စစ်တပ်ကိုပဲ ဖြစ်စေ အစိုးရကိုပဲ ဖြစ်စေ၊ ကျနော်တို့ အယုံအကြည် သိပ်မရှိဘူး

ကျော်ခ
ကုန်းကျော် ဒုက္ခသည်စခန်း ကော်မတီ ဥက္ကဋ္ဌ စိုင်းလျန်း / ကျော်ခ / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

ထိုင်း-မြန်မာ နယ်စပ်တွင် ပြည်တွင်း စစ်ပဋိပက္ခကြောင့် သွားရောက် ခိုလှုံနေရသည့် လွိုင်ကော်ဝမ်း၊ ကုန်းကျော်၊ လွိုင်ဆမ်ဆစ်၊ လွိုင်လမ်၊ လွိုင်တိုင်းလျန်းနှင့် ကောင်းမုန်မိုင်း အမည်ရှိ ရှမ်းစစ်ရှောင်စခန်း ၆ ခုရှိသည်။

ထိုအထဲမှ ကုန်းကျော် စစ်ရှောင်စခန်းသည် ရှမ်း စစ်ရှောင်စခန်း ၆ ခုအနက် ထိုင်းနိုင်ငံနယ်နမိတ် အတွင်းရှိ တခုတည်းသော စခန်းတခုဖြစ်သည်။

ထိုစခန်းတွင်ရောက်နေသူများသည် လွန်ခဲ့သော ၂၀၀၂ ခုနှစ်ဝန်းကျင်က တပ်မတော်နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) တို့၏ တိုက်ပွဲများကြောင့် လာရောက် ခိုလှုံနေသူများ ဖြစ်သည်။

ထို့ကြောင့် စခန်းတွင်း ကြံတွေ့နေရသည့် အခြေအနေများ၊ ဒုက္ခသည်များ နေရပ်ပြန်ရေး မျှော်လင့်ချက်၊ ငြိမ်းချမ်းရေး အပေါ် မျှော်လင့်ချက်များနှင့် ပတ်သက်ပြီး ကုန်းကျော် ဒုက္ခသည်စခန်း ကော်မတီ ဥက္ကဋ္ဌ စိုင်းလျန်း ကို မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ က တွေ့ဆုံမေးမြန်းထားသည်။

မေး ။ ။ ဒီစခန်းမှာ စုစုပေါင်း အိမ်ခြေနဲ့ ဒုက္ခသည် ဦးရေး စုစုပေါင်း ဘယ်လောက်ရှိလဲ။

ဖြေ ။ ။ အိမ်ခြေက ၈၇ လုံးရှိတယ်။ ဒုက္ခသည် ဦးရေက ၃၀၀ ကျော်ရှိတယ်။ ဒီစခန်းက ၁၇ နှစ်ရှိပြီ ဒုက္ခသည် အရေအတွက်က ဒါလျော့သွားတာ။ တချို့က သူ့နည်းသူ့ဟန်နဲ့ ထွက်သွား ကြတာ။ တချို့ကြတော့လည်း ရှမ်းပြည် ပြန်ပို့မှာ ကြောက်လို့ ဒီကနေထွက်သွားကြတာလည်း ရှိတယ်။

မေး ။ ။ ဒီစခန်းကို ရောက်လာတဲ့ ဒုက္ခသည်တွေက ဘာကြောင့် ရောက်လာကြတာလဲ။ ဘယ်ဒေသတွေကလဲ။

ဖြေ ။ ။ လဲချားတို့၊ မိုင်းကိုင်တို့ အပါအဝင် မြို့နယ်ကတော့ တော်တော်စုံတယ်။ ဟိုဘက်မှာ ရှမ်းတပ်နဲ့ အစိုးရစစ်တပ် တိုက်ပွဲဖြစ်တော့ ပြေးလာကြတာ။ တချို့ကြတော့ နေရာတွေ အရွှေ့ခိုင်းလို့ ပြေးလာကြတာ။

ကျနော်တို့ ရှမ်းပြည်ဘက်မှာ တိုက်ပွဲဖြစ်တယ်ဆိုရင် အဲ့ဒီနားက ရွာတွေကတော့ ခံရစမြဲပဲ။ အခု ရခိုင်မှာဖြစ်နေသလိုပဲ မင်းတို့ ဒီရွာမှာ ရှိနေတာ ဒီအဖွဲ့ကိုတော့ သိကို သိရမယ်ဆိုပြီးတော့ တခါ တလေကြရင် ကျွဲတို့၊ နွားတို့ယူပြီး ဒဏ်တပ်မယ်။ အခန့်မသင့်ရင်တော့ သူကြီးလည်း သေတာပဲ။ အဲဒါမျိုးတွေကြောင့် ရွှေ့ရွှေ့လာကြတာများတယ်။

မိုင်းရှူးဘက်ကလည်းပါတယ်။ လဲချား၊ မိုင်းကိုင်ဘက်ကတော့ များတာပေါ့။

မေး ။ ။ အခု ဒီက ဒုက္ခသည်တွေက ရိက္ခာတွေကြတော့ ဘယ်ကရလဲ။

ဖြေ ။ ။ အခုတော့ ပုံမှန်ရိက္ခာ မရှိတော့ဘူးဗျ။ အစတုန်းကတော့ TBC (နယ်စပ်ဒေသ အကူအညီပေးရေး ညွှန့်ပေါင်းအဖွဲ့) ကပေးတယ်။ TBC က IDP (ပြည်တွင်း ရွှေ့ပြောင်းဒုက္ခသည်) တွေကို ၂၀၁၇ ခုနှစ် အောက်တိုဘာမှာ ရပ်လိုက်တယ်။ IDP တွေကို ရပ်လိုက်တဲ့ အခါကြတော့ ကရင်က ကြတော့ အီးသူထ စခန်းပါသွားတယ်။ ကျနေ်ာတို့ Camp တွေကြတော့ အကုန်လုံးက IDP တွေဖြစ်တယ်။ ကျနော်တို့ ဒီစခန်းလည်း တရားဝင် မဟုတ်ဘူး။ ယာယီပဲ။ Refugee Camp (ဒုက္ခသည်စခန်း) မဟုတ်ဘူး။ IDP ထဲပါသွားတယ်။

မေး ။ ။ ဒါဆိုရင် ဒီကလူတွေက ဝမ်းရေး အတွက် ဘယ်လိုရပ်တည်နေကြလဲ။

ဖြေ ။ ။ အဲဒီမေးခွန်းကတော့ ကျနော်တို့ တော်တော်လေး ဖြေချင်တဲ့ အဖြေပဲ။ ကျနော်တို့ ဒီ Camp က တခြား ရှမ်းက Camp တွေထက်စာရင် တော်တော်လေး သက်သာတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီလိုဖြတ်လိုက်တယ်ဆိုတာ ထိုင်း အာဏာပိုင်တွေက သိတယ်လေ။ အဲတော့ သူတို့က မျက်စိ တဖက်မှိတ်ထားပေးတာပေါ့။

အဲတော့ ဒီအနီးနားလေးမှာ ရှိတဲ့ ထိုင်းရွာတွေမှာ ကျနေ်ာတို့က နေ့စားလုပ်တာပေါ့။ ဒီမှာ ထိုင်း လယ်သမားတွေက ကြက်သွန်ဖြူနဲ ငရုတ်သီးနဲ့ စိုက်တယ်။ အဲဒီမှာ ကျနေ်ာတို့က နေ့စား အဖြစ်နဲ့ လုပ်တာပေါ့။ အကယ်၍ ရှောင်တခင် စစ်ဆေးမှုတွေရှိတယ်ဆိုရင်လည်း အလုပ်ရှင်တွေဘက်က ဖုန်းနဲ့ကြိုပြောထားတာပေါ့။ အလုပ်ရှိရင်လည်း ဒီအထိ ကားနဲ့ လာကြိုပို့လုပ်ပေးတယ်။ ဒါကြောင့် နှိူင်းယှဉ်ကြည့်မယ်ဆိုရင် တခြား IDP Camp တွေထက်စာရင် ကျနော်တို့က သက်သာတာပေါ့။

ဒါပေမယ့် ကြက်သွန်ဖြူ ငရုတ်သီး အလုပ်ကတော့ တနှစ်လုံးတော့ မရှိဘူး။ ဒီအလုပ် ပြီးသွားရင်တော့ ကျနေ်ာတို့ အလုပ်မရှိဘူး။ ဆောက်လုပ်ရေး လုပ်ငန်းတွေဆိုရင်တော့ အလုပ်က နည်းနည်း ပုံမှန်ဖြစ်တာပေါ့။

ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ လုပ်တဲ့သူတွေကြတော့ တရက်ကို ဘတ် ၂၅၀ (ကျပ်တသောင်းကျော်) လောက်တော့ရပါတယ်။ သူကတော့ အလုပ်ပုံမှန်ပိုဖြစ်တယ်။ ငရုတ်သီး၊ ကြက်သွန်ဖြူကတော့ ဈေးနဲ့ လုပ်နိုင်တဲ့ အပေါ်မှာ မူတည်တယ်။ သူတို့လည်း ကျွမ်းကျင်မှု အပေါ် မူတည်တာပေါ့ အနည်းဆုံး ၂၄၀ ဘတ်ကနေ ၃၀၀ လောက်ထိ ရတာပေါ့။ ဒါလည်း အမြဲတမ်းမဟုတ်ဘူး။ ငရုတ်သီးဈေးကျရင် သူလည်း လိုက်ကျတယ်။

တခြား IDP Camp တွေကြတော့ ရှမ်းပြည်နယ်ထဲမှာလေ ဒီဘက် နယ်စပ်ကို ဖြတ်ဖို့ မလွယ်ဘူး။ ထိုင်းရွာတွေနဲ့တော်တော်လေး ဝေးတယ်။ အဲတော့ အလုပ်က မရှိသလောက်ပဲ အဲဒီတော့ သူတို့က တော်တော်ကြီးကို ကြပ်တည်းပါတယ်။

မေး ။ ။ ဒီကဒုက္ခသည်တွေ ဘယ်တော့ အိမ်ပြန်မယ်လို့ မှန်းထားကြလဲ။ အိမ်ပြန်ဖို့ ရည်ရွယ်ချက်ရှိလား။

ဖြေ ။ ။ အမှန်တိုင်းပြောရရင် အခုထက်ထိ အိမ်ပြန်သူ တယောက်မှ မရှိကြသေးဘူး။ ပြန်လည်း မပြန်ရဲဘူး။ ဘာဖြစ်လို့လဲဆိုရင် လက်ရှိ စစ်တပ်ကိုပဲ ဖြစ်စေ အစိုးရကိုပဲ ဖြစ်စေ၊ ကျနော်တို့ အယုံအကြည် သိပ်မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒုက္ခသည် ပြန်လည်နေရာချထားရေးနဲ့ ပတ်သက်ပြီးတော့ အစိုးရမှာလည်း သေချာရေရာတဲ့ ပြင်ဆင်ထားမှု ရှိတယ်လို့ ကျနေ်ာတို့ လုံးဝ မယုံဘူး။ ဘာဖြစ်လို့လဲဆိုတော့ လွန်ခဲ့တဲ့ ၂၀၁၂/၂၀၁၃ ခုနှစ်လောက် အဲတုန်းက Norwegian Refugee Committee ဆိုပြီးတော့ ပေါ်လာသေးတယ်။ ပေါ်လာပြီးတော့ Pilot Project (ရေတိုစီမံကိန်း) ရှိတယ်ပေါ့။ ခင်ဗျားတို့ မိုင်းထားမှာ လူ ၉၀ လောက် အတွက် နေရာ သွားချထားပေးဖို့ ရှိတယ်။ ကျနော်တို့ကို ဒီအတိုင်းကြီးပဲ လာပြောပြီးတော့ အဲမှာတော့ အဆောက် အဦးတွေသွားဆောက်တယ် ဘယ်သူ့ အစီအစဉ်နဲ့ဆောက်လဲ၊ ဘယ်သူ့ငွေနဲ့ ဆောက်လဲတော့ ကျနော်တို့လည်း မသိဘူး။ တကယ်ဆိုရင် ကျနေ်ာတို့ ကာယကံရှင်တွေနဲ့လည်း တိုင်ပင်ရမှာပေါ့နော်။ ကျနော်တို့လည်း အမြဲတမ်း ဆက်သွယ် အကူအညီပေးနေတဲ့ လူမှု အဖွဲ့ အစည်းတွေနဲ့လည်း တိုင်ပင်ရမှာပေါ့။ ဒါကျနော်တို့ကို မင်းတို့ ဒီမှာ သွားနေလို့ရပြီ သွားပါ။ ငါတို့ အစိုးရနဲ့လည်း ပြောပြီးပြီ ဆိုတဲ့ပုံမျိုး။

မေး ။ ။ ဒီက ကလေးတွေရဲ့ ပညာရေး အခြေအနေလည်း သိချင်ပါတယ်။

ဖြေ ။ ။ ဒီမှာတော့ လူမှု အဖွ့ဲအစည်းကဖွင့်ပေးထားတဲ့ ကျောင်းလေး တကျောင်းရှိတယ်။ ထိုင်းကျောင်းရဲ့ ကျောင်းခွဲလေးလို ဖြစ်နေတာပေါ့။ သင်ရိုးညွှန်းကတော့ ထိုင်းသင်ရိုးညွှန်းပဲ ဒါပေမယ့် မြန်မာပြည်ထက် အများကြီးကောင်းတာကတော့ ရှမ်းဘာသာ တဘာသာ ထည့်သင်ခွင့်ရတယ်။ အဲကျောင်းပြီးသွားတယ်ဆိုရင်တော့ ထိုင်းကျောင်းမှာ ဝင်ခွင့်ရတယ်။ နေထိုင်ခွင့်ကတော့ ဆယ်နှစ်ခံကတ်တွေရကြတယ်။

မေး ။ ။ အခုဆိုရင် အစိုးရ၊ တပ်မတော်နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့အကြားမှာ ငြိမ်းချမ်းရေးဆွေးနွေးနေကြတယ်။ ဒီအပေါ်မှာ ဆရာတို့ နေရပ်ပြန်နိုင်ရေး အတွက် ဘယ်လောက် မျှော်လင့်ထားလဲ။

ဖြေ ။ ။ ကျနော်အများကြီးတော့ မသိဘူးဗျ။ ဒါပေမယ့် ယေဘုယျ အားဖြင့်တော့ သိပ်မထင် ဘူးဗျာ။ ဘာဖြစ်လို့လဲဆိုတော့ တပ်မတော်က ဘာပဲလုပ်လုပ်နောက်ဆုံးတော့ မင်းတို့ နိုင်ငံရေးလုပ်ချင်ရင် လက်နက်စွန့်ပြီးတော့ ရွေးကောက်ပွဲဝင်ပါလို့ အဲလိုမျိုးပြောကတည်းကိုက တယောက်နဲ့ တယောက်မှ မယုံကြည်သေးဘဲနဲ့ လက်နက်စွန့်ခိုင်းနေတာကိုး ယုံကြည်အောင်လည်း သူမှ မလုပ်ပြဘဲလေ။

အစိုးရကလည်း ကျနေ်ာထင်တာ ဒေါ်အောင်ဆန်းစုကြည် လူတွေက ခပ်ညံ့ညံ့ပဲ။ ဒါနဲ့ပတ်သက်ပြီးတော့ ရေရာတဲ့ ပေါ်လစီ မရှိဘူးလို့ ထင်တယ်။ စစ်တပ်ထက်တောင် ဆိုးနေတယ်။ ဒါပေမယ့် စစ်တပ်က ရေရာတဲ့ ပေါ်လစီ ရှိတယ်လို့ ထင်တယ်။ ဒါပေမယ့် သူက အထက်စီးကနေပြီးတော့ ဆက်ပြောမယ်ပေါ့။

မေး ။ ။ အခုဆိုရင် ပြည်တွင်းစစ်ကြောင့် ထိုင်း-မြန်မာနယ်စပ်၊ တရုတ်-မြန်မာနယ်စပ်တွေမှာ ဒုက္ခသည်တွေ နှစ်ပေါင်းများစွာ သောင်တင်နေရတယ်။ လက်ရှိငြိမ်းချမ်းရေး အခြေအနေက ဒုက္ခသည်တွေရဲ့ အိမ်ပြန်ချိန် မျှော်လင့်ချက်တွေကို ဖော်ဆောင်နိုင်မယ်ထင်လား။

ဖြေ ။ ။ အဲဒါကတော့ မြန်မာစကားပုံတခုရှိတယ်ဗျ။ ရွှေပြည်တော်မျှော်တိုင်းဝေး ဆိုတာလေ။ အဲလိုပဲထင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း တပ်မတော်ကို ချော့မြူရေး ဝါဒ ကျင့်သုံးနေတယ်။ မင်းအောင်လှိုင်က ဒါကိုသိတယ်။ သူ့ကို ချော့မြူလေ စင်ပေါ်တက်ပြလေ၊ ပိုပြီးတော့ တင်းမာလေပဲ။ ကျနော်က အဲလိုထင်တာပဲ။

You May Also Like This Story:

ထိုင်း-မြန်မာ နယ်စပ်က ရှမ်းဒုက္ခသည် ၆၀၀၀ ကျော် ရိက္ခာအကူအညီ လိုအပ်နေ

Did you find apk for android? You can find new Free Android Games and apps.
Loading