မြန်မာနိုင်ငံတွင် တရားမဝင်သစ်များကို ဖမ်းဆီးနေသော်လည်း သစ်ခိုးထုတ်မှုမှာ လက်ရှိအချိန်ထိ လျော့ပါးမှု မရှိသေးပါ။ ဖမ်းဆီးရမိရာတွင်လည်း ပိုင်ရှင်မဲ့သစ် ခေါင်းစဉ် ဖြစ်နေသည်က များနေသည်။ သစ်တောကဏ္ဍတွင် သစ်မှောင်ခိုထုတ်မှု၊ သစ်တောစီမံခန့်ခွဲမှုနှင့်တကွ မြန်မာနိုင်ငံအတွင်းရှိ သစ်တောကဏ္ဍအပေါ် မှီခိုနေကြသည့် ဒေသခံ ပြည်သူများအတွက် သေချာစွာ စီမံခန့်ခွဲရန် လိုအပ်နေသည်။
ထိုအကြောင်းအရာများအပေါ် မြန်မာနိုင်ငံ၏ ပထမဦး ဆုံးသော သစ်တောကဏ္ဍနှင့် ပတ်သက်ပြီး EITI အစီရင်ခံစာ ရေးသားရာတွင် ပါဝင်ခဲ့သူလည်းဖြစ်သလို မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များအသင်း၏ ဥက္ကဋ္ဌလည်းဖြစ်သည့် ဒေါက်တာစိန်ဝင်းကို ဧရာဝတီသတင်းထောက် ထက်ခေါင်လင်းက လက်ရှိ သစ်တောကဏ္ဍ အခြေအနေ၊ ပြုပြင်ပြောင်းလဲသင့်သည့် အချက်များကို တွေ့ဆုံမေးမြန်းထားပါသည်။
မေး။ ။ ပြည်တွင်းမှာ သုံးစွဲနေတဲ့ သစ်တွေက ဘယ်နေရာကနေ ထုတ်ယူပြီး ရောင်းချနေသလဲဆိုတာ ရှင်းပြပေးပါဗျ။
ဖြေ။ ။ အစိုးရ ဌာနဖြစ်တဲ့ မြန်မာ့သစ်လုပ်ငန်းအောက်မှာ ပြည်တွင်း ရောင်းဝယ်ရေးနဲ့ သစ်စက်ဌာနဆိုတာ ရှိတယ်။ အရင် တုန်းကတော့ သစ်လုံးတွေကို ခွဲစိတ်ပြီး ပြည်တွင်း ဖွံ့ဖြိုးရေးလုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်းတွေနဲ့ အများပြည်သူသုံးဖို့ အတွက် လိုအပ်တဲ့ သစ်ခွဲသား အရွယ်အစား အမျိုးမျိုး ရောင်းချပေးခဲ့တယ်။ အခုတော့ ၅ နှစ်လောက် ရှိပြီ။ မြန်မာနိုင်ငံရဲ့ သစ်တောတွေ တဖြည်းဖြည်း သစ်ထုတ်တာ လျော့ကျလာတာကြောင့် အဲဒီသစ်စက်တွေက ရပ်လိုက်ရပြီး သစ်စက် ၇ စက်လောက်ပဲ လည်ပတ်နိုင်တော့တယ်။
ပြည်တွင်းသုံးကို ပုဂ္ဂလိက လုပ်ငန်းရှင်တွေဆီ သစ်အလုံးလိုက် အနေနဲ့ ပွင့်လင်း မြင်သာအောင် လေလံပစ်ပြီး လုပ်ငန်းရှင် တွေက တဆင့် ခွဲစိတ် ရောင်းချပေးပါတယ်။ ဒါပေမယ့် ရောင်းချပေးတဲ့ သစ်တန် ပမာဏက နည်းတဲ့အတွက် ဈေးနှုန်း မြင့်မားပြီး ပြည်တွင်းသုံးစွဲသူတွေ အနေနဲ့ ဈေးသက်သာတဲ့ တရားမဝင်သစ်တွေကိုပဲ ဝယ်သုံးနေရတဲ့ အခြေအနေ ရှိပါတယ်။
မေး။ ။ အခု ပုဂ္ဂလိက သစ်စိုက်ခင်းများကနေ ထွက်ရှိလာမယ့် သစ်တွေကို နိုင်ငံခြားကို အလုံးလိုက် တင်ပို့ခွင့် ပြန်ပြီး ခွင့်ပြုပေးတော့မယ်လို့ သိရပါတယ်။ အဲဒီလိုဆိုရင် အခြေအနေက ဘယ်လို ဖြစ်ပေါ်လာနိုင်ပါသလဲ။
ဖြေ။ ။ ပုဂ္ဂလိက သစ်တောစိုက်ခင်းတွေက ထွက်လာမယ့် သစ်တွေကို နိုင်ငံခြားကို အလုံးလိုက် တင်ပို့ခွင့်ပြုခြင်းက ပုဂ္ဂလိက သစ်တောစိုက်ခင်း စိုက်ပျိုးတဲ့ ရင်းနှီးမြုပ်နှံသူတွေကို မက်လုံးပေး ဆွဲဆောင်ကာ ပိုမိုစိုက်ပျိုးလာစေမှာ ဖြစ်ပါတယ်။ ဒါပေမယ့် သစ်အခြေခံ စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့ တန်ဖိုးမြှင့် ထုတ်ကုန် ထုတ်လုပ် တင်ပို့နိုင်ဖို့ အတွက်ကတော့ ပိုပြီး အလှမ်းဝေးစေမှာ ဖြစ်ပါတယ်။ ဒီလို တင်ပို့ခွင့်ပြုတာကို ကြိုဆိုပါတယ်။ ဒါပေမယ့် အစိုးရ သစ်တောဌာနက စိုက်ပျိုးထားပြီး ထုတ်လုပ်တဲ့ အရွယ်ရောက်လို့ ထုတ်လုပ်ထားတဲ့ သစ်လုံးတွေပါ ရောပြီး တင်ပို့ ခွင့်ပြုဖို့ ဆိုတာတော့ တန်ဖိုးမြှင့် ထုတ်ကုန် ထုတ်လုပ် တင်ပို့မယ်ဆိုတဲ့ အဆင့်နဲ့ မူဝါဒ ဆန့်ကျင်နေပါတယ်။
မေး။ ။ တချို့ပညာရှင်တွေက အဲဒီလို တင်ပို့ခွင့် ပြန်ပြုလိုက်မယ်ဆို တရားမဝင် သစ်မှောင်ခိုကဏ္ဍက သစ်တွေနဲ့ရောပြီး တင်ပို့ကြမယ်လို့ သုံးသပ်ကြတယ်။ ဥပမာ သစ်တောထဲမှာ ခုတ်လှဲထားသော တရားမဝင်သစ်များကို တင်ပို့ခွင့်ပါမစ်နဲ့ ရောနှော အသုံးပြုကြမယ်ဆိုပြီး ယူဆကြတဲ့အပေါ် ဘယ်လို ထင်ပါသလဲ။
ဖြေ။ ။ ပုဂ္ဂလိက သစ်တောစိုက်ခင်းတွေက ထွက်ရှိလာမယ့် သစ်တွေ သက်သက်ကို နိုင်ငံခြားကို အလုံးလိုက် တင်ပို့ ခွင့်ပြုမယ် ဆိုတော့ တရားမဝင်သစ်တွေကို ရောနှော တင်ပို့ဖို့က လောလောဆယ်တော့ မဖြစ်နိုင်သေးပါဘူး။ ပုဂ္ဂလိက သစ်တောစိုက်ခင်းတွေကို စိုက်ခွင့်ပြုတာက ၂ဝဝ၆ ခုနှစ်မှဆိုတော့ အခုချိန်မှာ ပင်ကျပ်လုံး(အရွယ်ငယ်သစ်တိုင်) လောက်ပဲ ထွက်ဦးမှာပါ။ ဒါပေမယ့် အစိုးရ သစ်တောဌာနက စိုက်ပျိုးထားတဲ့ ထုတ်လုပ်လို့ရနေပြီဖြစ်တဲ့ အရွယ်ရောက် သစ်တွေကို ရောပြီး တင်ပို့မယ့် အပေါ်တော့ အနည်းငယ် စိုးရိမ်စရာ ရှိတယ်။ သစ်လုံးပေါ်မှာ ရိုက်မှတ်ထားတဲ့ အမှတ်အသား တံဆိပ်တွေကို တင်ပို့ခွင့် စစ်ဆေးတဲ့ဌာနတွေက သေချာစစ်နိုင်မှာ ကာကွယ်နိုင်မှာပါ။
မေး။ ။ တရားမဝင် သစ်ခိုးထုတ်မှုများကို နိုင်ငံတော်အနေနဲ့ စဉ်ဆက်မပြတ် ဖမ်းဆီးနေသော်လည်း ယနေ့အထိ ကျဆင်းသွားခြင်း မရှိသေးဘူးလို့ သုံးသပ်ကြပါတယ်။ ဘာကြောင့် အခုလိုဖြစ်နေရသလဲဆိုတာ ရှင်းပြပေးပါဦး။
ဖြေ။ ။ တရားမဝင် သစ်ခိုးထုတ်သူများက ၂ မျိုး ကွဲပြားပါတယ်။ ပြည်တွင်းသုံး၊ ဒေသသုံး တရားဝင်သစ်က ဈေးကြီးလို့၊ မလုံလောက်လို့ ခိုးတာက တမျိုး၊ ဝိသမလောဘအတွက် အမျိုးအမြတ်ရှိဖို့ ခိုးတာက တမျိုး ဖြစ်ပါတယ်။ အကျိုးအမြတ်ရှိဖို့ ခိုးတာမှာလည်း ပြည်တွင်းမှာ ပြန်ပြီး ခွဲစိတ်ရောင်းချတဲ့ အုပ်စုနဲ့ ပြည်ပနိုင်ငံကို တရားမဝင် မှောင်ခိုကုန်သွယ်တဲ့ ဂိုဏ်းပုံစံ ဆောင်ရွက်တာ၊ ဒိုင်ဖွင့်ပြီး ဝယ်ယူတာ ကွဲသေးတယ်။ တရားမဝင် သစ်ခိုးထုတ်မှုမှာ အဆိုးဆုံးက ပြည်ပနိုင်ငံတွေကို တရားမဝင် မှောင်ခို ကုန်သွယ်တာပဲဖြစ်တယ်။
ဘယ်လောက်ဖမ်းဖမ်း တရားမဝင် သစ်ခိုးထုတ်မှုတွေက လျော့ကျ မသွားရတဲ့ အကြောင်းအရင်းကတော့ ဆင်းရဲနွမ်းပါးမှု၊ အလုပ်အကိုင် ရှားပါးမှုကြောင့် ငွေရှင်ကြေးရှင် ဝိသမ လောဘ သားတွေရဲ့ အစေအပါးအဖြစ် ခိုင်းခံရတာ၊ တရားမဝင် သစ်မှောင်ခိုလုပ်ငန်းက မူးယစ်ဆေးဝါးပြီးရင် အမြတ်အစွန်း အများဆုံးနဲ့ ငွေရအလွယ်ဆုံးလုပ်ငန်း ဖြစ်တာ၊ တကြိမ်လွတ်သွားရင်တောင် ၁ဝ ကြိမ်အဖမ်းခံရလို့ ဆုံးရှုံးတာကို ကာမိ စေတာ၊ ဥပဒေစိုးမိုးရေး လုပ်ငန်း ဆောင်ရွက်နေတဲ့ အောက်ခြေဝန်ထမ်းတွေရဲ့ အကျင့်ပျက် ခြစားတာ၊ ဖမ်းမိတဲ့ ဟာတွေ ကို သစ်တောပြစ်မှုနဲ့ တရားစွဲတာမှာလည်း တရားစွဲ အဖွဲ့အစည်းရဲ့ အားနည်းတာ၊ တရားစီရင်ရေးရဲ့ အားနည်း တာတွေနဲ့ တကယ်ကြိုးကိုင်နေတဲ့ နောက်ကွယ်က ငွေရှင်တွေအထိ စစ်ဆေးဖော်ထုတ် အရေးမယူနိုင်တာတွေကြောင့်ပါ။ တကယ် ဖမ်းနေတယ် ဆိုတာက အဖျားအနားဖြစ်တဲ့ ယာဉ်မောင်းတွေ၊ လွှကိုင်တွေ၊ ကယ်ရီ(သယ်ယူပို့ဆောင်သူ)တွေလောက်ပဲ ဖြစ်နေတာပါ။
မေး။ ။ ဖမ်းမိတဲ့ သစ်တွေကို သစ်တောဌာနက လေလံစနစ်နဲ့ ပြန်ရောင်းချတဲ့စနစ်မှာ တရားမဝင် သစ်တွေကို တရားဝင် ဖြစ်အောင် သစ်လုပ်ငန်းလုပ်ကိုင်သူတွေက လုပ်နေတဲ့ စနစ်လို့ ဝေဖန်နေကြတယ်။ အဲဒါဟုတ်ပါသလား။
ဖြေ။ ။ သစ်တောဌာနအနေနဲ့ ဖမ်းမိစဉ်ထဲက သစ်က ဟောင်းနေလို့၊ ဆွေးနေလို့၊ လိမ်ကောက်နေလို့ မဖမ်းတော့ဘူးဆိုပြီး ချန်ထားလို့မရဘူး။ တရားရုံးမှာ အမှုတွေ ကြန့်ကြနေတာကလည်း သက်သေခံ သိမ်းထားတဲ့ သစ်တွေ ဆွေးပြီး ပျက်စီး လာတာလည်း ရှိတယ်။ အဲဒီလိုသစ်တွေ ဖျက်ဆီးဖို့အတွက် သစ်တောဌာနမှာ လုပ်ထုံးလုပ်နည်းက မရှိတော့ အဲဒီလို သစ်တွေကိုပါ ရောပြီး လေလံပစ်ကြတယ်။ လေလံဝယ်တဲ့သူအနေနဲ့ အဲဒီလိုသစ်ပါလာရင် သစ်တန်ပမာဏနဲ့ ကိုက်ညီတဲ့ တရားဝင် စာရွက်စာတမ်း အထောက်အထားသာ ရပြီး သစ်တွေက သုံးမရ၊ ခွဲစိတ်မရတဲ့ အခြေအနေမှာ ဒေသသုံး တရား မဝင်သစ်တွေနဲ့ အစားထိုးကြတယ်။ အဲဒီလိုမဖြစ်ဖို့ မူလကတည်းက အသုံးပြုလို့မရတဲ့ သစ်တွေကို လေလံပစ်ထဲက ရောနှော ပါမလာမှ ဖြစ်မယ်။
မေး။ ။ လက်ရှိ သစ်တောဥပဒေအရ ပုဂ္ဂလိက သစ်စိုက်ခင်းတွေမှာ စီမံချက်အတိုင်း မလုပ်တဲ့စိုက်ခင်းတွေကို မြေသိမ်းပြီး တဧက ကျပ် ၅ သောင်းနဲ့ ဒဏ်ရိုက်တယ်လို့ သိရပါတယ်။ ဒါပေမယ့် အဲဒီလို စိုက်ခင်းတွေကို တပ်မတော် အစိုးရ လက်ထက် ချထားပေးမှုမှာ အပြောင်ရှင်းစနစ်နဲ့ ခုတ်လှဲသွားပြီး ပြည်ပကို တင်ပို့ခဲ့ကြတာ။ ဒီလိုမြေသိမ်း၊ ကျပ် ၅ သောင်းဒဏ်ရိုက်ရုံနဲ့ အဲဒီလုပ်ငန်းရှင်တွေကို တာဝန်ခံမှု ပြီးစေတာ သင့်တော်ရဲ့လား။ ဘယ်လိုသုံးသပ်ချင်ပါသလဲ။
ဖြေ။ ။ ပုဂ္ဂလိက သစ်တောစိုက်ခင်းဆိုတာမှာ သစ်တောနယ်မြေမှာ တည်ထောင်တဲ့ စိုက်ခင်းနဲ့ မြေလွတ်မြေရိုင်း ဥပဒေအရ လုပ်ပိုင်ခွင့်ပေးထားတဲ့ စိုက်ခင်းဆိုပြီး ၂ မျိုးရှိတယ်။ မေးခွန်းမှာပါတဲ့ မူလသစ်တွေကို အပြောင်ရှင်းစနစ်နဲ့ ခုတ်ပြီး ပြန်စိုက်တဲ့ စိုက်ခင်းဆိုတာ မြေလွတ်မြေရိုင်းနဲ့ လုပ်ပိုင်ခွင့် ပေးထားတဲ့ စိုက်ခင်းမျိုးဖြစ်ပါတယ်။
သစ်တောနယ်မြေမှာ တည်ထောင်တဲ့ စိုက်ခင်းတွေကတော့ မူလကတည်းက သစ်တောပြုန်းတီးနေတဲ့ အတွက် ပြန်စိုက်ခိုင်းတဲ့ မြေနေရာမျိုးကိုသာ ခွင့်ပြုပေးထားတာမို့ အဲဒီလိုနေရာတွေက သစ်ထုတ်မှု လုံးဝမရှိဘူး။ သစ်တောဌာန အနေနဲ့ကလည်း ဒဏ်ငွေရိုက်တယ် မဟုတ်ပဲ စိုက်ခင်းတည်ထောင်မယ်ဆိုထဲက နှစ်အလိုက် ဆောင်ရွက်ရမယ့် မြေဧကပေါ် မူတည်ပြီး လုပ်ငန်းဆောင်ရွက်မှု အာမခံကြေး တဧကကို ကျပ် ၅ သောင်း ကြိုတင် ကောက်ခံ ထားတာ ဖြစ်ပါတယ်။
နှစ်ကုန်လို့ ရှင်တဲ့အပင် ရာခိုင်နှုန်း စစ်ဆေးတဲ့အခါ အောင်မြင်မှုမရှိဘူး၊ လုပ်ကိုင်ဆောင်ရွက်တာ မရှိဘူးဆိုရင် အဲဒီ အာမခံကြေးကို သိမ်းယူလိုက်တာ ဖြစ်ပါတယ်။ ဒါက သင့်တင့်မျှတပါတယ်။
မေး။ ။ မြန်မာနိုင်ငံရှိ ကြိုးဝိုင်းသစ်တော၊ ကြိုးပြင်ကာကွယ်တော နေရာတွေမှာ နေထိုင်ကြသူတွေဟာ သစ်တောအပေါ် အမှီပြု အသက်မွေးဝမ်းကြောင်းကြသူတွေဖြစ်ပါတယ်။ သစ်မခုတ်ရဆိုတာက သူတို့အတွက် ဘဝရပ်တည်ရေး စိန်ခေါ်မှုကြီးဖြစ်နေတယ်လို့ ပြောနေကြတော့ ဒီလိုလူတွေအတွက်ရော အစိုးအနေဖြင့် စီမံဆောင်ရွက်သင့်တယ်လို့ ယူဆပါသလဲ။
ဖြေ။ ။ ကျေးလက်နဲ့ သစ်တောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောတွေနဲ့ နီးစပ်တဲ့ ဒေသခံတွေ ဖွံ့ဖြိုးတိုးတက်အောင်၊ ဆင်းရဲနွမ်းပါးမှု လျော့ကျအောင် တဖက်က ဆောင်ရွက်နေသလို စက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ပြီး တောကို မှီခိုနေသူတွေကို အလုပ်အကိုင်၊ အခွင့်အလမ်းတွေ ဖွင့်ပေးဖို့ လိုပါတယ်။
ဒေသခံတွေ မိမိအိမ်သုံးအတွက် ၂၀၁၈ ခုနှစ် သစ်တောဥပဒေ ပုဒ်မ ၁၇ အရ ခွင့်ပြုမိန့်မလိုပဲ ထုတ်ယူသုံးစွဲခွင့်ရှိတဲ့ အိမ်သုံး၊ လယ်ယာသုံး၊ ငါးလုပ်ငန်းသုံးကို ထုတ်လုပ်နိုင်တဲ့တော၊ ထုတ်လုပ်ခွင့်ရှိတဲ့သစ်နဲ့ သစ်တန်ပမာဏတွေ တိတိ ကျကျ အမိန့်ကြေငြာစာနဲ့ ထုတ်ပြန်ပေးထားဖို့ လိုပါတယ်။ အလားတူပဲ သစ်တောဥပဒေအရ ဒေသခံများက သူတို့ရဲ့ ဓလေ့ထုံးတမ်းအတိုင်း ထိန်းသိမ်းထားတဲ့ သဘာဝသစ်တောတွေ၊ ဒီရေတောတွေကို အသိအမှတ်ပြုဖို့အတွက် လုပ်ထုံး လုပ်နည်းတွေကို မြန်မြန်နဲ့ တိတိကျကျ ထုတ်ပြန်ပေးထားမှ ကိုယ်ထိန်းထားတဲ့တောတွေကနေ ကိုယ့်ဓလေ့ အတိုင်း ထုတ်ယူသုံးစွဲနိုင်မှာ ဖြစ်ပါတယ်။
မေး။ ။ သစ်တောဌာနအနေနဲ့ တချို့နေရာတွေမှာ သစ်တောပြုန်းတီးတာဟာ ထင်းအသုံးပြုမှုလို့ ဆိုကြတယ်။ ထင်းအသုံးပြုတဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းနဲ့ တောင်ပေါ်ဒေသတွေမှာ သူတု့ိရဲ့ ရှိရင်းစွဲမြေနဲ့ သစ်တောဖံုံးဧရိယာ ယှဉ်လိုက်ရင် သစ်တောဖုံးဧရိယာက ပိုနေတာတွေ့ရတယ်။ ဒီပြောဆိုချက်တွေက လိုက်လျောညီထွေပါ့မလား။
ဖြေ။ ။ ထင်းလို့ ပြောရင် လူတွေက ခေါင်းပေါ်တင်ပြီး ရွက်လာတဲ့ ထင်းစည်းတွေပဲ မြင်ကြတာ။ မီးသွေးကလည်း ထင်းကို ဖုတ်ရတာပဲ။ တကယ်က ထင်းမှာ အိမ်ထောင်စုသုံးထင်းနဲ့ အိမ်တွင်းစက်မှု လုပ်ငန်းသုံးထင်းဆိုပြီး ၂ မျိုးရှိတယ်။ အိမ်တွင်း စက်မှုလုပ်ငန်းသုံး ထင်းဆိုတာ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်ကနေ အရက်ချက်စက်ရုံ၊ သကြား၊ တင်လဲရေချက် စက်ရုံ၊ ဆေးရွက်ကြီးပေါင်းဖို စတာတွေ အထိပါတယ်။
တချိန်က ဘိုကလေးမီးသွေးဆိုတဲ့ ဒီရေတောကနေ ဖုတ်လိုက်တဲ့ မီးသွေးက တော်တော်နာမည်ကြီးတယ်။ မြန်မာနိုင်ငံ အလယ်ပိုင်းက မူလထဲက ထင်းရှားတဲ့ဒေသ၊ ထင်းသက်သာစေတဲ့ ချက်ပြုတ်နည်းတွေ ယဉ်ပါးပြီးသားနေရာ။ ထင်းအစား စိုက်ပျိုးရေး စွန့်ပစ်ပစ္စည်း၊ နွားချေးခြောက် တွေကို အသုံးပြုနေတယ်။ ပဲခူးရိုးမ တဝိုက်ကလည်း ကျွဲနွားအတွက် မီးကို ထင်းတုံးကြီးတွေနဲ့ တနေကုန် မီးမြိုက်ထားတဲ့ ဓလေ့ ရှိနေတုန်းပဲ။ တောင်ပေါ်ဒေသမှာ လူဦးရေ ကျဲပါးတာ၊ ယာစည်းရိုး ပတ်လည်မှာ ထင်းပင်မွေးမြူတာ စတဲ့ ဓလေ့တွေရှိတယ်။
မေး။ ။ ဒါဆိုရင် ရွှေ့ပြောင်းတောင်ယာ လုပ်ကိုင်မှုကလည်း သစ်တောပြုန်းတီးစေတယ်လို့ ဆိုတာကရော။ ကချင်ပြည်နယ်၊ ချင်းပြည်နယ်လို နေရာတွေမှာ သစ်တောဖုန်းလွှမ်းဧရိယာက ပြည်နယ်ဧရိယာထက် ၅၀ ရာခိုင်နှုန်း အထက်ထိရှိနေတယ်။
ဖြေ။ ။ ရွှေ့ပြောင်းတောင်ယာစနစ်က တနေရာပြီး တနေရာ တောခုတ်၊ မီးရှို့၊ တောင်ယာစိုက်ပျိုးတဲ့ ဓလေ့ဖြစ်တာကြောင့် အနည်းနဲ့ အများတော့ သစ်တောပြုန်းတီးပါတယ်။ ဒါပေမယ့် စနစ်တကျ ထိန်းချုပ်ထားတဲ့ တောင်ယာစနစ်မှာ သစ်တော ပြုန်းတာ မဖြစ်ပါဘူး။ ကိုယ့်မိသားစု လုပ်ကိုင်မယ့် တောင်ယာဧရိယာတွေကို ၅ နေရာ၊ ၁၀ နေရာခွဲ သတ်မှတ်ပြီး အလှည့် ကျ ၁ နှစ်စီ ခုတ်လှဲ၊ ကျန်အကွက်တွေကို အနားပေး တောမွေးမြူနဲ့ ၅ နှစ်ကြမှ တကြိမ်၊ ၁၀ နှစ်ကြမှ တကြိမ် ပြန်ပြီး တောင်ယာ လုပ်တာကြောင့် သစ်တောပြုန်းတီးမှု လျော့နည်းစေပါတယ်။
ဒါပေမယ့် ဒီလို စနစ်တကျ လုပ်တာက လူဦးရေ ကျဲပါးနေချိန်မှာ လုပ်နိုင်ပေမယ့် ကိုယ့်မိသားစု၊ သားသမီး အိမ်ထောင်ခွဲ တွေကို မူလနေရာထဲက ခွဲပေးလိုက်တဲ့အခါ အနားပေးတဲ့ ကာလတိုတောင်းပြီး အချိန်မတိုင်မီ တောင်ယာ ပြန်ခုတ်တာ ကြောင့် စနစ်တကျ ထိန်းချုပ် တောင်ယာစနစ်က ပျက်သုဉ်းပြီး အနည်းနဲ့အများတော့ သစ်တောပြုန်းတီးမှု ဖြစ်စေပါတယ်။ ဒါ့ကြောင့် လူဦးရေ နည်းနေချိန် ထိန်းချုပ်နိုင်ပေမယ့် ရေရှည် လူဦးရေ ထူထပ်လာရင်တော့ ဒီတောင်ယာစနစ်ကို ပြန်လည် စဉ်းစားသင့်ပါတယ်။
မေး။ ။ သစ်တောကဏ္ဍမှာ ရန်ကုန်ကို ဗဟိုပြုပြီး ဖြန့်ချိရောင်းချနေတာက ဒေသတွင်းသုံး သစ်များ၊ နယ်နမိတ် နီးစပ်နေတဲ့ ပြည်ပတင်ပို့မှုကဏ္ဍတွေမှာ အခက်အခဲဖြစ်တယ်လို့ သစ်လုပ်ငန်းရှင်တချို့က ပြောကြတာရှိပါတယ်။ ပြည်သူတွေကလည်း သစ်အသုံးပြုစရိတ်က ကြီးမြင့်တယ်လို့ ပြောနေကြတော့ အစိုးရအနေနဲ့ ဘယ်လိုပြုပြင် ပြောင်းလဲသင့်တယ်လို့ မြင်ပါသလဲ။
ဖြေ။ ။ နယ်စပ်ကနေ သစ်တင်ပို့ခွင့်ကတော့ လုံခြုံရေး အခြေအနေအရရော၊ ယခုကာလလို သစ်မှောင်ခိုတွေ နယ်စပ်ကနေ အမြောက်အများ ထွက်နေတာကြောင့်ရော လုံးဝ ခွင့်မပြုသင့်သေးပါဘူး။ တရားမဝင်သစ်နဲ့ တရားဝင်သစ်ရောပြီး ထွက်နိုင်တယ်။ အရင်က နိုင်ငံခြားသစ် တင်ပို့ခြင်းကို ရန်ကုန်ဆိပ်ကမ်းကနေ တဆင့် မြန်မာ့သစ်လုပ်ငန်းက တိုက်ရိုက် တင်ပို့ ရောင်းချတဲ့အတွက် သစ်ဆိပ်တော်တော်များများက ရန်ကုန်မှာပဲရှိပြီး သစ်အတန်းအစားခွဲခြားတဲ့ အဖွဲ့ကလည်း ရန်ကုန်မှာပဲ အခြေစိုက်တယ်။
အလားတူ သစ်ကုမ္ပဏီကြီးတွေကလည်း ရန်ကုန်မှာပဲ အခြေစိုက်လို့ အနယ်နယ်အရပ်ရပ်က သစ်လုံးတွေကို ရန်ကုန်သယ်၊ အတန်းအစားခွဲ၊ လေလံပစ်လုပ်ကြတာ။ အခုနောက်ပိုင်း ပဲခူးရိုးမက သစ်ထုတ်တာ ၁ဝ နှစ် ရပ်နားထားတယ်။ သစ်လည်းရှားလာ၊ သစ်ထုတ်ရတဲ့ ဧရိယာကလည်း ရန်ကုန်နဲ့ အလှမ်းဝေးလာတာကြောင့် သစ်ထုတ်တဲ့ နေရာကနေ ရန်ကုန်မှာ ရောင်းချချိန် အထိ ၂ နှစ်နီးပါး ကြာလို့ သစ်အရည်အသွေး ကျပြီး သစ်အချောထည် ထုတ်လုပ်မှုမှာ ထိခိုက်လာတယ်။
အဲဒါကြောင့် သစ်ရှိတဲ့ ဧရိယာနဲ့နီးတဲ့ သစ်ဆိပ်တွေမှာပဲ ထားပြီး သစ်ဆိပ်များတွင် လေလံပစ်သည့် စနစ်နဲ့ ဆောင်ရွက်လာပါတယ်။ ဒါပေမယ့် တင်ဒါခန်းမက ရန်ကုန်မှာပဲ ထားပြီး ကျင်းပတော့ လုပ်ငန်းရှင်တွေမှာ အခက်အခဲ ဖြစ်နေသေးပေမယ့် ပြည်တွင်းသုံးသစ်တွေကိုတော့ သက်ဆိုင်ရာ ဒေသအလိုက် လေလံပစ်ဆောင်ရွက်ပေးတဲ့ ပြုပြင်ပြောင်းမှုမှာတော့ ကောင်းမွန်တယ်လို့ ပြောရမယ်။
ဆက်စပ်ဖတ်ရှုရန်
သယံဇာတ ကဏ္ဍ အကျိုးအမြတ်များ တိုင်းနှင့်ပြည်နယ် ခွဲဝေသုံးစွဲရေး လက်ရှိ မဖြစ်နိုင်သေးဟု ဆို
သစ်အလုံးလိုက် တင်ပို့ရာတွင် စနစ်တကျ စီစဉ်ထား၍ သစ်တော ပြုန်းတီးမှု မဖြစ်ဟု ဆို
ဥရောပ တင်ပို့သော မြန်မာ့ကျွန်းသစ် တန်ပိုနေမှုကြောင့် တရားမဝင်သစ် ဟု စွပ်စွဲ