ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှနှင့် တွေ့ဆုံခြင်း

ရဲနည်
ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှ / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

သဘာဝဓာတ်ငွေ့ကဲ့သို့ သယံဇာတများ ထုတ်ပေးနေပြီး ကျောက်ဖြူရေနက်ဆိပ်ကမ်းကဲ့သို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ရှာဖွေပေးနေသော်လည်း ရခိုင်ပြည်နယ်သည် ချင်းပြည်နယ်ပြီးလျှင် မြန်မာနိုင်ငံတွင် အဆင်းရဲဆုံး ဖြစ်သည်။ တပူပေါ်နှစ်ပူဆင့်ဆိုသလို လူမျိုးရေး ဘာသာရေး ပဋိပက္ခများလည်း မကြာခဏ ဖြစ်ပွားတတ်လေ့ရှိပြီး လတ်တလော လက်နက်ကိုင် ပဋိပက္ခနှင့်လည်း ရခိုင်ပြည်နယ် ရင်ဆိုင်နေရပြီဖြစ်သည်။

ယင်းသို့ အန္တရာယ် ဖိအားများကြား ကြံ့ကြံ့ခံ ရုန်းကန်နေရသော ရခိုင်ပြည်နယ်လွှတ်တော်၏ ဥက္ကဋ္ဌ ဦးစံကျော်လှက ပြည်နယ် လွှတ်တော်နှင့် ပြည်နယ် အစိုးရကြား ဆက်ဆံရေး၊ ရခိုင်စစ်ပွဲများ၏ သက်ရောက်မှုနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးများအပေါ် သူ၏အမြင်ကို  ဧရာဝတီ အကြီးတန်း အယ်ဒီတာ ဦးရဲနည်အား ရခိုင်ပြည်နယ် လွှတ်တော်ရုံးတွင် လက်ခံ ဖြေကြားခဲ့သည်။

မေး ။      ။  ကျနော်တို့ ဒီမိုကရက်တိုက်ဇေးရှင်း လုပ်တဲ့အခါမှာ လွှတ်တော်နဲ့  အစိုးရဆိုတာ Check and balance  ထိန်းကျောင်းရေး ယန္တရားလို့ ပြောကြာတာကိုး။ ဆိုတော့အခါ ဆရာတို့ ရခိုင်ပြည်နယ်ရဲ့ အစိုးရအပေါ်မှာ ရခိုင်ပြည်နယ် လွှတ်တော်က ဘယ်လောက်ထိ ထိန်း ကျောင်းနိုင်ခဲ့သလဲဆိုတာ ဆရာ ရှင်းပြပေးပါ ။

ဖြေ ။        ။ ထိန်းကျောင်းတာနဲ့ ပြောရရင်တော့ ဆရာရယ်။ တိုင်းနဲ့ ပြည်နယ် ၁၄ ခုထဲမှာတော့ ကျနော်တို့ဟာ တော်တော်များများ ထိန်းကျောင်းနိုင်တယ်လို့ ပြောချင်တယ်။  ကျနော်တို့ ထိန်း ကျောင်းတဲ့ အခါမှာ ပထမ  ကျနော်တို့ မေးခွန်းတွေနဲ့ ထိန်းကျောင်းတယ်။ နောက်ပြီးတော့ ကျနော်တို့ အဆိုတွေနဲ့ ထိန်းကျောင်းတယ်။ အဲလို ထိန်းကျောင်းလာလို့လည်း ကျနော်တို့ ဒီတိုင်းနဲ့ ပြည်နယ် မှာ ဒီဝန်ကြီးတပါးကို Impeach လုပ်ပြီး ဖြုတ်ချတယ်ဆိုတာ တနေရာမှာမှ မရှိခဲ့ဘူး ။ ကျနော်တို့ဟာ ဝန်ကြီး တပါးကို ဖြုတ်ချနိုင်ခဲ့ပါတယ်။ ဒါဟာ ကျနော်တို့ အမြင့်ဆုံး ထိန်းကျောင်းမှုပဲ ။

မေး။    ။ ပြောရမယ်ဆိုလို့ ရှိရင် ရခိုင်ပြည်နယ်ဆိုတဲ့ ဥစ္စာက တနိုင်ငံလုံးမှာ ချင်းပြည်နယ်ပြီးလို့ ရှိရင် အဆင်းရဲ့ဆုံး ပြည်နယ်ဆိုပြီးတော့ သတ်မှတ်ချက်တွေ ရှိတာပေါ့။ ဒါပေမယ့် စီပွားဖွံ့ဖြိုးတက်ဖို့ကို အခု ဒီ NLD အစိုးရအနေနဲ့ ပိုပြီးတော့ တွန်းအားပေးပြီးတော့ လုပ်လာတယ်ဆိုပြီးတော့ ကျနော်တို့ သိရတယ်။ ဘယ်လောက်ထိလဲဆိုလို့ ရှိရင် ပြည်နယ် အစိုးရတင် မကဘူး ပြည်ထောင်စုအစိုးရအနေနဲ့ပါ ဒေါ်အောင်ဆန်းစုကြည်ကနေပြီးတော့ ဒေါက်တာဝင်းမြတ်အေးတို့နဲ့ ဖွဲ့ထားတဲ့ ဒီ UEHRD အဖွဲ့ထိပေါ့။  ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးတွေ လုပ်ဆောင်နေတယ်။ အဲဒီ လုပ်ဆောင်နေတဲ့ အပေါ်မှာ ဆရာတို့ အနေနဲ့ အားရကျေနပ်မှု ရှိသလား။

ဖြေ။       ။  တွန်းအားပေးတယ်ဆိုတာတော့ ကျနော်လက်ခံပါတယ်။ သို့သော် အလုပ်တခု လုပ်လိုက်ရင် တွန်းအားပေးတာနဲ့ မပြီးဘူးဗျ။ အဲဒီရဲ့ အလုပ်ဟာ အကျိုးသက်ရောက်မှု ဘယ် လောက်ရှိလဲဆိုတာ ကြည့်ရမယ်။ အဲဒါကြောင့် ကျနော်တို့က ကျနော်တို့ ဒေသမှာ အကျိုး ဘယ်လောက်ရှိလဲ ကြည့်လိုက်တဲ့ အခါမှာ အကျိုးဖြစ်ထွန်းမှု သိပ်မရှိဘူး။  ကျနော့် စိတ်ထဲမှာတော့ သိပ်ပြီးတော့ ကျေနပ်မှု မဖြစ်ဘူးပေါ့ဗျာ ။ မဖြစ်ဘူးဆိုတာက တိုးတက်မှု နှေးကွေးတယ်။

မေး။        ။ နောက်တခုက ဆရာတို့ ရခိုင်ပြည်နယ်မှာ တော်တော် လူပြောများနေတဲ့ ကိစ္စပေါ့။ အဲဒါကတော့ ဘတ်ဂျက်ခွဲဝေမှု ကိစ္စပဲ။ အခုက တောင်နဲ့မြောက်နဲ့ ခွဲဝေမှု အထိပါ ဖြစ်လာတယ် ဆိုတဲ့ အသံတွေပါကြားလာရတော့ ဆရာ၊ အဲဒီကိစ္စအပေါ်မှာ ရှင်းပြပါဦး။  ဘယ်လိုဖြစ်ကြတာလဲ ဆိုတာ။

ဖြေ။        ။ တောင်နဲ့ မြောက်ဆိုတဲ့ စကားကိုတော့ ကျနော် ထည့်မပြောချင်ဘူး။ သို့သော် တချို့ ကလည်း ဒီလိုပဲ တွေးကြတာပဲ။ ဘတ်ဂျက်ကတော့ ဒီ ၁၉ – ၂၀ လျာထားချက်ကို  တင်လာတဲ့အခါမှာ ဒီခွဲဝေမှုက ဘယ်လို ပြောမလဲ တော်တော်လေးကို အချိုး မညီဘူးဗျာ ။ ဘတ်ဂျက် တခုခွဲတယ်ဆိုတာမှာ အဲဒီရဲ့ ပုံသေ ၅၀ ရာနုန်း။ အဲဒီအထဲမှာမှ ဧရိယာကို မူတည်ပြီးတော့ ၂၅ ရာခိုင်နုန်း။ လူဦးရေ အတွက် ၂၅ ရာခိုင်နုန်း။ ဒါမျိုးတွေ ရှိတယ်။ အရေးပေါ် လိုအပ်ချက်အရ ဘယ်လို ဘယ်လို ထည့်ရမယ်ဆိုတာ ရှိတယ်။

အဲဒီတော့ တခုနဲ့ တခု တမြို့နဲ့ တမြို့ဟာ သိပ်ပြီးတော့ ကွာခြားမှု မဖြစ်သင့်ဘူး ။ အခုဟာက ဘတ်ဂျက် ခွဲလိုက်တဲ့အခါ တမြို့နဲ့ တမြို့က တော်တော်လေးကို ကွာခြားနေတယ်။ အဲဒီလို ကွာခြားတဲ့အတွက် ကိုယ်စားလှယ်တွေက တော်တော်များများ မကျေမနပ်မှုတွေ ဖြစ်ကြတယ်။ အဲဒီလို ခွဲလိုက်တဲ့အခါမှာ တောင်ပိုင်းမြို့နယ်တွေမှာ တော်တော်များများ ပိုနေတာကို တွေ့ရတယ်။ ဝန်ကြီးတွေ၊ ဝန်ကြီးချုပ်တွေ ရှိတဲ့နေရာတွေမှာ ပိုနေတာတွေကို တွေ့ရတယ်။

အဲဒါကြောင့် လွှတ်တော်ကိုယ်စားလှယ်တွေကလည်း မကျေမနပ်ဖြစ်တယ်။  အဲဒီတော့ ခြုံပြောရင် ခွဲဝေမှုက သဘာဝ မကျဘူး။ သို့သော် ခွဲဝေတာက  အဓိကက ဘတ်ဂျက်နဲ့ ပတ်သက်လာရင် လျာထားချက်တခုကို တင်လာပြီး ဆိုရင် အဲဒါဟာ အစိုးရ သဘောပဲ ။ သူတို့က လျာထားချက်တခုကို တင်လာပြီ ဆိုရင် ကျနော်တို့ လွှတ်တော်ကနေပြီးတော့ အကြံပြုပေးလိုက်ရတယ်။ ကျနော်တို့ အကြံပြုတာကို သူတို့က လက်ခံရင်လည်း ရတယ်။ မလက်ခံချင်ရင်လည်း ရတယ်။

သို့သော် အဲဒီလို လက်မခံဘူးဆိုရင်တော့ ဥပဒေကြမ်းအဖြစ်နဲ့ ပြန်လာတင်လာတဲ့ အခါမှာ ဒီဘတ်ဂျက်ဟာ တော်တော်ကလေး  ပြဿနာ ဖြစ်လာမယ်။ ကျနော်တို့ကတော့ အဲလိုလည်း ပြဿနာ မဖြစ်ချင်ဘူး။ အဲဒီလို မဖြစ်ချင်လို့လဲ ကျနော်တို့ လျှော့ပေးခဲ့တာတွေ အများကြီး ရှိတယ်။ ဘတ်ဂျက်ကို ဖြတ်လိုက်မယ်။ တောက်လိုက်မယ် ဆိုရင် ကိုယ့်ဒေသ နာသွားမယ်။ နစ်နာသွားမယ်။ ဒါကြောင့်  ကျနော်ဟာ မလုပ်ချင်ဘူး။ ဒါပေမယ့်လည်း မလုပ်ချင်ပေမယ့် ကျနော်တို့ တခါတလေ လုပ်ခဲ့ရတာတွေ ရှိပါတယ်။ အခု ဘတ်ဂျက်ကတော့ ခွဲဝေတဲ့အခါ မညီမမျှ ဖြစ်တယ်။ သို့သော် ကျနော်တို့က အကြံပေးထားပါတယ်။

အစိုးရအနေနဲ့ ဆင်ခြင်သုံးသပ်ဖို့အတွက် တကယ်လို့ သူတို့ဘက်က လိုအပ်တာလေးတွေကို ပြုပြင်ဖန်တီးရင်တော့ ကျနော်တို့ ဥပဒေကြမ်းနဲ့ လာတဲ့အခါမှာ တယောက်နဲ့ တယောက် ညှိနှိုင်းလိုက်ရင် အဆင်ပြေသွားမှာပါ။ ဒါပေမယ့် ကျနော်တို့ လွှတ်တော်က တင်ပြလိုက်တဲ့ အကြံပြုချက်တွေကို လက်မခံဘူးဆိုရင်တော့ နောက်တကြိမ် လွှတ်တော်ကို ဒီ ဘတ်ဂျက်လာတဲ့ အခါမှာ အခက်အခဲ့တွေ ရှိနိုင်ပါတယ်။

မေး။   ။ ဆရာပြောတဲ့ အထဲမှာ စိတ်ဝင်စားစရာကောင်းတာ ဝန်ကြီးချုပ်တွေနဲ့ ဝန်ကြီးတွေ ရှိတဲ့ နေရာ ဆိုတော့ သူတို့ရဲ့ အစိုးရရုံးက စစ်တွေမှာ ရှိတာမဟုတ်ဘူးလား။ အခုဟာက ဆရာပြောတဲ့ ဥစ္စာက သူတို့က စစ်တွေမှာ မရှိဘဲနဲ့ တောင်ပိုင်းမှာ ရှိနေသလို ဖြစ်နေတယ်။ ဆိုတော့ သူတို့က အခု ဘယ်မှာ ရုံးထိုင်သလဲ။

ဖြေ။     ။ ဒါက ဒီလိုပါ ။ ဥပမာ ဆိုပါစို့ဗျာ ကျနော်က လွှတ်တော်ဥက္ကဌ၊  ကျနော့် ဧရိယာက ပုဏ္ဏားကျွန်းက တက်လာတာ။ ဥပမာ ဆိုပါစို့ ဝန်ကြီးချုပ်က ဦးညီပု၊ ဦးညီပုက ဂွက။ အဲလိုဟာမျိုး ပြောတာ။ ဝန်ကြီး ဦးကျော်လွင် သူက ရမ်းဗြဲ ၊ ဒေါက်တာချမ်းသာဆိုရင် ဥပမာ သံတွဲ။ ဝန်ကြီးတွေ ရှိတဲ့ မြို့တွေဟာ ဒီဘတ်ဂျက်ကို ထည့်တဲ့အခါမှာ ပိုနေတယ်။ အဲဒီတော့ ဝန်ကြီးတွေ ရှိလို့ ဒီမြို့နယ်အတွက် အပိုထည့်တာလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်သွားတယ်။ နောက်တခု ဘတ်ဂျက် ဆွဲတဲ့ အခါမှာ သတိထားရမယ့် အပိုင်းတွေ၊ အမှန်က လူကြီးဆိုတာတွေက  ကိုယ်လူကြီး ဆိုတော့ ပိုပြီး သတိထားရတယ်။  ကျနော်တို့ ပုဏ္ဏားကျွန်းဆိုရင် အနည်းဆုံးထဲမှာ ပါတယ်။

မေး။     ။ နောက်မေးခွန်းကတော့ လတ်တလော ဖြစ်ပွားနေတဲ့ ရခိုင်စစ်ပွဲ အကြောင်းကို မေးချင်ပါတယ်။ အခု ရခိုင်စစ်ပွဲက တဖြည်းဖြည်းနဲ့ ကျယ်ပြန့်လာနေပါတယ်။ ဆိုတော့  စစ်ပွဲက ဆက်ပြီးတော့ ကျယ်ပြန့်လာနိုင်မှာလား။ ဆရာရဲ့ စိုးရိမ်ချက်က ဘာရှိမလဲ။

ဖြေ။     ။  ကျနော်က စိုးရိမ်တာနဲ့ ပတ်သက်လာရင် စစ်ပွဲရဲ့ ဧရိယာ၊ စစ်ပွဲရဲ့ အချိန်ကာလ  ကျယ်လာမှာ၊ ရှည်လာမှာကို ကျနော်တို့ အရမ်းကြီး စိုးရိမ်ပါတယ်။ အခုအနေအထားနဲ့ ကြည့်လိုက်တဲ့အခါ ကျနော်တို့ စောင့်ကြည့်တယ်။ ဒီစစ်ပွဲဟာ ရပ်သွားမှာလား၊ တဖက်နဲ့ တဖက် နားလည်မှု ရသွားမှာလား ဆိုတာ ကျနော်တို့ စောင့်ကြည့်တယ်။ အမှန်က နားလည်မှု ရစေချင်တယ်။ သို့သော် မရနိုင်ဘူး၊ မရနိုင်သေးဘူး။ အခု အနေအထားနဲ့ဆိုရင် စစ်ပွဲက ရှည်နေအုံးမယ်။ အဲလို စစ်ပွဲ ရှည်နေပြီဆိုရင် အဓိက ပြဿနာက၊ အဓိက ခံစားရတာက ဒီကြားထဲမှာ ကျနော်တို့ ပြည်သူတွေ။ စစ်ပွဲကတော့ လတ်တလော ငြိမ်းနိုင်မယ် မထင်သေးဘူး။ ကျနော်တို့ ဆန္ဒကတော့ တွေ့ဆုံပြီးတော့ ပြေလည် စေချင်တယ်ဗျာ။ ဘာပဲပြောပြော။

မေး။    ။ ဆရာပြောတဲ့ အထဲမှာလည်း ပါတယ်။ လတ်တလော ဖြစ်ပွားနေတဲ့ စစ်ပွဲကြောင့် အခု  သေဆုံးရတဲ့ လူတွေ ရှိလာတယ်။ နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့ စစ်ရှောင်ဒုက္ခသည်တွေ ရှိလာတယ်။ ဒီကြားထဲ သတင်းတွေက ကျနော်တို့ ကြားနေရတာက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတဲ့  သတင်းတွေလည်း ကြားနေရတယ်။ ဆိုတော့ အဲဒါတွေက ဘယ်လောက်အထိ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေလဲ ဆရာ။

ဖြေ။     ။ စစ်ပွဲဖြစ်လာပြီ ဆိုရင် ဒီစစ်ပွဲနဲ့ အတူ ပါလာတက လူ့အခွင့်အရေး ချိုးဖောက်မှုတို့ ဘာတို့ ဆိုတာ ဒီ စစ်ပွဲနဲ့ အတူ ပါလာတာ။ အဲဒီတော့ ဒီအထဲမှာ ရှိပါတယ်။ တခါ တလေ ကျနော်တို့ ပြောရတာ ခက်တယ်။  ကျနော်ဆိုရင် ပိုပြီးတော့ သတိထားပြီးတော့ ပြောရတယ်။ အဲဒီချိုး ဖောက်မှု တွေ ရှိတယ်ဆိုတာကို။  ရှိလို့လည်းပဲ ဒီလွှတ်တော်မှာ အဆိုတင်ပြီးတော့ တားရတာပဲ။ ဥပမာ ဆိုပါစို့ဗျာ ကျနော်တို့က သံသယကြောင့် ပြည်သူတဦးကို ခေါ်ယူ စစ်ဆေးတဲ့ အခါမှာ ဥပဒေနဲ့ အညီခေါ်ယူ စစ်ဆေးဖို့အတွက် ကျနော်တို့ လွှတ်တော်မှာ အဆိုတင်တယ်။ အောင်မြင်တာပဲ ။ လွှတ်တော်က တော့ လက်ခံတာပဲ။  အကယ်၍များ အဲလို စစ်ဆေးတဲ့အခါ အကြောင်းအမျိုးမျိုး ကြောင့် သေဆုံးသွားတဲ့ ပြည်သူတွေ ရှိရင် ဒီပြည်သူတွေကို သက်ဆိုင်ရာ ဆွေမျိုး၊ မိဘ တွေကို ပြန်လည် အပ်နှံပေးဖို့ ဒါလည်း ကျနော်တို့ အဆိုတင်ခဲ့တာပဲ။ အမှန်ကတော့ ဒါမျိုးတွေ မဖြစ်စေချင်ဘူးဗျာ။ ဒါပေမယ့် ဒီဟာမျိုး တွေက စစ်ပွဲနဲ့အတူ ပါလာပြီး ဖြစ်ကြတဲ့ ကိစ္စတွေ ဆိုတော့  ကျနော်တို့ကလည်း လွှတ်တော်ဆိုတော့ လွှတ်တော် သဘောလောက်ပဲ ပြောလို့ ဆိုလို့ ရတာကိုး။

မေး။        ။ လွှတ်တော်ဖက်ကနေ  အဆိုတင်တဲ့ဟာတွေ အပေါ်မှာရော အစိုးရဘက်ကနေ ဘယ်လို တုန့်ပြန်မှုရှိလဲ။

ဖြေ။         ။ အခု ကျနော်တို့ ပြီးခဲ့တဲ့ အစည်းအဝေးတွေမှာတော့ သိပ်ပြီးတော့ တုန့်ပြန်တာတွေတော့ မရှိဘူး။  ကျနော်တို့ အဆိုဟာ အကုန်လုံး အောင်တာပဲ။

မေး ။       ။ နောက်တခုက ဆရာတို့ တင်နေတဲ့ အဆိုထဲမှာ ကျနော်တို့ သိရသလောက်ဆိုလို့ရှိရင် လတ်တလော အင်တာနက်ဖြတ်လိုက်တဲ့ကိစ္စတွေပါ ပါတာပေါ့။ ဆိုတော့ အင်တာနက်ဖြတ် လိုက်တဲ့ အတွက်ကြောင့်မို့ ဒီပြည်သူလူထု လူမှုဘဝ တွေကလည်း ထိခိုက်တယ်ဆိုတဲ့ အသံ တွေကြားရတယ်။ ဆိုတော့ ဆရာတို့ဖက်ကနေပြီးတော့ ဒီအင်တာနက်ဖြတ် တောက်လိုက်တဲ့ အပေါ်မှာ ဘာများ ပြောချင်ပါလဲ။

ဖြေ ။        ။  အင်တာနက်ဖြတ်လိုက်လို့ပဲ ကျနော်တို့ လွှတ်တော်မှာ အရေးကြီး အဆို တက်လာတယ်လေ။ အင်တာနက်ဆိုတာက ဒီစစ်ဖြစ်တဲ့ နေရာတွေမှာ ဒီအင်တာနက်က ပိုပြီးတော့ အရေးကြီးတယ်။ တကယ်လို့များ ဒီအင်တာနက်တွေ ဖြတ်တောက်သွားပြီး ဆိုရင် အဲဒီမှာ လူ့အခွင့်ရေး ချိုးဖောက်မှုတွေကို ကာကွယ်ပေးသလို ဖြစ်သွားလိမ့်မယ်။ (ဘာဖြစ်နေလဲ) မမြင်ရတော့ဘူး။ မဖြတ်တောက်ဘူးဆိုရင် ဘယ်သူ ဘာလုပ်တယ်ဆိုတာတွေကို ကျနော်တို့ အင်တာနက်ကနေ တဆင့် တွေ့မြင်နေရတယ်။  အခု အင်တာနက် မရှိတော့ ဘူးဆိုရင် ဘယ်သူက ဘာလုပ်တယ်ဆိုတာတွေကို မသိနိုင်တော့ဘူး။ ဒါက လူ့အခွင့်အရေးအပိုင်းပြောတာ။

စီးပွားရေး၊ နိုင်ငံရေး အပိုင်းလည်း ဒီအတိုင်းပဲ။ အမှန်က ဒီအင်တာနက် ဖြတ်တောက်တယ်ဆိုတာ ဒါ အလုပ်မဟုတ်ဘူး။ အင်တာနက်ကို ဘာကြောင့် ဖြတ်ရသလဲ ဆိုတာ ဒါ စဉ်းစားဖို့ လိုတယ်။ ဖြတ် တောက်တဲ့ လူတွေက ဘာကြောင့် အင်တာနက်ကို ဖြတ်ရလဲ။ ဒါ စဉ်းစားဖို့ လိုတယ်။

မေး။      ။ အစိုးရပေါ့နော်။ နေပြည်တော်အစိုးရအနေနဲ့ကတော့ သူတို့ အကြောင်းရင်းက လူမျိုး ရေးမုန်းတီးမှုတွေ၊ အမုန်းစကား ကျယ်ပြန့်လာတယ်။ ကရင်နဲ့ ကချင်နဲ့တောင် မတူဘူး ။ ရခိုင်နဲ့ ဗမာကြားထဲမှာ အဲလိုမျိုး မုန်းတီးမှုတွေ ပိုများလာမှာ စိုးလို့ ဖြတ်တောက်လိုက်ရပါတယ်  ဆိုတဲ့ အကြောင်းပြချက်အပေါ်မှာရော ဆရာ ဘယ်လို ပြန်ပြီးတော့ တုန့်ပြန်မလဲ ။

ဖြေ။   ။  ဒါ ခိုင်လုံတဲ့ အကြောင်းပြချက် မဟုတ်ဘူး ဆရာ။ ဘာကြောင့်လဲဆိုတော့ ပြဿနာ ဖြစ်တယ် ဆိုရင် ဘက်နှစ်ဘက် ဖြစ်တယ်။ ဘက်နှစ်ဘက် ဖြစ်တဲ့အတွက် ဒီဘက်ကလည်း အမုန်းစကား ပြောတယ်။ ဟိုဘက်ကလည်း အမုန်းစကားပြောမယ်။ အဲဒီတော့ အဲဒီဒေသမှာ ရှိတဲ့ မြို့နယ် ၈ မြို့နယ်၊ ၉ မြို့နယ်ကို ဖြတ်လိုက် ဆိုတော့ အဲဒီဒေသက လူတွေကတော့ အမုန်း စကားပြောလို့ မရတော့ဘူး။ ဟုတ်လား ။ သို့သော် ကျန်တဲ့ဘက်က အမုန်းစကားပြောလို့ ရနေတယ်။ အဲဒီတော့ ဖြတ်တောက်တာဟာ အဲလို မဖြစ်ရဘူး ။ အမုန်းစကားပြောလို့ ဖြတ်တောက်တယ်ဆိုရင် ဒီဘက်က အခွင့်အရေး ရနေအုံးမယ်။  ဖြတ်မယ်ဆိုရင် နှစ်ဘက်လုံး ဖြတ်ရမယ်။ အဲဒါကြောင့် ဒါဟာ သဘာဝ မကျဘူး ၊ နည်းလမ်းလည်း မဟုတ်ဘူး ။

ကျနော်တို့လည်း အဲလို အမုန်းစကားပြောတာ လက်မခံဘူး။ ကျနော်တို့လည်း မကြိုက်ပါဘူး။ သို့သော် မလုပ်သင့်တာကို ပြောတာ။ အမုန်းစကားဟာ ဘာကြောင့် ဖြစ်လာရတာလဲ ။ ဒါဟာ အရေးကြီးတယ်။ အမုန်းစကား ပပျောက်ဖို့ ၊ ဒီပြဿာကို ဖြေရှင်းဖို့အတွက် ဒီအမုန်းစကားကို ဒီလူတွေ ဘာကြောင့် ပြောနေရတာလဲ။ ဒါကို လေ့လာဖို့ လိုတယ်။ အဲဒီလေ့လာလိုက်လို့ ဘာကြောင့် ပြောရသလဲဆိုတာကို သိရင်  ပြဿနာကို ဖြေရှင်းဖို့ လွယ်တယ်။

ပြဿနာကို ကြည့်တဲ့အခါမှာ ကိုယ်က ဒီလောက်ပဲ လိုတယ်ဆိုပြီးတော့ ထားလို့ မရဘူး။ ဆင်းကြည့်ဖို့လည်း လိုတယ်။ ဆိုပါစို့ ဆရာရယ်။ ပေါက်ပင် ဘာကြောင့် ကိုင်းရတယ်ဆိုရင် ဗျိုင်းနားလို့ ကိုင်းတာပဲ ။ အဲဒီတော့ ဒီအဖြေ တခုကို ဗျိုင်းနားလို့ ကိုင်းတယ်ဆိုတာလောက်နဲ့ ရပ်လို့ မရဘူး။  ဗျိုင်း ဘာကြောင့် နားလဲ ငါးပေါ်လို့ ၊ ငါးဘာဖြစ်လို့ပေါ်လဲ အဲလို ကြည့်ရမယ်။ ဆိုပါစို့ ကချင်မှာ ဒေသမတည်မငြိမ် ဖြစ်တယ်။ ကချင်တွေ သေနတ်ကိုင်လို့ မတည်မငြိမ်ဖြစ်တယ်။ ဒါ မဟုတ်သေးဘူး အဖြေ။ ဘာကြောင့် ကိုင်ရလဲ အဲလို စဉ်းစားပြီးမှ အဖြေတခုကို ကျနော်တို့က ထုတ်ရမယ်။  အဖြေ ထုတ်ပြီးမှ ဟုတ်ပြီ ဒါကြောင့် ဖြစ်တဲ့အတွက် ဒါကို ငါတို့  ဝိုင်းပြီးမှ ဖြေရှင်းရမယ်ဆိုတာ ထွက်လာမယ်။

မေး ။     ။  အဲလို ဆရာပြောတဲ့နေရာမှာ ကျနော် သွားပြီး သတိရမိတယ်။ ယူဆချက်တခု ရှိတယ်။ အဲဒါက ဘာလဲဆိုတော့ အခုလိုမျိုး လက်နက်ကိုင်တော်လှန်ရေးတွေ၊ လက်နက်ကိုင် ပုန်ကန်မှုတွေ ဖြစ်ပွားနေတဲ့ဟာက  ဒီမိုကရေစီရေးဘောင်ပေါ့။ ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ပြောကြမယ် ဆိုရင် တိုင်းရင်းသားတွေ လိုလားနေတဲ့ ဖက်ဒရယ် စနစ်ပေါ့။ ဖက်ဒရယ် မူဘောင်ပေါ့။ အဲဒါက ကျယ်ကျယ် ပြန့်ပြန့် မရှိလာတဲ့ အခါ ခုနက လက်နက်ကိုင် တော်လှန်ရေး ဒါမှမဟုတ် လက်နက်ကိုင် ပုန်ကန်မှု အပေါ်မှာ လူတွေက ပိုပြီးတော့ စိတ်တိမ်းညွှတ်သွားတယ်ဆိုတဲ့ အယူအဆ ရှိတယ်။ ဆရာအနေနဲ့ရော အဲဒီ အမြင်ကို သဘောတူလား။

ဖြေ ။     ။ ဒါပေါ့ ။ ဟုတ်တယ်လေ ။ အဲဒါကြောင့် ဖြစ်တာပဲ။ ဖက်ဒရယ် ပုံစံဖြစ်ကြရင် ကျနော်တို့ အခွင့်အရေးတွေ တူကြမယ်။ ခြုံပြောမယ်ဆိုရင် ဒါအခွင့်အရေး မတူလို့ ဖြစ်တာပဲ။ အေးအတူ ပူအမျှ ကျနော်တို့ အခွင့်အရေးတွေ တူလို့ အေးအေးဆေးဆေးဆိုရင် ဘယ်သူက ထပြီးတော့ အပင်ပန်းခံနေကြမလဲ။ ဒုက္ခခံနေကြမလဲ။

မေး ။     ။  ရခိုင်စစ်ပွဲ ရပ်စဲရေးကို ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဌ တယောက်အနေနဲ့ ဘက်အသီးသီးကို ဘယ်လို တိုက်တွန်းချင်လဲ။

ဖြေ။     ။  တိုက်တွန်းချင်တာက ကျနော်တို့ လိုလားတဲ့ တယောက်နဲ့ တယောက်၊ လူမျိုး တခုနဲ့ တခု တန်းတူဖို့။  စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုကြီးကို ကျနော်တို့  တည်ဆောက်ဖို့ နေရာမှာ ဒီသေနတ်နဲ့ ကျနော်တို့ ဖြေရှင်းလို့ မရနိုင်တော့ဘူး။ အဓိက ကျနော်တို့ တွေ့ဆုံဆွေးနွေးဖို့ လိုတယ်။ အဲဒါ နှစ်ဘက် ညှိနိုင်းဆွေးနွေးရမယ်။ အဲဒီ နွေးဆွေးတဲ့ အခါမှာလည်းပဲ ဖြစ်သင့်၊ ဖြစ်ထိုက်တာလေးတွေကို တယောက်နဲ့ တယောက် နားလည်ဖို့ လိုတယ်။ ငါအပေါ် စီးရမှ ဆွေးနွေးမယ် အဲလို ပုံစံမျိုး မရဘူး။

အဓိကတော့ ကျနော်တို့ ညီအကိုတွေပဲဗျာ။  မြန်မာနိုင်ငံမှာ အခုဖြစ်နေတဲ့ ကျနော်တို့ တိုင်းရင်းသားဒေသ အသီးသီးမှာ ဖြစ်နေတဲ့ စစ်ပွဲဆိုတာ  ကျနော်တို့ ညီအကို အချင်းချင်း ဖြစ်ကြတဲ့ စစ်ပွဲပဲ။ ကျနော်တို့ ညီအကိုလို ဖြေရှင်းဖို့ လိုတယ်။  ညီအကိုအချင်းချင်း ဖြစ်တာကို  ရန်သူလို ဖြေရှင်းနေကြရင် ဒါ မဟုတ်တော့ဘူး။ အဲလို ဆိုရင် သဘာဝ မကျသေးဘူး။ ညီနဲ့ အကိုနဲ့ ဖြစ်တဲ့ ကိစ္စမှာ ညီမိသားစုကို  အကိုမိသားစုက အကုန်လုံး  သတ် ၊ ထု ၊ ထောင်း ပြီးမှ ရလာတဲ့ အဆင်ပြေမှု ဒါသဘာဝ ကျမှာလား။ ကျနော် ပြောချင်တာက ညီအကိုတွေ ဖြစ်တဲ့အတွက် ဒီပြဿနာကို ညီအကိုလို ဖြေရှင်းစေချင်တယ်။ တုတ်ဆွဲ ၊ ဓားဆွဲ ၊ သေနတ်ဆွဲ ဖြေရှင်းကြတာဟာ ဒါ အဖြေ မဟုတ်ဘူး။ အဖြေလည်း မထွက်နိုင်ဘူး။ ပြည်သူတွေ ဒုက္ခရောက်တာကလွဲပြီး အကျိုး မရှိနိုင်ပါဘူး။

မေး။       ။ စစ်ပွဲ ရပ်စွဲရေးနဲ့ တပြိုင်တည်း ဆပ်စပ်နေတာတွေကတော့ အခုနက ပြောတဲ့ ဖက်ဒရယ် တည်ဆောက်ရေးပေါ့။ ဖက်ဒရယ်တည်ဆောက်ရေးမှာ လိုအပ်တာတွေကတော့ အခြေခံ ဥပဒေကို ပြင်ဆင်ရေး ဆိုတဲ့ ယူဆချက်လည်း ရှိတယ်။ ဆိုတော့ အဲဒီအပေါ်မှာ ဆရာရဲ့ အမြင်ကို ပြောပြပေးပါဦး။

ဖြေ ။       ။  ကျနော်တို့ကိုယ်နှိုက်က ၂၀၀၈ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ကျနော်တို့ လိုက်နာရတယ်။ ဒီအထဲကပဲ ကျနော်တို့ဟာ လွှတ်တော်ထဲကို ရောက်လာတယ်။ သို့သော် ဒီ ဥပဒေကို ကျနော်တို့ သဘောကျသလား ဆိုရင် မကျဘူး။ လိုအပ်တာတွေ အများကြီးရှိတယ်။ ဖွဲ့စည်းပုံကြောင့်ပဲ အဲလိုဖြစ်တာ ပါတယ်။ ဒါကြောင့် ဖွဲ့စည်းပုံထဲမှာလည်း ကျနော်တို့က ပြင်သင့်တာတွေကို ကျနော်တို့က ပြင်ရမယ်။ လောလောဆယ် မလုပ်နိုင်တာကို ကျနော်တို့ အချိန်ကလေး ယူပြီး ကျနော်တို့ လုပ်ရမယ်။ အဓိကတော့ စေတနာ ပါဖို့ လိုတယ်။

မေး။      ။ ဆရာအနေနဲ့ ဖြည့်စွက်ပြီးတော့ ပြောကြားချင်တာတွေ ရှိနေသေးရင် ပြောကြားပေးပါ။

ဖြေ။      ။  ကျနော်တို့ အဓိက လိုချင်တာက ငြိမ်းချမ်းရေးပဲ ဆရာရယ်။ ကျနော်တို့ မြန်မာနိုင်ငံတော်ကြီး ငြိမ်းချမ်းရေး၊ အဲဒီ ငြိမ်းချမ်းရေးကို ရဖို့အတွက် ကျနော်တို့ တန်းတူရေး အရေးကြီးတယ်။ ဒီမှာ ရှိတဲ့ ကျနော်တို့ တိုင်းရင်းသားတွေ တယောက်နဲ့တယောက် တန်းတူ ညီမျှဖို့ လိုတယ်။ အဲဒီလို တန်းတူညီမျှ ပြီးမှသာလျှင် ကျနော်တို့ လိုချင်တဲ့ ငြိမ်းချမ်းရေးကို ရမှာ ဖြစ်ပါတယ်။  ထပ်ပြီးတော့ နောက်တခု ပြောချင်တာက အဲလို တယောက်နဲ့ တယောက် ညှိနိုင်းဆွေး နွေးတဲ့ အခါလည်း ဒီလိုဖြစ်မှ ဒီလိုလုပ်မယ်ဆိုတာမျိုးထက် ဟိုဘက် ဒီဘက်ကို ညှိနိုင်းပြီးတော့၊ စဉ်းစား ဝေဖန် သုံးသပ်ပြီးတော့ ဆွေးနွေးကြရင် ငြိမ်းချမ်းရေးဆိုတာ ရလာနိုင်စရာ အကြောင်း ရှိပါတယ်။

အဲလို မဟုတ်ဘဲနဲ့ တောင်းဆိုမှုတွေများပြီးတော့ ဟိုဘက်က ငါ ဒီလိုဖြစ်မှ ငါတို့က စကားပြောမယ်။ ဒီလိုဖြစ်နိုင်မှ ဆွေးနွေးမယ်။ အဲဒီလို မာနတွေ ထောင်နေကြမယ် ဆိုရင် ငြိမ်းချမ်းရေးဟာ ကြာနေဦးမှာပဲ။ ကြာနေတဲ့အတွက် ကျနော်တို့ ပြည်သူတွေ ဒုက္ခရောက် နိုင်ပါတယ်။ အဲဒါကြောင့် ကျနော်ပြောလိုတာက ပြည်သူတွေကို အဓိက မျက်နှာမူထားရမှာ ဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးကို မဖြစ်မနေ ဆောင်ရွက်ဖို့ လိုပါတယ်။ အဲဒါကြောင့်  ကျနော်က သက်ဆိုင်လူများ အားလုံး ငြိမ်းချမ်းရေးအတွက် အတ္တ ၊ မာနတွေကို လျော့ပြီးတော့ ဆောင်ရွက်ကြပါ ဆွေးနွေးကြပါလို့ ပြောချင်ပါတယ်။

ဆက်စပ်ဖတ်ရှုရန် – ရခိုင် တိုက်ပွဲတွေကြားက မြေစာပင်များ

သွေးထွက်များလာနေသော ရခိုင်စစ်ပွဲ

အင်တာနက်ဖြတ်ခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်သည်

Did you find apk for android? You can find new Free Android Games and apps.
Loading