ဗမာကို တိုင်းရင်းသားလို့ မမြင်တာ ပြဿနာ

ချစ်မင်းထွန်း
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD)မှ ဒုဥက္ကဌ စိုင်းညွန့် လွင် / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံတွင် နှစ်ပေါင်း (၇၀) ကျော်ကြာ ဖြစ်ပွားလာခဲ့သော ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ တည်ဆောက်နိုင်ရေးအတွက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ ညီလာခံမှာ ဆွေးနွေး အဖြေရှာနေကြသည်။

သို့သော်လည်း တိုက်ပွဲများက ဆက်လက် ဖြစ်ပွားနေသေးသည်။ ထိုတိုက်ပွဲများကြောင့် ၂၀၂၀ ရွေးကောက်ပွဲ ကာလ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲများ ဖြစ်ပေါ်ရေးနှင့် တိုင်းဒေသကြီး/ပြည်နယ် မဲဆန္ဒနယ် အားလုံး ရွေးကောက်ပွဲ ကျင်းပနိုင်ရေး အနှောင့်အယှက်ဖြစ်မည်ကိုလည်း စိုးရိမ်နေကြရသည်။

ထို့အပြင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ကြိုးပမ်းမှုတွင် မြန်မာနိုင်ငံအတွင်းရှိ လူမျိုးများ အားလုံးသည် ဗမာတိုင်းရင်းသားကို တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုမှု အားနည်းနေခြင်းနှင့် ဗမာ တိုင်းရင်းသားများ၏ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာရေး ဆန္ဒများကို ပါဝင်လာရေး တွန်းအားပေးမှု နည်းပါနေခြင်းကလည်း ပြဿနာ တခု ဖြစ်နေဟု အခြားတိုင်းရင်းသားများဘက်က ယူဆနေကြသည်။

အဆိုပါ အခြေအနေများနှင့် ပတ်သက်ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD)မှ ဒုဥက္ကဌ စိုင်းညွန့် လွင်ကို ဧရာဝတီသတင်းဌာန အကြီးတန်းသတင်းထောက် ချစ်မင်းထွန်းက တွေ့ဆုံ မေးမြန်းထားသည်။

မေး ။ ။ RCSS က ပင်လုံအစည်းအဝေး ကျင်းပမယ်ဆိုရင် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ(ရှမ်းလူမျိုး အလိုက်)ကျင်းပဖို့ လျာထားတယ်လို့ ပြောတယ်၊ ဒီအပေါ် ဆရာတို့ ဘယ်လိုမျှော်လင့်ချက်ရှိလဲ၊ ဘယ်လို ညှိနှိုင်းဆောင်ရွက်မှုတွေရှိကြလဲ။

ဖြေ ။ ။ သူတို့နဲ့ ကျနော်တို့နဲ့တော့ အခုထိ မတွေ့ရသေးဘူး။ တွေ့မှပဲ ရှင်းရှင်းလင်းလင်း ပြောလို့ရမယ် ထင်တယ်၊ သတင်းတွေထဲမှာတော့ သူတို့က အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်မယ်၊ လုပ်နိုင်တဲ့ အခြေအနေရှိတယ် စသဖြင့်ပေါ့ ပြောပါတယ်။ တကယ့် တကယ်ကျတော့ အရင်တုန်းကလည်း လုပ်ဖို့ ကြိုးစားခဲ့ကြတယ်။ ဒါပေမယ့် တပ်ဘက်နဲ့ အစိုးရဘက်က မိုင်းပန်မှာ လုပ်ရမယ်ဆိုပြီး သတ်မှတ်တယ်။ ကျနော်တို့ ရှမ်း အမျိုးသားအဆင့်ပေါ့နော်၊ ရှမ်းအမျိုးသားအဆင့်ဆိုတာ ရှမ်းတမျိုးသားလုံး ကိစ္စဖြစ်တာကို ဆိုတော့ ဒီလောက် ကြီးကျယ်တဲ့ကိစ္စကို မိုင်းပန်မှာပဲ သွားလုပ်ခိုင်းနေတယ်ဆိုတာ ဒါက ဂုဏ်သိက္ခာအရရော နောက်တချိန်မှာ သမိုင်းရေးတဲ့အခါမှာလည်းပဲ မလှဘူးပေါ့နော်။

နောက်ပြီးတော့ မိုင်းပန်ကို တပြည်လုံးက လာမယ်ဟေ့ဆိုရင် လွယ်တာမဟုတ်ဘူး။ ဆိုတော့ ဒါက မဖြစ်ခဲ့ဘူး ပေါ့။ နောက်ပိုင်းမှာ ပြန်ညှိတဲ့အခါမှာ မိုင်းပန်က လင်းခေးခရိုင်ထဲမှာ ပါတယ်၊ အဲတော့ လင်းခေးမှာ လုပ်ပါ စသည်ဖြင့် အဲဒါကလည်း မလုပ်ဖြစ်ဘူးပေါ့။ မလုပ်ဖြစ်တာကလည်း အကြောင်းအရင်း ရှိပါတယ်၊ ကျနော်တို့ လူထု တွေ့ဆုံပွဲတွေ လုပ်ကြပါတယ်၊ လူထုတွေ့ဆုံပွဲတွေ လုပ်တဲ့အခါမှာ တပ်ကနေပြီးတော့ တားမြစ်တာတွေလည်း ရှိတယ်၊ မလုပ်စေချင်ဘူးပေါ့၊ အဲလိုမျိုးတွေဖြစ်လာတယ်။

ကျနော်တို့ဘက်ကလည်း ရဲတပ်ဖွဲ့ဘက်က တားတယ်ဆိုရင် အကြောင်း မဟုတ်သေးဘူး၊ တပ်မတော်က ကိုယ်တိုင်တားနေတဲ့အခါဆိုတော့ ဒီကိစ္စက ဆိုင်းငံ့ထားတာ ပိုကောင်းမယ်။ ဆိုင်းငံ့ထားတယ်ဆိုတော့ အခုထိတော့ ကျနော်တို့ ဆိုင်းငံ့ထားတဲ့ ဆုံးဖြတ်ချက်က ရှိနေတုန်းပဲ။ ဒါပေမယ့် RCSS ကတော့ နောက်ပိုင်း ဆွေးနွေးတာတွေ ရှိတယ်၊ အစိုးရနဲ့ တပ်နဲ့ရော သူဆွေးနွေးတယ်၊ ဘယ်လို ဆွေးနွေးခဲ့လဲ ကျနော်လည်း မသိဘူး။

မေး ။ ။ တကယ်လို့ ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခဲ့မယ်ဆိုရင် SNLD အနေနဲ့ ဘယ်လိုမျိုးတွေ ပါဝင် ဆွေးနွေးဖို့ရှိမလဲ၊ ဘာတွေ စီစဉ်ထားမှုတွေရှိကြလဲ။

ဖြေ ။ ။ ခုဏပြောသလိုပေါ့၊ လောလောဆယ်မှာ ကျနော်တို့က ဒီဆွေးနွေးပွဲကို မစသေးဘဲနဲ့ ဆိုင်းငံ့ထား မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကတော့ လောလောဆယ်မှာ အဲဒီအတိုင်းပဲ ရှိနေသေးတယ်။ နောက်ဆုံးပေါ့နော် RCSS က ဘယ်လိုမျိုးဆွေးနွေးထားလဲဆိုတာ ကျနော်တို့ မသိရဘူး။ ဆိုတော့ ဘာမှ ပြန်ပြီးတော့ မဆွေးနွေးနိုင်သေးဘူး။

မေး ။ ။ အခု လွှတ်တော်ထဲမှာ NLD အပါအဝင် နိုင်ငံရေးပါတီ အများစု ဖွဲ့စည်းပုံပြင်ဆင်ရေး ကြိုးပမ်းနေကြတယ်။ အခု လက်ရှိ အချက်ပေါင်း ထောင်ချီပြီးတော့ ပြင်ဆင်ဖို့ ထွက်လာတယ်ပေါ့။ အဲအပေါ်မှာရော ဘယ်လိုမျိုး မျှော်လင့်ထားလဲ။

ဖြေ ။ ။ ကျနော် ပါတီအနေနဲ့ မဟုတ်ဘဲနဲ့ ကျနော့် ပုဂ္ဂိုလ်ရေး အနေနဲ့ ပြောရမယ်ဆိုရင် ဒီဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးကိစ္စကို လုပ်နေတာကတော့ ပါတီကြီး ၂ ခုရဲ့ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုပဲလို့ ထင်ပါတယ်။ သူတို့ ဒီပါတီကြီး ၂ ခု မတည့်မချင်း ဆွေးနွေးမှု မအောင်မြင်မချင်းပေါ့။ နောက်ပြီးတော့ ပါတီကြီး ၂ ခု အပြင် တပ်မတော်ကလည်း သဘောမတူတဲ့ အချိန်မှာတော့ အခြေခံဥပဒေကို ပြင်လို့မရပါဘူး။ ဒီအခြေခံ ဥပဒေကို ၂၀၀၈ အခြေခံဥပဒေထဲက ပုဒ်မတွေနဲ့ ပြင်ရမယ်ဆိုရင်တော့ လုံးဝ မဖြစ်နိုင်ပါဘူး။

ဆိုတော့ ပါဝင်ပတ်သက်တဲ့ ပါတီကြီး ၂ ခုပေါ့နော်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပေါ့နော်။ သူတို့ USDP နဲ့ NLD အဆင်ပြေသွားတယ်ဆိုရင်တောင်မှ တပ်မတော်က လက်မခံရင် မရသေးပါဘူး။ ဆိုတော့ အခု ပြင်ဆင်ရေးလုပ်နေတဲ့ ကိစ္စက ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စက ၂၀၀၈ အခြေခံဥပဒေရဲ့ ဘောင်ထဲမှာပဲ ပြန်ပြင်မယ်ဆိုရင်တော့ အောင်မြင်မှုရမယ်လို့တော့ ကျနော်မထင်ပါဘူး။

မေး ။ ။ ဒါဆို အခု NLD ကြိုးပမ်းတဲ့ လမ်းကြောင်းက ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရရှိရေးအတွက် စည်းရုံးရေးလမ်းကြောင်းတခု ဖွင့်လိုက်တဲ့အနေအထားလို့ ပြောလို့ရလား။

ဖြေ ။ ။ ၂၀၁၅ ရွေးကောက်ပွဲ မဲဆွယ်တုန်းက အဓိက ပေးခဲ့တဲ့ ကတိက အခြေခံဥပဒေ ပြင်မယ်ဆိုတဲ့ ကတိပဲ။ ဆိုတော့ အခုက ၃ နှစ်ရှိလာပြီလေနော်၊ ဒီကတိကဝတ် ဘာမှမလုပ်သေးဘူးဆိုတဲ့ကိစ္စက NLD အတွက် မကြာခင်မှာ ကျင်းပတော့မယ့် ရွေးကောက်ပွဲအတွက် မဲဆွယ်ပွဲအတွက် သူ့မှာ အခက်အခဲ ရှိမယ်လေ။ လူထုကြားထဲရောက်သွားရင် လူထု မေးမှာပေါ့။ ဒါကြောင့်လုပ်တာလည်း အကြောင်းတခုတော့ ပါပါတယ်။

မေး ။ ။ အခု ရခိုင်မှာ တိုက်ပွဲတွေက ပြင်းထန်လာတယ်၊ ရခိုင်မှာ ဒီထက် တိုက်ပွဲတွေ ပြင်းထန်လာလို့ ၂၀၂၀ ရွေးကောက်ပွဲ မလုပ်နိုင်ရင် ရခိုင်ပြည်နယ်အတွက် နစ်နာမယ်ဆိုတဲ့ဟာတွေ ပြောလာကြတယ်။ ဒီအပေါ်ရော ဘယ်လို သုံးသပ်မိလဲဗျ။

ဖြေ ။ ။ ဟုတ်တယ် ကျနော်တို့လည်း အဲဒီအတွက်ကို စိတ်ပူတယ်၊ ဒီထက်ပြင်းထန်လာရင်တောင် မဟုတ်ဘူး အခုအခြေအနေမှာတောင် လုပ်ဖို့က အခက်အခဲရှိတယ်။ အဲတော့ ဒါက ရခိုင်လူထုအပေါ်မှာ မူတည်တယ်။ ရခိုင်လူထုရဲ့ဆန္ဒပေါ့။ နောက်တခါ ရွေးကောက်ပွဲကော်မရှင်ရဲ့ သဘောထား အစိုးရရဲ့ အားထုတ်မှုရော အဲအပေါ်မှာ မူတည်ပါတယ်။ အဲနေရာတွေကတော့ ရခိုင်တွေပဲ ပြန်အနိုင်ရမယ့် ကိစ္စတွေပါ။ ဒီလို ကျိန်းသေနိုင်မယ့် နေရာတွေကို ရွေးကောက်ပွဲ မကျင်းပဖြစ်ဘူးဆိုရင်တော့ ရခိုင်တွေအတွက် နစ်နာတာပေါ့။

မေး ။ ။ တိုက်ပွဲတွေလည်း လျှော့ချနိုင်မယ်၊ ရွေးကောက်ပွဲလည်း ပုံမှန်အတိုင်းပဲ တည်တည်ငြိမ်ငြိမ်နိုင်ဖို့ ဆိုရင် နှစ်ဖက် ဘယ်လိုမျိုးသွားသင့်လဲ၊ ဘယ်လိုပုံစံမျိုးတွေ လုပ်ဆောင်သင့်ပါသလဲ။

ဖြေ ။ ။ ကျနော်တို့ အရင်တုန်းက တိုက်ပွဲမဖြစ်တဲ့နေရာတွေပေါ့၊ မိုင်းရူနဲ့ ကျေးသီး ၂ မြို့နယ်ကို ကျားဖြူ ပါတီကနေပြီးတော့ စာတင်တယ်လေ။ ဒါ ရွေးကောက်ပွဲ မကျင်းပသင့်ဘူးဆိုပြီးတော့ မကျင်းပခဲ့ရဘူး။ ၂၀၁၅ မှာ မကျင်းပခဲ့ရဘဲနဲ့ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲကျမှ ကျင်းပခဲ့ရတယ်လေ။ လူထုတွေက သူတို့ ကိုယ်စားလှယ် မရှိဘဲ ၂ နှစ်လုံးလုံး လှိမ့်ပိတ်ခံခဲ့ရတာ။ အဲအခြေအနေမျိုးတောင် ရှိခဲ့တာကို၊ ဒီတော့ ရခိုင်မှာ ရွေးကော က်ပွဲ ဖြစ်စေချင်တာပေါ့နော်။

ဘာကြောင့်လဲဆို ရွေးကောက်ပွဲလုပ် ရခိုင်ကိုယ်စားလှယ်တွေပဲ နိုင်ဖို့ များတာကို။ အခု လုပ်နိုင်တဲ့ နည်းလမ်း တခုရှိတာ ဘာလဲဆိုတော့ နှစ်ဖက် အပစ်အခတ်ရပ်စဲရေး လုပ်လိုက်ရင်တော့ တပ်မတော်နဲ့ AA နဲ့လည်း အပစ်အခတ် မရှိတော့ဘူးဆိုရင် ရွေးကောက်ပွဲ ပြန်လုပ်နိုင်လိမ့်မယ်လို့ ကျနော်ထင်တယ်။

မေး ။ ။ အခု ကျနော်တို့ နိုင်ငံမှာ အစိုးရ ဖွဲ့နိုင်တဲ့ ပါတီကြီးဆို ရေတွက်ကြည့်ရင် ထင်ထင်ရှားရှားဆိုလို့ ၂ ပါတီပဲ ရှိတယ်။ တိုင်းရင်းသားပါတီတွေအနေနဲ့ အစိုးရ ဖွဲ့နိုင်တဲ့ ပါတီမျိုးဖြစ်ဖို့အတွက် ဘယ်လို ပုံစံမျိုးတွေ သွားဖို့ လိုအပ်မလဲ။

ဖြေ ။ ။ တိုင်းရင်းသားပါတီတွေကို USDP ပါတီက ဆွေးနွေး နေတာတွေ ရှိပါတယ်။ ကျနော်တို့တော့ မပါပါဘူး။ တိုင်းရင်းသားပါတီ တချို့လည်း ဆွေးနွေးနေတယ်လို့ ကြားတာပေါ့နော်။ NLD ကတော့ ဒေါက်တာဇော်မြင့်မောင်က တာဝန်အရှိဆုံးပါ။ သူက ဒု ဥက္ကဌ(၂)ဆိုတော့ ကျန်တဲ့ ဒုဥက္ကဌ(၁)နဲ့ ဥက္ကဌကြီးကတော့ ပြည်ထောင်စုအစိုးရထဲမှာဆိုတော့ ပါတီလုပ်ငန်းတွေ မလုပ်ရဘူး။ သူကတော့ ဘယ်ပါတီနဲ့မှ မဟာမိတ်လုပ်ဖို့မရှိဘူးလို့ ပြောထားတာ တွေ့ရတယ်။ တခြား ပါတီတွေနဲ့ NLD တို့ကြား နီးစပ်ဖို့ကတော့ သိပ်မရှိလောက်ဘူး ထင်တယ်။

မေး ။ ။ SNLD ပါတီကို အရင်တုန်းက အများမြင်ထားကြတာ ရှမ်းလူမျိုးပဲ ကိုယ်စားပြုတယ်ဆိုတဲ့ အနေအထား ပေါ့။ ဒါပေမယ့် ဆရာတို့ ပြန်ပြောင်းလိုက်တယ်လို့ ပြောသံတွေကြားတယ်။ ပြည်နယ်တခုလုံး လူမျိုးစုံ အကုန်ကိုယ်စားပြုတဲ့ သဘော ပြောင်းပြီး ပြိုင်မှာပေါ့နော်။ ဒီလိုပဲ တနိုင်ငံလုံး မဲဆန္ဒနယ်တွေမှာ ဝင်ပြိုင်နိုင်ဖို့အတွက် တိုင်းရင်းသားပါတီတွေ အနေနဲ့ဆိုရင် ဘယ်လိုပုံစံမျိုးတွေနဲ့ သွားသင့်လဲ။

ဖြေ ။ ။ တိုင်းရင်းသားပါတီပုံစံအနေနဲ့ဆိုရင်တော့ မဟာမိတ်ဖွဲ့မှ ရလိမ့်မယ်၊ မဟာမိတ်ဖွဲ့ရမယ်။ တိုင်းရင်းသား ပါတီဆိုတာမှာ ဘယ်ပါတီမဆို ဖွဲ့လို့ ရပါတယ်၊ ဘယ်ပါတီမဆို တိုင်းရင်းသားဘဲ။ ဒါပေမယ့် တိုင်းရင်းသား တခုတည်း ကိုယ်စားပြုတာ မဟုတ်ဘူးလေ။ ဥပမာ ကျနော်တို့ SNLD ဆိုလည်း မဲ အများကြီးနိုင်တယ်ဆိုရင် ရှမ်းအမျိုးသားတခုလုံးကို ကိုယ်စားပြု နိုင်တယ်လို့ ပြောလို့မရဘူးလေ။ အဲလိုပါပဲ NLD လည်း အများကြီးနိုင်တယ်၊ ဆရာဇော်(ဒေါက်တာဇော်မြင့် မောင်) ပြောသလိုပေါ့နော်၊ NLD ထဲမှာ ကရင်တွေပါတယ်၊ ရှမ်းတွေပါတယ်၊ မွန်တွေပါတယ်၊ ဘယ်သူက ဘယ်လောက်ပဲ ပါပါ တပြည်လုံးကို ကိုယ်စားမပြုနိုင်ပါဘူး။ တပြည်လုံးကို ကိုယ်စားပြုနိုင်တာက လွှတ်တော်ဆိုလည်း လွှတ်တော်ပေါ့ အဲဒီလို ရှိမှာပါ။

ဆိုတော့ တိုင်းရင်းသားတွေအနေနဲ့တော့ လုပ်နိုင်တာကတော့ တခြားပါတီပေါ့။ အခုခေတ်က ပြဿနာရှိတာက အတွေးအခေါ်ပိုင်းမှာ အများကြီးရှိတယ်။ အဲဒါ ဘာလဲဆိုတော့ ဗမာကို တိုင်းရင်းသားလို့ မသတ်မှတ်တဲ့ ပြဿနာ။ အမှန်က ဗမာလည်း တိုင်းရင်းသားပဲ။ အဲဒီထဲမှာမှ ကျနော်တို့ တိုင်းရင်းသား မဟာမိတ်ပါတီထဲမှာ ဗမာတိုင်းရင်းသားဆိုတာလည်း ပါနိုင်တာပဲ။ အားလုံးက နိုင်ငံသား တိုင်းရင်းသားတွေချည်းပဲ။ အားလုံးပါနိုင်ရမယ်၊ မူဝါဒလည်း ညှိဖို့လိုမယ်လို့ ကျနော်ထင်တယ်။ မူဝါဒတွေသာ ညီမျှမယ်၊ မဟာမိတ်ဖွဲ့နိုင်မယ်ဆိုရင် ကျနော်တို့ကိုယ်တိုင် ခုဏပြောသလိုပေါ့ ပါတီကြီး ၂ ခုကို မကျော်လွှားနိုင်ရင်တောင်မှ အပြန်အလှန် ထိန်း ကြောင်းနိုင်တဲ့ ကိုယ်စားလှယ် အရေအတွက် ရနိုင်တာပေါ့နော်။

မေး ။ ။ ဗမာကို တိုင်းရင်းသားလို့ မမြင်ဘဲ ဗမာလို့မြင်ပြီး ကိုယ့်ကိုယ်ကိုယ် ကျတော့ တိုင်းရင်းသားလို့ပဲ မြင်နေကြတယ်။ အဲအပေါ်မှာရော ကျနော်တို့ရဲ့ Mindset တွေကို ပြောင်းဖို့လို လား၊ ဘယ်လိုပုံစံမျိုး ဖြစ်သင့်လဲဗျ။

ဖြေ ။ ။ လိုတာပေါ့ဗျ၊ လိုတာပေါ့။ ကျနော် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) မှာ တော်တော်လေး ဆွေးနွေးခဲ့ရတာရှိတယ်၊ အခုက ဗမာက မင်းတို့က တိုင်းရင်းသား ငါတို့ဗမာဆိုပြီး ခွဲခြားတာ မဟုတ်ဘူး၊ ရှိတော့ ရှိပါတယ် ဒါပေမယ့် နည်းတယ်။ အခုက တိုင်းရင်းသားတွေ ကိုယ်တိုင်က ကိုယ့်ကိုယ်ကိုယ် ခွဲခြားနေတာလေ၊ ငါတို့က တိုင်းရင်းသားပါတီတွေပဲ တိုင်းရင်းသား အချင်းချင်းပဲ လက်တွဲမယ် ဗမာ မပါရဘူး။ အမှန်တော့ ဗမာကလည်း တိုင်းရင်းသားပဲ။ အဲလို လုပ်ရင်း လုပ်ရင်းနဲ့ တိုင်းရင်းသားတွေ ကိုယ်တိုင်ကိုယ်က ပြန်ပြီးခွဲခြားတာ၊ ကိုယ့်ကိုယ်ကိုယ် ခွဲခြားတာ အဲလို အနေအထားမျိုး တဖြည်းဖြည်း ဖြစ်လာတယ်။

ဒီကောင်က အမြင်ကျဉ်းတယ်၊ အမြင်မှာ ကျယ်ပြန့်မှု မရှိဘူး၊ ဒီ Mindset ကို ပြင်ရမယ်။ ပြင်မှ ကျနော်တို့ အားလုံး ညီညွတ်ရေး ရနိုင်မယ်လေ။ ဗမာအမျိုးသားတွေဘက်မှာလည်း သူတို့ နဂိုရှိရင်း စွဲပေါ့နော်၊ ဗမာက ဗမာပြည်ပေါ့၊ ဥပမာ စတုတ္ထနိုင်ငံတော်တို့ ဘာတို့ အဲဒါတွေကိုလည်း လျှော့ချဖို့ လိုတယ်။ ဒီနိုင်ငံက တိုင်းရင်းသားတွေ နိုင်ငံပဲလေ။ အရင်တုန်းက ဘာပဲ ဖြစ်ခဲ့ ဖြစ်ခဲ့၊ ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရတဲ့အခါမှာ အားလုံး တသွေးတသားတည်း ရခဲ့ကြတာ။ ဆိုတော့ အဲအပေါ်မှာ နည်းနည်း ပြောင်းလဲလိုက်မယ်ဆိုရင် ကျနော်ထင် တယ် တိုင်းရင်းသားအရေးတွေ ဘာတွေလည်း ဖြေရှင်းရတာ နည်းနည်း ပိုပြီးတော့ နီးစပ်မယ်ထင်တယ်။

မေး ။ ။ အခုပေါ့လေ ကျနော်တို့ လေ့လာမိသလောက် ဖက်ဒရယ်ဆိုပြီး သွားကြတယ်၊ ဖက်ဒရယ် သွားတဲ့ အခါမှာ ဗမာတိုင်းရင်းသားတွေရဲ့အသံကို မကြားရဘူး၊ အဲဒါက ဘာတွေ အားနည်းနေလို့လဲ၊ ဗမာ မဟုတ် သော လူမျိုးတွေက ဗမာရဲ့အသံကို နားမထောင်လို လို့လား။ ဒါမှမဟုတ် နားထောင်ဖို့ အားနည်းနေတာလား။

ဖြေ ။ ။ သိပ်နားမလည်တာလည်း ပါတယ်ဗျ၊ ဖက်ဒရယ်ဆိုတာကို သိပ်နားမလည်ဘူး၊ ဖက်ဒရယ်ဆိုရင် ဒါတိုင်းပြည်ကို သစ္စာဖောက်တာပဲ၊ ပြည်ထောင်စုပြိုကွဲရေးလုပ်တာပဲ၊ အဲလိုမျိုး လှုံဆော်မှု တွေက နှစ်ပေါင်းများစွာပေါ့။ စာပေထဲမှာရော၊ သီချင်းထဲမှာရော၊ နောက်စာအုပ်တွေထဲမှာရော အကုန်လုံးပေါ့ နော် ဖြစ်ခဲ့တာ များတယ်၊ ကြာလာတဲ့အခါ ဒါ အရိုးစွဲလာတာလည်း ပါပါတယ်။

ဒါကို ပြန်ပြီးဖြေလျှော့ဖို့အတွက် ကျနော်တို့ ဖက်ဒရယ်လစ်ဇင်းနဲ့ ပတ်သက်တဲ့ သင်တန်းတွေ၊ ဆွေးနွေးပွဲတွေဆိုရင် ပြည်နယ်တွေမှာ သိပ်မလုပ်တော့ပဲနဲ့ တိုင်းဒေသကြီးတွေ၊ ဗမာအမျိုးသားတွေရှိတဲ့ နေရာတွေမှာ လုပ်ဖို့ ပြန်တိုက်တွန်းနေတာတွေ ရှိတယ်။

တိုင်းရင်းသားတွေဆီမှာပဲ ဖက်ဒရယ်ကိစ္စ သွားသွားပြောနေတာ၊ တိုင်းရင်းသားတွေက ပြောမယ်ဆိုရင် ဖက်ဒရယ်ကိစ္စ တော်တော်များများ နားလည်ကြတယ်။ နားမလည်သေးတာက တိုင်းဒေသကြီးမှာ ရှိတဲ့ ဗမာ အမျိုးသားတွေက သိပ်နားမလည်ကြသေးဘူး၊ အဲမှာပဲ ပြန်လုပ်ဖို့လိုတယ်လို့ ကျနော်တို့ တိုက်တွန်းခဲ့တာ ရှိတယ်၊ လုပ်လည်း လုပ်နေတာတွေရှိတယ်။

မေး ။ ။ အခု ပင်လုံ ညီလာခံပဲ ခေါ်မလား၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံပဲ ခေါ်မလား၊ အဲမှာ ဗမာတိုင်းရင်းသားတွေရဲ့ ကိုယ်စားပြုမှုနဲ့ အသံက မရှင်းဘူး ဖြစ်နေတယ်။ ဒီအပေါ်မှာရော ဘယ်လို သုံးသပ်မိလဲ။

ဖြေ ။ ။ အဲဒါက တော်တော်လေး ပြောရခက်တာပေါ့နော်၊ ဗမာက ကျယ်ပြန့်တာကို။ နောက်ပြီးတော့ အဖွဲ့အစည်းတွေကလည်း အများကြီးဆိုတော့လေ၊ ဘယ်သူက ကိုယ်စားပြုမလဲဆိုတာက နည်းနည်းတော့ အခက်အခဲ ရှိမှာပေါ့။ အဲတော့ ပြောဖို့တော့ ခက်တယ်၊ ခုဏကျနော်ပြောချင်တဲ့ အမျိုးသားအဆင့်ဆွေးနွေး ပွဲ တွေဆိုလည်း အဲလိုပဲလေ။

အခု ရှမ်းအမျိုးသားပေါ့နော်၊ အမျိုးသားအဆင့် ရှမ်းတိုင်းရင်းသား၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပဖို့ ပြောကြတယ်။ ကျနော် ထောက်ပြချင်တာ တခုရှိတယ်။ ဗမာတိုင်းရင်းသားပေါ့။ အမျိုးသားနိုင်ငံရေး ဆွေးနွေးပွဲကျတော့ မလုပ်ဘူးလား အဓိက လူမျိုးက ဗမာတိုင်းရင်းသားပဲလေ။ အဲဒါက လုပ်ဖို့လည်း မလိုဘူးလား၊ လုပ်ဖို့ မသင့်တော်ဘူးလား ဆိုတော့ အဲလိုမျိုး စလိုက်ရင်တော့ အကုန်လုံးက ရပ်ဆိုင်းသွားတယ်။ ဘာကြောင့်လဲတော့ ကျနော်လည်း မသိဘူး၊ မလိုတာတော့ မဟုတ်ဘူး။ လုပ်မယ်ဆို လုပ်လို့ရတာပဲ ဒါပေမယ့် ဘယ်သူမှ စဉ်းစားပုံလည်း မပေါ်ဘူး။

မေး ။ ။ ၂၀၂၀ ရွေးကောက်ပွဲကို တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းနဲ့ သွားနိုင်ဖို့ အတွက်ဆိုရင် ဘယ်လို ပုံစံမျိုး ဝိုင်းဝန်း ကြိုးပမ်းဖို့လိုမလဲ။

ဖြေ ။ ။ ကျနော်ပြောချင်တာကတော့ ရွေးကောက်ပွဲ တခု အေးအေးချမ်းချမ်းနဲ့ ကောင်းကောင်း မွန်မွန် ဥပဒေနဲ့အညီပေါ့၊ မတရားလုပ်တာတွေလည်း နည်းတယ်၊ တိုက်ခိုက်တာတွေ အပြစ်ပြောတာတွေလည်း နည်း နည်း လျှော့သွားပြီးတော့ လုပ်ဖို့ဆိုရင် နိုင်ငံရေးဘောင် ကျယ်ဖို့လိုတယ်။ အခုက ကျနော်တို့ တိုင်းပြည်မှာ စစ်ဘောင်က ကျယ်တယ်၊ စစ်ဘောင်က နိုင်ငံရေးဘောင်ထက် အများကြီး ကျယ်တယ်။ အခု အပစ်ရပ်ရေး ဆွေးနွေးနေတာမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါတဲ့ ပုဒ်မတွေအပေါ်မှာပဲ ဆွေးနွေးနေတာ၊ နိုင်ငံရေး အရ ဆွေးနွေးတာ တချက်မှ မပါပါဘူး။

ဆိုတော့ အဲဒါတွေက နိုင်ငံရေးဆွေးနွေးတာတွေ ပြန်လုပ်ဖို့ လိုမယ်၊ နောက်တခါ စစ်ပွဲတွေဖြစ်နေတဲ့ နေရာတွေမှာလည်းပဲ ရွေးကောက်ပွဲ ကာလပေါ့နော် ၂-၃ လ လောက်မှာ တခါတည်း အပစ်အခတ်တွေ ရပ်စဲပြီးတော့ တပ်တွေလည်း ဆုတ်ခွာပြီးတော့ လူထုတွေ ကောင်းကောင်းမွန်မွန်နဲ့ လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့် ဖွင့်ပေးလိုက်မယ်ဆိုရင် ခင်ဗျားပြောတဲ့ အခြေအနေ ရလာမှာပါ၊ အကောင်းဆုံး ဖြစ်မှာပါ။

ဆက်စပ်ဖတ်ရှုရန်

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်အသက်ဝင်လာရန် ဆောင်ရွက်မည်ဟု RCSS ပြော

၂၁ ရာစုပင်လုံ စတုတ္ထ အစည်းအဝေးကို KNU မပါလျှင်ပင် ကျင်းပသွားဖွယ်ရှိ

နမ့်ဟူးတောင်းကျေးရွာ အုပ်စုရှိ ရာအိမ်မှူး၊ ဆယ်အိမ်မှူး ၂၂ ဦး ထွက်စာတင်

Did you find apk for android? You can find new Free Android Games and apps.
Loading