၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်ပြီး ၄၅ ဦးပါ လွှတ်တော် ပူးပေါင်းကော်မတီမှ အစီရင် ခံစာ တစောင်ကို ဇူလိုင် ၁၅ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းဖတ်ကြားခဲ့ပါတယ်။ ယင်း အစီရင်ခံစာအတွင်း ဖွဲ့စည်ပုံအခြေခံဥပဒေ အခန်းအလိုက် ပြင်ဆင်လိုတဲ့ ပုဒ်မတွေကို ကော်မတီမှာ ပါဝင်တဲ့ ပါတီအသီးသီးက လွှတ်တော်ကိုယ်စားလှယ်တွေက ပြင်ဆင်အကြံပြုချက်တွေ ပြုလုပ်ထားတာ တွေ့ရပါတယ်။
အစီရင်ခံစာပါ ပြင်ဆင်ချက်တွေထဲမှာ သမ္မတရဲ့ အာဏာ၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် တွေကို လျော့ချရေး၊ ပုဒ်မ ၅၉(စ) ပြင်ဆင်/ပယ်ဖျက်ရေး၊ ပြည်နယ်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေကို အာဏာပိုမိုခွဲပေးဖို့၊ နိုင်ငံတော်အလံ ပြောင်းလဲဖို့ကိစ္စရပ်တွေလဲ ပါဝင်ပါတယ်။
ယင်းကဲ့သို့ တပ်မတော်အစိုးရလက်ထက် ရေးဆွဲခဲ့တဲ့ အခြေခံဥပဒေအား လွှတ်တော်လမ်းကြောင်းကနေ ပြင်ဆင်ဖို့ အစိုးရဘက်က ကြိုးပမ်းလာတဲ့ အပေါ်မှာ လွှတ်တော် ပူးပေါင်းကော်မတီ အတွင်း ပါဝင်ခွင့်မရှိခဲ့တဲ့ နိုင်ငံရေးပါတီအချို့ရဲ့ သဘောထားအမြင်တွေကို ဧရာဝတီမှ အကြီးတန်း သတင်းထောက် ထွန်းထွန်းမှ မေးမြန်းထားပါတယ်။

ဦးခင်မောင်ဆွေ
(အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ၊ ဥက္ကဋ္ဌ)
အခြေခံဥပဒေရဲ့ ပြင်ဆင်နိုင်ခွင့်ရှိတဲ့ အခန်း ၁၂ အရ မပြင်တာကလွဲလို့ အခြေခံဥပဒေပြင်တာကိုတော့ ကျနော် တို့က မကန့်ကွက်ပါဘူး။ အခြေခံဥပဒေဟာ ဒီမိုကရက်တစ်ဖြစ်ရမယ်၊ ဖက်ဒရယ်အတွက်လဲ ဖြစ်ရမယ်ဆိုတာ ကျနော်တို့ ပါတီရဲ့ မူဝါဒသဘောထားပါ။
ပြင်ပုံပြင်နည်းကတော့ စစ်တပ်နဲ့ရော တခြားပါတီတွေနဲ့ရော သဟဇာတ မဖြစ်တဲ့ လမ်းကြောင်းက သွားတဲ့ အတွက်ကြောင့် ဒီအခြေခံဥပဒေ ပြင်ခြင်းဟာ သက်ရောက်ဖြစ်လာမှာလား။ သက်ရောက်မှုမရှိဘဲနဲ့ ထိပ်တိုက် ရင်ဆိုင်တွေဖြစ်သွားတယ်ဆိုရင်တော့ လုပ်ရကျိုးမနပ်ဘူးပေါ့ဗျာ။
ဘာ အကျိုးရှိသလဲဆိုတော့ ပြင်ဆင်တဲ့အပိုဒ်တွေမှာ ပါတီတွေက သဘောထားပေးထားတာတွေ့ရတယ်။ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတရပ်ကို သွားဖို့ဆိုတဲ့နေရာမှာ တိုင်းရင်းသားပါတီတွေကလည်း လိုလို လားလားရှိတယ် ဆိုတာကို တွေ့နေရတဲ့အခါ နည်းနည်းလေး စိတ်သက်သာရာ ရတာပေါ့ဗျာ။ အစကတော့ ဖက်ဒရယ် ပြည်ထောင်စုကိုတောင် မသွားတော့ဘူး ကွန်ဖက်ဒရေဒရှင်းလောက်ကိုပဲ သွားမယ်လို့ ကြားနေရတာကိုး။
တပ်မတော်ရဲ့ ပါဝင်မှုကို လျော့ချရမယ်ဆိုတာကတော့ ကျနော်တို့လည်း လိုလားတဲ့ကိစ္စပါပဲ။ လျော့ချပုံ နည်းလမ်းဟာ အနာဂတ်အတွက် ကောင်းမွန်တဲ့ ခြေလှမ်းတွေနဲ့ လျော့ချပုံဆိုရင်တော့ တပ်ကလဲ လိုက်နာလိမ့်မယ်လို့ ထင်ပါတယ်။
၅၉(စ) အပါအဝင် အမျိုးဘာသာ ၊ သာသနာနဲ့ ပတ်သက်တဲ့အပိုင်းတွေမှာလဲ လျော့ပေါ့တာတွေ ၊ ညီမျှအောင် လုပ်ပစ်တာတွေမှာတော့ ခံစားရတဲ့သူတွေက ရှိနေတယ်။ ဖွဲ့စည်းပုံပြင်တဲ့ ကိစ္စမှာတော့ သိပ်ပြီးတော့ အစွန်း ရောက်နေတာတွေ မတွေ့ရသေးဘူး။ အစွန်းမရောက်ဘဲ ညီညွတ်ရေး ရှုထောင့်ကနေကြည့်ပြီး ဖက်ဒရယ် ဒီမိုကရက်တစ်နိုင်ငံတော်အတွက် လမ်းခင်းပေးတယ်ဆိုရင်တော့ ကန့်ကွက်စရာတော့မရှိပါဘူး။
ပြင်တဲ့နေရာ မှာ ဘောင်မဝင်ဘဲ တန်းလန်းကြီးဖြစ်နေရင်တော့ မကောင်းဘူးပေါ့။ ကျနော်တို့အနေနဲ့ ဒီကိစ္စဟာ ဆုံးခန်းတိုင် ပါ့မလားလို့ သံသယရှိတယ်၊ ၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်လှုပ်ရှားမှုဆိုတာဆိုတဲ့ ထင်နိုင်စရာတွေလဲ ရှိတယ်။
အစိုးရအနေနဲ့ နိုင်ငံတကာကို မျက်နှာချိုသွေးပြီးတော့ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းတဲ့ အလုပ်မျိုး ဖြစ် သွား မယ်ဆိုရင်တော့ နိုင်ငံမှာ ယူကြုံးမရ နိုင်စရာတွေ ဖြစ်လာနိုင်စရာရှိတယ်လို့ ပြောချင်ပါတယ်။ လူ့အခွင့်အ ရေး ကို ကျနော်တို့လည်း လိုလားပါတယ်။ အမျိုးသား အကျိုးစီးပွားနဲ့ အချုပ်အခြားအာဏာကို ဘယ်တော့မှ အထိ ခံနိုင်တဲ့ လူမျိုးတွေမဟုတ်ပါဘူး။
ခွန်းကလေးမင်း (ကယန်းအမျိုးသားပါတီ၊ အတွင်းရေးမှူး)
ကျနော်တို့ပါတီကတော့ ခံယူချက်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နေမယ့်အစား ဖျက်သိမ်းပြီး တော့ အသစ်ရေးတာကို ပိုပြီးသဘောကျပါတယ်။ အဲ့ဒါကြောင့်လဲ တချို့ ထောက်ခံပွဲတွေမှာ ဝင်ရောက်ပြီး သိပ် မပူးပေါင်းဖြစ်တာပေါ့နော်။
တိုင်းရင်းသားပါတီ တော်တော်များများကလည်း ဒီလိုပဲဖြစ်မယ်လို့ ထင်ပါတယ်။ ပြည်နယ်တွေကို အာဏာ ခွဲပေးဖို့ကိစ္စကိုတော့ ကျနော်တို့ စည်းလုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်(UNA) အဖွဲ့ဝင် SNLD ပါတီကလည်း ပြင်ဆင်ရေးကော်မတီ ထဲမှာ အဆိုပြုတင်ပြထားတယ်။
သူတို့ရဲ့ တင်ပြချက်တွေက ကျနော် သဘောတူတဲ့အချက်တွေပါပဲ၊ ဒါတွေကို လည်း ထောက်ခံပါတယ်။ တပါတီတည်းရဲ့ သဘောထားကတော့ အသစ်ပြန်ရေးဖို့ပါပဲ။
ပြီးခဲ့တဲ့ ရွေးကောက်ပွဲ ကာလမှာ ဖွဲ့စည်းပုံပြင်ဆင်ရေး ကတိခံခဲ့တဲ့ NLD ကိုယ်တိုင်က ၂၀၂၀ မတိုင်ခင်အထိ မ လုပ်နိုင်သေးဘူးဆိုတော့ ကျနော်တို့ ၂၀၂၀ အလွန်ကိုစောင့်ကြည့်ရမှာပါပဲ။ ပြင်မယ်ဆိုတဲ့နေရာမှာ ဘာတွေပြင် မှာလဲ၊ ဘာပုဒ်မတွေ ပြင်မှာလဲဆိုတာ၊ ဘာအကြောင်းအရာတွေလဲဆိုတာ ပြည်သူတွေသိအောင် လုပ်ဖို့လဲ လို အပ်ပါသေးတယ်။

ဒေါ်သန်းသန်းနု
( ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ အတွင်းရေးမှူးချုပ်)
ကျမတို့ကတော့ အခြေခံဥပဒေပြင်တဲ့ဟာကို ကိုယ်မကြိုက်တာ ဒါပြင်၊ ဒါပြင်ဆိုပြီးတော့ မပြောနိုင်ပါဘူး။ ဖွဲ့ စည်းပုံ ဥပဒေဆိုတာက နိုင်ငံတိုင်း ပြင်နေကြတာပါပဲ။ ပြင်တဲ့နေရာမှာတော့ ဥပဒေဘောင်ထဲကပဲ ပြင်သွားကြ တာ။ ပုဂ္ဂိုလ်ရေးတွေ မပါရင် ပိုကောင်းတာပေါ့နော်။
အခုပြင်ဆင်မယ့်နေရာမှာ တချို့ဟာတွေက ပြင်ချင်လို့ကို ဇွတ်ပြင်နေတာလေးတွေ ရှိတယ်။ ဒါနဲ့ပတ်သက်လို့ လည်း ကန့်ကွက်သူက ကန့်ကွက်၊ ထောက်ခံတဲ့သူက ထောက်ခံနဲ့ ဆန္ဒပြတာတွေ ဖြစ်နေကြတယ်။ ဒါတွေကို သေချာညှိနှိုင်းဖို့လိုတယ်။
လွှတ်တော်မှာ ကျတော့လဲ တပါတီ တည်းက အများစုဖြစ်နေတဲ့အခါကျတော့ တသံတည်းထွက်နေတာပေါ့။ ဖြစ်သင့်တာကတော့ ဖွဲ့စည်းပုံကို ပြင်တဲ့ နေရာမှာ အစုအဖွဲ့တွေ အားလုံး အခြေအတင် ဆွေးနွေးပြီးမှ ဘယ်ဟာ ဖြစ်သင့်တယ် မဖြစ်သင့်ဘူး ဆွေးနွေးနိုင်ရင် ပိုကောင်းပါတယ်။ အခုကျတော့ ဒါမျိုးက မတွေ့ရဘူး၊ တပါတီ တည်းက ကြီးစိုးနေတာမျိုး ဖြစ်နေ တာကိုး။ ဖွဲ့စည်းပုံပြင်ဆင်ရေးက အားလုံးအေးအေးချမ်းချမ်းနဲ့ ပြီးသွားရင် ကောင်းပါတယ်။

ဦးစောစေးဝါး
(ကရင်ပြည်သူ့ပါတီ၊ ဒုတိယ ဥက္ကဋ္ဌ)
ပြည်ထောင်စု လွှတ်တော်ရဲ့ ပူးပေါင်းကော်မတီမှာ အတွေ့အကြုံရှိတဲ့လူတွေ ပါဝင်တဲ့အတွက် ဘာမှတော့ ကျန် စရာ အကြောင်းမရှိပါဘူး။ တကယ်ပြင်သင့်တဲ့ အရေးကြီးတာတွေ ပါလာမယ်လို့ မျှော်လင့်ပါတယ်။ ဖယ်ဒရယ် ပြည်ထောင်စုကို ချဉ်းကပ်မယ်ဆိုတော့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်အတွက် အဓိကမဏ္ဍိုင်ထားပြီးတော့ ကြိုးစား မယ်လို့ မျှော်မှန်းပါတယ်။
ဖွဲ့စည်းပုံပြင်တဲ့ကိစ္စဟာ တပ်မတော်ရဲ့ ၂၅ ရာခိုင်နှုန်း ထောက်ခံမှုမရမချင်းက မလွယ်ပါဘူး။ ထောက်ခံမှု လာရင်တောင် ပြည်သူ့ ဆန္ဒခံယူပွဲတွေ လုပ်ရဦးမယ်။ အဆင့်တွေက အများကြီးပါ။ ပထမဆုံးတော့ တပ်မတော် နဲ့ နားလည်မှုယူရဦးမှာပါ၊ မဟုတ်ရင်တော့ အချက်အလက်တွေပဲ ပေါ်လာမယ်၊ ဆွေးနွေးပြောဆိုကြမယ် ဆုံးဖြတ်ချက်တော့ ကျနိုင်မယ်မထင်ဘူးဗျ။
တပ်နဲ့ ညှိနှိုင်းမှုတော့ ရှိဖို့လိုပါတယ်။ ပြင်ဆင်စရာတွေ အများကြီးရှိတော့ အသေးစိတ်တော့ ပြောဖို့ မလွယ် ပါဘူး။ ပါတီအနေနဲ့ ကတော့ ပြည်နယ်တွေကို အာဏာခွဲဝေပေးဖို့ကိစ္စမှာ ဝန်ကြီးချုပ်တွေကို သက်ဆိုင်ရာ ပြည်နယ်လွှတ်တော်တွေကနေပဲ ရွေးချယ်ဖို့ကို လည်း သဘောတူပါတယ်။ အေးအေးချမ်းချမ်းလေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကို ကူးပြောင်ပါစေလို့ပဲ ဆန္ဒပြုပါတယ်။
ဦးဆမ်းဆောင်ကား
(“ဝ” အမျိုးသား စည်းလုံးညီညွတ်ရေးပါတီ၊ ဒုတိယဥက္ကဋ္ဌ-၁)
ဖွဲ့စည်းပုံ ပြင်ဆင်ရေး အစီအရင်ခံစာကို လွှတ်တော်မှာ တင်လာနဲ့ ပတ်သက်ပြီး သဘောတူပါတယ်၊ ပါတီ အနေနဲ့ သီးခြား သဘောထား ပေးဖို့တော့ အစီအစဉ်မရှိသေးဘူး၊ လွှတ်တော်ကနေပြီးတော့ ပြင်သင့်တာ တွေကို ပြင်မယ် ဆိုတာကို သဘောတူပါတယ်။
ဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပဲ ခရီးဆက်မယ်ဆိုရင်တော့ ကျနော်တို့ တိုင်း ပြည်ရဲ့ အခြေအနေက သိပ်တော့လှမှာ မဟုတ်ပါဘူး။
အသေးစိတ်တော့ ပုဒ်မတခုချင်း ပြောဖို့တော့ ခက်ပါ တယ်။ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို သွားမယ်ဆိုရင်တော့ ပြည်နယ်တွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ပေးပြီးတော့မှ ဗဟိုကနေ ပြန်ပြီးထိန်းကျောင်း ချုပ်ကိုင်တာတော့ ရှိမှာပါ၊ ဗရမ်းဗတာကြီး ပေးဖို့တော့ မဟုတ်ပါဘူး။
နောက်ပြီး တပ်မတော်ရဲ့ လွှတ်တော်မှာ ပါဝင်တဲ့ကိစ္စက ရှင်းရှင်းပြောရမယ်ဆိုရင် လွှတ်တော်ထဲမှာ တပ်မ တော်ရှိနေတာ သင့်တော့ မသင့်တော်ပါဘူး။ တပ်မတော်ဆိုတာ တိုင်းပြည်ရဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးမှာပဲ ရှိ နေသင့်တယ်လေ။ လွှတ်တော်ထဲမှာ ရှိနေတဲ့ အခါကျတော့ တခုခုဆုံးဖြတ်တော့မယ်ဆိုရင် ထ ကန့်ကွက်တာနဲ့ ပဲ ကျနော်တို့ ရှေ့ဆက်တိုးက အင်မတန်မှ ခက်ခဲတယ်လေ။
လျော့ချတယ်ဆိုတာထက် မရှိတော့ရင် ပိုကောင်းတာပေါ့။ တုံးတိကြီး ဖြတ်ရင်လဲ သူတို့အနေနဲ့ နည်းနည်းလေး နောက်ကြောင်းမလုံတဲ့ အပိုင်းလေးတွေ ရှိကောင်း ရှိမှာပေါ့။ အဲ့ဒီအတွက် တဖြေးဖြေးနဲ့ လျော့ချမယ့်ဟာကို လည်း သဘောတူပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံက တော်တော်လေး အားနည်းတယ်၊ တပ်ကိုအရမ်း နေရာပေးတယ်။ အခွင့်အရေး အရမ်းပေး တယ်။ တန်းတူတဲ့ အခွင့်အရေးရရှိဖို့ဆိုတဲ့ အပြောနဲ့ ဒီဖွဲ့စည်းပုံနဲ့တော့ မကိုက်ညီဘူးဖြစ်နေတယ်။ ဒီဖွဲ့စည်းပုံကို ပြင်ကိုပြင်ရမယ်၊ မ ပြင်ရင်တော့မဖြစ်ဘူးဗျ။ မပြင်ဘဲနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ရရှိဖို့ဆိုတာ တော်တော်လေးကို အလှမ်းဝေး နေဦးမယ်လို့ မြင်ပါတယ်။
You May Also Like This Story:
ဖွဲ့စည်းပုံ ဥပဒေကို အချက်ပေါင်းများစွာ ပြင်ဆင်လိုခြင်းက အန္တရာယ်ရှိဟု တပ်မတော် ပြော