လာမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် ပြည်ထောင်စုအဆင့်နှင့် ဒေသတွင်း လွှတ်တော်များ အဆင့်တွင်ပါ နေရာအများစု အနိုင်ရရှိရန် အခွင့်အရေးများကို တိုးမြှင့်ရန် ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံ၏ တိုင်းရင်းသား ဒေသများမှ ဒေသခံ နိုင်ငံရေးပါတီများက အတူတကွ ပေါင်းစည်း မှုများ ပြုလုပ်နေကြသည်။
ဒေသတွင်း လွှတ်တော်တွင် ကိုယ်စားလှယ် နေရာများ ပိုမိုအနိုင်ရရှိခြင်း အားဖြင့် တိုင်းရင်းသား နိုင်ငံရေး သမားများ အတွက် သူတို့၏ သက်ဆိုင်ရာ ဧရိယာများတွင် တိုင်းရင်းသား အခွင့်အရေး တိုးတက် ကောင်းမွန်လာစေရေး ဆောင်ရွက်ရန် အခွင့် အာဏာများ ပိုမို ရရှိလာကြမည် ဖြစ်သည်။
မြန်မာနိုင်ငံ၏ အဓိက တိုင်းရင်းသား လူမျိုးစု ၈ ခုထဲတွင် လူမျိုးစု ၅ ခုက နိုင်ငံရေးပါ တီများမှ နိုင်ငံရေး သမားများက ပါတီသစ်များ ဖွဲ့စည်းရန် ပူးပေါင်းခဲ့ကြသည်။
ကချင်ပါတီ ၃ ခုဖြစ်သည့် ကချင် ဒီမိုကရက်တစ် ပါတီ (KDP)၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ (KSDP)၊ စည်းလုံး ညီညွတ်ရေးနှင့် ဒီမိုကရေစီ ပါတီ-ကချင်ပြည်နယ် (UDPKS) တို့ကလည်း ပေါင်းစည်းရန် ဆုံးဖြတ် ခဲ့ကြသည်။
ပါတီသစ်၏ အမည်မှာ ကချင်ပြည်နယ် ပြည်သူ့ပါတီ ဟုခေါ်ပြီး ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် အင်အား တောင့်တင်းသော ပြိုင်ပွဲဝင် ပါတီတခု ဖြစ်ရန် ရည်ရွယ်ထားသည်။ ပါတီ မှတ်ပုံတင် လျှောက်ထား ခြင်းကို ရွေးကောက်ပွဲကော်မရှင်က မကြာသေးမီက အတည်ပြုပေးခဲ့သည်။
ထို့ကြောင့် ဧရာဝတီ အင်္ဂလိပ်ပိုင်း အကြီးတန်းသတင်းထောက် နန်းလွင်က ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်နှင့် KSPP ဒုတိယ ဥက္ကဋ္ဌ ဦးကွမ်ဂေါင်အောင်ခမ်းနှင့် တွေ့ဆုံ၍ သူတို့၏ လတ်တလော ဆောင်ရွက်မှုများ၊ ဗျူဟာ အစီအစဉ်နှင့် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲအတွက် တိုင်းရင်းသားများ ပေါင်းစည်း ထားသော ပါတီ၏ နိုင်ငံရေး အစီအစဉ်တို့ကို မေးမြန်းခဲ့သည်။
မေး။ ။ ရွေးကောက်ပွဲ ကော်မရှင်က ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) ရဲ့ မှတ်ပုံတင်လျှောက်ထားမှုကို မကြာသေးခင်က အတည်ပြုပေးခဲ့ပါတယ်။ ကချင်နိုင်ငံရေးပါတီ ၃ ခုက တခုတည်း ဖြစ်လာရတဲ့ အဓိက အကြောင်းရင်းက ဘာတွေလဲ။
ဖြေ။ ။ ကျနော်တို့ ပြည်နယ်ကို ကချင်ပြည်သူတွေ အနေနဲ့ ဦးဆောင်ဖို့ ကျနော်တို့မှာ တာဝန်တခု ရှိပါတယ်။ စည်းလုံး ညီညွတ်ခြင်းက အောင်မြင်တဲ့ ရလဒ်တခုကို ယူဆောင်ပေးနိုင်ပါတယ်။ အဓိက အချက်ကတော့ ကျနော်တို့ပြည်နယ်မှာ ပြည်သူတွေရဲ့ အသံကို ကျနော်တို့က နားထောင်ပါမယ်။ လာမယ့် ရွေးကောက်ပွဲမှာ ကျနော်တို့က ပြည်နယ်နဲ့ ပြည်ထောင်စု အဆင့် ၂ ခုစလုံးမှာ အနိုင်ရရှိချင်ပါတယ်။ ကျနော်တို့ အကောင်းဆုံး ကြိုးစားသွားပါမယ်။ ကျနော်တို့က ကချင်ပြည်သူတွေ အတွက်သာမက၊ ကချင်ပြည်နယ်က တခြား တိုင်းရင်းသားတွေ၊ သို့မဟုတ် ပြည်သူတွေ အတွက်လည်း အလုပ်လုပ်ဖို့ ဆုံးဖြတ်ထားပါတယ်။
မေး။ ။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွင် ပါတီမှာ ဗျူဟာ အစီအစဉ်တခု ရှိပါသလား။
ဖြေ။ ။ ၂၀၂၀ ရွေးကောက်ပွဲအတွက် ကျနော်တို့ သီးခြား ဗျူဟာ အစီအစဉ်တခု မထုတ်ရသေးပါဘူး။ ဒါပေမယ့် ကျ နော်တို့က ကချင်ပြည်နယ် မြို့နယ် ၁၈ ခုလောက်မှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်ထားပါတယ်။ ပြည်နယ်ကနေ ပြည်ထောင်စု အဆင့်အထိ ကျနော်တို့ပါတီက အင်အားကောင်းဖို့ လိုပါတယ်။ သိထားပြီးသား ဖြစ်တဲ့အတိုင်း တိုင်းရင်းသား ဧရိယာတွေမှာ ဒေသတွင်း နိုင်ငံရေးပါတီတွေက လာမယ့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ အမျိုးသားနဲ့ ဒေသဆိုင်ရာ လွှတ်တော် ၂ ခုလုံးမှာ နေရာအများစု အနိုင်ရဖို့ မျှော်လင့်ချက်နဲ့ ပူးပေါင်း ခဲ့ကြပြီးပါပြီ။ ၂၀၂၀ ရွေးကောက်ပွဲ အတွက် တခြား အဖွဲ့တွေနဲ့ အတူ ညွန့်ပေါင်း အစိုးရတခု ဖွဲ့စည်းဖို့ ညှိနှိုင်းဆွေးနွေးဖို့ ကျနော်တို့ ပြင်ဆင်ထားပါတယ်။ ပြည်သူအားလုံး အကျိုးရှိဖို့ အတူတူလုပ်ကြဖို့ ကျနော်တို့ ရည်ရွယ်ပါတယ်။
မေး။ ။ KSPP ရဲ့ကိုယ်စားလှယ်တွေက တခြားတိုင်းရင်းသား မဟာမိတ်ပါတီတွေနဲ့ မကြာသေးခင်က ရန်ကုန်မှာ တွေ့ဆုံခဲ့ပါတယ်။ ဘာတွေဆွေးနွေးခဲ့ပါသလဲ။
ဖြေ။ ။ ကျနော်တို့ ကရင်၊ ကယား၊ ချင်းနဲ့ မွန်ပြည်နယ်တွေက ပေါင်းစည်းထားတဲ့ ပါတီတွေနဲ့ တွေ့ဆုံခဲ့ ပါတယ်။ အစည်းအဝေး ၄ ကြိမ် ပြုလုပ်ခဲ့ပါတယ်။ KSPP လိုပဲ အဲဒီပါတီ အားလုံးက သူတို့ တိုင်းရင်းသား ပါတီတွေ အတွင်းမှာ ပူးပေါင်းမှုတွေ ပြုလုပ်ပြီးကြပါပြီ။ ကျနော်တို့ ပါတီနဲ့ ပတ်သက်လို့ နောက်ဆုံးရ သတင်း အချက်အလက်တွေ ဝေမျှကြတယ်။ ကျနော်တို့ရဲ့ အနာဂတ် အစီအစဉ်တွေနဲ့ ရွေးကောက်ပွဲအတွက် ကျနော်တို့ ဗျူဟာအစီအစဉ်တခု ဘယ်လို ချမှတ်မလဲ ဆိုတာကို ဆွေးနွေးကြတယ်။
မွန်နဲ့ ချင်းပါတီတွေက သူတို့ ပေါင်းစည်းထားတဲ့ ပါတီသစ် မှတ်ပုံတင်ထားတာ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ခွင့်ပြုချက်ကို စောင့်နေကြတုန်းပဲ။ အဲဒီအချိန်မှာ ကျနော်တို့က နိုင်ငံတလွှား ပြည်နယ် ၅ ခုကို ကိုယ်စားပြုတဲ့ တိုင်းရင်းသား ပါတီ ၅ ခု စုစည်းခဲ့ကြတယ်။ တချိန်တည်းမှာပဲ တခြားပြည်နယ်နဲ့ တိုင်းတွေက တခြား တိုင်းရင်းသား ပါတီတွေနဲ့ ပေါင်းစည်းဖို့လည်း ကျနော်တို့ ကြိုးစားနေခဲ့ပါတယ်။
ကျနော်တို့ရဲ့ အဓိက အစီအစဉ်ကတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ ညွှန့်ပေါင်းအစိုးရတခု ဖွဲ့စည်းရေးအတွက် သဘောတူညီချက် ရရှိဖို့ပါပဲ။ ကျနော်တို့က ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) နဲ့ ညီနောင် တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF) တို့နဲ့ ဆက်သွယ်ဖို့ လည်း စီစဉ်ထားပါတယ် (UNA နှင့် NBF တို့သည် မြန်မာနိုင်ငံမှ လူများစု တိုင်းရင်းသား ပါတီများ ပေါင်းစည်းထားသည့် အဖွဲ့များ ဖြစ်ကြသည်)။
မေး။ ။ ညွှန့်ပေါင်းအစိုးရတခု ဖွဲ့စည်းဖို့ အစီအစဉ်ကို တခြားတိုင်းရင်းသားပါတီတွေနဲ့ ပြောတယ်ဆိုတော့ သဘောတူညီချက်က တိုင်းရင်းသားပါတီတွေ အတွင်းမှာပဲ ဖြစ်လိမ့်မယ်လို့ ဆိုလိုပါသလား။ တိုင်းရင်းသား ပါတီတွေက တခြား အဓိက ပါတီတွေနဲ့ သဘောတူညီချက်လုပ်မှာလား။
ဖြေ။ ။ ရိုးရိုးသားသား ပြောရရင် တကယ်လို့ တိုင်းရင်းသား ပါတီတွေ အကုန်စုလိုက်မယ် ဆိုရင်တောင် ကျနော်တို့က အစိုးရတခု ဖွဲ့လို့ မရနိုင်ပါဘူး။ အဲဒါကြောင့် ကျနော်တို့ တိုင်းရင်းသားပါတီတွေက ကျနော်တို့ရဲ့ အခွင့်အရေးတွေကို အာမခံချက် ပေးနိုင်ပြီးတော့ ကျနော်တို့ရဲ့ စိတ်ဝင်စားမှုတွေနဲ့ အတူ အလုပ်လုပ်မယ့် ပါတီတခုနဲ့ ညွှန့်ပေါင်း အစိုးရဖွဲ့ဖို့ သဘော တူညီချက် လုပ်ချင်ပါတယ်။
အဲဒါက ဘယ်ပါတီမဆို ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျနော်တို့ ဘယ်ပါတီနဲ့ မဟာမိတ်ဖွဲ့မယ်ဆိုတာ မရွေးချယ်ရသေးပါဘူး။ ကျနော်တို့ UNA နဲ့ NBF တို့နဲ့ ညှိနှိုင်းပြီးတဲ့ နောက်မှာ ဆုံးဖြတ်ချက် ချနိုင်ပါလိမ့်မယ်။ မွန်နဲ့ ချင်းပါတီတွေ ပါတီမှတ်ပုံတင်ဖို့ အတည်ပြုချက် ရတာနဲ့ ကျနော်တို့ ဆွေးနွေးမှုတွေကို အရှိန်မြှင့်သွား ပါမယ်။ ကျနော်တို့ သြဂုတ်လမှာ နောက်တကြိမ် တွေ့ဖို့ ရှိပါတယ်။
မေး။ ။ ညွန့်ပေါင်း အဖွဲ့တခု ဖွဲ့ဖို့ အလားအလာရှိတဲ့ ပါတီတခု အနေနဲ့ မြင်ထားတာ ရှိပါသလား။
ဖြေ။ ။ အခုချိန် အထိတော့ ကျနော်တို့ ဘယ်ဗမာပါတီကိုမှ မချဉ်းကပ်ရသေးပါဘူး။ ကျနော်တို့က ကျနော်တို့နဲ့ အတူ အလုပ်လုပ်နိုင်မယ့် ပါတီတခု ရှာဖွေနေတုန်းပါပဲ။
မေး။ ။ ဒီကိစ္စနဲ့ ပတ်သက်လို့ NLD ဘက်က ဘယ်လို ရှိပါသလဲ။
ဖြေ။ ။ ကျနော်တို့က သူတို့နဲ့ အလုပ်လုပ်နိုင်မယ်လို့ မထင်ပါဘူး။ NLD မှာ ဒီလို ဆန္ဒမျိုး (ညွန့်ပေါင်း ဖွဲ့ဖို့အတွက်) ရှိတယ်လို့ ဘယ်တုန်းကမှ မတွေ့ခဲ့ဖူးပါဘူး။ အဲဒီအပြင် ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာလည်း ဒီလိုဆန္ဒမျိုး ကျနော်တို့ မမြင်ခဲ့ရဘူး။ သူတို့မှာ ကျနော်တို့နဲ့ ပေါင်းစည်းဖို့ အစီအစဉ်တခု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ၂၀၂၀ မှာ သူတို့ အပြတ်အသတ် နိုင်မှာ မဟုတ်တော့ဘူး။
ကျနော်တို့ တွက်ချက်ပြီးသွားပါပြီ။ ညီညွတ်တဲ့ တိုင်းရင်းသားပါတီတွေက သူတို့ရဲ့ သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းတွေ ကနေပိုပြီး ရရှိကြ ပါလိမ့်မယ်။ အခြေအနေက ကျနော်တို့ကို ညွန့်ပေါင်း အစိုးရတခု ဖွဲ့စည်းဖို့ ဦးတည်နေပါတယ်။
မေး။ ။ NLD က တိုင်းရင်းသား ပြည်နယ်တွေမှာ နေရာအများစု အနိုင်ရမှာ မဟုတ်ဘူးလို့ ဖော်ပြနေတဲ့ အချက်တွေက ဘာတွေပါလဲ။
ဖြေ။ ။ ကချင်ပြည်နယ်က ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်ကို ကြည့်ပါ။ NLD ကိုယ်စားလှယ်လောင်းက အမျိုးသား လွှတ်တော်နေရာအတွင်း ယှဉ်ပြိုင်ရာမှာ (ကြံ့ခိုင်ရေးပါတီမှ ကိုယ်စားလှယ်လောင်းက အနိုင် ရသွားသော်လည်း) ကျနော်တို့ KDP ပါတီဝင် ကိုယ်စားလှယ်လောင်းထက် မဲအရ ပိုနည်းခဲ့ပါတယ်။ အခြေအနေက တခြားတိုင်းရင်းသား ပြည်နယ်တွေမှာလည်း အလားတူပါပဲ။ ဒေသခံ တိုင်းရင်းသားပါတီတွေက အခုဆိုရင် အများကြီး အင်အားကောင်းလာ ကြပါပြီ။ NLD အနေနဲ့ တိုင်းရင်းသား ပြည်သူတွေဆီကနေ မဲရဖို့ အခွင့်အလမ်းနည်းပါတယ်။
မေး။ ။ ကချင်ပြည်နယ်မှာ ဖြေရှင်းရမယ့် အဓိက ကိစ္စတွေက ဘာတွေ ဖြစ်ပါသလဲ။
ဖြေ။ ။ ဒီမှာ ကျနော်တို့ ဖြေရှင်းရမယ့် ကိစ္စတွေ အများကြီးရှိပါတယ်။ အဲဒီအထဲမှာ ရွှေ့ပြောင်း အခြေချမှု ပြဿနာတွေ၊ မူးယစ်ဆေးကိစ္စတွေ၊ မြေသိမ်းမှုတွေနဲ့ သဘာဝ အရင်းအမြစ် စီမံခန့်ခွဲရေးတွေ ပါတာပေါ့။ အထူးသဖြင့်တော့ ကျောက်စိမ်းတူးဖော်ရေး။ ကျနော်တို့ အဲဒါတွေကို တခုချင်း ကိုင်တွယ်ဖို့ ကြိုးစားသွားပါမယ်။ ကျနော်တို့ လုပ်သမျှတိုင်းမှာ ပွင့်လင်း မြင်သာမှု ပိုရှိလာမယ်လို့ ကချင် ပြည်နယ်က ပြည်သူတွေကို ကျနော်တို့ ကတိပြုပါတယ်။
မေး။ ။ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းတွေကို ဘယ်လိုရွေးချယ်မှာပါလဲ။
ဖြေ။ ။ ပြည်သူတွေအတွက် တကယ်ကို အလုပ်လုပ်နိုင်မယ့်သူတွေကို ကျနော်တို့ ရွေးချယ်သွားပါမယ်။ ရွေးကောက်ပွဲ အတွက် ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်တဲ့အခါမှာ ကချင်ပြည်နယ်က တိုင်းရင်းသား လူမျိုးအားလုံးကို ဦးစားပေး သွားပါမယ်။ အထူးသဖြင့် လူငယ်တွေ၊ အမျိုးသမီးတွေနဲ့ တက်ကြွတဲ့ နိုင်ငံသားတွေ။ ကျနော်တို့ အခု လက်ရှိမှာ မြို့နယ် အဆင့် ရုံးခွဲတွေ တည်ထောင်နေပါတယ်။ ပြည်နယ် တခုလုံးမှာ ရုံးခွဲတွေ ဖွင့်လှစ်ဖို့ စီစဉ်ထားပါတယ်။
မေး။ ။ လတ်တလောမှာ KSPP က နိုင်ငံခြား သံတမန်တော်တော်များများနဲ့ မြစ်ကြီးနားမှာတွေ့ခဲ့ပါတယ်။ ပါတီရဲ့ နိုင်ငံ ခြားရေး မူဝါဒက ဘယ်လို ရှိပါသလဲ။
ဖြေ။ ။ ကျနော်တို့က နိုင်ငံခြားတိုင်းပြည်တွေနဲ့ ပတ်သက်လို့ မျှတပြီး ဘက်မလိုက်တဲ့ နိုင်ငံခြားရေး ဝါဒကို ထိန်းသိမ်းသွားပါမယ်။ ကျနော်တို့က အမေရိကန်လိုမျိုး အနောက်တိုင်း နိုင်ငံတွေနဲ့ ဟန်ချက်ညီမျှတဲ့ ဆက်ဆံရေး ရှိချင်ပါတယ်။ ဂျပန်လို နိုင်ငံမျိုးနဲ့လည်း တူတူပါပဲ။ ဒါပေမယ့် ကချင်ပြည်နယ်မှာ ကျနော်တို့ တရုတ်နိုင်ငံနဲ့ မကြာခဏဆိုသလို ဆက်ဆံနေရတဲ့ အခြေအနေတွေ ရှိပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံ အနေနဲ့ ကျနော်တို့ကို ဆက်ဆံတဲ့ နေရာမှာ တန်းတူရည်တူ ဆက်ဆံတာမျိုး ဖြစ်စေချင်တယ်။
မေး။ ။ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်တဲ့ ရပ်တည်ချက်က ဘယ်လို ရှိပါသလဲ။
ဖြေ။ ။ မြစ်ဆုံဆည် ပြန်လည်စတင်ရေးကို ကျနော်တို့ လက်မခံပါဘူး။ စီမံကိန်း စတင်တဲ့ အချိန် ကတည်းက ကျနော်တို့ မြစ်ဆုံ စီမံကိန်းကို ဆန့်ကျင်ခဲ့ကြပါတယ်။ ကျနော်တို့ ပြည်သူတွေက စီမံကိန်းကို သဘောမတူပါဘူး။ ကျနော်တို့ ပါတီကလည်း ဆန့်ကျင်ပါတယ်။ ကျနော်တို့ ပြည်နယ်မှာ တရုတ်ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ရင် ကျနော်တို့က ၂ ဖက်စလုံး အကျိုးရှိဖို့ကို အာမခံတဲ့ ရင်းနှီးမြှုပ်နှံမှု ကိုပဲ လိုချင်ပါတယ်။ အမြဲ တရုတ် လက်အောက်မှာပဲ နေထိုင်ရမယ့်ဘဝမျိုး၊ တရုတ်ပြည်နယ်ကို အမြဲတမ်း ရိုကျိုးရမယ့် ကိစ္စမျိုး ကိုတော့ လုံး၀ လက်မခံပါဘူး။