ရခိုင်ပြည်နယ်မြောက်ပိုင်း၊ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ၇ လတာ ကာလအတွင်းမှာ ရက္ခိုင်စစ်တပ် (AA) နဲ့ ပတ်သတ်တယ်ဆိုတဲ့ သံသယနဲ့ အရပ်သားတွေ ရာချီဖမ်းဆီးခံရပြီး တပ်မတော်၊ တပ်စခန်းတွေမှာ စစ်ဆေးမေးမြန်းခံရပါတယ်။
ဖမ်းဆီးခံရသူတွေထဲကမှ အရပ်သား ၁၄ ဦးဟာ ဒဏ်ရာဒဏ်ချက်တွေနဲ့ သေဆုံးထားပါတယ်။
တပ်မတော်ဘက်ကတော့ သေဆုံးသူတွေကို မေးမြန်းစစ်ဆေးစဉ်မှာ ညှင်းပန်းနှိပ်စက်တာ မရှိဘူးလို့ ပြောပေမယ့် မိသားစုဝင်တွေကတော့ သေဆုံးသူတွေရဲ့ရုပ်အလောင်းမှာ ဒဏ်ရာဒဏ်ချက်တွေ တွေ့ရှိတယ်လို့ဆိုပါတယ်။
၁၄ ဦးထဲမှာ နောက်ဆုံး သေဆုံးထားသူ ဖြစ်တဲ့ မြောက်ဦးမြို့နယ်၊ ပေါက်တောပြင်ကျေးရွာက ကိုဇော်ဝင်းလှိုင် ဆိုရင် တပ်မတော်က ဖမ်းဆီးပြီး ၁၀ ရက်အကြာမှာ ဆေးရုံရောက်လာပြီး ဒဏ်ရာ ဒဏ်ချက်တွေနဲ့ သွေးအန် သေဆုံး သွားတာ ဖြစ်ပါတယ်။
မသေဆုံးခင်မှာလည်း သူ့ကို တပ်မတော်သားတွေက ကျောက်ခဲတွေနဲ့ ကျော၊ ရင်တွေကို ထုနှက်သလို အပ်တွေဓားတွေနဲ့လည်း ထိုးတယ်လို့ ပြောဆိုသွားပါတယ်။
သေဆုံးသူ ၁၄ ဦးထဲမှာ ၇ ဦးဟာ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာတွင်း ဖမ်းထားစဉ် ပစ်ခတ် ခံရမှုကြောင့် သေဆုံးသွားတာ ဖြစ်ပါတယ်။
ကျန် သေဆုံးသူများက မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာမှာ မသင်္ကာမှုနဲ့ ဖမ်းပြီး ရက်ပိုင်းအတွင်း သေဆုံးသူ ၃ ဦး၊ ပေါက်တောပြင်ကျေးရွာမှ ဖမ်းဆီးခံရပြီး ဒဏ်ရာများဖြင့် သေဆုံးသူ ၂ ဦး၊ မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာမှ နေမကောင်းသဖြင့် ဆေးရုံလာပို့စဉ် တပ်မတော်က ဖမ်းဆီးတာကြောင့် ဆေးရုံမရောက်ပဲသေဆုံးသွားသူ ၁ ဦးနဲ့ ကျောက်တော်မြို့နယ်၊ မင်းသားတောင် ကျေးရွာမှာ ဝါးခုတ်သွားရင်း ဖမ်းခံရပြီး ဒဏ်ရာတွေနဲ့ တပ်မတော်က ဆေးရုံလာပို့ပြီးမှ သေဆုံးသွားသူ ၁ ဦးတို့ဖြစ်ပါတယ်။
သေဆုံးသွားသူတွေထဲမှာ ကိုဇော်ဝင်းလှိုင် တဦးတည်းသာ သူ့ကို နှိပ်စက်ရိုက်နှက်တာတွေကို ပြောဆို နိုင်ခဲ့တာပါ။ ကျန်သေဆုံးသူတွေကတော့ မေ့မြောနေမှ ဆေးရုံကို ရောက်လာတာဖြစ်ပြီး အချို့ကတော့ မိသားစုတောင် အလောင်းကို မြှုပ်နှံခွင့် မရလိုက်ဘူးလို့သိရပါတယ်။ ဆေးရုံကလည်း ရင်ခွဲရုံ ဆေးမှတ်တမ်းတွေကို မိသားစုဝင်တွေနဲ့ သတင်းမီဒီယာတွေကို ထုတ်မပေးဘူးလို့ဆိုကြပါတယ်။
ပဋိပက္ခတွင်း မသင်္ကာမှုနဲ့ တပ်မတော်က ဖမ်းဆီးထားစဉ် သေဆုံးသွားသူများနဲ့ စစ်ကြောရေး ရောက်ပြီးနောက် ဒဏ်ရာဒဏ်ချက်တွေနဲ့ သေဆုံးမှုတွေအပေါ် ရခိုင်နိုင်ငံရေး အသိုင်းအဝိုင်း၊ လူ့အခွင့်အရေး တတ်ကြွ လှုပ်ရှားသူတွေနဲ့ ဥပဒေရေးရာ ကျွမ်းကျင်သူတွေက ရပ်တည်ချက်တွေဘယ်လို ရှိကြလဲဆိုတာကို ဧရာဝတီ အကြီးတန်းသတင်းထောက် နန်းလွင်နှင်းပွင့်က ဆက်သွယ် မေးမြန်း ထားပါတယ်။
ဒေါ်ထုမေ
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ မဲဆန္ဒနယ် အမှတ် ၁၁၊ ရခိုင်ပြည်နယ်
တကယ်တမ်း ပဋိပက္ခဒေသမှာ ပြည်သူလူထုအနေနဲ့ အသက်ရှင် ရပ်တည်ရတာ ကြောက်ဖို့ ကောင်း ပါတယ်။ ရခိုင်ပြည်နယ်မှာ အခု ဒီတယောက်နဲ့ ဆိုရင် ကျမလေ့လာ မိသလောက် သေဆုံးတာ ၁၄ ယောက် ရှိပါပြီ။ စစ်ကြောရေးမှာ သေတာက လူတယောက်ရဲ့ အသက်ရှင်ပိုင်ခွင့် ဆုံးရှုံးတာ ဖြစ်ပါတယ်။ တကယ်လို့သာ ဥပဒေအရ မတရားအသင်းနဲ့ ဆက်သွယ်တဲ့ ပုဒ်မတွေအရ လူတယောက်ကို သေ လောက်တဲ့ထိ နှိပ်စက်ပိုင်ခွင့် ရှိသလား။ ဒါကို ကျမတို့ မေးခွန်း ထုတ်ရမှာ ဖြစ်ပါတယ်။ တကယ်ဆိုရင် နှိပ်စက်ပိုင်ခွင့် မရှိပါဘူး။ လူတယောက်သည် ပြစ်မှုကျူးလွန်တယ်ဆိုရင်တောင် ပြစ်ဒဏ် မချမှတ်ခင်မှာ ဒီပြည်သူသည် innocent (အပြစ်မဲ့) ပါပဲ။
ဒီပြည်သူသည် တရားရုံးမှာ အကုန် ထွက်ဆိုပြီးပြီ။ ပြစ်ဒဏ် ကျပြီဆိုမှ သူထိုက်တန်တဲ့ သူလုပ်တဲ့ ပြစ်မှုနဲ့ ထိုက်တန်တဲ့ ပြစ်ဒဏ်ကို ခံစားရမှာ ဖြစ်ပါတယ်။ အခုလို ပဋိပက္ခကြား မှာ ပြည်သူတွေ သေဆုံးတာ ကတော့ မဖြစ်သင့် မဖြစ်ထိုက်ပါဘူး။ ဒါဟာ လူသားတယောက်ရဲ့ ရပိုင်ခွင့်၊ အသက်ရှင်ပိုင်ခွင့်တွေကို ခြိမ်းခြောက်လာတာ ဖြစ်ပါတယ်။
ကျမတို့ အနေနဲ့ကတော့ လွှတ်တော် ကိုယ်စားလှယ် တဦးနဲ့ဖြစ်စေ၊ လူသားတယောက်အနေနဲ့ဖြစ်စေ ဒါလုံးဝ မလုပ်သင့်ဘူး။ စစ်ကြောရေးမှာ သေဆုံးတဲ့ထိ ရိုက်နှက်ခဲ့တဲ့ သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေက သူတို့ရဲ့ လက်အောက် ငယ်သားကို ဘာ့ကြောင့် ဒီလို ဖြစ်ပျက်ခဲ့တယ်ဆိုတာကို လေ့လာ စုံစမ်းရမှာ ဖြစ်ပါတယ်။ ကိုယ့်အဖွဲ့သားမို့လို့ လျစ်လျူရှုမယ်ဆိုရင် ဒီအဖွဲ့အစည်း ကိုယ်တိုင်က တရားဥပဒေ စိုးမိုးရေးကို ခြိမ်းခြောက်နေတာ ဖြစ်ပါတယ်။
အမှန်တကယ်ဆိုရင် ဥပဒေနဲ့အညီ ဆောင်ရွက်မယ်ဆိုရင် ပြည်သူတယောက်ချင်းစီရဲ့ အသက်အိုးအိမ်ကို ကာကွယ်ဖို့ အစိုးရမှာ အပြည့်အဝ တာဝန်ရှိပါတယ်။ ပြည်သူတွေကို ဒီလို ညှင်းပန်းနှိပ်စက်မှု မဖြစ်အောင် အစိုးရက တောင်းဆိုရမှာ ဖြစ်ပါတယ်။ အပြစ်မဲ့တဲ့ ပြည်သူတွေမထိခိုက်အောင် တောင်းဆိုရမှာ ဖြစ်ပါတယ်။ ကျမတို့အနေနဲ့ကတော့ ဒါမျိုး နောင်မှာ မဖြစ်ဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကလည်း ကျူးလွန်ခဲ့တဲ့ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေကို စုံစမ်းရမယ်။ ပြည်သူသိအောင် ချပြရမယ်။ ပွင့်လင်းမြင်သာ မှုရှိရပါမယ်။
တကယ်လို့သာ လက်နက်ကိုင်အဖွဲ့အစည်းတွေမှာ ဒီမိုကရေစီအရ မြန်မာနိုင်ငံရဲ့ တပ်မတော်ကို ကွပ်ကဲနေတယ် ဆိုရင် ပြည်သူ သေရလောက်အောင် ညှင်းပန်းနှိပ်စက်မှု လုံးဝ မလုပ်ရပါဘူး။ လုပ်ခဲ့လို့ရှိရင် သေသွားရင် သူတို့မှာ လုပ်တဲ့ လူတွေကို ထိုက်တန်တဲ့ ပြစ်ဒဏ် ချမှတ်ရမှာ ဖြစ်ပါတယ်။ ဒါမှသာ အများက နိုင်ငံကို ကာကွယ်မှု ပေးတဲ့ တပ်လို့ ယုံကြည်လာမှာပါ။ ဒီလို မဟုတ်သမျှ ကာလ ကတော့ ဘယ်လိုမှ ပြည်သူတွေ အားကိုးထိုက်တဲ့ အစိုးရတရပ်၊ အားကိုးထိုက်တဲ့ တပ်မတော် တရပ် ဖြစ်လာမှာ မဟုတ်ပါဘူး။
ကျနော်တို့ မနှိပ်စက်ပါဘူးဆိုရင် သူ့ရဲ့ဒဏ်ရာက တကမ္ဘာလုံးက ကြည့်လို့ ရတဲ့ ဒဏ်ရာလေ။ တကယ်လို့ သူနေမကောင်းပါဘူးဆိုရင် နဂိုတည်းက မဖမ်းဆီးခင်ကတည်းက ရောဂါရှိတယ် ဆိုရင် ဒီလူကို ဖမ်းဆီးမှာလား။ ထွက်ဆိုချက် ထွက်လာအောင် နှိပ်စက်မှာလား။ သက်ဆိုင်ရာ ရင်ခွဲရုံက ဆရာဝန်ရဲ့ မှတ်ချက်တွေ မပေးဘူး ဆိုကတည်းကလည်း ပွင့်လင်းမြင်သာမှု လုံးဝ မရှိသလို မဟုတ်တာ လုပ်တယ် ဆိုတာ ထင်ရှားတာပဲ။ ဒီခေတ်မှာ မဟုတ်တာ မလုပ်ရင် ပြရဲရမယ်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ ဘယ်ဟာမဆို ပြုပြင်ပြောင်းလဲလို့ ရပါတယ်။ လူ့အသက်လောက် တန်ဖိုးရှိတာ ဘာမှ မရှိပါဘူး။ မိသားစုတွေကိုပဲ ဖြစ်ဖြစ် အများ မီဒီယာကိုပဲဖြစ်ဖြစ် သေဆုံးသွားတဲ့ နိုင်ငံသားတယောက်ရဲ့ အချက်အလက်တွေကို မပြနိုင်ဘူးလို့ ငြင်းဆိုနေပြီဆိုရင် မဟုတ်တာ လုပ်နေတာပဲ။
ဟုတ်တာ လုပ်ရင် ကြည့်ပါ ကျနော်တို့ ဒါမျိုး မလုပ်ခဲ့ပါဘူးဆိုတာ ပြရမယ်။ ဒီလိုမျိုး သက်ဆိုင်ရာ မီဒီယာတွေကလည်း အလေးထား တောင်းဆိုရမယ်လို့ကျမသုံးသပ်ပါတယ်။ မဟုတ်ရင် စစ်ကြောရေးကြောင့် သေသလား၊ နဂိုတည်းက ရောဂါ ပါလာသလားဆိုတာ တော်တော်များများ သာမာန်စဉ်းစားတာနဲ့ကို သိနိုင်ပါတယ်။ မနှိပ်စက်ဘူးလို့သက်သေပြမယ်ဆိုရင် ပွင့်လင်း မြင်သာမှုရှိစွာ သက်ဆိုင်ရာ ဆရာဝန်ကို ထိန်းချုပ်မှု မရှိပဲ ပွင့်ပွင့်လင်းလင်း ချပြပိုင်ခွင့် ရှိရပါမယ်။
ကျမတို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကတော့ အခုလို အရပ်သားတွေဒုက္ခရောက်နေတာနဲ့ ပတ်သတ်ပြီးတော့ အထူးသဖြင့် သမ္မတ ကိုယ်တိုင်က ပြောဆို ထိန်းသိမ်းရမှာ ဖြစ်တယ်လို့မြင်ပါတယ်။ အခြေအနေတွေ ဆိုးလာပြီး လူ့အသက်တွေကို အန္တရာယ် ဖြစ်လာပြီ ဆိုရင် အစိုးရမှာ ကာကွယ်ပေးဖို့ အတိအကျ တာဝန် ရှိပါတယ်။ အစိုးရကို တွန်းအားပေးတာမျိုး ဆောင်ရွက်လို့ ရပါတယ်။ ဆောင်ရွက်နေပါတယ်။ နောက် လွှတ်တော် ကလည်း အတတ်နိုင်ဆုံး လွှတ်တော်မှာ ပြောဆိုဆွေးနွေးလို့ ရအောင် ကြိုးစား အားထုတ် ရမှာ ဖြစ်ပါတယ်။
နောက်တခုက သက်ဆိုင်ရာ အစိုးရများသည် လွှတ်တော်က မပြောခင်မှာပဲ ဒီလို အရပ်သားတွေ အထိအခိုက် ရှိနေပြီ၊ မတရား ဖမ်းဆီးတာတွေခံနေရပြီဆိုရင ်အစိုးရက နှစ်ဖက်လက်နက်ကိုင် တပ်ဖွဲ့ကြားထဲမှာ နေပြီး သံတမန်သဖွယ် ကြားဝင် ဖြန်ဖြေမှု ပြောဆိုမှုတွေကို ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ တကယ်လို့ တနေရာရာမှာ ထိပ်တိုက်တွေ့ဆုံမှု ဖြစ်လို့ ထိခိုက်ရင် တိုက်ပွဲများရဲ့သဘာဝ ဖြစ်ပါတယ်။ ကြားထဲက မသက်ဆိုင်တဲ့ ပြည်သူတွေ ထိခိုက်လာပြီ ဆိုရင်တော့ အစိုးရက ကြားဝင်ပြီးတော့ နှစ်ဖွဲ့လုံးကို မေတ္တာရပ်ခံတာ တောင်းဆိုတာ လုပ်ရမှာ ဖြစ်ပါတယ်။
ဦးဦးလှစော
မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ဥပဒေပြင်ပကို ကျနော်တို့ရောက်သွားပြီ။ ပြီးခဲ့တဲ့ ရက်က မြောက်ဦးမှာ ဖြစ်တဲ့ ပေါက်တောပြင်မှာ လက်သမား လာလုပ်တဲ့ ကလေးနှစ်ယောက်ကို ဖမ်းတယ်။ တယောက်ဆုံးသွားတယ်။ သူ့ကို AA ဆိုပြီး မတရား စွပ်စွဲပြီး လမ်းပေါ်မှာပဲ တနေရာမှာပဲ စစ်ဆေးတယ်။ အဲ့တာတွေက တရားဝင်စုံစမ်းစစ်ဆေးမှုတွေ မလုပ်ဘဲနဲ့ တရားမဲ့ စစ်ဆေးပြီး လက်လွန်ပြီး သေတာတွေ ခဏခဏ ကြားနေရတယ်။ ဒါက ဥပဒေပိုင်းအရ ဘယ်လိုမှ လက်ခံနိုင်စရာ အကြောင်းမရှိဘူး။
တရားမဲ့၊ တရားလက်လွန်ပြုတာတွေကတော့ တော်တော်လေး များနေပါပြီ။ အရင်တခါကလည်း သေတယ်လို့ အကြောင်းကြားတယ်။ သဂြိုဟ်ခွင့်တောင် မရဘူး။ အရင်က အင်မတန် ကြမ်းတမ်းပါတယ် ဆိုတဲ့ ၁၉၉၀ ရွေးကောက်ပွဲ နောက်ပိုင်း၊ ထောက်လှမ်ရေးခေတ်၊ အင်မတန် ကြမ်းတဲ့ ခေတ်မှာတောင်မှ အင်းစိန်ထောင်ထဲမှာ စုံစမ်းစစ်ဆေးရင်း လက်လွန်သွားတဲ့ အမှုတွေ ထောင်ထဲမှာ သေသွားတာတောင်မှ မြှုပ်နှံသဂြိုဟ်ခွင့် ပေးတယ်။ အဲ့လို အခွင့်အရေးမျိုးတောင်မှ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ လူ့ အဖွဲ့အစည်း ကို တည်ဆောက်နေစဉ် ကာလမှာ အဲ့အခွင့်အရေးမျိုး၊ ထောက်လှမ်းရေးခေတ်ကာလကြီး လောက်တောင်မှ မရတော့ဘူး ဖြစ်သွားတယ်။ အခုမိတယ် ဆိုလည်း AA အဖြစ် ဝန်ခံခိုင်းတယ်။
အခု ကျနော် မြောက်ဦး ရောက်နေတော့ ကြားတယ်။ လူငယ်တွေ အနေနဲ့ ဖမ်းမိရင် ကျနော် AA ပါ။ ကျနော့်ကို ရုံးပို့ပါ ဆိုတာတွေ ဖြစ်နေတယ်။ အဲ့တော့ ရိုးရိုးသားသား လူငယ်တွေက မဟုတ်ဘူးဆိုတာ ခံငြင်းရင် သေဖို့ များသွားပြီ။ အသက်အန္တရာယ်နဲ့ ကျိုးပဲ့ ဖြစ်ပြီ။ ဖမ်းမိတယ်ဆိုလည်း သက်ဆိုင်ရာကို လွဲှပြီးတော့ ဥပဒေ ကြောင်းအရ စုံစမ်းစစ်ဆေး၊ ဥပဒေကြောင်းအရ တရားစွဲတင်၊ နိုင်ငံတော် ပုန်ကန်မှုဆိုလည်း သေဒဏ် ပေးလိုက်ပေါ့ဗျာ။ ၁၇ (၁) (၂) ဆိုလည်း လုပ်လိုက်ပေါ့ဗျာ။ အခုဟာက ဘာမှ မလုပ်ရသေးပဲ ရိုးရိုးသားသား ခံငြင်းတော့ ကျိုးပဲ့၊ သေနဲ့ အဲ့တာမျိုးတွေက ဘယ်လိုမှ ဒီမိုကရေစီ အကူးအပြောင်း ကာလမှာ လက်ခံနိုင်စရာ မရှိဘူး။ တရားလက်မဲ့တွေဖြစ်နေတယ်။
အခုလို ဖြစ်လာတော့ တပ်မတော်နဲ့ ပတ်သတ်ရင် ကျေးရွာသူ ရွာသားတွေက ပထမတော့ ကြောက်တယ်။ ကျနော် တိမ်ညိုစခန်းတွေလည်း ရောက်ပါတယ်။ သူတို့က ကြောက်တယ်။ ရွာကို မပြန်ရဲဘူး။ ရွာကို ပြန်လာချင်လား ဆိုတော့ ပြန်ချင်တယ်။ ဒါပေမယ့် ကြောက်တယ်။ ဘာလို့ မပြန်လဲပြန်ချင်တယ်ဆို ပြန်လို့ မရဘူးလားဆိုတော့ မရဘူး။ ကြောက်တယ်။ ဘယ်သူ့ကြောက်လဲဆိုတော့ တပ်မတော်သား တွေကို ကြောက်တယ်။
အခြေခံပြည်သူတွေရဲ့ စိတ်ခံစားမှုက အဲ့တာပဲ။ အကြောက်တရား၊ ကြောက်ခြင်း နောက်မှာ တချို့ဆို သဘောထား ပြင်းထန်တဲ့ ယောင်္ကျား၊ မိန်းမတွေဆိုရင် ကြောက်ရင်းနဲ့မုန်းတာမျိုး ပေါ်လာလိမ့်မယ်။ အခုတော့ မုန်းတာကို မပြောဘူး။ မုန်းတာ၊ မမုန်းတာက တပိုင်း၊ အခုတော့ သူတို့ ကြောက်တယ်။ ဘာလို့ ကြောက်လဲ ဆိုတော့ အဖမ်းခံရမှာ မတရားခေါ်နှိပ်စက်နိုင်တယ်။ မတော်ရင် သေသွားနိုင်တယ်။ ဒါ လူသားဆန်ဆန် ပေါ်လာတဲ့ စိတ်ခံစားချက်ပဲ။
ကျနော်တို့က ရခိုင်အစိုးရနဲ့လည်း အမြဲတမ်း ပွတ်တိုက်မှုတွေဖြစ်နေတဲ့ ရခိုင်အမျိုးသားပါတီ က ဆိုတော့ ပြောရမှာတောင် အားနာလာပြီ။ ရခိုင်ပြည်နယ်အစိုးရက အုပ်ချုပ်ရေးပိုင်းမှာ စီမံခန့်ခွဲမှု အင်မတန် ညံ့ဖျင်းတယ်။ လူတဦးတယောက်အပေါ်မှာ အင်မတန် အားကိုးလိုမှုတွေ များလွန်းတယ်။ သူတို့မှာ မတရားမှုကို မြင်ပါလျက်နဲ့ ပြောနိုင်တဲ့ ခွန်အားလည်းမ ရှိဘူး။ ပြောရဲတဲ့ သတ္တိလည်း မရှိဘူး။ အဲ့တော့ ကျနော်တို့က အစိုးရ တရပ်ဟာ ကိုယ့်ဘက်က လူကြီးတွေမှားတယ် ဆိုလည်း ဒါကတော့ ဒီလိုဆိုပြီး မှန်မှန်ကန်ကန် လမ်းကြောင်းကို ပြောရမယ်။ အခုဟာက မေတ္တာ စေတနာ ကင်းမဲ့နေတယ်။ ဒုက္ခရောက်နေတဲ့ ပြည်သူတွေနဲ့ ပတ်သတ်ပြီး ရခိုင်ပြည်ကို အုပ်ချုပ်မင်းလုပ်နေတဲ့ ပုဂ္ဂိုလ်တွေက ဒုက္ခရောက်နေတဲ့ ရခိုင်ပြည်သူတွေအပေါ် မေတ္တာ၊ စေတနာ ကင်းမဲ့နေတယ်။ အဲ့လိုပဲကျနော်မြင်တယ်။
စစ်ကြောရေးမှာ သေဆုံးသွားသူတွေနဲ့ ပတ်သတ်ပြီး တရားလမ်းကြောင်းအရ မျှတမှု ရရေးကတော့ လောလောဆယ် မျှော်လင့်ချက် ကင်းမဲ့နေတယ်လို့ မြင်တယ်။ ကျနော်တို့က စစ်တိုက်တာ တော့ တိုက်ပေါ့ဗျာ။ သာမာန်ပြည်သူတွေအတွက်တော့ တရားမျှတမှုကိုပဲ ခံစားခွင့် ရစေချင်တယ်။ အဲ့တော့ တခါတခါ အုပ်ချုပ်ရေးပိုင်းမှာ ဖြစ်ဖြစ် ဒါက မြန်မာပြည်မှာ ဖြစ်တတ်ပါတယ်။
အပေါ်က အုပ်ချုပ်နေတဲ့ လူတွေက အောက်မှာ ဖြစ်နေတာကို သိရော သိရဲ့လား။ ဌာနဆိုင်ရာတွေမှာ ကျန်းမာရေးဌာနပဲဖြစ်ဖြစ် ပညာရေးဌာနပဲဖြစ်ဖြစ် အောက်ခြေမှာ တကယ်ဖြစ်နေတဲ့ အဖြစ်မှန်ကို အပေါ်က လူတွေက သိမှသိပါလေစ။ အဲ့လို မသိတော့ institution တွေ မကောင်းတဲ့ အခါကျတော့ တော်တော်ကို ယုံကြည်မှု ကင်းမဲ့စရာ ဖြစ်လာတယ်။ ကျနော်ထင်တယ် သူတို့မသိဘူး။ သတင်းပြန်ကြားရေးက ထုတ်တာတွေ ဒါအမှန်ကြီးပဲလို့ အပေါ်က လူတွေက ထင်နေကြသလား မသိဘူး။ အဲ့လိုပဲ ပြည်နယ် အစိုးရကလည်း အောက်ခြေမှာ ဖြစ်တာ မသိဘူး။ ပြည်နယ်အစိုးရ မသိတော့ ပြည်ထောင်စု အစိုးရ ပိုဆိုး၊ ဘာမှကို မသိဘူး။
ဒီရခိုင်ပြည်နယ်အရေးဟာ အင်မတန် ဝမ်းနည်းစရာလည်း ကောင်းပါတယ်။ စိတ်ပျက်စရာလည်း ကောင်းတယ်။ နိုင်ငံတကာမှာလည်း war crime လို့ စွပ်စွဲတာတွေ ရှိတယ်။ ပြည်ထောင်စု အစိုးရ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း လေးလေးနက်နက် စဉ်းစားဖို့ကောင်းပြီ။ ဘာမှ မဖြစ်သလိုပဲ လုပ်မယ် ဆိုရင်တော့ ဒီမှာ စိတ်ဒဏ်ရာတွေ ပိုများလာလိမ့်မယ်။ အရမ်းများလာလိမ့်မယ်။ အကြောက်တရား ကနေ အမုန်းတရားကို ပြောင်းလာဖို့က လွယ်ပါတယ်။
ဦးကြီးမြင့်
တရားလွှတ်တော် ရှေ့နေ
ဟိုတုန်းကတော့ စစ်အာဏာရှင်က အဆက်ဆက် အုပ်ချုပ်လာတာ ။ အခုက ဒီမိုကရေစီ အစိုးရ လက်ထက် ရောက်လာပြီ။ ဒါတွေကတော့ မဖြစ်သင့်ဘူး။ အရပ်သားအစိုးရကလည်း သိတဲ့ အတိုင်း ၂၀၀၈ အခြေခံ ဥပဒေအရ အာဏာက တဝက်လောက်ပဲရှိတာလေ။ တဝက်က စစ်တပ်ကပဲ ကိုင်ထားတယ်။ စစ်အုပ်ချုပ်ရေးပဲဖြစ်နေသေးတယ် ။ ဒါတွေက ၂၀၀၈ အခြေခံ ဥပဒေကို မပြင်နိုင်သမျှ တပ်ကလည်း သူ့လုပ်ပိုင်ခွင့်က လုပ်တယ် ဆိုတာတွေ ဆက်လုပ်နေမှာပဲ။ ၂၀၀၈ ကို ပြင်ပြီးမှ သူ့နေရာနဲ့သူ နေရာချပြီးမှ ဒါတွေက လျော့ပါးသွားလိမ့်မယ်။
ကျနော်တို့ ၈၈တုန်းကလည်း အဲ့လိုပဲ။ ၈၈ မှာ သေဆုံးတဲ့ သူတွေကို ဆေးစာအမှန် ရေးပေးလို့ မရဘူး။ ဆရာဝန်တွေ ခြိမ်းခြောက်ခံရတယ်။ အခုလည်း ဆေးစာရေးပေးဆိုလည်း အဲ့လို ဆန်ဆန်တွေ ထွက်လာမှာပဲ။ ဒါ့ကြောင့် တရားဥပဒေ စိုးမိုးရေး ဆိုတာ ၂၀၀၈ အခြေခံ ဥပဒေ မပြင်နိုင်သမျှ ကာလပတ်လုံး တရားဥပဒေစိုးမိုးရေးဆိုတာ ကျနော်တော့ လွယ်မယ် မထင်ပါဘူးဗျာ။
ကျနော်တို့ နိုင်ငံက အပြည်ပြည်ဆိုင်ရာ ဥပဒေတွေမှာလည်း လေးစားရမယ်လို့ လက်မှတ်ထိုးထားတာ ရှိတယ်။ ပြည်တွင်း ဥပဒေတွေကလည်း မညံ့ဘူး။ လူတွေက မလိုက်နာတာ။ ဥပဒေတွေက မညံ့ဘူး။ အင်္ဂလိပ် လက်ထက်မှာ ဆွဲခဲ့တာတွေ နဝတ လက်ထက်မှာ ထပ်ပြင်တာတွေရောပေါ့။ အခြေခံကျတဲ့ ဥပဒေတွေက ကောင်းပါတယ်။ လိုက်နာရမယ့် လူတွေက ကောင်းကောင်း မလိုက်နာဘူး။
အဲ့တာကြောင့် ၂၀၀၈ ကို ပြောပြောနေတာ အလကားပြောနေတာ မဟုတ်ဘူး။ အုပ်ချုပ်ရေးရော တရားရေးရော အကုန်စစ်ဗိုလ်တွေချည်းပဲ။ ဥပဒေ ပြုရေးတွေမှာရော ဒေါ်အောင်ဆန်းစုကြည် ခန့်ထားတာလည်း စစ်ဗိုလ်ပဲလေ။ ကျနော်တို့ နိုင်ငံက ၂၀၀၈ အခြေခံ ဥပဒေ မပြင်နိုင်သရွေ့ ကျနော်တို့ တရားဥပဒေ စိုးမိုးမှုက လျော့ပါးနေဦးမယ်။
အခု ရခိုင်မှာ သေဆုံးသူတွေကိစ္စမှာလည်း မကျေနပ်ရင် တရားစွဲလို့ ပြောမှာပဲ။ တရားစွဲရင် တရားရုံးမှာ စစ်တပ်ကို ပြည်သူက ပြန်ဆွဲတဲ့ဟာ ဘယ်မှာ နိုင်ဖူးလဲဗျာ။ ကျနော့်ကို ရှိရင် ပြပါ။ အဲ့လိုပဲ လုပ်နေတာ။ ပြည်သူတွေက ဘယ်လိုနည်းနဲ့မှ စစ်တပ်နဲ့ ပြိုင်ပြီးလည်း တရားရုံးမှာ မနိုင်နိုင်ပါဘူး။
ပင်မ ဖြစ်တဲ့ ၂၀၀၈ ကိုပဲ ကျနော်တို့ခေါင်းထဲ ထည့်ထားရမယ်။ လောလောဆယ်မှာတော့ ဝိုင်းကန့်ကွက် ရမယ်။ ဒီမိုကရေစီနိုင်ငံပီသစွာ လုပ်ပါ။ ဥပဒေကို လေးစားပါ။ ဒါကိုပဲကျနော်တို့က ထပ်တလဲလဲ ပြောပေး ရမယ်။
ရှင်းရှင်းပြောရရင် ဒီရခိုင်ကိစ္စနဲ့ ပတ်သတ်ပြီး လူတွေ သေတာနဲ့ ပတ်သတ်ပြီး ကျနော်တို့က ကချင်မှာ ၅ နှစ်လောက် နေဖူးတော့ အတွေ့အကြုံ ရှိပြီးပြီ။ ဘယ်လိုမှ ဥပဒေနည်းလမ်းနဲ့ လုပ်လို့ မရဘူးဗျာ။ အဲ့တော့ ကန့်ကွက်နေရမယ်။ ကြေငြာချက်တွေထုတ်နေရမယ်။ နိုင်ငံတကာကို တိုင်တည် ပြောနေရမယ်။ အဲ့တာတွေပဲ လုပ်လို့ ရလိမ့်မယ်လို့ ကျနော် ထင်ပါတယ်။
ဦးအောင်ခမ်း
ကချင်ပြည်သူ့ပါတီ
ဒီဟာက လုံးဝ မဖြစ်သင့်တဲ့ ကိစ္စတခုပါ။ ဒါက လူ့အခွင့်အရေး ချိုးဖောက်တာလို့ပဲ ပြောရမယ်။ ဒီလိုမျိုးတွေ ဆက်ဖြစ်နေမယ် ဆိုရင် အနာဂတ်အတွက် မကောင်းတဲ့ လက္ခဏာတွေဖြစ်ပါတယ်။
နောက်တခုကတော့ စစ်နဲ့ ပတ်သတ်လာရင် ဒီလိုမျိုး အကြမ်းပတမ်းတွေတော့ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် လူ့အခွင့်အရေး စံချိန်စံနှုန်းတွေနဲ့ပဲ ကိုင်တွယ်သင့်ပါတယ်။ မဟုတ်ရင် အနာဂတ် ပြည်ထောင်စု တည်ဆောက်တဲ့ နေရာမှာ အခက်အခဲဖြစ်လာပါလိမ့်မယ်။
ပထမအဆင့်အနေနဲ့နှစ်ဦးနှစ်ဖက် တန်းတူရည်တူ ရှိတဲ့ အခြေအနေမှာ စကားပြောသင့်ပါတယ်။ AA ကို ချန်ပြီးတော့မှ အပစ်ရပ်စာချုပ် လုပ်မယ်။ ငြိမ်းချမ်းရေးစကား ပြောမယ်၊ အတူတကွ ဗမာပြည်ဆိုတဲ့ ပြည်ထောင်စုကြီးနဲ့ ညီအကိုတွေဖြစ်ပါတယ် ဆိုတဲ့ အတူတကွ ဝိုင်းဝန်းဖြေရှင်းပြီးမှ ဗမာပြည်အတွက် လုပ်နိုင်ရင်တော့ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။
အဓိက ကတော့ တပ်မတော်ကနေ အဓိက တာဝန်ရှိပါတယ်။ ဒုတိယအနေနဲ့ကတော့ အစိုးရက တာဝန်ရှိပါ တယ်။ လက်ရှိ မြေပြင်အနေအထားမှာ တပ်မတော်ပေါ်မှာ မူတည်တယ်။ တရားမျှတမှုကတော့ သူ့အချိန်အခါ နဲ့သူ လုပ်လာရပါမယ်။ ဒါက လူ့အခွင့်အရေးနဲ့လည်း ဆိုင်သလို ပြန်လည်သင့်မြတ်ရေး နဲ့ လည်း ဆိုင်ပါတယ်။ ငြိမ်းချမ်းရေးအ ကုန်လုံးနဲ့ သက်ဆိုင်ပါတယ်။
ကိုကျော်လင်း ဗဟိုအလုပ်မှုဆောင်
ရက္ခိုင်ကျောင်းသားများ သမဂ္ဂ
ကျနော်တို့ကတော့ စစ်အတွင်းမှာ အရပ်သားတွေကို ဘယ်လို ကိုင်တွယ်ရမယ် ဆိုတဲ့ ဥပဒေတွေ အတိုင်း ဘယ်တပ်ဖွဲ့ကို မဆို လိုက်နာစေချင်ပါတယ်။ အခုလို ပုံစံမျိုး သံသယနဲ့ ဖမ်းပြီး ညှင်းပန်းနှိပ်စက်တဲ့အခါမှာ အသက်ဆုံးရှုံးရတာမှာ တာဝန်ရှိသူတွေ တာဝန်ယူဖို့ကို တောင်းဆိုပါတယ်။ နောက်တခုက အခုလို သေဆုံးရတဲ့ အတွက် ကျနော်တို့ အလွန်တရာ စိတ်မကောင်း ဖြစ်ပါတယ်။ အခုလို လုပ်ရပ်ကို ကျူးလွန်သူ တွေကိုလည်း ကျနော်တို့ ရှုံ့ချပါတယ်။
ကျနော်တို့က တပ်မတော်ဘက်က ပြောတဲ့ ပုံစံမျိုးကိုလည်း အယုံအကြည် မရှိပါဘူး။ ဘာလို့ အယုံအကြည် မရှိလဲ ဆိုတော့ တကယ်ကို ကျနော်တို့ကို ယုံကြည်စေချင်တယ်။ သူတို့ပြောသလို ဖြစ်သွားတာ ဆိုရင် ဒီ့ထက် ပိုတဲ့ ပွင့်လင်း မြင်သာမှုနဲ့ လုပ်ရမှာ ဖြစ်ပါတယ်။ သေတယ် ဆိုရင်လည်း ဘာကြောင့် သေတယ် ဆိုတာ နဲ့ ဆေးစစ်တဲ့ ရလာဒ်တွေကိုလည်း ချပြဖို့ လိုပါတယ်။ အဲ့တာတွေ လုပ်ရမှာ ဖြစ်ပါတယ်။
ကျနော်တို့ထပ် တောင်းဆိုချင်တာက သေဆုံးသွားသူတွေ အနာတရ ဖြစ်သွားသူတွေအတွက် တာဝန်ခံမှုရှိရှိနဲ့ တရားမျှတမှုကို ရဖို့ အစိုးရ ဖြစ်ဖြစ် တပ်မတော ်ဖြစ်ဖြစ် ထိထိရောက်ရောက် လုပ်ဆောင် စေချင် ပါတယ်။
ကျနော်တို့မြင်တာက ပဋိပက္ခ အခု ဖြစ်နေတဲ့ အချိန်မှာ အစိုးရဖြေရှင်းနေတာက မှားနေတယ်လို့ သုံးသပ်ပါတယ်။ ဘာလို့လဲ ဆိုတော့ အစိုးရအနေနဲ့ လက်နက်နဲ့ ဖြေရှင်းမယ်။ အာဏာနဲ့ ဖြေရှင်းမယ် ဆိုတဲ့ ပုံစံမျိုးပဲ မြင်နေရတယ်။ တကယ့်ကို ရခိုင်မှာ သြဇာရှိတဲ့ ပုဂ္ဂိုလ်တွေ နိုင်ငံရေး ပါတီတွေ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီးတော့မှ လုပ်ဆောင်မှုက အားနည်းတယ်။ ဒါကိုတော့ ကျနော်တို့က မှားတယ်လို့ထင်တယ်။
ကျနော်တို့ ဖြစ်စေချင်တာက ပြဿနာကို အရှိန်လျော့ချဖို့ ဆိုရင် အနည်းဆုံးတော့ နိုင်ငံရေးအသိုင်းအဝိုင်း မှာရှိတဲ့ နိုင်ငံရေးပါတီတွေနဲ့ တွေ့သင့်တယ်။ ဖြစ်နိုင်ရင် ရက္ခိုင်တပ်မတော် (AA) နဲ့ ဆွေးနွေးပွဲကို မဖြစ်မနေ လုပ်စေချင်ပါတယ်။ အဓိက အားဖြင့် တာဝန်အရှိဆုံးကတော့ အစိုးရနဲ့ တပ်မတော်ပါပဲ။ သူတို့က တခြားနည်းလမ်းကို ရွေးချယ်ပြီး လုပ်လာမှ ပြည်သူတွေအနေနဲ့ အေးအေးချမ်းချမ်း တည်တည်ငြိမ်ငြိမ် နေရမှာ ဖြစ်ပါတယ်။
မဇာခြည်ဦး
လူ့အခွင့်အရေး တတ်ကြွလှုပ်ရှားသူ
ဒါတွေက လက်ခံနိုင်စရာ မရှိတဲ့ အခြေအနေပါ။ အရပ်သားတွေ ထိခိုက်သေဆုံးတယ်။ အရပ်သားတွေ ဒဏ်ရာ ရတယ်။ အရပ်သားတွေကို အကာအကွယ် မပေးနိုင်ဘူးဆိုတာက တော်တော်ကို ဝမ်းနည်းဖို့ ကောင်းတဲ့ ကိစ္စပါ။ ကျမတို့တလျှောက်လုံး ပြောလာတာ စစ်ပွဲတွေဖြစ်ရင် ဖြစ် တိုက်ကြ၊ အရပ်သား တွေကို ဖြစ်နိုင်ရင် ခပ်ဝေးဝေးမှာ အကာအကွယ် ပေးကြပါ။ နှစ်ဖက်လုံးက အကာအကွယ် ပေးရမယ်။ မထိခိုက်အောင် တတ်နိုင်သမျှ ရှောင်ရှားရမယ်။
လက်နက်ကိုင်တဲ့ လူအကုန်လုံးမှာ တာဝန်ရှိတယ်။ ဘာမှ မသိတဲ့ ပြည်သူတွေ တနေ့ဝမ်းစာ တနေ့ ရှာစား နေရတဲ့ လူတွေနဲ့ ဝေးဝေးမှာ ဖြစ်ကြပါလို့ ပြောချင်တယ်။ အခုလိုမျိုး ဖမ်းဆီးစစ်ဆေးခံရပြီး ဒဏ်ရာတွေနဲ့ သေဆုံးတာတွေက ဘယ်လိုမှ လက်ခံနိုင်စရာ မရှိပါဘူး။ တိုက်ပွဲကာလမှာ ကြားညှပ်နေတဲ့ ပြည်သူတွေက ဟိုဘက်ကလည်း ဒီဘက်လူလို့ ထင်၊ ဒီဘက်ကလည်း ဟိုဘက်လူလို့ ထင်ခံရမှာပဲ။ အဲ့အချိန်မှာ ရှိနေတဲ့ လူငယ်တွေကို ဖမ်းဆီးတယ် စစ်ဆေးတယ် ဆိုရင် ဒီလို ရက်ရက်စက်စက် လုပ်တာကတော့ ဘယ်လိုမှ လက်ခံနိုင်စရာ မရှိပါဘူး။
အခု စစ်ကြောရေးမှာ သေတဲ့သူ ၁၄ ယောက် ရှိတယ်။ သူတို့က ရောဂါကြောင့် သေတယ်ဆိုရင် ရင်ခွဲ စစ်ဆေးချက် ယူပြီး ဘယ်လို လုပ်ပေးမှာလဲ။ နှစ်ဖက်လုံးမှာ တာဝန်ရှိတာ ဖြစ်ပေမယ့် တပ်မတော်ကတော့ နိုင်ငံတွင်းမှာ တရားဝင်ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း ဖြစ်လို့နိုင်ငံတွင်းမှာ ပြည်သူတွေကို ကာကွယ်ပေးရမယ့် တာဝန်က တပ်မတော်မှာ ရှိတယ်။ ဒို့တာဝန်အရေးသုံးပါးမှာလည်း သူကနိုင်ငံတော်ကို ကာကွယ်ရမယ်။ ပြည်သူကို ကာကွယ်ရမယ် ဆိုတာ သူ့ရဲ့သစ္စာအဓိဌာန်ထဲမှာ ပါပြီးသားဆိုတော့ သူ့ကိုတော့ ပိုပြီး ပြောချင်ပါတယ်။
ပြည်သူတွေကို အကာကွယ် ပေးရမယ်။ တတ်နိုင်သမျှမထိခိုက်အောင် လုပ်ပေးရမယ်။ နောက်တခုက ကျတော့ နေမကောင်းလို့တို့ဘာတို့ဖြစ်တယ်ဆိုရင် နေမကောင်းရင် အကျဉ်းသားဆိုရင်တောင် အကျဉ်းသား အခွင့်အရေးရှိပါတယ်။ လူမှာ လူ့အခွင့်အရေးရှိပြီးသားပဲ။ နေမကောင်းရင် ဆေးကုပေးရမယ်။ လိုအပ်တဲ့ အကူအညီတွေ ယူနိုင်ခွင့် ရှိရမယ်။ လူမှာ အသက်ရှင်ခွင့် ရှိပြီးသားပဲ။ အခြေခံ လူ့အခွင့်အရေးမှာ ရှိပြီးသားပဲ။ ဒါတွေကို လိုက်နာ စောင့်ထိန်းစေချင်ပါတယ်။
တိုက်ပွဲတွေရပ်ကြပါ။ တိုက်ပွဲတွေ ရပ်ဖို့ ပြောချင်ပါတယ်။ အခုချိန်မှာ ငြိမ်းချမ်းရေးအတွက် စကားပြောဖို့ အချိန်ရောက်ပါပြီ။ ဘယ်အချိန်ထိ တိုက်ကြမှာလဲ။ လူဘယ်နှစ်ယောက် သေပေးရမှာလဲ။ ပြည်သူတွေက ရွေးချယ်စရာ ဘာမှ မရှိဘူး။ တိုက်ပွဲက သူတို့ဆီ ရောက်လာပြီ။ ပြည်သူတွေက တိုက်ပွဲဆီကို သွားတာ မဟုတ်ဘူး။ နိုင်ငံတော်အစိုးရအနေနဲ့ရော တပ်မတော် အနေနဲ့ရော တိုင်းသူပြည်သားတွေကို ရင်ဝယ်သား ကဲ့သို့ စောင့်ရှောက်စဉ်းစားပေးပါ။ ညှိနှိုင်းဆွေးနွေးရေး လမ်းကြောင်း၊ နိုင်ငံရေးလမ်းကို သွားဖို့ ပိုပြီး တွန်းအား ပေးချင်ပါတယ်။
အထူးသဖြင့် အစိုးရကို တွန်းအားပေးချင်ပါတယ်။ လက်နက်ကိုင်တွေကို ဦးတည် ပြောတယ် ဆိုရင် လက်နက်ကိုင်တွေ အားကောင်းအောင် ပြောသလို ဖြစ်နေပါမယ်။ နိုင်ငံရေးအရ တင်မြှောက်ထားတဲ့ ကျမတို့ အစိုးရကသာ နိုင်ငံရေးစကားဝိုင်းကို ဆွဲခေါ်ရမှာပါ။ အစိုးရကနေ တိုက်ပွဲတွေကို ရပ်ပေးစေချင်ပါတယ်။ ညှိနှိုင်း အဖြေရှာတဲ့ လမ်းကို သွား စေချင်ပါတယ်။ ပြည်သူတွေကို အကာအကွယ် ပေးစေချင်ပါတယ်။
ဦးဖေသန်း
မြေပုံမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ်
တပ်မတော်အနေနဲ့ အရပ်သားနဲ့ AA တပ်ဖွဲ့ဝင်တွေကို လုံးထွေးပြီးတော့ အရပ်သားတွေက AA နဲ့ပူးပေါင်းတယ်။ AA ကို သတင်းပို့တယ်။ အရပ်သားတွေအနေနဲ့ အကုန်လုံး AAဘက်က ဝင်ပြီး ကူညီတယ်ဆိုတဲ့ အဲ့လို ခံစားမှုမျိုး သူတို့မှာရှိတယ်။ ရှင်းရှင်းပြောရရင် အရပ်သားတွေကို မယုံဘူး။ တွေ့တဲ့ သူတွေကို ဖမ်းတယ် ဆီးတယ်။ အဲ့တာကို ဥပဒေအရ တရားခွင်ကို ပို့ဖို့ မကြိုးစားပဲ တခြားနည်းနဲ့ ထောက်လှမ်းတာမျိုး မဟုတ်ဘဲ အတင်းအဓမ္မ ညှင်းဆဲ နှိပ်စက်တဲ့ နည်းတွေနဲ့ လုပ်လာတဲ့ အခါမှာ ဒီလို ပြဿနာမျိုး ဖြစ်လာတာပေါ့။
ဆိုလိုတာကတော့ ဥပဒေ စိုးမိုးမှု အားနည်းတယ်။ တပ်က အားရှိတဲ့ အခါမှာ အကုန်လုံး အရပ်သားတွေကို သူပုန်နဲ့ ဆက်သွယ်တယ်။ သူပုန်တွေကို အားပေးတယ် ဆိုတဲ့ အစွဲကလည်း ရှိတယ်ဆိုတော့ အဲ့ အချက်ပေါ်မှာ အခြားအချက်အလက်တွေကို အရပ်သား ဟုတ်လား မဟုတ်လား။ သူပုန်ဟုတ်လား၊ မဟုတ်လား မရှာဖွေ မစူးစမ်းပဲ နှိပ်စက်ညှင်းပန်းတဲ့ နည်းတွေနဲ့ စစ်ဆေးတော့ ဒီလို လက်လွန် ခြေလွန်တွေ ဖြစ်တယ်လို့ ကျနော်တို့က ယူဆတယ်။
ထောက်လှမ်းစစ်ဆေးရေး နည်းတွေကို လုပ်တဲ့ အခါမှာ တပ်မတော်က အခြားနည်းပရိယာယ်တွေကို သုံးပြီးတော့ သူပုန်လား၊ အရပ်သားလား ခွဲခြားဖို့လိုတယ်။ အရပ်သားတွေမဟုတ်ဘူး သူပုန်တွေ ၊ သူပုန်တွေနဲ့ အဆက်သွယ်ရှိသူတွေဆိုရင် ဒီလို အဓမ္မညှင်းဆဲ နှိပ်စက်တဲ့ နည်းလမ်းနဲ့ မဟုတ်ပဲ သူတို့ကို ဥပဒေရှိတဲ့ အတိုင်း တရားရုံးကိုပို့ ရဲလက်ကို အပ်ပြီးတော့ အမြန်ဆုံး တရားစီရင်သင့်တယ်လို့ထင်တယ်။
ဒီလိုသာ ဆက်ဖြစ်နေမယ်ဆိုရင် တပ်မတော်ရဲ့ လုပ်ရပ်က ပိုအကျည်းတန်ပြီးတော့ လူထုတွေက မုန်းတီး နာကျည်းတဲ့ စိတ်တွေ ဖြစ်လာမှာပေါ့ဗျာ။ သူတို့မှာလည်း မိသားစုတွေရှိတယ်။ ပတ်ဝန်းကျင်တွေရှိတယ်။ တပ်မတော်လာရင် ကြောက်ရွံ့မယ်၊ တပ်မတော် လာရင် ပြေးမယ်။ တပ်မတော်က လူဆိုးတွေဖြစ်လာတဲ့ အခါမှာ အဲ့နေရာမှာ စစ်ဆင်ရေးတွေ စည်းရုံးရေးတွေ စည်းရုံးရင်းနဲ့ တိုက်ဆိုတဲ့ တပ်မတော်ရဲ့ ဆောင်ပုဒ် နဲ့ ပြောင်းပြန်ဖြစ်ပြီး အကုန်လုံးက တပ်မတော်နဲ့ ပိုဝေးကွာသွားပြီး တဘက်ကို ရောက်သွားနိုင်ပါတယ်။ တဘက်ကို တွန်းပို့ သလို ဖြစ်သွားနိုင်ပါတယ်။
ဆင်ဆင်ခြင်ခြင်နဲ့ တခြားထောက်လှမ်းရေး နည်းပရိယာယ်တွေကို သုံးပြီးတော့ ချော့ပြီး ဥပဒေအရ အရေးယူမယ် ဆောင်ရွက်ဖို့ လိုပြီလို့ ထင်ပါတယ်။ ဘာလို့ ဆိုတော့ တနေ့ထက် တနေ့ အရေအတွက် က များများလာတဲ့အတွက် တပ်မတော်အတွက် ဂုဏ်သိက္ခာလည်း တော်တော့်ကို ထိခိုက်ပါတယ်။ နိုင်ငံတကာ အမြင်လည်း မကောင်းဘူး။ ပြည်သူတွေကလည်း မုန်းတီး နာကျည်းတဲ့ စိတ်တွေ ဖြစ်သွားတာပေါ့ ။ မကောင်းဘူးလို့ ယူဆပါတယ် ။
ဦးတိတ်နိုင် အတွင်းရေးမှူး
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)
ကျနော်တို့အနေနဲ့ ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် လူ့အခွင့်အရေးချိုးဖောက်မှု ရှိတယ်ဆိုရင် ကျနော်တို့ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။ အခုလို အရပ်သားပစ်မှတ်ဖြစ်လာတဲ့ အခြေအနေ မျိုး ကတော့ ပိုဆိုးပါတယ်။ ဒါမျိုးက ဒီ့ထက် ကြီးမားသွားမယ် ဆိုရင် အရပ်သားတွေကို ပစ်မှတ်ဖြစ်တဲ့ အတွက် စစ်ရာဇဝတ်မှုဖြစ်သွားနိုင်တဲ့ အခြေအနေမျိုးရှိပါတယ်။ ဒါကိုတော့ ကျနော်တို့ ဘယ်လိုမှ လက်ခံလို့ မရပါဘူး။ စစ်ဖြစ်တယ်ဆိုရင် နှစ်ဖက် သေနတ်ပစ်တာက တမျိုး၊ နောက်ပိုင်းမှာ အရပ်သား တွေကို AA နဲ့ ပတ်သတ်တယ်ဆိုပြီး စွပ်စွဲတဲ့ ကိစ္စမျိုးတွေ ဖမ်းဆီးတဲ့ ကိစ္စမျိုးတွေ ညှင်းပန်းနှိပ်စက်တဲ့ ကိစ္စမျိုးတွေရှိတယ်။ အခုဆိုရင် သေဆုံးတဲ့ အဆင့်ထိတောင် ဖြစ်တယ် ဆိုတော့ ဒါဟာ တော်တော်ကြီးမားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုလို့ ပြောလို့ ရပါတယ်။ ကျနော်တို့တော့ အဲ့လိုပဲ သတ်မှတ် ပါတယ်။
တပ်မတော်ကလည်း သူတို့ရထားတဲ့ သတင်းအချက်အလက်၊ အောက်ခြေ မြေပြင်အခြေအနေကို သတင်း ရချင်မှ ရပါမယ်။ ရရင်တောင်မှ ဖုံးကွယ်တယ် ဆိုတဲ့ ကိစ္စမျိုးက အများက ပြောနေကြပါတယ်။ အရပ်သားတွေက အနာတရတွေ ရနေခဲ့တယ်။ ဒဏ်ရာဒဏ်ချက်တွေ ရနေခဲ့တာတွေက ရုံးထုတ်မှာ တောင်မှ မျက်လုံးပိတ်တဲ့ အဆင့်ထိတောင် ဖြစ်နေတဲ့ အခြေအနေမျိုးတွေ ရှိပါတယ်။ ကျနော်တို့ ဆိုလိုတာက အစိုးရတို့ တပ်မတော်တို့က ဘယ်လိုပဲ ငြင်းငြင်း၊ သေဆုံးတဲ့ လူတွေ က သေဆုံးနေပြီ။ ညှင်းပန်းနှိပ်စက်မှု ခံရတဲ့ လူတွေကလည်း ဒဏ်ရာရတဲ့ အခြေအနေမျိုးတွေဖြစ်နေတယ်။ ဒီအခြေအနေမျိုးမှာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးတဲ့ အဖွဲ့တွေဖွဲ့ပြီး လုပ်ဖို့ လိုတယ်။ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေး အဖွဲ့တွေကို လေ့လာဖို့ စုံစမ်းဖို့ ခွင့်ပြုဖို့ လိုမယ် ထင်ပါတယ်။
အခုချိန်ထိ ပြောရမယ်ဆိုရင် ကျနော်တို့နိုင်ငံမှာက တရားဥပဒေစိုးမိုးရေးက အတော်ကို အားနည်း နေပါတယ်။ ခေတ်အဆက်ဆက်ကလည်း အားနည်းခဲ့ပါတယ်။ အခု အခြေအနေမျိုးထိ တရားဥပဒေ စိုးမိုးမှုကို တည့်မတ်ဖို့အတွက် လုပ်နိုင်တဲ့ အနေအထား မရှိသေးဘူးဆိုတာ ကျနော်တို့ မြင်တွေ့ နေရပါတယ်။ ဒါက ခေတ်အဆက်ဆက်ပါပဲ။ အရင်တုန်းကလည်း ဒီအတိုင်းပဲ။ အခုလည်း ဒီအတိုင်းပါပဲ ။ သိသာထင်ရှားတဲ့ တရားဥပဒေစိုးမိုးရေး တိုးတတ်လာတယ် ဆိုတာတော့ မတွေ့ရသေးဘူး။
ဦးရွှေဘော်စိန် ဥက္ကဋ္ဌ
ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး
ကျနော်တို့ လူမှုကူညီရေးအဖွဲ့အစည်းအနေနဲ့ကတော့ ဒီလိုဖြစ်စဉ်မျိုးတွေမှာက ရခိုင်မှာမှ မဟုတ်ဘူး။ ကျန်တဲ့ ပြည်နယ်နဲ့ တိုင်းမှာ ဒီလိုဖြစ်စဉ်မျိုးကို ဘယ်သူမှ လိုလားတာတော့ ရှိမယ်လို့ မထင်ဘူး။ ဒီလို ဖြစ်စဉ်မျိုးကို ရှောင်ရှားဖို့သဘောဆန္ဒမှတ်ချက် ပေးချင်တယ်။ နိုင်ငံတခုရဲ့ အရေးအခင်းဆိုလို့ရှိရင် ပြည်နယ်နဲ့တိုင်းမှာ ရှိတဲ့ တိုင်းရင်းသားတွေရဲ့ အရေးအရာလည်း ဖြစ်နေတယ်။
တိုင်းရင်းသားတွေနဲ့ပြဿနာ ဖြစ်တယ် ဆိုတာထက် နိုင်ငံတည်ငြိမ်မှု တခုကို အစိုးရအနေနဲ့ ဒီထက်ပိုပြီး ရှုပ်ထွေးမှုတွေ မဖြစ်ရအောင် တပ်မတော်အနေနဲ့ပဲဖြစ်ဖြစ် နိုင်ငံတော်အစိုးရအနေနဲ့ပဲဖြစ်ဖြစ် ပြည်သူတွေ အပေါ်မှာ တရားမျှတစွာ အုပ်ချုပ်မှုကို လိုလားတယ်လို့ မှတ်ချက်ပြုချင်ပါတယ်။
တရားမျှတမှုဆိုတာ စစ်ရေးစစ်ရာပဲဖြစ်ဖြစ် နိုင်ငံတခုမှာ တည်ငြိမ်မှု မရှိတဲ့ အခါ ဒီလိုတော့ ဖြစ်လေ့ ဖြစ်ထ ရှိတာပဲ။ ဒါပေမယ့် ဥပဒေက ရှိနေသေးတဲ့ အတွက် ဥပဒေဘောင်အတွင်းကနေ တရားမျှတစွာ လုပ်ဆောင်ဖို့အတွက် ကျနော်တို့ အနေနဲ့ တိုက်တွန်းချင်တယ်။ ရခိုင်မှာပဲဖြစ်တယ်လို့ မရှုမြင်ပါဘူး။ တနိုင်ငံလုံး ပြည်နယ်နဲ့ တိုင်းတွေမှာ ဒီလို ပြဿနာမျိုးတွေက ဖြစ်လေ့ဖြစ်ထ တွေရှိတယ်။ ဒါတွေကို ထပ်ပြီး ရှောင်ရှားဖို့ အခြေအနေနဲ့ပြည်သူလူထု အပေါ်မှာ အစိုးရအနေနဲ့ တရားမျှတစွာ အုပ်ချုပ်ဖို့ပြောချင် တာပါ။
သေဆုံးမှုတွေအတွက် ကျနော်တို့က အင်မတန်မှ ဝမ်းနည်းကြေကွဲရတယ်။ မိသားစု ဆွေမျိုး အသိုင်းအဝိုင်းတွေ ဆိုရင် သူတို့ရဲ့ နစ်နာဆုံးရှုံးမှု ဖြစ်တဲ့အတွက် စိတ်ထိခိုက်မှုတွေရှိနေမှာ ဖြစ်တယ်။ ထပ်ပြီးတော့ ဒီလို ပုံစံမျိုးတွေမဖြစ်အောင် ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ လိုလိုလားလားနဲ့ နှစ်ဖက် ညှိနှိုင်းပြီး လုပ်ဆောင်ဖို့ အဓိက ထားချင်ပါတယ်။
You may also like these stories:
ဖမ်းဆီးခံရသည့် မြောက်ဦး ဒေသခံများထဲမှ ၁ ဦး ထပ်မံသေဆုံး
ဖမ်းဆီးခံ မြောက်ဦးဒေသခံ ၁ ဦးသေဆုံး
AA အဖွဲ့ဝင်ဟု သံသယ ရှိသဖြင့် အရပ်သား ၂၅ဦးကို ထိန်းသိမ်းထား
ပုဏ္ဏားကျွန်းတွင် အရပ်သား ၁ ဦး မြေမြှုပ်မိုင်း နင်းမိ၍ ခြေပြတ်