နေပြည်တော် Wisdom Hill မူကြိုကျောင်းမှာ တက်ရောက်နေတဲ့ ကလေးငယ်တဦးကို အဓမ္မ ပြုကျင့်မှုနဲ့ တရား ရုံးက ပြန်လည်လွတ်ပေးခဲ့သူ သံသယ တရားခံ အောင်ကြီးကို ရဲတပ်ဖွဲ့ကတော့ နောက်တကြိမ်ဖမ်းဆီးပြီး မုဒိမ်းမှု ပုဒ်မ ၃၇၆ နဲ့ အမှုဖွင့် တရားစွဲထားပါတယ်။
ဒီအမှုနဲ့ပတ်သက်လို့ ပြည်သူလူထု ဘက်ကလည်း ရဲတပ်ဖွဲ့ ရဲ့ ဆောင်ရွက်လုပ်ကိုင်ပုံတွေအပေါ် ဝေဖန်ပြော ဆိုမှု တွေ ပြုလုပ်ခဲ့ကြသလို စစ်မှန်တဲ့ တရားခံ ဖမ်းဆီးနိုင်ဖို့ ဆန္ဒထုတ်ဖော် တောင်းဆိုတာတွေလည်း ရန်ကုန်၊ မန္တလေးအပါအဝင် မြို့အချို့မှာ ပြုလုပ်ခဲ့ကြပါတယ်။
လတ်တလော အခြေအနေတွေမှာ ရဲတပ်ဖွဲ့ရဲ့ အမှုကိုင်တွယ် တရားရုံးတင်မှုတွေ၊ ဝေဖန်သူတွေအပေါ် တရားစွဲ မှုတွေ၊ အားနည်းချက်တွေအပေါ် ဥပဒေပိုင်းဆိုင်ရာ သုံးသပ်မှုအနေနဲ့ ဥပဒေရေးရာ ကျွမ်းကျင်သူ တဦး ဖြစ်သလို ထောင်မှူးကြီးဟောင်းဖြစ်တဲ့ ဦးခင်မောင်မြင့်ကို ဧရာဝတီသတင်းဌာန သတင်းထောက် ထွန်းထွန်းက တွေ့ဆုံ မေးမြန်း ထားပါတယ်။
မေး ။ ။ နေပြည်တော်က ကလေးငယ် ဗစ်တိုးရီယား ကိစ္စမှာ ဝေဖန်ချက်တွေ၊ ပြောဆိုချက်တွေ အမျိုးမျိုး ဖြစ်နေတဲ့အပေါ် ဥပဒေသမား တယောက် အနေနဲ့ အန်ကယ် ဘယ်လို မြင်မိပါသလဲ။
ဖြေ ။ ။ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး၊ တရားဥပဒေစိုးမိုးမှု သမိုင်းမှာ အံ့သြစရာကောင်းတဲ့ အမှုတမှုဖြစ်တာပေါ့၊ အမှုတမှု အပေါ်မှာ အခြေခံပြီးတော့ ပြည်သူတွေ လိုက်ပါပြီး ဆန္ဒထုတ်ဖော်နေကြတာက အချက် ၃ ချက်ကို ပြောပြနေတယ်လို့ မြင်မိပါတယ်။ အမှုကိုင်တွယ်ပုံ၊ စစ်ဆေးပုံတွေကို ပြည်သူလူထု ဘဝင် မကျဘူး။ ဒီအတွက် ဖြောင့်မတ်မှန်ကန်တဲ့ တရားစီရင်ရေးဖြစ်ဖို့ တောင်းဆိုကြတယ်၊ ဒါက တခြားအမှုတွေမှာ မတွေ့ ဖူးသေးဘူး။
ဒီမှာ ထူးခြားချက် ၁ ခုရှိတယ်။ ရဲတပ်ဖွဲ့က ကိုင်တွယ်ဆောင်ရွက်ပုံကို တခြားအမှုတွေမှာ ဒီလို ဝေဖန်ကြတာ မတွေ့ဖူးသေးဘူး။ ဒီအမှုမှာတော့ ရဲတပ်ဖွဲ့ကိုရော၊ အမှုစွဲတင်ရာမှာ ကြီးကြပ်ကွပ်ကဲရတဲ့ ဥပဒေရုံး အဆင့်ဆင့်ကိုရော၊ တရားရုံးက လက်ခံစစ်ဆေးတဲ့အပေါ်မှာ ပြည်သူတွေရော၊ ဥပဒေပညာရှင်တွေရော ဝေဖန် ကြတယ်၊ နှစ်သက်မှုမရှိဘူး။
တရားဥပဒေစိုးမိုးရေးနဲ့ပတ်သက်ရင် လူထုဆန္ဒနဲ့ တကယ်ဖြစ်ပျက်နေတာနဲ့ တော်တော် ကွာဟနေတာ သွားတွေ့ရတယ်။ နောက်တခုက နိုင်ငံရေးအဖွဲ့အစည်းတခု ပါတီတခုကို ဝေဖန် နေကြတာ မဟုတ်ဘူး။
တရားဥပဒေ စိုးမိုးရေး အတွက် ပြည်သူ့လုံခြုံရေး အတွက် တောင်းဆိုမှုတွေ ပြင်းထန် လာတာကို ပြည်ထောင်စု အစိုးရရော၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေရော သတိထားမိဖို့လိုတယ်။ အထူးခြားဆုံး အချက်က တရားဥပဒေ စိုးမိုးရေးအတွက်၊ ဘဝလုံခြုံရေးအတွက် လိုလိုလားလား တောင်းဆိုနေကြတာ ဖြစ်တယ်။ ဒါကို တရားဥပဒေ စိုးမိုးရေး အဖွဲ့အစည်းတွေရော၊ ပြည်ထောင်စုအစိုးရရောက လေးလေးနက်နက် အာရုံစိုက်ဖို့ လိုပါတယ်။
မေး ။ ။ ဒီအမှုမှာ သတင်းတွေ ဆက်စပ်မှုတွေ ဖော်ပြနေတဲ့ လူတွေကို ရဲတပ်ဖွဲ့ ဂုဏ်သိက္ခာ ညှိုးနွမ်းအောင် လုပ်တယ်ဆိုပြီး တရားစွဲနေတဲ့ အပေါ်မှာရော ဘယ်လိုသုံးသပ်ချင်ပါသလဲ။
ဖြေ ။ ။ တရားစွဲခံရသူတွေရဲ့ ရေးသားမှုတွေကို စဉ်ဆက်မပြတ် ဖတ်တာတော့မရှိဘူး၊ ဘာကြောင့် စွဲသလဲ ရှင်းလင်းစွာ မသိသေးတဲ့ အတွက်လည်း မှတ်ချက်ပေးဖို့ ခက်ပါတယ်။ ခြုံငုံပြောရမယ် ဆိုရင်တော့ ဥပဒေ သမား တယောက်အနေနဲ့ တရားစွဲတာကို နှစ်သက်မှုမရှိဘူး၊ အရေးယူမှုက နည်းနည်းပြင်းထန်တယ်လို့ ထင်တယ်။
ပြည်သူလူထုက စိတ်ဝင်စားမှု မြှင့်တက်ပြီး အမှုစွဲဆိုပုံတွေ၊ ကိုင်တွယ်ပုံတွေအပေါ် ဝေဖန်မှု မြှင့်တက်နေတဲ့အ ပေါ် သိပ်အကဲဆတ်လွန်းရင် ပြည်သူရဲ့ ယုံကြည်ကိုးစားမှုက ရဲတပ်ဖွဲ့ရော၊ ပြည်ထဲရေးရော၊ အစိုးရရော အပေါ် ပိုပြီး ကျဆင်းသွားနိုင်စရာ အကြောင်းရှိတယ်။ နောက်နောင်မှာ ဒါမျိုးမလုပ်ဖို့ ခေါ်ယူသတိပေးတာမျိုး၊ ဝန်ခံ ကတိ ထိုးခိုင်းတာမျိုးဆိုတဲ့ အဆင့်လေးတွေ ကြားမှာခံပြီး ဆောင်ရွက်မယ်ဆိုရင် ပိုသင့်တော်ပါတယ်။
မေး ။ ။ ဒီလို လုပ်ရပ်က အမှုကို စိတ်ဝင်တစားနဲ့ စောင့်ကြည့် လေ့လာနေတဲ့သူတွေကို ခြိမ်းခြောက်တဲ့ သဘောသက်ရောက်နေပါသလား။
ဖြေ ။ ။ နှစ်ဖက်တော့ ကြည့်ပြောရမှာပေါ့။ တိကျခိုင်မာမှုမရှိတဲ့ သတင်းတွေ ပျံ့နှံ့သွားရင် မှုခင်းတွေ ကိုင်တွယ် ဖြေရှင်းတဲ့နေရာမှာ ရှုပ်ထွေးမှုတွေ ဖြစ်နိုင်တယ်။ ပြည်သူရဲ့ အမြင်တိမ်းစောင်းမှုတွေ ရှိနိုင်တဲ့အတွက် သူတို့ ဘက်က တုန့်ပြန်ဆောင်ရွက်တာ ရှိတာပေါ့၊ ဒါပေမယ့် တုန့်ပြန်ဆောင်ရွက်တဲ့နေရာမှာ ထိန်းထိန်းသိမ်းသိမ်းနဲ့ အဆင့်တွေနဲ့ ဆောင်ရွက်ရင်တော့ ဖြစ်သင့်တဲ့ အနေအထားပါ။
တခါတလေ ခံစားချက်ကို မထိန်းနိုင်ဘဲ ရေး လိုက်မိတာက “ရဲတပ်ဖွဲ့ကြီးကို ဂုဏ်သိက္ခာ ထိခိုက်ပါစေ”ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရေးတာ မဟုတ်ဘူးဆိုရင် သတိပေးတာ၊ ခံဝန်ထိုးခိုင်းတာလောက်ပဲ ဖြစ်သင့်ပါတယ်။ ဒါက သတိပေးရာရောက်သလို နောက်ထပ် ပြဿနာတွေလည်း မဖြစ်ပေါ်နိုင်တော့ဘူး။
အခုအတိုင်း ပေါ်လာသမျှ တယောက်ချင်းကို ရနိုင်သမျှ ဥပဒေတွေနဲ့ စွဲမယ် ဆိုရင် ပြည်သူတွေရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးထားတဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ကိုလည်း ထိခိုက်လာလိမ့်မယ်။ တရားဥပဒေစိုးမိုးရေး အတွက် ပြည်သူတွေရဲ့ ပါဝင်ဆောင်ရွက်ခွင့်ကို ဟန့်တား သလိုလည်း ဖြစ်သွားလိမ့်မယ်လို့ မြင်ပါတယ်။
မေး ။ ။ ရဲတပ်ဖွဲ့ပိုင်းက ဒီ အမှုအပေါ် ကိုင်တွယ်ပုံကရော ဥပဒေအရ လိုအပ်ချက်တွေရှိနေတယ်လို့ မြင်မိသလား။
ဖြေ ။ ။ အမှုနဲ့ ပတ်သက်ပြီး သိသင့်သိထိုက်တဲ့အချက်တွေက အမှုရုံးတင်လိုက်ပြီးမှ ပေါ်လာတာ၊ ကိုအောင် ကြီးကို အမှုစွဲတင်လိုက်တဲ့ နေရာမှာ ရဲလုပ်ငန်းတွေ ပြည့်စုံလုံလောက်စွာ ဆောင်ရွက်ပြီးမှ တင်လိုက်တာ ဟုတ်ရဲ့လား၊ ပြည်သူရဲ့ ဖိအား၊ အစိုးရအဖွဲ့ရဲ့က ဖိအားတွေကြောင့် ဒီအချိန်မှာတော့ ဒါတွေကို ဖြေလျော့နိုင်ဖို့အ တွက် တင်လိုက်တာလား ဆိုတာ သံသယတော့ရှိတယ်။
ကိုအောင်ကြီးကို သံသယနဲ့ စွဲမယ်ဆိုရင် စဉ်းစားချင့် ချိန်ရမယ့် ဥပဒေပိုင်းဆိုင်ရာ ပြသနာတခု ရှိတယ်။ မှုခင်း ဆိုင်ရာ ဆရာဝန်ကြီးရဲ့ ဆေးစာပေါ့။
ကလေးမှာရတဲ့ ဒဏ်ရာကို စစ်ဆေးချိန်မှာ ဒီဒဏ်ရာတွေက ဘယ်အချိန်မှာ ရခဲ့တဲ့ ဒဏ်ရာလဲ၊ လွန်ခဲ့တဲ့ ၅ နာရီကလား၊ လွန်ခဲ့ တဲ့ တရက်ကလား၊ ဘယ်အချိန်မှာ ရခဲ့တဲ့ ဒဏ်ရာလည်း ဆိုတာ ဖော်ထုတ်နိုင်ရင် တရားခံက ကိုအောင်ကြီး ဖြစ်နိုင်၊ မဖြစ်နိုင် တော်တော်များများ ချင့်ချိန်နိုင်တဲ့ အနေအထားရှိပါတယ်။
ဒီအချက်တွေ မှုခင်းဆရာဝန်ရဲ့ ဆေးစစ်ချက်မှာ မပါဘူးလား၊ ဒဏ်ရာကို စစ်ဆေးလိုက်ရင် တကယ်ပဲ ပုဒ်မ ၃၇၆ မြောက်တာလား၊ ဒါမှမဟုတ် မိန်းမရဲ့ ကာအိန္ဒြေကို ဖျက်စီးတဲ့ ပုဒ်မ ၃၅၄ ပဲမြောက်တာလား။ ဒါလေးတွေ ပေါ်တာပေါ့။
ဒုရဲချုပ်ကလည်း ရှင်းလင်းတဲ့အခါမှာ လက်နဲ့ပဲ လုပ်သွားတဲ့ပုံစံ ပြောဆိုသွားတယ်၊ ဒါဆို ဘာလို့ ပုဒ်မ ၃၇၆ နဲ့စွဲ တာလဲ၊ ဒီလိုစွဲတဲ့အတွက် ကလေးရဲ့ အနာဂတ်က တော်တော်ဆိုးဝါးစွာ ထိခိုက်တာပေါ့၊ အဲဒီလိုပဲ အစွဲခံရသူ ဘက်မှာလည်း သူရော၊ မိသားစုရော ဂုဏ်သိက္ခာက ကျဆင်းသွားပြီ။
မစွဲခင်မှာ ဒဏ်ရာအခြေအနေက ၃၇၆ ကျူးလွန်ထားကြောင်း ခိုင်မာတဲ့အကြောင်းအရာတွေ မပါဘူးလား။ ဒါတွေကို ကျကျနန စိစစ်ဝေဖန်ပိုင်းခြားပြီးမှ လုပ်ရမှာပေါ့။ တရားခံ ဖော်ထုတ်တာက တပိုင်း၊ ဘာပြစ်မှု မြောက်လဲ ဆိုတာက တပိုင်း။
ဒဏ်ရာပေါ်မှာ ဆေး ဘက်ဆိုင်ရာ ဆရာဝန်ကြီးရဲ့ စုံလင်တဲ့ ဆေးမှတ်ချက်နဲ့ ဘာပုဒ်မဆိုတာ တပ်လို့ရပါတယ်။ ဒီအမှုက မူလက တည်းက မှန်မှန်ကန်ကန် စွဲချက်တင်ခဲ့ရင်၊ တိုင်ချက်မှာကတည်းက မှန်မှန်ကန်ကန် လုပ်ခဲ့ရင် အမှုက ဒီ လောက်အထိ ကြီးထွားသွားလိမ့်မယ်လို့ ကျနော်မထင်ဘူး။
ခြုံငုံပြောရင် အမှုတည်ဆောက်တဲ့အပိုင်းမှာ ရဲလုပ်ငန်းတွေကို ပြည့်ပြည့်ဝဝ ခိုင်ခိုင်မာမာ လုပ်ခဲ့သလား၊ လုပ်ခဲ့ တယ်ဆိုရင် ဘာကြောင့် အချက်အလက်တွေက အခုမှ လာပေါ်ပေါက်တာလဲ၊ လူထုကို မီဒီယာကနေ ချပြ နေတဲ့ ဆရာမ နှင်းနုတို့၊ ကျောင်းဘက်က တာဝန်ရှိသူတွေရဲ့ ပြောဆိုချက်တွေက ရဲမှာ ထွက်ဆိုခဲ့တာတွေနဲ့ ညီညွတ်ရဲ့လား။
မညီညွတ်ပဲ လွဲမှားနေတယ်ဆိုရင် ရဲတပ်ဖွဲ့က ဘာကြောင့် တုန့်ပြန် အရေးမယူတာလဲ။ ထွက်ပေါ်လာတဲ့ CCTV မှတ်တမ်းအရ ဆိုရင်လည်း သံသယ တရားခံအဖြစ် စွဲဆိုခံရတဲ့ ကိုအောင်ကြီးဟာ ဖြစ်တန်ရာ အခြေအနေ တော်တော်နည်းပါးနေတယ်။
တကယ်တမ်း အမှုကြီးတခုလုံး စစ်ဆေးပြီးတဲ့အခါ ကိုအောင်ကြီးက မသက်ဆိုင်ဘဲ လွတ်သွားပြီဆိုရင် တရားခံ အစစ်တွေကို တရားရုံး စွဲမတင်နိုင်ဘဲ တိမ်းရှောင် ခွင့်ရသွားပြီး ပြစ်မှုက လွတ်မြောက်ခွင့်ရသွားမှာကိုပဲ စိုးရိမ်ပါ တယ်။
ပြည်သူတွေ လိုချင်တာက ကိုအောင်ကြီး ထောင်ကျပါစေ၊ ဘယ်သူကျပါစေဆိုတာ မရှိဘူး။ စစ်မှန်တဲ့ တရားခံ ပေါ်ပေါက်ဖို့ မှုခင်းဖြစ်ရပ်အမှန် ပေါ်ဖို့၊ ထိရောက်တဲ့ ပြစ်ဒဏ်ပေးနိုင်ဖို့ ဆိုတာကို အယူလွဲပြီး ဝေဖန် ပြောဆို နေကြတာတွေကို ရဲတပ်ဖွ့ဲကို တိုက်ခိုက် နေပါတယ်ဆိုပြီး လွဲမှားယူဆလိုက်ရင် ပြည်သူလူထုရဲ့ တကယ့်ဆန္ဒနဲ့ လွဲသွားနိုင်တယ်၊ မှုခင်းအပေါ် ကိုင်တွယ်ပုံ လွဲသွားနိုင်တယ်။
မေး ။ ။ ရဲလုပ်ငန်းရဲ့ ဘယ်အပိုင်းတွေကို သံသယရှိတာလို့ သုံးသပ်လို့ရမလဲဗျ။
ဖြေ ။ ။ ခုနက ပြောသလို CCTV မှတ်တမ်းကို မီဒီယာက ဖော်ထုတ်နိုင်ရင် တနိုင်ငံလုံးအတွက် တရားဥပဒေ စိုးမိုးရေး လုပ်တဲ့သူတွေက ဘာလို့မဖော်ထုတ်ခဲ့တာလဲ။ ဆေးဖက်ဆိုင်ရာ အဓိကကျတာ ပုဒ်မ ၃၇၆ မှာ နှစ် ချက်ရှိတယ်။ ဒီပုဒ်မအရ ယောကျ်ားရဲ့ အင်္ဂါဇတ်က မိန်းမရဲ့ အင်္ဂါဇတ်ကို သွင်းဝင်မိမှ မုဒိမ်းမှုမြောက်တယ်ပေါ့၊ သုတ်ထွက်သည်ဖြစ်စေ၊ မထွက်သည်ဖြစ်စေ အင်္ဂါဇတ်ဝင်သွားမှ ဖြစ်တယ်ပေါ့။
ဒီအမှုမှာ ဒုရဲချုပ် ရှင်းသလို လက်နဲ့ပဲဆိုရင် ဥပဒေအရ ဘယ်လိုမှ မုဒိမ်းမှုမမြောက်ဘူး။ ဒါကို ရှင်းရှင်း လင်းလင်း ဖော်ထုတ်ခဲ့ရဲ့လား။ နောက်တခုက မှုခင်းကျူးလွန်တဲ့အချိန်ပေါ့။ အဲဒီအချိန်ကို ဖော်ထုတ်နိုင်မှ သံသယတရားခံဟာ ဖြစ်နိုင်၊ မဖြစ်နိုင် ချင့်ချိန်လို့ရမှာ။
အခု ကိုအောင်ကြီးက ကျောင်းမှာရှိနေတဲ့ အချိန်ကာလနဲ့ ဒဏ်ရာကို ဆေးဘက် ဆိုင်ရာ ဆရာဝန်ကြီးက စစ်ဆေးတဲ့အချိန်မှာ ဘယ်အချိန်မှာ ဖြစ်တာလဲ တိတိကျကျ ဖော်ထုတ်နိုင်ရင် ဒီလူဟာ အမှုကျူးလွန်၊
မကျူးလွန် အတိအကျ ဖော်ထုတ်နိုင်လောက်တယ်။ ဒါကို ဖော်ထုတ်ခဲ့ရဲ့လား။ ဒီလောက် ကြီးမားတဲ့ ဒဏ်ရာ ရထား တဲ့ ကလေးတယောက်က ကျန်တဲ့ဆရာမတွေ၊ ကလေးတွေမသိဘဲ၊ ငိုယိုတာမျိုး မဖြစ်ဘဲ ဘာကြောင့် အေးအေးဆေးဆေးလေး အိမ်ကိုပြန်သွားနိုင်တာလဲ။
ဒဏ်ရာနဲ့ပတ်သက်လို့ ကျောင်းမှာ တင် ချက်ချင်းအရေးယူ ဆောင်ရွက်မှုတွေဖြစ်ရမှာ။ ဒါတွေကို ရဲက တိတိကျကျ လုပ်ခဲ့ရဲ့လားဆိုတာ မေးချင်တာ ပေါ့နော်။
မေး ။ ။ အမှုနဲ့ ပတ်သက်ပြီး ဆက်စပ်တဲ့သူတွေရဲ့ အင်တာဗျူး ဖြေကြားချက်တွေနဲ့ ဒုရဲချုပ်ရဲ့ ရှင်းလင်းဖြေ ကြားချက်တွေ ကြားမှာ ဘာတွေကွာခြားမှုရှိတယ် ထင်ပါသလဲ။
ဖြေ ။ ။ ဒုရဲချုပ် ရှင်းတာကတော့ အသေးစိတ်မကျဘူး၊ စွဲဆိုနိုင်မယ့် အချက်လေးတွေကိုပဲ ပြောပြတဲ့သဘော ပေါ့။ သတင်းအချက်အလက်ပေးသလောက်ပါပဲ။ သက်ဆိုင်တဲ့သူတွေ ပြောတာကျတော့ ပိုပြီးတော့ တရားရုံး က လက်ခံရမှာပေါ့။
အခုကျမှ ကျောင်းနဲ့သက်ဆိုင်တဲ့သူတွေက မီဒီယာကနေ ဘာကြောင့် ပြောဆိုလာကြ တာလဲ၊ အခုပြောသလို ရဲထံမှာ ပြောဆိုခဲ့ကြလား။ ရဲဆီမှာလည်း အခုအတိုင်းပဲ ပြောခဲ့တယ်ဆိုရင် အမှုလမ်း ကြောင်းကြီးက ဘာလ့ို ပြောင်းသွားသလဲ။ ဒီအတိုင်းမပြောခဲ့ဘူးဆိုရင် ဘာကြောင့်မပြောခဲ့တာလဲ။ စိစစ်မှု အားပျော့လို့လား။
တရားခွင်မှာကျရင်ရော ဘယ်လိုတွေပြောမှာလဲ။ စောင့်ကြည့်ကြရမှာပါ။ စိတ်ဝင်စားဖို့လည်း ကောင်းပါတယ်။
မေး ။ ။ အမှုတည်ဆောက် ကိုင်တွယ်တဲ့နေရာမှာ ဟာကွက်တွေ၊ လိုအပ်ချက်တွေ သုံးသပ်မိတာရှိသလား။
ဖြေ ။ ။ တပိုင်းစီ ခွဲပြောရမှာပေါ့။ ပြစ်မှုက ဘာပြစ်မှုလဲ တိကျအောင် အရင်လုပ်ရမယ်။ အခု ဒုရဲချုပ် ပြောတာ နဲ့ စွဲထားတဲ့ ပုဒ်မနဲ့က လွဲနေတယ်။ လက်နဲ့ပဲ လိင်အကြမ်းဖက်မှု ကျူးလွန်တယ်ဆိုရင် ဘာလို့ ၃၇၆ နဲ့စွဲတာလဲ။ ရဲဘက်ကတော့ အမှုစွဲတင်ရာမှာ ပုဒ်မတွေ ကြွင်းကျန် မနေရအောင် ပုဒ်မတွေကို တင်ရတယ်။
ဒါကို စိစစ်ရမှာ က ဥပဒေရုံးတွေရဲ့ တာဝန်။ ဒီအပိုင်းမှာ ဥပဒေရုံးအဆင့်ဆင့်ရဲ့ လုပ်ကိုင်ဆောင်ရွက်ပုံတွေက တော်တော်လေး ပေါ့လျော့နေတယ်လို့ မြင်တယ်။ ဘာကြောင့်လည်းဆိုတော့ ကိုအောင်ကြီးကို တရားရုံး ဆင်ခြင်မှုအရ ပြစ်မှု ကျူးလွန်ကြောင်း အထောက်အထားတွေ မခိုင်မာလို့၊ နောက်တခုက အမှုမှာ သင်္ကာ မကင်းဖွယ်ရာ အချက်တွေ မတွေ့လို့ လွှတ်လိုက်တာ။
ဒီလို လွှတ်ပေးပြီးနောက်မှ ခိုင်မာတဲ့အထောက်အထားတွေ ရလာပြီဆိုရင်လည်း ဥပဒေရုံးကပဲ ပြန်စိစစ်ရမှာ။ နဂိုကတည်းက သက်သေတွေမပြည့်စုံသေးဘူး၊ သံသယတော့ ရှိနေသေးတယ် ဆိုရင် ချုပ်ရမန်နဲ့ ထပ်ပြီး သက်သေတွေ ရှာဖွေလို့ရတာပဲ။ အခုကျတော့ ခိုင်လုံတဲ့ အထောက်အထား မရှိဘူး ဆိုပြီး လွတ်ပေးပြီးမှ ပြန်ဖမ်းပြီးတော့ ပြန်မစစ်ဘဲ ဒီအတိုင်းတရားရုံးတင်မယ်ဆိုတာကို ချက်ချင်းကြီး မစိစစ်ဘဲ လက်မှတ်ထိုးပြီး တရားစွဲတင်ပေးလိုက်တာလား။
ရှေ့နေချုပ်ဥပဒေ ပုဒ်မ ၃၆ အရ ဥပဒေရုံးကပဲ တရားစွဲ တင်ရတာ။ ဒါကို မလုပ်ခဲ့ကြဘူးလား။ ဘာကြောင့် ပေါ့ပေါ့လျော့လျော့ ကိုင်တွယ်ခဲ့ကြတာလဲ။ ဥပဒေရုံးတွေရဲ့ အားနည်းချက်ရှိနေတယ်။
မေး ။ ။ အခု စွပ်စွဲရုံးတင်ခံရသူက တကယ့်တရားခံ အစစ်အမှန် ဟုတ်၊ မဟုတ် တရားရုံးမှာ အဖြေပေါ်မယ်လို့ ယုံကြည်ထားပါလား။
ဖြေ ။ ။ ပေါ်တာပေါ့၊ ရှေ့နေရှေ့ရပ် ပညာမှာ ဘယ်လောက်ပဲ ဖုံးထားထား တရားခွင်မှာ ရှိလာတဲ့ လူသက် သေ တွေ၊ အထောက်အထား သက်သေတွေကို အမှန်နဲ့ အနီးစပ်ဆုံးဖြစ်အောင် ဖော်ထုတ်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ နောက်တခုကတော့ မေးခွန်းတည်ဆောက်ပြီးတော့ မေးမြန်းဖော်ထုတ်ရတယ်။ မစစ်ခင်မှာကို ပေါ် ပေါက်လာတဲ့ အခြေအနေတွေအရ ကိုအောင်ကြီးဟာ ပြစ်မှုကို ကျူးလွန်တယ်လို့ကို ပြည်သူတွေက တထစ်ချ မယုံကြည်ကြဘူး။
ဒီအမှုမှာ ကိုအောင်ကြီးသည် တကယ်မကျူးလွန်ဘူးလို့ ဖော်ထုတ်နိုင်ရင် တကယ့်တရားခံ အစစ်ကို ဖော်ထုတ် ဖို့ ရဲတပ်ဖွဲ့ တာဝန် ဖြစ်သွားပါပြီ။ တကယ့် တရားခံကို ဖော်ထုတ်ပြီး ထိထိရောက်ရောက် အရေးယူနိုင်မှ သက်ငယ်မုဒိမ်း ကျူးလွန်မှုတွေကို တားဆီးနိုင်တဲ့ အခြေအနေ ရောက်လာမှာပါ။ တကယ့်တရားခံ အစစ်ကို လွတ်သွားခဲ့ရင် ကြီးမားတဲ့ တရားစီရင်ရေး တိမ်းစောင်းမှုပါပဲ။
မေး ။ ။ ဒီအမှုက စစ်မှန်တဲ့ အဖြေတခု မပေါ်ဘူးဆိုရင် နောက်ဆက်တွဲ ဘာတွေဖြစ်လာနိုင်မလဲ။
ဖြေ ။ ။ အခုရင်ဆိုင်ကြုံတွေ့နေရတဲ့ သက်ငယ်မုဒိမ်းမှုတွေက အင်မတန်မြှင့်တက်နေပြီ။ ဒီအမှုဖြစ်နေတုန်းမှာ ကိုပဲ နောက်ထပ်အမှုတွေပေါ်လာတယ်၊ ဒီအမှုရဲ့ ဂယက်ရိုက်မှုကြောင့် ဟိုတုန်းက လူမသိ သူမသိနဲ့ ရဲစခန်း တွေမှာ တိမ်မြုပ်နေတဲ့ မုဒိမ်းမှုတွေလည်း ပြန်ပေါ်လာတယ်။
ဘာဖြစ်လာလဲဆိုတော့ မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေဟာ သက်ငယ်မုဒိမ်းနဲ့ ပတ်သက်ရင် တကယ့်ကို စိုးရိမ်ထိတ်လန့်ဖွယ်ရာ ဖြစ်ပြီးတော့ အစိုးရ အနေနဲ့ရော၊ ရဲတပ်ဖွဲ့အနေနဲ့ရော ဒါကို သီးသန့်အဖွဲ့အစည်း တခု ဖွဲ့စည်းပြီးတော့ ထိထိရောက်ရောက် နှိမ်နင်း ရမယ့် အနေအထား ဖြစ်နေတဲ့အတွက် ဒီအမှုမှာများ ပေါ်ပေါက်အောင် မလုပ်နိုင်ခဲ့ဘူးဆိုရင် ရှေ့လာမယ့် သက်ငယ် မုဒိမ်းမှု တွေကို ဖော်ထုတ်ပြီး ထိရောက်တဲ့ ပြစ်ဒဏ်တွေပေးဖို့ အရေးမှာ ပြည်သူရဲ့ ပူးပေါင်းပါဝင်မှု ကျဆင်း သွားလိမ့်မယ်။
ဒီအမှုမှာသာ ကိုင်တွယ်မှု နည်းလမ်းမမှန်ခဲ့ဘူး၊ လူထုက မယုံကြည်ဘူးဆိုရင် တရားစီရင်ရေးစနစ်အပေါ်မှာ လူ တွေစိတ်ကုန်သွားလိမ့်မယ်။ နောက်ပိုင်းမှာ မှုခင်းတွေ ဖော်ထုတ်ဖို့အတွက် ပြည်သူလူထုရဲ့ ပူးပေါင်းဆောင် ရွက်မှု ရမှာ မဟုတ်တော့ဘူး။ အဲဒါဆိုရင် ကျနော်တို့က ပိုပြီးတော့ ဆိုးသွားလိမ့်မယ်။
ဒီအမှုမှာ ထောက်ပြ ပြောဆိုနေတဲ့ သူတွေနဲ့ ပူးပေါင်းဆောင်ရွက်ရမယ်၊ သူတို့ရဲ့ သိမှုတွေကို ဆွဲထုတ်နိုင်ရင် အမှန်ဘက်ကို ရောက်လာမယ်။ ၆၆(ဃ)တို့၊ အီလက်ထရောနစ်ဥပဒေတို့နဲ့ အရေးယူနေမယ့်အစား ဒီလူတွေ ဘယ်လောက် သိထားလဲ။ သူတို့ သိထားတာက ဒီမှုခင်းဖော်ထုတ်ရေးအတွက် ဘယ်လောက် အသုံးဝင်မလဲ။
အဲဒါဆိုရင် ပြည်သူတွေက သူတို့သိထားတာကို အချက် တခုချင်းစီ အလိုက် ရဲတပ်ဖွဲ့ကို လာပူးပေါင်းပေး ကြမယ်ဆိုရင် ဒီအမှုဟာ မြန်မြန် ဖော်ထုတ်လို့ရသွားမယ်။ အဲဒီလိုမှမဟုတ်ဘဲ ရေးလိုက်တာနဲ့ ရဲတပ်ဖွဲ့ကြီးကို ဂုဏ်သိက္ခာ ကျဆင်းအောင် လုပ်တယ်ဆိုပြီးတော့ အရေးယူတဲ့ နည်းလမ်းဆိုရင်တော့ အမှုမှန်ပေါ်ပေါက်ရေး ဟာလည်း တဖြေးဖြေးဝေးသွားမယ်။ ပြည်သူနဲ့ ဆက်ဆံရေးဟာလည်း မနွေးထွေးတော့ဘဲနဲ့ ရဲလုပ်ငန်းစနစ်နဲ့ တရားဥပဒေစိုးမိုးရေးစနစ်က အထီးကျန်ဖြစ်သွားလိမ့်မယ်။
မေး။ ။ အမှုအပေါ် ကျောင်းတာဝန်ရှိသူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုအပိုင်းကရော ဘယ်လိုသုံးသပ်မိပါသလဲ။
ဖြေ။ ။ အခုနောက်ပိုင်း ပေါ်ပေါက်ချက်တွေ အရ ကျောင်းတည်ထောင်ပုံ ကနေစပြီး ကလေးတွေလက်ခံတဲ့အထိ ဥပဒေနဲ့အညီ ဆောင်ရွက်ထားတာ မတွေ့ရဘူး။ ဒါက လူမှုဝန်ထမ်းဌာနရဲ့ ထုတ်ပြန်ချက်တွေအရပေါ့။ အဲဒါတွေ အပြင် ၃ နှစ်တောင်မပြည့်သေးတဲ့ ဒီကလေးကို ဒီလိုမှုခင်းကြီး ကျူးလွန်ခဲ့တာကို ကျောင်းကမသိဘူးဆို တာ လက်ခံနိုင်စရာမရှိဘူး။
ဘာကြောင့် သူ့အိမ်ရောက်မှ မိဘတွေက သိပြီး အမှုက ပေါ်ပေါက်လာရတာလဲ။ အမှန်ဆို ဒီအမှုရဲ့ တရားလိုဟာ ကျောင်းကပဲ ဖြစ်ဖို့ကောင်းတယ်။ မိဘရဲ့ အုပ်ထိန်းမှု အင်မတန်လိုအပ်နေသေး တဲ့ ဒီလိုကလေးလေးတွေကို တာဝန်ယူ ထိန်းသိမ်းရတဲ့ ဒီလိုကျောင်းမျိုးက ဒီလောက် မှုခင်းကြီးဖြစ်သွားတာကို ဘာကြောင့်မသိတာလဲ။ သိဖို့စနစ်တွေ ဘာကြောင့်လုပ်မထားတာလဲ။
ကိုအောင်ကြီး ဒီအခန်းထဲမှာ ထိုင်နေတယ်၊ ဘာကြောင့် အဲဒီနေ့ကျမှ ဒီ CCTV က ပျက်နေရတာလဲ။ ဝင်တာ၊ ထွက်တာကို သက်သေဖြစ်နိုင်တဲ့ CCTV ကျတော့ ဘာလို့ကောင်းနေတာလဲ။ မှုခင်း တိမ်းစောင်းသွားတာက မှန်မှန်ကန်ကန် မထွက်ဆိုတာတွေ၊ ရဲနဲ့ ပူးပေါင်းပြီး မဆောင်ရွက်တာတွေကြောင့် ပါတယ်။ အမှုမှာ ကျောင်းက တာဝန်ကိုယူရမယ်၊ ဥပဒေအရပဲ ကြည့်ရင်တောင် ကျောင်းပိုင်းက ပျက်ကွက်မှု အများကြီးရှိတယ်။
မေး ။ ။လက်ရှိအနေအထားမှာ အဂတိကော်မရှင်ကနေ ဝင်ရောက်စစ်ဆေးသင့်တယ်လို့ရော ထင်မြင်မိလား။
ဖြေ ။ ။ အမှုရဲ့ ဖြစ်စဉ်မှာ ကိုအောင်ကြီးကို စွဲဆိုပြီးနောက်မှာ ပေါ်ပေါက်လာတဲ့ အချက်အလက်၊ သတင်းစ ကား တွေ၊ လူထုရဲ့ အဖြစ်မှန်ဖော်ထုတ်ရေး၊ အင်နဲ့အားနဲ့ တောင်းဆိုလာတာမျိုးတွေဟာ အဂတိကော်မရှင်က ဝင်ရောက်စစ်ဆေးဖို့ လိုပြီလို့ ထင်တယ်။
တနိုင်ငံလုံးပူးပေါင်းပါဝင်နေတဲ့ ဖြစ်ရပ်ကြီးဖြစ်တဲ့အတွက် ဒီထက် ကျော်ဇောစရာလည်း မရှိတော့ဘူး။ ဒီ အမှုဟာ ဖြစ်ရိုးဖြစ်စဉ် သမရိုးကျ ဖြစ်ရဲ့လား။ နောက်ကွယ်မှာ တစုံတဦး၊ တစုတဖွဲ့က ငွေကြေးနဲ့ဖြစ်စေ၊ ခြိမ်းခြောက်အကြပ်ကိုင်မှုနဲ့ဖြစ်စေ ပါဝင်နေသလား၊ စေခိုင်းနေသလား ဒါတွေ ကို အဂတိကော်မရှင်မှပဲ တရားဥပဒေအရ ဖော်ထုတ်လို့ရမယ်။ ကျနော်ဆိုလိုတာက ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေ ကို အရေးယူဖို့မဟုတ်ဘူး။
ဒီဖြစ်ရပ်ဟာ မှန်မှန်ကန်ကန် ဖြစ်တယ်၊ မဖြစ်ဘူးဆိုတာ ကော်မရှင်ကနေ ပြည်သူကို ပြောမှ မျှတမှာ။ ရဲတပ်ဖွဲ့ကနေမှ ကျနော်တို့လုပ်ရပ်တွေ မှန်ပါတယ်လို ပြောနေရင် ပြည်သူက အယုံအကြည် ကင်းမှာပဲ။
ကော်မရှင်က စစ်ဆေးပြီးမှ အဂတိကင်းကြောင်း ပေါ်ပေါက်လာရင်လည်း ရဲတပ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာ လည်း တက်လာမှာဖြစ်တယ်။ အခုလို လိပ်ခဲတည်းလည်း ဖြစ်နေမယ်ဆိုရင် ကြာလေကြာလေ ပြည်သူလူထုက ရဲတပ်ဖွဲ့အပေါ် ယုံကြည်မှုက လျော့လျော့လာပြီးတော့ ကောင်းတဲ့ အလားအလာ မဟုတ်ပါဘူး။
You may also like these storeis:
Wisdom Hill အမှု သံသယ တရားခံ၏ မိခင်နှင့် တွေ့ဆုံခြင်း
Wisdom Hill အမူ ဆုံးဖြတ်ချက် ပြည်သူ စိတ်ချမ်းသာစေရမည်ဟု တရားသူကြီးပြော
ဗစ်တိုးရီးယားအတွက် အမှုမှန်ပေါ်ရေး ပူးပေါင်းမည်ဟု Wisdom Hill ကျောင်းကတိပြု