နေပြည်တော် Wisdom Hill အမည်ရှိ ပုဂ္ဂလိက မူကြိုကျောင်းမှ အသက် ၂နှစ်ကျော် ဗစ်တိုးရီးယား အမည်ရှိ မိန်း ကလေးငယ်တဦး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုနှင့် ပတ်သက်၍ ကျောင်းကား မောင်းသူ ကိုအောင်ကြီးအား သံသယ တရားခံအဖြစ် ရဲတပ်ဖွဲ့ က ဖမ်းဆီးကာ မုဒိမ်းမှု ပုဒ်မ ၃၇၆ ဖြင့် တရားရုံးတင် စစ်ဆေးတော့မည် ဖြစ်သည်။
အဆိုပါ ဗစ်တိုးရီးယား ဆိုသည့် ကလေးငယ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ခံရသည်မှာ မေလ ၁၆ရက် နေ့ ကတည်း က ဖြစ်ပြီး၊ တလကျော်သည့် အထိ အမှု အခြေအနေ ထူးခြားမှု မရှိဘဲ ဖြစ်နေစဉ် လူမှုကွန် ရက်ပေါ်တွင် ဝေဖန်ပြော ဆိုမှုများကြောင့် နိုင်ငံတော် သမ္မတရုံးမှ ထိုအမှုကို စောင့်ကြည့် နေကြောင်း ပြောဆိုပြီး နောက် ဇူလိုင် ၄ရက်နေ့တွင်မူ သံသယ တရားခံ ကိုအောင်ကြီးကို ရဲတပ်ဖွဲ့ ဖမ်းဆီး တရားစွဲဆိုလိုက်ခြင်းဖြစ်သည်။
တရားခံ ဖမ်းမိပြီ ဆိုသည့် ထုတ်ပြန်ကြေညာမှု အပေါ် “အမှန်တကယ် ကျူးလွန်သူ ဟုတ် မဟုတ်ဆိုသည့် သံသယ များလည်း ပြည်သူအကြား ဝေဖန်ပြောဆိုမှုများ ထွက်ပေါ်နေရာ ယင်း အမှု ဖြစ်စဉ်နှင့် ပတ်သက်၍ ဥပဒေရေးရာ ကျွမ်းကျင်သူ တရားလွှတ်တော် ရှေ့နေများ၊ လွှတ်တော် ကိုယ်စားများ၊ လူ့အခွင့်အရေးနှင့် အမျိုးသမီးရေး တက်ကြွ လှုပ်ရှားသူများ၏ အမြင်၊ သုံးသပ်ချက် များကို ဧရာဝတီ အကြီးတန်း သတင်းထောက်များ ဖြစ်သည့် နန်းလွင်နှင်းပွင်နှင့် လဲ့လဲ့ တို့က မေးမြန်းကာ စုစည်း ဖော်ပြလိုက်သည်။
ဒေါ်ခိုင်ခိုင်လဲ့
(ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ သထုံမြို့နယ်၊ မွန်ပြည်နယ်)
ဥပဒေသမား တယောက် အနေနဲ့ ကျမ ဥပမာ တခုတော့ ပေးချင်ပါတယ်။ ကျမ လူသတ်မှု တခု လိုက်ဖူးတယ် ။ လူ သတ်မှုက သံသယ တရားခံဆိုပြီး ၁၉ ယောက် ကို ရဲက ခေါ် စစ်ဆေး တယ်။ သေတာတော့ တယောက်တည်း ပေါ့။
နောက်ဆုံး ရုံးတင်တော့ တရားခံ ၅ ယောက် ပါလာတယ်။ ၅ယောက်မှာ နောက်ဆုံး ၃ယောက်ကို လွှတ်လိုက်ပြီး ၂ ဦး ကို တရားခံ အဖြစ် သတ်မှတ်တယ်။ ဆိုလိုချင်တာက ရဲရဲ့ လုပ်ငန်းစဉ်မှာ သံသယရှိသူ အဖြစ် ခေါ်ယူစစ်ဆေး တယ် လို့ သူတို့ ပြောခဲ့ဖူးပါတယ်။
ဒါပေမယ့် ပြည်သူသိအောင် ဒါမျိုးက သတင်းစာရှင်းလင်းပွဲတွေ ကျကျနန လုပ်ပြီးတော့ လူထုကို ချပြသင့်တယ် ထင်တယ်။ ဒီအမှုမှာလေ။ သူတို့ ဘယ်နှစ်ယောက် ကို စစ်ခဲ့တယ် ဆိုတာမျိုးပေါ့။
ပြောနေတာတွေက တရားဥပဒေ လမ်းကြောင်းက လာတာ မရှိဘူး။ အမည်မဖော်လိုတဲ့ ရဲတို့၊ Official မဟုတ်တဲ့ Facebook အကောင့်တွေက ရေးနေတာတွေက တရားမဝင်ဘူး။
တကယ်တမ်း Investigation လုပ်ခဲ့ပါတယ်ဆိုတဲ့ လုပ်ငန်းစဉ်ကြီး တခုလုံးကို ပြဖို့ လိုတယ်။ ဒါမှ ပြည်သူက ကျေနပ်မှာ၊ မဟုတ်ရင်တော့ ကျေနပ်မှာ မဟုတ်ဘူး။
သံသယရှိတဲ့ လူတွေကို DNA စစ်တယ် လို့လည်း ပြောတယ်။ DNA စစ်ချက် ဆိုတာက ဘယ်လို ပုံစံနဲ့ ယူခဲ့တယ် ဆိုတာ ကျမတို့ မသိဘူး။ သေချာ ဘာမှ မသိရဘူး။ ဒီအမှုက ကန့်လန့်ကာ နောက်ကွယ်မှာ ဖြစ်ပျက်နေတာ ပြည်သူ က ဘာမှ မသိရဘူး။
ကလေးရဲ့ဘဝ တခုလုံး အတွက်ကလည်း အများကြီး ကာကွယ်ပေးဖို့ လိုတယ်လို့ ကျမတို့က ထင်တယ်၊ တနေနေ့ တချိန်ချိန်မှာ ဒီအဖြစ်အပျက် သူဖြစ်ခဲ့ပါလားဆိုတာ သူသိသွားရင် စိတ်ဒဏ်ရာ ရနိုင်တယ်။ ငယ်စဉ် ကတည်းက လည်း မသိမသာ ရှိခဲ့တဲ့ စိတ်ဒဏ်ရာက ပိုကြီးသွားနိုင်တယ် ။
အများကြီး စဉ်းစားရမယ် ထင်တယ်။ ကျမ တခု ပြောချင်တာ အခု သံသယ ရှိသူအဖြစ် စွပ်စွဲနေတာကလည်း ကလေး တွေဖြစ်နေတယ်။
Facebook ပေါ်မှာလည်း ဓါတ်ပုံတွေ ပလူပျံ နေတယ်။ အမှန်ဆို အဲ့လိုမျိုး မဖြစ်သင့်ဘူး။ ကလေး အခွင့်အရေးအရ သူတို့ကိုလည်း အကာအကွယ်ပေးရမယ်။ သူတို့မှာလည်း အကာအကွယ် ရဖို့အတွက် အခွင့်အရေးရှိတယ်။
ဒီအချိန်မှာက သံသယ ရှိတယ်ဆိုတဲ့ သူ အဖြစ်က ကလေး ၂ယောက် ပါနေတယ်။ အဲ့အတွက်ကြောင့် CID က သူတို့ စစ်ဆေးချက်ကို သတင်းစာရှင်းလင်းပွဲ တခု ပြည်သူလူထု သိအောင် လုပ်ပေးသင့် တယ်လို့ ထင်တယ်။
ကျမတို့ တနိုင်ငံလုံး လက်မခံနိုင်တာက Rape Case တွေရဲ့ အဓိကက ဆေးစာပဲ ဖြစ်ပါတယ်။ ဒီအမှုကို ကျမ မပြော ဘူးနော်။ ကျမဆီမှာ ဖြစ်တဲ့ Case တခုကို အဓိကထား ပြောချင်ပါတယ်။
ကျမဆီမှာ ရှိတဲ့ Case က ကလေးက ၉ နှစ်၊ ကျမတို့ကူညီခဲ့ဖူးတယ်။ အဲ့ကလေးက ဆေးရုံ ရောက်လာတော့ ရက် နည်းနည်း နောက်ကျပြီးမှ ရောက်လာတယ်။ ၁၄ ၊ ၁၅ ရက် ကျော်မှ ရောက်လာတယ်။ ဆီးလုံးဝ မသွားနိုင်ဘူး။ ခန္ဓာကိုယ် အင်္ဂါက အနံ့ဆိုး ထွက်နေပြီ။ လမ်းလုံးဝ မလျောက်နိုင်ပဲဖြစ်နေတဲ့ အနေအထား၊ဗိုက်ကြီးဖောင်း ၊ တကိုယ် လုံး ဝါထိန်နေမှ ရောက်လာတယ်။
သူက Nerve Injury ရသွားတယ်။ လမ်းလျှောက်ဖို့ ခါးအောက်ပိုင်း ထိခိုက်သွားတော့ အခက်အခဲ တော်တော် ဖြစ်သွားတယ်။ ဒါပေမယ့် ကျမတို့ ကလေးကို လူမှု ဝန်ထမ်းက Case Manager တွေနဲ့ ကျမတို့ အမျိုးသမီးတွေပဲ စစ်တာနော်။ အမျိုးသမီးတွေပဲ ဒီကလေးကို နည်းလမ်းပေါင်းစုံနဲ့ မေးတော့ ကလေးက ကျမတို့ ထင်တာက ပုံမှန်အရဆို ကလေးကို မျက်နှာချင်းဆိုင် ပုံစံနဲ့ပဲ ကျူးလွန်တယ်လို့ ထင်တော့ မေးတယ်။
သမီး လက်ကို ချုပ်လားဆိုတော့ ကလေးက လုံးဝ မဟုတ်ဘူးပဲ ပြောတယ်။ ကျမတို့ တော်တော်လေး စဉ်းစားရ ကျပ် သွားတယ်။ ဒါပေမယ့် မမျှော်လင့်တဲ့ အနေအထား ဖြစ်သွားတယ်။ သူ့ခန္ဓာကိုယ်ရဲ့ နောက်ကြောကနေ လုပ်တဲ့ အတွက်ကြောင့် ခါးရိုးက လုံးဝကို တကယ့်ကို Seriously ဖြစ်သွားတယ် အကြောတွေက၊ ဆေးစာကလည်း တကယ် အဲ့ဒီတိုင်း ထွက်တယ်။
ဆေးစာကလည်း ပုံမှန် မဟုတ်ဘဲ နောက်ဘက်က လုပ်တဲ့ ပုံစံနဲ့ ဖြစ်နိုင်တယ် ဆိုတော့ ကလေးပြောတာနဲ့ ဆေးစာနဲ့ က တထပ်တည်း ကျတယ်။ အဲ့တော့ ဆေးစာကလည်း အရမ်း အရေးကြီးပါတယ်။ ဒီအမှုမှာ ကလေးရဲ့ ဆေးစာက ဒီအမှုအတွက် အရမ်းအရေးကြီးတဲ့ သော့ချက် ဖြစ်နိုင်ပါတယ်။
ကလေးရဲ့ ခန္ဓာကိုယ်မှာ ရရှိတဲ့ ဒဏ်ရာရယ်၊ ဆေးစာရယ်ပေါ့။ သူတို့ အမှုတည်ဆောက် ထားတာနဲ့က ကိုက်မိဖို့တော့ လိုတာပေါ့ ။
ကျမ တွေ့ဖူးတဲ့ Caseတခု ဆိုရင် ကလေးက ၈ နှစ်၊ သူ့ကို Rape လုပ်တဲ့ သူ့ အကိုက ၁၅ နှစ် ဒါပေမယ့် အဲ့ဒါတာတောင် လမ်းလုံးဝ မလျှောက်နိုင်တော့ဘူးနော်။ ဒါ သိပ် Gap မဖြစ်ဘူး။
အခုလည်း ကလေး(Victoria ) က ၂ နှစ်နဲ့ ၁၁ လ၊ ၃ နှစ်ထားပါတော့ ကလေးရဲ့ ဆေးစာနဲ့ စဉ်းစား ကြည့်ရတော့ မှာပေါ့။ ကိုက်ညီမှုရှိတဲ့ ဒဏ်ရာ၊ အမှုရဲ့ကွင်းဆက်ပေါ့ ။ အများကြီး စဉ်းစားစရာ ရှိပါတယ်။
ကျမ ဒီအမှုမှာ အဓိက ကလေးနဲ့တွေ့မယ်။ စကားပြောမယ်။ အဓိက သက်သေက ဆရာမပေါ့ ။ အဲ့ဒီ ဆရာမရဲ့ ထွက် ချက်ကလည်း အရေးကြီး ပါတယ်။ သူက မျက်မြင်သက်သေလည်း ဟုတ်တယ်။ ဖြစ်စဉ် ဖြစ်သွားတဲ့ အနီးကပ်ဆုံး သော သူလည်း ဟုတ်တယ်။
အခုက CCTV ကို ပြပြီးတော့ ဒီလူပါလို့ ကလေးကို Confirmation ယူတယ် ဆိုတာ တချက်ပဲ ရှိတယ်နော်။ အဲ့ဒီ တချက်တည်းနဲ့ ဒီလူပါလို့ ဖမ်းလိုက်တာပေါ့ ။ ဖမ်းပြီး စွဲတင်လိုက်တယ်ပေါ့၊ တရားရုံးကို တိုက်ရိုက် စွဲတင်တာက ဥပဒေရုံးကိုရော မဖြတ်ဘူးလား။ ဖြတ်တာပေါ့။
တကယ်ဆို ဥပဒေက လုံလောက်တဲ့ ရဲက ပြန်ပို့လာတဲ့ Investigation လုပ်ထားတဲ့ အချက်တွေ ပြည့်စုံ လုံလောက် တယ် ထင်လို့ တရားရုံးကို တင်ဖို့ ပြောခဲ့တာလား။ ဒါမှမဟုတ် မလုံလောက်ဘူးဆိုပြီး Investigation ထပ်လုပ်ပါ ဆိုပြီးတော့ ချပေးလို့ရော မရဘူးလား။ အများကြီး စဉ်းစားစရာ ရှိတယ်။
နောက်တခုက ကျမ စိတ်ထင်က ဒီအမှုက အများကြီး ဖြစ်နိုင်တယ်။ ကလေးရရှိတဲ့ ဒဏ်ရာက အခု ၁ နှစ်နဲ့ ၈ လ Grace ဆိုတဲ့ ကလေး (ဘုန်းကြီးက Rape လုပ်တဲ့ ကလေးတဲ့ အမှု ) ဆိုရင် အခု မစင်စွန့်တဲ့ အိတ်နဲ့ ခန္ဓာကိုယ် အပြင်မှာ ထုတ်ထားရတယ်။ အူတွေပါ ညှပ်ထုတ်လိုက် ရတဲ့ အနေအထား ဆိုတော့ စဉ်းစားကြည့်နော်။ အသက်က သိပ်မကွာဘူး။
စဉ်းစားစရာတွေ အများကြီး ရှိပါတယ်။ အမှုက သွေးရိုးသားရိုး အရမ်းကြီး ရိုးစင်းလွန်းတဲ့ Caseမဟုတ်ဘူး။ နောက် အဲ့ဒီထဲမှာ Twist တွေ အများကြီး ရှိနေမယ်။ ကျမတို့ မထင်ထားတဲ့ ရှုထောင့်ကလည်း ဖြစ်လာနိုင်တယ်။
မထင်ထားတဲ့ ရှုထောင့်ဆိုတာ ကလေးရဲ့ အင်္ဂါကို လက်နဲ့ ကိုင်တာမျိုး၊ လက်က တဆင့် အထဲကို သုတ်ပိုး ရောက် သွားတာမျိုးရော မဖြစ်နိုင်ဘူးလား။ ဒါက ကျမရဲ့ ကိုယ်ပိုင် အမြင်ပါ ဒါမျိုးလည်း စဉ်းစားလို့ ရတာပေါ့။
အခု လူတွေက နည်းနည်းရော နေတယ်။ တရားစီရင်ရေးမဏ္ဍိုင် တိမ်းစောင်းတာ မဟုတ်ဘူးနော်။ တရားဥပဒေ စိုးမိုးမှု မရှိတာ။ တရားစီရင်ရေး မဏ္ဍိုင် တိမ်းစောင်းတယ် မစောင်းဘူးဆိုတာက သူနောက်ဆုံး ဆုံးဖြတ်လိုက်တဲ့ အပေါ်မှာပဲ ပြောလို့ ရမှာ။
တရားရုံးကို အခုမှ ရောက်တာ၊ တရားဥပဒေ စိုးမိုးမှု မရှိတာလို့ပဲ ပြောလို့ရမယ်။ တရားဥပဒေ စိုးမိုးမှု မရှိတာက တည်ဆဲဥပဒေတွေကို လေးစား လိုက်နာမှု အားနည်းတာ။ ပြည်သူတွေကို လုံလောက်တဲ့ အကာအကွယ် မပေးနိုင် တာ။ တရားဥပဒေ စိုးမိုးမှုရှိလား၊ မရှိလား ပြောရမယ် ဆိုရင် မရှိဘူးဆိုတဲ့ ရာခိုင်နှုန်းက ပိုများမယ် ထင်တာပဲ။
ကျမတို့က ဘယ်သူ့ကို တရားဥပဒေ စိုးမိုးရေး ဆိုတဲ့ နေရာမှာ ရဲ တယောက် တည်းကိုပဲ အားကိုး နေလို့ မရဘူး။
ဘက်စုံထောင့်စုံက Society လည်း ပါဖို့ တော့ လိုတယ်။ အခုတော့ Society က တအား ဒီကိစ္စနဲ့ ပတ်သတ်ရင် Active ဖြစ်တယ်။ အားကောင်းတယ်။ ဒါပေမယ့် ရဲဘက်က အားနည်းနေတယ်လို့ ထင်တာပဲ။
အခုက ရုံးတင်လိုက်ပြီ။ လုံလောက်တဲ့ သက်သေတွေရှိတယ်။ နှစ်ဖက် စစ်ကြဦးမယ်။ ဟိုဘက် ဒီဘက် သက်သေ ခံချက်တွေ ရလို့ အမိန့်ချလိုက်ပြီ။ ဒီလူကို အမိန့်ချလိုက်ပြီ၊ နောက်ဆုံး ဒီလူ တရားခံပါဆိုတာလည်း ဖြစ်နိုင်သလို ဒီအမှုကနေ မှားယွင်းတဲ့ အမှုဆိုတာလည်း ဖြစ်နိုင်တယ်။ အများကြီး ဖြစ်နိုင်တယ်။
နောက်ဆုံး ဆုံးဖြတ်ချက် မရောက်သေးတော့ ကံသေ ကံမ မပြောနိုင်ပါဘူး။ တရားမျှတမှု ရဖို့ကတော့ တရားရုံးရဲ့ နောက်ဆုံး ချတဲ့ အမိန့်ပေါ်မှာပဲ မူတည်လိမ့်မယ်လို့ ကျမ ထင်ပါတယ်။
ဒေါ်နန်းဖြူဖြူလင်း
(ငြိမ်းချမ်းရေးအတွက် ကျားမတန်းတူရေး မဟာမိတ် အဖွဲ့(AGIPP) )
ဒါက အမှုတခုတည်း မဟုတ်ဘူး။ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစနစ် အားနည်းတဲ့ပုံ ကို ထောက်ပြလိုက်တာပဲ။ တရား ဥပဒေက ရှိနေတယ်။ ဒါပေမယ့် အဲ့တရားဥပဒေကို အသုံးပြုနေတဲ့ တရားစီရင်ရေးစနစ်၊ အဘက်ဘက်က အားနည်း နေတယ်။ ယိုပေါက်တွေ ရှိနေတယ် ဆိုတာကို ကွက်ကွက်ကွင်းကွင်း ပြလိုက်တာ။ အဲ့ဒီတော့ သွေးတိုးစမ်းတယ်။
ဟိုဘက် ဒီဘက် အားတွေ အကြီးအကျယ် ပြိုင်နေတယ်လို့ ထင်တယ်။
ဒါကို ဒီကောင်မလေး အမှုကြောင့် အားလုံးက ဝိုင်းတာလဲ ဆိုတော့ နာမည်ကြီးချင်လို့လား ဆိုတော့ လုံးဝ မဟုတ်ပါ ဘူး။ ဒီတမှုတည်းလို့ မြင်လို့ မရဘူး။ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး၊ အုပ်ချုပ်ရေး၊ ပြည်သူတွေရဲ့ပူးပေါင်း ပါဝင်မှု၊ သက်ဆိုင်ရာ တာဝန်ရှိသူများရဲ့ ဒီကိစ္စအပေါ်မှာ အလေးအနက် ထားမှု ပြီးတော့ တရားဥပဒေ၊ လာဘ်စားမှု ချစားမှု ဒါတွေ အကုန်လုံးနဲ့ ပတ်သက်ဆက်စပ် နေပါတယ်။ ဒါ့ကြောင့် လူထုက ဒီလောက် ပါလာတာပါ။ ဒီအတိုင်းပဲ ပြီးသွား လို့ ရမယ့် ကိစ္စရပ် လုံးဝ မဟုတ်ပါဘူး။
ပြည်သူလူထုက ဘယ်လောက်ထိ ပါလာမှာလဲ။ ပြည်သူလူထုက ဘယ်လောက် အော်သံ ကျယ်လာလဲ ဆိုတဲ့ ပေါ်မှာ တစစီ ပြန် တုန့်ပြန် တာကတော့ တော်တော်ကြီးကို မဟုတ်သေးဘူး။ ပထမ လွှတ်လိုက်ပြီးမှ အကုန်လုံးကလည်း ကစားကွက်တွေက မြင်နေတယ်။
ဒီလုပ်ကွက်ကြီး ကတော့ ပြန်လာတော့မှာပဲ ဆိုပြီးမှ သူတို့က ထူးမခြားနား ပတ်ပျိုးကို လာတယ်။
မီဒီယာတွေကိုတော့ ကျမတို့ တော်တော်ကို ကျေးဇူးတင်တာရှိတယ် ။ တောက်လျှောက် ကိုယ့်ရဲ့ စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေကို စောင့်ထိန်းတယ်။ တောက်လျှောက် မော်နီတာ လုပ်တယ်။ ပြီးတော့ ဒီနေ့ဆိုရင် သက်ဆိုင်ရာ သံသယ တရားခံရဲ့ မိဘတွေရဲ့စကားသံတွေကို လူတွေကို သိအောင် ပြောပြတယ်။
အဲ့ဒါဆိုရင် လူတိုင်းက ဦးနှောက်ရှိတဲ့ လူတွေချည်းပဲ ။ ကိုယ် ဘယ်ဘက်မှာ ရပ်တည်မှာလဲ ။ တရားမျှတမှု ဘက်မှာ ရပ်တည်မှာလား။ အကြောက်တရား ပေါ်မှာ ရပ်တည်မှာလား။ သူများရဲ့ လွှမ်းမိုးမှု အောက်မှာ ရပ်တည်မှာလား ဆိုတာ ရပ်တည်ချက် တွေပေါ် မူတည်ပြီးတော့ ကွဲလွဲနေတာ။ ဘယ်ပေါ်မှာ ရပ်တည်နေတယ် ဆိုတာ ပြည်သူတွေက ကြည့် ပြီးတော့ ထောက်ပြနေတယ်လို့ မြင်တယ်။
စနစ်က လူတွေရဲ့ လွှမ်းမိုးမှု ခံနေရသေးသရွေ့ ဘယ်တော့မှ အားနည်းတဲ့ လူတွေဘက်မှာ ရှိမှာ မဟုတ်ဘူး။ ဒါပေ မယ့် တရားမျှတရေး၊ တရားစီရင်ရေး၊ တရားစီရင်ချက်ကို အမှီအခိုကင်းကင်းနဲ့ ရပ်တည်နိုင်ဖို့က အရမ်းလိုပါတယ်။
အဲ့ဒီတော့ တခုခုဆို ကိုယ့်ဘာသာ ကိုယ်ရှင်းပြောတယ်၊ ရှင်းတယ်။ ရှင်းလို့ မရရင်တော့ ကျမတို့တော့ အစီရင်ခံစာ တွေတင်ရမှပဲ။ တခုခုဆို မိအေးအော်တာပဲ လူသိတယ်။ ဂဏန်းညှပ်တာ လူမသိဘူးဆိုတာလေ။ အော်စရာရှိရင် အော်ရမှာပဲ။
လမ်းပေါ်က လုပ်တယ်။ လိုင်းပေါ်က လုပ်တယ်။ ကျမတို့ကတော့ အစီရင်ခံစာတွေက တဆင့် ကြိုးစား လုပ်သွားရမှာ ပဲ။ ဖြစ်စဉ်ကို ပြည်တွင်းမှာ ရှိတဲ့ တာဝန်ရှိသူများကိုလည်း ပေးပို့မယ်။ ပြည်တွင်းမှာရှိတဲ့ တာဝန်ရှိသူ များရဲ့ ကိုင် တွယ်မှု အပေါ်မှာ မူတည်ပြီးတော့ အခြေအနေကို ကြည့်ပြီးတော့ အာဆီယံမှာဆိုလည်း အမျိုးသမီးနဲ့ ကလေး သူငယ် ကော်မတီတွေရှိတာပဲ။
လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ ၄ နှစ် တကြိမ် မြန်မာနိုင်ငံက အစီရင်ခံစာတွေ ရေးရတာပဲ။ CEDAW နဲ့ ပတ် သက်ပြီး အမျိုးသမီး အခွင့်အရေးတွေနဲ့ ပတ်သက်ပြီး အစီရင်ခံစာတွေ ရေးရတာပဲ။
ကိုယ့်နိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို တဆင့်တဆင့် ရေးပြီး တင်ပြသွားဖို့ အဖွဲ့အစည်းတိုင်း လုပ်နေ ကြပါတယ်။
ပွင့်ပွင့်လင်းလင်း ပြောရရင် ဘာမျှော်လင့်ချက်မှ မရှိဘူး။ ဒီနိုင်ငံမှာ မျှော်လင့်ချက် ထားလို့ မရဘူး။ ကိုယ့်သမိုင်းကိုယ် မရိုင်းအောင်ပဲ လုပ်ရမယ်။ ဒီမတရားမှု ဖြစ်စဉ်မှာ ငါတို့သည် တရားမျှတမှုကို တောင်းဆိုတဲ့ ဘက်ကနေ ရပ်ခဲ့တယ်။
တရားမျှတမှု ရှိမယ် မရှိဘူး။ စီရင်မယ် မစီရင်ဘူး ဆိုတာကတော့ သက်ဆိုင်ရာ လုပ်ပိုင်ခွင့် ရှိသူတွေရဲ့ လက်ထဲမှာ သူတို့ သမိုင်းကို သူတို့ပြော ရလိမ့်မယ်။ ကျမတို့ကတော့ ဇူလိုင်လ ၄ ရက်၊ ၂၀၁၉ မှာ ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေ တရပ်ပေါ်မှာ မူတည်ပြီးတော့ ဘယ်သူ့ကိုမှ မျှော်လင့်လို့ မရဘူးဆိုတာကို သုံးသပ်ပြီးတဲ့ နောက်မှာ ကိုယ့်သမိုင်း ကိုယ် မရိုင်းအောင် ကိုယ် ဘယ်ဘက်မှာ ရပ်မလဲ။ ကျန်တဲ့ လူတွေရော ဘယ်ဘက်မှာ ရပ်မလဲဆိုတဲ့ မေးခွန်းနဲ့ ရှေ့ဆက်သွားရမှာပဲ။
ဒေါ်ခင်ခင်ကျော်
(တရားလွှတ်တော် ရှေ့နေ)
ကျမတို့ အနေနဲ့ကတော့ အမှုတိုင်း အမှုတိုင်းက တရားခံအမှန်ကို ဖော်ထုတ်ပြီးတော့ ထိုက်သင့်တဲ့ ပြစ်ဒဏ် အရေးယူ ဆောင်ရွက်ပေးရမှာဖြစ်တယ်။ အဲဒီအတွက်ကြောင့် အမှန်တရားအတွက်က ရတဲ့ရှူဒေါင့်ကနေ ကျမတို့ကတော့ တင်ပြ ပြောဆိုသွားမှာဖြစ်တယ်။
တကယ်ဖြစ်စဉ် အမှန် တရားခံ အမှန် ပေါ်ပေါက်ဖို့ကတော့ တရား ဥပဒေ စိုးမိုးရေး ဘက်ကတော့ အရမ်းအရေးကြီး တယ်။ အားလုံးက အစစ်အမှန်ဖြစ်ဖို့လိုတယ်။ အားလုံးကလည်း စိတ်ဝင်စားမှု အနေအထားဖြစ်တယ်။
သက်ငယ် မုဒိမ်းမှု ဆိုတာကလည်း ကျမတို့ ကလေးတွေနဲ့ အမျိုးသမီးတွေအတွက် အရမ်း အရေး ကြီးတဲ့ ကဏ္ဍမှာ ဖြစ် နေတယ်။ တကယ်စစ်မှန်တဲ့ တရားခံတွေ ဖမ်းဆီးနိုင်ဖို့ကလည်း ကျမတို့ တရားစီရင်ရေးမှာ အရေးကြီးတဲ့ ကဏ္ဍ မှာပါ တယ်။
လက်ရှိ တရားစီရင်ရေးနဲ့ လက်ရှိ အစိုးရမှာပါ ဒီအပေါ်မှာ အမှုမှန် ပေါ်ပေါက်ဖို့အတွက် အသေးစိတ် ကို အထူး စပါယ် ရှယ် အမှု စစ်ဆေးပြီး စုံစမ်း လုပ်ကိုင်ဖို့ အရေးကြီးတယ်။ ဒါက သေသေချာချာ မကိုင်တွယ်နိုင်ရင် နိုင်ငံတော် အဆင့် ထိတောင် ရောက်သွားနိုင်တယ်။
ဒါက လူ့ အခွင့်အရေးနဲ့လည်း သက်ဆိုင်တယ်။ တရား ဥပဒေစိုးမိုးရေးနဲ့လည်း သက်ဆိုင်တယ်။ အထူးတလည် စုံစမ်း စစ်ဆေးပြီး သေချာစောင့်ကြည့်ရမယ်။ အစိုးရ ပိုင်းမှာ တာဝန်ရှိသလို ကျမတို့ ပြည်သူတွေနဲ့ ဥပဒေပိုင်းဆိုင်ရာ ကလည်း စောင့်ကြည့်နေမှာဘဲ။
ဦးငိုင်ဆာခ့်
(တရားလွှတ်တော် ရှေ့နေ)
နေပြည်တော် ကလေးငယ် ကျူးလွန်ခံရမှုနဲ့ ပတ်သက်ပြီး ပြည်ထဲရေး ဝန်ကြီးဌာန၊ ရဲတပ်ဖွဲ့၊ ရှေ့နေချုုပ်ရုံး၊ ကျန်းမာ ရေး ဝန်ကြီးဌာနတို့က အစိုးရ အဖွဲ့ဝင် ဌာနတွေဖြစ်လို့ နိုင်ငံတော် သမ္မတက တိုက်ရိုက် ညွှန်ကြား ကွပ်ကဲနိုင်ပါတယ်။ တရားရေး၊ ရွေးကောက်ပွဲ ကော်မရှင်၊ အခြေခံ ဥပဒေခုံရုံးနဲ့ မတူပါဘူး။
အမှုစုံစမ်းစစ်ဆေးခြင်း ၊ အမှုတည်ဆောက်ခြင်း၊ ဥပဒေ အကြံပြုခြင်း အဆင့်ဆင့်မှာ သံသယ ဖြစ်ဖွယ်တွေ့ရင် အဂတိ တိုက်ဖျက်ရေး ကော်မရှင်ကို ကိုင်တွယ်စေသင့်တယ်လို့ ယူဆပါတယ်။
နစ်နာသူနဲ့ မိဘများ၊ သက်သေများကို တစုံတဦးက နည်းတစ်မျိုးမျိုးနဲ့ သွေးဆောင်ခြင်း ကြောင့်ဖြစ်စေ၊ ဖိအားပေး ခြင်းကြောင့် ဖြစ်စေ တရားခံ အစစ်အမှန် မဟုတ်သူကို တရားခံအဖြစ် ညွှန်ပြတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
ရဲဆေးစာ၊ DNA စစ်ချက်များ အလွန် အရေးကြီးတာကြောင့် ဆေးစာပျောက်တယ် ဆိုတဲ့ ပြောဆိုသံတွေ ကြားသိရတဲ့ တိုက်ဆိုင်မှုတွေအတွက်လည်း သံသယပွားစရာ များလှပါတယ်။ မှန်မမှန် မသိရပေမယ့် ပြည်သူကို သံသယ ပွားစေ ပါတယ်။
မြန်မာပြည်တပြည်လုံး ကလေးသူငယ် အမှုများ အခမဲ့ လိုက်ပေးတဲ့ MCC & UNICEF legal Aid Project (2008-2011)၊ ယနေ့အထိ လုပ်ဆောင် နေတဲ့ သမာဓိ ဖောင်းဒေးရှင်းရဲ့ legal Aid Project (2012- 2019) ကာလ ကျနော့် အတွေ့အကြုံအရ ကလေးတွေဟာ အမှုရဲ့ အဖြစ်မှန်ကို အမှုဖြစ်ဖြစ်ချင်း အမှန်အတိုင်း ပြောလေ့ ရှိကြတာကို တွေ့ရပါ တယ် ။
အချိန်ကြာလာတာနဲ့ အမျှ လူကြီးတွေက တယောက်ပြီး တယောက် မေးမြန်း၊ ထင်မြင်ချက် အမျိုးမျိုး ပြော ကြတဲ့ အခါ အဖြစ်အမှန်တိုင်း ထွက်ဆိုကြတာ မရှိတော့ပဲ လူကြီးတွေ ပြောဆိုသလို လိုက်ပြီး ပြောတတ်တာ ကိုလည်း တွေ့ရပါတယ်။
ကလေးအပေါ် ကျုးလွန်တဲ့ ပြစ်မှုဟာ ကလေးကို တစ်သက်လုံး ဆိုးကျိုး ဖြစ်စေတဲ့ အတွက် ပြစ်မှုကျူးလွန်သူ အမှန် ကို ဖော်ထုတ်ပြီး ဟန့်တား၊ ထိရောက်တဲ့ ပြစ်ဒဏ်တွေ ချမှတ်ဖို့ လိုပါတယ်။
တရားခံ အစစ်အမှန် လွတ်မြောက်သွားခြင်းက တခြား မိန်းကလေးငယ်များ အပေါ်လည်း ထပ်မံကျူးလွန်အောင် အခွင့်အရေး ပေးလိုက်သလို ဖြစ်တဲ့ အတွက် လူ့အဖွဲ့အစည်းအတွက် ဘေးအန္တရာယ် ဖြစ်စေပါတယ်။
ထို့အတူ တရားခံ မဟုတ်သူကို လွဲမှား အမှုစွဲတင်ရင်လည်း တရားခံ အစစ်အမှန်တွေ ထွက်ပြေး တိမ်းရှောင် သွား အောင် လမ်းဖွင့်ပေးသလို ဖြစ်တတ်တယ်။ တရားဥပဒေ စိုးမိုးရေးကို ဆိုးဝါးစွာ ထိခိုက်စေပါတယ်။
အဲ့ဒါကြောင့် အမှုနဲ့ ဆက်စပ် သက်ဆိုင်သူ၊ နစ်နာသူ မိသားစု၊ သက်သေတွေ စုံစမ်းစစ်ဆေး သူတွေ အမှုတည် ဆောက်သူတွေ အနှောင်အဖွဲ့ ကင်းကင်းရှင်းရှင်းနဲ့ ပြောဆို ကိုင်တွယ် ဆောင်ရွက်ကြပါရဲ့ လား ဆိုတာ ပြည်သူ တွေသံသယ ရှင်းအောင် သမ္မတကြီး ကိုယ်တိုင် အဂတိတိုက်ဖျက်ရေး အဖွဲ့နဲ့ စစ်ဆေးသင့်တယ် လို့ အများပြည်သူ အကျိုးအတွက် စေတနာနဲ့ တင်ပြပါတယ်။
ဦးကြီးမြင့်
(တရားလွှတ်တော်ရှေ့နေ)
ဒါက အဖြစ်မှန်မဟုတ်လောက်ဘူးလို့ ကျနော်တို့ ကတော့ တွက်တယ်။ ဘာလို့လဲ ဆိုတော့ အဓိက သက်သေထွက် ဆိုချက်ရှိတယ်။ ကလေး ထွက်ဆိုချက် အတိုင်း မလိုက်ဘဲနဲ့ ဆန့်ကျင်ဘက်တွေကို စစ်တယ်။ နောက် ဆရာမနှင်းနု ဆိုတဲ့ ကောင်မလေးက ဟိုဘက်က မှားနေတာ သိသားနဲ့ ကလေးကို သူ့ ရှေ့ မေးတော့ ကလေးပြောတာတွေကို လိုက်ဟန့်နေတယ်။
ပြီးတော့ ကျူးလွန်တယ်လို့ ယူဆတဲ့ကလေး နှစ်ယောက်ရဲ့ အဖေက CIDမှာလုပ်တဲ့ ရဲအုပ်ဖြစ်နေ တယ်။ အဲဒီအချက် တွေက ဘယ်လိုမှ တရားမျှတမှု မရှိနိုင်ဘူး။
နောက် အတော်လေးကြာ ပြီးတော့မှ ဖမ်းပြီးသားလူကို ပြန်လွှတ်တာ ဖြစ်တယ်။ အဖမ်းခံရတဲ့ မိသားစုကလည်း အခုအင်တာဗျူးတွေ ဖတ်ရတယ်။ ဒါကြောင့် ဒါကလည်း အဖြစ်မှန်လို့ ကျနော်မယုံကြည်ဘူး။ တရားဥပဒေပိုင်းက တော်တော်လေး အားနည်းတယ်လို့ ပြောလို့ရတယ်။
ဒီလို မှုခင်းတွေ ထပ်မဖြစ်အောင် ရဲတပ်ဖွဲ့ကို ပြည်ထဲရေးကနေ အမိန့် ညွန်ကြားချက်တွေနဲ့ ထိန်းထားရမယ်။
ဒီအတိုင်းကတော့ ရဲတပ်ဖွဲ့က ပျက်နေပြီ။ တကယ်တမ်း ကျွမ်းကျင်မှုလည်း မရှိ၊ CID ဆိုတာကလည်း ဘယ်နိုင်ငံမှ မရောက်ဖူးဘူး။ ဘယ်နိုင်ငံကနေ Train ထားတာ မဟုတ်ဘူး။ စစ်တပ်ကလာပြီး ကျွမ်းကျင်သူ ဖြစ်သွားတာ။
ပြဿနာက သိပ်ခက်ခဲတာမဟုတ်ပဲ။ ခက်ခဲအောင် လုပ်နေတော့ တမင်လုပ် နေသလား လို့တောင် သံသယ ရှိစရာ ကောင်းတယ်။ လွယ်လွယ်လေးပဲ ဒီအမှုက ရှင်းရှင်းလေးပဲ။ အခုက ရှုပ်အောင်လုပ်နေတယ်။
ကျနော်ကတော့ ကြိမ်ဖန်များစွာပြောပြီးပါပြီ။ ရဲတပ်ဖွဲ့ရဲ့အားနည်းချက်ဆိုတာ။ အဂတိလည်း ပါနိုင်တယ်။
ဦးကျော်ဟိုး
တရားလွှတ်တော်ရှေ့နေ
သက်ငယ်မုဒိမ်း ကတော့ အရင်ကလည်း ရှိပါတယ်။ အခုက ဒီလို အမှုတွေကို လူတွေက စိတ်ဝင်စား နေတော့ လူသိများတဲ့ အမှုတွေလိုဖြစ်နေတယ်။ ဒါကြောင့် ဒီအမှုတွေ အဖြစ်များလာတယ်လို့ ပြောကြတာပါ။
ကျနော် ပြောချင်တာက အခု အပြင်ကို ထွက်နေတဲ့ အချက်အလက်တွေက မှန်တယ်။ မမှန်ဘူးဆိုတာ ကျနော်လည်း မသိဘူး။ ဥပဒေ သဘောအရ ဆိုရင် စုံစမ်းထောက်လှမ်းတာပေါ့။ ဒါက လျိုဝှက်လုပ်ရ တာ။ အပြင်ကို ပေါက်ကြားခွင့် မရှိဘူး။ ဆိုတော့ တရားစွဲ အဖွဲ့အစည်းက စုံစမ်းထောက်လှမ်းတာ မှန်ကန်မှု ရှိ၊ မရှိဆိုတာ အခုဘယ်လိုနည်းနဲ့မှ ပြောလို့မရဘူး။
ဘာလို့ဆိုတော့ ကျနော်တို့ဆီမှာ အချက်အလက်မှ မရှိတာ။ ဘယ်အချိန်ကြမှ သိရမလဲဆို တရားရုံး ရောက်မှ သိရမှာ ပါ။ အခ ုပြောနေကြတာက ဘယ်ကရတဲ့ အချက်အလက်တွေလည်း မသိဘူး။ ဒါလည်း မှန်တယ်၊ မမှန်ဘူးက ပြော လို့မရတဲ့အတွက် ဝေဖန်ရခက်ပါတယ်။
ဒီဟာက အရေးယူ သင့်တာက ယူသင့်တယ်။ တကယ်တော့ ရာဇဝတ်မှု ဆိုတာ ပြင်းပြင်းထန်ထန် အရေးယူတာနဲ့ တင် ပျောက်မသွားဘူး။ ဘာလို့ဆို အဲဒါတွေက သူခိုးက ပြစ်ဒဏ်ပေးလည်း ခိုးတတ် သူက ခိုးနေမှာပဲ။
ဘာလုပ်ရမလဲဆို မခိုးနိုင်အောင် ကြိုတင် ကာကွယ်မှု လုပ်ရတယ်။ တရားဥပဒေ စိုးမိုးရေးကိစ္စမှာ လည်း တချို့ဆိုရင် လုပ်ဆောင်နိုင်မယ့် အချက်အလက်တွေလည်း လိုသေးတယ်။ ကျနော်ပြောချင် တာက ဒါတွေ လျော့ပါးသွားဖို့ အတွက် က ပြစ်မှုကျူးလွန်တဲ့ အနေအထားကို လျော့ချနိုင်ဖို့။ ကြိုတင်ကာကွယ်တာကတော့ အဓိက ကျတယ်။
ဒေါ်အေးမြမြမျိုး
ကျောက်တန်းမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ဒါက အပိုင်း ၂ပိုင်းရှိတယ်။ တပိုင်းကတော့ တရားဥပဒေစိုးမိုးရေး။ မှန်ကန်တဲ့ တရားစီရင်ရေး အပိုင်း။ အဲဒါကတော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူကတော့ တရားဥပဒေအပိုင်းမှာ လိုက်ပါ နေတယ်။ ဒါကိုတော့ သူတို့ ဆက်စုံစမ်း ရဦးမယ်။
နောက်တပိုင်းက လူမူဝန်ထမ်း၊ ကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာချထားရေးဌာနကနေမှ မူကြို တွေ အပေါ် ကြပ်မတ် စိစစ်မှု အပိုင်းဖြစ်တယ်။ မူကြို ဆရာမတွေကို အရည်အချင်းရှိတဲ့ ဆရာမတွေ ပြုစုပျိုးထောင် ပေးဖို့နဲ့ ပံ့ပိုးပေးဖို့ အပိုင်းနဲ့ ဒီပုဂ္ဂလိက ဖွင့်ခွင့်ရထားတဲ့ ကျောင်းတွေက ဘယ်လောက်ထိအောင် ဆရာ၊ ဆရာမတွေ အပါအဝင် ကလေးတွေကို လုံခြုံတဲ့ ပတ်ဝန်းကျင် ဖန်တီးပေးထားတယ် ဆိုတာ လူမှုဝန်ထမ်းနဲ့ ပြန်လည် နေရာချထားရေးက တင်းကို တင်းကျပ်ရမှာဖြစ်တယ်။
အခု ဒီကျောင်းဆိုရင် ဖွင့်ခွင့်တောင်မရသေးဘူး။ ဖွင့်ခွင့် မရသေးပဲနဲ့ ဒီကျောင်းက ဘယ်လိုလုပ် လုံခြုံတဲ့ ကျောင်းဖြစ် နေသလဲ။ ဆရာမတွေက ဘယ်လို အရည်အချင်းနဲ့ ကိုယ့် ကလေးတွေကို ဦးဆောင်မှုပေးနေ သလဲဆိုတဲ့ အပိုင်းကို လူမူဝန်ထမ်းကယ်ဆယ်ရေးဌာနက ကြပ်မတ်နေတဲ့ အနေအထားမဖြစ်နေဘူး။ ဒါဆို မဖြစ်သင့်တာ ဖြစ်တာပေါ့။
ကျမတို့က လုံခြုံတဲ့ ပတ်ဝန်းကျင်လည်း ပေးရမယ်။ လုံလောက်တဲ့ ပံ့ပိုးမှုတွေ ပေးရမယ်။ မဟုတ်ရင် မိဘတွေက ပိုက်ဆံလည်း ကုန်ရသေးတယ် လုံခြုံတဲ့ နေရာမှာလည်း မဟုတ်ရင် ကိုယ်ကလေးတွေ အတွက် အများကြီး အန္တရာယ်များတယ်။
ကျမ အနေနဲ့ ကတော့ ဒီလိုဖြစ်တာတွေ နောက်လည်း မဖြစ်ရအောင် ကာကွယ်ဖို့က အရေးကြီးဆုံး ပါပဲ။ ဖြစ်ပြီးတော့မှ ဥပဒေအမှန်ပေါ်ရေးဆိုတာထက် မဖြစ်တာ အကောင်းဆုံးပဲဆိုတော့ အဲဒီလိုမဖြစ်အောင် ဝန်ကြီးဌာနတွေ တာဝန် ယူတဲ့အပိုင်းကို မြှင့်တင်ဖို့ ကြိုးစားနေတယ်။
တရားဥပဒေ စိုးမိုးရေး အပိုင်းနဲ့ တရားစွဲ အဖွဲ့အစည်းတွေရဲ့ မှန်ကန်တဲ့ မြန်ဆန်တဲ့ ပြည်သူကို အဆင် ပြေတဲ့ ဝန် ဆောင်မှု ပေးတဲ့ အပိုင်းကတော့ ဒါက နှစ်ပေါင်းများစွာ ပျက်ယွင်းခဲ့တာကို တွေ့ရတာပေါ့။ ဒီအမှုမှာ အဓိကက ပြည်သူက ကလေးလေးဖြစ်တဲ့အတွက်ကြောင့် ပိုပြီး မခံမရပ် နိုင်ဖြစ်တယ်။ ပြည်သူကို ပိုပြီး စိတ်ထိခိုက်စေတယ်။ လူတွေ ပိုပြီး စိတ်ဝင်စားနေတယ်။
ဒီလိုဆိုရင် လူထုက အရမ်း စိတ်ဝင်စားနေတဲ့ အချိန်မှာ ပွင့်လင်းမြင်သာမှု အပိုင်းပေါ့။ စိစစ်နေတဲ့ အပိုင်းနဲ့ တရားခံကို ဖော်ထုတ်နေတဲ့ အပိုင်းကို ကျမတို့မပြောလိုပါဘူး။ ဒါကတော့ လုပ်ရမှာပဲ။ သို့သော်လည်းပဲ ပွင့်လင်းမြင်သာမှု အပိုင်း မှာတော့ ဒီထက်ပိုပြီးတော့ ပြည်သူတွေ ရှင်းရှင်းလင်းလင်း ချပြပေးစေချင်တယ်။ အဲဒီအပိုင်းကိုတော့ ကျမအနေနဲ့ အားမရပါဘူး။
You may also like these stories:
Wisdom Hill ကျောင်းကို အရေးယူမည်ဟု သမ္မတရုံး ပြော
Wisdom Hill အမှု သံသယ တရားခံ၏ မိခင်နှင့် တွေ့ဆုံခြင်း
ဗစ်တိုးရီးယားများစွာတို့အတွက် တရားမျှတမှု တောင်းဆိုခြင်း