နိုင်ငံခြားသားတွေ အကြံပေးလို့ တိုင်းပြည် ငြိမ်းချမ်းသွားမယ် ဆိုတာ ကျနော် မယုံကြည်ဘူး

ချစ်မင်းထွန်း
ဖဒို မန်းငြိမ်းမောင်
Want create site? Find Free WordPress Themes and plugins.

မြန်မာ့ငြိမ်းချမ်းရေးသည် ရှေ့မတိုး နောက်မဆုတ် အခြေအနေသို့ ရောက်ရှိနေသည်နှင့်အတူ တဖက် တွင်လည်း ကရင် အမျိုးသား အစည်းအရုံး(KNU)သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတိုင်ပင်ခံ အစည်းအဝေး(PPCM)ကို ဖွဲ့စည်း၍ ရှေ့ဆက် နိုင်ရေး ကြိုးပမ်းရန် ပြင်ဆင်လျက်ရှိသည်။

ထိုသို့ PPCM ဖွဲ့စည်းရန် ကြိုးပမ်းရာတွင်လည်း KNU အတွင်း၌ သဘောထား ကွဲလွဲနေကြသလို ဥက္ကဋ္ဌ၊ ဒု ဥက္ကဋ္ဌတို့၏ ဦးဆောင်မှု အနေအထားမှာ နောက်သို့ ရောက်သွားသည်ဟု သုံးသပ်ရမည် ဖြစ်ပြီး အထွေထွေအတွင်းရေးမှူးက KNU ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှုများကို ဦးဆောင်လာခဲ့ သည်။

ဤကဲ့သို့ အထွေထွေအတွင်းရေးမှူး ဦးဆောင်လာရာမှာ အစိုးရ-တပ်မတော်နှင့် KNU ကြား ယခင်က ကောင်းမွန်ခဲ့သော ဆက်ဆံရေးသည် အနည်းငယ် နောက်ဆုတ်သွားကာ ၂၀၁၉ ခုနှစ် မတ်လ အတွင်း၌ ဖာပွန်ခရိုင်အတွင်း KNU တပ်မဟာ (၅)နှင့် တပ်မတော်ကြား တိုက်ပွဲများ ဖြစ်ပွားသည့် အထိ ဖြစ်လာခဲ့သည်။

ထိုအခြေအနေများနှင့် ပတ်သက်ပြီး KNU မှ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်လည်းဖြစ် မဟာမိတ်ဆက်ဆံရေး ဌာန တာဝန်ခံ(ဗဟို)လည်း ဖြစ်သူ ပဒိုမန်းငြိမ်းမောင်ကို ဧရာဝတီက အကြီးတန်း သတင်းထောက် ချစ်မင်းထွန်း တွေ့ဆုံ မေး မြန်းထားပါသည်။

မေး ။ ။ KNU မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး နိုင်ငံခြားသား အကြံပေးတွေ ခန့်ထားတယ် ဆိုကြတော့ အဲဒါ ဘယ်လိုပုံစံ မျိုးနဲ့ သွားနေတယ်ဆိုတာ သိပါရစေ။

ဖြေ ။ ။ အခု KNU မှာ KNU အကြံပေးဆိုတဲ့ နိုင်ငံခြားသား ၅ ယောက် ရှိတယ်လေ။ အဲဒီကနေ သူတို့ လာတယ်၊ တခါတ လေကျရင် စာတွေ၊ အယူအဆတွေ၊ ညွန်ကြားချက်တွေဟာ ဘာသာပြန်ချိန် မရဘူးလေ။ အင်္ဂလိပ်လို အတုံးအလိုက် အတစ်လိုက်ပဲ လာတယ်။ အဲဒါ ထင်ရှားတဲ့ ကိစ္စပေါ့နော်။

ကျနော်အခုပြောတာ အဖွဲ့အစည်းတခုရဲ့ အတွင်းရေးလည်း ဖြစ်တယ်။ ဒါပေမယ့် ကျနော်ပြောတာ ရည်ရွယ်ချက်ရှိတယ်။ ရည်ရွယ်ချက်ကတော့ ကျနော်တို့ အမျိုးသားတွေ သိစေချင်လို့။ KNU က အခု သွားနေတဲ့ လမ်းကြောင်းက ငြိမ်းချမ်းရေး ကနေပြီးတော့ တိမ်းစောင်းသွားပြီလို့ ကျနော့် အမြင်ရှိ တယ်။

ဒါ အဖွဲ့အစည်းရဲ့ အမြင်မဟုတ်ဘူး။ မန်းငြိမ်းမောင်ရဲ့ အမြင်ဖြစ်တယ်။ ကျနော်တို့ အခုသွားနေတဲ့ လမ်းကြောင်းက အန္တရာယ်ရှိနေတဲ့ လမ်းကြောင်းကို ရောက်နေပြီ။ ဒါအခု ကျနော်ပြောတာ တိုင်းပြည်ကို ဖွင့်ချတာပဲ ။

မေး ။ ။ KNU မှာ နိုင်ငံခြား အကြံပေး ၅ ယောက်ရှိတယ် ဆိုတာက ဘယ်လို လူပုဂ္ဂိုလ်တွေလဲ၊ ဘယ်နိုင်ငံသားတွေ ဖြစ်မလဲ။

ဖြေ ။ ။ အဲဒီ နိုင်ငံခြားသားတွေက သူတို့ကိုယ်သူတို့ ပညာရှင်ဆိုတဲ့ဟာတွေ၊ သူတို့ကိုယ်သူတို့ ပညာ ရှင်တွေ ဖြစ်ကောင်း ဖြစ်မယ်။ ဒါပေမယ့် ကျနော်တို့တိုင်းပြည်မှာတော့ လက်တွေ့ မအပ်စပ်ဘူး လို့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ တိုင်းပြည်ရဲ့ပဋိပက္ခက ကျနော်တို့ပဲ အသိဆုံးပဲ။ ကျနော် တို့ ဝေဒနာ ကျနော်တို့ အသိဆုံးပဲ။ အခု နိုင်ငံခြားသားတွေ လာ ပေးတဲ့ ဆွေးနွေးပွဲတို့ ဘာတို့ဆိုတာ ကို ၃ ပွဲလောက် တက်ပြီးကတည်းက ကျနော် သဘောပေါက်တယ်။

ဘာလို့ဆို ကျနော်တို့ ပဋိပက္ခထဲကဟာတွေကို သူတို့ ခွဲခြမ်းစိတ်ဖြာပြီးတော့ ကျနော်တို့ကို လာပြန်ပြီး တော့ ဆရာ ပြန်လုပ်တာ။ ကျနော်တို့က လက်တွေ့ဘဝထဲမှာ ဖြတ်ခဲ့ရတဲ့လူတွေ၊ ကျနော်တို့ သူတို့လို့ စနစ်တကျ ခွဲခြမ်းစိတ်ဖြာပြီးတော့ သုတေသနမလုပ်တတ်ဘူး။

ဘာလို့လဲဆို ကျနော်တို့ အတွေ့အကြုံတွေကို လာပြန်ပြီးတော့ ဆရာလုပ်တာပဲ ရှိတယ်။ အဲဒီတော့ ကျနော်တို့ တိုင်းပြည် ကို နိုင်ငံခြားသားတွေက လာပြီးတော့ အကြံပေးလို့ တိုင်းပြည်ငြိမ်းချမ်းသွား မယ် ကယ်တင်နိုင်မယ် ဆိုတာ ကျနော် မယုံကြည်ပါဘူး။

အဓိကတော့ဗျာ KNU က နိုင်ငံခြား သြဇာခံ ဖြစ်နေပြီလေ။ နိုင်ငံခြားသားတွေက ဝင်ရောက် ခြယ် လှယ်ပြီးတော့ ဆရာ လုပ်နေပြီလေ။ အစိုးရလည်း ဒီလိုပဲလေ၊ နိုင်ငံတော်ရဲ့ငွေသန်းပေါင်း မြောက်များ စွာကို နိုင်ငံခြားသားတွေကို ပူဇော်ပသ နေရတယ်လေ။

ကျနော်တို့ KNU က မမြင်မကမ်းနဲ့ ထင်ရာလျှောက်လုပ်နေတဲ့ အဖွဲ့အစည်းလို့ သူတို့ထင်နေတယ် လေ။ KNU က မဟာဗျူဟာ မရှိဘဲနဲ့ နှစ်ပေါင်း ၆၀ ကျော်လာခဲ့တယ်ဆိုရင် ကျနော်တို့က လူတန်း စား အဖွဲ့အစည်း အဆင့်လောက်ပဲ ရှိတယ်။ သူခိုးဓားပြ အဖွဲ့ အဆင့်လောက်ပဲ ရှိတယ်။ ကျနော်တို့ အစိုးရ အဆက်ဆက် ရန်သူအဆက်ကတုန်းက ကျနော်တို့ KNU ကို သောင်းကျန်းသူလို့ ပြောတယ် မဟုတ်လား။ သောင်းကျန်းသူ ဆိုတာ ရှုတ်ချပြီးတော့ နှိမ်ပြီးတော့ ပြောတဲ့စကားဗျ။ အဓိပ္ပာယ်က နိုင်ငံခြားသားတွေက အဲဒီစကားနဲ့ အတူတူပဲဗျ။

အခု ကျနော်တို့ တိုင်းပြည်က ဒီပုံတိုင်းဆိုရင် ငြိမ်းချမ်းရေး ရဖို့မလွယ်ဘူး။ ကျနော်တို့ တိုင်းပြည်မှာ ပညာရှင်တွေ မြောက် များစွာ ရှိပါတယ်။ ကျနော်တို့ ကရင်အမျိုးသားတွေထဲမှာလည်း ပညာရှင်တွေ အများကြီးရှိတယ်။ ဗမာ လူ့အဖွဲ့အစည်း မှာလည်း ပညာရှင်တွေ အများကြီးရှိတယ်။

ကျနော်တို့ ဒီပညာရှင်တွေဟာ ခြောက်ပြားတပဲ မဟုတ်ဘူးဗျ။ သူတို့ တိုင်းပြည်အတွက် သူတို့ အသုံး မကျတော့ဘူးလား။ ဒီ ပညာရှင်တွေက အမျိုးသားရေး စိတ်ဓာတ်၊ တိုင်းပြည်စိတ်ဓာတ်၊ မျိုးချစ်စိတ် ဓာတ် မရှိတော့ဘူးလား။ ဘယ်သူပြောရဲလဲ။ သူ့အတိုင်းအတာနဲ့ သူရှိကြတာပဲ။ သူ့လူမျိုး သူ့ တိုင်းပြည်ကို ချစ်ကြတာပဲ။ ဒီလူတွေရဲ့ အကြံကောင်း ဉာဏ်ကောင်းကို မယူသင့်ဘူးလား။

ဖဒို မန်းငြိမ်းမောင်

မေး ။ ။ KNU က ငြိမ်းချမ်းရေးကနေ တိမ်းစောင်းသွားပြီး ဆိုတာ ဘယ်လိုလမ်းကြောင်းကို ရောက်သွားနေလို့လဲ။

ဖြေ ။ ။ သူတို့ပြောတာက NCA ဟာ အပြစ်အနာအဆာကြီးပဲ။ NCA က ဘာမှ အကျိုးမရှိဘူး၊ UPC ဆိုတာလည်း မှတ်တိုင်တခုပဲ ဖြစ်တယ်။ UPC ဆိုတာ ကျနော်တို့ရဲ့ပဋိပက္ခတွေ ဖြေရှင်းရာနေရာ ကျနော်တို့ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးတည် ဆောက်ရာ နေရာဖြစ်တယ်လို့ပြောတော့ အမြင်က မတူကြဘူးလေ။

UPDJC ဆိုရင်လည်း အလားတူပဲ။ အဲဒီလိုဆိုတော့ လွှမ်းမိုးမှုတွေ ခံနေရတယ်၊ ချုပ်ကိုင်မှုတွေ ခံနေရတယ်။ ဒါက သဘာဝ ကျတယ်။ ဘာဖြစ်လို့ သဘာဝကျလဲဆိုတော့ ကျနော်တို့ တိုင်းပြည်က နှစ်ပေါင်း ၇၀ ပဋိပက္ခထဲမှာ ဖြတ်ခဲ့ရတဲ့ တိုင်းပြည် တပြည်။

အခု တပ်မတော်နဲ့ ကျနော်တို့ တွေ့တာ တယောက်နဲ့တယောက် ယုံကြည်လို့ တွေ့တာ မဟုတ်ဘူး။ ဒါပေမယ့် စကားပွဲမှာ ဆုံရတာကိုက ကျနော်က အခွင့်အရေး တခုလို့ ခံယူတယ်။ ကျနော် ဥပမာ ပေး တယ်လေ။ ဒီအစိုးရ တက်ပြီးတော့ ပထမ ဆုံး ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံမှာ တပ်မတော် ကတင်တဲ့ ဖက်ဒရယ်နဲ့ ကျနော်တို့ တိုင်းရင်းသားတွေ တင်တဲ့ ဖက် ဒရယ်က အရှေ့နဲ့အနောက်လို့ပဲ ကွာနေတယ်။ ဒါပေမယ့် ကျနော်က စိတ်မပျက်ဘူး။

ဘာလို့လဲဆိုတော့ ကျနော်တို့က အခုမှ တွေ့ကြတာလေ။ နှစ်ပေါင်း ၇၀ ရန်ဘက်ဖြစ်ခဲ့တဲ့ အင်အားစု နှစ်စုက ဘယ်လိုမှ တူနိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် တိုင်းပြည်ကို တည်ဆောက်ချင်တဲ့၊ တိုင်းပြည်ကို သွားချင်တဲ့ ပုံသဏ္ဍာန်နဲ့ ရည်ရွယ်ချက်ချင်းလည်း တူမှာ မဟုတ်ဘူး။ သို့သော် ဘာဖြစ်လို့ ကျနော်က စိတ်မပျက်ဘူးဆိုတော့ ကျနော်တို့ စားပွဲဝိုင်းမှာ ဖြေရှင်း ခွင့်ရနေတယ်။

ကျနော် ပြောတယ် ဖက်ဒရယ်ဆိုတာ ကျနော်တို့ သက်ရှိထင်ရှား ဖြစ်နေတဲ့ ဘဝမှာတောင် မြင်ရမှာ မဟုတ်ဘူး။ ဘာဖြစ် လို့လဲဆို UPC က တကြိမ်၊ နှစ်ကြိမ်၊ သုံး-လေး- ငါးကြိမ်၊ ဆယ်ကြိမ်လောက် ကျင်းပရင်တောင်မှ ဒီဖက်ဒရယ် ဆိုတာ ရချင် မှရမှာ။ ဒါပေမယ့် ကျနော်တို့ လက်ထက်မှာ ဖက်ဒရယ် ရဲ့အခြေခံမူတွေကို ချနိုင်ရင်တော်ပြီ။ နောက်မျိုးဆက်တွေကျရင် ဒီဖက်ဒရယ်ရဲ့မှန်ကန်တဲ့ အခြေခံမူ အပေါ်မှာ ဆက်သွားလို့ရှိရင် တနေ့ ဖက်ဒရယ်ကို ရောက်ကို ရောက်မှာ။

ကျနော်တို့ တိုင်းပြည်က နှစ်ပေါင်း ၇၀ ဖြတ်ခဲ့တဲ့ တိုင်းပြည် တပြည်အနေနဲ့ သံသယတွေလည်း အင်မတန်ကြီးတယ်။ ရန်ညှိုးရန်စတွေလည်း အင်မတန်ကြီးတယ်။ ဒီဟာတွေကို ကျနော်တို့ ဖြေလျှော့ နိုင်ရမယ်။ ဖြေလျှော့ဖို့က စားပွဲဝိုင်းမှာပဲ ကျနော်တို့ တွေ့ဖို့ရှိတယ်။ ကျနော်တို့ စားပွဲဝိုင်းကို မချဉ်း ကပ်ဘူး ဆိုရင် ပဋိပက္ခ စစ်မြေပြင်ပဲ ပြန်ရောက်မယ်။ ဒီ၂ လမ်းပဲ ရှိတယ်။

အဲဒီတော့ ကျနော်က လေးလေးနက်နက် ယုံကြည်တယ်။ ဒီပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံဟာ ကျနော်တို့ ပြောနေ ကြသလို ဘာမှ အနှစ်သာရ မရှိဘူး။ သူတို့ ထောက်ပြတယ်လေ။ ပထမ တကြိမ် တုန်းက (၃၇)ချက်ရတယ်။ နောက်တ ကြိမ်က(၁၄) ချက် ရတယ်။ အားလုံးပေါင်း (၅၁)ချက်ရတယ်။ ဒီဟာက ဟုတ်ပါတယ်။ ကျနော်တို့ တိုင်းပြည်ရဲ့ ဖက်ဒရယ် တည်ဆောက်မှုတွေ၊ တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ အမျိုးသား တန်းတူရေး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဒါတွေ ဖြေရှင်းဖို့ မရောက်သေးပါဘူး။

ကျနော်တို့ KNU ဥက္ကဋ္ဌရဲ့စကားကို ကိုးကားပြီး ပြောချင်တယ်။ ကျနော်တို့ ဖက်ဒရယ်ကတော့ ဘာနဲ့တူလည်း ဆိုတော့ အိမ်ပေါ်ကို တက်လို့ရှိရင် လှေကားသုံးထစ် ရှိရင် ခင်ဗျား တလှမ်းတည်းနဲ့ တက်လို့မရဘူး၊ တလှမ်းချင်း တက်မှရောက်မယ်။

မေး ။ ။ အခုပေါ့လေ PPCM ကို KNU ဘက်က ဖွဲ့စည်းဖို့ အဆိုပြုတာတွေ ရှိတယ်။ အဲဒီထဲမှာ တချို့ သဘောထား ကွဲလွဲမှုတွေ ရှိတယ်လို့လည်း ကြားရတယ်။ အဲဒီ PPCM အဆိုပြုမှုနဲ့ ပတ်သက် ပြီးတော့ အမြင်လေး ပြောပြပေးပါဦး။

ဖြေ ။ ။ PPCM ဆိုတာက ဘယ်ကနေလာပြီး ဘယ်ကနေ ပေါက်လာမှန်း မသိပါဘူးဗျာလို့ တခွန်းတည်း အဲဒီလိုပြော ရမယ်။ လက်ရှိ ကျနော်တို့က ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)ကို ဖွဲ့ထားတယ်။ NCA ထိုးထားတဲ့ တိုင်းရင်း သား ၈ ဖွဲ့နဲ့ ဒီဥစ္စာကို ဖွဲ့စည်းထားပြီးတော့ အစိုးရ-တပ်မတော်ရဲ့ ဆွေးနွေးဘက် အင်အားစု တခုအနေနဲ့ ကျနော်တို့ရှိ ထားတယ်။ ဒီဟာကို ဖျက်သိမ်းဖို့က အကြောင်းပြချက်က ဘာမှ မခိုင်လုံပါဘူး။

ကျနော် အစည်းအဝေးမှာ ပြောတယ်။ ကျနော်တို့ ဒီနေ့တိုင်းပြည်ကို သွားတဲ့နေရာမှာ ကျနော်တို့ လိုချင်တဲ့ တိုင်းပြည်ကို ရောက်ချင်တဲ့ ကျနော်တို့ တိုင်းရင်းသား တဖွဲ့တည်းနဲ့လည်း သွားလို့မရဘူး။ တပ်မတော်လည်း သူတဖွဲ့တည်း သွားလို့မရ ဘူး၊ အစိုးရလည်း သူတဖွဲ့တည်း သွားလို့မရဘူး အကုန်လုံး ပါဝင်ပတ်သက်နေတာ။ ကျနော်တို့က အတူတကွသွားမှ ဒီပြ ဿနာကို ဖြေရှင်းမှ ရမယ်။

ဥပမာ ကျနော်တို့ ငယ်ငယ်တုန်းက ပွဲလမ်းသဘင်မှာ ပြေးကြတယ် မဟုတ်လား။ ခင်ဗျားနဲ့ ကျနော် ခြေထောက်တွဲချီပြီး ပြေးတယ်လေ။ တယောက်တည်း ပြေးတာ မဟုတ်ဘူး၊ နှစ်ယောက် ပြေးတာ ဟုတ်တယ်မို့လား။ ခင်ဗျားနဲ့ ကျနော် စိတ် ကောက်လို့ရှိရင် ကျနော် ခြေထောက်လှမ်းတဲ့အချိန်မှာ ခင်ဗျားမလှမ်းရင် ကျနော် ချော်လဲသွားမှာပေါ့။ အဲဒီလို အတူတူပဲ ကျနော်ပေးတဲ့ ဥပမာက ကျနော်တို့ တိုင်းပြည်ကို သွားတဲ့ ခရီးစဉ်က ကျနော်တို့ အဲဒီလိုသွားကြရမှာ။

မေး ။ ။၂။ ၂။ PPCM ဖော်ဆောင်ဖို့ နိုင်ငံခြားသား အကြံပေးတွေရဲ့ အကြံပေးမှုကတဆင့် တင်ပြလာတာလို့ ကြားတယ်၊ အဲဒါ ဖထီးတို့ရော ဘယ်လိုမြင်တွေ့ ကြားသိရပါသလဲ။

ဖြေ ။ ။ ကျနော်ကြားတာ အဲဒါထက်တောင် မကဘူး။ အထုပ်ကြီးပါ ပါတယ်လို့ပြောတယ်။ ကျနော်တို့ တိုင်းရင်းသားတွေ ထဲမှာ NCA ထိုးပြီသား အဖွဲ့နဲ့ မထိုးရသေးတဲ့ အဖွဲ့ဆိုပြီး ရှိတယ်။ အဲဒါတွေတောင်မှ ကျနော်တို့ တန်းညှိလို့မရဘူး။ ဒါတောင် ဘဝ တူတယ်နော် ရည်မှန်းချက်ချင်း လည်း တူတယ်၊ ဒါတောင်မှ ကျနော်တို့ အချင်းချင်း ညှိလို့မရဘူး၊ NCA ထဲ ပါလာဖို့ ဘယ်လောက် ခဲယဉ်းလည်း။

နောက်တခုက နိုင်ငံရေးပါတီတွေဆိုတာ ကျနော်တို့နဲ့ ဘဝတူတာ မဟုတ်ဘူး၊ CBO ၊ CSO တွေဆိုတာက ပိုပြီးတော့ ဝေးသေးတယ် ဟုတ်တယ်မလား။ သူတို့ လူမှုအသင်းအဖွဲ့တွေက အများကြီး၊ အရည်အချင်းကလည်း မတူဘူး၊ ချဉ်း ကပ်ပုံချင်းလည်းမတူဘူး။

ဒီအဖွဲ့အစည်းပေါင်း အင်အားစုတွေကို စုစည်းဖို့ဆိုတာ ခင်ဗျား တကယ် လက်တွေ့ကြလား။ သူတို့ကတော့ ပလက်ဖောင်း မရှိဘူးလေ ပလက်ဖောင်းမရှိတော့ သူတို့က ထောက်ခံတယ် ပြောမှာပေါ့။ တကယ်တမ်း ဒီဟာတွေက PPST အခု လုပ်နေတာ ချဉ်းကပ်နေတာပဲ NCA မထိုးရသေးတဲ့ အဖွဲ့တွေကို ချဉ်းကပ်နေတာပဲ လုပ်နေတာပဲ။

အဲဒီတော့ ဒါတွေကတော့ KNU က လုံးဝ လက်မခံသေးပါဘူး။ PPCM ကိုလေ ကျနော်တို့ထဲမှာ ဆွေးနွေးတုန်းပဲ ရှိသေး တယ်။ ဒါကို လက်ခံတယ်လို့ ပြောလို့မရပါဘူး။

မေး ။ ။ အရင် ဦးသိန်းစိန် အစိုးရလက်ထက်တုန်းက အဖိုး မူတူးစေးဖိုး ဦးဆောင်ပြီးတော့ KNU က ငြိမ်းချမ်းရေးကို သွားတယ်။ အဲဒီမှာ အစိုးရ-တပ်မတော်နဲ့ တော်တော်လေး အဆင်ပြေတာ တွေ့ ရသလို ငြိမ်းချမ်းရေးလည်း ရှေ့ရောက် တယ်။ အခု ဒီဘက်အစိုးရ လက်ထက်ကျတော့ အထွေထွေ အတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမှူးက ရှေ့ထွက်လာတဲ့ ပုံစံမျိုးဖြစ်တယ်။ အဲဒါက ဘယ်လိုမျိုး KNU အတွင်းမှာ ဖြစ်တည်လာတာလဲ။

ဖြေ ။ ။ သူက အတွင်းရေးမှူးချုပ် ဖြစ်တယ်လေ။ ကျနော်တို့ တင်လိုက်တာ ဖြစ်တဲ့အခါကျတော့ ကျနော်က ကွယ်လွန် သွားတဲ့ ကျနော်တို့ KNU အတွင်းရေးမှူးချုပ် ပဒိုမန်းရှာပြောတဲ့ စကားကိုပဲ ကျနော် ပြန်ပြီးတော့ ကိုးကားပြီးတော့ ပြောချင်တယ်။ မန်းငြိမ်းတဲ့ မင်းလူတယောက်ကို သိချင်ရင် အာဏာနဲ့ ငွေကိုပေးလိုက် ကွာတဲ့ ဇာတိရုပ်က ပေါ်တာပဲတဲ့။

လူတွေကို ကျနော်တို့က အကဲခတ်တာ တလျှောက်လုံး မှန်မှန်ကန်ကန် အကဲမခတ်နိုင်ဘူး။ ကျနော်တို့ အကောင်းဆုံးလို့ ရွေးချယ်ခဲ့တာ သို့သော် အာဏာရှိလာတဲ့အချိန် လုပ်ပိုင်ခွင့်ရှိလိုက်တဲ့ အခါကျတော့ လုပ်တတ်တယ် ဒါလူ့သဘာဝပဲလေ။ ဖောက်ပြန်တတ်တာ လူ့သဘာဝပါ။

မေး ။ ။ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ တာဝန်က ဥက္ကဌတို့၊ ဒုဥက္ကဌတို့ရဲ့ လုပ်ပိုင်ခွင့် မူဘောင် ထက် ကျော်လွန်လုပ်ပိုင်ခွင့် ရှိနေတယ်လို့ ဆိုလိုချင်တာလား။

ဖြေ ။ ။ မဟုတ်ပါဘူး၊ ကျနော်တို့ KNU ရဲ့ဖွဲ့စည်းပုံက ဥက္ကဌနဲ့ ဒုဥက္ကဌက အမြင့်ဆုံး ဖြစ်ပါတယ်။ ကျနော်တို့ နံပါတ် အစဉ်လိုက်ပြောရရင် ဥက္ကဌက နံပါတ်(၁)၊ ဒုဥက္ကဌက နံပါတ်(၂)၊ အတွင်းရေးမှူးချုပ်ဆိုတာ နံပါတ်(၃)အဆင့်မှာပဲ ရှိတယ်။

မေး ။ ။ အခု လက်ရှိ ပြောနေကြတာပေါ့လေ။၊ ငြိမ်းချမ်းရေး ရှေ့ဆက်လို့မရတာက တပ်မတော်က တခုတည်းသော တပ်မတော် လက်ခံဖို့နဲ့ ခွဲမထွက်ရေး ကတိပြုပေးဖို့ တောင်းဆိုတယ်၊ တဖက်မှာ လည်း တိုင်းရင်းသား လက်နက်ကိုင်တွေ ဘက်က ဖက်ဒရယ်ကို အမြင့်ဆုံး ကိုင်ထားကြတယ် ပေါ့။အဲဒါကို ကျော်လွှားဖို့ဆိုရင် ဘယ်လိုပုံစံ ကျော်လွှားလို့ရမလဲဗျ။

ဖြေ ။ ။ ကျနော်တို့ တိုင်းရင်းသားတွေ တောင်းဆိုနေတာ ဒီမိုကရေစီနဲ့ ဖက်ဒရယ် ပြည်ထောင်စုလေ။ ဖက်ဒရယ်ပြည် ထောင်စုမှာ ဖက်ဒရယ်နိုင်ငံမှာ ဆိုလို့ရှိရင် တပ်မတော် ဘယ်နဲ့ခု ရှိလဲ။ တပ်မတော် ၂ ခုမရှိဘူးထင်တယ်၊ ဒါပေမယ့် အမေရိကန်မှာ တပ်မတော် ၂ ခုရှိတယ်။ National Cadet ရှိတယ်။ ပြည်နယ်မှာလေ။ ပြည်နယ်ရဲ့ပြည်နယ် စောင့်တပ်တွေ ပေါ့ အဲဒီလိုရှိတယ် ဒါအမေရိကန် တခုပဲ ထူးထူးခြားခြားရှိတာ။ ဒါကတော့ ထားလိုက်ပါလေ။

ကျနော် ဆိုလိုချင်တာ ကျနော်တို့ ဖက်ဒရယ် တည်ဆောက်လို့ရှိရင် တပ်မတော်ဆိုတာ တခု တည်းရှိရမယ်၊ သို့သော် တပ်မတော်က တင်တာ အချိန်စောသလား မစောဘူးလားဆိုတာကတော့ လက်တွေ့က ဆုံးဖြတ်လိမ့်မယ်။ ကျနော် ဆိုလိုတာ တချိန်မှာ တပ်မတော်က တခုတည်း ရှိရမယ်။ သို့သော် ဒီကနေ့ တပ်မတော်တခုတည်း တည်ဆောက်လို့ မရဘူး။

ဘာဖြစ်လို့မရလဲ လွန်ခဲ့တဲ့ NCA တည်ဆောက်ကတည်းက ကျနော်ပြောတယ်၊ ခင်ဗျား အခု ကျနော်တို့ ငြိမ်းချမ်းရေး လုပ်နေတယ်ဆိုတာ NCA ထိုးထားတဲ့ အဆင့်ပဲ ရှိသေးတယ်၊ ကျနော်တို့ ကျည်ထိုးထားတယ် ကျည်မထုတ်သေးဘူး၊ ကျည်မရှင်းသေးဘူး စစ်သား စကားနဲ့ပြောလို့ရှိရင် အချိန်မရွေး ပြန်ပစ်နိုင်တယ်။

ဒီအချိန်မှာ တခုတည်းသော တပ်မတော်ကို ပြောပြမယ် ကရင်တပ်ရင်း ၁၀ ရင်း အဲဒီမှာ ပါမယ်။ ကချင်တပ်ရင်း ၁၀ ရင်းပါ မယ်၊ တပ်မတော်က လက်ခံမလား အဲဒါဆိုရင် တပ်မတော်ကလည်း သူ့စည်းကမ်းနဲ့သူပြောမှာပေါ့ လက်တွေ့မကျဘူး။ ဒီနေ့ အချိန်က တခုတည်းသော တပ်မတော်ဖွဲ့ဖို့ ဆိုတာ လက်တွေ့မကျဘူး၊ တိုင်းရင်းသားတွေကလည်း မစိုးရိမ်သင့်ဘူး။

ဒီကိစ္စကို အရေးကြီးတာ နိုင်ငံရေး ပြဿနာ ကျနော်တို့ တိုင်းရင်းသားတွေ လိုချင်တဲ့ တပ်မတော်က လိုချင်တဲ့ ဖက်ဒရယ် အစိုးရ၊ ဖက်ဒရယ်တပ်မတော်ဆိုတာကို ပီပြင်စွာ ဖွဲ့စည်းလို့ရှိရင် တခုတည်း သော တပ်မတော်ဆိုတာ ဖြေရှင်းပြီသား ဖြစ်သွားတယ်။

သို့သော် ကျနော်တို့က အချိန်ယူရမယ်။ ဘာဖြစ်လို့ အချိန်ယူရမလဲဆိုရင် အခုချိန်က တယောက်နဲ့ တယောက် ယုံသေးတာ မဟုတ်ဘူး၊ စားပွဲဝိုင်းမှာ ဆုံတဲ့အဆင့်ပဲ ရှိသေးတယ်။ ငြိမ်းချမ်းရေးတံခါးက တံခါး တချပ်ပဲ ဖွင့်သေးတာ အကုန်လုံး မဖွင့် နိုင်သေးဘူး၊ ငြိမ်းချမ်းရေးခရီးကလည်း ခြေလှမ်း တလှမ်းလောက်ပဲ ရှိသေးတာ။ ခရီးက အဝေးကြီးပဲ ရှိသေးတယ်။ အဲဒီ တော့ ကျနော်တို့ ဒါက မဖြစ်နိုင်သေးဘူး တခုတည်းသော တပ်မတော်ဆိုတာ တဦးကို တဦး ယုံမှ မယုံသေးတာ။

တဦးရဲ့ဘဝကို တဦးရဲ့ကံကြမ္မာကို ပုံအပ်ပြီးတော့ သွားနိုင်တဲ့ အဆင့်မရောက်သေးဘူး၊ ကျနော်တို့ ဒီဟာက လက်တွေ့ မကျဘူးဖြစ်နေတယ်၊ သံသယကို ပိုပြီးတော့ ကြီးထွာစေတယ်ပေါ့နော်။

မေး ။ ။ ၂၀၂၀ ရွေးကောက်ပွဲကလည်း လာတော့မယ်။ အစိုးရကလည်း ၂၀၂၀ ရွေးကောက်ပွဲအတွက် အားပို စိုက်နေတာ များတယ်ပေါ့လေ။ တဖက်မှာလည်း ငြိမ်းချမ်းရေးက ရှေ့မဆက်နိုင်သေးဘူး ဖြစ်နေတော့ ဒီစိုးရိမ်ချက်တွေက ဘယ်လို ပုံစံမျိုး ပြောင်းလဲသွားနိုင်လဲ။

ဖြေ ။ ။ စိုးရိမ်ချက်ကတော့ ပထမဆုံး အစိုးရကို ပြောချင်တာ၊ အစိုးရရဲ့တာဝန်က ငြိမ်းချမ်းရေး ခရီးစဉ်က တန့်နေတယ် ဆိုရင် နောက်ကြောင်းပြန်မလှည့်ဖို့ လိုတယ်၊ ဒါကို အစိုးရက ထိန်းထားဖို့ လိုတယ်။ တပ်မတော်ကလည်း စားပွဲဝိုင်းကနေ စစ်မြေပြင် ပြန်မသွားဖို့လိုတယ်။

ဒါတပ်မတော်မှာလည်း တာဝန်ရှိတယ်။ ကျနော်တို့ တိုင်းရင်းသားက တာဝန်မရှိဘူးလား ဆိုတော့ လည်း ကျနော်တို့မှာလည်း တာဝန်ရှိတယ်၊ အကုန်လုံးမှာ တာဝန် ရှိတယ်။

ဒီလောက်ထိ တိုင်းပြည် ပျက်စီးရာ ပျက်စီးကြောင်းကို တွေးကြမယ်လို့တော့ ကျနော်မထင်ဘူးလေ။ ကျနော်ကတော့ တောထဲ မသွားတော့ဘူး၊ အခုက မြို့ပေါ်မှာ သွားရတာ သက်တောင့်သက်သာ ရှိတယ်။ချွေးမထွက်ဘူး။

You may also like these stories:

ကရင့်တော်လှန်ရေး နှစ် ၇၀ ပြည့်ပွဲမှ ငြိမ်းချမ်းရေး စကားသံများ

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် လေသံပြောင်းလာသော KNU ခေါင်းဆောင်

တတိယ အကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံ နှင့် သူတို့အမြင်

Did you find apk for android? You can find new Free Android Games and apps.
Loading