ကရင်ပြည်နယ်မှာရှိတဲ့ ရှမ်း တိုင်းရင်းသားတွေရဲ့ အရေး ကူညီမည့်သူ

ငြိမ်းငြိမ်း
ကရင်ပြည်နယ် လွှတ်တော် တိုင်းရင်းသားရေးရာ ကော်မတီဝင် အိုက်ကျန်းခမ် / အောင်ကျော်ထက် / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

ကရင်ပြည်နယ်အတွင်းရှိ ရှမ်းဒေသခံများကို ကိုယ်စားပြုနိုင်ရန် ပြည်နယ်အတွင်း ရှမ်း တိုင်းရင်းသားရေးရာ မဲဆန္ဒနယ် ရရှိရေးအတွက် ကရင်ပြည်နယ်လွှတ်တော် မြဝတီမဲဆန္ဒနယ် (၁) ကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ် အိုက်ကျန်းခမ်းက ကြိုးပမ်းလျှက်ရှိသည်။

မြန်မာနိုင်ငံ တိုင်းနှင့်ပြည်နယ် အသီးသီးရှိ ဒေသခံတိုင်းရင်းသားအုပ်စု အရေအတွက်အပေါ် အခြေခံပြီး သက်ဆိုင်ရာ ပြည်နယ် တိုင်းများတွင် တိုင်းရင်းသားရေးရာ မဲဆန္ဒနယ်များကို သတ်မှတ်ထားသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ထိုတိုင်းဒေသကြီး ပြည်နယ်မှ ရရှိပြီးသော သို့မဟုတ် တိုင်းဒေသကြီး/ ပြည်နယ် အတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စု ရထားသော တိုင်းရင်းသား လူမျိုးများမှအပ ကျန် တိုင်းရင်း သားများ အနက် လျှော်ကန်သင့်မြတ်သည့် လူဦးရေသည် နိုင်ငံတော်ရှိ လူဦးရေ စုစုပေါင်း၏ သုည ဒသမ ၁ ရာခိုင်နှုန်းနှင့် အထက် ရှိကြောင်း သက်ဆိုင်ရာက သတ်မှတ်ပါက တိုင်းရင်းသား လူမျိုး တမျိုးလျှင် တဦးကျ စီ ရွေးချယ်တင်မြောက် နိုင်သည်ဟု ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၆၁ တွင် ဖော်ပြထားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ တနိုင်ငံလုံးတွင် တိုင်းရင်းသားရေးရာ မဲဆန္ဒနယ် ၂၉ ခုရှိပြီး ၎င်းတို့ကို အထွေ ထွေ ရွေးကောက်ပွဲ အတွင်း တိုင်းနှင့် ပြည်နယ် အဆင့်တွင် ရွေးချယ်ကြသည်။ ထို တိုင်းရင်းသားရေးရာ ကိုယ်စားလှယ်များသည် သက်ဆိုင်ရာပြည်နယ်၊ တိုင်းအစိုးရတွင် တိုင်းရင်းသားရေးရာ ဝန်ကြီးများ ဖြစ်လာကြသည်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ကရင်ပြည်နယ်တွင် အခြေချနေထိုင်သူ ၁.၆ သန်းရှိပြီး ကရင် တိုင်းရင်းသား အများစုဖြစ်သည်။

ကရင်ပြည်နယ်တွင် နေထိုင်သော ဗမာ၊ မွန်နှင့် ပအိုးဝ် တို့တွင် တိုင်းရင်းသားရေးရာ ဝန်ကြီးများ ရှိသည်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် တိုင်းရင်းသား လူမျိုးစု မည်မျှရှိသည်ကို ဖော်ပြခြင်း မရှိသော်လည်း ယခင်တရားဝင် ထုတ်ပြန်ချက်များ အရ တိုင်းရင်းသားအုပ်စု ၁၃၅ ခု ရှိသည်။

ရှမ်းပြည် ပြင်ပ ကချင်ပြည်နယ်၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် နေထိုင်သော ရှမ်း တိုင်းရင်းသားများ အတွက် ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီးများရှိပြီးဖြစ်သည်။ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်နှင့် ကယား (ကရင်ပြည်နယ်) များတွင် ရှမ်းတိုင်းရင်းသား အများအပြား ရွှေ့ပြောင်း နေထိုင်ကြသော်လည်း ထိုပြည်နယ်တိုင်းများတွင် တိုင်းရင်းသာရေးရာ ဝန်ကြီးများ ရွေးချယ်ခွင့် မရှိကြသေးပေ။

ကရင်ပြည်နယ်တွင် ရှမ်းစာပေနှင့် ယဉ်ကျေးမှု တိုးတက်ရေးအတွက် သူ၏အားထုတ်မှုများနှင့် ကရင်ပြည် နယ်အတွင်း ရှမ်းတိုင်းရင်းသားများ၏ ကိုယ်စားပြုမှုအတွက် ကြိုးပမ်းနေသည့် ကရင်ပြည်နယ် လွှတ်တော် တိုင်းရင်းသားရေးရာ ကော်မတီဝင် အိုက်ကျန်းခမ်ကို ဧရာဝတီ သတင်းဌာနမှ တွဲဖက်အယ်ဒီတာ ငြိမ်းငြိမ်းက ကရင်ပြည်နယ်မြို့တော် ဖားအံတွင် တွေ့ဆုံ မေးမြန်းထားသည်မှ ကောက်နုတ် ဖော်ပြလိုက်ပါသည်။

မေး ။ ။ ကရင်ပြည်နယ်မှာ ရှမ်းစာပေ တိုးတက်ရေးအတွက် ဘယ်အခန်းကဏ္ဍက ပါဝင်နေလဲ။

ဖြေ။ ။ အခုလက်ရှိ ကရင်ပြည်နယ် ရှမ်းစာပေ၊ ယဉ်ကျေးမှု တိုးတက်ဖွံ့ဖြိုးရေး ဥက္ကဋ္ဌ အဖြစ် ကျနော် ဦးဆောင်တယ်။ လာမယ့် (၂၀၂၀) သက်တမ်းကျရင် ကျနော်တို့ (ကရင်ပြည်နယ်မှာ) ရှမ်းတိုင်းရင်းသား ဝန်ကြီးတပါး ရရှိဖို့ ကြိုးစားနေတယ်။ တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးနေရာ ရဖို့ လူဦးရေ စိစစ်မှုကို ကျနော်တို့အခု လုပ်ထားပြီးပြီ။ ကျနော်တို့ ရှမ်းတိုင်းရင်းသား လူဦးရေက ဝ.၁ ရာနှုန်းကျော်ပြီ။ ၆ သောင်း ကျော်သွားပြီ။

မြို့နယ်အလိုက် ကျနော် ကောက်တာ မြဝတီမြို့နယ်မှာ အယောက် ၁၇၀၀၀ ကျော်ရှိတယ်။ ကြာအင်း ဆိပ် ကြီး မြို့နယ်မှာ ၁၆၀၀၀ ကျော်တယ်။ ဖာပွန်မြို့နယ်က ၁၃၀၀၀ ကျော်တယ်။ ကော့ကရိတ်မြို့နယ်က ၁၃၀၀၀ ကျော်တယ်။ ဒီ ဘားအံမြို့နယ်တောင် ၃၀၀၀ ကျော်ရှိတယ်။ သံတောင်က ၂၀၀၀ ကျော်၊ လှိုင်းဘွဲ့မှာက ၁၀၀၀ ကျော် ရှိတယ်။

အခု လက်ရှိလည်း ကျနော်တို့ မေးခွန်းကို ကရင်ပြည်နယ် လွှတ်တော်မှာ မေးထားပြီ။ ပြည်ထောင်စု မှာလည်း ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေကို မေးခွန်း မေးခိုင်းထားတယ်။ အဲဒီက ရလဒ်ရလာရင် ကျနော်တို့ ရွေးကောက်ပွဲ ကော်မရှင်ကို တင်မယ်။

၂၀၁၀ တုန်းက ရှမ်း (တိုင်းရင်းသားရေးရာ) ဝန်ကြီး မရှိဘူး။ ဒါပေမယ့် ကိုယ့်ရှမ်းလူမျိုးပဲ ဝန်ကြီး တပါး တက်လာတယ်။ လူမှုရေးဝန်ကြီး ဦးချစ်လှိုင်ဆိုတာ။ သူက ရှမ်းဘက် မနေဘဲ ရှမ်းအရေး မဖော်ထုတ်ဘဲ နေတယ်။

ကျနော် အခု MP (လွှတ်တော်အမတ်) အနေနဲ့ တက်လာတာ ကျနော်တို့ ရှမ်းတိုင်းရင်းသားတွေကို ဒီကရင် ပြည်နယ်က အသိအမှတ်ပြုတဲ့ ဝန်ကြီးတပါး ရရှိဖို့လည်း မျှော်မှန်းထားတယ်။ အခု လွှတ်တော်အနေနဲ့ ကျနော်ဝင်တယ်၊ ကြိုးစားလာခဲ့တယ်။ နောင်လာမယ့် ၂၀၂၀ ကျရင် ရွေးကောက်ပွဲကော်မရှင်က အခု အတည် ပြု ပေးနိုင်လို့ရှိရင် ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီးတပါး ရရှိဖို့လည်း ကြိုးစားနေတယ်။

မေး။ ။ ကရင်ပြည်နယ်မှာ ရှမ်းတိုင်းရင်းသားတွေရဲ့ စာပေနဲ့ယဉ်ကျေးမှု တိုးတက်ရေး အခွင့်အလမ်းတွေ ဘယ်လောက်ရနေလဲ။

ဖြေ။ ။ အခုက စာပေနဲ့ ပတ်သက်ပြီးတော့ အခွင့်အရေးက အကုန်လုံးက တန်းတူပဲ။ လာမယ့် ၂၀၂၀ ကျရင်တော့ ဒီထက်မက တိုးတက်လာမှာပဲ။ အခုက Grade 1 ကနေ စပြီးတော့ Grade 2၊ 3၊ 4 (ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း) အထိ သူက တက်လာမှာပေါ့။ အခု လက်ရှိလည်း စာပေနဲ့ ပတ်သက်ပြီး၊ သင်ရိုး နဲ့ ပတ်သက်ပြီး ရှမ်းစာပေရော၊ ကရင်စာပေရော၊ မွန်စာပေ၊ ပအိုဝ်းစာပေရော အခုက တန်းတူ စာအုပ်ထုတ် နိုင်ဖို့ လုပ်နေတယ်။ ဟိုတခေါက်က ယူနီဆက်ဖ် လာပံ့ပိုးပြီးတော့ သင်ရိုးညွန်းတမ်း ထုတ်ထားတယ်။

ကျနော်တို့ ပညာရှင်အဖွဲ့က ပြန်ပြီး ပူးပေါင်း ပြီးတော့ ၆ လကျော် တနှစ်နီးပါး ပြုစုပြီးသွားတယ်။

မေး။ ။ အခု ရှမ်းစာပေကို ကျောင်းတွေမှာ သင်ခွင့်ရတာ ဘယ်နှကျောင်းရှိလဲ။

ဖြေ။ ။ ၂၀၁၈ ခုနှစ်က သံတောင်ကြီး၊ မြဝတီနဲ့ ကြာအင်းဆိပ်ကြီး မြို့နယ်တွေက ကျောင်း ၄ ကျောင်းမှာ ရှမ်းစာပေသင်တယ်။ ဒီနှစ်ကျတော့ ထပ်တိုးလာတာက ကြာအင်းဆိပ်ကြီး မြို့နယ်ထဲက နောင်တခို၊ နောင် တမန်း၊ ဝက်ဒုံ၊ ဖတလဲ၊ ပါဝိုင်၊ နောက် ဖတ်တမော့ ရွာတွေ။ အရင်တုန်းက တင်ထားတဲ့ ဆရာမ ၂ ယောက်၊ ၃ ယောက်ရှိတယ်။ အဲဒီ တင်ထားတဲ့ ဆရာမ ၂ ယောက်၊ ၃ ယောက် ရလို့ရှိရင် ကော့ကရိတ်မြို့နယ်မှာ ၃ ကျောင်း ထပ်တိုးဖို့ ဒီနှစ်စီစဉ်ထားတယ်။

တိုင်းရင်းသား စာပေသင်ကြားတဲ့ ဆရာဆရာမတွေကို တနေ့ကို တချိန်သင်ဖို့ နေ့စား လပေးနှုန်းနဲ့ ပေးပြီး တခြား ဘာအကျိုးခံစားခွင့်မှ မရသေးဘူး။ သူတို့တွေက ဘွဲ့ရပြီးသားဆိုရင် ပညာရေး ဝန်ထမ်း ဆရာ၊ ဆရာမ ဖြစ်လာဖို့ ပိုမိုလွယ်ကူမယ်။ အဲဒီ ဆရာ၊ ဆရာမတွေရဲ့ လစာဝင်ငွေ ရရှိမှုက နေ့စားပုံစံပဲ။

တကယ့်တကယ် ဘွဲ့ရလို့ရှိရင်တော့ ဘွဲ့ရသူဆိုရင် ပါမင့်နင့် တက်တာ မြန်တယ်။ အခုလက်ရှိကတော့ နေ့စား လပေးနဲ့ပဲ သွားတယ်။

ဆရာ၊ ဆရာမတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ပိုမိုသိရအောင်လို့ တရွာနဲ့တရွာကို ကျနော်တို့ ကွင်းဆင်း စစ်ဆေးမယ်။

အစိုးရက သူတို့ကို အခုလောလောဆယ် တလ သုံးသောင်းကျပ် ပေးတယ်။ ပါမစ်ကျလာမှ (အမြဲတမ်း ဝန်ထမ်း ဆရာတွေ ဖြစ်လာမှသာ သူတို့ တခြားဆရာဆရာမတွေလို) ၁၁၀၀၀၀ ကျပ်ရမယ်။ တနေ့ တချိန် သင်ရတယ်။

အရင်က ရှမ်းစာပေကို နွေရာသီသင်တန်းမှာ သင်တယ်။ အခု လက်ရှိ ရှမ်းစာ၊ ရှမ်းစကား ပပျောက်ထားတာ များတော့ ကျနော်တို့ ကလေးတွေကို အရှိန်အဟုန်နဲ့ တတ်စေချင်တယ် ပေးဖြစ်ချင်တယ်။ သူတို့က ဝါသနာ ရှိပြီးသား။

မေး။ ။ ကရင်ပြည်နယ်လွှတ်တော် တိုင်းရင်းသား လူမျိုးရေးဆိုင်ရာ ကော်မတီဝင်အနေနဲ့ အဓိက ဘာတွေ ဆောင်ရွက်တာလဲ။

ဖြေ။ ။ အခု လက်ရှိ စာပေနဲ့ပတ်သက်ပြီး ကျနော်လုပ်တယ်။ အောင်မြင်မှုလည်းရှိပြီ။ တိုင်းရင်းသား အုပ်စု တွေ အနေနဲ့ ကိုယ် ဘာတိုင်းရင်းသား ဖြစ်တယ်ဆိုတာကို မှတ်ပုံတင်နိုင်အောင်လည်း မွန်ဆို မွန် မှတ်ပုံတင် နိုင်အောင်၊ ပအိုဝ်းဆိုလည်း ပအိုဝ်း မှတ်ပုံတင်နိုင်အောင်၊ နောက် ကရင်ဆို ကရင် မှတ်ပုံတင်နိုင်အောင် လုပ်တယ်။ အခုက ပြီးသွားပြီ။ နောင်ကျရင် အိမ်ထောင်စုနဲ့ ပတ်သက်တာ လုပ်မယ်။

အရင်က ဘယ်လိုဖြစ်လဲဆိုတော့ လူဦးရေ စာရင်းကောက်တဲ့ အခါတုန်းက ပအိုဝ်းရှမ်း ဆိုပြီး ရှမ်းပအိုဝ်း အနေနဲ့ ယူသွားတာ။ ရှမ်းလူမျိုး မှတ်ပုံတင် ရှိပေမယ့် ၂၀၁၀ မှာ ရှမ်းပအိုဝ်း ဆိုပြီး လုပ်ထားတော့ ပအိုဝ်းဝန်ကြီး ရသွားရော။ ရှမ်းမပါဘဲ ကျန်ခဲ့တယ်။

လွှတ်တော် ကိုယ်စားလှယ်မဖြစ်ခင်က ရှမ်းအနေနဲ့ ဘာမှ မလုပ်ဖြစ်ဘူး။ ရည်ရွယ်တာပဲ ရှိခဲ့တယ်။ တနေရာ တနေရာသွားဖို့ ခက်ခဲတယ်။ မြဝတီကနေ ဖာပွန်သွားဖို့က တရက်တည်း သွား မပေါက်ဘူး။

အိပ်ရမယ်ဆိုတော့ မလွယ်ဘူး။ လမ်းပန်းခရီးလည်း ဒီလိုမဟုတ်ဘူး။ ငြိမ်းချမ်းရေးလည်း မရသေးဘူး။ ဟို အရင်တုန်းက ကြောက်ကြသေးတယ်လေ။ အရင်က တော်တော် ကြောက်တယ်။ နောက်ပိုင်း ၂၄ နာရီ ဖွင့်ထားတဲ့အချိန်ကျမှ နည်းနည်း ပွင့်လင်း မြင်သာမှု ရှိလာတာ။ သွားလို့ လာလို့ လွယ်ကူတာ။

ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ မြန်မာ တပ်မတော်ကြား ဖာပွန်မှာ တိုက်ပွဲတွေဖြစ်ပေမယ့် အခုက အေးအေးဆေးဆေးပဲ။ နယ်မြေတော့ ငြိမ်းချမ်းပါတယ်။ ဘာမှမဖြစ်ဘူး။

မေး။ ။ ရှမ်းတွေရဲ့ ကိုယ်စားပြုမှု ရဖို့ဆောင်ရွက်တဲ့အခါ လူထု တုန့်ပြန်မှု ဘယ်လိုတွေ့ရလဲ။

ဖြေ။ ။ ရှမ်းရဲ့ စိတ်ဓာတ်ပေါ့။ သူ့ရဲ့ ကယ်တင်ရှင်တယောက် ပေါ်လာသလိုပဲ။ ဝမ်းသာပြီးတော့ သူတို့က တွေ့တယ်။ နောက် ကိုယ့်ရည်ရွယ်ချက်က အဲဒီလောက်ထိ အောင်မြင်ထားတာကိုလည်း မမျှော်မှန်းထားဘူး။ ရည်ရွယ်ချက်တော့ ရှိထားပြီးသား။ အဲဒီလို သူတို့ ဝမ်းသာပီတိရှိတာ ကျနော်တို့ အခု လက်ရှိ မမေ့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ ရှမ်းတွေအနေနဲ့ ဝန်ကြီး မဖြစ် ဖြစ်အောင် ဆောင်ရွက်မှာ၊ အဲဒီလို စိတ်ဓာတ်ရှိတယ်။

မေး။ ။ ရှမ်း ကိုယ်စားပြုမှုရဖို့ ဒါလုပ်မှ ဖြစ်မယ်ဆိုပြီး အဓိက ကိုယ့်ကို စေ့ဆော်တဲ့အချက်က ဘာဖြစ်မလဲ။

ဖြေ။ ။ ကျနော်တို့ တိုင်းရင်းသားတွေမှာ ဖိနှိပ်ချုပ်ချယ်မှုက ဟိုးအရင်ကတည်းက များတယ်။ ကျနော်တို့ (ရှမ်း) တိုင်းရင်းသား ပပျောက်ထားတာ ဟိုး နှစ် ၆၀ ကျော် ကတည်းက ပပျောက် ထားတာ။

ဒီလိုအခွင့်အရေး မရရှိခဲ့ဘဲ၊ အခုမှ ကျနော်တို့ တိုင်းရင်းသား အခွင့်အရေး ရရှိလာတယ်။ ဘယ်လိုပဲ ပြော ပြော၊ ကိုယ့်တိုင်းရင်းသား ဖြစ်အောင် ဖော်ထုတ်ရမယ်။ စာပေ၊ ယဉ်ကျေးမှု မပပျောက်ဖို့၊ တချို့ရွာ မှာလည်း မှတ်ပုံတင်မှာ ရှမ်းသာ ဖြစ်တယ် ရှမ်းစကား မတတ်တော့ဘူး။ အဲဒီလိုလည်း ရှိတယ်။ ဒါပေမယ့် သူတို့ကို မေးကြည့်တဲ့အခါ ရှမ်းသွေးတော့ အပြည့်ရှိတယ်။ ဒါပေမယ့် ရှမ်းစကား မတတ်တော့ဘူး။ ပပျောက်တာ တော့ ကြာပြီ။

အခု ကျနော်တို့ အခွင့်အရေး ရရှိတဲ့အချိန်မှာ ဘယ်လိုပဲဖြစ်ဖြစ် ဒီကရင်ပြည်နယ်မှာ ကိုယ့် ရှမ်းအတွက် ညီညီညွတ်ညွတ်နဲ့ သွားရတာ ဖြစ်တယ်။

မေး။ ။ ကရင်ပြည်နယ်မှာ ကျတော့ ရှမ်းက လူနည်းစု ပြန်ဖြစ်သွားတာ ဆိုတော့ ကိုယ့် အနေနဲ့ရော လူအချင်းချင်းကြားမှာ၊ ဘယ်ကိစ္စရပ်မှာမဆို တန်းတူအခွင့်အရေး ရတယ်လို့ ခံစားရလား။

ဖြေ။ ။ အခု ရှမ်းအနေနဲ့ ပေါ်လာတယ် ဆိုရင် တန်းတူအခွင့်အရေး ရရှိလာတယ်။ အရင်က ဗမာဆီ သွား လည်း ကိုယ့်ကို နှိမ်သလိုလို၊ ကရင်ဆီသွားလည်း ကရင်က ကိုယ့်ကို နှိမ်သလိုလို၊ အဲဒီလို။ အရင်က ကိုယ့် ကို နှိမ်တာလည်း မဟုတ်ပေမယ့် ကိုယ်က အားငယ်တာပေါ့။

အခုက အေးအေးဆေးဆေး ပွင့်ပွင့်လင်းလင်းပေါ့။ သူ ၁ ကျပ်၊ ကိုယ် ၁ ကျပ်ပေါ့။ ခွဲဝေမှုလည်း မျှမျှတတ ခွဲဝေ။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ အစိုးရက ပံ့ပိုးတာက တိုင်းရင်းသားနဲ့ Fund (ရံပုံငွေ) ရှိလို့ ရှိရင်လည်း၊ အေး သူတို့ ၁ ကျပ်ရရင်၊ ကိုယ်လည်း ၁ ကျပ်ရအောင်လို့ လုပ်မှာပေါ့။

ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့် ငြိမ်းငြိမ်း၏ Shan in Karen State ‘Have Someone to Help Them ကို ဘာသာပြန်ဆိုသည်။

You may also like these stories:

လူ့စွမ်းအားရင်းမြစ် ဝန်ကြီးဌာနသစ်တခု ဖွဲ့စည်းရေး ကရင်ပြည်နယ် လွှတ်တော် အတည်ပြု

ဥပဒေအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရချင်တယ်

Did you find apk for android? You can find new Free Android Games and apps.
Loading