နေပြည်တော်မှ Wisdom Hill အမည်ရှိ ပုဂ္ဂလိက မူကြိုကျောင်းတခုတွင် အသက် ၃ နှစ် ဝန်းကျင် မိန်းကလေးငယ်တဦး လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်ခံရမှုနှင့် ပတ်သက်၍ ကားမောင်းသူ အောင်ကြီးအား သံသယတရားခံ အဖြစ် ရဲတပ်ဖွဲ့က ဖမ်းဆီးကာ မုဒိမ်းမှု ပုဒ်မ ၃၇၆ ဖြင့် နေပြည်တော်ရှိ ခရိုင်တရားရုံးတခုတွင် စစ်ဆေးတော့မည် ဖြစ်သည်။ အမှုဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်သူများ ကို ဧရာဝတီက လိုက်လံတွေ့ဆုံ မေးမြန်းလျက်ရှိရာ ယခုအခါ Wisdom Hill ကျောင်းမှ တာဝန်ရှိသူတဦး ဖြစ်သူ ဦးပညာက ဧရာဝတီ အပါအဝင် သတင်းဌာန ၅ ခုကို တွေ့ဆုံ မေးမြန်းခွင့်ပြုခဲ့ပါသည်။
သို့သော် ရုပ်သံ ရိုက်ကူးခွင့် မပြုသေးသဖြင့် ဧရာဝတီ နေပြည်တော် သတင်းထောက်များ ဖြစ်သည့် ထက်နိုင်ဇော်နှင့် မိုးမိုးတို့၏ မေးမြန်းချက် အပြည့်အစုံကို စာဖတ်သူများ သိရှိနိုင်ရန် ပြန်လည် ဖော်ပြလိုက်ပါသည်။
မေး ။ ။ အခုဖြစ်ပြီးသွားတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကျောင်းဘက်ကနေ ကျောင်းတာဝန်ရှိသူတဦး အနေနဲ့ မီဒီယာတွေကို ဘာများ အရင်ဆုံး ပြောချင်ပါသလဲ။
ဖြေ ။ ။ အရင်ဆုံးမီဒီယာတွေကို ကျနော့်အပေါ် အမြင်လေး တချက်ပြောချင်ပါတယ်။ ကျနော်တို့ လက်ရှိသွားနေတဲ့ ဒီမိုကရေစီ နိုင်ငံမှာဆိုရင် မီဒီယာက အရေးကြီးတဲ့ အခန်းကဏ္ဍတခုမှာ ပါဝင်တယ်ပေါ့။ အခု ဖြစ်သွားတဲ့ ဖြစ်စဉ်အပေါ်မှာ ဝိုင်းဝန်းပူးပေါင်းပြီး ဆောင်ရွက်နေကြတယ်။ ကျနော်တို့လည်း ပူးပေါင်းတယ်။ ကလေးမိဘတွေဘက်ကလည်း အင်မတန်မှ တရားခံ အစစ်ကို လိုလား နေတာ။ ပူးပေါင်းနေတဲ့ အချိန်မှာ တရားခံ အစစ်ရဖို့ အဆုံးထိ ပူးပေါင်းကူညီပေးပါလို့ မေတ္တာရပ်ခံပါတယ်။
မေး။ ။ အမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဒီကျောင်းမှာ ဖြစ်သွားတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ရဲတပ်ဖွဲ့က သံသယ တရားခံ အဖြစ် ကိုအောင် ကြီးကို တရားရုံးတင်ထားပါတယ်။ ဒီဖြစ်စဉ် ကျောင်းမှာ ဖြစ်ခဲ့တယ်လို့ လက်ခံပါသလား။ လက်မခံဘူးဆိုရင်လည်း ဘယ်လို အချက်အလက်တွေကြောင့်လဲ ဆိုတာ ရှင်းပြပေးပါ။
ဖြေ ။ ။ ဒီဖြစ်စဉ် ဖြစ်ခဲ့တယ်။ လက်ခံတယ်၊ လက်မခံဘူးဆိုတာက ကျနော်က မပြောလိုပါဘူး။ အဓိကက တရားသူကြီးက အခု ချိန်မှာ အတွေးတွေ အမြင်တွေ၊ ကျနော်တို့ ပါစင်နယ် အိုင်ဒီယာတွေ မူတည်နေမှာပေါ့။ တကယ် သုံးသပ်ရမှာက တရားသူကြီး က ဘယ်သက်သေ၊ အထောက်အထားတွေ ရှိတယ်။ ခိုင်လုံရင် ခိုင်လုံတယ်။ မခိုင်လုံရင် မခိုင်လုံဘူးပေါ့။ အဲဒီအပေါ်မှာ မမြင်ရတဲ့ အနေအထား မသိတဲ့ အနေအထားကိုတော့ လက်ခံတယ်၊ လက်မခံဘူးတော့ မပြောလိုပါဘူး။
မေး ။ ။ အခင်းဖြစ်တဲ့နေ့က ကျောင်းကို ကိုအောင်ကြီး အပြင် တခြား အမျိုးသား အဝင်အထွက် ရှိပါသလား။ လူမှုကွန်ရက်မှာ ပြောဆို ဝေဖန်နေကြတဲ့ ဆရာမ ဒေါ်ဥမ္မာလှိုင်ရဲ့ သား ၂ ယောက် ဆိုတာကရော ကျောင်းကို လာခဲ့ပါသလား။
ဖြေ ။ ။ အဲဒါ ရှင်းမယ်ထင်ပါတယ်။ ရောက်ပြီးသား ဆိုတော့လေ။ ဇ ၁၄ ရှိတယ် (အမှု ဖြစ်စဉ် ဖြစ်ခဲ့သည်ဟု စွပ်စွဲခံရသည့် ကျောင်း) ။ ဇ ၃၁ ၊ ၃၂ (တခြားကလေးများ ရှိသည့် မူကြိုကျောင်း) ရှိတယ်။ ဆရာမ ဒေါ်ဥမ္မာလှိုင်က ဇ ၃၁ ၊ ၃၂ မှာ သူ့အထိုင်ပေါ့။ သူ့သားတွေက ရံဖန်ရံခါ သူထိုင်တဲ့ ၃၁ ၊ ၃၂ ကိုတော့ တခါတလေ သူ့အမေ ရုံးလာရင်းနဲ့ ပါလာတတ်တယ်။ ဒါပေမယ့် အင်မတန်မှ နည်းတယ်။ သမီးလေးတက်တဲ့ ဇ ၁၄ ကိုတော့ တကြိမ် တခါမှာမှ မသွားဖူးဘူး။
အဲဒီနေ့ CCTV ကို တနေကုန်ပြန် ကြည့်တယ်ပေါ့။ ပြန်ကြည့်တော့ အဲဒီ ဇ ၁၄ အခန်းထဲကို အောင်ကြီးမှအပ တခြား တစိမ်း ယောင်္ကျားလေး ဝင်ခြင်း မရှိဘူးပေါ့။ အဲဒါလည်း သတင်းစာရှင်းလင်းပွဲမှာ ရဲချုပ်ကြီး ပြောကြားသွားပါတယ်။
မေး ။ ။ ဆရာမ ဒေါ်ဥမ္မာလှိုင်ရဲ့ သား ၂ ယောက် ကျောင်းကို မလာခဲ့ဘူး ဆိုရင် အဲဒီနေ့ ၊ အဲဒီ အချိန်မှာ သူတို့ ၂ ယောက် ဘယ်မှာ ရှိနေလဲ ဆိုတာကို သက်သေ အထောက်အထား ပြနိုင်ပါသလား။
ဖြေ ။ ။ သူတို့မှာ ပြနိုင်မှာပါ။ ဘာကြောင့်လဲဆိုတော့ သူတို့မှာ တကယ်ရှိနေတာကိုး။ ရှိတဲ့နေရာမှာတော့ သူနဲ့ အတူတူ ရှိ နေတဲ့ဟာတွေ၊ သူရှိတဲ့ အကြောင်းတွေ သူတို့ ပြနိုင်မှာပေါ့။
မေး။ ။ ကိုအောင်ကြီး ကျောင်းထဲကို ရောက်နေတဲ့ အချိန် ၂၈ မိနစ်တွင်းမှာ ဆရာမ ဘယ်နှစ်ဦး ကျောင်းခန်းထဲမှာ ရှိပါသလဲ။ အမှုနှင့် သက်ဆိုင်တဲ့ ဗစ်တိုးရီးယားလေးနဲ့ တချိန်လုံး အနီးကပ် ရှိနေခဲ့ပါသလား။
ဖြေ ။ ။ ကျနော် သိရတာတော့ သမီးလေးတို့ရှိတဲ့ အခန်းထဲမှာ ၁၇ ဦးပေါ့။ အစက ၁၉ ဦး၊ ၂ ဦးက ၁၂ နာရီလောက်မှာပြန်သွား တယ်။ ၁၇ ဦးနဲ့ ဆရာမ ၃ ဦး ရှိနေတယ်။ အဲဒီအချိန်မှာ ကျောင်းအဆောက်အဦထဲမှာ ၅ ဦး ရှိတယ်ပေါ့။ ဆရာမ ဒေါ်ဥမ္မာလှိုင်နဲ့ သူ့ စာရေးမ ဟိုဘက်ကျောင်းကို သွားတဲ့ အချိန်မှာ ဆရာမ ၃ ဦးက ကလေးနဲ့ အတူတူ ရှိနေတာပေါ့။
မေး ။ ။ CCTV မှတ်တမ်းမှာ ဆရာမ ဒေါ်ဥမ္မာလှိုင်နဲ့ တခြားဆရာမ တချို့ အပြင် ပြန်ထွက်သွားတာ တွေ့ရပါတယ်။ အဲဒီ အချိန်မှာ အောင်ကြီး ဆိုသူ ကျောင်းခန်းထဲမှာ ရှိပါသလား။ အဲဒီဆရာမတွေ အချိန်ဘယ်လောက်ကြာကြာ ထွက်သွားပါသလဲ။ ကျောင်းခန်းထဲမှာ ဆရာမ ဘယ်နှစ်ယောက် ကျန်ခဲ့ပါသလဲ။
ဖြေ ။ ။ ထွက်သွားတာ ၂ ဦးပေါ့။ ကျောင်းခန်းထဲမှာ ၃ ဦး ကျန်ခဲ့တယ်။ အောင်ကြီးက စာသင်ခန်းထဲမှာ ရှိနေတာတော့ မဟုတ် ဘူး။ ကျောင်းအဆောက်အဦရဲ့ ဧည့်ခန်း ထိုင်ခုံမှာ ထိုင်နေတာ။ ကလေးတွေ စာသင်ခန်းထဲမှာ ထိုင်နေတာ မဟုတ်ပါဘူး။ ရှေ့မျက် နှာစာရှိတဲ့ ထိုင်ခုံ အစိမ်းမှာ ထိုင်နေတာ ဖြစ်ပါတယ်။
မေး ။ ။ CCTV မှတ်တမ်းက ပထမပိုင်းမှာ ဘာဖြစ်လို့ ၄ နေရာ ပျက်နေရတာလဲ။ အဲဒီအချိန်မှာ မီးမပျက်ဘူးလို့လည်း သိရ တယ်။ ရဲတပ်ဖွဲ့ကို ပေးတဲ့အခါ CCTV ရဲ့ Hard- disk ကို အပ်ခဲ့တာလား။ ဘယ်လိုပေးခဲ့တာလဲ။
ဖြေ ။ ။ ကျနော်တို့ ၁၆ ရက်နေ့ ဖြစ်တယ်လို့ သူ့မိဘတွေ ပြောတယ်။ ၁၇ ရက်နေ့မှာ လာပြီးတော့ ၃ နာရီ ခွဲလောက်မှာ အဲဒါ မတိုင်ခင်တော့ မိဘတွေနဲ့ ကလေးကလည်း ပြောတာကို သူသိတယ် ဆိုတော့ လိုက်ပြတာပေါ့။ ၃ နာရီခွဲလောက်မှာ ဘာပြောလဲ ဆိုတော့ ဝင်/ ထွက်ပေါက်ကို ကြည့်လို့ရတဲ့ CCTV ရှိရင် လိုချင်ပါတယ်လို့ ပြောတယ်။ အဲဒီတော့ ချက်ချင်းပဲ ညနေ ၅ နာရီ ခွဲ လောက်မှာ ဒေါင်းလုပ်ဆွဲတယ်။ မမြန်ဘူး။ အဲဒါကို ဒေါင်းလုပ်ဆွဲဖို့ CCTV ဆင်တဲ့သူကို လှမ်းမေးရတယ်။ အဲဒီတော့ ၁ နာရီ ခွဲ၊ ၂ နာရီလောက်ကြာသွားတယ်။
Memory Stick နဲ့ ပေးတယ်။ တောင်းတာက CCTV ဖိုင် တောင်းတာကို။ အခု Facebook မှာရေးနေကြတဲ့ ကျနော်တို့က Hard – disk မပေးဘူးတို့၊ တကယ်တမ်းကြတော့ သူက CCTV တောင်းတဲ့အတွက် ကျနော် အနေနဲ့ Stick နဲ့ ပေးတယ်ပေါ့။
ဒါပေမယ့် ဒုတိယ တကြိမ် စီအိုင်ဒီက ပြန်ယူတော့ Hard- disk ပါ ဖြုတ်ပြီး ယူချင်တယ်။ ကျနော်က တောင်းသမျှ အကုန်လုံးကို ကျနော်က ပေးတော့ ပထမဆုံး အကြိမ်မှာ ကျနော်ကိုယ်တိုင်ပေါ့။ Hard- disk ပေးရမယ်ဆိုတာ ကျနော်လည်း မသိဘူး။ ပြည်သူတယောက် အနေနဲ့ ကျနော် မသိဘူး။ အစတည်းက Hard- disk လိုက်တောင်းရင် Hard- disk လိုက်ပေးမှာပေါ့။
မေး ။ ။ ကလေးတွေရဲ့ တနေ့တာကို ကျောင်းက ဘယ်လို ပုံစံမျိုး ထိန်းကျောင်းတာလဲ ဆိုတာကို ပြောပြပါ။
ဖြေ ။ ။ ပုံမှန်အားဖြင့်ဆိုရင်တော့ အငယ်တန်းကလေးတွေက ၉ နာရီ ၁၅ မိနစ် ဝန်းကျင်ကနေ စတယ်။ ဘာကြောင့်လဲဆိုတော့ တချို့ ကလေးလေးတွေက ကရိကထ များတယ်။ ကျနော်တို့က ဒါကြောင့် ၉နာရီ ၁၅ မိနစ် လောက်မှာ ဘုရားရှိခိုးတာတို့၊ နိုင်ငံတော် သီချင်း ဆိုတာတို့၊ ပြီးရင် သင်ကြားရေးနဲ့ ပတ်သက်တာတွေ ဂိမ်းတွေ ကစားကြတယ်။
၁၀ နာရီခွဲ၊ ၁၁ နာရီ လောက်မှာ ထမင်းစားတယ်။ စားပြီးတဲ့ အခါမှာ သွားတိုက်တယ်။ သန့်ရှင်းရေး လုပ်တယ်။ ပြီးရင် အိပ်တယ်။ ၂ နာရီလောက်မှာ ပြန်ထတယ်။ ထပြီးရင် ခြေလက်ဆေး အပေါ့၊ အပါးတခါ ပြန်သွားတယ်။ ညနေခင်းပိုင်း သင်ကြားမှုလေးတွေ လုပ်တယ်။ ကျောင်းဆင်းခါနီး အချိန်မှာ ကလေးတွေကို ရှုးတွေ၊ အပေါ့အပါးတွေ တည်တယ်။
ဖယ်ရီစီးတဲ့ ကလေးဆိုရင် ဖယ်ရီ ကားပေါ်မှာ ၄၅ မိနစ်လောက် ကြာတတ်တယ်။ ကားပေါ်ရောက်မှ ရှူးပေါက်ချင်တာတို့၊ ဘာတို့ ကလေးလေးတွေ ဖြစ်တယ်။ မအောင့်နိုင်ဘူး။ ကားပေါ်မှာ ပါတဲ့ ဆရာမရော၊ ဒုက္ခတွေရောက်တာ ကြုံခဲ့ဖူးတယ်။ ဟိုးအရင် စဖွင့် တုန်းက။ ဒါကြောင့် ဖယ်ရီစီးမယ့် ကလေးတွေ အကုန်လုံးသည် အပေါ့အပါး သွားရတယ်။
ဒီအရွယ်လေးမှ မဟုတ်ပါဘူး။ KG တန်းလည်း တချို့ ကလေးက ပြောတတ်တယ်။ ရေသောက်ချင်။ အပေါ့သွားချင်တယ်။ ပြော တတ်တယ်။ တချို့ ကလေးတွေက မပြောတတ်ဘူး။ နောက်ဆုံး ကျနော်တို့က Toilet Time ဆိုပြီး ထားပြီးတော့ကို သီးသန့် တ နေ့ကို ၂ ကြိမ်၊ ဆရာမက အစ သွားတဲ့ စနစ်လေးတွေ လုပ်ရတာပေါ့။ အငယ်လေးတွေဆိုတော့ စာသင်ပေးရုံတင် မဟုတ်ဘူး။ စောင့်ရှောက်မှုက အရေးကြီးတော့ ကလေးတွေ ဖယ်ရီကားပေါ် မတက်ခင် လုပ်ခိုင်းတဲ့ဟာသည်လည်း Daily Routing လုပ်ရ တာဟာ တခုပါပဲ။
မေး ။ ။ အခုရော တီချယ် နှင်းနှပေါ့နော်။ တီချယ် နှင်းနုဆိုရင် လူတွေကလည်း သိချင်နေကြတယ်။ သူက အခု ကျောင်းမှာ
ဝန်ထမ်း အဖြစ် ဆက်ရှိနေလား။ သူ့ကိုရော ကျောင်းဘက်က ဘယ်လို ပုံစံမျိုး ဆောင်ရွက်ပေးထားလဲ။ အခုလည်း ကျောင်းမလာ ဘူးပေါ့နော်။ အခုလည်း မီဒီယာတွေမှာ ဖော်ပြထားတယ်။ တီချယ်နှင်းနုပျောက်နေတယ် ဆိုပြီး။ အဲဒါကရော ဟုတ်လား။
ဖြေ ။ ။ တီချယ် နှင်းနုကို ကျောင်းအနေနဲ့ သီးခြားချည်း အရေးယူမှု မရှိပါဘူး။ မရှိဘူးဆိုတာက ကျနော်တို့က သူသည် အပြစ် ရှိလား၊ မရှိလား ကျနော်ကိုယ်တိုင်လည်း မသိသေးဘူး။ အကယ်၍ အပြစ်ရှိတယ်ဆိုရင် ကျနော်ကိုယ်တိုင်လည်း အရေးယူဖို့ တောင်းဆိုတဲ့ အထဲ ကျနော်ကိုယ်တိုင်လည်း ပါပြီ။
ထင်ရှားပြီ ဆိုရင်တော့ ကျနော်က ဝန်ထမ်းတဦးအနေနဲ့ ကျောင်းအနေနဲ့ပဲ အရေးယူပိုင်ခွင့်ရှိတာကိုး။ အဲဒီထက်ပိုပြီး လိုချင်တယ် ဆိုရင်တော့ တရား ဥပဒေအရ တောင်းဆိုရမှာပေါ့။ လက်ရှိ အနေအထားမှာတော့ CID ကလည်း အရင်တုန်းက စစ်ဆေးတယ်။ ကျနော်တို့ကလည်း ပွင့်ပွင့်လင်းလင်းပြောတာ စီအိုင်ဒီ စစ်တယ်ဆိုပြီး မလွတ်ထားဘူးဗျ။ ကျနော်တို့ ကိုယ်တိုင်လည်း ပေါ်ချင်တာ ပေါ့ဗျာ။ အကိုတို့ ကိုယ်တိုင်လည်း အမြင်ပဲ။
ကျနော်တို့ မိသားစု၊ ကျောင်း၊ ဒီပတ်ဝန်းကျင်၊ လက်ရှိကျောင်းမှာ တက်နေတဲ့ ကလေးတွေကအစ မိဘတွေ အများကြီးပါ။ တရားခံ ပေါ်ချင်တာပေါ့ဗျာ။ ပေါ်ချင်တော့ သူမှ မဟုတ်ဘူး။ ကျောင်းမှာ ရှိတဲ့ ဆရာမတွေကို ရာဂဏန်းနီးပါး မေးတယ်။ ချော့တခါ၊ ခြောက် တခါ။ သူက တည့်တည့်မေးလိုက်၊ ပတ်မေးလိုက်၊ မွှေ့မေးလိုက် မေးတာပေါ့။
နောက်ဆုံး စီအိုင်ဒီက သူ့ကို စစ်တာဆိုရင် အကြိမ်ရေ ဆယ်ဂဏန်း၊ နောက်ဆုံး ၂ ကြိမ်ဆိုရင် Break Down စစ်တာ။ ညနေ ၅ နာရီလောက်က ခေါ်သွားတယ်။ နောက်တနေ့ နေ့လည် ၃ နာရီလောက်မှ ပြန်လွှတ်တာ။ တညလုံး သူအဲဒီမှာ ညလုံးပေါက်တယ်။
ဒါပေမယ့် သူကတော့ အဲဒီလိုမျိုးတော့ အစစ်ဆေးခံရတာပေါ့။ ပုံမှန်ဆိုရင်တော့ ကျနော်ထက်ပိုပြီးတော့ ကျွမ်းကျင်တာပေါ့လေ။ သက်ဆိုင်ရာကတော့ အဲဒီတော့ သူတို့မှာတော့ တိကျတဲ့ အဖြေတခုတော့ ရကောင်းရမှာလို့ ကျနော် မျှော်လင့်ပါတယ်။
ကျနော်တော့ မေးတယ်။ ကျနော်မေးရသလောက်တော့ ဒီဟာနဲ့ ပတ်သက်ပြီးတော့ ထူးထူးခြားခြား သိတာ ဘာမှမရှိဘူး။ ထပ်ပြီး ပြောပြစရာ ကျနော်မှာ မသိထားဘူး။
မေး ။ ။ လက်ရှိရော သူ (တီချယ်နှင်းနု) က ဝန်ထမ်းပဲလား။ ခွင့်ယူထားတာလား။
ဖြေ ။ ။ လက်ရှိလည်း ဝန်ထမ်းပါပဲ။ ကျောင်းမှာရှိတဲ့ ဆရာမတွေကို မေတ္တာရပ်ခံထားတယ်။ ကျနော်တို့ အလုပ်ကနားတာ ဘာ ညာ မလုပ်ပါနဲ့။ ဘာကြောင့်လဲဆိုတော့ လက်ရှိမှာ အဓိက ကာရိုက်တာမှာတော့ သူတို့ ၄ ယောက်၊ ၅ ယောက် ရှိတာပေါ့လေ။ ကျန်တဲ့ ဆရာမတွေကိုပါ မေတ္တာ ရပ်ခံထားတယ်။ အထူးသဖြင့် ကျောင်းလေး ပိတ်လိုက်ရတယ်ပေါ့။ ပိတ်လိုက်ရတယ် ဆိုပေမယ့် လည်း ကျန်တဲ့ အဆိုင်းတွေမှာ ပုံမှန် ဆင်းခိုင်းထားပါတယ်။ ကျန်တဲ့ Section မှာပေါ့လေ။ ဒီကျောင်းမှာ ကလေးတွေကို ကူနိုင်တာ ဘာရှိမလဲ။
အချိန်ရတယ်ဆိုရင် သူတို့ Development အတွက် Training တွေ ပေးတာတို့၊ ဘာတို့ပေါ့။ ကိုယ့်ဘက်ကတော့ တတ်နိုင်သမျှ စီစဉ်ပေးတာပေါ့။ နောက်ထပ်တယောက်ကို မေးချင်တယ်ဆိုရင် လူမရှိမှာ စိုးရိမ်တယ်။ CID က ဘယ်လိုလဲဆိုရင် မနက်ဖြန်ကို ဘယ်သူ့မေးပါမယ် ဆိုပြီး ဒီလိုမျိုး မရှိဘူး။ သူက ဆတ်ကနဲ ရောက်လာတယ်။ ရောက်လာပြီးတော့ သူခေါ်ချင်တဲ့သူကို ချက်ချင်း ခေါ်သွားတယ်။
ညနေ ပြန်မရောက်တော့ဘူးဆိုမှ အိမ်ကို ဖုန်းဆက်ဖို့ အကြောင်းကြားပေးလိုက်ပါ။ သူ့အိမ် စိတ်ပူနေမှာ စိုးလို့။ ဒီလောက်ပဲ သူက ကြိုလဲ မပြောဘူး။ ကျနော်တို့ ဆိုရင်တောင် ဒီလို ဆတ်ကနဲ ခေါ်တယ်။ ချက်ချင်းမေးတယ်။ အချိန်ကြာတယ်။ အချိန်ကြာတယ်။ နည်းတာကတော့ သူတို့ စစ်ဆေးနည်းအပေါ် မူတည်တာပေါ့။
ကျနော်တို့က ဘယ်လို ပူးပေါင်းတုန်းဆိုတော့ ဆရာမတွေကို ပြောရတယ်။ တတ်နိုင်ရင် မပျက်ပါနဲ့ အကုန်လုံး လာပေးပါ။ သူတို့ ခေါ်ရင် ခေါ်တဲ့ အချိန် အချိန်မရွေး သွားနိုင်အောင် ပြင်ဆင်ထားပေးပါ။ ဘာကြောင့်လဲဆိုတော့ အိမ်က အရေးကြီးလို့တို့။ အိမ်က အစောင့် မရှိတော့လို့တို့ မဖြစ်အောင်လို့ပါ။
သူတို့က အချိန်မရွေး မေးချင်တယ်။ မည်သူကိုမဆို ချက်ချင်းခေါ်ပြီး မေးလို့ ရအောင် လုပ်ပေးပါဆိုတော့ ကျနော်တို့က ပူးပေါင်း ကူညီတာပေါ့။
မေး ။ ။ ဆရာမ နှင်းနုက ကျောင်းတက်နေသေးလား။
ဖြေ ။ ။ လက်ရှိမှာ ဆရာမ နှင်းနုက ကျနော့် ကျောင်းရဲ့ ဝန်ထမ်းပါပဲ။ ကျောင်းတက်လား၊ မတက်လား ဆိုတာကတော့ ကျနော် လည်း သေချာလေး မသိဘူး။ မသိဘူးဆိုတာ ဝန်ထမ်းပျက်ကွက် စာရင်းတွေက HR Department က ကိုင်တာ။ အကယ်၍ ခွင့် ရက်ရှည် ပျက်တဲ့သူ ရှိတာတို့ ပုံမှန်မဟုတ်ဘဲ ထူးခြား ဖြစ်စဉ် ရှိတယ်ဆိုရင်တော့ ကျနော်ဆီကို Report တက်တယ်ပေါ့လေ။ အဲဒီ Report ထဲမှာတော့ မပါဘူး။
အကယ်၍ ပုံမှန်နေမကောင်းလို့ ပျက်မယ်ဆိုရင်လည်း တရက်၊ ၂ ရက်ပေါ့။ ကျောင်းစည်းကမ်းအရ ပေးတဲ့ခွင့်ဆိုရင်တော့ Report ထဲမှာ မပါဘူး။ အဲဒီထက် ရက်ကြီး ရှည်လာမယ်၊ ကျနော်တို့ ဆေးခွင့် ယူချင်တာတို့ ဘာတို့ ဆိုရင်တော့ Report ထဲမှာ ပါပြီပေါ့။
မေး ။ ။ ဒါဆို ဆရာမ နှင်းနုပျောက်နေတယ်ဆိုတာ မဟုတ်ဘူးပေါ့နော်။
ဖြေ ။ ။ ဆရာမ နှင်းနုပျောက်နေတယ်ဆိုတာ မဟုတ်ပါဘူး။ ဒါမေယ့် သူ့ကိုတော့ မှာထားတယ်။ သမီး အကယ်၍ ခရီးသွား မယ်။ အရေးအကြောင်းရှိလို့ တခုခု သာရေး၊ နာရေး သွားရမယ်ဆိုရင်တော့ ဆရာတို့ ကျောင်းကိုတော့ သတင်းလေးပေးခဲ့ပါ။ ဘာကြောင့်လဲ ဆိုတော့ ဒီလိုမျိုး မေးတယ် မြန်းတယ်ဆိုရင် သိအောင်လို့ပါ။
မေး ။ ။ အခု ပြဿနာ ဖြစ်လိုက်တဲ့ကျောင်းက တိုးချဲ့ ဖွင့်လိုက်တာ ဘယ်လောက် ကြာပြီလဲ။ ဆရာမ အင်အားရော လုံ လောက်မှု ရှိရဲ့လား။ အထဲမှာ CCTV မတက်ရသေးတာ ဘာကြောင့်လဲ။
ဖြေ ။ ။ ပထမ ကနဦး Wisdom Hill ကတော့ ဇ ၃၁၊ ၃၂ ပေါ့။ ဇ ၃၁ ၊ ၃၂ မှာ မူကြိုလေးတွေ ဖွင့်တယ်။ ဖွင့်ပြီးတော့ ကျနော်တို့ ကျောင်းအနေနဲ့ နွေရာသီကာလမှာ ကျောင်းသားမိဘတွေက ကျောင်းကို နည်းနည်း ပို့ကျတယ်။ ပို့ပြီးတော့ ၅ လပိုင်း၊ ၆ လပိုင်းမှာ ကလေး အတန်းကြီး ကျောင်းတွေက ဝင်ကြတယ်။ အဲဒီအချိန်ကျရင် ကျောင်းသား အနေအထားအရ ကျနော်တို့က ကလေးဆိုတာ နေရာကျယ်လေ ကောင်းလေပေါ့ဗျာ။
သူ့ရဲ့ Space ကျယ်လေ ကောင်းလေ ဆိုတော့ ကျောင်းသားအပ်တာနဲ့ ဘာနဲ့ဆိုရင် အငယ်လေးတွေကို အောက်က ဇ ၁၄ မှာ အခန်း မှာ အခန်း ပြင်ပြီး အကုန်လုံးက Decoration လုပ်ပြီးသား။ မူကြိုဖွင့်ဖို့ မဟုတ်ဘူး။ ဒါပေမယ့် လုပ်မယ့် Program သည် ကလေး တွေအတွက် လုပ်မယ့် Program ပဲ။ ဆိုတော့ အဲဒီအချိန်မှာ အုပ်ချုပ်ရေးမှူးက ဘာတိုင်ပင်တုန်းဆိုတော့ ဒီအငယ် တန်းလေးတွေ ၁ နှစ်ကနေ ၃ နှစ် သားသား မီးမီးလေးတွေကို သီးသန့်ဆိုရင် ဟိုမှာ ပြင်ထားတဲ့ အဆင်အပြင်ရော အကုန်အဆင်ပြေတယ်။
သူ ဒီ ၂ လကို အဲဒီမှာ သွားပြီးတော့ ကလေးလေးတွေ အတွက် အသုံးပြုခွင့်ပေးပါဆိုပြီး ခွင့်တောင်းတယ်။ ကျနော်တို့က အဲဒီမှာ အကုန်လုံးက ပြင်ပြီးသား။ အကုန်လုံးက အဆင်ပြေတယ်။ ဒီ Decoration တွေကလည်း ကာလာကအစ သည်ကလေးလေးတွေ အတွက် ချိန်ပြီး လုပ်ထားတဲ့ဟာ။ အဲဒီတော့ အဆင်ပြေတယ်ဆိုပြီး ရွေ့ခိုင်းလိုက်တာ။
တကယ့်တကယ် စပြီး အသုံးပြုမှာက အဲဒီအချိန် မဟုတ်ဘူး။ ဒါကျနော်တို့ရဲ့ အားနည်းချက်ပေါ့လေ။ ကျနော်တို့ရဲ့ မှားယွင်းတဲ့ အချက် တချက်ပေါ့။ ကျနေပုံမှန်ဆိုရင်တော့ ကျောင်းတိုင်းမှာ CCTV တွေ တပ်တယ်။ အားလုံးပေါင်း ဒီကျောင်းတွေ ပေါင်း လိုက်ရင် CCTV အလုံးပေါင်း ၄၀၀ နီးပါး ရှိတယ်။
ကျနော်တို့မှာလည်း အခြေအနေတခုပေါ့လေ။ ကျနေ်ာတို့ ဒီဟာပေါ်ဖို့ အတွက် CCTV တပ်ဖို့ ပြောထားပြီးသား။ အဲဒီ Installation အဖွဲ့က ဒီဘက်ကို (အခြား Wisdom Hill ကျောင်းတခု) ဝင်နေတာ။ ဒီဘက်ကို ဝင်ပြီးရင် အဲဒီဘက်ကို ဝင်မှာ။ အခုတော့ တပ်ပြီး သွားပြီ။ အဲဒီအချိန်မှာ မရှိလိုက်ဘူး။
မေး ။ ။ အခု မူကြိုကျောင်းက ခွင့်ပြုချက် မရသေးဘဲ ဖွင့်တဲ့အတွက် အခုတော့ ပြန်ပိတ်ထားရတယ်ပေါ့။ ခွင့်ပြုချက် မရတာ ဘာကြောင့်လဲ။ အခုကျောင်းဖွင့်နေတာရော ဘယ်လောက်ကြာနေပြီလဲ။
ဖြေ ။ ။ ခွင့်ပြုချက် မရတာ ဘာကြောင့်လဲဆိုတော့ ခွင့်မပြုဘူးလို့တော့ သူတို့ မပြောဘူး။ ကျနော်တို့ ဘယ်လောက် ကြာပြီလဲ ဆိုရင် ၂၀၁၃ ခုနှစ်ကစပြီးတော့ မူကြိုလေး စဖွင့်တယ်။ မြို့မဈေးမှာ စဖွင့်တယ်။ စဖွင့်ပြီးတော့ နည်းဥပဒေက ၂၀၁၅ မှာ ထွက်လာတယ်။ ၂၀၁၆ မှာ အတည်ပြုပြီးတော့ သွားတယ်။ အတည်ပြုပြီးတော့ သက်ဆိုင်ရာဌာနက ကျနော်တို့ကို အကြောင်းကြား ပါတယ်။
နည်းဥပဒေ ထွက်လာပြီ။ ဆရာတို့ လိုင်စင်တွေ လျှောက်လို့ရပြီ။ ဘာတွေ လုပ်လို့ ရပြီ ဆိုပြီး အကြောင်း ကြားတယ်။ အဲဒီဟာကို လျှောက်လွှာ ပြင်ဆင်ပြီးတော့ တင်တယ်။ တင်တဲ့အခါမှာ သူတို့ ဒီလိုင်စင်ချပေးဖို့ ဆိုရင် လူမှုဝန်ထမ်းတဖွဲ့တည်းက စစ်တာ မဟုတ်ဘူး။ ကျန်းမာရေးတို့၊ မီးသတ်တို့၊ ထွေ/အုပ် ဌာနတွေ ၅ ခုလောက်က ပေါင်းပြီးတော့မှ လာစစ်တာ။
ဖွဲ့ပြီးတော့မှ လာစစ်တာဆိုတော့ ၂၀၁၆ မှာ အဲဒီအဖွဲ့ ဖွဲ့စည်းဖို့ လုပ်ငန်း နည်းနည်း ကြန့်ကြာနေတာပေါ့။ ဖွဲ့ ပြီးရင် လာစစ်မယ်လို့ သူတို့က အဲဒီလိုပြောတာ။ ၂၀၁၇ မှာ တကြိမ် အကြောင်းကြားတယ်။ ဒီကြားထဲမှာလည်း သူတို့က ECCT သင်တန်းတွေ ဘာတွေ လုပ်တယ်ဆိုရင် သူတို့ ခေါ်ပါတယ်။ သူတို့က ကျနော်တို့ကို လက်လွတ်စပယ်ကြီး လုပ်ချင်တာလုပ်ဆိုပြီး လွှတ်ထားတာ မဟုတ်ဘူး။
သူတို့က အမြဲတမ်း လာကြည့်တယ်။ ကျနေ်ာတို့ကို သီးသန့်ချည်း လွှတ်ထားတာ မရှိဘူး။ ဒီဆရာ၊ ဆရာမတွေ ဆိုရင်လည်း သင် တန်းတွေ လုပ်ဖို့ ၂၀၁၃ ကတည်းက ကျနော်တို့ ဆရာမ ဒေါ်ခိုင်သဇင်ပေါ့လေ။ သူဆိုရင် ၂၀၁၃ ခုနှစ် ပထမ အပတ်စဉ်ကတည်းက တက်ဖို့ သူတို့ တိုက်တွန်းတယ်။ အခု ဒီကြားထဲမှာလည်း ၂၀၁၆ မှာ တကြိမ်၊ ၂၀၁၇ မှာ တကြိမ်၊ တနှစ်တကြိမ်ပေါ့လေ။ သူတို့ အဲဒီလို အကြောင်းကြားတယ်။
အခု ၂၀၁၉ မှာလည်း အကြောင်းကြားပြီးသား။ ပြီးခဲ့တဲ့ ၃ လလောက်က။ အကြောင်းကြားတော့ ကျနော်တို့က ဖောင်ပြန်တင် တယ်။ ဖောင်မှာကလည်း ဘယ်လို ပါလဲဆိုတော့ ကလေးတဦးချင်းစီရဲ့ နာမည်တွေ၊ အဖေ၊ အမေနာမည်တွေ လိပ်စာတွေ ဆို တော့ တနှစ် ကြာသွားတဲ့အခါ ဒီကျောင်းသား နာမည် စာရင်းက မတူတော့ဘူး။ ကျနေ်ာတို့က ပြန်ပြင်ဆင်ရတယ်။ ဆရာမ နာမည်တွေကအစ ပြန်လုပ်ပြီးတော့ ပြန်တင်ရတယ်။
အဲဒီအချိန်မှာ အဓိက ဘာအခက်အခဲ ရှိလဲဆိုတော့ မီးသတ် ထောက်ခံချက်။ အရင်တုန်းက မီးသတ်က ထောက်ခံချက်လိုချင် တယ်ဆိုရင် သွားအကူအညီတောင်းလိုက် သူတို့ လာကြည့်တယ်။ မီးသတ်ဆေးဗူး ဘယ်နားမှာ ဘယ်လို ထားသင့်တယ်။ နည်း နည်းပါးပါး ကြည့်ပြီးရင် ထောက်ခံချက်ပေးတယ်။
အခုက အဲဒီလို မဟုတ်တော့ဘူး။ ပြောင်းသွားပြီ။ ဘယ်လို ပြောင်းသွားလဲဆိုတော့ ဇမ္ဗူသီရိမှာပဲ စတယ်လို့ ပြောတာပဲ။ Fire Certificate ရမှ ထောက်ခံချက် ပေးမယ်လို့ ဖြစ်သွားတယ်။ Fire Certificate ရဖို့ ဘာလုပ်ရမလဲဆိုတော့ Fire Alarm တွေ၊ နောက် မီး Sign တွေ ဘာတွေပေါ့။ အစ်ကိုတို့ မူကြိုမှာ ဆိုရင် တွေ့ပါလိမ့်မယ်။
အဲဒါ တပ်ပြီးမှ ရမယ်ဆိုတော့ ကျနော်တို့ရဲ့ Installition က ၁ လ၊ ၂ လ အချိန်ကြာသွားရော။ ကျန်တဲ့ မြို့နယ်တွေက ရတယ် ဆိုတာက ပျဉ်းမနားမှာ အဲဒီလို မဟုတ်သေးဘူးတဲ့။ ထောက်ခံချက်သွားတောင်းရင် ခုနကပြောတာ ပြည့်တယ်ဆိုရင် ထုတ်ပေး လိုက်ရော။ ကျနေ်ာတို့ ဇမ္ဗူသီရိမှာကျတော့ အဲဒါစောင့်နေရတာနဲ့ ၂ လလောက် ကြာသွားရော။ ရလည်းရရော သွားတောင်းပြီး တော့ တင်တဲ့အချိန် မကြာသေးတဲ့အချိန်မှာ သမီးလေးက ဒီလိုလေး ဖြစ်သွားတာ။
ပွင့်ပွင့်လင်းလင်း ပြောရရင် လူကြီးတွေအနေနဲ့ကျတော့ ကျနော်တို့ကျောင်းကို သူတို့ တာဝန်မကျေတာတော့ မဟုတ်ဘူး။ သူတို့က သူတို့ရဲ့ လုပ်ငန်းတာဝန်ကို သူတို့ လုပ်တယ်။ ကျနေ်ာတို့ အနေနဲ့ကလည်း ဥပဒေတခု အနေနဲ့ဆိုရင် စင်ကာပူလို နိုင်ငံမျိုး ဖြစ်ချင် တာပေါ့ဗျာ။ ဒီဥပဒေတခု အသက်ဝင်ဖို့ဆိုတာ ကျနေ်ာတို့ နိုင်ငံမှာလည်း အခက်အခဲတွေ များစွာ ရှိတာပေါ့။
သူတို့လည်းလုပ်တယ်။ ကျနေ်ာတို့လည်း ပူးပေါင်းတယ်။ ဒါပေမယ့် ဒီကြားထဲက ဒီလိုလေး ဖြစ်သွားတော့ ကျနော်တို့လည်း စိတ် မကောင်းဘူး။
မေး ။ ။ အခု သံသယတရားခံ အောင်ကြီးက ကျောင်းထဲမှာ မဖြစ်သွားဘူး။ ဒီသမီးလေး ဗစ်တိုးရီးယားက ကျောင်းထဲမှာ မဖြစ်သွားဘူးလို့ အပိုင် ပြောနိုင်လား။
ဖြေ ။ ။ ကျနော် ခုနက ပြောသလိုပေါ့။ ကာယကံရှင် မိသားစုကရော၊ သမီးလေးကရော ကျောင်းမှာ ဖြစ်တယ်လု့ိ ပြောတာ။ ဖြစ် တယ်လို့ ပြောတော့ ကျနော်က ဒီဟာကို ငြင်းချက် မထုတ်ချင်ဘူး။ ကျနော်က သူတို့ ပြောတဲ့ အနေအထားပေါ်မှာ ဖြစ်အောင် တရားခံကို လိုက်ရှာချင်တာ။ အောင်ကြီး မဟုတ်ရင် ဖြစ်တယ်ဆိုရင် တရားခံ ရှိရမယ်လေ။
ကျနော်တို့က ကလေးတွေကို ကျောင်းစပြီး လက်ခံကတည်းက မေးတယ်။ ဘာတွေ မေးလဲဆိုတော့ ကလေးရဲ့ ထူးခြား ဖြစ်စဉ် ပေါ့။ တချို့ ကလေးတွေက ငိုရင် တက် တတ်တယ်။ ကျောင်းမှာ ကလေးက ငိုနေရင် ဂရုစိုက်ရတယ်။ သူတအားငိုနေရင် တက်တော့မှာလား။ တချို့က ထမင်းစားရင် မြန်မြန်စားလို့ မရဘူး။ နင်တာ။ တချို့ကျတော့လည်း မြန်မြန်စားတာ။ တချို့ ကျတော့လည်း ရေနဲ့စားမှ စားတတ်တဲ့ကလေး။
သမီးလေးက စပြီးတော့ ကျောင်းအပ်စဉ်မှာ ဘာလေး ပြောထားတုန်းဆိုတော့ သမီးလေးရဲ့ မိန်းမကိုယ်က ရောင်ရမ်း လွယ်တာ လေး ရှိတယ်။ ရေဆေးပေးရင် ရေလေးနဲ့ပဲ ဆေးပေးပါ။ လက်နဲ့ မထိပါနဲ့ဆိုတဲ့ ဟာလေး ရှိတယ်။ ကျနော်တို့က ကနဦး အစမှာတော့ သူ့ အမေပြောတဲ့ အထဲမှာလည်း ပါပါတယ်။ သမီးလေးကို ဘာနဲ့လုပ်မှန်း သူသေချာ မသိဘူး။ သူက သမီးလေးကိုမေးတော့ လက်နဲ့ လို့တော့ ပြောတယ်။ ဘာနဲ့မှန်း သူ သေချာ မသိဘူး။
ကျနေ်ာတို့ ထင်တာက ဟိုမိဘကို ပြောပြပါတယ်။ ဖြစ်တယ်ဆိုရင် တရားခံ တွေ့အောင် ရှာပေးမယ်။ သူပြောတာ ကိုကို ဖြစ်တဲ့ အ တွက် ကျောင်းထဲမှာဆိုရင် ကျနော်တို့က ကလေး ၂ ဦးစလုံးအတွက် ကျနော်တို့မှာ တာဝန်ရှိတယ်။ သမီးလေးအတွက်လည်း ကျ နော်တို့မှာ တာဝန်ရှိသလို လုပ်တဲ့ကလေးအတွက်လည်း ကျနော်တို့မှာ တာဝန်ရှိတယ်။
ဘာကြောင့်တုန်းဆိုတော့ လုပ်တဲ့ကလေးကို ကျနော်တို့က မဖော်ထုတ်ပေးဘူးဆိုရင် အဲဒီကလေးရဲ့ အကျင့်ကို ကျနော်တို့က ပြင် လို့ မရဘူး။ နောက်တခုက မိဘတွေက ယုံလို့ ကျနော် ကျောင်းကို အပ်ထားတာလေ။ ဒီကလေး ဒီလို အကျင့်ရှိနေတယ် ဆိုရင် သူ့ပတ်ဝန်းကျင်မှာ သူထပ်လုပ်တယ်ဆိုရင် ပြဿနာကြီးမယ်။
ကျနော်တို့က ဘာပြောပြလဲဆိုရင် မိဘတွေ အချင်းချင်း တရားဥပဒေကြောင်းအရ ဆွေးနွေးတာက မိဘတွေ အပိုင်းပါ။ ကျနော် အပိုင်းကတော့ လုပ်တဲ့ကလေးအတွက်လည်း ကျနေ်ာမှာ တာဝန်ရှိသလို သမီးလေးအတွက်လည်း ကျနော်မှာ တာဝန်ရှိတယ်။ ဖြစ်တယ်ဆိုရင် ရအောင် ဖော်ထုတ်ပေးမယ်။
အကယ်၍ မဟုတ်ဘူး။ ကျန်းမာရေးအရ ခုနက အချက်ကလေး ရှိတဲ့အတွက် ကျန်းမာရေးကြောင့်ဆိုရင်လည်း မိဘတွေ စိတ်ရှင်း အောင် ကျနော် ဖော်ထုတ်ပေးမယ်။ အဲဒါမှ သမီးလေးအတွက် စိတ်ရှင်းမှာပေါ့။ အဲဒီလို ကျနော်က ပြောလိုက်တယ်။ ဒါပေမယ့် အဲဒီ မှတ်ချက်ကိုလည်း ကျနော်က Record Book နဲ့ ထားတယ်။
အဲဒီ Record Book ကိုလည်း စီအိုင်ဒီက ယူပြီးတော့ စစ်တယ်။ မင်သက်တမ်းတို့ ဘာတို့ပေါ့လေ။ ကျနေ်ာတို့က နောက်မှ ဖြည့် တာလား။ အခုမှ ဖြည့်တာလား။ ဒါတွေ သူတို့ စစ်တယ်လို့ ပြောပါတယ်။ ကျနော်တို့ကတော့ ဒီဟာကို အစဉ်အလိုက်ပဲ။ ကြားထဲမှာ လုပ်တဲ့ဟာ မရှိဘူးပေါ့လေ။ သူ့မိဘတော့ သိမှာပါ။
ကျနော်တို့ ထင်တာက သမီးလေး ကျန်းမာရေးဆိုလည်း ကျန်းမာရေးကြောင့် ဆိုရင်တော့ သမီးလေး ဘဝမှာ ကောင်းတာပေါ့။ ကောင်းတာပေါ့ဆိုတာက အမည်းစက် ဒီလိုမျိုးချည်း မရှိဘူးပေါ့လေ။ ကျန်းမာရေးကြောင့် ဆိုရင်လည်း ကျန်းမာရေးကြောင့် ဆိုတာကို ရှင်းရှင်းလင်းလင်း ဖြစ်အောင် လုပ်ပေးချင်တယ်။ တရားခံဆိုရင်လည်း ၂ ဦးလုံးအတွက် ကျနော်မှာ တာဝန်ရှိတယ်။
ကျနော်က ရှာပေးမယ်။ လုပ်ပေးမယ်။ ကူညီမယ်လို့ ကျနော် ပြောလိုက်တယ်။ ဒီမှာ ဖြစ်တယ်၊ ကျောင်းမှာ ဖြစ်တယ်၊ မဖြစ်ဘူး ဆိုတဲ့ အယူအဆက ဘေးချိတ်ထား အရေးမကြီးဘူး။ ဖြစ်တဲ့ဖြစ်စဉ်အပေါ်မှာ ကျနေ်ာတို့က သွားချင်တာ။ လုပ်ပေးချင်တာပေါ့။
အခု အနေအထားအရ ဆေးစာအရ ဆိုရင်တော့ သမီးလေးက အပျိုရည်တော့ မပျက်ဘူး။ ဒါပေမယ့် သုတ်ပိုးက ရှိတယ်ဆိုတော့ သုတ်ပိုးသည် ကစားရင်းနဲ့တော့ ရှိတတ်တဲ့ အမျိုးမှ မဟုတ်တာ။ တရားခံ ရှိရမယ်ပေါ့လေ။
မေး ။ ။ ကျောင်းရဲ့ ထုတ်ပြန်ချက်မှာ တောင်းပန်လွှာ အနေနဲ့ ထုတ်လိုက်တယ်လေ။ အဲဒါက အခုချိန်ကျမှ ဘာဖြစ်လို့ ထုတ်တာလဲ။
ဖြေ ။ ။ ကျနော်တို့ ကနဦး အစမှာ ကျနော်တို့က ဘာလေးတွေ ရှိတုန်းဆိုတော့ ဒီအမှုက သတင်းစာ ရှင်းလင်းပွဲမှာလည်း ပြော သွားပါတယ်။ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ကလေ။ သိမ်မွေ့ နက်နဲတယ်၊ ခက်ခဲတယ်လို့ ပြောသွားတယ်။ အဲဒီထဲမှာ ကျနော်တို့ကို စစ်တာ တော့ အကြိမ်ရေတော့ မနည်းဘူး။ ကျနော်တို့က သမီးလေးတို့ မိသားစုနဲ့ တွေ့ ဖို့ ပထမဆုံးနေ့မှာလည်း ကျနော်တို့ သက်ဆိုင်ရာ ပတ်ဝန်းကျင် အမှတ် ၁ စခန်းက လူတွေ ရှိပါတယ်။
သူ့မိဘတွေထဲမှာ သူ့အဖေကို ကျနော် သေချာမှာပါတယ်။ ဘာကူညီပေးရမတုန်း၊ ဘာလုပ်ပေးရမတုန်း။ အကယ်၍ ကျော င်းမှာ သိချင်တယ်။ ကြည့်ချင်တယ် ဆိုရင် တာဝန်ရှိတဲ့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ မပါဝင်ရင်တောင်မှာ ကြိုက်တဲ့ အချိန်မရွေး လာပါ။ လာကြည့်ပါ။ မရှင်းလင်းတာ ရှိရင် ကျနော်ကို မေးပါ။ အားမနာပါနဲ့။ ကျနော်လုပ်ပေးမယ်လု့ိ အဲဒီကတည်းက ပြောလိုက်တယ်။
ဒါပေမယ့် ကြားထဲမှာ သူ စီအိုင်ဒီနဲ့ တခါ ထပ်လာတယ်။ ထပ်လာတဲ့အချိန်မှာလည်း ကျနော် ပြောတယ်။ လုပ်ပေးမယ်ဆိုတဲ့ အ ကြောင်းကို။ ဘာပဲလိုလို ပြောပါ။ အားမနာပါနဲ့။ ပြီးတော့ ဒီကြားကာလမှာ ဆရာတို့လည်း မြင်မှာပေါ့။ အင်မတန်ကို Facebook မှာ တော်တော်ကို ရှုပ်ထွေးတယ်။ ရှုပ်ထွေးပြီးတော့ အပြစ်တင် ဝေဖန်တာတွေ များတယ်။
ဒီကြားထဲမှာ ပွင့်ပွင့်လင်းလင်း ပြောရရင်။ ကလေးကိုရော၊ မိဘကိုရောပေါ့လေ။ ဒါပေမယ့် ကျနော်တောင် အတွေးပဲ ရှိသေးတယ်။ တချို့က ရေးထားတာ ကျနော်တွေ့ရတယ်။ မိဘကို ကျနေ်ာတို့က တခုခု လုပ်တာတို့၊ ကျနော်တို့က အဝေဖန်ခံရပြီးသား၊ ပုတ်ခတ် ခံရပြီးသား။ ကျနော်တို့အတွက်ကတော့ မထူးဘူး။ ဒါပေမယ့် သမီးလေးတို့ဘက်ကို အဲဒီလိုမျိုး ပြောမှာ မလိုလားဘူး။
ကျနေ်ာတို့က ရိုးသားစွာနဲ့ သွားတယ်။ သူတို့ကလည်း ရိုးသားစွာနဲ့လက်ခံတယ် ဆိုရင်တောင်မှ ဒါကြီးကို အကြောင်းတခု အနေနဲ့ ဖန်တီးပြီး ပြောမှာ။ သူတို့ သမီးလေးအတွက်လည်း စိတ်သောကတွေ ရောက်နေရသေးတယ်။ ဒီပတ်ဝန်းကျင်က ထပ်ပြီး ဝေဖန် မယ်ဆိုရင်တော့ ဒါက ဘယ်လိုမှ မလုပ်သင့်ဘူးပေါ့နော်။
အဲဒါနဲ့ စီအိုင်ဒီမှာလည်း ကျနော် ပြောပါတယ်။ ကျနော့်ကို စစ်တုန်းက ဖြစ်နိုင်မယ်ဆိုရင် ဆရာ၊ ကျနော်ကို ဒီမှာ မိဘနဲ့ တွေ့ခွင့် လေးပေးပါ။ သူတို့က စီစဉ်ပေးလိုက်ရင် ဆရာ၊ အမှုက ရှုပ်ထွေးသွားနိုင်တယ်။ ကြားထဲက တရားခံအစစ် ပျောက်သွားနိုင်တယ်။ ဆိုလိုတာက ဒီကျောင်းမှာ ဒီသတင်းတွေ ထွက်သွားပြီဆိုရင် လုပ်တဲ့သူက သတင်းတွေ ရပြီးတော့ ရှောင်တာတိမ်းတာတို့ ဖြစ်နိုင်တဲ့အတွက် သတင်းလည်း မထုတ်ပါနဲ့။
ရှင်းလင်းပွဲလည်း မလုပ်ပါနဲ့။ ဖြစ်နိုင်လို့ရှိရင် ခဏ သည်းခံပေးပါ။ သူတို့ ပြောပေးပါမယ်လို့ ပြောတယ်။ အခုက သူတို့က တရားခံ တဦးကို တရားရုံးတင်ထားတယ်ပေါ့လေ။ အဲဒီလို အခြေအနေမှာ ကျနော်က ကျနော်ဆန္ဒကိုတော့ ထုတ်ပြောချင်တယ်ပေါ့။
ကျနော် ဒီဟာနဲ့ ပတ်သက်ပြီးတော့ သမီးနဲ့ ပတ်သက်ပြီးတော့ ကြိုးစားနေပါတယ်။ တွေ့ရဖို့လေ။ လက်ရှိတော့ ဆရာ သက္ကမိုးညို တို့ ဆိုရင် သမီးလေးတို့ဘက်က တာဝန်ယူပြီးတော့ လုပ်ဆောင်နေတာမျိုး ရှိတော့ ကျနော် သူတို့ကိုတော့ သမီးလေးနဲ့ တွေ့ ချင်တဲ့ အကြောင်း၊ ကျန်းမာရေး မေးတဲ့အကြောင်း ကျနော်ဘက်က တတ်နိုင်တာ ကူညီပြီး ဘာလေးတွေ လုပ်ပေးနိုင်မတုန်းပေါ့လေ။
အဲဒါလေး ကျနော် ပြောထားပါတယ်။ ပြီးတော့ တောင်းပန်လွှာကို ဘာကြောင့် အခုမှ ထုတ်လဲဆိုတော့ အရင်အချိန်က ထုတ် မယ်ဆိုရင် အဓိပ္ပါယ်တွေ အများကြီး သက် ရောက်သွားမယ်လေ။ ကျနော် ထုတ်ချင်တာတော့ ကြာပြီ။ ဒါပေမယ့် အချိန် အတိုင်းအတာတခု ကျနော်တို့ သည်းခံပြီး မျိုသိပ်ပြီး နေခဲ့ရတာပေါ့လေ။
You May Also Like These Stories:
Wisdom Hill အမူ ဆုံးဖြတ်ချက် ပြည်သူ စိတ်ချမ်းသာစေရမည်ဟု တရားသူကြီးပြော
ဗစ်တိုးရီးယားအတွက် အမှုမှန်ပေါ်ရေး ပူးပေါင်းမည်ဟု Wisdom Hill ကျောင်းကတိပြု
Wisdom Hill ကျောင်းကို အရေးယူမည်ဟု သမ္မတရုံး ပြော