စစစ်မယ်ပြောတယ်။ တွေ့ပြီးသွားပြီလား။
ဖြေ ။ ။ ဟုတ်ပါတယ်။ ဒါပေမယ့် ကျမတို့ ရှေ့အပတ်မှာ တွေ့မှာပါ။
မေး ။ ။ ကော်မရှင်ကိုယ်တိုင်က စုံစမ်းစစ်ဆေးမှုတွေ လာလုပ်မယ်ဆိုတော့ ဘယ်လို ပူးပေါင်းဆောင်ရွက်သွားဖို့ရှိလဲ။
ဖြေ ။ ။ ဒါက အစ်မတို့က ပူးပေါင်းတာပါ။ ဘာလို့ဆို အစ်မတို့သည် အမှန်တရားကို သိချင်တာဖြစ်တဲ့ အတွက် ဒါသည် မျှမျှတတဖြစ်ဖို့အတွက် အစ်မတို့က ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပါတယ်။
မေး ။ ။ ကျော်ဇင်ဝင်း ဆုံးပါးသွားတာနဲ့ ပတ်သက်လို့ အွန်လိုင်းပေါ်က သူ့ရဲ့ ပြောကြားချက်တွေ အရပဲ သိကြတာ ဆိုတော့ တကယ့်နောက်ကွယ်က ဖြစ်ရပ်မှန်ကို လူတွေက သိချင်ကြတယ်။ ဆိုတော့ ကျော်ဇင်ဝင်းဟာ ဘယ်လို လူမျိုးလဲပေါ့။
ဖြေ ။ ။ အစ်မ အမြင်မှာတော့ သူက ပျော်ပျော်နေတတ်တာ။ အနေအေးတယ်။ သူ့ဖေ့စ်ဘုတ်ကို ကြည့်ရင် သူပျော်နေတာ။ ကျောင်းဝတ်စုံလေး သူဝတ်တယ်။ အဲဒီတော့ အစ်မက အရမ်း Shock ရတာ။ ဘာဖြစ်သွားတာလဲပေါ့။
အဲဒီလို တောက်လျှောက် ပျော်ပျော်နေခဲ့တာ။ ပြီးခဲ့တဲ့ တလကမှ ကွန်ပျူတာတွေ ဘာတွေ ဝယ်ဖို့ကိစ္စ တွေ လုပ်နေရာကနေ အစ်မတို့လည်း တနှစ်တခါ ခရီးသွားတယ်ဆိုလည်း အကုန်အတူတူသွားကြ တယ်။ အကုန် အတူတူ ပျော်ပျော်ရွှင်ရွှင်နေကြတယ်။
ဖေ့စ်ဘုတ်ကိုလည်း တချက် ကြည့်ကြည့်ပါ။ အကယ်၍ သူသာ အရမ်းစိတ်ညစ်တယ်ဆိုရင် တခုခုတွေ့ ရင်တော့ အစ်မတို့က မေးမှာပဲလေ။ HR လည်း ရှိတယ်ဆိုတော့။ ဒါပေမယ့် အဲဒါတွေကို အစ်မ မမြင်ဘဲနဲ့ အခု ရုတ်တရက်ကြီး ဖြစ်သွားတာ။
အဲဒါကြောင့် အမှန်တရားကို သိချင်တာ။ တကယ် သိချင်တယ်။ ဘယ်အရာက အရမ်းကြီး ဒီလိုမျိုးကြီး ဘာဖြစ်လို့ လုပ်လိုက်စေရတာလဲ။ ဒါ လူငယ်တွေအတွက်လည်း အရမ်းအရေးကြီးတယ်။ ဒါမျိုးတွေ နောက်မဖြစ်အောင် အများကြီး ကာကွယ်ရမယ်။ အဲဒါလေးကတော့ အစ်မလည်း သိချင်နေတဲ့ ကိစ္စပါ။
မေး ။ ။ ကျော်ဇင်ဝင်း ကိစ္စနဲ့ပတ်သက်ပြီး တရားမျှတမှု ဖော်ဆောင်ရေး တောင်းဆိုနေကြတာ ရှိတယ်ဆိုတော့ တောင်းဆိုသူတွေ လိုချင်တဲ့ တရားမျှတမှု အတွက် ကျောင်းက ဘယ်လောက ်အတိုင်းအတာထိ လုပ်ပေးနိုင်မယ်လို့ ထင်လဲ။
ဖြေ ။ ။ ဒီတရားမျှတမှုက ကျောင်းက လုပ်ပေးနေတာ မဟုတ်ဘူး။ ကျောင်းက လိုချင်တာ။ ကျမတို့ ကျောင်းက လိုချင်လို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ကျမတို့ကို လုပ်ပေးနေတာ။ ဒီတရားမျှတမှုကို ဘယ်လောက်ထိ လုပ်ပေး နိုင်လဲ ဆိုတဲ့ဟာကတော့ ကျမတို့ကလည်း လိုချင်တာ။ ကျမတို့က ဆုံးရှုံးရတဲ့လူ။
ကျမ အားလုံးကို သိစေချင်တာက ဒါတွေလုပ်နေတာသည် ကျမကို ဘယ်အဖွဲ့အစည်းကမှ တောင်းဆို နေတာ မဟုတ်ဘူး။ ဒါ ကျော်ဇင်ဝင်းအတွက် ပြီးတော့ သူ့မိသားစု အတွက် အမှန်ကန်ဆုံး တရားမျှတ မှုကို လိုချင်လို့ သူ့ ကျောင်းအနေနဲ့ ကျမတို့ လုပ်ပေးနေတာပါ။ သူများက လိုချင်လို့ လုပ်ပေးတာ မဟုတ်ဘူး။ ကျမတို့က လိုချင်လို့ အာဏာပိုင်အဖွဲ့အစည်းတွေက ကျမတို့ကို ပူးပေါင်းပြီး လုပ်ပေး တာပါ။
မေး ။ ။ စုံစမ်းစစ်ဆေးမှုတွေ ပြီးသွားတဲ့အခါ ကျောင်းဝန်ထမ်းတချို့မှာ ဥပဒေအရ အပြစ်ရှိတယ် ဆိုရင် ကျောင်း အနေနဲ့ရော ပူးပေါင်း ဆောင်ရွက်ပေးဖို့ ရှိလား။ ကျောင်းအနေနဲ့ရော လူမှုရေး ပြစ်ဒဏ် ဆိုတာမျိုးလို အပြစ်ပေးသွားဖို့ ရှိလား။
ဖြေ ။ ။ ပြစ်ဒဏ်ရှိတယ်ဆိုရင်တော့ ထွက်လာတဲ့ အစီရင်ခံစာ အတိုင်းပဲ ရလဒ်တွေက ရှိမှာပဲ။ ဒီမှာပြောချင်တာက ထွက်လာတဲ့ Report အတိုင်းပဲ ဖြစ်မှာပါ။ ခုအချိန်မှာ ဘာကိုမှလည်း မစွပ်စွဲချင် ဘူး။ ဘာကိုမှလည်း မဖြေရှင်းချင်ပါ ဘူး။
မေး ။ ။ ဒီကိစ္စကတော့ ဖြစ်သွားပြီပေါ့။ အစ်မတို့အနေနဲ့လည်း သင်ခန်းစာတွေများစွာ ရလိုက်မယ် ထင်ပါတယ်။ ကျောင်းမှာ ဘယ်လောက်ပဲ No Discrimination, Gender Equality ကျင့်သုံးတယ်ပဲ ပြောပြော လူပေါင်းစုံဖြစ်တဲ့ အတွက် နောက်ထပ် ဒီလိုဖြစ်စဉ်မျိုး ထပ်မဖြစ်လာအောင် ဘာတွေ လုပ်ဆောင်သွားဖို့ ရှိလဲ။ ကျောင်းကို ပိုကောင်းအောင် ပြန်ပြီး Review လုပ်ဖို့ရောရှိပါသလား။
ဖြေ ။ ။ အစ်မ အစောပိုင်း ပြောသလိုပဲ zero tolerance Level ပေါ့နော်။ ဒီ Discrimination, Gender Equality ရှိတယ်။ ဒီအစီရင်ခံစာကို စောင့်ပြီး ဒါက ဘာပြောသလဲ။ အဲဒီဟာ အပေါ်မှာလည်း မူတည်ပါတယ်။ ဒါပေမယ့် ဒီအစီရင်ခံစာက ဘာပဲပြောပြော အခု လောလောဆယ် သေချာကတော့ အစ်မတို့အနေနဲ့ ပြောင်းလဲလာတဲ့ ခေတ်ကြီးမှာ လူတွေအားလုံးက ကျဉ်းကျပ်လာပြီ စိတ်တွေက။
အလုပ်လည်း လုပ်ရတယ်။ ပင်လည်းပင်ပန်းတယ်။ အဲဒီလိုဖြစ်တဲ့အချိန်မှာ ဒီထက်ပိုပြီးတော့ Emotional Support ။ LGBT ရယ်ကိုတင် ပြောတာမဟုတ်ဘူး။ Human ကို အရမ်း Stress (စိတ်ဖိစီးမှု) ဖြစ်နေတဲ့အချိန်မှာ သူတို့ရဲ့ စိတ်ခံစားချက်တွေ အားလုံးကို ပိုပြီး ဖော်ထုတ်လို့ရမယ့်ဟာတခု။
ဥပမာ အခု အစ်မတို့ ဘာစီစဉ်ထားလဲဆို တတိယအဖွဲ့အစည်းပေါ့။ အကယ်၍ သူတို့စိတ်ထဲမှာ အနိုင်ကျင့်ခံရတယ် Sexual Harassment (လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှု) ခံရတယ် ထင်တယ်ဆိုရင် အစ်မတို့ Management ကို ပြောတာမျိုး မဟုတ်ဘဲနဲ့ အစ်မတို့နဲ့ ပါတနာလုပ် ထားတဲ့ ဘက်ကို သွားပြီးအစီရင်ခံပေးတဲ့ဟာမျိုး။
အဲဒါမျိုးတော့ အများကြီး စဉ်းစားထားပြီးတော့ အခုလက်ရှိ HR Practice တွေ အကုန်လုံးကို ဒီထက်ပိုပြီးတော့ ဖြစ်ပေါ်လာတဲ့ လူမှုပတ်ဝန်းကျင် နဲ့အညီ ပိုမိုကောင်းမွန်လာပြီး လိုအပ်တဲ့လူတွေကို ပိုမိုဖြည့်ဆည်းပေးနိုင်တဲ့ Proactive ဖြစ်တဲ့ဟာတခုကို အစ်မတို့ စဉ်းစားနေပါတယ် အကောင်းဆုံး။
မေး ။ ။ လိင်စိတ်ခံယူ ကွဲပြားသူတွေနဲ့ ပတ်သက်လို့ အစ်မ တဦးတည်းရဲ့ အမြင်သဘောထား ဘယ်လိုရှိလဲ။
ဖြေ ။ ။ လူဆိုတာ လူတမျိုးတည်းပဲ ရှိပါတယ်။ Human ပဲရှိပါတယ်။ ဒါ အစ်မ ခံယူချက်ပါ။
မေး ။ ။ ကျော်ဇင်ဝင်းကိစ္စနဲ့ ပတ်သက်လို့ ကျောင်းဘက်က ဘာများ ဖြည့်စွက်ပြောချင်ပါသေးလဲ။
ဖြေ ။ ။ ဘာဖြည့်စွက် ပြောချင်လဲဆိုတော့ အခု ကျော်ဇင့်ကိုသာ စကားတခွန်း ပြောခွင့်ရမယ်ဆိုရင် ကျော်ဇင်ရေ You are not alone လို့။ ကျော်ဇင် တယောက်တည်း ဖြစ်နေတာ မဟုတ်ဘူး။ အစ်မတို့တွေ ရှိပါတယ်။ အားလုံးတွေ ရှိပါတယ်ဆိုတဲ့စကားကို ပြောချင်တယ်။
ဒီနေ့ ဆုတောင်းပွဲလေးမှာ ဒီလိုလူတွေ အားလုံး လာတာကို တွေ့တဲ့ အချိန်မှာ အစ်မ အရမ်း စိတ်မကောင်းဖြစ်တယ်။ ဒီလိုမျိုး အစတုန်း ကတည်းကသာ ဒီကလေးစိတ်ထဲမှာ ရှိခဲ့ရင် လူငယ်တယောက် မဆုံးရှုံးဘူးပေါ့နော်။
ဒီလိုဖြစ်သွားတာကို အရမ်းဝမ်းနည်းတယ်။ အဖြစ်မှန်ကို ဖော်ထုတ်သွားမယ်။ ဒီဟာ အရမ်း သင်ခန်း စာ ရတယ်။ နောင်အခါ ဒါမျိုးတွေ ထပ်ပြီး မဖြစ်အောင် ဆိုတာ ခုဏပြောတဲ့ စိတ်ဓာတ် ခွန်အားတွေ သူတို့ တခုခု ဖြစ်နေပြီဆို ဖွင့်ဟပြောဆိုဖို့ လူငယ်တွေ အားလုံး စိတ်ညစ်လာပြီဆိုရင် ဖွင့်ဟပြောဆိုမှု က အရမ်းအရေးကြီးပါတယ်။ အဲဒါတွေကို ဦးစားပေးတဲ့ဟာတွေ အများကြီး ထပ်လုပ်ပြီးတော့ ဒါ ကျော့်ဇင်အတွက် လုပ်ပေးနိုင်တဲ့ဟာ လုပ်ပေးရမှာပေါ့နော်။
ဆက်စပ်ဖတ်ရှုရန်
ကျော်ဇင်ဝင်းအတွက် LGBT အသိုင်းအဝန်းက MIU ကျောင်းရှေ့မှာ ဆုတောင်း
MIU တက္ကသိုလ်၏ စာကြည့်တိုက်မှူး ကျော်ဇင်ဝင်း၏ ဈာပန မြင်ကွင်း