နေပြည်တော်ရှိ ပုဂ္ဂလိကကျောင်းတခုတွင် အသက် ၃ နှစ်မပြည့်သေးသည့် မိန်းကလေးငယ်တဦး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ခံရမှုတွင် မသင်္ကာ၍ ဖမ်းဆီးစစ်ဆေးခံရပြီးနောက် တရားစွဲတင်ရန် အထောက်အထား မခိုင်လုံဟုဆိုကာ ပြန်လွှတ်ပေးခဲ့သူ ကိုအောင်ကြီးဆိုသူကို ရဲတပ်ဖွဲ့က ပြန်လည် ဖမ်းဆီးလိုက်ပြီး မုဒိမ်းမှု ပုဒ်မ ၃၇၆ ဖြင့် ယမန်နေ့က တရားရုံး တင်လိုက်ပြီ ဖြစ်သည်။
ထိုသို့ ပြန်လည် အဖမ်းခံရသည့် ယာဉ်မောင်းတဦး ဖြစ်သူ အသက် ၃၀ နှစ် အရွယ် အောင်ကျော်မျိုး(ခ) အောင်ကြီးကို ဒက္ခိဏခရိုင် တရားရုံးတွင် မနေ့က တရားစွဲဆိုတင်လိုက်ပြီး ယခုအခါ နေပြည်တော် အချုပ်ထောင်တွင် ထိန်းသိမ်းထားသည်ဟု ဒက္ခိဏ ခရိုင် တရားရုံးမှ သိရသည်။
ကိုအောင်ကြီးသည် ရဲစခန်း အချုပ်ထဲတွင် မုဒိမ်းကောင်ဟု အချုပ်သားများက စွပ်စွဲပြောဆိုကာ ဝိုင်းဝန်း ရိုက်နှက်မှုကိုလည်း ခံခဲ့ရသေးသည်။ ထို့ကြောင့် အများသူငါ စိတ်ဝင်စားနေသည့် အမှုဖြစ်စဉ်ကို စာဖတ်သူများ ပိုမို သိရှိနိုင်ရန် ဧရာဝတီ နေပြည်တော် သတင်းထောက် ထက်နိုင်ဇော်က အမှု၏ သံသယ တရားခံ ကိုအောင်ကြီး၏ မိခင်ဖြစ်သူ ဒေါ်ရီနှင့် ယမန်နေ့ ညပိုင်းက သွားရောက်တွေ့ဆုံခဲ့ပြီး မေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။
မေး ။ ။ အမှုဖြစ်စဉ် စဖြစ်တဲ့နေ့မှာ ကိုအောင်ကြီးက ဘယ်လို အကြောင်းကိစ္စနဲ့ Wisdom Hill မူကြိုကျောင်းကို ရောက်နေရ တာလဲ။
ဖြေ ။ ။ အဲဒီကျောင်းက ကျောင်းအုပ်ဆရာမက သူ့ရဲ့ အုံနာပေါ့။ အဲဒီ ၁၆ ရက်နေ့မှာဘဲ ကျမသားလေးက အဲဒီကားကို မောင်းဖို့ ၁၅ ရက်နေ့က ခေါ်ပြောတယ်လေ။ ခေါ်ပြောတယ်ဆိုတာက အဲဒီဆရာမတွေနဲ့က ကျမသားနဲ့လည်း ရင်းနှီးတာ မဟုတ်ဘူး။ သိလည်း မသိဘူး၊ ကျမတူလေးက အခုလည်း ဒီကားမောင်းတာ။ အဲဒီကားက ကျမတူလေး မောင်းတဲ့ကား (Wisdom Hill ကျောင်းကားကို ညွှန်ပြလျက်)။
သူ့ရဲ့သူငယ်ချင်းက ပြောတာက ဆရာမက ပြောတယ်။ ယာဉ်မောင်းတယောက် လိုတယ်။ နင်တို့ အစ်ကိုကို မောင်းလို့ ရမလား မေးကြည့်ပေါ့။ အဲဒါနဲ့ ကျမတူလေးက ပြန်လာတော့ သူ့အစ်ကိုကို မေးတယ်။ သူ့အဖေကလည်း ဒီမှာ ရှိနေတော့ အေးကွာ၊ မင်းလည်း အလကားနေ၊ အလကား ဆိုတော့ အဆင်ပြေတယ်ဆိုရင် မောင်းလိုက်ပေါ့လို့ ပြောတာနဲ့ တူလေးက ကိုကြီးလာခဲ့၊ မနက်ကနေ စမောင်းရမှာတဲ့။ အစ်ကိုကြီးနဲ့ သားနဲ့ သွားမယ်ဆိုပြီးတော့ အတူတူ သွားကြတယ်။
နောက်ပြီး အချိန် တော်တော်ကြီး ကြာတော့ ပြန်လာတာပေါ့။ ပြန်လာတော့ ဘာပြောလဲဆိုတော့ မနက်ကျရင် သားကို ဒီ အောက်ကနေ စောင့်နေလို့ ပြောတယ်တဲ့။ အဲဒီက ဗိုလ်ကြီးက လာကြိုလိမ့်မယ်တဲ့။ မနက်ရောက်တော့ ဟိုကောင်လေးကလည်း ကားထွက်တယ်။ သူကလည်း ဒီနားကနေ စောင့်နေတာပေါ့နော်။ အဲဒါနဲ့ အဲဒီဗိုလ်က ရောက်လာတော့ သူလည်း လိုက်သွားတယ်။
ပါသွားတော့ ဟိုလည်းရောက်လည်းရောက်ရော ဆရာမနဲ့ ဆရာမသား အငယ်လေးနဲ့က ဆင်းတယ်တဲ့။ သူကကျတော့ ဟိုဘက်ကို ဆရာမ သူငယ်ချင်း ကလေးတွေကို သွားကြိုတယ်တဲ့။ ကြိုပြီးတော့ ပြန်လာတယ်။ ပြန်လာတော့ ၉ နာရီခွဲလောက် ရှိမယ်တဲ့။ ပြန် လာတဲ့အခါကျတော့ အဲဒီကျောင်းမှာ ကြိုတဲ့ကလေးတွေကိုချ၊ ချပြီးတော့ ဒီဗိုလ်ကြီးက ဟိုဘက်ကို သူ့လုပ်ငန်း ရှိသေးတယ်လေ။
သူ့ရုံးကို သွားဖို့အတွက် အဲဒီကားကို ယူသွားတယ်။ ယူသွားပြီးတော့ ဗိုလ်ကြီးဆိုင်ကယ်က အဲဒီမှာ ရှိတယ်။ မင်းအဲဒီ ဆိုင်ကယ်နဲ့ ပြန်ဆိုတော့ ကျမသားလေးက အဲဒီဆိုင်ကယ်နဲ့ ပြန်လာတယ်။ ၃ နာရီထိုးတော့ ပြန်ကြိုဖို့ ဆိုပြီးတော့ ဆိုင်ကယ်နဲ့ ပြန်သွားတယ်။ ကျောင်းလည်း ရောက်ရော ဆရာမ(ကျောင်းကြီးကြပ်ရေးမှူး)က ဖုန်းလှမ်းဆက်တယ်တဲ့။ ကိုအောင်ကြီးရေ ကားမှာပေါ့နော်။ ကလေး သီချင်းခွေတွေ ဖွင့်ဖို့ အခွေလာယူပါလို့ လှမ်းခေါ်တယ်တဲ့။ ဖုန်းဆက်ပြီးတော့ ခေါ်တော့ ကျမသားလေးက ဝင်သွားတာပေါ့။
ဝင်သွားပြီးတော့ သွားယူတယ်။ ဆရာမက ပြောတယ်တဲ့။ ကိုအောင်ကြီး ဆရာ မလာသေးဘူး။ ဒီဧည့်တွေ့ ဆိုဖာခုံမှာ ထိုင်စောင့်နေ ဆိုတော့ ကျမသားလေးကလည်း အဲဒီမှာ ထိုင်စောင့်နေတာတဲ့။ ထိုင်စောင့်နေတဲ့ အချိန်မှာ ဘယ်လောက်ကြာလဲမေးတော့ ကျမလည်း မသိဘူး။ မခန့်မှန်းတတ်ဘူး။ သူတို့ ပြောနေတာတော့ ၂၆ မိနစ်ဆိုလား။ အဲဒီအချိန်မှာ သူ့ကားက ရောက်လာတယ်။ ရောက်လာတော့ သူ့ကားပေါ်တက်သွားတယ်။
တက်သွားတယ်ဆိုတာလည်း လုံခြုံရေးနဲ့ အဲဒီဆရာမတွေ အကုန်မြင်တယ်။ ၃၊ ၄ ယောက် မြင်တယ်။ မြင်တော့ အဲဒီ ဆရာမတွေက တောင် ပြောတယ်တဲ့။ ကျမတူလေးက ညနေပိုင်းကျရင် ဖယ်ရီကြိုတဲ့အခါကျရင် အဲဒီလုံခြုံရေး ဖယ်ရီကြိုတဲ့ ဆရာမတယောက်က ကျမတူလေးရဲ့ ဖယ်ရီကားပေါ်ကို လိုက်တယ်။ အဲဒီဆရာမက ကျမတူလေးကို ပြောပြတယ်တဲ့။ နင်တို့ အစ်ကိုက နေ့ခင်းက ဆရာမကြီးက ခေါ်တာဟယ် ဝင်လာတယ်။ ဝင်လာတာ အခွေယူပြီးတော့ သူ့ကားမလာသေးလို့ ထိုင်နေတာ ကျောက်တုံးကြီး ကျနေတာပဲ။ ရွေ့တောင် မရွေ့ဘူးပေါ့။ သူ့ဖုန်းပဲ သူထိုင်ဆော့နေတာ။ သူ့ကားလာမှ ထသွားတာ။ ငါတို့တွေက နီလာအေးတို့နဲ့တောင် ဝိုင်းနောက်နေကြသေးတယ်။ ဟိုမှာ ကျောက်တုံးကြီး ရွေ့သွားပြီ၊ ရွေ့သွားပြီ ဆိုပြီးတော့ ဘယ်မှတောင် မလှုပ်မယှက်နဲ့လို့ အဲဒီလိုပြောတယ်တဲ့။
မေး ။ ။ အဲဒီတော့ ကိုအောင်ကြီးနဲ့ရော အဲဒီကျောင်းက ဆရာမတွေနဲ့ရော သိလား။
ဖြေ ။ ။ မသိဘူး။ အဲဒီနေ့မှာ ဝင်တာ။ အဲဒီ ၁၆ ရက်နေ့ (မေလ)မှ စဝင်တာ။ ဘယ်သူနဲ့မှလည်း မသိဘူး။ ဒီဆရာမနဲ့လည်း အဲဒီနေ့မှ ညဘက် စကားပြောလိုက်တာပေါ့နော်။ မနက်ပိုင်းကျတော့ တွေ့လိုက်တယ်။ အဲဒါလေးပဲ ရှိတယ်။ ဘယ်သူနဲ့မှလည်း မရင်းနှီးဘူး။ ဆရာမတွေနဲ့လည်း မရင်းနှီးဘူး။ အဲဒီဆရာမတွေဆိုတာလည်း ကျမသားလေး အဲဒီလို ဖြစ်တယ်ဆိုမှ ကျမတု့ိနဲ့ သိတာ။ သူတို့နဲ့ ကျမတို့နဲ့ သိလည်း မသိဘူး။
မေး ။ ။ အမှုဖြစ်စဉ် ဖြစ်တဲ့နေ့မှာ ရဲတပ်ဖွဲ့ က ပြောနေတဲ့ CCTV ထဲမှာ ကိုအောင်ကြီးက ပါတာကိုး။ ယောကျာၤးလေး တယောက် ဆိုလည်း သူပဲ အဝင်အထွက် ရှိတယ်ဆိုပြီး ပြောကြတော့ ဒီအမှုဖြစ်စဉ်ကြားတော့ ကိုအောင်ကြီးမှာ ဘာတွေ ထူးခြားတာရှိလဲ။ သူဘာပြောသေးလဲ။ ဒီ Wisdom Hill ကိစ္စ စဖြစ်တယ် ကြားတော့လေ။
ဖြေ ။ ။ ကြားတော့ သူ့ကို ရဲက ခေါ်မေးတယ်တဲ့။ သူ့ကို ရက် ၂၀ နေ့ (မေလ)က ဆိုလား တခါ ခေါ်မေးတယ်တဲ့။ ကျနော်ကို ကျောင်းအုပ် ဆရာမကြီးက ခေါ်ပြီးတော့ ဒီအခွေကို လာယူပါဆိုလို့ ဖုန်းဆက်ခေါ်ပြီးတော့ ခေါ်လို့ ကျနော်သွားတာ။ သွားပြီးတော့ ဒီအခွေကို ကျနော် ယူတယ်။ ယူပြီးတော့ ဆရာမကြီးက ဆရာမလာသေးဘူး၊ ကိုအောင်ကြီးရေ။ ဒီမှာ ခဏထိုင်စောင့်နေဆိုလို့ ကျနော်လည်း အဲဒီမှာ ထိုင်စောင့်နေတယ်။ ထိုင်စောင့်တဲ့အချိန်ကျတော့ ဆရာမက ဟိုဘက်ကျောင်းကို သူ့အလုပ်ကိစ္စရှိလို့ ထွက်သွားပြီ။
ကျမသားလေးက ကျန်နေခဲ့တယ်။ အဲဒီနောက်တော့ ကျမပြောသလို အဲဒီအတိုင်းပဲ ပြောပြတယ်။ အဲဒါဆိုရင် မင်း သွားသေးလဲ ဆိုတော့ ဘယ်မှလည်း ကျနော် မသွားဘူး။ ဒီကနေ ဘယ်မှလည်း ရွေ့လည်း မရွေ့ဘူး။ သွားလည်း မသွားဘူး ဆိုတာလည်း အဲဒီ အမှတ် ၁ စခန်းက ရဲတွေကိုလည်း ပြောပြတယ်။ အဲဒါက တကြိမ်ပေါ့နော်။
နောက်တကြိမ်ကျတော့ ဒီဗိုလ်ကြီးပါ အစစ်ခံရတာ။ ဗိုလ်ကြီးပါ အမေးခံရတယ်။ ဗိုလ်ကြီးရယ်၊ သူရယ် သွားကြတာ။ အဲဒီ စခန်းကို သွားတော့လည်း အဲဒီလိုပဲ။ ဗိုလ်ကြီးကိုတော့ ဟိုဘက်မှ မေးတယ်ပေါ့။ သူ့ကျတော့ ဒီဘက်မှာ မေးတယ်ပေါ့။ သားက ဘာမှ သား မဟုတ်တာ မလုပ်တာ အမေရယ်တဲ့။ ဒါပဲ ပြောစရာ ရှိတယ်။ ဘာပြောစရာ ရှိလို့လဲတဲ့။
ဆရာမကြီး ဖုန်းဆက်ပြီးတော့ ခေါ်တယ်။ ခေါ်လို့ ဝင်သွားတယ်။ ကျနော်ကို အခွေပေးလို့ ကျနော် ယူတယ်။ ယူပြီးတော့ ကိုအောင်ကြီး ဒီမှာ ထိုင်စောင့်ဆိုလို့ ကျနော် ဒီမှာ ထိုင်နေတယ်။ ဒါပဲ ရှိတယ်။ အဲဒီလို ပြောတယ်။ ပြောပြီး မေလ ၃၀ ရက်နေ့ပေါ့နော်။ အဲဒီနေ့မှာ ဖုန်းလှမ်းဆက်တယ်တဲ့။ ကျမသား ဖယ်ရီသွားယူတော့။ စခန်းကို လာခဲ့ပါဦးဆိုတော့ ဟိုလည်း ရောက်လည်း ရောက်ရော ဗိုလ်ကြီးကနေပြီးတော့ ကားကို ယူသွားတယ်။
သူက ဆိုင်ကယ်နဲ့ ရဲစခန်းကို သွားတယ်။ ရဲစခန်းရောက်တော့ ရဲတွေက သူ့ကို မေးတော့ သူကလည်း ဒီလိုပဲ ဖြေတာပေါ့နော်။ အေး ငါတို့မှာ မေးစရာ ရှိလို့ပေါ့။ ရမန်ယူဖို့ ဆိုတော့ ကျမသားလေးက ရမန်ယူရအောင် ကျနော်က ဘာဖြစ်လို့လဲဆိုတော့၊ မဟုတ်ဘူး။ ငါတို့က မင်းကို စစ်ဆေးတဲ့အခါမှာ ရမန် မယူဘဲနဲ့ ခေါ်ခေါ်ပြီး စစ်ဆေးလို့ မရဘူးပေါ့။
နောက်ပြီးတော့ ကျမသားကို လှမ်းခေါ်တဲ့ ဖုန်းနံပတ်။ အဲဒီနေ့ကလည်း ကျမက ကျမတူလေးကို ဟဲ့၊ ဖုန်းတွေက ဒီထဲမှာ ခေါ်လို့ ရှိရင် ငါကလည်း စာမတတ်တော့ ဖုန်းနံပါတ်တွေ မဖတ်မိဘူး။ ဟလို ဟလို ဆိုရင် ကျကျ သွားတယ်။ အဲဒီမှာ အဲဒီဖုန်းတွေကို ဖျက်ပစ်လို့ဆိုပြီး အဲဒီလို ဖျက်ခိုင်းလိုက်တော့ ဒီဆရာမ ဖုန်းလည်း ကျမ မသိဘူး။ အဲဒီဖုန်းကလည်း ကျမဖုန်း၊ သူ့ဖုန်း မဟုတ်ဘူး။
ဒီလို ဖုန်းကို ကြည့်လိုက်တဲ့အခါမှ ခေါ်လို့ ဝင်တာလား။ ဒီတိုင်းပဲ ပါးစပ်နဲ့ ခေါ်ဖြစ်တာလား ဆိုတာကို ကျနော်ကို ဖုန်းလှမ်းဆက်လို့ ဝင်တာပါ ဆိုတော့ ဆရာမ ဖုန်းနံပါတ်ကို ရှာတော့ အဲဒီ ဖုန်းနံပါတ် မတွေ့ဘူးတဲ့။ မတွေ့လို့ ဆိုပြီးတော့ ဆွဲတာတဲ့။ အဲဒါနဲ့ ကျမက အရင်ရောက်သွားတာပေါ့နော်။ သူ့အဖေကို လှမ်းဖုန်းဆက်တယ်။ သူ့အဖေက ရုံးတက်နေလို့။ မြန်မြန်လာဦး၊ ကလေးကို ရမန် သွားယူတယ်လို့ ပြောတယ်လို့။ ကျမကလည်း ဒီကနေ ကျမတူလေး ကားနဲ့ လိုက်ပေါ့။ သူကလည်း ရုံးကနေ လာတယ်။
ဟိုကျတော့ ရမန် သွားယူနေပြီတဲ့။ ရမန်ယူရအောင်လို့ ကျမသားက တရားခံမှ မဟုတ်တာ။ ဘာညာပေါ့။ အဲဒီလို ပြောနေတဲ့ အချိန် မှာပဲ သူတို့ ရောက်လာတယ်။ ရောက်လာတော့ အမှုကိုင်က ကျမကို လှမ်းခေါ်တယ်။ ကျမဝင်သွားတော့ အပေါ်ထပ်မှာ ပြောမယ်ဆိုပြီး အပေါ်ကို ခေါ်သွားတယ်။
ကျနော်က ကိုအောင်ကြီးကို တရားခံဆိုပြီးတော့ ခေါ်သွားတာ မဟုတ်ဘူးနော်တဲ့။ ကျနော် အခုလည်း လက်ထိပ်လည်း ခတ် မသွားဘူးတဲ့။ သူ့ကို ဒီတိုင်းပဲ ခေါ်သွားတယ်တဲ့။ ဟိုရောက်တော့လည်း ကျနော် အမှုကိစ္စ ရှိလို့ အပြင်သွားတယ်တဲ့။ ကျနော် အပြင် သွားတဲ့အချိန်မှာ ကျနော်သူ့ကို တရားရုံးရှေ့မှာ ထိုင်ခိုင်းထားတာတဲ့။ တကယ်လို့ သူ တရားခံဆိုရင် သူထွက်ပြေးမှာပေါ့တဲ့။ အဲဒါက အမှတ် ၁ စခန်းက ဆရာက ကျမကို ပြောတာ။ သူမဟုတ်လို့သာ ထွက်မပြေးတာပေါ့တဲ့။ တကယ်ပါ ကိုအောင်ကြီး တရားခံ မဟုတ်ဘူး ဆိုတာကို ကျနော် သိလိုက်ရပါပြီတဲ့။ အဲဒီလို ပြောတာ။
CID က ဆရာတွေကလည်း အဲဒီလိုပဲ ပြောတယ်။ ဘယ်လို ပြောတာလဲဆိုတော့ အမှတ် ၁ က ဆရာကို ကျနေ်ာတို့က သူ့ဆီ ပါဝါဆိုလား ယူရတယ်ပေါ့နော်။ ယူတဲ့အခါမှာ အမှတ် ၁ က အမှုကိုင်ကလည်း ကျနော်တို့ကို ထွက်ထားပါတယ်တဲ့။ သူတရားခံ မဟုတ်ပါဘူးပေါ့။ CCTV မှာ ထိုင်တာ မြင်လို့၊ ယောကျာ်းသား မရှိဘူးပေါ့။ သူတို့ဆီမှာ ဝန်ထမ်း ယောကျာ်းသား မခန့်ထားဘူး။ မခန့်ထားတဲ့ ဥစ္စာကို ကျနော်တို့တွေက သူတို့ကို မေးတယ်။ ယောကျာ်းသား ရှိလား။ မရှိဘူး။
မရှိဘူးပြောနေချိန်မှာ CCTV ကြည့်လိုက်တဲ့အချိန်မှာ ယောကျာ်းသား တွေ့လိုက်လို့ ဒါကို မသကာင်္လို့ သူတို့ ခေါ်ရတာပါလို့ ကျနော်တို့ ထွက်ထားတယ်တဲ့။ ကျနေ်ာလည်း CID ကိုလည်း သေချာ ရှင်းပြထားပါတယ်တဲ့။ CID က ရဲက အဲဒီနေ့မှာ ဇွန်၂၄ ရက်နေ့ ကျမသားကို လွှတ်မှာပေါ့နော်။ ပထမ ရမန်မှာ ဟိုဘက်က တဝက်ပဲတဲ့။ ဒီဘက်က တဝက်ဆိုတော့ စစ်ရတာပေါ့နော်။ သက်သေ တွေရော ဘာတွေရောဆိုတော့ မလုံလောက်လို့ နောက်ရမန် ထပ်ယူတာတဲ့။ ရဲရမန်က ၂ ပတ်တော့ ယူပါတယ်တဲ့။
ယူပြီးတော့ စစ်ရမှာပေါ့ဆိုတော့ အဲဒါနဲ့ သူတို့ နောက်ရမန် ထပ်ယူတာပေါ့။ ယူပြီးတော့ စစ်တယ်။ စစ်တဲ့အခါမှာ ရမန်ပြည့်တော့ ကျမတို့ကို CID က လှမ်းပြောတယ်။ မနက် ၇ နာရီလောက်မှ ကျမတို့ဆီကို ဖုန်းဝင်လာတယ်။ ဘယ်လို ပြောလဲဆိုတော့ လူများ များစားစားနဲ့တော့ မလာပါနဲ့နော်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က လူမသိစေချင်လို့တဲ့။ အဒေါ်သားကို ဒီလို လွှတ်တာကို လူမသိစေချင်ဘူးတဲ့။ သိလို့ရှိရင် မီဒီယာတွေက အုံလာမှာ ဆိုးလို့တဲ့။ တိုးတိုးတိတ်တိတ်နဲ့ စခန်းကပဲ လွှတ်ပေးမယ်နော်တဲ့။
ကျမတို့ကတော့ ဘယ်ကပဲ လွှတ်လွှတ်ပေါ့လေ။ ကျမသားလေး ဒါနဲ့ မငြိစွန်းလို့ လွတ်သွားရင် ပြီးပြီပေါ့။ မဟုတ်မှ မဟုတ်တာလေ။ ဆိုတော့ ဟိုလည်း ရောက်လည်းရောက်ရော စခန်းမှူးကို မေးကြည့်တယ်။ ဒီကနေပြီးတော့ CID က ဆရာက လွှတ်ပေးမယ်လု့ိ ပြောတယ်လို့။ စခန်းက ဆရာက သူ့ကို ရမန်ယူထားတာ တရားရုံးက ယူထားတာတဲ့။ တရားရုံးကပဲ ပြန်လွှတ်ခွင့် ရှိတယ်တဲ့။ အဲဒီလို ပြောတော့ တအောင့်လောက်လည်း ကြာရော သူတို့ ရောက်လာတယ်။
သူတို့က ဘာပြောလဲဆိုရင် အဒေါ်တို့ ကျနော်တို့က ဒီကနေ တိုးတိုးတိတ်တိတ်နဲ့ လွှတ်ပေးမှာတဲ့။ ပွမှာ ဆိုးလို့တဲ့။ ဒါက ဖွနေကြ လို့တဲ့။ အဲဒီလို ပြောတော့ ကျမတို့ကလည်း အရိုးခံ မှတ်လို့ပေါ့နော်။ ဖွနေကြလို့ ဆိုတော့ ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်ပေါ့နော်။ အဲဒါနဲ့ ကျမတို့ကို ရုံးခန်းထဲခေါ်သွားပြီးတော့ တကယ်လို့ သူ့ကို ပြန်ပြီးတော့ စစ်လို့ ရှိရင် အဒေါ်တို့ အနေနဲ့က ပြန်ပို့ပေးဖို့ လက်မှတ် ထိုးပေးပါတဲ့။
ကျမတို့ လင်မယား ၂ ယောက် လက်မှတ်ထိုးလိုက်တယ်။ ထိုးပြုပြီးတော့ တရားရုံးကို ခေါ်သွားတယ်။ တရားရုံးရောက်တော့ စာရွက်တရွက်ကျန်ခဲ့လို့ ဆိုပြီး ပြန်သွားပြန်ရော။ ကျမသားပါ ခေါ်သွားတယ်။ ကျမတို့ကို ချခဲ့တယ်။ စာရွက်တရွက်ကျန်ခဲ့လို့ ဆိုပြီး သူတို့ရုံးကို ပြန်ယူတယ်တဲ့။ တော်တေ်ာကြီး ကြာတော့မှ သူတို့ ပြန်ရောက်လာတယ်။ ကျမသားရယ်၊ ရဲ ၃ ယောက်ရယ်၊ ကျမတို့ ရယ်ပေါ့နော်။ မြို့နယ် တရားရုံးမှာ နေပြည်တော်ကောင်စီထဲကရုံး။ တရားသူကြီးက ဖတ်ပြတယ်။
DNA က မတူဘူး။ နောက်ပြီးတော့ ဒီအမှုနဲ့ ပတ်သက်ပြီးတော့ ဘာမှ သူနဲ့ မငြိစွန်းဘူး။ ဒါကြောင့် လွှတ်လိုက်တာပါလို့ တရားသူကြီး ကိုယ်တိုင် ပြောတာ။ ဒီနေ့ကျတော့ ကျမက အဲဒီစကားကို ချပြတော့ အဲဒီက ရဲတွေက အဲဒါက အရပ်စကားတဲ့။ ဘယ်သူက ပြောတာလဲတဲ့။ DNA က ဘယ်တုန်းက ထွက်တာလဲတဲ့။ DNA ထွက်လို့သာ တရားသူကြီးက ဖတ်ပြီးတော့ ကျမသားကို လွှတ်တာပေါ့ ဆရာရယ်လို့။ တရားသူကြီးကိုယ်တိုင် ပြောတာဆိုတော့ DNA က မထွက်သေးဘူးတဲ့။ DNA မထွက်သေးတာကို ခင်ဗျားတို့က ဘယ်လိုလုပ်ပြီး သိတာလဲတဲ့။
DNA ထွက်တာ၊ မထွက်တာ ကျမတို့ကတော့ မသိဘူး။ တရားသူကြီးက သိလို့ပေါ့လို့။ တရားသူကြီးက သိလို့သာ DNA မတူဘူး။ ဒီအမှုနဲ့လည်း မငြိစွန်းလို့သာ လွှတ်ပေးတယ်လို့ ပြောတာပေါ့ဆိုတော့ သူတို့က အဲဒါကို အကြောက်အကန်တွေ ပြောတယ်။
မေး ။ ။ ဟုတ်ပြီ။ ကိုအောင်ကြီး အချုပ်ကနေ လွတ်လာတဲ့အချိန်မှာ အန်တီကို ဘာတွေများ ပြောပြတာ ရှိသေးလဲ။ သူ့အတွေ့ အကြုံကိုပေါ့။
ဖြေ ။ ။ ကျမက မေးတယ်။ CID က ဘယ်နှစ်ခါ ခေါ်သွားလဲဆိုတော့ ၂ ခါ ခေါ်စစ်တယ်တဲ့။ တခါကတော့ သားကိုတဲ့ ဒီရဲစခန်း မှာပဲ စစ်တာတဲ့။ ကြမ်းကြမ်းတမ်းတမ်း မစစ်ပါဘူး။ ကောင်းကောင်းမွန်မွန်ပဲ စစ်တာတဲ့။ ကိုယ်က ဘာမှ မဟုတ်တာ လုပ်ထားတာမှ မဟုတ်တာ အမေရယ်တဲ့။ ကိုယ်က ဒီမှာ ထိုင်မိတာလေးပဲ ရှိတော့ သူတို့လည်း သိတာပေါ့တဲ့။ ဒါကြောင့် နောက်ပြီးတော့ အမှတ် ၁ က ဆရာကလည်း တရားခံ မဟုတ်ပါဘူးဆိုတာ ပြောပြထားတော့ သူတို့လည်း သိလို့ နေမှာပေါ့တဲ့။
ညက စစ်တာကတော့ ကြမ်းတယ်ဆိုတာကတော့ ကျမသားက ကျမကို စိတ်မချမ်းသာမှာဆိုးလို့ မပြောတာ မသိဘူး။ ညက CID ဆရာတွေက ဘာပြောလဲဆိုတော့ ညကတော့ဗျာတဲ့ ကျနော်တို့အဖွဲ့ စစ်တာ မဟုတ်ဘူးတဲ့။ နောက်တဖွဲ့က စစ်တော့ ကြမ်းကြမ်းတမ်းတမ်း စစ်မှ ရမယ်လို့ ပြောတယ်တဲ့။
မေး ။ ။ ပြန်လွတ်လာတာက ဇွန် ၂၄ ရက်နေ့က လွတ်တယ်။ ပြန်အဖမ်းခံရတာက ဘယ်နေ့မှာ အဖမ်းခံရတာလဲ။ ရန်ကုန် သွားနေတယ်ဆိုပြီးတော့လည်း ကြားထားသေးလို့ပါ။
ဖြေ ။ ။ ပြန်လွတ်လာပြီးတော့ ကျမသားကို နတ်ကန်တော့စရာရှိလို့ ပွဲလေးဘာလေး ထိုးချင်လို့ ဆိုပြီးတော့ သူ့ကို ခေါ်သွားမယ် လို့ ရဲတွေကို မေးတော့ ရပါတယ် ခေါ်သွားပါတဲ့။ ကျမတို့ သွားကြတယ်။ သွားလို့ ၂ ရက်လောက်ပဲ နေသေးတယ်။ မနေ့က ညက ဖုန်းဝင်လာတယ်။ ရဲမှူးဌေးအောင်က ကလေးကို စစ်စရာ စကားလေး ကျန်ခဲ့လို့ပါ။ မနက်ဖြန်ကို ပြန်လာလို့ ရမလားတဲ့။ ရတယ်လို့။
ရပါတယ်ပေါ့။ ကျမတို့ကလည်း အရိုးခံပဲ။ အဲဒါဆိုရင် အစောဆုံးကားနဲ့ ရောက်မှ ဖြစ်မှာနော်တဲ့။ ကျနော်တို့က လူကြီးတွေကို ပြောပြရမှာတဲ့။
ရပါတယ်လို့။ ဒီညကတော့ မိုးတွေကလည်း ရွာနေတယ်။ အချိန်ကလည်း ၉ နာရီဆိုတော့လေ။ အဲဒါတောင် ကျမတို့ လက်မှတ်တွေ လှမ်းဝယ်သေးတယ်။ ရွှေမန်းသူက အောင်မင်္ဂလာ အဝေးပြေးသွားရင်တော့ ရတယ်တဲ့။ မိုးတွေက ကောင်းနေတော့ မနက်မှပဲ စောစောလေး သွားမယ်ပေါ့။ နောက်လည်းကျရော ထပ်ဆက်တယ်။ ဦးလေးတို့ ကားဂိတ်ရောက်နေပြီလားဆိုတော့ ကျနော်တို့ ထွက် လာပြီလို့ ပြောတဲ့အခါ ဦးလေးတို့ ဘယ်စခန်းကို နီးလဲတဲ့။ သာကေတကတဲ့။ ကျနေ်ာတို့ ၈ ရပ်ကွက်မှာ နေတာဆိုတော့ အမှတ် ၁ စခန်းတော့ နီးတယ်ပေါ့။ အမှတ် ၁ စခန်း နီးတယ်ဆိုရင် အဲဒီက စောင့်နေပါ။
ကျနော်တို့ဆီက CID အဖွဲ့ တွေ လာလိမ့်မယ်တဲ့။ အဲဒီကပဲ စောင့်ပြီးတော့ သူတို့ အဲဒီမှာ စစ်မလား၊ ဟိုကိုပဲ ခေါ်မလားတော့ မသိဘူးတဲ့။ ဒါပေမယ့် ရောက်တဲ့ ရဲစခန်းမှာပဲ စောင့်နေပါ။ မပြန်ပါနဲ့တဲ့။ ၁၀ နာရီ ကျော်ကျော်လောက်ကျတော့ သူတို့ ရောက်လာကြတယ်။ သူတို့ အထဲကို အရင်ဝင်သွားတယ်။ ဝင်သွားပြီးတော့ မြို့နယ်မှူးနဲ့ စကားပြောပြီးတော့ ကျမတို့ကို ခေါ်တယ်။ ကလေးကို ခဏလောက် ခေါ်သွားချင်တယ်ဆိုတော့ ကျမက ဘယ်ကိုခေါ်သွားမှာလဲ။ ဒီမှာ မမေးဘူးလားဆိုတော့ ဒီမှာ မမေးတော့ဘူး။
CID ကို ခေါ်သွားမယ်တဲ့။ ဆရာ ကျမတို့လည်း လိုက်မယ်ဆိုတော့ မလိုက်ပါနဲ့တဲ့။ သူ့တယောက်တည်းပဲ ခေါ်သွားမယ်တဲ့။ သူ့ကိုပဲ မေးစရာ ရှိတာပေါ့။ ဘာမှ မပူပါနဲ့တဲ့။ ပြီးတာနဲ့ ပြန်ပို့ပေးမှာပါတဲ့။ အဲဒီလို ပြောရင်းနဲ့ စောင့်နေတာ ၁၁ နာရီလောက်ကနေ သူတို့ ခေါ်သွားလိုက်တာ ၃ နာရီ၊ ၄ နာရီလည်း မလာတော့ ကျမတို့က ရဲစခန်းကို လှမ်းပြီးတော့ ဖုန်းဆက်တယ်။ ဒီရဲစခန်း ဖုန်းနံပတ်ကို CID က ပေးထားခဲ့တယ်။
ကျနော်နဲ့လည်း အပတ်စဉ်ပါတဲ့။ ညီအကိုလို နေတာတဲ့။ ဒီရဲမှူးကပေါ့လေ။ အကြောင်းရှိရင် သူနဲ့ ဆက်သွယ်မယ်ဆိုလို့ ကျမတို့က လှမ်းမေးတဲ့အခါကျတော့ သူတို့ဘက်က ဘာမှ မဆက်သွယ်သေးဘူးတဲ့။ သူတို့ ဆက်သွယ်တဲ့အခါကျရင် ကျနေ်ာတို့ ပြောပါ့မယ် တဲ့။ ကျမတို့က ဆက်စောင့်နေတာပေါ့။ ညနေ ၆ နာရီလောက်ကျတော့ ကျမတို့ ၂ ယောက် ရဲစခန်းကိုသွား။ ဆရာ အခုထိ ကလေးကိုလည်း အဖြူအမဲလည်း မသိရသေးဘူးလို့။ တကယ်လို့ အဆင်ပြေရင် ဖုန်းနံပါတ် ပေးပါလားလို့။ ခေါ်သွားတဲ့ CID ဖုန်းနံပါတ် တောင်းတာ။
မဟုတ်ဘူးတဲ့။ စစ်နေလို့ နေမှာပါတဲ့။ ကျနော် တော်ကြာမှ ဆက်ပြီးတော့ အမတို့ကို အကြောင်းပြန်မယ်တဲ့။ အဲဒါနဲ့ ပြန်လာတာ။ မိုးချုပ်တော့ ဒီညမှ ပြန်မလာရင်တော့ မနက်ဖြန်ကို CID ရုံးကို လိုက်ရမှာပေါ့။ အင်းစိန်ကိုလို့။ အဲဒီလို ပြောနေတုန်း ကျမသားအောင်ကြီး ဆီက ဖုန်းဝင်လာတယ်။
အခုတဲ့ ရဲမှူးဌေးအောင်လား။ ဆရာရဲ့ ဖုန်းနံပါတ်နဲ့ လှမ်းဆက်တာ။ အမေတို့ စိတ်ပူနေမှာ ဆိုးလို့တဲ့။ အခု သားက နေပြည်တော်ကို ရောက်နေပြီတဲ့။ ဟယ် ဘယ်လို ဖြစ်လို့ နေပြည်တော်ကို ရောက်တာလဲ။ သူ့အဖေကလည်း ဘယ်လိုလုပ်ပြီး ရောက်သွားတာလဲ။ အဖေတို့တောင် မနက်ကို အင်းစိန် စီအိုင်ဒီ ထင်လို့ အဖေတို့က မနက် လိုက်လာမလို့။ မဟုတ်ဘူး။ သားကို လေယာဉ်ပျံနဲ့ ခေါ်လာတာ။ ဒီည သားကို ဒီမှာ စစ်မယ်လို့ ပြောတယ်ဆိုပြီး ပြောတယ်။
ဒီမနက်ကျတော့ ကျမသားက စဖြစ်တဲ့နေ့က အဝတ်အစား၊ အကျီအဖြူ၊ အောက်က ပလေကပ် အကွက်ကလေးနဲ့ ခေါင်းမှာ ဦးထုပ် ဆောင်းထားတယ်။ အဲဒီဥစ္စာကို CCTV တွေထဲမှာ ပေါ်တယ်။ ပေါ်တဲ့အတွက် သူတို့က သုတေသန လုပ်ဖို့ ဆိုလား တောင်းလို့ အဲဒီဝတ်စုံကို ပေးပါဆိုလို့ ကျမတို့က မေ ၃၁ ရက်နေ့က ပေးလိုက်တယ်။ ဒီအဝတ်အစားကလည်း ကျမတို့မှ မရှိဘူး။
အဲဒီနေ့က CID က အဝတ်တစုံ ထုတ်ပေးတယ်တဲ့။ တန်းစီပြီးတော့ ဟိုဘက်က ကားသမားတွေပေါ့။ တရားခံတွေကို တန်းစီပြီးတော့ ဒီကလေးလေးကို ပြပေးမယ်။ ဒီကလေးလေးကနေ ဘယ်သူဘယ်ဝါဆိုတာကို ပြပေးမယ် ဆိုပြီးတော့ အမေတဲ့ ဘယ်သူမှလည်း မလာဘူးတဲ့။ ဘယ်သူမှလည်း မပြဘဲနဲ့ သားတယောက်တည်းပဲတဲ့။ တရားရုံးပေါ်ကို တင်ပြီးတော့ ၃၇၆ နဲ့ တရားစွဲတယ် ဆိုပြီးတော့ လုပ်တာတဲ့။ သူတို့ လုပ်ပုံတွေကို စဉ်းစားကြည့်ပါ။
အဲဒါနဲ့ ကျမက ကားပေါ်မှာ အကြောက်အကန်တွေ ပြောတာပေါ့။ ကျမသား ကျူးလွန်တာ မဟုတ်ဘဲနဲ့ ဘာကြောင့် ပုဒ်မ ၃၇၆ ဆိုတာ တပ်တာလဲဆိုတော့ အဲဒီက အမှုကိုင်က ကျမ နာမည်တော့ မသိဘူး။ မဟုတ်ဘူးတဲ့ သူတခုခု ငြိစွန်းချက်တော့ ရှိလို့ပေါ့တဲ့။ ငြိစွန်းချက် ရှိရအောင် ဆရာတို့လည်း သိတယ်လေလို့။ ဆရာတို့ကို အမှတ် ၁ စခန်းကလည်း ပြောတယ်။ ကျမသား တရားခံ မဟုတ်ပါဘူး။ ဆရာတို့လည်း ကျမတို့ကို ပြောတယ်။ တရားခံ မဟုတ်ပါဘူးပေါ့နော်။ ခေါ်စစ်ဆေးတာဆို။
မဟုတ်ဘူးတဲ့။ CCTV က ၄ ခါ ပျက်သွားတယ်ဆိုတော့ အဲဒီအထဲက သူ့ကို သံသယ ဖြစ်သွားတာ။ အဲဒီ CCTV ပျက်လို့တဲ့။ ကျမ သားကလည်း အဲဒီမှာ ထိုင်နေမိတာပေါ့နော်။ အဲဒါကြောင့် သံသယဖြစ်တာပါ။ ဘာမှ မပူပါနဲ့တဲ့။ ဆိုတော့ ပုဒ်မ ၃၇၆ မဟုတ်ပါဘူး ပြောပြီး အခု ပုဒ်မ ၃၇၆ နဲ့ သူတို့ မတရားကြီး လုပ်ပြီး ထည့်ထားတာ။
ပြီးတော့ နေ့ခင်းကျတော့ အချုပ်ခန်းထဲထည့်ထားခဲ့တယ်။ သူတို့ကတော့ ထမင်းသွားစားတယ်တဲ့။ အဲဒီ အချုပ်သားတွေက ဘာ အမှုနဲ့လည်းလို့ ကျမသားကို မေးတယ်တဲ့။ ၃၇၆ ဆိုတော့ အော်၊ သပြေကုန်းမှာ ဟော့နေတဲ့ အမှုပေါ့ ဆိုပြီးတော့ ကလေးလေးကို မုဒိမ်းကျင့်တဲ့ ကားသမားဆိုတာ မင်းလားဆိုပြီးတော့ ကျမသားကို ဝိုင်းထိုးကြတယ်တဲ့။ အချုပ်ခန်းထဲမှာ ဝိုင်းထိုးကြတာ။ ဟိုရောက်ရင်လည်း ဘယ်လို အထိုးခံရဦးမလဲ မသိဘူး။ ကျမတို့ ဘယ်လို လုပ်ရမှန်းတောင် မသိတော့ဘူး။ (ငိုလျက်) ဒီမှာလည်း အချုပ်သားတွေက ဝိုင်းရိုက်တယ်။ ဟိုရောက်ရင်လည်း ဘယ်လိုတောင် အရိုက်ခံရဦးမယ် မသိဘူး။
မေး ။ ။ ကိုအောင်ကြီးက အရင်ကလည်း မူးယစ်ဆေးမှုနဲ့ ထောင်ကျဖူးတယ်လို့ သိရတယ်။ အဲဒါဟုတ်လား။
ဖြေ ။ ။ အဲဒါလည်း မတရား စွပ်စွဲခံခဲ့ရတာ။ မဟုတ်ဘူး။ သာကေတမှာ အဲဒီ မူးယစ်ဆေးဝါးမှုကလည်း ကျမသား လက်ထဲကလည်း မိတာ မဟုတ်ဘူး။ ဆေးပြား ၄ ပြား သူ့သူငယ်ချင်း လက်ထဲမှာ ပါလာတာ။ သူက ထိုင်ပြီး ဘီယာသောက်နေတာ။ အဲဒီနေ့ က သူ့အစ်မနဲ့ ရန်ဖြစ်ပြီးတော့ ဆူလိုက်တော့ ထိုင်နေတာ။ အဲဒီအချိန်မှာ သူ့သူငယ်ချင်းက ဆေးပြား ၄ ပြား ခါးပိုက်ထောင်ထဲမှာ ပါလာတယ်။
ဒါလည်း သူ မသိဘူး။ အဲဒီအချိန်မှာ ည ၁၂ နာရီလောက်ကျတော့ ပတ္တရောင်က လှည့်လာတယ်။ လှည့်ကင်းပတ်တဲ့ရဲတွေက လာတယ်။ ဟိုတယောက်က သူ့ခါးပိုက်ထဲမှာ ဆေးပြားပါလာတာကို မလုံလို့ ထွက်ပြေးတာ။ ထွက်ပြေးတော့ ရဲတွေက လိုက်ဖမ်းတယ်။ ကျမသားကတော့ သူ့ဟာသူပဲ ထိုင်သောက်နေတာလေ။ ဘာအပြစ်မှ မရှိတော့ ဆက်ထိုင်သောက်နေတာ။
ဟိုကောင်နောက်ကို ရဲတွေက လိုက်တော့ အဲဒီအကောင်က ခါးပိုက်ထဲကနေပြီးတော့ စက္ကူထုတ်လေး တခုကို လွှတ်ပစ်လိုက်တာကို ရဲတွေက တွေ့တယ်။ ပြေးကောက်တော့ ဆေးပြား ၄ ပြားတဲ့။ အဲဒါနဲ့ ပြန်လှည့်လာပြီးတော့ ကျမသားကို လာခဲ့ မင်းလည်း ရဲစခန်း လိုက်ခဲ့ပေါ့။ ကျနော်နဲ့ ဘာဆိုင်လို့လဲ။ ကျနော်ဘာသာ ဘီယာ သောက်နေတာကို ဆိုတော့ မင်းကို သက်သေ သဘောမျိုးပဲ။ စစ်ပြီးရင် ပြန်လွှတ်မှာဆိုပြီးတော့ မနက်လည်းရောက်ရော ဆေးသွားစစ်တယ်တဲ့။
ထွက်လာတော့ ကျမသားက ဆေးအောင်တယ်။ သုံးစွဲတာလည်း မရှိဘူး။ ဒါပေမယ့် ၆ နှစ် အချခံရတယ်။ ဒီအတွက်နဲ့ ကျမတို့မှာလည်း ကုန်ခဲ့တယ်။ အခု လွတ်ငြိမ်းချမ်းသာနဲ့ ပြန်လွတ်လာတယ်။ ထောင်ထဲမှာ ၂ နှစ် ကျော်ကျော် နေခဲ့ရတယ်။ ပြန်ထွက်လာတော့ ကျမတို့ကို ပြောတယ်။ မေမေတို့လည်း သားအတွက်နဲ့ ပိုက်ဆံတွေ တအားကုန်ပါတယ်တဲ့။ ဖေဖေလည်း ပင်စင် ရပြီပေါ့နော်။ မေမေတို့ကို လိမ်လိမ်မာမာနဲ့ ရှာကျွေးပါ့မယ်တဲ့။ ရန်ကုန်မှာ တက္ကစီမောင်းပြီးတော့ ရှာကျွေးမယ်လို့ ပြောတယ်။ အားမငယ်ပါနဲ့ ပြောပြီးတော့မှ အခုလို အဲဒီလိုတွေ စဖြစ်တာ။ ဟိုတခါတုန်းကလည်း မတရား အစွပ်စွဲခံရပြီးတော့ ဖြစ်ရတာ။ အခုဟာကြီးကလည်း ပိုပြီး မတရားတာပေါ့။ လုပ်တာက ကြည့်ပါဦး။
မေး ။ ။ ဒီဟာ မဟုတ်ဘူးဆိုတဲ့ အကြောင်းကို ဘယ်လို အချက်အလက်တွေ အရ ပြောနိုင်တာလဲ။ တိုတိုတုတ်တုတ်ပဲ ပြောပေးပါလား။
ဖြေ ။ ။ တိုတို တုတ်တုတ် ပြောရရင် ဒါမဟုတ်ဘူး။ ဟုတ်တယ်ဆိုတာ ဆရာမတွေလည်း သက်သေရှိတယ်။ နောက်ပြီးတော့ ကျမသားကလည်း ဆရာမကြီးက ခွေလာယူလို့ ပေးလို့ ဝင်ယူတာပဲ ရှိတယ်။ ဝင်ပြီးတော့လည်း ကိုအောင်ကြီးရေ ဆရာမလာခင် အဲဒီမှာ ထိုင်နေဆိုလို့ အဲဒီနားမှာပဲ ကျောင်းရဲ့ ရှေ့က ဧည့်တွေ့ဆိုဖာမှာ ထိုင်နေတာ။ ဒါကိုပဲ မတရား စွပ်စွဲနေတာကို ဝိုင်းဝန်း ကူညီပေးကြပါလို့ ကျမ အဲဒီလိုပဲ ပြောချင်ပါတယ်။
ဆက်စပ်ဖတ်ရှုရန်
ပြန်လွှတ်လိုက်သည့် Wisidom Hill အမှု သံသယတရားခံ ရက်ပိုင်းအတွင်း ပြန်အဖမ်းခံရ
Wisdom Hill အမှု ဖော်ထုတ်ရန် မလွယ်ဟု CID ပြော
နာကျင်နေသော အဖေတယောက်ရဲ့ ဖွင့်ဟချက်