ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ် မြောက်ပိုင်းမှာ အခြေစိုက် လှုပ်ရှားနေတဲ့ ကချင်လွတ်လပ်ရေး တပ်မတော် ( KIA) ဦးဆောင်တဲ့ မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့နဲ့ ငြိမ်းချမ်းရေးကော်မရှင် (PC) ကြား ပဏာမအပစ်ရပ်စာချုပ် (Bilateral) တစောင် ချုပ်ဆိုနိုင်ဖို့ တရားဝင် ဆွေးနွေးညှိနှိုင်းနေတာ ၆ လဝန်းကျင် ရှိပါပြီ။
တပ်မတော်က အပစ်ရပ်စာချုပ် ဆွေးနွေးနိုင်ဖို့ ရခိုင်ပြည်နယ် မပါပဲ စစ်တိုင်း ၅ တိုင်းကို ကနဦး ၄ လ တကြိမ်၊ ဒုတိယ ၂ လတကြိမ် အပစ်ရပ်ကာလ ကြေငြာပေးထားပါတယ်။ ယခုအခါ ဇူလိုင်နဲ့ သြဂုတ် လကိုလည်း အပစ်ရပ်ကာလ ထပ်မံတိုးကြောင်း ကြေငြာထားပါတယ်။
အပစ်ရပ်ကြေငြာထားပေမယ့် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းမှာတော့ တိုက်ပွဲတွေရံဖန် ရံခါ ပြန်ဖြစ်နေ တယ်လို့ မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင်တွေက ပြောပါတယ်။
အပစ်ရပ်စာချုပ် ညှိနှိုင်းနေစဉ် ယုံကြည်မှု အပြန်အလှန် တည်ဆောက်နေစဉ် KIO က ဇွန် ၂၁ ရက်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့မှာ အစီရင်ခံစာ တစောင် ထုတ်ပြန်ခဲ့ပြီး အဲ့ဒီ့ ထဲမှာ တပ်မတော် လက်အောက်ခံ တပ်ဖွဲ့တွေပြည်သူ့စစ်တွေက ဘိန်းစိုက်တာတွေမူးယစ်ဆေး ဖြန့်ဖြူးတာ တွေလုပ်ကိုင်နေတယ်လို့ရေးသား ထားပါတယ်။
မူးယစ်ဆေးဝါး အစီရင်ခံစာ ရဲ့ ရည်ရွယ်ချက်၊ လက်ရှိ တပ်မတော်နဲ့ မြေပြင်က စစ်ရေးအခြေအနေ၊ အပစ်ရပ်စာချုပ် အပေါ် မျှော်လင့်ချက် တွေနဲ့ ပတ်သတ်ပြီး KIO ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကို ဧရာဝတီမှ အကြီးတန်းသတင်းထောက် နန်းလွင်နှင်းပွင့်က ဆက်သွယ် မေးမြန်း ထားပါတယ်။
မေး ။ ။ အခု အပစ်ရပ်ကာလ ၂ လထပ်တိုးတဲ့ အချိန်မှာ ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ် မြောက်ပိုင်း မြေပြင်မှာ အခြေအနေတွေ ဘယ်လို ရှိပါသလဲ။
ဖြေ ။ ။ အခုလောလောဆယ်က ထူးထူးခြားခြား ဘာမှ မရှိဘူး။ အစည်းအဝေးလည်း ငြိမ်နေတယ်လို့ ပြောလို့ ရပါတယ်။ ကချင်ပြည်နယ်ဘက်မှာ ပိုပြီး ထူးခြားတဲ့ သတင်းတွေ မထွက်ပါဘူး။
မေး။ ။ ၂၀၁၈ ဒီဇင်ဘာ ၂၁ မှာ တပ်မတော်ဘက်က အပစ်ရပ်ပြီးနောက် တပ်မတော်နဲ့ KIA ကြားမှာ အရင်လို တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ပြန်မဖြစ်အောင် အောက်ခြေမှာ ညှိနှိုင်းတာမျိုးရှိလား။ ဘယ်လို ထိန်းသိမ်းထားလဲ။
ဖြေ ။ ။ ကျနော်တို့ KIO အနေနဲ့တော့ အောက်ခြေတွေကို စစ်လှုပ်ရှားမှု မလုပ်ဖို့ ညွှန်ကြားတာ ရှိပါတယ်။ နောက်ပြီး မြို့ကြီး၊ရွာကြီး တွေ လမ်းမကြီးတွေပေါ်မှာ သေနတ်နဲ့ စစ်ဝတ်စုံအပြည့်နဲ့ လှုပ်ရှားတာ မလုပ်အောင် ကျနော်တို့က အားလုံးကို အသိပေးထားတာ ရှိပါတယ်။ အဲ့တာကြောင့် စစ်ရေးလှုပ်ရှားတာတွေ သိပ်မရှိတဲ့ အတွက်ကြောင့် ဒီကချင်ပြည်နယ်ဘက်မှာ တပ်မတော်နဲ့ ထိတွေ့ရင်ဆိုင်တဲ့ တိုက်ပွဲတွေ မရှိတာ ဖြစ်ပါတယ်လို့ ပြောချင်တာပါ။
မေး ။ ။ KIO နဲ့ မဟာမိတ်ဖြစ်တဲ့ TNLA ဆိုရင် ဒီရက်ပိုင်းမှာ တိုက်ပွဲတွေပြန်ဖြစ်နေတယ် ပြောတယ်။ ရခိုင်ဆိုလည်း အပစ်ရပ်မှာ မပါတော့ တလျှောက်လုံး ဖြစ်နေတယ်။ မဟာမိတ်တွေအရေးနဲ့ ပတ်သတ်ပြီး KIO အနေနဲ့ ငြိမ်းချမ်းရေး ကော်မရှင်နဲ့ တွေ့တဲ့အခါ ကြားဝင် ကူညီပြောဆိုပေးတာ ရှိပါသလား။
ဖြေ ။ ။ ကျနော်တို့လည်း ပြောတော့ ပြောပါတယ်။ ရှမ်းပြည်မြောက်ပိုင်းမှာကတော့ တပ်ပေါင်းစု နယ်မြေလို့ ပြောရမယ်။ ကျနော်တို့ KIA လည်း နေတယ်။ နောက် TNLA၊ MNDAA လည်း နေတယ် ဆိုတော့ အားလုံး ပေါင်းပြီးမှ နေတော့ နည်းနည်း လှုပ်ရှားတာနဲ့တော့ တိုက်ပွဲတွေ ဖြစ်တာပေါ့။ အထူးသဖြင့် အခုလို စုပေါင်းနေတဲ့ နေရာမှာ တပ်မတော်ဘက်က ထိုးဝင်လာတဲ့ အနေအထားလည်း ရှိပါတယ်။ ဒီဘက်ပိုင်းက အထူးသဖြင့် တပ်မတော်တွေထိုးဝင်လာလို့ ခုခံ တိုက်ပွဲတွေဖြစ်တာ ဖြစ်ပါတယ်။ ကျနော်တို့လည်း ပြောတော့ ပြောပါတယ်။ နှစ်ဖက်တပ်တွေ ထိန်းထိန်းသိမ်းသိမ်း နေဖို့ နယ်မြေ မကျွံဖို့တော့ ပြောတော့ ပြောပါတယ်။
မေး ။ ။ ဒါဆိုရင် တပ်မတော်ဘက်က အပစ်ရပ် ကြေငြာထားပြီး မြေပြင်မှာ မလိုက်နာဘူးလို့ဆိုလို ချင်တာလား။
ဖြေ ။ ။ ကျနော်တို့ ဘက်ကလည်း အဲ့လို ပြောရမှာပဲ။ သူတို့ဘက်က သူတို့နယ်မြေဆိုတော့ ကိုယ့်ဘာသာ လှုပ်ရှားတယ် ပြောမှာပေါ့။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် သတ်မှတ်ထားတဲ့ အချိန်ကာလမှာ ကိုယ့်ရဲ့ စည်းမျဉ်းစည်းကမ်းတွေက တပ်မတော်လည်း ပိုပြီး လိုက်နာရမှာ ဖြစ်ပါတယ်။ မလိုက်နာရင် လက်နက်ကိုင်အဖွ့ဲတွေရှိတဲ့ ဘက်မှာ တတ်လာရင် တိုက်ပွဲကတော့ ဖြစ်မှာ သေချာတာပဲ။
မေး ။ ။ ပြီးခဲ့တဲ့လ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး ပပျောက်ရေးနေ့မှာ KIO က ထုတ်တဲ့ မူးယစ်ဆေးဝါး ဆာဗေး၊ တပ်မတော် တပ်စခန်းတွေနားမှာ ဘိန်းစိုက်တာ ပိုများတယ် ဆိုတာကို ဖော်ပြ ထားတာလေ။ အဲ့တာ ထုတ်ပြီးနောက် တပ်မတော်ဘက်က ဆက်သွယ်လာတာရှိလား။ ဘယ်လို ရည်ရွယ်ချက် နဲ့ ထုတ်ဖြစ်တာလဲ။
ဖြေ ။ ။ ကျနော်တို့ကိုတော့ တပ်မတော်ဘက်က တရားဝင် ဆက်သွယ် မေးမြန်းလာတာ ဆွေးနွေး လာတာ မရှိပါဘူး။ ကျနော်တို့ ကချင်လူမျိုးတွေက မူးယစ်ဆေးဝါးနဲ့ ပတ်သတ်ပြီး ဘေးဒုက္ခတွေက တော်တော် ခံစားနေရလို့ပါ။ ပြည်သူလူထုတွေကလည်း အခု Report မှာ ပါတဲ့ အတိုင်း မိသားစုတွေ ကွဲကွာတာ မသေသင့်တဲ့ လူငယ်တွေ သေတာ ပညာရေးမှာလည်း နောက်ကျတယ်။ ကျန်းမာရေးလည်း နောက်ကျတယ်။ ကျနော်တို့ တော်တော် ဆိုးဆိုးဝါးဝါး ခံစားရတယ်။ အဲ့တာကြောင့် ဒီမူးယစ်ဆေးဝါးရဲ့ အဓိက ဇစ်မြစ်တွေကို ရှာဖို့ ကျနော်တို့က ရှာဖွေတွေ့ရှိဖို့ ဆာဗေးတွေ လုပ်တာပါ။ အစိုးရ အနေနဲ့လည်း ဒီမူးယစ်ဆေးဝါးနဲ့ ပတ်သတ်ပြီး နည်းမှန်လမ်းမှန်နဲ့ မှန်ကန်တဲ့ နည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့ ကျနော်တို့ လမ်းကြောင်း ရှာတဲ့ သဘောနဲ့ထုတ်ပြန်တာပါ ။ အဲ့တာကြောင့် ထုတ်ပြန်တာ ဖြစ်ပါတယ်။
မေး ။ ။ ဒီအစီရင်ခံစာကအရ ဘိန်းနဲ့မူးယစ်ဆေးတွေကို တပ်မတော်က ကချင်ပြည်နယ်မှာ အဓိက လုပ်ကိုင်နေတယ်ဆိုတဲ့ ရှာဖွေတွေ့ရှိချက်ကို အစိုးရထံ သတင်းစကား ပေးချင်တာလား။ ဒါမှမဟုတ် နိုင်ငံတကာ အဖွဲ့အစည်းတွေဖြစ်တဲ့ UN ကမ္ဘာ့ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းတွေကို ရည်ရွယ်တာလား။
ဖြေ ။ ။ ကျနော်တို့ရဲ့ အကြံပြုချက် နေရာမှာတော့ အခု ဖြစ်ပျက်နေတဲ့ အဓိက အကြောင်းရင်းတွေ အားလုံးကတော့ အဲ့တာကို ဖြတ်သင့်တယ်လို့ အကြံပြုထားပါတယ်။ ဥပမာ ဒီမူးယစ်ဆေးဝါးတွေ စိုက်တာ ထုတ်လုပ်တာ ဖြန့်ဖြူးတာ အားလုံးက ပြည်သူ့စစ် နယ်မြေ ဒေသမှာ အဓိက ဖြစ်နေတယ်လို့ ကျနော်တို့ ကတော့ တွေ့ရှိချက်ကို တင်ပြထားတာရှိပါတယ်။ ဆိုတော့ ပြည်သူ့စစ်က တပ်မတော်ရဲ့ လက်အောက်ခံ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေ ဖြစ်တယ်။ နောက် ပြည်သူ့စစ်တွေကို မူးယစ်ဆေးဝါး ထုတ်လုပ်ဖို့ စီးပွားရေး လုပ်ဖို့ နားလည်မှုသဘောနဲ့ ခွင့်ပြုထားတဲ့ သဘောမျိုးရှိတယ်။ အဲ့တာတွေမလုပ်သင့်ဘူးလို့ ကျနော်တို့ အကြံပြုထားတယ် တပ်မတော်ကို အစိုးရကို။ နောက်ပြီးတော့ မူးယစ်ဆေးဝါး ဖြန့်ဖြူးတဲ့ နေရာမှာလည်း တပ်မတော်က လက်အောက်ငယ်သားတွေနေမှာပေါ့။ ရှေ့တန်းက ဝန်ထမ်းတွေက အကာအကွယ် ပေးတာတွေ တွေ့ရတယ်။ ပြည်သူ့စစ်တွေကလည်း အဲ့လိုပါပဲ။ ဒီလိုမျိုး မလုပ်သင့်ဘူး။ ကျနော်တို့က တပ်မတော်တွေ အစိုးရတွေကို ပြောချင်တာ ဖြစ်ပါတယ်။
ကျနော်တို့ကတော့ မူးယစ်ဆေးဝါး ကင်းစင်ရေး ကော်မတီတွေ ဖွဲ့ထားတာရှိပါတယ်။ အဲ့တာကြောင့် ကျနော်တို့ကတော့ မူးယစ်ဆေးဝါး ဘေးကနေ လွတ်မြောက်ဖို့ ကျနော်တို့ KIO က မားမား မတ်မတ် ရပ်တည်ဖို့ ရည်ရွယ်ချက်တွေသဘောထားတွေရှိပါတယ်။ ဆက်ပြီးတော့လည်း မူးယစ်ဆေးဝါးနဲ့ ပတ်သတ်ပြီးတော့ တတ်နိုင်တဲ့ စွမ်းပကားနဲ့ တိုက်ဖျက်ဖို့ကတော့ ကျနော်တို့ သဘောထား ရှိပါတယ်။
မေး။ ။ မူးယစ်ဆေးဝါး ထုတ်လုပ်မှု၊ ဘိန်းစိုက်ပျိုးမှုတွေနဲ့ ပတ်သတ်ပြီး UN မှာရော အစိုးရ ဆီမှာရော စွပ်စွဲချက်တွေ ရှိတယ်။ အဲ့တာက KIA က အရာရှိတွေ ရှေ့တန်းက တပ်မှူးတွေ ပါဝင်ပတ်သတ် နေတယ် ဆိုတာမျိုးပေါ့။ ဒီအပေါ်မှာရော ဘာများ ပြောချင်ပါသလဲ။
ဖြေ ။ ။ အချင်းချင်း အပြစ်ဖို့တာ ဖြစ်ချင်ဖြစ်မှာပါ။ ကျနော်တို့ကတော့ ရှိတာတွေ အကုန် အရေးယူ ပါတယ်။ မတွေ့တာ မသိတာတွေပဲရှိမှာပါ။ မူအားဖြင့်ကတော့ ကျနော်တို့ အားလုံးက အရေးယူပါတယ်။ ကျနော်တို့ ကြားသိ သလောက်ကတော့ မရှိသလောက် ဖြစ်နေပါတယ်။ ဒါပေမယ့် အနည်းအကျဉ်းတော့ ရှေ့တန်းမှာတော့ ရှိရင် ရှိမှာပေါ့။ သိရင်တော့ ကျနော်တို့ ဒီအတိုင်း ထားမှာ မဟုတ်ပါဘူး။
မေး။ ။ တနိုင်းဒေသတွင်းမှာ လက်လုပ်လက်စား လုပ်ကွက်တွေ သယံဇာတ ဝန်ကြီးဌာန ဘက်က ချပေးနေတာ တွေ့ရတယ်။ တနိုင်းဒေသ၊ ပယင်းတွင်းတွေရှိတဲ့ နေရာက တကယ်ပဲ စစ်ရေးအရ လုံခြုံလား။ တပ်မတော်က အားလုံး သိမ်းထားပြီလား။ တနိုင်းမှာ ဘယ်လို အခြေအနေတွေရှိနေလဲ။ KIA ဘက်ကရော လှုပ်ရှားနေသေးလား။
ဖြေ ။ ။ အဲ့တာကတော့ ပြောလို့ ခက်ပါတယ်။ ခက်တယ်ဆိုတာက လုံခြုံမှုရှိတယ်လို့ ဘယ်သူမှ အာမခံချက် မပေးနိုင်ဘူး။ လုံခြုံမှု မရှိဘူးလို့လည်း မပြောနိုင်ပါဘူး။ ဘာ့ကြောင့်လည်း ဆိုတော့ အရင်က KIA တွေ တပ်စွဲထားတဲ့ နေရာမှာ တပ်မတော်ဘက်ကနေ KIO က သယံဇာတတွေ ခိုးထုတ်တယ် ဘာညာနဲ့ သူတို့က နေရာပြန်ယူသွားတာ။ အခုလည်း တဖက်သတ် အပစ်အခတ်ရပ်စဲရေး သူတို့က ထုတ်ပြန် ကြေငြာထားပြီးတော့မှ အခုလိုမျိုး သယံဇာတတွေကို ပြန်လုပ်ခိုင်းတာ ဖြစ်မှာပါ။ တကယ်လို့များ အပစ်အခတ်ရပ်စဲရေး၊ ပြည်တွင်းစစ်ကို အပြီးသတ်နိုင်တဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး မရရင်တော့ လုံခြုံရေး ရတဲ့ နေရာလို့ သတ်မှတ်လို့ မရဘူး။ တနေနေ့တချိန်ချိန် တခါခါမှာတော့ တိုက်ပွဲပြန်ဖြစ်နိုင်တဲ့ အနေအထား တော့ ရှိပါတယ်။
ကျနော်တို့ကြားသိရတာတော့ တနိုင်းမှာ ရှေ့တန်းက တပ်မှူး (တပ်မတော်) တွေနဲ့ ပူးပေါင်းပြီး ပယင်းတွေ ရွှေတွေ သယံဇာတတွေတူးဖော်နေတဲ့ သတင်းတွေ ကြားရပါတယ်။ နောက်ပြီး လီဆူပြည်သူ့စစ် တွေကိုလည်း အဲ့ဘက်မှာ နေရာတွေ ပေးပြီး သယံဇာတတွေ တူးဖော်နေတယ် ဆိုတာ ကြားရပါတယ်။ ဒါပေမယ့် ဘယ်လောက်ထိ ကြီးကြီးမားမား ကျယ်ကျယ်ပြန့်ပြန့် လုပ်တယ် ဆိုတာ ကတော့ မကြားမိသေးဘူး။ ဒီဘက်ပိုင်းမှာမှ တရားဝင် ပြန်ပြီး လက်မှတ်တွေ ပေးတယ် ဆိုရင်တော့ အကြီးအကျယ် ပြန်ဖြစ်လာမယ့် အနေအထားတော့ ရှိမှာပါ။
မေး။ ။ တနိုင်းက ပယင်း၊ ရွှေမှော်တွေက အရင် ၂၀၁၇ တိုက်ပွဲတွေ မတိုင်ခင်က KIO ရဲ့ စီးပွားရေး၊ ဝင်ငွေရှာရာ နေရာ တခုဖြစ်တယ်။ အခု တပ်မတော်က တိုက်ယူပြီး အစိုးရဘက်က လုပ်ကွက်တွေချပေး မယ့် အပေါ် တနိုင်းနယ်မြေနဲ့ ပတ်သတ်ပြီး KIA ဘက်က သဘောထား ဘယ်လို ရှိပါသလဲ။
ဖြေ ။ ။ ကျနော်တို့လည်း အဲ့ဘက်မှာ စီးပွားရေးပုံစံနဲ့ပြန်လှုပ်ရှားရင်တော့ တိုက်ပွဲက ပြန်ဖြစ်မှာပါ။ တိုက်ပွဲတွေဖြစ်ရင်တော့ ပြည်သူလူထုတွေ အတွက် ဘာအကျိုးမှရှိမှာ မဟုတ်ဘူး။ အခုလောလောဆယ် တော့ တိုက်ပွဲကို ရှေ့တန်းမတင်ပဲ နိုင်ငံရေးဆွေးနွေးတာကိုပဲ ရှေ့တန်းတင်ထားတဲ့ အချိန်ကာလ ဖြစ်ပါတယ်။ အဲ့တာကြောင့် ကျနော်တို့က အဲ့ဘက်မှာ စီးပွားရေးနဲ့ အခြားလှုပ်ရှားတာကို ကျနော်တို့ KIA အနေနဲ့ နည်းနည်း ခဏ ရပ်တန့်ထားတာ ဖြစ်ပါတယ်။
မေး။ ။အခု တပ်မတော်ဘက်က Bilateral စာချုပ်အတွက် အပစ်ရပ်ကာလ ၂လ ထပ်တိုးတဲ့ အပေါ်မှာ KIA ဘက်က မျှော်လင့်ချက် ဘာတွေရှိပါသလဲ ။
ဖြေ ။ ။ ကျနော်တို့ကတော့ Bilateral ထိုးဖို့ ရည်မှန်းချက်၊ ရည်ရွယ်ချက်တွေ ရှိပါတယ်။ ဒါပေမယ့် ထိုးဖြစ်မယ် မထိုးဖြစ်ဘူးဆိုတာကတော့ ဆွေးနွေးတဲ့ အပေါ်မှာပဲ မူတည်မှာပါ။ ကျနော်တို့ကတော့ (Bilateral) ထိုးဖို့မျှော်လင့်ချက်တော့ ရှိပါတယ်။ ကြိုးစားနေတုန်း ဖြစ်ပါတယ်။ ဒီလကုန်ပိုင်း လောက်မှာ တော့ တွေ့ဖြစ် မလားဆိုတဲ့ မျှော်လင့်ချက်တော့ ရှိပါတယ်။ ဒါပေမယ့် အခြေအနေတွေ ဘယ်လိုပြောင်းလဲ လာမယ် ဆိုတာ ကတော့ ကြိုတင်ပြီး ဘာမှ ပြောလို့ မရပါဘူး။
You may also like these stories:
KIO ရုံးပိုင် ခြံအတွင်း ရှာဖွေခြင်းမှာ လေယာဉ်ပစ် ကျည်များ ဖမ်းဆီးမှုနှင့် ဆက်စပ်ဟု ရဲတပ်ဖွဲ့ဆို
ငြိမ်းချမ်းရေး မျှော်လင့်ချက်ရှိ၍ အပစ်ရပ် ၂ လ တိုးဟု တပ်မတော် ပြော
မြောက်ပိုင်း မဟာမိတ် FPNCC ခေါင်းဆောင်များ
မြောက်ပိုင်းမဟာမိတ်နှင့် Bilateral ချုပ်ဆိုရေးကို ဦးတည် ဆွေးနွေးရန် အစိုးရလက်ခံ