၂၀၁၃ ခုနှစ်မှ စတင်ကာ သံလွင်မြစ်တလျှောက်တွင် တရုတ်နှင့်ထိုင်းကုမ္ပဏီတို့ ရင်းနှီးမြှပ်နှံမှုဖြင့် ရေကာတာများ တည်ဆောက်ရန် အစိုးရက တရားဝင်ထုတ်ပြန်ခဲ့သည်။
သံလွင်မြစ် ဖြတ်သန်းစီးဆင်းရာ ဒေသများအနက် ရှမ်းပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ် တို့တွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ် မည့် ရေကာတာ ၆ ခုကို တည်ဆောက်မည့် စီမံကိန်းဖြစ်သည်။
ယင်းစီမံကိန်းနှင့် ပတ်သတ်၍ အထက်ပါပြည်နယ် ၃ ခုရှိ အရပ်ဖက် အဖွဲ့အစည်းများ အပါအဝင် ဒေသခံအများစုက ကန့်ကွက်မှုများ ပြုလုပ် ခဲ့သည်မှာ ယနေ့အထိဖြစ်သည်။
အဆိုပါစီမံကိန်းများနှင့် စပ်လျဉ်း၍ ကရင်မြစ်ချောင်း စောင့်ကြည့်ရေး အဖွဲ့ တာဝန်ခံ ကိုစောသာဘိုးကို လက်ရှိအခြေအနေများ၊ ဒေသခံသဘောထား ဆန္ဒတို့ကို ဧရာဝတီ သတင်းထောက် မြတ်ပြည့်ဖြိုးက ဆက်သွယ် မေးမြန်းထားပါတယ်။
မေး။ ။ သံလွင်ရေကာတာစီမံကိန်းနဲ့ ပတ်သတ်ပြီး ဘယ်ဒေသတွေမှာ ရေကာတာတွေ ဆောက်လုပ်မယ်ဆိုတာ အရင်ပြောပြပေးပါ။
ဖြေ။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း ကွမ်းလုံမြို့နယ်မှာ ကွမ်းလုံရေကာတာ၊ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး အရှေ့ဘက် တန့်ယန်းမြို့နယ်မှာ နောင်ဖာရေကာတာ၊ ရှမ်းမြောက်မှာပဲ လားရှိုးအရှေ့ဘက် မိုင်းမော မြို့နယ်မှာ မန်တောင်ရေကာတာ၊ ရှမ်းပြည်နယ်တောင်ဘက် မိုင်းပန်နဲ့ မိုင်းတုံမြို့နယ်ကြားမှာ မိုင်းတုံ (ခေါ်) တာဆန်းရေကာတာ၊ ကယားပြည်နယ် ဘော်လခဲမြို့နယ်အရှေ့ဘက်က ရွာသစ်ကျေးရွာနား မှာ ရွာသစ်ရေကာတာနဲ့ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် သံလွင်မြစ်နဲ့ သောင်းရင်းမြစ်ဆုံအောက်ဘက် မှာ ဟတ်ကြီးရေကာတာ ဆိုပြီး စုစုပေါင်း ၆ ခုတည်ဆောက်မယ်လို့ အကြမ်းဖျင်းကျနော်တို့ သိရတယ်။
မေး။ ။ အဲဒီရေကာတာတွေကို အဓိက ဘယ်ကုမ္ပဏီက အကောင်အထည်ဖော်တည်ဆောက်မှာလဲ။ လျှပ်စစ် ဓာတ်အား ဘယ်လောက်အထိ ထုတ်လုပ်နိုင်မဲ့ ရေကာတာတွေလို့ သိထားပါသလဲ။
ဖြေ။ ။ တရုတ် ဟင်နရီဟိုး(လ်)ဒင်းကုမ္ပဏီ၊ Hydrochina Corporation ကုမ္ပဏီ၊ China Three Gorges Corporation ကုမ္ပဏီစတဲ့ တရုတ်ကုမ္ပဏီတွေပါတယ်။ ပြီးတော့ ထိုင်းက EGAT International ကုမ္ပဏီရယ်၊ ပြည်တွင်းက အေးရှားဝေါလ်ကုမ္ပဏီ၊ ရွှေတောင်ကုမ္ပဏီတို့ ပါတယ်လို့ သိထားပါတယ်။ အဲဒီ ရေကာတာပေါင်း ၆ ခုကနေ လျှပ်စစ်ဓာတ်အား စုစုပေါင်း ၁ သောင်း ၅ ထောင်ကျော် မဂ္ဂါဝပ် ထုတ်လုပ် နိုင်မယ်လို့ ဆိုပါတယ်။
မေး။ ။ သံလွင်ရေကာတာ တည်ဆောက်ရေး စီမံကိန်း ဆောင်ရွက်မဲ့ ဒေသတွေရဲ့ လက်ရှိအခြေအနေက ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ ရေကာတာ ၆ ခုတည်ဆောက်မှုမှာ ပါဝင်နေတဲ့ နေရာတွေအကုန်လုံးက လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်နေဆဲဖြစ်ပါတယ်။ ကျနော်တို့ ပြည်နယ်မှာဆိုရင် အဲဒီစီမံကိန်း ဧရိယာက ရွာအများစုက လူဦးရေ ၃ ထောင်ကျော်လောက်က စစ်ရှောင်စခန်းတွေမှာ လက်ရှိနေထိုင်နေရပြီး နေရပ်ကိုပြန်ခွင့်မရသေးတဲ့ တိုင်း ရင်းသားတွေပါ။
မေး။ ။ သံလွင်ရေကာတာ တည်ဆောက်ရေး စီမံကိန်းနဲ့ ပတ်သတ်ပြီး လက်ရှိအခြေအနေကို သိပါရစေ။
ဖြေ။ ။ ကျနော် နောက်ဆုံးသိရသလောက်က စီမံကိန်းနဲ့ ပတ်သတ်တဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက် ဆန်းစစ်မှု အစီရင်ခံစာ (EIA) ရေးပြီးသွားပြီလို့ သိရတယ်။ ဒါပေမဲ့ အခုထက်ထိတော့ ချပြတာမျိုး မတွေ့ရသေးဘူး။ ပြီးခဲ့တဲ့နှစ်ထဲမှာ ဒီစီမံကိန်းနဲ့ပတ်သတ်တဲ့ အတွက် သြစတြေးလျကုမ္ပဏီက ရှမ်းပြည်နယ် ကွမ်းလုံဘက်မှာ ဒေသခံတွေနဲ့ တွေ့တာမျိုးရှိတယ်။
ဒါပေမဲ့ သူတို့ တွေ့ဆုံတဲ့ ဒေသခံဆိုတာတွေက တကယ်ရေကာတာတည်ဆောက်မယ့် ဧရိယာက ဒေသခံတွေ မဟုတ်ဘူး။ ဘယ်လိုပုံစံမျိုးနဲ့ ဖိတ်သလဲတော့ ကျနော်တို့လဲ သေချာမသိဘူး။ နောက်ပြီးတော့ စီမံကိန်းနဲ့ ပတ်သတ်ပြီး ဒေသခံတွေကို ပြောပြ၊ ရှင်းပြတဲ့အခါ သက်ဆိုင်ရာ ဌာနေတိုင်းရင်းသား ဘာသာစကားမျိုးနဲ့ ရှင်းပြတာ မဟုတ်ဘူး။
ဘာသာစကားအခက်အခဲရှိသလို ကျနော်တို့ ပြန်သိရသလောက် စီမံကိန်းကြောင့် နောက်ဆက် တွဲဖြစ်လာ နိုင်မယ့် အကျိုးဆက်တွေကို ထင်သာမြင်သာချမပြဘဲ မက်လုံးပေးပြောတာမျိုးတွေရှိတယ်လို့ သိရတယ်။
မေး။ ။ ဒီစီမံကိန်းနဲ့ ပတ်သတ်ပြီး အရပ်ဖက်အဖွဲ့ အစည်းတွေ အပါအဝင် ဒေသခံအများစုက ဘာကြောင့် ကန့်ကွက်နေကြတာပါလဲ။
ဖြေ။ ။ အဓိကကတော့ နံပါတ် ၁ – ရေကာတာတွေ တည်ဆောက်မယ့် ဒေသတွေမှာ ငြိမ်းချမ်းရေး မရသေးသလို ဆည်တွေ ဆောက်လိုက်ရင် နယ်မြေစိုးမိုးမှုတွေနဲ့ ပဋိပက္ခတွေ အခုထက်ပိုများလာနိုင်သလို စစ်ဘေးဒုက္ခသည်တွေလည်း ပိုလာမယ်။
နံပါတ် ၂ – ကျနော်တို့ နိုင်ငံမှာ ဆောက်ပြီးသားဆည်တွေကို ကြည့်ကြည့်ပါ။ အကောင်းဆုံးလို့ ဆိုနိုင်တဲ့ ပေါင်းလောင်းဆည်ကိုပဲ နမူနာထားပြောရရင် ပေါင်းလောင်း ဆည်ဆောက်ဖို့အတွက် ရွှေ့ပြောင်း ပေးလိုက်ရတဲ့ ဒေသခံတွေရဲ့ ဒီနေ့အခြေအနေကို တချက်လေ့လာ ကြည့်ပါ။
နံပါတ် ၃ – ကျနော်တို့နိုင်ငံမှာ ရာသီဥတုပြောင်းလဲမှု (Climate Change) တွေ အများကြီး ဖြစ်လာတယ်။ ဒါ့အပြင် သစ်တောပြုန်းတီးမှုတွေဖြစ်နေတယ်။ ဆည်ဆောက်မဲ့ စီမံကိန်းခေါင်းစဉ်အောက် ကနေ ကျနော်တို့နိုင်ငံရဲ့ သယံဇာတတွေကို တူးယူသွားတာမျိုး မဖြစ်စေချင်တော့ဘူး။
နံပါတ် ၄- ဒီနေ့ နိုင်ငံမှာ အဂတိချစားမှုတွေက ရှိနေတုန်းပါပဲ။ အဲဒီတော့ ဒီစီမံကိန်းကနေ တဦးတယောက်၊ အဖွဲ့အစည်း တခုက ကောင်းစားသွားပြီး တိုင်းပြည်ကတော့ အကြွေးတင်သွားမှာမလိုလားပါဘူး။ နံပါတ် ၅ – ဌာနေ တိုင်းရင်းသားတွေရဲ့ အခွင့်အရေး၊ ဆုံးဖြတ်ခွင့်ဆိုတာမရှိဘဲ ဗဟိုချုပ်ကိုင်မှုပဲဖြစ်နေပါတယ်။ ဒီအချက်တွေ ကြောင့် အဓိကကန့်ကွက်ရတာဖြစ်ပါတယ်။
မေး။ ။ ဒီစီမံကိန်းနဲ့ ပတ်သတ်ပြီး သက်ဆိုင်ရာပြည်နယ် အစိုးရကရော ဒေသခံတွေကို ချပြရှင်းလင်းတာမျိုး ရှိပါသလား။
ဖြေ။ ။ ကရင်ပြည်နယ်အစိုးရအနေနဲ့ကလဲ သူ့ပြည်နယ်ထဲမှာ ဆောင်ရွက်မဲ့ ဟတ်ကြီးရေကာတာစီမံကိန်းနဲ့ ပတ်သတ်ပြီး ဘာမှပြောတာမရှိသေးပါဘူး။ နောက်တချက် ဒီစီမံကိန်းဟာ သူတို့ရဲ့လုပ်ပိုင်ခွင့်မှာ ရှိမနေတာကြောင့်လဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ လျှပ်စစ်ထုတ်လုပ်မဲ့ပမာဏ များတဲ့အတွက် ဒါက ပြည်ထောင်စုမှာပဲ လုပ်ပိုင်ခွင့်ရှိတယ်။ ဒါပေမဲ့ ပြည်နယ်မှာ လုပ်တာမှာ ဆောင်ရွက်မှာ ဖြစ်တဲ့အတွက် သက်ဆိုင်ရာ ပြည်နယ်အစိုးရရဲ့ သဘောထားမှတ်ချက်ကိုတော့ ပြည်ထောင်စုက တောင်းခံရမှာ ဖြစ်ပါတယ်။ အခုတော့ ဒေသခံတွေမှာ စီမံကိန်းကတမျိုး၊ တိုက်ပွဲတွေကြောင့်ရော အိမ်မပြန်ရဲဘဲ စစ်ဘေး ရှောင်စခန်းတွေမှာပဲ သောင်တင်နေတာကြာပါပြီ။
မေး။ ။ ဒေသခံအများစုက ကန့်ကွက်နေကြတဲ့ သံလွင်ရေကာတာ စီမံကိန်းနဲ့ ပတ်သတ်ပြီး ဘာပြောချင်လဲ။
ဖြေ။ ။ ကျနော်တို့ ၂၀၁၃ ခုနှစ်မှာ ဒီစီမံကိန်းနဲ့ ပတ်သတ်ပြီး သိရတဲ့အတွက် ကျနော်တို့တွေ ကန့်ကွက် ခဲ့ကြတယ်။ အဲဒီနောက်ပိုင်း အသံနည်းနည်းတိုးသွားတယ်။ ဒါပေမဲ့ လက်ရှိအစိုးရလက်ထက် ၂၀၁၆ ခုနှစ်နောက်ပိုင်းမှာ အစိုးရရဲ့ Energy Master Plan မှာ သံလွင်ရေကာတာစီမံကိန်းမှာ တခု အပါအဝင် ဖြစ်တဲ့ ကျနော်တို့ ပြည်နယ်ထဲက ဟတ်ကြီးရေကာတာကို ဘယ်နှခုနှစ် အပြီးတည်ဆောက်သွားမယ် ဆိုတာမျိုး ပါလာတယ်လို့ သိရပါတယ်။
ပြီးတော့ ရေကာတာ ဖောက်မယ့် ဧရိယာကို သွားမယ့်လမ်းကိုလဲ ၂၀၁၇ ခုနှစ်က ဖောက်လုပ် ခဲ့တယ်။ ဒါက ကျနော်တို့ပြည်နယ် အတွင်းက အခြေအနေပေါ့။ နောက်တခု လက်ရှိ NLD အစိုးရတက်လာ ပြီး ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်ခရီးစဉ်အပြီးမှာ ရှမ်းပြည်နယ် ကွမ်းလုံမြို့နယ်မှာ ဆေးရုံအသစ် တခုဆောက်ခဲ့တယ်လို့ သိရတယ်။
ဒါ့တင်မကဘူး တံတားအသစ်တစင်း ဆောက်ပေးဖို့အတွက်လဲ မြေတိုင်းတာတွေ လုပ်နေတယ်လို့ သိရတယ်။ အဲဒီတော့ ဒီဆောင်ရွက်ချက်တွေက ဒီစီမံကိန်းရဲ့ CSR (Corporate Social Responsibility) အနေနဲ့ လုပ်တာလားဆိုတာ မေးစရာဖြစ်လာတယ်။
မေး။ ။ ခုနက ရှင်းပြခဲ့သလို သံလွင်ရေကာတာစီမံကိန်းဟာ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁ သောင်းခွဲကျော် ထုတ်မယ်လို့ သိရပါတယ်။ အဲဒီထဲကနေ စီမံကိန်းမှာပါဝင်တဲ့ ပြည်နယ်တွေအတွက် ဘယ်လောက် ရာခိုင်နှုန်း ပြန်လည်ရရှိမယ် ဆိုတာကော သိပါသလား။
ဖြေ။ ။ ဒီစီမံကိန်းကို လုပ်မဲ့သူတွေက ဘယ်သူတွေဖြစ်တယ်။ အကျိုးအမြတ်တွေက ဘယ်သူတွေ ရမယ်ဆိုတာ ပွင့်လင်းမြင်သာတဲ့ချပြမှုမျိုး ဒီနေ့အထိမတွေ့ရသေးပါဘူး။ ကျနော်တို့ အကြမ်းဖျင်း သိရသလောက်မှာ စီမံကိန်းက ထွက်လာတဲ့ အကျိုးအမြတ်တွေအားလုံးထဲက ၄၅ ရာခိုင်နှုန်းကို တရုတ်ကယူမယ်။ ကျန်တဲ့ ၄၅ ရာခိုင်နှုန်းကို ထိုင်းကယူမယ်။ နောက်ဆုံးကျန်တဲ့ ၁၀ ရာခိုင် နှုန်းကို မြန်မာက ရမယ်။ အဲဒီ ၁၀ ရာခိုင်နှုန်းထဲကမှ ပြည်နယ်တွေကို ဘယ်လောက်ခွဲဝေပေးမယ်ဆိုတာ ခုထိ မသိရသေးပါဘူး။
မေး။ ။ ဒီစီမံကိန်းနဲ့ ပတ်သတ်ပြီး ဒေသခံတွေရဲ့သဘောထားဆန္ဒကို ပြည်ထောင်စု၊ ပြည်နယ်အဆင့် အစိုးရတွေဆီ ပေးပို့တင်ပြတာမျိုး ရှိပါသလား။
ဖြေ။ ။ ကျနော်တို့ ၂၀၁၄ မှာ ပြည်ထောင်စု အဆင့် အပါအဝင် ဒီစီမံကိန်းကို အကောင်အထည်ဖော်မဲ့ ကုမ္ပဏီ တွေကို အိတ်ဖွင့် ပေးစာအနေနဲ့ ပေးခဲ့ပါတယ်။ ပြီးတော့ ၂၀၁၆ ခုနှစ်မှာလည်း စီမံကိန်းကို ကန့်ကွက်တဲ့ သဘောထားလက်မှတ် ကမ်ပိန်းတွေလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ပြည်ထောင်စုအဆင့်က စာလက်ခံရရှိကြောင်း ပြန်လည်ပေးပို့တာကလွဲပြီး ဒီနေ့အထိ အားရတဲ့တုံ့ပြန်မှုမျိုးမရသေးပါဘူး။
မေး ။ ။ အကယ်၍ အစိုးရက ဒေသခံတွေရဲ့ဆန္ဒကို လစ်လျှူရှုပြီး စီမံကိန်းဆက်လုပ်မယ်ဆိုရင် နောက်ဆက်တွဲ အကျိုးဆက်က ဘာတွေဖြစ်လာနိုင်မလဲ။
ဖြေ။ ။ တကယ်လို့ ဆက်ဆောက်မယ် ဆိုရင်တော့ ငြိမ်းချမ်းရေးပျက်နိုင်ပါတယ်။ ဒီစီမံကိန်းနဲ့ ပတ်သတ်ပြီး လက်နက် ကိုင်အဖွဲ့တွေကလဲ သဘောမတူဘူးလို့ တရားဝင်ထုတ်ပြောပြီးသား ဖြစ်ပါတယ်။ ဒါကို နားမထောင်ဘဲ ဆက်လုပ်မယ်ဆိုရင်တော့ ငြိမ်းချမ်းရေးသာမက ကျန်တဲ့ Social impact, Environmental impact တွေပါ ဖြစ်လာနိုင်သလို တိုင်းပြည်ဆင်းရဲတွင်းက ပိုနက်သွားမှာပါ။ ဒီစီမံကိန်းဟာ ကျနော်တို့ ဒေသခံတွေ၊ နိုင်ငံသားတွေအတွက် တကယ်အကျိုးရှိ၊ မရှိဆိုတာ တိုင်းပြည်ကို ခေါင်းဆောင်နေတဲ့သူ တွေက ဉာဏ်ပညာကြီးမှု၊ အမျှော်အမြင်ရှိမှုတွေနဲ့ ဆုံးဖြတ်မဲ့အပေါ် မူတည်ပါမယ်။ ။
You May Also Like These Story:
သံလွင်ရေကာတာ တည်ဆောက်ရေး ပြည်ထောင်စုအဆင့် ဆွေးနွေးခွင့်ရရန် ကြိုးပမ်းမည်
သံလွင်မြစ်ပေါ် တည်ဆောက်မည့် ရေကာတာ စီမံကိန်း အစိုးရသစ် ဦးစားပေးဖြေရှင်းရန် တောင်းဆို
ကန့်ကွက်မှုများကြားက သံလွင် ရေအားလျှပ်စစ် စီမံကိန်းများ
သံလွင် ရေကာတာ စီမံကိန်းများနှင့် ဒေသခံလူထု၏ စိုးရိမ်မှု
မိုင်းတုံ ရေကာတာကြောင့် “ကျွန်းတထောင်မြေ” သဘာဝ အလှတရား ပျောက်ကွယ်နိုင်ဟု ဆို