ပြီးခဲ့သည့် မေလက နေပြည်တော်တွင် အသက် ၃ နှစ် မပြည့်သေးသည့် မိန်းကလေးငယ်တဦး လိင်ပိုင်းဆိုင်ရာ အကြမ်းဖမ်းခံရမှု တခု ဖြစ်ပွားသွားခဲ့သည်။ ယင်း လိင်အကြမ်းဖက်ခံရမှု ဖြစ်စဉ်သည် လူမှုကွန်ရက် စာမျက်နှာမှ တဆင့် စတင်ပျံ့နှံ့လာပြီးနောက် သတင်း မီ ဒီယာများမှတဆင့် လူအများ စိတ်ဝင်စားမှု မြင့်တက်လာပြီးနောက် ယင်းအမှုကို နောက်ပိုင်းတွင် မှုခင်းရဲတပ်ဖွဲ့ (CID) က လွှဲပြောင်း စစ်ဆေးခဲ့သည်။
CID ၏ စစ်ဆေး ပေါ်ပေါက်ချက်တွင် တရားခံ အစစ်အမှန်နှင့် မည်သည့် နေရာတွင် ဖြစ်ပွားခဲ့သည့်ဆိုသည့် အဖြေကို အများပြည်သူက စိတ်ဝင်စားလျက်ရှိသော်လည်း အမှုမှာ တလခွဲခန့် ကြာမြင့်လာသည့်အထိ ရှင်းရှင်းလင်းလင်း မရှိသေး သေးသောကြောင့် ဝေဖန်စရာများလည်း ဖြစ်လာရသည်။
ယခုအမှုဖြစ်စဉ်၏ အခြေအနေကို အများပြည်သူ သိရှိနိုင်ရန် ဧရာဝတီက အမြဲ ကြိုးစားခဲ့သည်။ ကာယကံရှင် ကလေးငယ်၏ ဖခင်ကို ဧရာဝတီက ချည်းကပ်ခဲ့ရာ မှုခင်းဖြစ်ပွားခဲ့ရာ အကြောင်းစုံကို ဖြေကြားရန် သဘောတူခဲ့ပါသည်။ နေပြည်တော်ရှိ ဧရာဝတီရုံးခန်းတွင် ဧရာဝတီ သတင်းထောက်များ ဖြစ်သည့် မိုးမိုးနှင့် ထက်နိုင်ဇော် တို့ တွေ့ ဆုံ မေးမြန်းခဲ့သည့် အပြည့်အစုံ ဖော်ပြလိုက်ပါသည်။
မေး ။ ။ အမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ပြောပြပေးပါလား။ ဘယ်လို စပြီး သိတာလဲ။ စသိသိချင်းနေ့က အကြောင်းပေါ့။
ဖြေ ။ ။ စဖြစ်ဖြစ်ချင်းက ၁၆ ရက် ၅ လ ၂၀၁၉ က ဖြစ်တာပေါ့။ အဲဒီနေ့က မနက် ၈နာရီ ခွဲလောက်ကို မူကြိုဖယ်ရီကားပေါ် တင်ပေး လိုက်တယ်။ အမေနဲ့ အဘွားကပေါ့။ ပြုံးပြုံးရွှင်ရွှင်ပဲ ပါသွားတယ်။ ညနေကျတော့ ပုံမှန်ဆိုရင် ဖယ်ရီက ၄ နာရီ ၁၅ မိနစ်၊ ၄ နာရီ ၃၀ အဲ ဒီလောက် ဒီကြားထဲမှာ ရောက်နေကြ။ အဲဒီနေ့က သမီးမေမေက ရုံးက ပြန်ရောက်တော့ ၅နာရီ ခွဲနေပြီ။ တိုက်ရှေ့ ရောက်တော့ သမီး ဖယ်ရီ မရောက်သေးဘူး။ သမီး ဖယ်ရီက နောက်ကျနေတာပေါ့လေ။ သမီးကို ကြိုနေတဲ့ သမီးအဘွားက သမီးဖယ်ရီကို ဆက်စောင့် တယ်။ ကျောင်းဖယ်ရီက ၅ နာရီ ၄၅ လောက်မှ ရောက်လာတယ်တဲ့။ ရောက်လာတော့ သမီးလေးက မျက်နှာတော့ ပျက်နေတာပေါ့ နော်။ မျက်နှာငယ်နေတာကို သူ့အမေက သတိထားမိတယ်။ ဒါပေမယ့် ဒီလောက်ထိ ကြီးကြီးမားမား ဖြစ်လိမ့်မယ်လို့ မထင်ဘူးပေါ့လေ။ တခုခုကြောင့်ပေါ့။
တိုက်ပေါ်ရောက်တော့ ကလေးကို ကျောင်းက ပါလာတဲ့ အဝတ်အစားတွေ လဲပြီးတော့ ရေစိမ်တာပေါ့။ စိမ်ပြီးတော့ သူ့အမေက ညနေ စာချက်ဖို့ လုပ်တယ်။ ရုံးသမားတွေဆိုတော့ ရုံးက ပြန်လာမှ ချက်ရတာကိုး။ အဲဒီနေ့ ပုဇွန်လား မသိဘူး ချက်ဖို့ လုပ်နေတဲ့ အချိန်မှာ မီးမီးက ပြောတယ်။ ၆ နာရီလောက်ရှိတဲ့ အချိန်မှာ မေမေ မီးမီး ဖင်ဖုနာတယ်လိ့ု့ ပြောတယ်။ သမီးက အဲဒါကို ဖင်ဖုလို့ သုံးနှုန်းတယ်။ သူ့မေကလည်း အေး အေး မေမေ ကြည့်ပေးမယ်။ ချက်ချင်းလည်း မကြည့်မိဘူးဗျာ။ ဟင်းချက်နေရင်း တန်းလန်းဆိုတော့လေ။ သူ့စိတ်ထဲ မှာက ဆီးအောင့်တာပဲဖြစ်ဖြစ်၊ ရေခဲရေသောက်လို့ပဲ ဖြစ်ဖြစ် ဆီးကျဉ်တာပဲ ဖြစ်ဖြစ် အဲလောက်ထိပဲ မှန်းထားတာ။ ထားပါတော့ ဟင်း ဆက်ချက်နေတာပေါ့နော်။
၇ နာရီကျော်ကျော် ၇ ပတ်ဝန်းကျင်လောက်မှာ သမီးက ထပ်ပြောတယ်။ မေမေ မီးမီး ဖင်ဖုနာတယ်။ အဲ့ဒီအချိန်မှာ ဟင်းချက်တာ ဘာ ညာလည်း ပြီးသလောက်ရှိပြီပေါ့။ အေး အေး လာ မေမေ ကြည့်ပေးမယ်ဆိုပြီး သူ့သမီးကို ရှုးတည်လိုက်တာ။ ရှုးတည်တော့ ငိုတယ် မီးမီးက အရမ်းနာတယ်ပေါ့။ ရှုးတယ်ပြီးတော့မှ ကဲကြည့်ပေးမယ် ဆိုပြီးတော့ ဟိုး…ရေဆေးဖို့ ကြည့်ဖို့ လုပ်တော့ ကလေးက ပေါင်စိ ထားတယ်။ အဖြဲမခံဘူး။ အဲ့ဒါကို ချော့မော့ ပြီးတော့ ကြည့်တယ်ဗျာ။
ဆိုတော့ သွေးတွေ ထွက်လာတာ။ ကလေးရဲ့ မိန်းမကိုယ်ထဲက သွေးတွေထွက်လာတာပေါ့။ အဲဒီတော့ အဲဒီအချိန်မှာ အရမ်း စိုးရိမ်သွားပြီ။ စိုး ရိမ် သွားပြီးတော့ သူက ( ကလေးအမေ) ကျနော့်ဆီ ဖုန်းဆက်တယ်။ ကျနော်က တခြားနယ်မှာ တာဝန်ထမ်းဆောင်နေတာ။ နောက်ကျောင်းကား၊ ဖယ်ရီကားပေါ်က ဆရာမ ဖုန်းနံပါတ် ရှိတယ်။ အဲဒီဆရာမဆီ ဆက်တယ်။ ဆရာမကို လှမ်းမေးတာပေါ့။ ဘာဖြစ်လဲ။ ဆရာမက ကားပေါ်မှာဘာမှ မဖြစ်ဘူးဆိုတော့ ကျောင်း ဖုန်းနံပါတ် လှမ်းတောင်းတယ်။ ဆရာမ ဖုန်းနံပါတ် ပေးလိုက်တယ်။ အဲဒီနံပါတ်ကို ဆက်တယ်။ ဖုန်းမကိုင်ဘူး။ အဲဒီအချိန်မှာ ကျနော့် အမျိုးသမီးက အရမ်းပျာယာခတ်နေပြီ။ စိုးရိမ်နေပြီလေ။ ကျနော့်ဆီဖုန်းဆက်တယ်။ နင်စိတ်ကို အေးအေးဆေးဆေးထား။ ဆေးရုံ သွားလိုက်။
ရန်ကုန်မှာကျတော့ ဆေးခန်း တန်းပြလို့ရတာပေါ့။ နေပြည်တော်မှာကျတော့ ဆေးရုံပဲ သိတာလေ။ အဲဒါကို အမျိုးသမီးက အိမ်မှာ နေ တာက ကျနော့် အမျိုးသမီးရယ်။ ကျနော့် ယောက္ခမရယ်။ ကလေးလေးရယ် ၃ ယောက်ပဲ နေတာပေ့ါ။ အဲ့ဒီလိုင်းခန်းမှာနေတာက ကျနော်တို့ ပြောင်းလာတာက လွန်ခဲ့တဲ့ ၆ လလောက်ကမှ နေပြည်တော်ကို ပြောင်းလာတာ။ ဘေးပတ်ဝန်းကျင်မှာလည်း ရင်းရင်းနှီးနှီး သိပ်ပြီး သိတဲ့သူ မရှိဘူးဗျ။
အဲဒီအတွက် ကားငှားဖို့ အတွက်ကို ရုံးဝန်ထမ်း အမကြီးရဲ့ ဆွေမျိုးတော်တဲ့ အဲဒီအမကို လှမ်းဆက်တာ။ ကားငှားတာပေါ့ဗျာ။ ကားလာမှ နေပြည်တော် ကလေး အထူးကုဆေးရုံ အဲဒီကို သွားတာ။ သွားတော့ ဆေးရုံက ဆရာမတွေက ဒါရဲမှုခင်း Case ဆိုပြီးတော့ နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကို လွှဲတယ်။
ကျနော်တို့က ပထမက ရဲမှုခင်းတွေ ဘာတွေလည်း မထင်ပါဘူး။ ဒီလိုပဲ တခုခု ဆော့ရင်း ဖြစ်တယ်ပဲ ထင်တယ်။ ထိုးသွင်းရာ ရှိတယ် ဆို ပြီး လွှဲလိုက်တော့ အဲဒီမှာ အရမ်းစိုးရိမ်သွားပါပြီ။ ကုတင် ၁၀၀၀ ကို သွားတယ်။ ရဲမှုခင်းနဲ့ ဆေးစစ်ချက်ယူတယ်။ ဆေးစစ်ချက် ယူပြီး တော့ ကာကွယ်ဆေးတွေ တိုက်ရတယ်။ ကာကွယ်ဆေး B ပိုး၊ C ပိုး၊ နောက် သွေးထွက်သွားတယ်။ ထိုးသွင်းရာ ရှိတယ်လို့ ဆရာဝန် တွေက ယူဆပြီး ပြောတဲ့အတွက် HIV ကာကွယ်ဆေးတိုက်ရတယ်။ HIV ကာကွယ်ဆေးကို အဲဒီညမှာ တိုက်ရတယ်။ ကျနော်ပြောတဲ့ ညဆိုတာ ၁၆ ရက်ညပဲ ရှိသေးတယ်။
နောက်တရက် ၁၇ ရက်နေ့ကျရင် လာခဲ့ပါ။ အမေရော၊ အဖေရောက်ပြီဆိုရင် အဖေလည်း လာခဲ့ပါ။ ဆွေးနွေးရအောင် ဆိုပြီးတော့။ ကျ နော်တို့ကို ဒါဟာ တိုက်သင့်တယ်ဆိုတဲ့ အကြောင်း၊ ဒါမျိုးက ကူးစက်နိုင်တယ်ဆိုတဲ့ အကြောင်းပြောပြီးတော့ ဆေးပေးတယ်။ ၂၈ ရက် တိုက်ရတယ်။ မနက် ၂ လုံး၊ ည ၂ လုံး တိုက်ရတယ်။ ကျူးလွန်တဲ့သူက HIV ရှိတယ်ဆိုရင် ကလေးကို ကူးနိုင်တယ်ပေါ့။ ဆေးက အ ရမ်းလည်း ပြင်းပါတယ်။ ကလေးလည်း တော်တော်ခံရပါတယ်။ ဆေးရုံမှာ စစ်ဆေးပြီးတော့ အိမ်ပြန်ရောက်တော့ ၂ နာရီ ထိုးပြီ။ ၂ နာရီ ထိုးတော့ သမီးကို ပြန်သိပ်တယ်။ သမီးကို သိပ်ပြီး ကျနော် အမျိုးသမီးက ရဲစခန်းကို သွားတာပေါ့။
အမှတ် ၁ ဇမ္ဗူသီရိ မြို့မရဲစခန်းကို သွားတယ်။ သွားတော့ အမှုဖြစ်စဉ်ကို သူက တိုင်ကြားတာပေါ့။ ဖြစ်စဉ်ကို ၃ ယောက် ပြောင်း ယူ တယ်။ လူ ၃ယောက် ပြောင်းပြီး မေးတယ်။ မေးပြီးတော့ အမှုတော့ မဖွင့်ပေးလိုက်ဘူး။ သူတို့ပြောတာတော့ တရားခံ မသိဘဲနဲ့ ဖွင့်ရင် အမှုက အားနည်းတယ်ဆိုတော့ မနက်ကျမှ ထပ်လာခဲ့ပါတဲ့။ ကျနော့် အမျိုးသမီးကို မနက် ၄ နာရီ ခွဲလောက်မှာ သူတို့ ရဲကားနဲ့ အိမ်ပြန် ပို့ပေးလိုက်တယ်။ ဖြစ်စဉ်အစကတော့ အဲဒါပါဘဲ။
ဆေးရုံရဲ့ စစ်ချက်မှာ မိန်းမကိုယ်က သွေးထွက်တယ်။ ထိုးသွင်းဒဏ်ရာရှိတယ်။ သွေးထွက်ခြင်းအားဖြင့် သွေးကနေ ကူးစက်နိုင်တယ်။ ထိုးသွင်းရာရှိတယ် ဘာနဲ့လဲလို့တော့ မပြောဘူး။ အဲ့လောက်ထိတော့ သိခဲ့တယ်။ ဘာမှတ်တမ်းမှတ်ရာမှ မပေးဘူး။ ရဲ Case ဖြစ်သွားပြီ။ ဒါ Confidential ဖြစ်သွားပြီ။ တကယ့် တရားရုံးတွေရောက်မှ အတိအကျ ထွက်လာမှာ။ ကျနော်တို့ကို ဘာမှတ်တမ်းမှတ်ရာမှ မပေး လိုက်ဘူး။ သူတို့ ပြောစကားအရ HIV ကာကွယ်ဆေး တိုက်တယ်ဆိုတော့ ကျနော်တို့က ရင်ထဲမှာ အရမ်း စိုးရိမ်နေပြီ။
မေး ။ ။ ကလေး ဖြစ်စဉ် စဖြစ်တာက မေ ၁၆ ရက်မှာ စဖြစ်တယ်။ မေ ၁၇ ရက်နေ့မှာ အမှုသွားဖွင့်တယ်။ တဆက်တည်းမှာပဲ အမှု ကို CID မေ ၃၀ ရက်နေ့မှာ လွှဲလိုက်တယ်။ အဲ့ဒီတော့ ရဲတပ်ဖွဲ့ဆီမှာ အမှုက ၁ လခွဲလောက် ကြာနေပြီဆိုတော့ ဘာပြောချင်တာရှိလဲ။
ဖြေ ။ ။ တလခွဲနီးပါး ကြာတယ်ဆိုတဲ့ဟာအပေါ်မှာ အရင် ပြောချင်တာပါ။ ဒီအမှုဖြစ်တယ်ဆိုတော့ ကျနော်တို့က ရဲစခန်းမှာ သွား အမှု ဖွင့်တယ်။ အဲဒီမှာ သမီလေး ဖြစ်သွားတဲ့ ကာလမှာ အရမ်း ဧရိယာ မကျယ်ဘူးဗျာ။ ဧရိယာ ကျဉ်းကျဉ်းလေး။ အမှုဖွင့်တယ်။ မ ကြာမီ ရက်အတွင်း တရားခံမိမယ်လို့ပဲ ကျနော်တို့က ယုံကြည်ခဲ့တယ်။ ဒီကိစ္စမျိုးက ဘယ်မိဘမှ မဖြစ်ချင်ဘူးလေ။ ကျနော်တို့ ဖြစ် ခဲ့တယ်။
အဲဒါကို ကျနော်တို့က မြန်မြန်မေ့ပစ်မယ်။ တရားခံကို ရှာပြီးရင် မြန်မြန်မေ့ပစ်ရမယ်။ ဘဝသစ် ပြန်ထူထောင်ရမယ်။ ဒါပေမယ့် နေရာ ကျဉ်းကျဉ်းလေးမှာ ကြာနေတာဗျာ။ ရဲလုပ်ငန်းကတော့ သူတို့ ဘာတွေ လုပ်နေလဲ ဆိုတာ သူတို့ကိုယ်သူတို့ပဲ သိလိမ့်မယ်။ ကျနော် တော့ သေချာမသိဘူးဗျာ။ ကျနော်တို့ဘက်က တတ်နိုင်သလောက်က ကျနော်တို့ ဖြစ်စဉ်ကို ကျနော်တို့ ပြောပြခဲ့ပြီးပြီ။ ကျနော်တို့က တရားခံကို အမြန်ဆုံးမိဖို့ပဲ။ အမြန်ဆုံးမိမှပဲ ကျနော်တို့ ဘဝကို ပြန်ထူထောင်လို့ ရမှာလေ။
အဲဒီတော့ ဒီတလခွဲဆိုတဲ့ ကာလမှာ တရက် တရက်ကို ကျနော်တို့မှာ ငရဲကျနေသလိုပဲ။
မေး ။ ။ အခုဆို ကလေးရဲ့ ဖြစ်စဉ်ဖြစ်ပွားတဲ့ နောက်ပိုင်းမှာ ကျောင်းတာဝန်ရှိသူတွေဘက်က ဘာတွေ ဆောင်ရွက်ပေးတာ ရှိလဲ။ သူတို့ လုပ်ဆောင်ပေးတဲ့ အပေါ်မှာရော ကျေနပ်မှု ရှိရဲ့လား။
ဖြေ ။ ။ ကလေးဖြစ်ပွားပြီးတဲ့နောက်ပေါ့ဗျာ။ ကျောင်းဘက်ကတော့ ဆောင်ရွက်ပေးတာတော့ ကျနော်တို့ပေါ့ဗျာ ၁၇ ရက်နေ့က ကျောင်းသွားကြတယ်ပေါ့ဗျာ။ ကျနော်တို့တွေနဲ့ ရဲနဲ့တာဝန်ရှိ သူတွေနဲ့ သွားကြတယ်။ ရုံးခန်းထဲမှာ ထိုင်ကြတော့ ကလေးက ဖြစ်တာက ၁၆ ရက်နေ့မှာ ဖြစ်တယ်။ သွားတဲ့နေ့မှာ ကျနော့်ကလေးလေးက အရမ်းကဲတယ်။ ဆော့ပြုနေတာ။ ရုံးခန်းထဲမှာ CCTV မှတ် တမ်းရှိပါတယ်။ “သူတို့ဘက်က ဆောင်ရွက်ပေးတာက အဲ့ဒီ မှတ်တမ်းလေးနဲ့ ကလေးမိဘတွေကို အသုတ်လိုက် အသုတ် လိုက် ခေါ်ပြီးတော့ ရှင်းပြတာ ရှိတယ်”” ဒီသမီးလေးက ဒီလောက်ကဲတာ ဒီ Rape ကိစ္စ မဖြစ်နိုင်ဘူး ဆိုပြီးတော့ပေါ့။ ကလေးမိဘတွေဆိုတာ ကျနော်တို့ ဌာနအတွင်းမှာလည်း ဒီကျောင်းထားတဲ့ ကလေးတွေ ရှိတယ်လေ။ သူတို့ မျက်နှာတွေ ဝါးထားသော်လည်း ကျနော်မှန်း သိတာပေါ့ဗျာ။”
သူတို့ကျောင်းဘက်ကတော့ အဲဒီလို ဆောင်ရွက်ပေးတာလေးရှိတယ်။ တခြားဘာမှတော့ မရှိပါဘူး။ ကျန်တဲ့ အနေအထားမှာ ကျောင်း ဘက်က ဆက်သွယ်လာတာ မရှိပါဘူး။ ဖုန်းနဲ့လည်း အဆက်သွယ်မရှိပါဘူး။ ကျောင်းကို သွားတယ်။ ရဲစခန်းကို သွားတယ်။ နောက် အမှု ဖွင့်တယ်။ ဒါပါဘဲ။ ကျန်တာ ဆက်သွယ်တာ ပြုတာ ဘာမှ မရှိပါဘူး။
မေး ။ ။ ကျောင်းဘက်ကတော့ ဒီအမှုဖြစ်စဉ် အမှန်ပေါ်ပေါက်အောင် ပူးပေါင်းဆောင်ရွက်နေတယ်ဆိုပြီးတော့ ပြောနေတာ ရှိတယ်။ ပြီးတော့ CCTV မှတ်တမ်းတွေကိုလည်း သက်ဆိုင်ရာကို ပေးထားတယ်ပေါ့လေ။ အကိုတို့ သိသလောက် မှတ်တမ်းမှတ်ရာ စုံစုံလင်လင် ရလား။
ဖြေ ။ ။ CCTV မှတ်တမ်းလို့ ပြောရင် ကျနော် ၂ ပိုင်းပြောပြမယ်။ ကျနော့် သမီးအပ်တာ အခန်းထဲမှာ CCTV ရှိလို့ အပ်တာ။ ကျနော် တို့က ကလေးက ငယ်တယ်ဗျာ။ ၃ နှစ်မပြည့်သေးတဲ့ အတွက် CCTV ရှိမှ၊ အခြားကလေးတွေ အနိုင်ကျင့်တာ ပြန်ကြည့်လို့ ရမှာ။ CCTV ရှိလို့ မိုလို့ ထားတာလေ။ လွန်ခဲ့တဲ့ ၆ လလောက်က ထားတာ။
ဒ့ါပေမယ့် ၁၇ ရက်နေ့မှာ ကျနော်တို့က ကျောင်းကိုသွားတယ်။ အားကိုးတကြီးနဲ့ CCTV ဆီကို သွားတာဗျ။ အားကိုးတကြီးနဲ့ သွားတာဗျ။ CCTV မှတ်တမ်း ကြည့်လိုက်ရင် ဒါဘယ်လိုဖြစ်တာလဲ တန်းပေါ်မယ်။ အဲလို အားကိုးတကြီးနဲ့သွားတာ။ ဒါပေမယ့်လည်း ကျောင်းခန်းထဲ မှာ CCTV မရှိပါဘူး။ ကျနော်တို့ အပ်တုန်းက CCTV ရှိတယ်။ CCTV မရှိတဲ့ အခန်းကို လွန်ခဲ့တဲ့ ၂ လလောက်က ပြောင်းထားတယ်လို့ ပြောတယ်။ ဒါပေမယ့် ကျနော်တို့ကို အကြောင်းကြားခြင်းလည်း မရှိပါဘူး။ အဲဒါက တပိုင်းပေါ့ဗျာ။
နောက်တခုက ရဲစခန်းကို အပ်တဲ့ CCTV ကို ကျနော် ပြောပြလိုက်မယ်။ ရဲစခန်းကို အပ်တဲ့ CCTV က ဟိုဘက် လမ်းတဘက်က အဲ့ဒီ ကျောင်းပိုင်ပဲ ကျောင်းဆောင်ရှိတယ်။ အဲဒီကျောင်းဆောင်ရှေ့ မှာ CCTV ရှိတယ်။ အဲဒီ CCTV က သမီးလေးတို့ ကျောင်းဆောင်ကို လှမ်းမြင်နေရတယ်။ ဆိုတော့ ကားအဝင် အထွက်ကို လှမ်းမြင်နိုင်တယ်။ အဲဒီ CCTV ကိုပြောတာပါ။ ဖြစ်တာက ၁၆ ရက်နေ့ ၊ ၁၆ရက် နေ့မှာ တောင်းတယ်။ ၁၆ ရက်နေ့စာကို တောင်းတယ်ပြောတာ။ ၁၇ ရက်နေ့မှာ သမီးလေးက ကျောင်းကိုရောက်တော့ ကြောက်မနေ ဘူး။ ပျော်ရွှင်နေတာကို တွေ့တော့ ကျနော်တို့က ဒါ တစိမ်းလူတော့ မဖြစ်နိုင်ဘူး။ ရင်းနှီးတဲ့သူဖြစ်မယ်ဆိုတော့ ရှေ့ရက်တွေက အဝင် အထွက်တွေပါ ကြည့်ချင်လို့ ၁၄ ၊ ၁၅ ရက်တွေပါ တောင်းတယ်။ ဒါပေမယ့် ၁၄ ၊ ၁၅ ရက် မရပါဘူး။
၁၆ ရက်နေ့ဟာပဲ ရပါတယ်။ ၁၆ ရက်နေ့ဟာက ၄ ကြိမ် ပျက်ပါတယ်။ ၈ နာရီကနေ ၅ နာရီ အတွင်းမှာ ဖိုင်က ၄ ဖိုင်ပျက်တယ်။ ပြောရ ရင် ၁၈ ရက်နေ့ညမှာ ကျနော် ရဲစခန်းမှာ ကျနော် တညလုံး သွားကြည့်တယ်။ သွားကြည့်တော့ ပျက်တဲ့ ဖိုင်တွေ ဘယ်နားကနေ ဘယ် ထိဆိုတာ ကျနော် အလွတ်ရပါတယ်။ တညလုံးထိုင်ကြည့်ခဲ့တာ။
ဖိုင်ပျက်တာက ၉ နာရီ ၃၃ မိနစ်ကနေ ၁၁ နာရီအထိ။ ၁ နာရီနဲ့ ၂၇ မိနစ် ကြာတယ်။ တဖိုင်။ ၁၂ နာရီ ၄၉ မိနစ်ကနေ ၁ နာရီအထိ။ နောက်တခုက ၁ နာရီ ၁ မိနစ်ကနေ ၂ နာရီ ၄ မိနစ်အထိ ၁ နာရီ ၃ မိနစ် ကြာတယ်။ နောက်တဖိုင်က ၄ နာရီ ၂ မိနစ်ကနေ ၄ နာရီ ၈ မိနစ်ထိ ကြာတယ်။ ၆ မိနစ်ကြာ တာပေါ့လေ။ ၄ ခါ ပျက် တာပေါ့။ အဲဒါက ဘယ်လိုလဲဆိုတော့ ကျောင်းကနေပြီးတော့ ဒေါင်းလုပ်ဆွဲပြီး ရဲကို ပေးလိုက်တာ။ Hard-Disk ပေးတာ မဟုတ် ဘူး။ ဒေါင်းလုပ်ဆွဲပြီး ပေးတာ။ မူရင်းဖိုင်ကို မပေးဘူး။ မူရင်းဖိုင်ကို CID ကျမှ ဖွင့်သိမ်းခဲ့တာ။ ကြားထဲမှာ ဖြစ်တာက ၁၆ ရက်ည ဆိုတော့ CID ရောက်တာက ၃၀ ရက်နေ့ ဆိုတော့ ကြားထဲမှာ ၂ပတ်လောက် ကြာသွားတာပေါ့။
မေး ။ ။ အကို တညလုံး ရဲစခန်းမှာ CCTV စောင့်ကြည့်တယ်ဆိုတော့ ဘာထူးခြားတာ တွေ့ခဲ့လဲ။
ဖြေ ။ ။ အဲဒီနေ့ ၁၈ ရက်နေ့က ကျနော်တို့ လင်ရော မယားရော ထွက်ချက် သွားပေးရတာပေါ့လေ။ အဲ့ဒီမှာ ကျနော်က CCTV မှတ် တမ်းရပြီလားဆိုတော့ ညနေဘက်လောက်မှာ ရပြီတဲ့။ အဲ့ဒါဆို အကိုတို့ ကြည့်ပြီးလားဆိုတော့ ကြည့်တော့ ကြည့်တာပဲ ထူးခြားမှု သိပ် မရှိဘူးဆိုတော့…အဲဒါဆို ကျနော် လာကြည့်လို့ ရလားဆိုတော့ ရတယ်ဆိုတော့ ညဘက် အိမ်ပြန် ထမင်းတွေ ဘာတွေ စားပြီး ၉ နာရီ ခွဲလောက်မှ တညလုံး ကြည့်တာပေါ့နော်။
ထူးခြားမှု ဘာတွေ့လဲ ဆိုတော့ ဒီကျောင်းဘက်က တာဝန်ရှိသူတွေ ၁၇ ရက်နေ့မှာ သွားဆွေးနွေးတယ်လေ။ သမီးလေး ကျောင်းဆောင် ကို ဘယ်သူဝင်ထွက်မှ မရှိဘူး။ အမျိုးသား ဝင်ထွက်မှု မရှိဘူး။ ဆရာမပဲ ခန့်တယ်။ ကျောင်းဆရာတောင် မခန့်ဘူး။ ဒါတခြားမှာ ဖြစ်တာ လည်း စဉ်းစားပါဦး ဆိုတော့ ကျနော်တို့ဘက်ကလည်း အရမ်း နယ်ပယ်ကျဉ်းတယ်လေ။ အိမ်မှာ အမျိုးသားလည်းနေတာ မဟုတ်ဘူး။ အမျိုးသမီးတွေပဲ အိမ်မှာ နေတယ်။ ကြိုပြီးတော့ အိမ်ပေါ်တက်တယ်။ ပတ်ဝန်းကျင်နဲ့လည်း ရင်းနှီးမှု မရှိဘူး။ ကျနော်တို့ကလည်း အိမ်မှာတော့ ဖြစ်နိုင်ချေမရှိဘူး။ ဆိုတော့ စဉ်းစားရတာပေါ့လေ။ ကျောင်းမှာလည်း ဝင်လူ ၊ ထွက်လူ မရှိဘူး ဆိုတော့လေ။
ဒါပေမယ့် ၁၈ ရက်နေ့မှာ CCTV ကြည့်တော့ ၃ နာရီ ၁၂ မိနစ်မှာ အမျိုးသားတဦး သမီးလေးတို့ ကျောင်းဆောင်ဘက်ကို အမျိုးသား တဦး ဝင်သွားတယ်။ ၃ နာရီ ၃၈ မှာ ပြန်ထွက်လာတယ်။ အဲ့ဒီ ထူးခြားမှု တွေ့တယ်။ တွေ့တော့ ညတာဝန်ကျတဲ့ ရဲကို ကျနော် ပြောခဲ့ တယ်ဗျ။
မေး ။ ။ ဒါဆို ဒီမှတ်တမ်းက အကိုကြည့်လို့ သိတာကို ရဲကို ပြောပြခဲ့တာလား။ ရဲက အကို့ကို ပြောပြတာလား။ ဘယ်လိုမျိုးလဲ။
ဖြေ ။ ။ ကျနော်သိလို့ သူတို့ကို ပြောပြတာပါ။ ဘာလဲဆိုတော့ ကျနော် ၁၈ ရက် ညမှာ ကျနော်သိတယ်ဗျာ။ ၁၈ ရက်နေ့ တနေကုန် ကျနော်တို့ကို စစ်ချက်ယူတယ်။ ကျနော့် အမျိုးသမီး၊ ယောက္ခမ ၊ ကျနော် ပေါ့နော်။ နောက် ကလေးရဲ့ က်သေခံ ပစ္စည်းတွေ အဝတ် အစားတွေ ဟိုနေ့က ရေစိမ်ထားတဲ့ အဝတ်အစားတွေ ပေးရတယ်။ အဲဒီနေ့ညပဲ ကျနော် သွားကြည့်တယ်။ ကျနော် မကြည့်ခင် အချိန် ထိ ဘာမှ ထူးခြားတယ် မပြောသေးဘူး။ ကျနော်ကြည့်ပြီး ထူးခြားမှုရှိမှ ကျနော်ပြောခဲ့လိုက်တာ။
မေး ။ ။ ထူးခြားမှု စ တွေ့တာက အကိုကနေ စပြီးတွေ့တယ်လို့ ပြောလို့ ရလား။
ဖြေ ။ ။ ရတာပေါ့။
မေး ။ ။ အပေါ်မှာ ပြောခဲ့သလိုပေါ့။ ကျောင်းသားမိဘတွေကို ခေါ်ပြီး ကလေးက ဒီလိုဆော့နေနိုင်တာပဲဆိုပြီး မှတ်တမ်းကို ပြတဲ့ အပေါ်မှာရော ကလေးမိဘတယောက် အနေနဲ့ ဘာများ ပြောချင်ပါသလဲ။
ဖြေ ။ ။ ကျနော်ကတော့ မဖြစ်သင့်ဘူးလို့ ထင်တယ်ဗျာ။ ပြုလုပ်ခံရတယ်။ မလုပ်ခံရဘူးဆိုတာက ဆေးပညာအရ တိတိကျကျ ထွက်လာမှပဲ ပြောသင့်တယ်လေ။ ကျနော်တို့က ဒီကလေးက မလုပ်ခံရဘဲ လာပြောရအောင် ကျနော်တို့ သမီးလေးက ထိပ်ပေါက်၊ ခေါင်းကွဲတာ မဟုတ်ဘူးလေ။ ကျနော် သမီးလေး နာမည်တခု၊ ဘဝတခုကို ရင်းပြီးတော့ ဘာကိစ္စမှ လာပြောစရာ အကြောင်း မရှိဘူး။ ဒီဟာကိုတော့ စဉ်းစားသင့်တယ်။
ပြီးတော့ ကျနော်တို့က နေပြည်တော်ဇာတိလည်း မဟုတ်ဘူး။ လွန်ခဲ့တဲ့ ၆ လလောက်က ဒီကို ပြောင်းလာတာ။ ဒီကျောင်းနဲ့ ပတ်သက် လို့လည်း နာမည် ဖျက်စရာအကြောင်းလည်း မရှိဘူး။ သိတောင် မသိဘူး။ ကိုယ့်ကလေးကို ယုံကြည်လို့ အပ်နှံထားတာလေ။ ဒီလို ဖြစ် စဉ် ဖြစ်တော့ ကျနော်တို့က လာပြီးတော့ မဟုတ်ကဟုတ်က လာပြီးတော့ ပြောနေတယ်လို့များ ယူဆလား သိပါဘူး။ အဲလိုမျိုး သူတို့ ဘက်ကလေ။
မေး ။ ။ ဒီအမှုဖြစ်စဉ်ကလည်း ဖြစ်သွားတာ မှန်တယ်။ အဲ့ဒါဆို ကျောင်း၊ ကားနဲ့ အိမ်ဆိုပြီး ၃ နေရာရှိတယ်။ အဲဒီနေရာတွေမှာ ပါဝင်တဲ့သူ၊ သိတဲ့သူ၊ ပါဝင်ပတ်သက်တဲ့သူ ဘယ်နှစ်ဦးလောက် ရှိလဲ။ အဲဒီလူတွေကရော ဒီအမှုမှာ ပူးပေါင်း ပါဝင်မှု ရှိလား။
ဖြေ ။ ။ ပါဝင်ပတ်သက်တဲ့ သူတွေကို ကျနော် ပြောပြမယ်။ အိမ်မှာဆိုရင် ကလေး အမေနဲ့ ကလေး အဘွား ရှိမယ်။ သူ့အမေနဲ့ သူ့ အဘွား ကားပေါ်တင်ပေးလိုက်ပြီ။ ကားပေါ်မှာ ဆရာမ တယောက်ပါမယ်။ ဆရာမ၊ Driver (ကားမောင်းသူ) ပါမယ်။ ဆိုတော့ ကလေး အမေ ၊ ကလေး အဘွား၊ ဆရာမ၊ Driver ၄ ယောက်ရှိမယ်။ ကျောင်းကို ရောက်သွားပြီ။ ကျောင်းမှာ ကလေး စာသင်ဆောင်မှာ ကြီး ကြပ်တဲ့ ကလေးရဲ့ ဆရာမ ၃ ယောက် ရှိမယ်။ အဲဒီ ဆရာမ ၃ ယောက်ကို ကြီးကြပ်တဲ့ ဆရာမကြီး ၁ ယောက်ရှိမယ်။ ၄ ယောက်။ ခုန က ၄ ယောက်နဲ့ ပေါင်းတော့ ၈ ယောက်။
ညနေ ဖယ်ရီ ပြန်လာမယ်။ ပြန်လာတဲ့ အခါကျတော့ ပုံမှန်ဆိုရင်တော့ ၈ ယောက်ပဲ။ အဲ့ဒီနေ့မှာ ဖယ်ရီ ပျက်တယ်လို့ ပြောတယ်။ လမ်း မှာ ဖယ်ရီပျက်တဲ့ အတွက် နောက်ဖယ်ရီ ကားတစီးနဲ့ Change ရတယ်။ အဲဒီမှာ Driver တယောက်ရယ်၊ ဆရာမ တယောက်ရယ် ထပ် ပါလာတယ်။ စုစုပေါင်း ၁၀ ယောက်။
အဲဒီ ၁၀ ယောက်က အပြင် ကလေးပို လွတ်ထွက်သွားစရာ အကြောင်း မရှိဘူး။ ပူးပေါင်းဆောင်ရွက်မှု ရှိ၊ မရှိကတော့ ကျနော်တို့ မိဘ တွေ အနေနဲ့ ဒီဘက်ခြမ်းမှာဆိုရင် မိခင်နဲ့ ဘွားအေ ပြောပြတာ။ မိခင်နဲ့ ဘွားအေကတော့ ဒီအမှုဖြစ်စဉ်ကို အမှန်တိုင်း ရဲစခန်းမှာ ကျ နော်တို့က ထွက်ဆိုပြီးသွားပြီ။ ကျနော်တို့သည် တရားခံအစစ် မိချင်တာ နံပါတ် ၁ ဖြစ်တဲ့အတွက် လိမ်ညာပြီး ပြောစရာ အကြောင်း တကြောင်းမှ မရှိဘူး။ မြန်မြန်မိလေ ကျနော်ဘဝ ဒီဖြစ်ရပ်ဆိုးက မြန်မြန်လွတ်မြောက်မယ်။ သွယ်ဝိုက်ပြီးတော့ လိမ်ညာပြီးတော့ ထွက်ဆိုခဲ့တာ တကြောင်းမှ မရှိခဲ့ပါဘူး။ ဒါက ကျနော်တို့ဘက်က ပူးပေါင်း ဆောင်ရွက်မှု အပိုင်း။ ကျန်တဲ့သူတွေ ပူးပေါင်း ဆောင်ရွက်တာတော့ သူတို့ဖြေဆိုထားတဲ့ သူတွေ ကိုယ်တိုင်ရဲ့ စစ်ဆေးနေတဲ့ ရဲတွေမှပဲ သေချာ သိပါလိမ့်မယ်။
မေး ။ ။ သူတို့က ဒီလိုမျိုး သံသယ ရှိတဲ့သူကို ဖမ်းထားတယ်လို့လည်း ပြောထားတယ်။ ဖမ်းပြီးတော့ CID ကနေ ရမန်ကြီး ၂ ပါတ်နေပြီးတော့ ဒီဟာ သံသယ ရှိဖွယ် မရှိဘူးဆိုပြီး ပြန်လွှတ်လိုက်တဲ့ အပေါ်မှာရော ဘာပြောစရာရှိပါသလဲ။
ဖြေ ။ ။ ဘာပြောချင်လဲ ဆိုတော့ ကျနော်ကတော့ ဒီသမီးလေး ၊ ကလေးငယ်တွေရဲ့ အဆောင်ကို အမျိုးသား အဝင်/ အထွက် လုံးဝ မရှိပါဘူးလို့ အခိုင်အမာ ပြောတယ်။ ကျနော်ကလည်း ရှိပါတယ်လို့ ပြောတာ မဟုတ်ဘူး။ CCTV ကြည့်တယ်။ ကြည့်လို့ အမျိုးသား တယောက် ဝင်သွားတာ တွေ့တယ်။ အဲဒါကို ရဲစခန်းကို ကျနော် ပြောခဲ့တယ်။ ကျနော် ဝင်သွားတဲ့ သူသည် တရားခံလို့ ပြောတာ မဟုတ်ဘူးလေ။
ထူးခြားမှုကို ပြောပြတာ။ တရားခံ ဟုတ်ခြင်း၊ မဟုတ်ခြင်းက သူတို့ ဆုံးဖြတ်လိမ့်မယ်။ သူတို့ မဟုတ်လို့ လွတ်ပေးတာလည်း ဟုတ်ချင် ဟုတ်မှာပေါ့။ သူတို့ရဲ့ ဆုံးဖြတ်ချက်။ သူတို့ရဲ့ လုပ်ငန်းစဉ်ပေါ့ဗျာ။ ကျနော် မပြောနိုင်ဘူး။ ကျနော် မပြောလိုပါဘူး။ ဒီလူ့ကိုလည်း တရားခံ ဟုတ်ပါသည်လို့ ပြောတာ မဟုတ်ပါဘူး။ အမျိုးသားတယောက် ဝင်သွားတယ်။ ကျနော် ဘယ်သူမှန်းတောင် မသိပါဘူး။ အဲဒါကို ပြောပြ တာပါ။
မေး ။ ။ ဆေးစစ်ချက် ထွက်တယ်။ စစ်ချက် အပေါ်မှာ သုတ်ပိုးတွေ့တယ်လို့လည်း သတင်းတွေ ထွက်နေတယ်။ အဲဒါရော ဟုတ် လား။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာပြောချင်လဲ။
ဖြေ ။ ။ သုတ်ပိုးရှိတယ်၊ မရှိတယ် ဆိုတာထက်ကို ကျနော်တို့က ကျနော်တို့ ဆေးရုံ စသွားတဲ့ ညတည်းက တိတိကျကျသာ မဟုတ် တာလေ။ ဖြစ်ခဲ့တော့ ဖြစ်ခဲ့ပြီ ဆိုတာကို သိခဲ့တယ်။ ဒါပေမယ့် ဆုတောင်းရတာပေါ့ဗျာ။ နောက် ကျနော်တို့ကို အကူအညီပေးနေတဲ့ ဆေးပညာလောကက ဆရာဝန် တယောက်ကလည်း အတည်ပြုပေးပါတယ်။ ရှိခဲ့တယ်ပေါ့။ အတည်ပြုခဲ့ပါတယ်။ အဲတော့ အမှန်တိုင်း ကတော့ဗျာ… ကျနော်တို့က မဖြစ်စေချင်ဘူး။ ဒါပေမယ့်လည်း ဖြစ်ခဲ့ပြီလေ။ ဘာမှ ပြောစရာ မရှိပါဘူး။
မေး ။ ။ အမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး တစုံတယောက်က ဖိအားပေးတာ၊ ခြိမ်းခြောက်တာခံရတာမျိုးတွေရော ရှိလား။ ပြီးတော့ အချိန် တော်တော်ကြာလာတဲ့ အထိအမှုမှန် မပေါ်သေးတာကို ဘာပြောချင်ပါသလဲ။
ဖြေ ။ ။ ခြိမ်းခြောက်တာက တိုက်ရိုက်တော့ မရှိဘူးခင်ဗျ။ ဒါပေမယ့် ကြန့်ကြာနေတယ်။ အဲ့ဒါနဲ့ ဆက်စပ်နေတယ်။ အဲဒီအတွက်ကို လူမှုကွန်ရက်ပေါ်ကနေ ကူညီပေးနေတဲ့… ကျနော်တို့က ရှေ့မထွက်နိုင်ဘူးလေ။ ရှေ့မထွက်နိုင်ဘူး ဆိုတာက သမီးလေး ရှေ့ရေး၊ သမီး လေး အရိပ်အမဲ ကျရောက်မှာ စိုးလို့လည်း မထွက်တော့… ကျနော်တို့ ဖြစ်စဉ် အမှန်ကို ကျနော်တို့ကိုယ်စားရေးပေးနေတဲ့ ဆရာကိုတော့ ဒီအမှုအကြောင်းရေးတာကို ကျောင်းရဲ့ တစုံတရာထိုခိုက်မှု ရှိလာမယ်ဆိုရင် အရေးယူခံရမယ်ဆိုတဲ့ ရှေ့နေ ၊ ရှေ့ရပ်တွေနဲ့ ကြေညာချက် ထုတ်တာတွေ ရှိတယ်။ ဒါကတော့ ခြိမ်းခြောက်မှု ဆိုနိုင်လား ၊ မဆိုနိုင်လား ကျနော်တော့ မပြောတတ်ဘူးလေ။ ကျနော်တို့ ဖြစ်စဉ် အ ပေါ်ကို အမှန်တိုင်းပြောပြနေတဲ့ သူတွေအပေါ်တော့ အဲဒီလို အဟန့်အတားလေးတွေ ရှိနေတာပေါ့။
မေး ။ ။ အခု အမှုဟာ ပြောမယ်ဆိုရင် မပိုးဖြူ အကောင့်ကနေ စလိုက်လို့ အခုလို ကျယ်ကျယ် ပြန့်ပြန့် သိကုန်တာဆိုတော့ အကိုတို့ အနေနဲ့ ဒီဟာကို စသိတဲ့အချိန်မှာ ဘယ်လိုခံစားရပါသလဲ။
ဖြေ ။ ။ ဒီဟာကို စသိသိချင်းကတော့ ကျနော်တို့က အံ့သြသွားတယ်ဗျ။ ကျနော်တို့ အဲ့ဒီအချိန်ထိက ကျနော်တို့ လုပ်နိုင်တဲ့ အတိုင်း တာပေါ့ဗျာ။ ရဲစခန်းသွားတယ်။ အမှုဖွင့်တယ်။ အစိုးရဌာနအဆင့်ဆင့်ဆီ တိုင်စာတွေ ပို့တယ်။ လူမှုကွန်ရက်မှာသာ မရေးတာ။ ဒါက လည်း ရှေ့ထွက်ပြီး ရေးလို့ကောင်းတဲ့ အနေအထား မဟုတ်ဘူးလေ။
အဲဒီအချိန်မှာ မပိုးဖြူ အကောင့်ကနေ ရေးလာတယ်ဗျ။ မပိုးဖြူ အကောင့်နဲ့ ကျနော်တို့နဲ့က သိစရာတော့ မရှိဘူးဗျ။ မသိဘူး။ ရေးလာ တော့ ဘယ်လိုပြောမလဲ အံ့သြသွားတာပေါ့ဗျာ။ ပြီးတော့လည်း စိုးရိမ်သွားတာပေါ့။ ကျနော်တို့ နာမည်များ ပါလာမလား။ သမီးလေး နာ မည်များ ပါလာမလား။ စိုးရိမ်သွားတယ်။ ဖတ်ကြည့်တော့ နာမည်တော့ မပါဘူး။ ဒါပေမယ့် ဖြစ်စဉ်မှာ နည်းနည်းတော့ လွဲမှားမှုတော့ ရှိ တာပေါ့။ ကလေးရဲ့ ပုံကို ပြောတာနဲ့ ပတ်သက်လို့လေ။
မေး ။ ။ အစိုးရဌာနကို တိုင်စာတွေ ပို့တယ်ဆိုတော့ ဘယ်သူတွေဆီ တိုင်စာ ပို့ထားတာလဲ။
ဖြေ ။ ။ တိုင်စာက ရဲချုပ်၊ သမ္မတ၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ လွှတ်တော်ထဲက အမျိုးသမီးနဲ့ကလေး သူငယ်အခွင့်ရေး ဆိုင်ရာကော် မတီ၊ ပညာရေးဌာနတွေဆီကို တိုင်စာ ပို့ထားပါတယ်။ သမ္မတဆီ တိုင်စာက ဒီအမှုကို အမှုမှန်ပေါ်ပေါက်တဲ့အထိ စောင့်ကြည့် ဆောင် ရွက်ပေးမယ်ဆိုတဲ့ အကြောင်း ပြန်ကြားစာ ရောက်လာတာပေါ့။ ၁၅ ရက် ၆ လနေ့မှာ နေပြည်တော်တိုင်း ရဲတပ်ဖွဲ့မှူး ရုံးမှာလည်း လူကြီး မင်းတွေက ကျနော်တို့ကို ခေါ်တွေ့တယ်။ ကျနော်တို့ တိုင်စာအပေါ်မှာ ထွက်ချက်တွေ ယူတယ်။ သူတို့ပြောတာတော့ ဒါသမ္မတဆီ ပြန် တင်ပေးရမယ်လို့ ပြောပါတယ်။ သူတို့တင်တာတော့ သမ္မတဆီ ရောက်၊ မရောက်တော့မသိဘူး။ ကျနော် အဲဒီကာလကို မမှန်းတတ် ဘူး။ ကျနော်ကတော့ သမ္မတဆီကို ပြန်တင်ပေးမယ့် အကြောင်းအရာကိုတော့ ထွက်ဆိုချက် ပေးပြီးသွားပြီ။
မေး ။ ။ လက်ရှိမှာ ကလေးရဲ့ ကျန်းမာရေး အခြေအနေကရော ဘယ်လို ရှိလဲ။ သူ့အမေကရော ဘယ်လို အခြေအနေရှိလဲ။
ဖြေ ။ ။ ကလေးကတော့ စဖြစ်တယ်။ ၁၇ ရက်နေ့မှာ ရှုးပေါက်တယ် နာတယ်။ ငိုတယ်။ အရမ်းကြီးတော့ မငိုဘူး။ သူဆော့တယ်ပေါ့။ ဒါပေမယ့် ဒီဆေးတွေ တိုက်ရတယ်လေ။ HIV ကာကွယ်ဆေး အစောပိုင်းက ကျနော်ပြောတဲ့ဟာ အဲဒီတိုက်ရတဲ့ ဆေးက Side Effect က ပြင်းတယ်။ ကလေးပေါ် အဲဒီ သက်ရောက်မှုတော့ ရှိတယ်။ ၂၈ ရက်ပဲ ဆိုတော့ ၁၃ ရက် ၆ လပိုင်းမှာ ပြီးသွားပြီပေါ။ အခုနောက်ပိုင်း မှာ ကလေးကတော့ ကံကောင်းတယ်ပေါ့။ အရမ်းကြီး ဆိုးဆိုးရွားရွားကြီး မဖြစ်ပါဘူး။
အမေကတော့….. အမေရော အဖေရောပေါ့ဗျာ။ အဲဒါကတော့ မေးစရာတောင် မလိုပါဘူး။ တရားခံ မပေါ်နိုင်မချင်း ကျနော်တို့က ဒီကိစ္စ က နေ့တိုင်း အသစ်ဖြစ်နေတာလေ။ ဒါဖော်နိုင်ပြီဆိုရင်တောင် မေ့ပစ်ဖို့ အချိန်ကာလတခုက အတိုင်းအတာတခုထိ ယူရဦးမယ်။ ဒီမဖော် နိုင်သေးသ၍တော့ နေ့တိုင်း မနက်လင်းတိုင်းက ကျနော်တို့အတွက်က အသစ်တွေချည်းပဲ။ ပြောရရင်တော့ သတ်နေသလိုပါပဲ။
မေး ။ ။ ဒီအမှုနဲ့ ပတ်သက်ပြီးတော့ ကလေးက မိသားစုဝင်တွေကို ဘာပြောပြခဲ့ဖူးလဲ။ အခုနောက်ပိုင်းမှာရော ထပ်ပြီး ပြောပြလာ တာမျိုး ရှိလား။
ဖြေ ။ ။ ကလေးက ဖြစ်ဖြစ်ချင်းမှာ သူ့မေမေက မီးမီး ဒါဘယ်သူလုပ်တာလဲ မေးတော့ ဒါကိုကိုလုပ်တာလို့ ပြောတယ်။ ဘယ်က ကိုကိုလဲဆိုတော့ ကျောင်းက ကိုကိုလို့ ပြောတယ်။ အဲဒါဆို သမီး တခြားဆရာမတွေ မသိဘူးလားဆိုတော့ တီချယ် နှင်းနု သိတယ်။ ကိုကို့ကိုတောင် ဆူလိုက်သေးတယ်တဲ့။ ကျနော့် အမျိုးသမီး ၁၆ ရက်နေ့မှာ မေးတာ တကြိမ်ပေါ့နော်။
၁၇ ရက်နေ့ မနက်မှာ ကျနော်ရောက်လာတယ်။ ရောက်လာတော့ ကျနော်တို့တွေ ရဲစခန်းကို သွားကြတယ်လေ။ သွားပြီးတော့ အမှတ် ၁ မြို့မ ရဲစခန်းမှာ၊ ယာယီ စခန်းမှူးရှေ့ မှာ ကျနော် ထပ်မေးပြတယ်။ ကလေးကလည်း ၁၆ ရက်နေ့မှာ ဖြစ်တယ်။ ၁၇ ရက်နေ့မှာ ကျနော် ရောက်လာတယ်ဆိုတော့ ကျနော့်ကို ချစ်လည်း ချစ်တယ်။ အားလည်း အားကိုးတာလည်း ပါပါတယ်။ ပြောပြတယ်။ မီးမီး ဖင်ဖုကို ဘယ် သူလုပ်တာလဲ ဆိုတော့ ကိုကိုလုပ်တာ။ မီးမီးတို့ ဆရာမတွေက မဆူဘူးလား။ တခြားဘယ်သူမှ မရှိဘူးလားမေးတော့လေ တီချယ် နှင်း နုရှိတယ်။ တီရှယ် နှင်းနှတောင် ကိုကို့ကို ဆူသေးတယ်။ အဲလိုပြောတယ်။
တီချယ် နှင်းနှ သိတယ် ပြောတယ်။ အဲဒီ ၂ ကြိမ် အဲဒီ ကြားကာလမှာ ကျနော်တို့က မမေးဘူး။ မမေးဘူးဆိုတာက ကလေးကိုလေ အဲဒီ ကိစ္စကို ပြန်ပြီးတော့ အစမဖော်ချင်ဘူး။ အစ မဖော်ချင်ဘူး။ ကိုယ်ကိုယ်တိုင်ပဲ ဖြစ်လိုက်ချင်တယ်။ ဇွန်လ ၁၃ ရက်နေ့မှာ CID က ကျ နော်တို့ကို ခေါ်တယ်ဗျ။ သွားတော့ ကလေးပြောတဲ့ တီချယ် နှင်းနှဆိုတာ ရောက်နေတယ်။ CID က ရဲမှူးက ဘာပြောလဲဆိုတော့ က လေး ပြောခဲ့တဲ့ စကားတွေက အိမ်မှာပြောခဲ့တာ။ ဒီအများရှေ့ မှာ CID ရှေ့မှာ ပြောဖို့အတွက်ကို မိဘတွေ ပြောရင် ကျနော်တို့ စကား ဖြစ်မှာဆိုးလို့ တီချယ် နှင်းနှကို ကိုယ်တိုင် မေးခိုင်းပါတယ်ဗျ။
ရဲမှူး အခန်းထဲမှာ ကိုယ်တိုင်မေးပါတယ်။ ကိုယ်တိုင် မေးပါတယ်။ ဒုတိယ ရဲမှူးကြီးနဲ့ ကျနော်တို့ မိဘ ၂ ပါး ရှေ့မှာ ဆရာမ နှင်းနု ရှိမယ်ပေါ့။ ဆရာမ နှင်းနုကို ကိုယ်တိုင် မေးခိုင်းပါတယ်။ မေးခွန်း အသေးစိတ်ကို ကျနော် မပြောပြတော့ဘူး။ သူတို့ ရဲလုပ်ငန်း အနှောင့်အယှက် ဖြစ်မှာစိုးလို့။
ဒါပေမယ့် တီချယ် နှင်းနု သိတယ်ဆိုတာ ကလေးက ထပ်ပြောတယ်။ ထပ်ပြောပါတယ်။ တီချယ် နှင်းနုက မလိမ်ရဘူးလေ ဆိုပြီးတော့ နည်းနည်းလေး ကလေးကို ဟန့်ပါတယ်။ အဲတော့ ကလေးက မျက်နှာလေး ငယ်ပြီးတော့ မီးမီး မလိမ်ပါဘူးတဲ့။ အဲလို ပြောပါတယ်။ မေးခွန်း အသေးစိတ်တော့ ကျနော်မပြောတော့ပါဘူး။ အဲတာတော့ ပြောခဲ့ပါတယ်။
အဲဒါ ၁၃ ရက်နေ့။ ပြီးတော့ ၁၄ ရက်နေ့မှာ တကြိမ်၊ ထပ်ပြီး ခေါ်ပါတယ်။ တီချယ် နှင်းနု မဟုတ်ဘဲနဲ့ တခြား ဆရာမ ၂ ယောက်ကို ခေါ်တယ်။ တခြားဆရာမ ၂ယောက်ကို အဲဒီမေးခွန်းတွေ ထပ်မေးခိုင်းတယ်။ ဖြေပါတယ်။ ကလေးက အဲဒီအတိုင်းပဲ ဖြေပါတယ်။
မေး ။ ။ တီချယ် နှင်းနုဆိုတာက မီးမီးလေးနဲ့ ဘယ်လို ပတ်သက်နေတာလဲ။
ဖြေ ။ ။ သူ(မီးမီး)က တော်တော်ချစ်တာပဲ။ ဒီကိစ္စ မဖြစ်ခင်က ကျောင်းပိတ်ရင်တောင် တီချယ် နှင်းနုနဲ့ တွေ့ချင်တယ်။ တီချယ် နှင်း နုဆီ သွားမယ်။ အဲလိုပြောတယ်။ အဲဒီတော့ ဒီကိစ္စကြီး ဖြစ်တယ်ဗျာ။ မီးမီးက ဆေးတိုက်ရင် ကျနော်တို့ မိဘ ၂ ပါးက ချုပ်ပြီး တိုက်ရ တာကိုး။ ခေါင်းတွေဖိ၊ ခြေထောက် တွေဖိ ချုပ်ပြီး တိုက်ရတာကိုး။ သူ့ကို ဆေးတိုက်ရင် စိတ်ဆိုးတာကိုး။ သမီးက သူ့ကို ဆေးတိုက်လို့ ကျနေ်ာတို့ကို သူ့ကို ဆေးတိုက်လို့ တီချယ်နှင်းနုကို တိုင်ပြောမယ်လို့တောင် ပြောတယ်။ သံယောဇဉ် ကြီးကြီး မားမား ရှိတယ်ဗျာ။ ပြောရရင်တော့ အဲလိုရှိတယ်။
မေး ။ ။ အမှုမှာ တရားခံပေါ်လာအောင် ရဲတပ်ဖွဲ့က ကြိုးစားနေတယ် နေတယ်လို့လည်း ပြောပါတယ်။ အခုချိန်ထိလည်း မပေါ် သေးဘူး ဆိုတော့ ရှေ့ဆက်ပြီး ဘာတွေဆက်လုပ်မယ်ဆိုပြီး စဉ်းစားထားတာမျိုးရှိလား။
ဖြေ ။ ။ ကျနော်တို့ အနေနဲ့က ဥပဒေဘောင်အတွင်းက လုပ်လို့ရတာ အကုန်လုပ်မယ်။ ဒီအမှုကိုလည်း ဘယ်တော့မှ နောက် ဆုတ်သွားမှာ မဟုတ်ဘူး။ တရားခံ မပေါ်မချင်းပေါ့ဗျာ။ ဘောင်အတွင်းကနေ လုပ်လို့ရတာ အကုန်လုပ်မယ်။ သမီးလေး ဒီလို ဒီလို ဖြစ်တာ အမှန်တရား။ ဒီနယ်မြေ ကျဉ်းကျဉ်းလေး လူဦးရေလေး နည်းနည်းလေးမှာမှ ဒီတရားခံကိုဖော်လို့ မရသေးတာတော့ အဓိပ္ပာယ် မရှိဘူးလို့ မြင်တယ်။ အဲဒီအတွက်ကို ကျနော်လုပ်နိုင်သမျှ အစွမ်းကုန် လုပ်ပါ့မယ်။
ပူးပေါင်း ဆောင်ရွက်မှုမှာ ကျနော်ပြောချင်တာက ကိုယ်ကိုယ်တိုင် ကလေးအတွက် အမှန်တရားတွေ ပြောပေးနေတယ်ဆိုရင် ဆိုလိုတာ က ခုနက ပြောတဲ့ လူ ၁၀ ယောက်ဗျာ။ အဲထဲကနေ တရားခံသိတဲ့လူက ပြေးမလွတ်ဘူး။ အဲ ၁၀ ယောက်ကနေ ကလေးက လွတ်ပြီး ထွက်သွား စရာ အကြောင်း မရှိဘူး။ ဒီကလေးဟာ သူ့ဟာသူထွက်ပြီး လ္ဘက်ရည်ဆိုင် ထိုင်တတ်တဲ့ အရွယ်မဟုတ်ဘူး။ လူမမယ် ကလေးလေ။ ၂ နှစ်နဲ့ ၁၁ လ ကလေး။ အဲဒီတော့ ပူးပေါင်းဆောင်ရွက်မှုဆိုတာက အမှန်တရား ပြောခြင်း မပြောခြင်းနဲ့ ဆိုင်တယ်ဗျ။
မေး ။ ။ ကလေးကို ဒီကျောင်းမှာထားတာ အချိန်ဘယ်လောက်ကြပြီလဲ။ ဘယ်လို ထားဖြစ်သွားတာလဲ။
ဖြေ ။ ။ ကျနော်တို့က ဒီကို ၁၁ လပိုင်း ၉ ရက်နေ့က ပြောင်းလာတယ်။ ၂၀၁၈ ၁၂ လပိုင်း၊ ဒီဇင်ဘာမှာ စထားတယ်။ ၄ လပိုင်းမှာ ၁ လ နားပါတယ်။ သြင်္ကန်ပိတ်ရက်တွေ ပြန်တော့လေ။ အခင်းဖြစ်တဲ့ ၅ လပိုင်းမှ ပြန်ထားတာ။ ရန်ကုန်က ပြောင်းလာတာ။ ရန်ကုန်မှာ ဒီ လို မထားဖူးဘူး။ ပြောရရင်တော့ ရန်ကုန်ရုံးကျတော့ ကလေးကို မွေးကတည်းက မီးဖွားခွင့်ပြီးတည်းက ကျနော်တို့က ရုံးခေါ်သွားတာ။ ခေါ်သွားပြီးတော့ ကျနော်တို့ ၂ ယောက် တယောက်တလှည့် ထိန်းကျတယ်။ အပြင်မှာထားခဲ့ရင် စိတ်မချလို့ ခေါ်သွားတာပေါ့ဗျာ။ အိမ် ဖော်နဲ့ထားရင်လည်း စိတ်မချလို့ ရုံးကို ခေါ်သွားတာ။
နေပြည်တော်ရောက်မှ ပထမဆုံးကျောင်းပို့တာပါ။ နေပြည်တော်ရောက်တော့ ရုံးချုပ်ကိုဗျ။ ကလေးကိုခေါ်သွားလို့ မဖြစ်တော့ဘူး။ မဖြစ် တော့ ကျနော်တို့က မူကြိုတွေ စုံစမ်းရတာပေါ့။ တိုက်မူကြိုတွေ ရှိတယ်။ တနိုင်တပိုင် သေးသေးလေးတွေ ရှိတယ်။ ထားလိုက်ရင် က လေးက ၃ နှစ်တောင် မပြည်သေးတဲ့ ကလေးဆိုတော့ အဲတုန်းကဆိုရင် ကလေးက ၂ နှစ်ခွဲပဲရှိသေးတာလေ။
တခြား ကလေး အကြီးတွေ ခဲတံနဲ့ထိုးတာတို့ ဖြစ်တတ်တယ်လေ။ စိုးရိမ်လို့ ကျနော်တို့က ဒီနေပြည်တော်မှာ ရှိတဲ့ မူကြိုတွေကို Face book ကနေ ရှာကြည့်တယ်။ ရှာကြည့်တော့ ဒီ Wisidom Hill တွေ့တာပေါ့နော်။ တင်ထားတာက တကယ့် Internation ပုံစံကိုး။ သွားစုံစမ်းတော့ ကလေး ၆ ဦးကို ဆရာမ ၁ ဦး စောင့်ရှောက်တယ်တဲ့။ ပြီးတော့ အခန်းထဲမှာလည်း CCTV မှတ်တမ်းတွေလည်း အကုန် တပ်ထားတယ်။ ကြိုက်တဲ့ အချိန် အကုန်ပြန်ကြည့်လို့ ရတယ်ဆိုတော့ ကျနော်တို့လည်း ထားဖြစ်တယ်။ မူကြိုထားတဲ့ ကျောင်းပေါ့ဗျာ။ ဒါသမီးအတွက် ပထမဦးဆုံး ထားတဲ့ မူကြိုကျောင်းပေါ့ဗျာ။
မေး ။ ။ မီးမီးလေး အခုရက်ပိုင်းပဲ ၃ နှစ်ပြည့်သွားပြီဆိုတော့ မွေးနေ့ကိုရော ဘယ်လို ဖြတ်သန်းခဲ့ပါသလဲ။
ဖြေ ။ ။ ပထမ ဒီကိစ္စ မဖြစ်ခင်က ၃ နှစ်ပြည်မွေးနေ့မှာ ဘုန်းကြီးကျောင်းမှာ မွေးနေ့ပွဲလုပ်ဖို့ အစီအစဉ်ရှိပါတယ်။ သူငယ်ချင်းတွေ လည်း ဖိတ်မယ်နော်။ ဒီကိစ္စဖြစ်သွားတော့ မလုပ်ဖြစ်ခဲ့ပါဘူး။ သူပျော်အောင်လို့တော့ . . . (ငိုပြီး စကား ဆက်မပြောနိုင်တော့ပါ)
မေး ။ ။ မြန်မာနိုင်ငံမှာ သက်ငယ်မုဒိမ်း ဖြစ်ပွားမှုတွေ အရမ်းကို များနေတယ်။ ဒီမှုခင်းတွေကို လျော့နည်းလာအောင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး တာဝန်ရှိသူတွေနဲ့ လူမှုပတ်ဝန်းကျင်က လူတွေကို ဘယ်လို သတင်းစကားပါးချင်လဲ။
ဖြေ ။ ။ တော်တော်များ ကျနော်တို့ အပါအဝင်ပေါ့။ ကျနော်တိ့ုက ဖြစ်ပြီးဆိုတော့ ထားပါတော့။ နှစ်ယောက်စလုံးထွက် အလုပ် လုပ်တဲ့ မိဘတွေပေါ့။ ဘယ်နေရာကြီး ဖြစ်ဖြစ်၊ ဘာကြီးဖြစ်ဖြစ်ပေါ့။ ကိုယ့်ကလေးကို သိပ်မယုံကြပါနဲ့လို့။ တကယ့်ကို တာဝန်ယူမှု၊ တာ ဝန်ခံမှု ရှိတဲ့ နေရာ စုံစမ်းရုံတင်မကဘူး။ ကိုယ်ကိုယ်တိုင်လေ့လာပြီးမှ ထားပါလို့ ပြောချင်ပါတယ်။
ကိုယ်တွေက အဖေရော၊ အမေရော စားဝတ်နေရေးအတွက် ရုန်းကန်နေတဲ့ အချိန်မှာ ကလေးကို လုံးဝ ပုံအပ်ခဲ့ရတာလေ။ ဒီလို ကလေး သူငယ်တွေ ဖြစ်တဲ့ ဖြစ်စဉ်မျိုးတွေ ထပ်ပြီးတော့ မဖြစ်စေချင်တော့ဘူးဗျာ။ တနိုင်ငံလုံးမှာ၊ တကမ္ဘာလုံးမှာပေါ့။ ခုနက ပြောသလိုပေါ့။ အုပ်ချုပ်ရေးပိုင်းကြတော့ ဖြစ်သွားခဲ့ပြီ ဆိုရင်လည်း ဒီကိစ္စတွေက သာမန် ရပ်ကွက်ထဲမှာ ထိပ်ပေါက်၊ ခေါင်းကွဲ ရန်ဖြစ်ခဲ့တာ မဟုတ် ဘူးဗျ။ သူတို့အနေနဲ့ အချိန်နဲ့ တပြေးညီ အရေးယူဆောင်ရွက်မှုတွေ လုပ်သင့်တယ်လို့ မြင်တယ်။
ချက်ချင်းအရေးယူဆောင်ရွက်မှုတွေ ဖြစ်စေချင်တယ်။ ဘာလို့လဲဆိုတော့ မိဘတော်တော်များများက ရဲစခန်းကိုလာတိုင်ပြီဆိုရင် တခြား အကြောင်းအရာတော့ လိမ်တိုင်ရင် တိုင်မယ်။ ကိုယ့်သမီး ဒီကိစ္စကြီးနဲ့တော့ ဘယ်သူမှ လာတိုင်ဖို့ဆိုတာ အင်မတန် ခဲယဉ်းပါတယ်။ မ ဖြစ်နိုင်ပါဘူး။ သားသမီးရှိရင် ကိုယ်ချင်းစာတတ်ရင် သိပါတယ်။ အဲဒီအတွက်ကိုတော့ အရေးယူဆောင်ရွက်မှုကို ချက်ချင်း ဆောင် ရွက်စေချင်ပါတယ်။ ချက်ချင်း ဆောင်ရွက်မှု အားနည်းသွားရင် ကွင်းဆက် ကွာဟမှုတွေဖြစ်လာရင် ကြန့်ကြာမှုတွေ ဖြစ်လာလို့ပါ။
ဥပဒေပြုတာတော့ ကျနော်တို့ ဉာဏ်မမီပါဘူး။ ဒါပေမယ့် အမြင့်ဆုံး ပြစ်ဒဏ်တော့ ပေးစေချင်ပါတယ်။ ဒါမှ နောင်ထပ်မဖြစ်ရဲအောင်လို့ ပါ။ အခု ကျနော်ရော၊ ကျနော်အမျိုးသမီးရော လစာမဲ့ ခွင့်တင်ထားတယ်။ ဖြစ်ပြီးတည်းက အလုပ်ကို မဆင်းနိုင်သေးတာ။ တရားခံ မမိ မချင်း ကျနော်တို့က စိတ်က အလုပ်ထဲမှာ နစ်လို့လည်းရမှာ မဟုတ်ဘူး။ ပြန်လည်ပတ်လို့လည်း ရမှာမဟုတ်ဘူးလေ။ တရားခံ မိပြီ ဆို ရင်တောင် ကိုယ့်စိတ်ကိုယ် ပြန်ပြင်ဦးရဦးမယ်။
အလုပ်ကရော၊ အရင်မိတ်ဟောင်း ဆွေဟောင်းတွေပဲ ဖြစ်ဖြစ် ဖုန်းတွေလာရင်လည်း ကျနော် မကိုင်တော့ဘူး။ ဘယ်သူ့မှလည်း စကား မပြောတော့ဘူး။ ဆိုလိုတာက ဒီကိစ္စကို ကျနော်မပြောချင်သေးဘူးလေ။
မေး ။ ။ အကို့အနေနဲ့ ဘာတွေများ ထပ်ပြီး ပြောချင်တာ ရှိသေးလဲ။
ဖြေ ။ ။ ၁၆ ရက်နေ့ကစပြီး ဖြစ်သွားပြီးတည်းက ကျနော်တို့ရဲ့ တခုတည်းသော ရည်မှန်းချက်က ကျနော့် သမီးလေးအတွက် အမှန် တရား ရှာပေးတာ။ ဒါပဲ ကျန်တာ ဘာမှ ခေါင်းထဲမရှိပါဘူး။ တရားခံ အစစ်ရှာလို့ ရရင် ကျေနပ်ပြီ။ ရှာလို့ တွေ့မယ်လို့လည်း ယုံကြည် ပါတယ်။ ဘာလို့လဲဆိုတော့ နောက်ဆုံး အခင်းမဖြစ်မီသည်အထိ သမီးလေးနဲ့ ထိတွေ့သွားတဲ့ သူက ၁၀ ယောက်ပဲ ရှိပါတယ်။ နေရာ အားဖြင့် ၃ နေရာပဲ ရှိပါတယ်။ အဲဒီလောက်ပဲ ပြောချင်ပါတယ်။
ဆက်စပ်ဖတ်ရှုရန်
လိင်အကြမ်းဖက်ခံရသူ ကလေးငယ်အမှု နိုင်ငံ့အကြီးအကဲများ စောင့်ကြည့်နေ
လိင်အကြမ်းဖက်ခံရသည့် ကလေးအမှု သံသယတရားခံကို ပြန်လွှတ်သည့်အပေါ် ရဲတပ်ဖွဲ့ရှင်း
ပုဂ္ဂလိက ကျောင်း၌ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ခံရသည့် ကလေးအမှု CID စစ်နေ