ရန်ကုန်ကရင်နှစ်ခြင်း ခရစ်ယာန် အမျိုးသမီးအဖွဲ့(YKBWA) သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းအခြေ စိုက်ပြီး ထိုင်း နိုင်ငံနှင့် တရုတ်နိုင်ငံသို့ ရွှေ့ပြောင်း သွားလာမှုနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးလုပ်ငန်းများ၊ လူကုန်ကူးခံ ရသူများကို ဥပဒေရေးရာ ပံ့ပိုးကူညီမှုများ ပြုလုပ်ပေးနေသည့် အဖွဲ့ဖြစ်သည်။
လူကုန်ကူးခံရသူများအရေးနှင့် ပတ်သက်ပြီး ၂၀၁၄ ခုနှစ်ကတည်းက စတင်ဆောင်ရွက်လာပြီး ၎င်းတို့ဘဝ ရေရှည် ရပ်တည်ရေးနှင့် ပတ်သက်ပြီး လိုအပ်သည့် အသက်မွေးဝမ်းကျောင်းမှုများကို စီမံပေးခြင်း၊ လူကုန်ကူးခံရသူများအတွက် တရားစီရင်ရေးတွင် မျှတမှုရရှိစေရေးတို့ အတွက် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်မှ စတင်ကာ ၃ နှစ်တာ စီမံကိန်းအဖြစ် ရန်ကုန် တိုင်းအတွင်းရှိ ၁ဝ မြို့နယ်ကို အခြေပြုပြီး စီမံကိန်းကို စတင် အကောင် အထည်ဖော် ဆောင်ရွက်ခဲ့သည်။
ဒုတိယ ၃ နှစ်တာ စီမံကိန်းကို ၂၀၁၉ ခုနှစ်တွင် စတင်ပြီး ရန်ကုန်တိုင်း အတွင်းရှိ ၂၄ မြို့နယ်နှင့် ဧရာဝတီ တိုင်းရှိ ဖျာပုံမြို့နယ်တို့တွင် တိုးချဲ့ အကောင်အထည်ဖော် လုပ်ဆောင်နေသည်။
၎င်းတို့အဖွဲ့သည် လူကုန်ကူးမှု တိုက်ဖျက်ရေးတွင် သက်ဆိုင်ရာ အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ တရားရုံး များတွင် တရားစီရင်ရေးများကို စောင့်ကြည့်လေ့လာခြင်းများ ပြုလုပ်သည့်အပြင် လူကုန်ကူးခံရသူများ၏ ရေရှည်ဘဝ ရပ်တည်ရေးများအတွက် ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးနေရာ အဖွဲ့၏ လုပ်ဆောင်ချက်၊ လူကုန် ကူးမှုများနှင့် ပတ်သက်သည့် အခြေအနေများ၊ တရားစီရင်ရေးစသည့် ကိစ္စများနှင့် ပတ်သက်ပြီး အဆိုပါအဖွဲ့၏ စီမံကိန်း မန်နေဂျာ ကိုစောသာရှီးကို ဧရာဝတီသတင်းထောက် ထက်ခေါင်လင်းက ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ သန်လျင်မြို့နယ်မှာ လက်ရှိပြန်ရောက်နေပြီဖြစ်တဲ့ တရုတ်နိုင်ငံကို ၃ နှစ်ကျော် လူကုန်ကူးခံရတဲ့အမျိုးသမီးကို သွားပြီးတွေ့ခဲ့တယ်ဆိုတော့ အစ်ကိုတို့အနေနဲ့ သူ့အတွက် ဘာတွေ ကူညီပေးသွားဖို့ရှိလဲ။
ဖြေ။ ။ အဲဒါကတော့ သူ့အပေါ် မူတည်မယ်။ သူက ဘာတွေလိုအပ်ချက်ရှိနေတယ်ဆိုတာ ကျနော်တို့ကို ပြောပြပြီး ဘာတွေ ကူညီပေးလို့ ရမယ်ဆိုတာတွေ ကျနော်တို့ ဘာသာ ဆွေးနွေးရင်းနဲ့ ကူညီသင့်တာတွေကို ကူညီမှာပါ။ ဒါပေမယ့် ကျနော်တို့ အဖွဲ့အစည်းရဲ့ အနေအထားအရ ဘယ်သူ့ကိုတော့ ဘယ်လိုကူညီတယ်ဆိုတာ ပြောခွင့်မရှိဘူးဗျ။ အဓိက လိုအပ်တာက ကာယကံရှင်(လူကုန်းကူးခံလိုက်ရသူ)ရဲ့သဘောထားက အရေးကြီးတယ်။ သူတို့ဘက်က လိုအပ်ချက်ကို တင်ပြတဲ့အခါမှ ကျနော်တို့ဘက်က ကူညီပေးနိုင်တာကို ကူညီပေးလို့ရမှာ။
မေး။ ။ ငွေကြေးထောက်ပံ့မှုမျိုးလား၊ တခြား ဘယ်လိုမျိုး ကူညီတာလဲ။
ဖြေ။ ။ အဲဒါက သူတို့ရဲ့သဘောထားပဲဗျ။ ကျနော်တို့ဘက်က ဘာကူညီပေးမယ်၊ ညာကူညီပေးမယ်ဆိုတာမျိုး သူတို့ကို မပြောဘူး။ သူတို့တင်ပြတဲ့ အခက်အခဲပေါ် မူတည်ပြီး ကူညီသင့် ကူညီထိုက်တာမျိုးကိုပဲ ကူညီမှာ။ ကျနော်တို့ အဖွဲ့ အစည်းကလည်း သူတို့ဘက်ကနေ တတ်နိုင်တဲ့ဘက်က ရပ်တည်ပေးတဲ့ သဘောမျိုးပေါ့။
မေး။ ။ ဒီလိုလူကုန်ကူးမှုတွေနဲ့ ပတ်သက်ပြီး ဘယ်အချိန်ကာလထဲက ကူညီပေးနေတာလဲ။ ဘယ်လောက်အရေအတွက်ထိ ကူညီပေးနိုင်ခဲ့လဲ။
ဖြေ။ ။ ကျနော်တို့အဖွဲ့က ဒီ၂၀၁၉ ခုနှစ်က ဒုတိယ စီမံကိန်း သက်တမ်းမြောက်ပြီ။ ပထမ စီမံကိန်းသက်တမ်းတုန်းက ၂ဝ၁၆ ခုနှစ်က ၂ဝ၁၈ ခုနှစ်အထိ လူကုန်ကူးမှုတွေနဲ့ ပတ်သက်တာတွေကို လိုက်ကူညီနေတာ။ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့တွေနဲ့ရော၊ လူကုန်ကူး ခံရတဲ့ သူတွေဘက်ကိုရော နည်းလမ်းပေါင်းစုံနဲ့ ကူညီပေးနေတာ။ ကျနော်တို့ ပထမသက်တမ်း မှာ အမှုပေါင်း ၁ဝဝဝ ကျော်ကို ကူညီပေးခဲ့တယ်။ ဒီ ဒုတိယသက်တမ်းမှာဆို ဒီနှစ်အတွင်း ကျနော်တို့ဆီကို ရောက်ခဲ့တဲ့ အမှုအရေအတွက် ၇ဝ ကျော်နေပြီ။ တကယ် လက်တွေ့ကူညီပေးနေတာက ၂၆ မှုရှိတယ်။
မေး။ ။အဓိက ဘာတွေကို ကူညီပေးတာလဲ။
ဖြေ။ ။ ကျနော်တို့ ကူညီပေးတာက သူတို့ရဲ့ အဓိက လိုအပ်ချက်တွေပေါ့။ ငွေကြေးကို ကျနော်တို့က တိုက်ရိုက် ထောက်ပံ့ တာမျိုးတော့ မလုပ်ဘူး။ သူတို့ရေရှည် ဘဝရပ်တည်ရေးအတွက် ဘာတွေလိုအပ်လဲ၊ လိုအပ်တာတွေကို သူတို့နဲ့ ဆွေးနွေး ပြီးတော့ ရုပ်ဝတ္ထုပစ္စည်းတွေကို ထောက်ပံ့ကူညီတာမျိုးပါ။ အထူးသဖြင့် သူတို့ရဲ့ နစ်နာမှုတွေနဲ့ ပက်သက်ပြီး ဥပဒေအရ ရင်ဆိုင်တဲ့အခါမှာ သူတို့ကို အကာအကွယ်ရအောင် လုပ်ပေးတာ။
အမှန်တကယ်တော့ သူတို့တွေက တကယ့်ကို နစ်နာခဲ့ရတဲ့သူတွေ။ အဲဒီလိုလူတွေကို ဥပဒေက အကာ အကွယ် ပေးကို ပေးရမယ်။ နောက်ပြီး သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကိုလည်း ကျနော်တို့က ကုစားပေးဖို့လိုတယ်။ တကယ့်ကို စိတ်ကျ ရောဂါ ခံစားနေရပြီဆိုရင် သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေနဲ့ ကျနော်တို့က ချိတ်ဆက်ပေးပြီး သူ့စိတ် အခြေအနေမှန် ရောက်အောင် ကူညီပေးတယ်။ လိုအပ်ရင် စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်တဲ့ ဆရာဝန်တွေနဲ့ ကျနော်တို့က ချိတ်ဆက်ပေးပါတယ်။
မေး။ ။ အဖွဲ့အနေနဲ့က တနိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်နေတာလား၊ ရန်ကုန်တမြို့ထဲပဲ အဓိက အလုပ်လုပ်နေတာလား။ ဘာတွေကို ဦးတည် လုပ်ဆောင်ပါသလဲ။
ဖြေ။ ။ ကျနော်တို့ အရင်သက်တမ်း ၃ နှစ်တုန်းက ရန်ကုန်တိုင်းအတွင်းက ၁ဝ မြို့နယ်ကို ဦးတည်ပြီးလုပ်ခဲ့တယ်။ ဒီ ဒုတိယ သက်တမ်းမှာ ရန်ကုန်တိုင်း ၂၄ မြို့နယ်နဲ့ ဧရာဝတီတိုင်း ဖျာပုံမြို့နယ်ကိုပါ လုပ်လာတယ်။ လူကုန်ကူးမှုတွေမှာဆိုရင် ပြည့် တန်ဆာအဖြစ် အတင်းအဓမ္မ ရောင်းစားခံရတာ၊ အတင်းအဓမ္မ လက်ထပ် ထိမ်းမြားခြင်း ခံရတာနဲ့ အဓမ္မ လုပ်အားခိုင်းစေ မှုတွေကို အဓိကလုပ်တယ်။
ပထမဦးဆုံးက အခု လူကုန်ကူးခံရတဲ့သူတွေကို ကျနော်တို့က လိုက်တွေ့ဆုံပြီး သူတို့ရဲ့ ခံစားချက်တွေကို တတ်နိုင်သမျှ ကုစားနိုင်အောင်လုပ်တယ်။ နောက်တော့ သူတို့ရဲ့ လိုအပ်ချက်တွေကို ကူညီထောက်ပံ့မှုတွေ လုပ်ပေးတယ်။ အဓိက အား ဖြင့် သူတို့က နစ်နာခဲ့ရတာတွေကို ဥပဒေအရ ထိရောက်တဲ့ အကာအကွယ်ရဖို့အတွက် ကျနော်တို့က ဆောင်ရွက်တယ်။ သူတို့အတွက် တရားရုံး သွားလာစရိတ်တွေက အစ ကျနော်တို့ကိုယ်တိုင် တရားရုံးချိန်းတွေကို စောင့်ကြည့်ပြီးတော့ တရားမျှတမှုဖြစ်ဖို့ ကူညီတယ်။
မေး။ ။ တရားရုံး အကူအညီတွေ ပေးတယ်ဆိုတဲ့ နေရာမှာ လူကုန်ကူးမှု မှန်သမျှက တရားလိုဖြစ်သူက နိုင်ငံတော်ပဲလေ။ လူကုန်ကူးခံရသူတွေက အစိုးရရဲ့ အဓိက သက်သေ အနေနဲ့ပဲ ရှိနေတာမဟုတ်ဘူးလား။ သူတို့ကို ဘယ်လို တရားမျှတမှု
ဖြေ။ ။ ကျနော်တို့က လိုအပ်ရင် တရားစွဲတဲ့နေရာမှာ တရားလိုရဲ့ ဥပဒေအကျိုးဆောင်တွေ၊ တရားသူကြီးတွေနဲ့ သီးခြား တွေ့ဆုံပြီးတော့ မျှတတဲ့ ရလဒ်တခု ဖြစ်အောင် တိုက်တွန်းတာမျိုးတွေလုပ်တယ်။ နောက်ပြီး ပြစ်ဒဏ်တခုခု ချမှတ်လိုက် တယ်ဆိုရင်လည်း ဥပဒေအရ ထိုက်သင့်တဲ့ပြစ်ဒဏ် ဖြစ်၊ မဖြစ်ကို စောင့်ကြည့်ပြီးတော့ နောက်ပိုင်း လိုအပ်တဲ့ အကူညီ တွေကို ဆက်လုပ်ပေးတယ်။
မေး။ ။ တရားစီရင်ရေးမဏ္ဍိုင်ဘက်ကရော လူကုန်ကူးမှုတွေကို စီရင်ဆုံးဖြတ်ခဲ့ရာမှာ ဘယ်လောက်မျှတတဲ့ ရလဒ်တွေ ဖြစ်ပေါ်လာခဲ့သလဲ။
ဖြေ။ ။ ကျနော်တို့အဖွဲ့က ရုံးချိန်းတွေကို စောင့်ကြည့်လာတဲ့ အတွက် ချမှတ်တဲ့ ပြစ်ဒဏ်တွေကတော့ ထိုက်သင့်တဲ့ ပြစ်ဒဏ်မျိုးတွေ ဖြစ်ပေါ်လာတာကို တွေ့ရပါတယ်။ ဒါပေမယ့် ပြည်သူအများ ဝေဖန်နေတဲ့ တရားစီရင်ရေး မဏ္ဍိုင်မှာ အဂတိ တခုခု ကင်းမလား ဆိုတာကတော့ အနည်းနဲ့ အများတော့ ရှိနေဦးမှာပဲလို့ ထင်တယ်။
ဒါကတော့ ကျနော်တို့ ရင်ဆိုင်နေရဦးမှာပဲ။ တဖြည်းဖြည်းနဲ့တော့ လူကုန်ကူးမှုတွေမှာ အဲဒီလိုဖြစ်ရပ်မျိုးတွေ ပပျောက်လာ မယ်လို့ ဆိုနိုင်မယ်ထင်တယ်။
မေး။ ။ လူကုန်ကူး ခံလိုက်ရသူ ကိုယ်တိုင်က လူကုန်ကူးမှုကြောင့် တရားစွဲ ခံရတဲ့သူတွေအပေါ် နည်းတမျိုးမျိုးနဲ့ ပူးပေါင်း သွားကြတာမျိုးတွေရှိတယ်။ ဥပမာ – ငွေကြေး ရယူလိုက်ပြီးတော့ ရဲထံထွက်ဆိုချက်နဲ့ တရားရုံးထွက်ဆိုချက် ကွဲလွဲသွား တာမျိုးပေါ့။ ဘယ်လိုထင်မြင်ချက်ပေးချင်ပါသလဲ။
ဖြေ။ ။ ဟုတ်ပါတယ်။ အရင်ကလည်း အဲဒီလို ဖြစ်ပျက်ခဲ့ကြပါတယ်။ အဲဒီအတွက် အခုနောက်ပိုင်း လူကုန်ကူးမှု တိုက်ဖျက် ရေး ရဲတပ်ဖွဲ့ကိုယ်တိုင်ကိုက လူကုန်ကူး ခံရသူတွေကို စတင် တရားစွဲထဲက ကနဦး တရားရုံး ထွက်ဆိုချက်မျိုးတွေ ယူထား တတ်ကြတာ။
ကျနော်တို့ကလည်း လူကုန်ကူးခံရသူတွေကို ပြောပြတယ်။ ရဲထံ ထွက်ဆိုထားတဲ့ အဖြစ်မှန်တွေကို တရားရုံးမှာ ထွက်ဆိုဖို့ သူတို့ကို ပြောရတယ်။ ဘာကြောင့်လဲဆိုရင် ဥပဒေအရ ကိုယ့်ဘက်ကိုလည်း ပြန်ပြီး အရေးယူ ခံရနိုင်တဲ့ အချက်တွေကို ပေါ့။ အဲဒီလို ဖြစ်ပျက်တာတွေက လူကုန်ကူးမှုတချို့မှာ သူတို့ရဲ့ ဆွေမျိုးတွေကိုယ်တိုင်ကိုက လုပ်ဆောင်ကြတာဆိုတော့ တနည်းနည်းနဲ့ ပတ်သက်မှုတွေ ရှိတတ်ပါတယ်။
မေး။ ။ တရုတ်ပြည်လမ်းကြောင်းအထိ လူကုန်ကူးခံရသူတွေကို ကူညီကယ်ဆယ်တာတွေရော လုပ်ဆောင်ပါသလား။
ဖြေ။ ။ ဒါကတော့ အကူအညီ လာတောင်းကြ သူတွေရဲ့ အနေအထားပေါ်မူတည်တယ်။ ကျနော်တို့က သတင်းရလို့ သွား တွေ့တာရှိတယ်။ ကျနော်တို့ဆီ လာဆက်သွယ်တာရှိတယ်။ အဲဒီလိုတရုတ်ပြည် အထိ ဆိုတာကတော့ ကျနော်တို့ဆီ လာ ဆက်သွယ်တဲ့သူက ဟိုဘက်မှာ ဘယ်နေရာ၊ ဘယ်လိုအခြေအနေဆိုတာ တိတိကျကျ သိထားဖို့တော့လိုတယ်။
အဲဒီလို ဆိုရင် ကျနော်တို့ အနေနဲ့က လူကုန်ကူးခံရသူကို ကယ်ဆယ်ဖို့ သက်ဆိုင်ရာ အစိုးရဌာနတွေနဲ့ ပေါင်းစပ်ညှိနှိုင်း လုပ်ကိုင်ရတာ ပိုလွယ်တာပေါ့။ ပထမ ၃ နှစ်တာ စီမံကိန်းသက်တမ်း လုပ်တုန်းက အဲဒီလို ၁ မှုကို ကျနော်တို့ လုပ်ခဲ့ဖူး ပါတယ်။ အခု ဒုတိယစီမံကိန်းသက်တမ်းမှာ ကျနော်တို့ဆီ ရောက်လာတဲ့အမှုတော်တော်များများက လူပျောက်မှုတွေလို ဖြစ်နေတာ။
မေး။ ။ အဖွဲ့ အနေနဲ့ ဖျာပုံမြို့နယ်အတွင်းက လူကုန်ကူးမှုဆန်ဆန် ဖြစ်ပျက်နေတဲ့ ကျားဖောင်ပေါ်က ရေလုပ်သားကိစ္စတွေ ကြတော့ရော ဘယ်လိုစီမံဆောင်ရွက်ဖို့ရှိလဲ။
ဖြေ။ ။ အဲဒီဟာကတော့ ကျနော်တို့ အခုချိန်မှာ ကိုင်တွယ်ဖို့က နည်းနည်းခက်နေတယ်။ ကျနော်ကိုယ်တိုင်က ဖျာပုံဇာတိ ပါ။ အဲဒီအကြောင်းတွေ တော်တော်လေး သိပါတယ်။ ဒါက ပြည်တွင်းလူကုန်ကူးမှုပုံစံမျိုး။ ဒါပေမယ့် ကျနော်တို့အနေနဲ့ အဲဒီဒေသက အာဏာပိုင်တွေနဲ့ ပေါင်းစပ်ညှိနှိုင်းမှုတွေ မလုပ်ရသေးတဲ့အတွက် ကိုင်တွယ်လို့ မရသေးဘူး။
အဲဒီဒေသက အာဏာပိုင်တွေ ကိုယ်တိုင်ကိုက ကိုင်တွယ်ဖို့ အခက်အခဲတွေ အများကြီး ရှိနေသေးပါတယ်။ ကျားဖောင် လုပ်ငန်း ကိစ္စက သူတို့ အုပ်စုဘက် မှာကိုက တကယ့်ကို အကြီးကြီးဖြစ်နေတာ။ အာဏာပိုင်တွေတောင်မှ သတိထား ကိုင်တွယ်နေရတာ။
အခန့်မသင့်ရင် အသက်ပါ ပျောက်သွားနိုင်တဲ့ အနေအထားမျိုး အထိကိုရှိနေတာ။ ကျနော်တို့ နောက်ပိုင်းတော့ အဲဒီဒေသက အာဏာပိုင်တွေနဲ့ ညှိနှိုင်းတိုင်ပင်ပြီး လုပ်မှာပါ။ ကျနော်ပြောပြရရင် မြန်မာနိုင်ငံမှာ ကျားဖောင်လုပ်ငန်းခွင်နဲ့ ပတ်သက်ပြီး လူကုန်ကူးမှုဖြစ်ပျက်နေတဲ့ အနေအထားက ကျနော်တို့ ဖျာပုံဒေသနဲ့ မွန်ပြည်နယ် ရေးမြို့နယ် ဆိုပြီး ၂ ခုပဲရှိတယ်။
မေး။ ။ ဒီလို လူကုန်ကူးမှုတိုက်ဖျက်ရေး လုပ်ငန်းတွေ လုပ်ကိုင်တဲ့နေရာမှာ ဘာအခက်အခဲတွေရော တွေ့ရပါသလဲ။
ဖြေ။ ။ အဓိက အခက်အခဲကတော့ သတင်း အချက်အလက် ရယူမှုပဲ။ ရရှိတဲ့ အချက်အလက်ပေါ် မူတည်ပြီး ကျနော်တို့က ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ရတာကိုး။ နောက်ပြီး လူကုန်ကူးခံရတဲ့သူ တချို့မှာ တရားစွဲ တဲ့အဆင့်ကြတော့ သူတို့ကိုယ်တိုင် ပူးပေါင်း ဆောင်ရွက်တာတွေ မလုပ်တော့ ခက်ခဲတယ်။
ဒီလိုအမှုမျိုးတွေဆိုတာက သက်သေနည်းနည်းလေး။ သူတို့ကိုယ်တိုင်က အဓိက သက်သေလေ။ သူတို့ရဲ့ ထွက်ဆိုချက်က အဓိကလေ။ သူတို့မပါဘူးဆိုရင် ဘာမှလုပ်လို့မရဘူး။ အဲဒါ ကျနော်တို့တင်မက လူကုန်တားရဲတပ်ဖွဲ့မှာပါ ခက်တာ။
သူတို့မပါလာတော့ရင် တရားခံကို ထောင်ဖမ်းဖို့မှာတောင် ခက်ခဲတယ်။ နောက်တခုက လူကုန်ကူးမှုမှာ တရားခံကို ဖမ်းဆီးတဲ့နေရာမှာ လူကုန်တားရဲတပ်ဖွဲ့တွေက တက်တက်ကြွကြွ လုပ်ဆောင်ပေမယ့် တချို့အဖွဲ့တွေနဲ့ ပူးပေါင်း ဆောင် ရွက်တဲ့နေရာမှာလည်း အခက်အခဲတွေ ရှိနေတာကိုလည်း တွေ့ရတယ်။
You may also like these stories:
လူကုန်ကူးခံရသည့် မြန်မာ ၆၂ ဦးကို ထိုင်းအစိုးရ လွှဲပြောင်း
မြန်မာ့လူကုန်ကူးမှုပြဿနာ စိုးရိမ်ဖွယ်ရှိနေ
၂၀၁၈ အတွင်း တရုတ်မယားအဖြစ် လူကုန်ကူးခံရမှု အများဆုံးဖြစ်
လူကုန်ကူးမှု ပုံစံသစ် အငှား ကိုယ်ဝန်ဆောင်မှု ရှိနေပြီ ဟုဆို