ဒေသခံတွေ ပါဝင်ခွင့်ရှိတဲ့ ကျန်းမာရေးစနစ် တည်ဆောက်ချင်သူ

ငြိမ်းငြိမ်း
ဆေးခန်းထဲက ဒေါက်တာစင်သီယာမောင် / အောင်ကျော်ထက်
Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံနယ်စပ်အနီး ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် တည်ထောင် ဖွင့်လှစ်ထားသည့် မယ်တော်ဆေးခန်း (ခေါ်) ကျောင်းသား ဆေးခန်းက မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ၏ ကျန်းမာရေး စောင့်ရှောက်မှု ရရှိရာ၊ မြန်မာပြည်မှ စစ်ဘေးရှောင် ပြည်သူများ၏ ကျန်းမာရေး အကူအညီရရှိရာ နေရာတခု ဖြစ်ပြီး ထိုလူနာအသီးသီး၏ အခြေခံကျန်းမာရေး လိုအပ်ချက်ကို ဆယ်စုနှစ် သုံးခုကြာ ဖြည့်ဆည်းပေးနေသည့် ဌာနတခု ဖြစ်သည်။

၂၀၁၂ ခုနှစ်တွင် မြန်မာအစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ နှစ်ဖက် ပဏာမ အပစ်ခတ်ရပ်စဲပြီးနောက်ပိုင်း မြန်မာပြည်၏ နိုင်ငံရေး အပြောင်းအလဲများကြောင့် နိုင်ငံတကာ အစိုးရများ အနေဖြင့် ဆေးခန်းသို့ ကူညီထောက်ပံ့မှုများ လျှော့ချ ဖြတ်တောက်ခဲ့ကာ ဆေးခန်း၏ ဝန်ဆောင်မှုတချို့ကိုလည်း လျှော့ချခဲ့ရသည်။

သို့သော် ကရင်ပြည်နယ် နယ်စပ်နှင့် မြန်မာပြည်အရပ်ရပ်မှ အခြေခံကျန်းမာရေး စောင့်ရှောက်မှု လာရောက် ရယူသူ အရေအတွက်သည် လျော့နည်းသွားခြင်း မရှိဟု မယ်တော်ဆေးခန်းမှ သိရသည်။

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်အတွင်း မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ အထွေထွေ ကျန်းမာရေး ဝန်ဆောင်မှု၊ မြန်မာရွှေ့ပြောင်းအမျိုးသမီး ကိုယ်ဝန်ဆောင် စောင့်ရှောက်ခြင်း၊ မိခင်နှင့် ကလေး ကျန်းမာရေးစောင့်ရှောက်ခြင်းနှင့် ရွှေ့ပြောင်း အလုပ်သမား မိဘများမှ မွေးဖွားလာသော ကလေးငယ် များ၏ မွေးဖွားကြောင်း သက်သေခံ လက်မှတ်ထုတ်ပေးခြင်း၊ ပညာရေးနှင့် ကျန်းမာရေး စသည့် လူမှုရေးဝန်ဆောင်မှုများကို ဆောင်ရွက်ရာတွင် အခက်အခဲ စိန်ခေါ်မှုများ ရှိနေဆဲ ဖြစ်သည်။

မြန်မာပြည်၏ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင်လည်း တိုင်းရင်းသားဒေသရှိ ကျန်းမာရေးကဏ္ဍ တိုးတက်ရေး အတွက် ဒေသခံ ကျန်းမာရေးလုပ်သားများ၏ အမြင်များ၊ အတွေ့အကြုံများကို ထည့်သွင်းစဉ်းစားရန် အရေးကြီးကြောင်း ဆေးခန်းတည်ထောင်သူ ဒေါက်တာ စင်သီယာမောင်က တိုက်တွန်းသည်။

မယ်တော်ဆေးခန်း တည်ထောင်သည့် နှစ် ၃၀ ပြည့်ကာလတွင် ဆေးခန်း၏ ဝန်ဆောင်မှုများ အကြောင်း ဒေါက်တာ စင်သီယာမောင်နှင့် ဧရာဝတီသတင်းဌာန၏ တွဲဖက် အယ်ဒီတာ ငြိမ်းငြိမ်းတို့ တွေ့ဆုံ မေးမြန်းထားသည်များကို ကောက်နုတ် ဖော်ပြလိုက်ပါသည်။

မေး။ ။ မယ်တော်ဆေးခန်းမှာ ကျန်းမာရေးစောင့်ရှောက်မှု လာခံယူသူ အတော်များများက ထိုင်း-မြန်မာ နယ်စပ် တလျှောက်ကလူတွေ၊ ပဋိပက္ခဒေသက လူတွေဖြစ်တော့ အပစ်အခတ် ရပ်စဲရေး နောက်ပိုင်းမှာရော ဘယ်လိုလူတွေကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေပါသလဲ။

ဖြေ။ ။ အပစ်အခတ် ရပ်စဲထားပေမယ့် အားလုံး လက်လှမ်းမီတဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ဖို့ဆိုတာ ကျန်းမာရေး ဝန်ဆောင်မှုတိုက်ရိုက်ပေးတာ တခုတည်းနဲ့ မလုံလောက်ဘဲနဲ့ သူ့ဒေသမှာရှိတဲ့ ဝင်ငွေ၊ အလုပ်အကိုင်နဲ့ လူဦးရေ တည်ငြိမ်မှုကလည်း အများကြီး လိုအပ်တယ်။

သူတို့ဝင်ငွေ၊ အလုပ်အကိုင်နဲ့ တည်ငြိမ်မှုမရှိခဲ့ရင်လည်း သူတို့က IDP (ပြည်တွင်းနေရပ် စွန့်ခွာရသူတွေ) ဖြစ်ပေမယ့်လို့ Migrant workers (ရွှေ့ပြောင်းအလုပ်သမားတွေ) ဖြစ်သွားနိုင် သေးတယ်။ နောက်၊ ကျမတို့ ဒီ Migrant workers ဆိုတာကလည်း တနေရာတည်းက၊ ဒီ ကရင်ပြည်နယ် နယ်စပ်ကချည်းပဲ လာတာ မဟုတ်ဘဲနဲ့ နှစ်စဉ်နှစ်တိုင်း ပြည်တွင်းက ဒေသ အသီးသီးပေါ့၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းတို့က အမြဲလာကြတဲ့အခါကျတော့ လူက အသစ်တွေ အမြဲဖြစ်တယ်။ ရွှေ့ပြောင်းလူတွေ လျော့သွားတာမျိုးတော့ မရှိဘူး။ ပိုပီးတော့ များလာတယ် လို့တောင် ယူဆရတယ်။

အထူးသဖြင့် ဒီဘက်မှာ တချို့ မွေးလာတဲ့ ကလေးတွေလည်း အများကြီး ရှိတဲ့အခါကျတော့ သူတို့က ဒီမှာ အလုပ်အကိုင်က ပြန်နိုင်ဖို့ အခြေအနေ မရှိသေးဘူး။ အဲဒါကြောင့် ကလေးတွေ ကိုလည်း ဆက်ပြီးတော့ ကျောင်းထားကြတာတွေ ရှိတဲ့အတွက်ကြောင့် ဒီကလေး အခွင့်အရေးနဲ့ ကလေး ပညာရေးဆိုင်ရာ ကိစ္စတွေပါ ဆက်စပ်ပြီး ပါလာတယ်။

ဒီဝန်ဆောင်မှုက ပြည်တွင်းမှာ ရရှိနိုင်မှုအခြေအနေကတော့ အခြေခံစောင့်ရှောက်မှု လုပ်ငန်းတွေကို တိုင်းရင်းသား ကျန်းမာရေးအဖွဲ့အစည်းတွေက သူ့ဒေသအလိုက် ဆောင်ရွက်တဲ့ အတွက်ကြောင့် ကျမတို့ ဒီအခြေခံစောင့်ရှောက်မှုတွေကို သူ့ဒေသအလိုက် လက်လှမ်း မီသလောက်တော့ ကျမတို့ ဝန်ထမ်းတွေ မွေးထုတ်ပေးတာတို့၊ လိုအပ်တဲ့ နည်းပညာ အထောက်အကူပြုတာတွေ ဆက်လုပ်တယ်။

မယ်တော်ဆေးခန်းကို ဒေါက်တာစင်သီယာ ဦးစီးလုပ်ကိုင်ခဲ့သည်မှာ နှစ် ၃၀ တိုင်ပြီ/ အောင်ကျော်ထက်

အခုတော့လည်း ပြန်ပြီးတော့ တဆင့် လွှဲပြောင်းရမယ့် အခြေအနေမှာကျတော့ အစိုးရဆေးရုံ၊ ဒီ ထိုင်းနိုင်ငံ ဘက်ကို သူတို့လာမယ်။ အခုနောက်ပိုင်းမှာတော့ အစိုးရဆေးရုံဘက်ကို သူတို့ လွှဲပြောင်းနိုင်တဲ့ အစီအစဉ်တွေကို ကျမတို့ပိုပြီး အားပေးပြီး ဆောင်ရွက်တဲ့ အတွက်ကြောင့် တချို့သော လူနာတွေသည် ပြည်တွင်းမှာရှိတဲ့ ဆေးရုံတွေဆီ သွားနိုင်ဖို့၊ အထူးသဖြင့် မိခင်၊ ကလေး စောင့်ရှောက်မှု လုပ်ငန်းမှာ ပူးပေါင်းဆောင်ရွက်မှု ပိုများတယ်။ နောက် ထိခိုက် ဒဏ်ရာရမှုတွေ၊ နာတာရှည် ရောဂါတွေကတော့ ထိုင်းဘက်ကိုပဲ လာကြတာ ရှိသေးတယ်။

ဆိုလိုတာကတော့ အပစ်ခတ်ရပ်စဲထားပေမယ့်လို့ အားလုံး လက်လှမ်းမီတဲ့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ဖို့ဆိုတာ ဦးစားပေးဆောင်ရွက်ရမှာ၊ ဒီ မိခင်၊ ကလေး စောင့်ရှောက်ရေးလို့ ပြောတဲ့အခါ ကာကွယ်ဆေးထိုးလုပ်ငန်းတွေ၊ မိသားစု စီမံကိန်းတို့၊ ကိုယ်ဝန်ဆောင်တွေကို ဦးစားပေးတယ်။

သို့သော်လည်း ကာကွယ်ဆေးထိုး လုပ်ငန်းဆိုတာ လက်ရှိမှာကတော့ ဒီလို လက်လှမ်းမီဖို့က ပထဝီဒေသ အခြေအနေအရ ဖြစ်စေ၊ ဝန်ထမ်းတွေ လုံလုံလောက်လောက် မွေးထုတ်နိုင်ခြင်းမှာ ဖြစ်စေ အဲဒီမှာရှိတော့ တချိုု့လည်း ထိုင်းနိုင်ငံကိုပဲ ဆက်လာပြီးတော့ ကာကွယ်ဆေးထိုးတာတွေ၊ ကိုယ်ဝန်ဆောင် စောင့်ရှောက်မှုတွေ ဆက်ရှိနေတယ်။ လိုအပ်တဲ့ ဝန်ဆောင်မှု အမျိုးအစားနဲ့ ဝန်ဆောင်မှုရဲ့ အဆင့်အပေါ် မူတည်ပြီး ရွေးချယ်မှုနဲ့ဆက်ပြီး ဒီ ဆေးကုသမှုတွေ ခံယူကြတယ်။

မြန်မာပြည်ထဲက ကျတော့ ငွေကြေးတတ်နိုင်တဲ့၊ တစုံတရာ ရှိတဲ့လူကျတော့ ထိုင်းပုဂ္ဂလိက ဆေးခန်းတွေ မဲဆောက်ဆေးရုံတွေကို တချို့ရောက်ကြတယ်။ ကျမတို့ဆီမှာချည်းပဲ မဟုတ်ပါဘူး။ ထိုင်းနိုင်ငံ နယ်စပ်မှာရှိတဲ့ ဆေးရုံတွေအားလုံး၊ မြို့နယ် ဆေးရုံတွေအားလုံးမှာလည်း ၃၀ ရာနှုန်းက မြန်မာတွေပဲ ဖြစ်နေသေးတယ်။

မေး။ ။ နေရပ်ပြန်သူတွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှုအတွက် ဆေးခန်းအနေနဲ့ရော ဘယ်လို အခန်းကဏ္ဍကနေ ကူညီပေးနေလဲ။

ဖြေ။ ။ နေရပ်ပြန်ဆိုတာက နှစ်ပိုင်းပေါ့။ တပိုင်းက ဒုက္ခသည် စခန်းထဲမှာ တရားဝင် နေထိုင်နေပြီးတော့ ပြန်တာရှိမယ်။ ဒုက္ခသည်စခန်းထဲမှာ တရားဝင်နေထိုင်တာ မဟုတ်ဘဲနဲ့ ပြန်တာတွေလည်း ရှိမယ်။ ဒီရွှေ့ပြောင်း လူထုထဲကကျတော့ သွားလိုက် ပြန်လိုက်နဲ့ လူများတယ်။ အပြီး ပြန်သွားတာနဲ့စာရင်တော့ တနှစ်နှစ်နှစ် ပြန်သွားတယ်၊ နောက်ထပ် ပြန်လာတယ် ဆိုတော့ ဒါက ခန့်မှန်းရခက်တယ်။

ဒီနယ်စပ်မှာရှိတဲ့ ကျန်းမာရေး အဖွဲ့အစည်းတွေကပဲ ဒီလိုရွှေ့ပြောင်းလူထုအတွက် အကူအညီက ဆက်ရှိတယ်။ ဒီဒုက္ခသည် စခန်းကနေ ပြန်တယ်ဆိုတဲ့ အခါကျတော့ အထူးသဖြင့်၊ ဒီ ကရင်ပြည်နယ် နယ်စပ်တလျှောက် ပြန်မယ် ဆိုရင်တော့ နယ်စပ်မှာလည်း တိုင်းရင်းသား ကျန်းမာရေး အဖွဲ့အစည်းတွေ၊ လူထုအခြေပြု အဖွဲ့အစည်းတွေရဲ့ ကျန်းမာရေး ဝန်ထမ်းတွေက ရှိတယ်။ သူတို့ရှိတဲ့နေရာကို ရောက်သွားရင် တခါတည်း ကျန်းမာရေး ဝန်ဆောင်မှုက အဲဒီမှာပဲ ဆက်လက် ခံယူသွားလို့ရတယ်။

သို့သော် တချို့သော အကန့်အသတ်တွေ ရှိတာကျတော့ နာတာရှည်ရောဂါတွေပေါ့။ ဥပမာ HIV၊ TB တို့လို ကုသမှု ခံယူဖို့ အပိုင်းတွေကျတော့ ဒီတိုင်းရင်းသား ကျန်းမာရေး အဖွဲ့အစည်း ဒေသတွေမှာ တချို့ အဲဒီ ဝန်ဆောင်မှုတွေ မရှိနိုင်ဘူးဆိုရင် သူတို့အစိုးရ ဝန်ဆောင်မှုနဲ့ ပြန်ပြီး ချိတ်ဆက် ပေးရတဲ့ အစီအစဉ်တွေတော့ ရှိတယ်။

လက်ရှိမှာတော့ ဒီပြည်တွင်းမှာရှိတဲ့ HIV တို့၊ TB တို့၊ ငှက်ဖျားတို့ပေါ့နော်၊ တိုက်ဖျက်ရေး အစီအစဉ်တွေ၊ အမျိုးသားအဆင့် ပရိုဂရမ်တွေက ဒီတိုင်းရင်းသား အဖွဲ့အစည်းတွေရဲ့ တချို့နေရာတွေမှာ ပိုင်းလော့ (စမ်းသပ်တဲ့) ပရိုဂရမ်အနေနဲ့ စတာရှိတယ်။ သို့သော်လည်း အားလုံးတော့ လက်လှမ်းမမီသေးဘူး ဆိုတော့ ဒီလိုနာတာရှည် လူနာတွေအတွက် ဥပမာ စိတ်ပိုင်းဆိုင်ရာ ရောဂါတို့၊ ဒီ HIV တို့၊ TB တို့ ဆေးတွေကို ဆက်လက်ရရှိနိုင်ဖို့ အကန့် အသတ်တွေ ရှိနေသေးတယ် ဆိုတာတော့ သိရတယ်။

မယ်တော်ဆေးခန်း နှစ် ၃၀ ပြည့် အခမ်းအနားတွင် ဧည့်သည်များကြားက ဒေါက်တာစင်သီယာမောင်/ အောင်ကျော်ထက်

မေး။ ။ မယ်တော်ဆေးခန်းက HIV အပါအဝင် ကူးစက်ရောဂါ လူနာတွေကို တနှစ်တနှစ် ဘယ်လောက်လောက် ကုသပေးနေလဲ။

ဖြေ။ ။ တနှစ်တနှစ်ကိုတော့ HIV လူနာ လက်ရှိဆိုရင် ၄ ထောင်ပေါ့။ ကိုယ်ဝန်ဆောင် အမျိုးသမီး၊ သွေးလှူရှင်နဲ့ သွေးစစ်ဆေးပေးတဲ့ နေရာမှာ တနှစ် လူနာ ၄ ထောင်လောက် ရှိတယ်။ ရောဂါ ဖြစ်ပွားမှုအရဆိုရင် တနှစ်ကို ကျမတို့က လူနာအသစ် ၁၅၀ လောက် တွေ့ရှိရတယ်။ အားလုံးထဲမှာပေါ့။

အဲဒီအထဲမှာမှ ဆေးကုသမှု ခံယူဖို့ လိုအပ်တဲ့အဆင့်က လူနာတွေကို အခု လက်ရှိမှာ ကျမတို့ မြဝတီဆေးရုံမှာပဲ ဆေးကုသမှု ခံယူစေတယ်။ မဲဆောက် ဆေးရုံကနေပြီးတော့ ဆေးဝါးရရှိတယ်။

ဒါပေမယ့် ၂၀၁၇ မှာ စပြီးတော့ ထိုင်းမှာရှိတဲ့ Migrant workers (ရွှေ့ပြောင်းလုပ်သား) တွေအတွက် ဒီ Global fund ရဲ့ အစီအစဉ်က မရှိတော့တဲ့အတွက် ကျမတို့ ဒီလူနာလွှဲပြောင်းမှု အစီအစဉ်တွေကို စပြီးတော့ လုပ်တယ်။ အခု လက်ရှိတော့ လူနာတော်တော်များများကို မြန်မာပြည်ဘက် လွှဲပေးတယ်။ တချို့ကတော့ ကိုယ့်ဒေသ ကိုယ့်ရွာ ပြန်တယ်ဆိုတော့ ကျမတို့ လက်လှမ်း မမီတော့တာတွေ ရှိတယ်။

မေး။ ။ မယ်တော်ဆေးခန်းရဲ့ အကူအညီ ရံပုံငွေရရှိမှု လျော့ကျနေတော့ ဝန်ဆောင်မှုတွေ ဆက်ပေးနိုင်ဖို့အတွက် ဘယ်လိုရပ်တည်နေလဲ။

ဖြေ။ ။ ရံပုံငွေပိုင်းဆိုင်ရာနဲ့ ပတ်သက်လို့ ၂၀၁၂ လောက်မှာစပြီးတော့ နိုင်ငံတကာအဖွဲ့အစည်း၊ အထူးသဖြင့် ဒီအစိုးရနဲ့ အစိုးရနောက်ခံ ပေးထားတဲ့ အဖွဲ့အစည်းတွေ အနေနဲ့က မြန်မာပြည်ထဲမှာ အစိုးရ အပြောင်းအလဲပေါ်မှာ အစိုးရနဲ့ တိုက်ရိုက်ဆောင်ရွက်တဲ့ လုပ်ငန်းတွေရော ပြည်တွင်းကနေ တဆင့် ကူညီ ဆောင်ရွက်တဲ့ အစီအစဉ်တွေ ရှိတဲ့အတွက်ကြောင့် ဒီဘက် ထိုင်းနိုင်ငံ ဘက်မှာရှိတဲ့ ဝန်ဆောင်မှုတွေထဲတော့ ကူညီပံ့ပိုးမှုတွေ နည်းသွားတယ်။ ဒါက ကျမတို့ တဖွဲ့တည်းမှာ ဖြစ်စေ၊ ထိုင်းဆေးရုံတွေမှာ ဖြစ်စေ အများကြီးတော့ ရိုက်ခတ်မှုဖြစ်သွားတယ်။ ထိုင်းဘက်မှာ ရံပုံငွေ မရှိတော့ဘူး။

အရေးပေါ်သားဖွားနဲ့ ပတ်သက်လို့တော့ ကျမတို့ မဲဆောက်ဆေးရုံ၊ မြဝတီဆေးရုံ နှစ်ခုစလုံးမှာ ရှိတဲ့ ဝန်ထမ်းအင်အားနဲ့ ပစ္စည်းကိရိယာပေါ်မှာ ကျမတို့ အခြေခံပြီးတော့ အရေးပေါ်ဆိုရင် ကျမတို့ မဲဆောက်ဆေးရုံကိုပဲ ပြန်ပို့ရတယ်။ မြဝတီ ဆေးရုံမှာကျတော့ ဒီ အရေးပေါ်မဟုတ်တဲ့ ခွဲစိတ်ရမယ့် လူနာမျိုးဆို ပြန်လွှဲပြောင်းပေးတယ်။ ကုန်ကျစရိတ်က သူတို့အတွက် ပိုပြီးတော့ သက်သာတယ်။ ကျမတို့ ထိုင်းမှာ ကုတာထက် စာရင်၊ မြဝတီဆေးရုံမှာ ကုတာ ပိုပြီး သက်သာတဲ့အတွက် မြဝတီ ဆေးရုံကို ပြန်ပို့ပြီးတော့ ကျမတို့ လူမှုရေး ထောက်ပံ့မှု အနေနဲ့တော့ ဆက်ပြီး ကူညီသွားတာ မျိုးတော့ ရှိတယ်။

မဲဆောက်ဆေးရုံမှာ ကျတော့လည်း တချို့သော လူနာအမျိုးအစားတွေ၊ နာတာရှည် လူနာမျိုးဆိုရင်တော့ မလွှဲပြောင်းပေးနိုင်တော့ဘူး။ လူနာအနေနဲ့ သွားမယ်ဆိုရင်တော့ ကျမတို့ လွှဲပြောင်း ပေးတယ်။ ကိုယ်ကိုယ်တိုင် တာဝန်ယူပေးနိုင်တာတော့ မရှိတော့ဘူး။ အခုတော့ လူနာ လွှဲပြောင်းတဲ့ကိစ္စကို အားလုံးတော့ မဆောင်ရွက်ပေးနိုင် ဘူးပေါ့နော်။

ဒီဝန်ဆောင်မှုပိုင်းနဲ့ ပတ်သက်လို့ကတော့ ကျမတို့ ဒီဘက်မှာ ရှိတဲ့ဝန်ဆောင်မှုထဲမှာ တချို့သော ဝန်ဆောင်မှုတွေက ရေရှည်မှာ ဆက်ပြီးတော့ ဆောင်ရွက်နိုင်ဖို့ကိုလည်း အခက်အခဲ ရှိတဲ့အခါ ကျတော့ တချို့သော သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို ချဉ်းကပ်ပြီး ဆောင်ရွက်နိုင်မယ့် အဖွဲ့တွေနဲ့ ပူးပေါင်း လွှဲပြောင်းပေးတဲ့ လုပ်ငန်းစဉ်မျိုးလည်း ရှိတယ်။

နောက်၊ ပြည်တွင်းလုပ်ငန်းစဉ်ဆိုလည်း ဒီလိုပဲ။ ကျမတို့ အရင်က တိုက်ရိုက် ဝန်ဆောင်မှုပေးတဲ့ ဆေးရုံ ဆေးခန်းတွေကို ရံပုံငွေက ပြည်တွင်းက ရရှိနိုင်တဲ့အခြေအနေ ပိုများတဲ့အခါကျတော့ ပြည်တွင်း အဖွဲ့အစည်းတွေကတဆင့် ရံပုံငွေတွေ ရရှိနိုင်ဖို့တို့၊ ဒေသခံအဖွဲ့အစည်းတွေကို လွှဲပြောင်းပေးနိုင်ဖို့တို့ ကျမတို့ ဆောင်ရွက်တယ်။ အထူးသဖြင့်တော့ ကျမတို့ ဝန်ထမ်းတွေရဲ့ လိုအပ်မှု၊ ထောက်ပံ့မှု စရိတ်တွေရော၊ ဝန်ထမ်းတွေအတွက် လိုအပ်တဲ့ နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးမှုတွေ ကိုတော့ ကျမတို့ ကြိုးစားပြီးတော့ ထိန်းထားတယ်။

သို့သော်လည်း လက်ရှိမှာတော့ ကျမတို့ ဝန်ထမ်းတွေကို ပုံမှန်ပေးနေတဲ့ ခံစားခွင့်ကို အပြည့် မပေးနိုင် တော့ဘူး။ ၈၀ ရာနှုန်း ၈၅ ရာနှုန်းနဲ့ ရံပုံငွေပေါ် မူတည်ပီး စီစဉ် ဆောင်ရွက်ရတာရှိတယ်။ နောက် Fundraising အနေနဲ့က ကျမတို့က တနေရာတည်းမှာပဲ အစိုးရတွေဆီကနေ ပြီးတော့ ရရှိတဲ့ ရံပုံငွေကတော့ အရင်က ၇၀ ရာခိုင်နှုန်းလောက်ပေါ့။ အခုကတော့ ရံပုံငွေရဲ့ ၃၀ ရာခိုင်နှုန်းလောက်ပဲ။

ကျန်တာကိုတော့ တခြား ထိုင်းနိုင်ငံမှာ Registered လုပ်ထားတဲ့ ကျမတို့ရဲ့ မိတ်ဖက် အဖွဲ့အစည်းတွေနဲ့ ပေါင်းပြီး ထိုင်းနိုင်ငံမှာရှိတဲ့ သံရုံးတွေမှာ ရံပုံငွေတွေ လျှောက်ယူတာတို့၊ ထိုင်း ကွန်မြူနီတီ ထဲမှာလည်း ဒီ ထိုင်းအဖွဲ့အစည်းတွေက ကျမတို့ကို ကူညီပီးတော့ Awareness လုပ်ပေးတဲ့အပေါ်မှာ တဦးချင်းဖြစ်စေ၊ တချို့ အစုအဖွဲ့လိုက်ဖြစ်စေ Fundraising ဝိုင်းကူ ပေးတာလည်း ရှိပါတယ်။

ဆေးခန်းရောက် မိခင်တဦးနှင့် ဒေါက်တာစင်သီယာမောင်/ အောင်ကျော်ထက်

နောက် တခုကတော့ ဒါ ကျမတို့ နိုင်ငံတကာမှာ မိတ်ဖက်အဖွဲ့အစည်းတွေ ရှိတဲ့အတွက်ကြောင့် အဲဒီမိတ်ဖက် အဖွဲ့တွေကနေ သူတို့ နိုင်ငံမှာ US မှာဖြစ်စေ၊ UK မှာဖြစ်စေ တဦးချင်း Fundraising လုပ်တဲ့ အစီအစဉ်တွေလည်း ဆောင်ရွက်ပေးတယ်။ ကျမတို့ ကိုယ်တိုင်လည်း တချို့သော ဒီဘက်မှာ Fundraising ပတ်သက်ပြီး နည်းလမ်းတွေပေါ့။ လက်ရှိမှာတော့ ကျမတို့မှာ ကိုယ်တိုင် ရရှိနိုင်တဲ့ နည်းလမ်းကတော့ ဒီလို အကြီးမားတွေတော့ မရှိသေးဘူး။ သို့သော် လာမယ့် ကာလတွေမှာ ကိုယ့်ဘာသာကို Fundraising လုပ်နိုင်မယ့် ရံပုံငွေ ရှာယူနိုင်မယ့် လုပ်ငန်းစဉ် တွေပေါ့။ အထူးသဖြင့်တော့ ဒီ မဲဆောက်ဒေသထဲမှာ ရှိတဲ့ လုပ်ငန်းတွေထဲမှာ ဝင်ငွေရရှိနိုင်တဲ့ အစီအစဉ်မျိုးတွေ ဆက်လက် ဆောင်ရွက်နိုင်ဖို့တော့ ဆက်ကြိုးစားနေပါတယ်။

နောက် မိဘတွေ၊ လူနာတွေကနေ၊ ပြီးတော့ ပါဝင်နိုင်မယ့် ငွေပမာဏကိုလည်း တွက်ချက်ပြီးတော့ သူတို့ရဲ့ သဘောတူညီချက်နဲ့ ဥပမာ ကျောင်းဝင်ကြေးတွေ၊ လူနာဆိုလို့ရှိရင်လည်း လူနာရဲ့ စရိတ်ရဲ့ ၂၅ ရာခိုင်နှုန်းလား၊ ၁၀ ရာခိုင်နှုန်းလား စသဖြင့် တွက်ချက်ပြီးတော့ ပါဝင်ထည့်လှူ ခိုင်းတာမျိုးပေါ့နော်။ ဒါ မပေးနိုင်တဲ့သူ ရှိရင်လည်း မပေးနိုင်ဘဲ ရှိသွားမယ်။ ဒီလိုမျိုး ရံပုံငွေ တွေကနေ တချို့လူနာတွေနဲ့ လူထုထဲကနေ ပါဝင်နိုင်မယ့်၊ မိဘတွေကနေ ပါဝင်နိုင်မယ့် ရံပုံငွေတွေ ကိုလည်း ကျမတို့ စုဆောင်းပြီး ဆောင်ရွက်တာ ရှိပါတယ်။

ကျမတို့က ဥပမာ ခွဲစိတ်တဲ့လူနာကို ၂၅ ရာခိုင်နှုန်း သတ်မှတ်ထားပေမယ့်လို့ ၁၀ ရာခိုင်နှုန်းပဲ ထည့်ပေး နိုင်ရင်လည်း ၁၀ ရာခိုင်နှုန်းပဲ သူ ထည့်ခဲ့ပေးတယ်။ တချို့ကျတော့လည်း လုံး၀ မပေးနိုင်တဲ့ လူနာမျိုးလည်း ရှိတယ်။ ဆိုတော့ ကျမတို့ ၂၅ ရာခိုင်နှုန်းလောက် ပြန်ရမယ်လို့ တွက်ချက်ထား ပေမယ့်လို့ ကျမတို့က ၁၀ ရာခိုင်နှုန်း၊ ၅ ရာခိုင်နှုန်း အဲဒီလောက်တော့ ပြန်ရ တာမျိုးရှိတယ်။ ဒါပေမယ့် လူနာအားလုံးကိုလည်း ကျမတို့ အဲဒီလို မလုပ်နိုင်သေးဘူး။ အရေးပေါ် လူနာကိုတော့ ကျမတို့ စီစဉ်ဆောင်ရွက်လို့မရဘူး။ အရေးပေါ်မဟုတ်တဲ့ ခွဲစိတ် လူနာမျိုးတွေ၊ နောက် တချို့နာတာရှည် လူနာမျိုးဆိုရင် လိုအပ်တဲ့ သွေးစစ်ခတွေ၊ နောက် မဲဆောက်ဆေးရုံနဲ့ ဆက်စပ်ပြီး လုပ်ရတဲ့ ကုန်ကျစရိတ်တွေကို လူနာတွေက ပါဝင် ထည့်ဝင်နိုင်တဲ့ အစီအစဉ်မျိုးတွေ နောက်တချို့ ဆေးဝါးပစ္စည်း ကိရိယာတွေကိုကျတော့ အလှူပေါ့၊ ထိုင်း မဲဆောက်က တချို့ပုံမှန် လာလှူဒါန်းသူတွေ ရှိတယ်။ ရိက္ခာဖြစ်စေ ဆေးဝါးဖြစ်စေပေါ့။

မေး။ ။ မယ်တော်ဆေးခန်းက နယ်စပ်က ပြည်သူတွေကို ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရေး အတွက် အစိုးရနဲ့ဖြစ်စေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ဖြစ်စေ ဘာတွေ ပူးပေါင်းဆောင်ရွက်နေလဲ။

ဖြေ။ ။ ကျမတို့ မယ်တော်ဆေးခန်း တဖွဲ့တည်း အနေနဲ့တော့မဟုတ်ဘူး။ ကျမတို့မှာ (နယ်စပ် အခြေစိုက် ကျန်းမာရေးစနစ် မြှင့်တင်ရေး အလုပ်အဖွဲ့) Health System Strenghting Working group ဆိုတာ ရှိတယ်။ နောက် ၂၀၁၂ မှာပဲ Health Convergent Core group ဆိုတာ ပြန်ဖွဲ့ထားတာ ရှိတယ်။ မြန်မာပြည်အရှေ့ဖျားပဲ (အဓိက အာရုံစိုက်တာ) မဟုတ်တော့ဘူး။ ရှမ်း၊ ရခိုင်၊ ချင်း၊ ကချင် အကုန်ပါပြီး စုဖွဲ့ထားတာ။

နယ်စပ်ဒေသမှာ တိုင်းရင်းသား ကျန်းမာရေးအဖွဲ့အစည်း တွေရဲ့ ကျန်းမာရေးစနစ် ကောင်းမွန်အောင်၊ ခိုင်ခံ့အောင် လုပ်တာ ဖြစ်သလို အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေ ကိုလည်း ကျမတို့ စီမံဆောင်ရွက်နေတာ ရှိပါတယ်။

အထူးသဖြင့်တော့ ကျန်းမာရေးလုပ်သားတွေ ကျန်းမာရေးဝန်ထမ်းပေါ့။ ကျမတို့ သင်တန်း ပေးထားတဲ့ ဆေးမှူးတွေ၊ သားဖွားဆရာမတွေက သူတို့ ဒေသတွေမှာ တရားဝင် ကျန်းမာရေး ဝန်ထမ်းတွေအနေနဲ့ ဆောင်ရွက်နိုင်ဖို့အတွက် ကျမတို့က နည်းပညာပိုင်းဆိုင်ရာအရ ညှိနှိုင်း ဆောင်ရွက်မှုတွေ တစုံတရာ ရှိပါတယ်။

အဓိကကတော့ အပြန်အလှန် အသိအမှတ်ပြုမှုတို့ ဒီဒေသခံကျန်းမာရေး အဖွဲ့အစည်းတွေရဲ့ ဖြစ်တည် ရှိနေမှုနဲ့၊ ရှိထားတဲ့ အင်အားတွေကို အကျိုးရှိရှိ အသုံးချနိုင်ရင် ကောင်းတယ်။ Human resources တွေကို တချိန်မှာ ကိုယ့်ဒေသရဲ့ ဖွံ့ဖြိုးရေးအတွက်ကို အကောင်းဆုံး ဆောင်ရွက်နိုင်ဖို့ အတွက် နည်းလမ်းတွေ ရှာတာပေါ့။

အထူးသဖြင့် နယ်စပ်ဒေသမှာ ဒုက္ခသည်စခန်း အပါအဝင် မယ်တော် ဆေးခန်းအပါအဝင် တိုင်းရင်းသား အဖွဲ့အစည်းတွေမှာ သင်တန်းရထားတဲ့ ကျန်းမာရေး ဝန်ထမ်းတွေက တရားဝင် ဆေးကုသခွင့် ဆိုတာမျိုးဖြစ်စေ၊ တရားဝင် ကျန်းမာရေးလုပ်သားအနေနဲ့ သတ်မှတ်ထားတဲ့ အစီအစဉ်က မြန်မာပြည်မှာ မရှိသေးဘူး။ ဒါက ကျမတို့အတွက် စိန်ခေါ်မှု တခုပေါ့နော်။

ဒီ ငြိမ်းချမ်းရေးဖြစ်စဉ်လို့ ပြောရင် ကိုယ့်ဒေသမှာရှိတဲ့ ဒေသခံလူထုတွေရဲ့ ရှိထားတဲ့ ကျန်းမာရေး စုဖွဲ့မှု ဖြစ်စေ၊ လူမှုရေး လုပ်ငန်းတွေဖြစ်စေ နောက် သူ့ရဲ့ စနစ်တွေဖြစ်စေ ဒါက အစိုးရနဲ့ ညှိနှိုင်း ဆောင်ရွက်ရမှာ ဖြစ်သလို၊ အပြန်အလှန် အသိအမှတ်ပြုမှုနဲ့ ဒီစနစ်ကို ပိုပြီးတော့ ကောင်းမွန် လာအောင် ဆောင်ရွက်နိုင်ဖို့၊ ဒါမှသာလျှင် ကျမတို့က အားလုံးအတွက် လက်လှမ်းမီနိုင်မယ့် ကျန်းမာရေး စနစ်တခု တည်ဆောက်နိုင်မယ်။

ဒေသခံ ပြည်သူတွေနဲ့ ဒေသခံ ကျန်းမာရေး လုပ်သားတွေမပါဘဲနဲ့ ကျန်းမာရေးစနစ် ကောင်းကောင်း တခု တည်ဆောက်နိုင်ဖို့က အခက်အခဲ ရှိပါတယ်။

ဘာဖြစ်လို့လဲ ဆိုတော့ နိုင်ငံရေးအရဖြစ်စေ၊ ပထဝီရေမြေအရ ဖြစ်စေ ဘာသာစကား ထုံးတမ်း စဉ်လာ စသည်ဖြင့် ကျမတို့ ယုံကြည်မှု တည်ဆောက်တယ်လို့ ပြောရင် ဒါ ကျန်းမာရေး လုပ်သားတွေ ကြားထဲမှာ ဖြစ်စေ၊ ကျန်းမာရေးအဖွဲ့အစည်းတွေ ကြားထဲမှာ ဖြစ်စေ အစိုးရ ကျန်းမာရေးအဖွဲ့နဲ့ တိုင်းရင်းသား ကျန်းမာရေးအဖွဲ့ကြားထဲမှာ ပူးပေါင်းဆောင်ရွက်နိုင်မယ့် အစီအစဉ် တွေကို ကျမတို့ ကြိုးစားပြီး လမ်းကြောင်းရှာ ဆောင်ရွက်နေတာ ရှိပါတယ်။

ရုံးခန်းထဲက ဆရာမကြီး စင်သီယာမောင်/ အောင်ကျော်ထက်

မေး။ ။ ဒါက ကျန်းမာရေးကဏ္ဍပေါ့။ နောက် ပညာရေးနဲ့ ကလေးမွေးစာရင်းကိစ္စကို ဆက်စပ်ပြီး မေးချင်ပါတယ်။ ဒီ သုံးခုစလုံးကို အရင်အစိုးရနဲ့ဖြစ်စေ၊ လက်ရှိအစိုးရနဲ့ဖြစ်စေ ပူးပေါင်း ဆောင်ရွက်တဲ့အခါ အဓိက စိန်ခေါ်မှုက ဘာလဲ။

ဖြေ။ ။ အဓိကစိန်ခေါ်မှုက နံပါတ် ၁ ကတော့ ကျောင်းဆရာတွေ ကျန်းမာရေး ဝန်ထမ်းတွေကို သူ့ဒေသမှာ သူ့ရဲ့ ကျန်းမာရေးစနစ်၊ တိုင်းရင်းသား ကျန်းမာရေး၊ တိုင်းရင်းသားပညာရေးကို အစိုးရတွေက ဒီပညာရေးစနစ်ရဲ့ မူဝါဒထဲမှာ အားလုံးလက်ခံနိုင်တဲ့ စနစ်တခု ဖြစ်လာဖို့ အတွက် ဆွေးနွေးရမယ့် အစီအစဉ် ရှိရမယ်။

သို့သော်လည်း … အခုလက်ရှိ ကျန်းမာရေး မူဝါဒ၊ ပညာရေးမူဝါဒ စသည်ဖြင့်ပေါ့ ဒါတွေကို နဖူးတိုက် ဒူးတိုက် ဆွေးနွေးကြမယ့် အစီအစဉ်မျိုးက မရှိကြသေးဘူး။ တစုံတရာတော့ ဆွေးနွေး ကြပေမယ့်လို့ တကယ့် တိုင်းရင်းသားတွေ ဘက်ကနေ ဒီ ဖက်ဒရယ်စနစ် အတိုင်း သွားမယ့် ကျန်းမာရေး၊ ပညာရေး ဆိုတဲ့ ခေါင်းစဉ်အထိ တကယ် ဆွေးနွေးကြတဲ့ အစီအစဉ်မျိုးကိုတော့ မရှိသေးဘူးလို့ ကျမတို့ ယေဘုယျအားဖြင့်တော့ သုံးသပ်ရတယ်။

ဒီမွေးစာရင်းနဲ့ ပတ်သက်လို့ ကျမတို့ တိုင်းရင်းသားဒေသတွေမှာ ကလေးတွေ မွေးဖွားလာတာက တိုင်းရင်းသား ကျန်းမာရေး လုပ်သားတွေနဲ့ပေါ့။ ဒီ မွေးစာရင်းတခုလို့ ပြောလို့ရှိရင် မှန်ကန်တဲ့ အချက်အလက်တွေ အားလုံး၊ မွေးရာဇာတိကအစ၊ မိဘတွေကအစ တိုင်းရင်းသားလူမျိုး စသည်ဖြင့် ပါတယ်။ ဆိုတော့၊ ပညာရေးမှာ ဖြစ်စေ၊ မွေးစာရင်းမှာ ဖြစ်စေ၊ ကျန်းမာရေးဖြစ်စေ၊ ထုတ်ပေးတဲ့ စာရင်းဇယား မှတ်တမ်းတွေက တိကျမှန်ကန်မှု ဆိုင်ရာ ကိစ္စတွေကလည်း ကျမတို့ အများကြီး ဆွေးနွေးရမယ့် အချက်အလက်တွေထဲမှာ ပါပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ (အစိုးရဘက်က) တခါတလေ ထုတ်ပေးလိုက်တဲ့ စာရွက်စာတမ်း တွေက သူတို့ရဲ့ နာမည်အရင်း မဟုတ်လိုက်တာတို့၊ နောက်တော့ ဘာသာစကား မတူတဲ့ အတွက်ကြောင့် စာလုံးပေါင်းတွေ လွဲသွားပြီးတော့ အိမ်ထောင်စုစာရင်းနဲ့ မတူတာတို့၊ နောက်တော့ လူတွေက ရွှေ့ပြောင်းနေတဲ့အခါ၊ သူတို့မှာ အိမ်ထောင်စုစာရင်း မရှိခဲ့တဲ့အခါ ကျတော့ မွေးရပ်ဒေသတွေက အမှန်အကန် မထွက်လာတာတို့၊ အဲဒီလိုမျိုး အခြေအနေတွေ ရှိတယ်။

ဒီကိစ္စတွေ အကုန်လုံး ဆောင်ရွက်တဲ့အခါ ဒေသခံ လူထု အဖွဲ့အစည်းတွေနဲ့ရော၊ ဒေသခံ ကျန်းမာရေး အဖွဲ့အစည်းတွေနဲ့ရော ပူးပေါင်းဆောင်ရွက်ဖို့က အများကြီး အရေးကြီးပါတယ်။

#IRWPeace

ဆက်စပ်ဖတ်ရှုရန်

အိမ်ပြန်ချိန် မျှော်လင့်ချက် မဲ့နေဆဲ မြန်မာဒုက္ခသည်များ 

ရခိုင် စစ်ဘေးရှောင် ကလေးငယ် ၂သောင်းခန့် ပညာသင်ကြားရန် အခက်အခဲဖြစ်နေ

ပဋိပက္ခဒေသက အမျိုးသမီးများ လုံခြုံမှု စိုးရိမ်နေရ 

Did you find apk for android? You can find new Free Android Games and apps.
Loading