ရာသီတုပ်ကွေး (AH1N1)ရောဂါသည် နှစ်စဉ် ဖြစ်ပွားလေ့ ရှိသော်လည်း ယခုနှစ်တွင် ဖြစ်ပွားမှုနှုန်းနှင့် သေဆုံးမှုနှုန်း အမြင့်ဆုံး ဖြစ်ပေါ်လျက် ရှိသည်။
ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၏ မှတ်တမ်းများ အရ ၂၀၁၇ ခုနှစ်တွင် သေဆုံးသူ ၃၈ ဦးဟု အမြင့်ဆုံး စံချိန်တင်ခဲ့သည် ဟု ဆိုကြသော်လည်း ယခုနှစ်၂၀၁၉ ဇူလိုင် ၂၃ ရက်နေ့တွင် သေဆုံးသူ ၇၁ ဦး အထိ ရှိနေပြီ ဖြစ်သည်။
အဆိုပါ သေဆုံးသူ ၇၁ ဦးမှာ လူနေသိပ်သည်းမှု အများဆုံး ဖြစ်သည့် ရန်ကုန်မြို့တွင် ဖြစ်သည်။
သို့ဖြစ်ရာ ရန်ကုန်မြို့နေ ပြည်သူများ အနေဖြင့် ရာသီတုပ်ကွေး ရောဂါကို မည်မျှအထိ ဂရုတစိုက် ကာကွယ်မှု ရှိ မရှိနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လက်ရှိ လုပ်ကိုင်နေသည့် ရောဂါ ကာကွယ် တိုက်ဖျက်ရေး လုပ်ငန်းစဉ်များ
သည် ထိရောက်မှု ရှိ မရှိတို့ကို သိရှိနိုင်ရန် ပြည်သူအချို့နှင့် လွှတ်တော် အမတ်များ၊ ကျန်းမာရေး ပညာရှင် အချို့ကို ဧရာဝတီ သတင်းထောက် သဇင်လှိုင်က မေးမြန်းထားပါသည်။
ဦးညီညီ
တောင်ဒဂုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်
ရန်ကုန်တိုင်း ကျန်းမာရေး ဦးစီးဌာနရဲ့ ပံ့ပိုးမှု အခြေအနေကို ကျနော်တို့ အနေနဲ့ အားရပါတယ်။ ရန်ကုန် တိုင်း ကျန်းမာရေး ဦးစီးဌာနက မြို့နယ်တွေကို တောက်လျှောက် ဆင်းပြီးတော့ ပညာပေးတယ်။ ပြီးတော့ ဒါနဲ့ သက်ဆိုင်တဲ့ လက်ကမ်းစာ စောင်တွေ ဝေတာတို့ ပြည်သူတွေကို ဟောပြောပေးတယ်။
အဲဒီမှာ ကျနော်တို့ ဘာသွားတွေ့လဲ ဆိုတော့ အချို့သော ရပ်ကွက်တွေမှာ အကုန်လုံးကို မဆိုလိုပါဘူး။ ရပ်ကွက် ရာ/ ဆယ်(ရာအိမ်မှူး၊ ဆယ်အိမ်မှူး)တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုက အနည်းငယ် အားနည်းတာကို တွေ့ရတယ်။
သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေရဲ့ အားနည်းတာကို တွေ့ရတယ်။ ရပ်ကွက်နေ ပြည်သူတွေကို များများပြောဖို့ ဟောဖို့ ဘယ်လို နေထိုင်ရမယ်ဆိုတာ ပြောဖို့ ပြည်သူတွေ လာမှ ဖြစ်မှာလေ။ ပြည်သူတွေ လာအောင် ဆိုတာ ရပ်ကွက် အုပ်ချုပ်ရေးကရော/ဆယ်တွေက တိုက်တွန်းဖို့ လုပ်ရမှာ။
ကျနော့်မြို့နယ်မှာ ဆိုရင်ပဲ အသိပညာပေးဖို့ရာ ရပ်ကွက်နေ ပြည်သူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုက အားနည်းတာ တွေ့ရတယ်။ ဒါရပ်ကွက်နေ ပြည်သူတွေရဲ့ အပြစ်တခုလို့ မဆိုလိုဘူး။
သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေး ရာ/ဆယ်တွေရဲ့ ဝီရိယထုတ်မှု၊ ကြိုးပမ်းအားထုတ်မှု၊ လူထုကို ပါအောင် စည်းရုံးမှု အားနည်းတယ်လို့ မြင်တယ်။ အဲဒီလို ဖြစ်ပေါ်နေတဲ့ အပေါ် မည်သို့ မည်ပုံ ဆောင်ရွက်ရမယ် ဆိုတဲ့ဟာကိုလည်း သက်ဆိုင် ရာ ဝန်ကြီးဌာနတွေကလည်း ဆက်လက် ကြိုးစား ဆောင်ရွက်ရမယ် ဆိုတာကို ပြောချင်တယ်။
ပြည်သူတွေရဲ့ စိုးရိမ်မှုက တောင်ဒဂုံမြို့နယ် အနေနဲ့ သိပ်ဆိုးရွားတဲ့ အထိတ်တလန့်မျိုးတော့ မရှိပါဘူး။ တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေးပါပဲ။ ဒါပေမယ့် ဖျားမှု၊ နာမှု အခြေအနေတွေက လျော့မသွားဘူး။
ဒေါ်ကျော့ကေခိုင်
ဗဟန်းမြို့နယ် နေသူ
ကလေးငယ် မိခင်တယောက် အနေနဲ့ အထူးဂရုစိုက်ရပါတယ်။ တချို့ဆရာဝန်တွေက နှာခေါင်းစည်းတပ်ပါ၊ တချို့ ဆရာ ဝန်တွေက နှာခေါင်းစည်းတပ်ရန် မလိုပါ ဆိုတာမျိုးတွေ ပြောကြတယ်။ ကျန်းမာရေး ထုတ်ပြန်ချက်အနေနဲ့ တိကျခိုင်မာတဲ့ ထုတ်ပြန်ချက်တွေ လိုချင်ပါတယ်။ ကျန်းမာရေး အသိပညာပေး လမ်းညွှန်ချက်တွေကိုလည်း ပြည်သူလူထုဆီ ကျယ်ကျယ် ပြန့်ပြန့် ကြေညာ အသိပေးစေချင်တယ်။
အသိပညာပေး ပိုစတာတွေ၊ လက်ကမ်းစာစောင်တွေ ဝေတယ်တော့ ပြောတယ်။ ဒါပေမယ့် ကျမတို့ မြို့နယ်ထဲတော့ မတွေ့ ဖူးဘူး။ ပြီးတော့ ရာသီတုပ်ကွေး ဖြစ်တာ လက်ကမ်းစာစောင်ဝေနေတာနဲ့ မပျောက်ဘူးလေ။ အရင်နှစ်ထက် သေဆုံး မှု နှုန်းကလည်း များလာပြီ။ ပိုပြီး ထိရောက်တဲ့ နည်းလမ်းတွေ ရှိသင့်တယ်။
ဦးလူမင်းသောင်းထွန်း
ဒဂုံမြို့နယ် နေသူ
H1N1 ကြောင့် သေတဲ့ လူစာရင်းကိုကြည့်ရင် ရန်ကုန်က အများဆုံး ဖြစ်နေတယ်။ အရင်တုန်းကလည်း ဒီလို ကူးစက် ရော ဂါ မျိုးဖြစ်ပြီ ဆိုရင် သတိအရှိဆုံးက ရန်ကုန်ကပဲ။ ကူးစက်ပိုး တခုခုဖြစ်ပြီဟေ့ ဆိုတာနဲ့ ဘယ်နေရာ ကြည့်ကြည့် Mask လေးတွေ ကိုယ်စီနဲ့ တွေ့ရတာပဲ။ အခုတော့ အဲဒီလိုတွေ တွေ့ရတာ နည်းသွားတယ်။
တချို့ YBS တွေပေါ်မှာတော့ တုပ်ကွေးနဲ့ ပတ်သက်ပြီးတော့ သတိပြုသင့်တဲ့အချက်တွေ ကပ်ထားတာရှိတယ်။ ဒါပေမယ့် တော်တော် နည်းတယ်တော့ ပြောရမယ်။
အစိုးရ အနေနဲ့ အသိပညာပေးမှု အပိုင်း ပိုပြီးတော့ အရှိန်မြှင့် လုပ်သင့်တယ်လို့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ H1N1 ဖြစ်တဲ့အချိန်မှာ တဖက်မှာကလည်း ဗစ်တိုးရီးယားလေး ကိစ္စက ကျယ်ကျယ်ပြန့်ပြန့် ဖြစ်သွားတယ်။ အဲဒါပြီးတော့လည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ကိစ္စတွေ အရှိန်မြှင့် လုပ်လာတာတွေနဲ့ H1N1 ဘက်ကို လူတွေက အာရုံသိပ် မကျဘူးလို့ ပြောရမယ်။
အစိုးရကလည်း H1N1 အသိပညာပေးတွေ လုပ်နေတာပဲ။ ဒါပေမယ့် လက်ရှိ လုပ်နေတာထက် ပိုပြီး အရှိန်မြှင့် လုပ်ရမယ်။ ဘယ်လောက်တော့ သေနေပါပြီ။ အဲဒါကြောင့် ဘာတွေ လုပ်ထားသင့်ပါတယ် ဆိုတဲ့ ဟာမျိုးတွေပေါ့။
ဒေါက်တာစစ်နိုင်
မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး (Marie Stopes International)
ရာသီတုပ်ကွေးကတော့ ရှိနေတယ်။ တကယ်လို့များ ရောဂါ အခံရှိနေရင် ကိုယ့်ဆီလာတဲ့ပိုးက နည်းနည်း အသက် အန္တ ရာယ် ဖြစ်အောင် အထိ လုပ်တာတွေ့ရတယ်။ အရမ်း အကြီးအကျယ်ကြီး ပျံ့နှံ့တဲ့အထိ စိုးရိမ်ရတဲ့ဟာမျိုးတော့ မဟုတ်ဘူး။ ဒါပေမယ့် ပျံ့နှံ့မှုကို လူတွေအားလုံး ခံနိုင်ပြီး ထိန်းနိုင်ဖို့တော့ လိုပါတယ်။
အထူးသဖြင့် အသည်းရောဂါ၊ ကျောက်ကပ်ရောဂါ စသဖြင့် ရောဂါ အခံရှိထားတဲ့ သူတွေက တုပ်ကွေး ကာကွယ်တာ လုပ် ဖို့ လိုမယ်။ တုပ်ကွေး ကာကွယ်ဖို့ ဆိုတာ ကာကွယ်ဆေးထိုးတာ တခုတည်း မဟုတ်ဘူး။ လူနေထူထပ်တဲ့နေရာ ရှောင်တာ တို့၊ အိပ်တာ၊ စားတာကို လုံလုံလောက်လောက် ရှိဖို့ လိုတယ်။ နောက် လက်ဆေးတာပေါ့။ တုပ်ကွေးဖြစ်တိုင်း စိုးရိမ်စရာ တော့ မလိုဘူး။
H1N1 ဖြစ်ပွား၊ သေဆုံးတဲ့ ဂဏန်းတွေ တွေ့နေရတယ် ဆိုတာကိုက သေချာ စစ်ဆေးပြီး စောင့်ကြည့်နေတယ်ဆိုတဲ့ သဘော။ ပုံမှန်အားဖြင့် အဆုတ်ရောဂါနဲ့ တက်လာတယ်။ တုပ်ကွေးဖြစ်ပြီး နမိုးနီးယားနဲ့ အတော်ဆိုးဆိုးဝါးဝါး ဖြစ်လာ တယ်ဆိုတာကို ဒီတိုင်းနေရင် ဘယ်လိုမှ သိမှာ မဟုတ်ဘူး။
အခု မှတ်တမ်းဖြစ်နေတယ် ဆိုတာကိုက သေသေချာချာ ဂရုတစိုက် စောင့်ကြည့်နေတယ် ဆိုတာ ပေါ်လွင်တယ်။ ဟိုတုန်းကလည်း ရှိနိုင်တယ်။ စောင့်ကြည့်စစ်ဆေးတာမရှိတော့ ကိုယ်တွေက မသိနိုင်ဘူး။ အခုက စောင့်ကြည့်စစ်ဆေး တာ လုပ်လို့ ကိုယ်တွေ သိနိုင်နေတာပေါ့နော်။
ဒေါက်တာ စိုးခိုင်
(Food Safety ဆိုင်ရာ ကျွမ်းကျင် ပညာရှင်)
ကျန်းမာရေးဌာနက Media မှာ ရှင်းပြထားတာ တော်တော်ပြည့်စုံပါတယ်။ ထပ်ပြောစရာ သိပ်မရှိဘူး။ Instruction (လမ်းညွှန်ချက်) တွေလည်း ရှိပြီးသားပဲ။ တခုတော့ ရှိတယ်။ အဲဒီကြားကပဲ ဖြစ်နှုန်းက စိတ်တယ်။ ကျနော်တို့ဘက်က ကိုယ့်ကိုကိုယ် ကာကွယ်တဲ့ Action (ဆောင်ရွက်ချက်)တွေ ပိုပြီးတော့ တင်းကြပ်ဖို့ လိုတယ်လို့ မြင်တယ်။
ကျန်းမာရေး ဝန်ကြီးဌာနက ရှင်းပြနေတာတွေ၊ လုပ်ဆောင်နေတာတွေ တော်တော်ကောင်းမွန်ပါတယ်။ ကူးစက်ရောဂါ ဆိုတာ ကာလတခု အတွင်းမှာ ရောဂါက ပျံ့နှံ့နေမှာပဲ။ ဒီအချိန်မှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တတ်ဖို့ လိုတယ်။ တဖြည်း ဖြည်း ပြန်လျော့သွားမှာပါပဲ။
တကိုယ်ရည် အနေအထိုင်ပေါ် အများကြီး မူတည်ပါတယ်။ ကိုယ့်ကိုကိုယ် ဂရုစိုက်ကြပါ။ ဖြစ်မှပဲ လာပြတာထက် ကိုယ့် တာကိုယ် လုံရမှာပဲ။ မီဒီယာ ပေါင်းစုံမှာ ဖော်ပြနေတယ်။ ကျနော်တို့ ဖတ်ပြု နားထောင်ကြည့်ပြီးပါပြီ။ ပြည်သူလူထု ဘက် က ဂရုစိုက်ပြီး လိုက်နာဖို့ လိုပါတယ်။ ကျနော်တို့ တိုင်းပြည်မှာ ကျန်းမာရေး အသိပညာ နည်းပါးတယ်။ ပေါ့ပေါ့တန်တန်ပဲ နေကြတာ များတယ်။ နေ့စဉ် စားဝတ်နေရေးကြောင့်လည်း ပါမှာပေါ့။
You may also like these stories:
H1N1 ကြောင့် ၃၈ ရက် အတွင်း သေဆုံးသူ ၃၅ ဦး ရှိ
ရာသီတုပ်ကွေး ကပ်ရောဂါ အဆင့် မဖြစ်နိုင်ဟု ရန်ကုန်တိုင်း ကျန်းမာရေး ဦးစီးမှူးပြော
ကူးစက်ပြန့်ပွားမှုနှုန်း မြင့်မားနေတဲ့ H1N1 ရာသီတုပ်ကွေး အကြောင်း