ယခုလပိုင်းအတွင်း ဆင်တုပ်ကွေးဟုခေါ်သည့် တုပ်ကွေးရောဂါ ၁ မျိုး ဖြစ်ပွားနေရာ လူထုမှာ စိုးရိမ်ပူပန်မှုများ မြင့်တက် လျက် ရှိသည်။ သို့ဖြစ်ရာ ဆင်တုပ်ကွေး၏ ရောဂါလက္ခဏာများနှင့် ကာကွယ် ကုသနိုင်သည့် နည်းလမ်းများကို သိရှိနိုင်ရန် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ရောဂါနှိမ်နှင်းရေး အထူးကုဆရာဝန်ကြီး ဒေါက်တာမျိုးသန့်ကို ဧရာဝတီသတင်းထောက် သဇင်လှိုင်က တွေ့ဆုံမေးမြန်းခဲ့ပါသည်။
မေး။ ။ ဆင်တုပ်ကွေးရောဂါတွေ ဖြစ်နေတယ်လို့ ကြားသိရပါတယ်။ ဘာကြောင့် အဲဒီရောဂါ က ဖြစ်ပွားရတာပါလဲရှင့်။
ဖြေ ။ ။ အခုရက်ပိုင်း အဖြစ်များနေတဲ့ ဆင်တုပ်ကွေးရောဂါဖြစ်ရတဲ့ အကြောင်းအရင်းကတော့ Chikungunya Virus ကြောင့် ဖြစ်တာ၊ Chikungunya Virus ဆိုတာ တန်ဇန်းနီးယားနိုင်ငံမှာ ဖြစ်ပွားတဲ့ ဗိုင်းရပ်စ်ဖြစ်တယ်။ အဲဒီ ဗိုင်းရပ်စ်က ဘယ်ကနေ ကူးနေသလဲ ဆိုရင် ခြင်ကိုက်ခံရတဲ့ အခါမှာ ကူးစက်တယ်။ ခြင်က ဘယ်လိုခြင်မျိုးလဲဆိုရင် Aedes ခြင်ပေါ့။ သူက သွေးလွန်တုပ်ကွေး Dengue ဗိုင်းရပ်စ်ကိုလည်း သယ်ဆောင်တယ်။ Chikungunya ဆိုတဲ့ ဗိုင်းရပ်စ်ကိုလည်း သယ်ဆောင်တယ်။
အဲဒီခြင်ကိုက်ခံပြီးတဲ့နောက် ၃ ရက်ကနေ ၅ ရက်အတွင်းမှာ ဆင်တုပ်ကွေးရောဂါ ဖြစ်လာတာပေါ့။ Chikungunya ဆိုတဲ့ အဓိပ္ပာယ်ကတော့ တွန့်လိမ်ကောက်ကွေ့ခြင်းလို့ အဓိပ္ပာယ် ဖွင့်ဆိုတယ်။ ခြင်ကိုက်ခံရပြီးတော့ ၃၊ ၄ ရက်မှာဆိုရင် ဖျားတယ်။ အဆစ်အမြစ်တွေ ကိုက်ခဲတယ်။ ခေါင်းတွေကိုက်ခဲတယ်။ ကိုက်ခဲမှုက ပြင်းထန်တဲ့ အတွက်ကြောင့်မို့လို့ ဆင်နင်းထားသလို ကိုယ်လက်တွေ အရမ်းကိုက်ခဲတာမျိုး ခံစားရတယ်။
အဲဒီလို ကိုက်ခဲပြီး နောက်ပိုင်းမှာဆိုရင် အရေပြားပေါ်မှာ အနီကွက်တွေ၊ အဖုအပိမ့်တွေ ထွက်တတ်တယ်ပေါ့။ ကာကွယ် ဆေးဆိုတာလည်း မရှိသေးဘူး။ ခြင်ကိုက်မခံရအောင် ကာကွယ်ခြင်းကသာ ဆင်တုပ်ကွေး ရောဂါကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ကုသတဲ့ အနေနဲ့ကတော့ နီးစပ်ရာ ဆိုင်က စပ်ဆေးတွေကို မသောက်ဘဲနဲ့ သေချာ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန် တွေဆီမှာ စောစောစီးစီး ပြသသင့်ပါတယ်။
ဆင်တုပ်ကွေးရောဂါဖြစ်လို့ အသက်သေဆုံးနိုင်တဲ့ အနေအထားတော့ မရှိဘူး။ သို့သော် ဖြစ်နေတဲ့ အချိန်ကာလမှာဆိုရင် အရမ်း နာကျင်ကိုက်ခဲတာတွေ၊ အရေပြားပေါ်မှာ အဖုအပိမ့်တွေ ထွက်တာ ဖြစ်တတ်တော့ အဲဒီရောဂါဖြစ်ပြီးတဲ့ လူကို ၅ ရက်လောက် တပတ်လောက်အတွင်းမှာ တခြားခြင်တကောင်က ကိုက်ပြီးတော့ သူစိမ်းတယောက်ကို အဲဒီခြင်က ထပ်ပြီး ကိုက်မယ်ဆိုရင် အဲဒီရောဂါပိုးကူးစက် ပျံ့နှံ့စေတယ်ပေါ့။
ဒါကြောင့် ဆင်တုပ်ကွေးရောဂါ၊ နောက်ပြီး သွေးလွန်တုပ်ကွေး ရောဂါ မဖြစ်အောင် ခြင်ကိုက်မခံရအောင် နေထိုင်ခြင်း ကသာ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
မေး ။ ။ ဘယ်လိုကာကွယ်နေထိုင်သင့်ပါသလဲ။
ဖြေ ။ ။ ဒီ အေးဒီးစ်ခြင်ရဲ့ သဘာဝက ရေကြည်၊ ရေသန့် သောက်သုံးရေတို့၊ ရေချိုးတဲ့ ရေတို့ ရေကြည်ရေသန့်တွေမှာ သူတို့က ပေါက်ဖွားလေ့ရှိတယ်။ သွေးလွန်တုပ်ကွေးခြင်လိုပဲ ဘုရားစင်မှာ ရှိတဲ့ရေတို့၊ ပန်းအိုးထဲမှာ ရှိတဲ့ ရေတို့၊ ရေတင် ကျန်နိုင်တဲ့ နေရာတို့ ခြင်နှိမ်နှင်းရေးက အဓိက ဆိုရင် သွေးလွန်တုပ်ကွေးကို ကာကွယ်တဲ့သဘောပဲ ဖုံး၊ သွန်၊လဲ၊ စစ် ဆိုတာ ရှိတယ်။ ခြင်လောက်လန်းကို နှိမ်နှင်းတာရှိတယ်၊ ခြင်ကြီးကောင်တွေကို နှိမ်နှင်းတာရှိတယ်။ ခြင်ပေါက်ဖွားမှု ရှိနိုင်တဲ့ ပိုးလောက်လန်းတွေကို ဖယ်ရှား ရှင်းလင်းမယ်ဆိုရင် ခြင်ပေါက်ဖွားမှု နည်းမယ်ပေါ့။
နောက်ပြီး သက်ကြီး ခြင်ကောင် တွေကတဆင့် အကိုက်မခံရအောင် အင်္ကျီလက်ရှည်၊ ခြင်ကိုက်မခံရအောင် ဆေးတွေပေါ့။ နေ့ဘက်မှာဆိုရင် များသောအားဖြင့် ကိုက်တတ်တာဆိုတော့ ခြင်တွေခိုအောင်းနိုင်တဲ့ နေရာတွေ ရှင်းလင်းရမှာပေါ့။
မေး ။ ။ အခုလို ဆင်တုပ်ကွေး ဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး ပြည်သူ့ကျန်းမာရေးဌာန အနေနဲ့ကရော ဘာတွေ လုပ်ဆောင်နေပါသလဲ။
ဖြေ ။ ။ ဆင်တုပ်ကွေးရောဂါ တခုတည်းကို ကာကွယ်တာ မဟုတ်ဘူးလေ။ ခြင်ကို နှိမ်နှင်းရေးလုပ်လိုက်တာနဲ့ တပြိုင်နက် တလက်စတည်း သွေးလွန်တုပ်ကွေး ရောဂါကိုလည်း ကာကွယ်ပြီးသား ရတာပေါ့။ အဲဒီတော့ ခြင်၊ လောက်လန်း နှိမ်နင်း ခြင်း၊ နောက်ပြီး ခြင်ကျားကို နှိမ်နင်းခြင်းအားဖြင့် သွေးလွန်တုပ်ကွေးရောဂါလည်း ကာကွယ်နိုင်တယ် ဆင်တုပ်ကွေး ရောဂါ ဖြစ်စေတဲ့ ပိုးကိုလည်း ကာကွယ်နိုင်တယ်။
မေး ။ ။ လက်ရှိမှာ ခြင်နှိမ်နှင်းရေး လုပ်ငန်းတွေရော လုပ်နေတာလားရှင့်။
ဖြေ ။ ။ ပုံမှန်အားဖြင့် ခြင်ပေါက်ဖွားမှု များတဲ့ မိုးတွင်းကာလ၊ မိုးဦးပိုင်းကာလ တွေမှာ ဒီလုပ်ငန်းကို ဖိဖိစီးစီး လုပ်ရတယ်။ အခုကတော့ လုပ်နေဆဲပေါ့။ ရောဂါပိုးကလည်း ခြင်ကိုက်ခံရပြီး ၃၊ ၄၊ ၅ ရက်အတွင်းမှာဆို ဒီရောဂါလက္ခဏာတွေ ပြလာ တယ်။ တခါ ဆင်တုပ်ကွေးရောဂါ ဖြစ်ပြီးသား လူကတော့ ရောဂါကို နိုင်သွားပြီဆိုတော့ ထပ်ပြီးတော့ မဖြစ်ဘူး။ ပထမ တခါ ဖြစ်ဖူးတယ်ဆိုရင် တော်တော်လေးတော့ ဝေဒနာပြင်းထန်မယ်။ အရမ်းကို ကိုက်ခဲတာမျိုးရှိမယ်။ အသက်အန္တရာယ် ထိခိုက်လောက်အောင်တော့ မဖြစ်ပါဘူး။
မေး ။ ။ အခုရက်ပိုင်းမှာက ရာသီတုပ်ကွေးက အဖြစ်များနေပြီး ဆင်တုပ်ကွေးပါ ဖြစ်လာတယ်ဆိုတော့ လူတွေက ရောဂါ ဆန်းတွေဖြစ်နေမှာမျိုးကို ထိတ်လန့်ကြတယ်၊ အဲဒီ တုပ်ကွေး အမျိုးအစား ၂ ခုရဲ့ ကွာခြားချက်ကို ရှင်းပြပေးပါဦး။
ဖြေ ။ ။ အခုဖြစ်နေတဲ့ ရာသီတုပ်ကွေး H1N1 နဲ့က ကူးစက်မှု မတူဘူး။ သူကတော့ နှာချေတာ၊ ချောင်းဆိုးတာ အသက်ရှုလမ်းကြောင်း ကနေတဆင့် ကူးစက်တာ။ ဆင်တုပ်ကွေး၊ သွေးလွန်တုပ်ကွေးတို့ကျတော့ ခြင်ကိုက်ခံရမှ ဖြစ်တာ။ ရာသီတုပ်ကွေး H1N1 ကတော့ ကာကွယ်ဆေး ထိုးလို့ရတယ်။
ကာကွယ်ဆေး ထိုးမယ်ဆိုရင် မိုးဦးမကျမီမှာ ထိုးရတယ်။ နှစ်စဉ်နှစ်တိုင်းလည်း ထိုးဖို့ လိုတယ်ပေါ့။ ဒီနှစ်ကာကွယ်ဆေး ထိုးထားပေမယ့် တသက်လုံး ကာကွယ်တာမျိုးတော့ မဟုတ်ဘူး။ တနှစ်တခါ မိုးဦးမကျမီမှာ ထိုးထားလိုက်ရင်တော့ ကောင်းတာပေါ့။ ကာကွယ်ဆေး ထိုးထားဖို့အတွက်ကို တိုက်တွန်းပါတယ်။
နောက်ပြီး မိမိရဲ့ အသုံးအဆောင် ပစ္စည်းတွေမှာ ဆိုရင် H1N1 ဗိုင်းရပ်စ်ပိုး လွင့်စင်ပြီးတော့ ကျနေတာမျိုးတွေ ရှိတယ်။ အဲဒါမျိုးတွေ ကိုင်တွယ်တဲ့ အခါမှာ လက်ကနေတဆင့် ကူးစက်တတ်တယ်ဆိုတော့ လက်ကိုလည်း ဆေးကြောရမယ်။
တုပ်ကွေး ဖြစ်နေတဲ့သူက နှာချေတယ်၊ ချောင်းဆိုးတယ် ဆိုရင် လူများများရှိတဲ့ အရပ်ကို မသွားဖို့ နှာခေါင်းစည်းတွေ ဘာတွေ တပ်ထားဖို့ပါ။ ရောဂါဖြစ်တဲ့သူ တွေကတော့ တပ်ထားသင့်တယ်။ ကျန်တဲ့သူတွေကတော့ သိပ်ပြီးတပ်ဖို့ မလိုဘူး။ ရောဂါဖြစ်တဲ့သူတွေက တဆင့် တခြားသူတွေကို မကူးစက်အောင် ကာကွယ်တဲ့ သဘောမျိုးနဲ့ တပ်ထားသင့်တယ်။
ဆင်တုပ်ကွေးရောဂါက Chikungunya ဆိုတဲ့ ဗိုင်းရပ်စ်ကြောင့်ဖြစ်တယ်။ သွေးလွန်တုပ်ကွေးကတော့ Dengue ဗိုင်းရပ်စ်ကြောင့် ဖြစ်တယ်။ H1N1 ဗိုင်းရပ်စ်ကြောင့် Seasonal Flu လို့ခေါ်တဲ့ ရာသီတုပ်ကွေး ဖြစ်တာပေါ့။
မေး ။ ။ ဆင်တုပ်ကွေးက ဒီနှစ်မှာအဖြစ်များတာ တွေ့ရတယ်ပေါ့။ ဆရာတို့အတွေ့အကြုံအရဆို အရင်ကရော အဖြစ်များလား။ အဲဒါက ဘယ်လိုကြောင့်လဲ။
ဖြေ ။ ။ ခြင်ပေါက်ဖွားမှု များတဲ့ ရာသီအလိုက်ပေါ့။ မိုးတွင်းမှာဆို သွေးလွန်တုပ်ကွေး ဖြစ်တာလေ။ ဒီ အချိန်မှာတော့ များတယ်။ ကျန်တဲ့ ရာသီကတော့ သိပ်မများဘူး။ အရင်ကလည်း ရှိတော့ရှိတယ်။ ဒီလောက်မပြင်းထန်ဘူး။ တချို့လည်း ခြင်ကိုက်ခံရတယ် ဒါပေမယ့် ခံနိုင်ရည်ကတော့ မတူဘူးလေ။ ခံနိုင်ရည်အားနည်းတဲ့သူတို့၊ အိပ်ရေးပျက်တဲ့သူတို့၊ ကိုယ်ခံအားနည်းတဲ့သူတွေဆိုရင် ပိုပြီးတော့ ခံစားရတယ်။
မေး ။ ။ ဖြစ်တဲ့ရောဂါလက္ခဏာတွေကို ကြည့်ရုံနဲ့ ဆင်တုပ်ကွေးဖြစ်ပါတယ်ဆိုတာ ကောက်ချက်ချလို့ရလား။
ဖြေ ။ ။ ဒီရောဂါ ဖြစ်နိုင်တယ်ဆိုတာ ရောဂါလက္ခဏာတွေအရ ဆုံးဖြတ်မယ်ဆိုရင်တော့ ဆုံးဖြတ်လို့ရတယ်ပေါ့။
မေး ။ ။ ဆင်တုပ်ကွေးမှာ ဘယ်လို ရောဂါလက္ခဏာတွေ ရှိလဲ။
ဖြေ ။ ။ အဓိက ကတော့ ကိုယ်တွေလက်တွေကိုက်တယ်။ ဖျားတယ်၊ အရေပြားမှာ အနီကွက်တွေ အပိန့်တွေ ထွက်တယ်၊ ယားတယ်။ ဖျားတာက ၁၀၃၊ ၁၀၄ ဒီဂရီလောက်ထိ ဖျားတယ်။ အနီကွက်နဲ့ ယားတာတွေက ၁ ပတ်လောက်နေရင် ပျောက်တယ်။ အားလုံး ဖြစ်စဉ်က နှစ်ပတ်လောက်တော့ ကြာတာပေါ့။
တချို့ကျတော့လည်း ခံနိုင်ရည် ကောင်းရင် ကောင်း သလို ၅ ရက်၊ ၁၀ ရက်လောက်နဲ့ ပျောက်သွားတာတွေလည်း ရှိတယ်။ ကလေးတွေလည်း ဒီလိုပါပဲ ဖျားတယ်။ ကိုက်ခဲ တယ်။ ကလေးတွေမှာ ကျတော့ သွေးလွန်တုပ်ကွေးက ပိုပြီးတော့ ကြောက်ရတယ်။ သွေးလွန်တုပ်ကွေးက အသက် အန္တရာယ်ပိုပြီးတော့ ထိခိုက်တယ်။
မေး ။ ။ ဆရာတို့ဆီမှာ ဆင်တုပ်ကွေးဖြစ်တဲ့ လူနာ စာရင်း ပြုစုထားတာ ရှိပါသလားရှင့်။
ဖြေ ။ ။ ဆင်တုပ်ကွေးရောဂါ ရှိ၊ မရှိဆိုတာ သွေးဖောက်စစ်ကြည့်လို့ရတယ်။ တကယ် ဟုတ်၊ မဟုတ်ဆိုတာကိုလေ။ သေချာအောင် ဓာတ်ခွဲစိစစ်လို့ရတယ်။ ဓာတ်ခွဲ စစ်ဆေးတဲ့အခါ ဖျားတယ်၊ အဆစ်အမြစ်ကိုက်ခဲတယ်၊ အရေပြားမှာ အဖုအပိန့် အနီအကွက်တွေ ထွက်တဲ့သူတွေကို သွေးဖောက်ပြီးတော့ Chikungunya ဆိုတဲ့ ဗိုင်းရပ်စ် ရှိ၊ မရှိ စစ်ဆေးကြည့်ရင် သိပါတယ်။ ဒါပေမယ့် တော်တေ်ာများများက ဒီရောဂါက မသေနိုင်ဘူးပေါ့။
အချိန်တန်ရင် ပျောက်မယ့် အတွက်ကြောင့်မို့လို့ ဓာတ်ခွဲပို့ပြီးတော့ စစ်ဆေးတာ တော်တော်နည်းပါတယ်။ ဒီရောဂါက မြန်မာနိုင်ငံမှာ မီဒီယာတွေကနေ တဆင့် ပိုပြီးတော့ လူသိများလာတာပေါ့။ အရင်တုန်းကလည်း ရှိခဲ့တယ်။ ထိုင်းနိုင်ငံမှာ ဆိုရင်လည်း ဖြစ်တာပေါ့။ ဆင်တုပ်ကွေးလူနာ ဘယ်နှယောက်ဆိုတာမျိုး စာရင်းတော့ မရှိပါဘူး။
မေး။ ။ ဘယ်အချိန်တွေမှာ ဒီရောဂါကို သတိထား အသင့်ဆုံးလဲ။ လ အလိုက်ပြောမယ်ဆိုရင် ဘယ်လတွေမှာ အဖြစ်များ တတ်ပါသလဲ။
ဖြေ။ ။ လအလိုက်ပြောမယ်ဆိုရင် မေ၊ ဇွန်၊ ဇူလိုင်၊ သြဂုတ်လတွေမှာ အဖြစ်များတယ်။ ဇွန်၊ ဇူလိုင်ကတော့ ဖြစ်တာ အများဆုံးပေါ့။
မေး ။ ။ ဘယ်အသက်အရွယ်တွေမှာ အဖြစ်များတတ်ပါသလဲ။
ဖြေ ။ ။ အသက်အရွယ် မျိုးစုံမှာ ဖြစ်တတ်တယ်။ ခြင်ကိုက်ခံရတဲ့သူ မှန်သမျှ အသက်ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ ခြင်ကိုက်ခံရရင် ဖြစ်တယ်။ ဆင်တုပ်ကွေး ထက်စာရင် ဆရာတို့ ရောဂါနှိမ်နင်းရေးက အသက်အန္တရာယ် ထိခိုက်နိုင်စေတဲ့ သွေးလွန်တုပ်ကွေးကို ပိုပြီးတော့ ဂရုစိုက်စေချင်တယ်။ ကလေးတွေမှာဖြစ်တယ်။
နောက်ပြီး လူကြီးတွေမှာ သွေးလွန် တုပ်ကွေးက ဖြစ်နေတယ်။ ဖျားတယ်၊ ကိုက်ခဲတယ်ဆိုရင် သွေးလွန် တုပ်ကွေး ဖြစ်၊ မဖြစ်ကို သွေးဖောက်စစ်တယ်။ ဓာတ်ခွဲ စစ်ပြီးတော့ Confirmation ယူတယ်။ နောက်တခုကတော့ အချိန်မီကုသဖို့ လိုတယ်။ ဘာကြောင့်လဲဆိုတော့ သွေးလန့်တာတွေ၊ ရှော့ခ်ဖြစ်တာတွေ ဖြစ်ပြီး နောက်ကျရင် အသက်အန္တရာယ် စိုးရိမ်ရတယ်။
ဆက်စပ်ဖတ်ရှုရန်
ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားမှု အပေါ် နယ်ပယ်အသီးသီးမှ စကားသံများ
ကူးစက်ပြန့်ပွားမှုနှုန်း မြင့်မားနေတဲ့ H1N1 ရာသီတုပ်ကွေး အကြောင်း
ရာသီတုပ်ကွေး ကပ်ရောဂါ အဆင့် မဖြစ်နိုင်ဟု ရန်ကုန်တိုင်း ကျန်းမာရေး ဦးစီးမှူးပြော