ရှမ်းအရှေ့၊ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA) အဖွဲ့၏ နှစ်သုံးဆယ်မြောက် အခမ်းအနားကို မြို့တော် မိုင်းလားတွင် ဇွန် ၃၀ ရက်နေ့မနက်ပိုင်းက စစ်သည်နှင့် အရပ်ဘက် အင်အား တသောင်းဝန်းကျင်ဖြင့် ကျင်းပခဲ့သည်။
ထိုပွဲကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကလည်း သဝဏ်လွှာပေးပို့၍ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ရေးထိုးရန် တိုက်တွန်းသွားခဲ့သည်။ NDAA ခေါင်းဆောင် ဦးစိုင်းလင်းကလည်း ထာဝရ ငြိမ်းချမ်းရေးကို သွားမည်ဟု ကတိပြု ပြောဆိုသွားသည်။
ဦးစိုင်းလင်းနှင့် ဇနီးဖြစ်သူ ဒေါ်နန်းရင် တို့သည် နိုင်ငံတော်အတိုင်ပင်ခံနှင့် နေပြည်တော်တွင် တခေါက် ဆုံခဲ့ဖူးသည်။ ထိုသို့တွေ့ဆုံခဲ့သည့် မှတ်တမ်းဓာတ်ပုံများကိုလည်း မိုင်းလားမြို့ပေါ်က နေရာတချို့တွင် တွေ့မြင်ရသည်။
ယခုပြုလုပ်ခဲ့သော မိုင်းလား အဖွဲ့၏ ငြိမ်းချမ်းရေး နှစ် ၃၀ ပွဲနေ့တွင် ဒေါ်နန်းရင် က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ ပုံတူ ပန်းချီကား တခုလက်ဆောင်ပေးရန် ပြင်ဆင်နေသည်ကိုတွေ့ရသည်။
ထို့ကြောင့် သူမ၏ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်အပေါ် မြင်သည့် အမြင်နှင့် သဘောထား၊ ငြိမ်းချမ်းရေး အပေါ် အမျိုးသမီး တယောက်၏ သဘောထားတို့ကို မိုင်းလားမြို့ပေါ်ရောက်ရှိနေသည့် သတင်းမီဒီယာများက မေးမြန်းချက်များကို စုစည်းဖော်ပြလိုက်သည်။
မေး ။ ။ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုမြင်လဲ။
ဖြေ ။ ။ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားပါတယ်။ အမျိုးသမီး တယောက်အနေနဲ့ သူ့စိတ်ဓာတ်က အ ရမ်းကို ခိုင်မာတယ်။
အမျိုးသမီး တယောက်က ဘာပဲလုပ်လုပ် အမျိုးသားတွေထက် ပိုခက်ခဲတယ်။ ဘာဖြစ်လို့ဆို အိမ်မှုကိစ္စတွေပဲ ဖြစ်ဖြစ်၊ သားသမီးကိစ္စတွေပဲ ဖြစ်ဖြစ်၊ အမျိုးသားတွေကို ပြုစုတာပဲ ဖြစ်ဖြစ် အမျိုးသမီးတွေက ပိုပြီးတော့မှ လုပ်ရတာပေါ့နော်။ ဒါကြောင့်မို့ အလုပ်လုပ်တဲ့ နေရာမှာဖြစ်ဖြစ်၊ ဘယ်ကဏ္ဍမှာ ဖြစ်ဖြစ် အမျိုးသားတွေထက် အခက်အခဲ ပိုရှိတာပေါ့။
မေး ။ ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ညစာစားခွင့်၊ အနီးကပ် လေ့လာခွင့် ရခဲ့တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထူးခြားချက်၊ လေးစားစရာ အချက်တွေ တွေ့ခဲ့ရတာများရှိလား။
ဖြေ ။ ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ မတွေ့ခင်မှာ ဒေါ်စုရဲ့ အကြောင်းတွေကို တရုတ်စာပေတွေနဲ့လည်း ထုတ် ထားတာတွေရှိတော့ စာအုပ်တွေကနေ အများကြီး လေ့လာခဲ့တယ်။ ဒါကြောင့်မို့ စိတ်ထဲကနေ အရမ်းကို လေး စားမိပါတယ်။ အဲ့ဒါတွေကို လေ့လာမိတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ကောင်းတဦး ဖြစ်တယ်။ အဲ့ဒါကို ကြည့်ပြီးတော့မှ အရမ်းကို လေးစားတယ်။ တရက်ရက်ကျရင် ဒေါ်အောင် ဆန်းစုကြည်နဲ့ တွေ့ရမလားပေါ့ အဲ့လို စိတ်ကူးရှိခဲ့တယ်။ ဒါကြောင့်မို့ ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသ မီးတယောက် အနေနဲ့ အရမ်းကို မလွယ်လှပါဘူး။
မေး ။ ။ အမျိုးသမီးတွေအတွက် ငြိမ်းချမ်းရေးက ဘယ်လောက် အရေးကြီးလဲ။
ဖြေ ။ ။ အမျိုးသမီး တယောက်အနေနဲ့ ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးပါတယ်။ တနိုင်ငံလုံးမှာလဲ ငြိမ်းချမ်းရေး ရစေချင်တယ်။ တိုင်းရင်းသား ဒေသတွေမှာတိုက်ပွဲတွေ မရှိစေချင်ဘူး။ အဲ့ဒါမှ အမျိုးသမီး တယောက် အနေနဲ့လည်း စိတ်ချရမှာပေါ့။ ကိုယ့်ရဲ့အမျိုးသား၊ ကိုယ့်ရဲ့သားသမီးတွေ စစ်ဘေးကြောင့် သေဆုံးရ မှာတို့ကို စိတ်မပူရတော့ဘူးပေါ့။
မေး ။ ။ ဆရာမဆိုရင် တဖွဲ့တည်းနဲ့ ပတ်သတ်တာ မဟုတ်ဘူး။ နှစ်ဖွဲ့လုံးနဲ့ ပတ်သတ်တာပေါ့နော်။ NDAA ကတော့ လက်မှတ်ထိုးထားနိုင်တယ်။ တဘက်မှာ ဖခင်ရဲ့ အဖွဲ့အစည်းဖြစ်တဲ့ ကိုးကန့်ကတော့ မထိုးနိုင်သေးဘူး။ အဲ့ဒီအပေါ်မှာရော ဘယ်လိုခံ စားရလဲ။
ဖြေ ။ ။ (ဦးဖုန်ကြားရှင်၏ သမီး) သမီးအနေနဲ့ ပြောရရင်တော့ ကိုးကန့်ပေါ့နော်။ ဒါပေမယ့် အိမ်ထောင်ပြုပြီးနောက်ဆိုရင်တော့ ဒီအထူးဒေသ(၄) က ကျမအိမ်ပါ။ နောက်ပြီးတော့ ဒီတိုက်ပွဲရယ်၊ ငြိမ်းချမ်းရေးနဲ့ ဒီအခြေအနေ နှစ်ခုကြားမှာ ဖြတ်သန်းလာရတော့ အခုဆို အထူးဒေသ(၄) က ငြိမ်းချမ်းရေးရဲ့ အသီးအပွင့်တွေကို ခံစားနေရတာပေါ့။ အဲ့ဒါ ကြောင့်မို့ ပိုပြီးတော့ ငြိမ်းချမ်းစေချင်တယ်။ ဆန္ဒကတော့ တနိုင်ငံလုံးကို ငြိမ်းချမ်းစေချင်တယ်။ တိုင်းရင်းသား တွေကို စည်းစည်းလုံးလုံး ရှိစေချင်တယ်။
မေး ။ ။ အထူးဒေသ (၄) နှစ် ၃၀ ပြည့် ပွဲအတွက် အန်တီကိုယ်တိုင် ဦးဆောင်ပြီး ချက်ပြုတ်တယ်လို့ သိရ တယ်။ ဘယ်လို စီမံခန့်ခွဲလဲ။
ဖြေ ။ ။ ကိုယ်တိုင် ချက်ပြုတ်စီမံခန့်ခွဲခွင့်ရတော့ အရမ်းကို ဝမ်းသာပီတိ ဖြစ်မိပါတယ်။ ဘာဖြစ်လို့လဲဆို နိုင်ငံ တော်က ခေါင်းဆောင်တွေလည်း လာတယ်။ အစိုးရ ကိုယ်စာလှယ်တွေလည်း လာတယ်။ နောက် တရုတ်နိုင်ငံ က ကိုယ်စာလှယ်တွေလည်း လာတယ်။ သတင်းထောက်တွေလည်း အားလုံးလာတယ်ဆိုတော့ အရမ်းကို ပျော် မိတာပေါ့။ ပင်ပန်းခဲ့ရကျိုးလည်း နပ်ပါတယ်။ အဲ့တော့ ဒီမိုင်လားကို ရောက်လာတဲ့ အချိန်မှာပေါ့နော် မိတ်ဆွေ တွေအားလုံးကို ကောင်းကောင်းမွန်မွန်နဲ့ နေနိုင်ပြီး စားနိုင်စေချင်တယ်။