လူ့အခွင့်အရေး ကော်မရှင် ပြုပြင်ပြောင်းလဲရေး သူတို့အမြင်

ထက်ခေါင်လင်း
--
Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံ၏ လက်ရှိ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP)ပါတီ ဦးဆောင်သည့် အစိုးရ လက်ထက်က ဖွဲ့စည်းခဲ့သည့် ကော်မရှင် ဖြစ်သည်။

ယင်းကော်မရှင် ဖွဲ့စည်းခြင်းနှင့် ပတ်သက်သည့် ဥပဒေကိုလည်း ယခင်အစိုးရ လက်ထက်ကပင် အတည်ပြုခဲ့သည်။

ထိုဥပဒေတွင် လက်ရှိ မြန်မာနိုင်ငံ အခင်းအကျင်း အရ လူ့အခွင့်အရေး ကိစ္စရပ်များကို ကိုင်တွယ်သည့် နေရာများ၌ များစွာ အဟန့်အတား ဖြစ်နေသေးသည်ဟု ပြည်သူများ၊ အရပ်ဘက် အဖွဲ့အစည်းများက အစဉ်တစိုက် ဝေဖန်ခဲ့ကြသည်။

ယခု ကော်မရှင်သည် ၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၄ ရက်တွင် သက်တမ်း ကုန်ဆုံးမည် ဖြစ်သည်။ ထို့အတွက် လက်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဦးဆောင်သည့် အစိုးရမှ အသစ်ပြန်လည် ခန့်အပ်ရမည် ဖြစ်သည်။

ယခု ဆောင်ရွက်နေဆဲ ကော်မရှင်သည် ယခင်အချိန်များကထက် တနှစ်ထက်တနှစ် လူ့အခွင့်အရေး ကာကွယ်ဆောင် ရွက်ချက်များသည် တိုးမြင့်လာသည် ဆိုသော်လည်း အများအားကိုး ယုံကြည်ရသည့် ကော်မရှင်တရပ်သို့ ရောက်ရှိမလာ သေးပေ။

ထို့အတွက် အသစ် ပြန်လည် ဖွဲ့စည်းမည့် ကော်မရှင် အနေဖြင့် အများပြည်သူ အားကိုးယုံကြည်ရသည့် ကော်မရှင် ဖြစ်လာ အောင် မည်ကဲ့သို့ ပြုပြင်ပြောင်းလဲသင့်သည်ကို သက်ဆိုင်ရာ နယ်ပယ်အလိုက် ကျွမ်းကျင်သူ တချို့၏ သဘောထား မှတ် ချက်များကို စုစည်း တင်ပြလိုက်ပါသည်။

တရား လွှတ်တော်ရှေ့နေ ဦးကြီးမြင့် 

ပြည်ထောင်စု ရှေ့နေများနှင့် ဥပဒေ အထောက်အကူပြု အဖွဲ့ ဥက္ကဋ္ဌ

စစ်အာဏာရှင် လက်ထက်က အငြိမ်းစား ယူထားတဲ့သူတွေကို လုံးဝ ပြန်မပါစေချင်တော့ဘူး။ အခုက ဒီမိုကရေစီစနစ် လည်း ဖြစ်လာတော့ အငြိမ်းစား ဆိုရင်လည်း လောလောလတ်လတ် အငြိမ်းစားယူထားတဲ့ ပုဂ္ဂိုလ်တချို့လည်းပါ၊ ရှေ့နေ အသင်း အဖွဲ့တွေဘက်ကလည်း ပါစေချင်တယ်။ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ စွမ်းစွမ်းတမံ ဆောင်ရွက်နေတဲ့ အရပ် ဘက် အဖွဲ့အစည်းတွေလည်း ပါစေချင်တယ်။

အရပ်ဘက်အဖွဲ့မှာ မှတ်ပုံတင်ထားတဲ့ အဖွဲ့နဲ့ မတင်ထားတဲ့ အဖွဲ့ ၂ ခုရှိတာမှာ မှတ်ပုံတင်ထားတဲ့ဟာကမှ ပါဖို့မဟုတ်ဘူး။ မှတ်ပုံမတင်ပေမယ့် ကျော်ကြားတဲ့သူလည်း ပါစေချင်တယ်။ နောက် မီဒီယာလောကမှာ သမာသမတ် ရှိပြီး လူအများလေး စားတဲ့သူတွေလည်း ပါဖို့ လိုတယ်။

အဲဒီလို ကျယ်ကျယ်ပြန့်ပြန့် ဖွဲ့မယ်ဆိုရင်တော့ ဒီကော်မရှင်က ပြည်သူကို မျက်နှာမူတဲ့ ကော်မရှင် ဖြစ်မယ်။ နောက်မို့ဆို ပြည်သူကို မျက်နှာမူတာ မဟုတ်ဘဲ တက်လာတဲ့ အစိုးရတိုင်းရဲ့ ကော်မရှင် ဖြစ်နေလိမ့်မယ်။ နိုင်ငံတကာနဲ့လည်း ညီ အောင်၊ ပြည်သူကို မျက်နှာမူတဲ့ ကော်မရှင် ဖြစ်အောင်တော့ အဲ့ဒီလို ကျယ်ကျယ်ပြန့်ပြန့် ဖွဲ့မှပဲ ရမယ်။

လက်ရှိ အဖွဲ့ရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ရင် ဦးယုလွင်အောင် တယောက်ပဲ လုပ်ကိုင် လှုပ်ရှားနေတာ တွေ့တယ်။ ကျန် တဲ့သူတွေက မျှောလိုက်နေကြတာ။ အစီရင်ခံစာကိုတောင် ဘယ်လိုရေးလို့ ရေးမှန်းတောင် မသိဘူး။ သက်ဆိုင်တဲ့သူတွေ ကိုလည်း အင်တာဗျူးတောင် မပေးဘူး။ ဦးယုလွင်အောင်လို လူမျိုးကတော့ ပြန်ပါသင့်တယ်။ ကျန်တဲ့သူတွေ ပါလာမှာကို တော့ ကျနော် သဘောမကျဘူး။

ကျန်တဲ့လူတွေက စစ်အစိုးရကို တလျှောက်လုံး ထောက်ခံ ရပ်တည်ပေးခဲ့တဲ့သူတွေ။ အဲဒါ ဦးသိန်းစိန် ထားပစ်ခဲ့တာ။ ဒါကို ဒေါ်အောင်ဆန်းစုကြည်က သဟဇာတဖြစ်ရေး ဆိုပြီး ဆက်လက် ခံထားတာ။ အဲဒီသူ့ရဲ့ သဟဇာတဖြစ်ရေး ဆိုတာကိုက ကျနော်တို့ တိုင်းပြည်မှာ တော်တော်လေး ဒုက္ခရောက်နေပြီ။

ဒေါ်မေစံပယ်ဖြူ 

ကျားမ တန်းတူရေးကွန်ရက် (GEN ) ဒါရိုက်တာ

 

ကျမတို့ အစောကြီးထဲက အကြံပြုပြီးထားတဲ့ ဒီကော်မရှင်အဖွဲ့ဝင်တွေကို တိုက်ရိုက် ရွေးချယ်ခန့်အပ်တာထက် သူတို့ကို လူအများက ရွေးချယ်တင်မြှောက်လိုက်တဲ့ ရွေးချယ်ခံရသူတွေလိုမျိုး ဖြစ်စေချင်ခဲ့တာ။ နောက်ပြီးတော့ ဒီလူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင်တွေဆိုတာ အမျိုးသမီး၊ အမျိုးသား၊ မသန်စွမ်း၊ လိင်မတူကွဲပြားတဲ့ လူအုပ်စု (LGBT) စတဲ့ အားလုံးကို စဉ်းစားပြီးတော့ လူ့အခွင့်အရေး ကိစ္စတွေကို ဖြေရှင်းဆောင်ရွက်ရမှာ။ အားလုံးအပေါ်မှာ နားလည်ပြီး ကိုယ်စားပြုတဲ့ လူ့ အခွင့်အရေး ကိစ္စတွေကို ဆောင်ရွက်ရမှာ၊ ပြောဆိုနေရမှာ ဖြစ်တယ်။

နောက်တချက်ကတော့ ဒီကော်မရှင်မှာ အမျိုးသမီး ၃၀ ရာခိုင်နှုန်း ပါသင့်တယ်။ လက်ရှိ ကော်မရှင်အနေနဲ့ တိုင်စာတွေကို လက်ခံတယ်။ စုံစမ်းစစ်ဆေးမှု တချို့တွေကို လုပ်တယ်။ ဒါက အရင်ကထက်စာရင် ပြုပြင်ပြောင်းလဲလာတဲ့ အတွက် ကျမ တို့ ကြိုဆိုရမယ့် ကိစ္စပါ။ ဒါပေမယ့် ကျမတို့ မျှော်လင့်တာက ဒီထက်ကို ပိုပြီးတော့ လုပ်စေချင်သေးတယ်။

တိုင်စာတခုကို ရပြီဆိုရင် သက်ဆိုင်ရာ အစိုးရဌာနတွေကို လွှဲလိုက်တာမျိုးမဟုတ်ဘဲနဲ့ ကော်မရှင် ကိုယ်တိုင်က ဦးဆောင် ပြီး စုံစမ်းစစ်ဆေးတာမျိုး ဖြစ်စေချင်တယ်။ အဲဒီလို စစ်ဆေးချက်တွေအရ လူ့အခွင့်အရေး ချိုးဖောက်ခံရပြီကို တွေ့တာနဲ့ ကော်မရှင်ကပဲ တိုက်ရိုက် အရေးယူ ဆောင်ရွက်နိုင်တဲ့ အခွင့်အရေးမျိုး ရှိစေချင်တယ်။

အရင်တုန်းက ဆိုရင် တိုင်စာကို ကျမတို့ ပို့လိုက်ပေမယ့် ဘာမှ အကြောင်းပြန်ကြားတယ် ဆိုတာ မရှိဘူး။ အခုနောက်ပိုင်း ကျမတို့က တိုင်စာပို့လိုက်ရင် ဒီတိုင်စာကို သူတို့ ဘယ်လို လုပ်နေပါတယ်၊ ဘယ်ဌာနကို လွှဲအပ်ထားပါတယ်ဆိုတာ အကြောင်းပြန်ကြားပေးတယ်။ ကျမတို့လို အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ အပြုသဘောဆောင် ပူးပေါင်း ဆောင်ရွက်လာ တယ်ဆိုပေမယ့် ဒီထက်တော့ ပိုလုပ်ဖို့ လိုသေးတယ်။

ဥပမာ -ကျမတို့ မသန်စွမ်း မိန်းကလေးတယောက် မုဒိမ်းကျင့်ခံရတာကို တိုင်တယ်ဆိုပါစို့။ ကော်မရှင်အနေနဲ့က ဒီကိစ္စကို သက်ဆိုင်ရာ ဌာနကို လွှဲအပ် စစ်ဆေးခိုင်းသလို၊ ကိုယ်တိုင်လည်း ကွင်းဆင်း စစ်ဆေးသင့်တယ်။ နောက်ပြီး မသန်စွမ်း ကိစ္စ ဖြစ်လာတဲ့အတွက် မသန်စွမ်း အရေးနဲ့ ကျွမ်းကျင်တဲ့ ပညာရှင်တွေနဲ့လည်း ထိတွေ့ဆွေးနွေးတိုင်ပင်ဖို့ လိုတယ်။ ဖြစ်ရပ် တခုချင်းတိုင်းကို သူတို့ ကိုယ်တိုင် ကွင်းဆင်း စစ်ဆေးတာမျိုး လုပ်ဖို့ လိုတယ်။

ကိုဘိုကြည်

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP)  တွဲဖက်အတွင်းရေးမှူး

လူ့အခွင့်အရေး ကော်မရှင် ဥပဒေ ပြင်ဆင်ရေး ဆိုတာက ကော်မရှင် အသစ်ဖွဲ့ရေးနဲ့ မဆိုင်ဘူး။ ဒီလူ ရွေးမယ်၊ ဒီလူကို ခန့် မယ်ဆိုတဲ့ လုပ်ကိုင်မယ့် နည်းလမ်းကိုက ပွင့်လင်းမြင်သာမှု ရှိရမယ်။ အခုချိန်ထိ အစိုးရဆီက ဒီ လူ့အခွင့်အရေး ကော်မ ရှင်နဲ့ ပတ်သက်ပြီး ဘာအသံမှ မကြားရသေးဘူး။ ဒီကော်မရှင်သက်တမ်း ကုန်မယ့် ၂ဝ၁၉ ခုနှစ် စက်တင်ဘာ ၂၄ နောက် ပိုင်း ဘာဆက်လုပ်မလဲ ဆိုတာ ကျနော်တို့ သိချင်နေတဲ့ အဖြေပဲ။

လက်ရှိ အချိန်မှာတော့ ကျနော်တို့က ဒီကော်မရှင်နဲ့ ပတ်သက်ပြီး မူရော၊ လူရော ၂ ခုလုံးကို ပြောင်းလဲဖို့ လိုတယ်။ မူမှာ လည်း အားနည်းချက်တွေ တော်တော်များသလို လူတွေမှာလည်း အားနည်းချက်တွေ ရှိတယ်။ အဲဒီလို ပြောင်းမှပဲ ဒီ ကော် မရှင်ကို လူတွေ အားကိုး ယုံကြည်လာမယ့် ကော်မရှင် ဖြစ်လာလိမ့်မယ်။

ပထမဦးဆုံး ကြည့်ဗျာ။ ကော်မရှင်မှာ ပါမယ့် သူတွေကို ရွေးချယ် စိစစ်မယ့် အဖွဲ့ကိုယ်တိုင်က ပြည်ထဲရေးမှာ တာဝန်ယူခဲ့ တဲ့ သူတွေ၊ အစိုးရ အဖွဲ့ဟောင်းတွေမှာ တာဝန်ယူခဲ့တဲ့သူတွေ လွှမ်းမိုးနေတာ။ လူ့အခွင့်အရေးကို ချိုးဖောက်နေတယ်လို့ စွပ်စွဲခံခဲ့ရတဲ့ အဖွဲ့က လူတွေက ဒီကော်မရှင်မှာ ပါမယ့်သူတွေကို စိစစ်ပါမယ် ဆိုကတည်းကိုက မဟုတ်တော့ဘူး။

အဲဒီကော်မရှင်အဖွဲ့မှာ ပါမယ့်သူတွေရဲ့ ဝိသေသမှာလည်း လူ့အခွင့်အရေးကို တက်ကြွလှုပ်ရှားနေတဲ့သူ၊ နားလည်တဲ့သူ တွေ ဖြစ်ဖို့ လိုတယ်။ နောက်ပြီး နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေက အကြံပေးထားတဲ့ ဟာတွေနဲ့ နီးနီးကပ်ကပ် လုပ် နိုင်မယ့်သူ ဖြစ်ဖို့ လိုတယ်။

ကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်နဲ့ ပတ်သက်ရင်လည်း ပြန်စစ်ဆေးဖု့ိ၊ ပြုပြင်ပြောင်းလဲပေးဖို့ လိုတယ်။ လုံခြုံရေး အဖွဲ့တွေ၊ စစ်တပ် က အရာတွေဆို နိုင်ငံတော်ရဲ့ လျှို့ဝှက်ချက်နဲ့ သက်ဆိုင်တယ် ဆိုပြီး စစ်ဆေးခွင့် မရှိဘူး။ အဲဒီတော့ ဒီလို အချက်တွေကို ကျယ်ကျယ်ပြန့်ပြန့် သုံးသပ်ပြီးတော့ လျှို့ဝှက်ချက် ဆိုတာ ဘယ်လိုဟာကို သတ်မှတ်လဲ ဆိုတာ တိတိကျကျ လုပ်ထား ပေးဖို့ လိုတယ်။

ဒီလိုမှမဟုတ်ရင် ဒီအဖွဲ့က ဟန်ပြလုပ်နေတဲ့ အဖွဲ့တခုလိုပဲ ရှိနေဦးမှာပဲ။ လွှတ်တော်ထဲမှာလဲ ဒါကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဖို့ လိုတယ်။ ကျနော်တို့ အရပ်ဘက် အဖွဲ့အစည်း ၂၄ ဖွဲ့ကလည်း ဒီလူ့အခွင့်အရေး ကော်မရှင် ဥပဒေကို သေချာ ဆွေးနွေး သုံးသပ်ပြီး ထွက်လာတဲ့ အကြံပြုချက်တွေကို ဥပဒေပြုရေး မဏ္ဍိုင်က လွှတ်တော် အဖွဲ့အစည်းတွေနဲ့လည်း လာ မယ့် သြဂုတ်လ ၅ ရက်မှာ သွားဆွေးနွေးဖို့ ရှိပါတယ်။

ဒေါ်သန္တာ 

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (နိုင်ငံသားများ၏ မူလအခွင့်အရေး ဆိုင်ရာ ကော်မတီဝင် ) 

အဓိကက လူ့အခွင့်အရေးကို နားလည်သဘောပေါက်တဲ့သူတွေ၊ လူ့အခွင့်အရေးကို ကာကွယ်နေတဲ့သူတွေ ပါဖို့ လိုတယ်။ နောက်တခုက လူ့အခွင့်အရေး အပိုင်းကို ကျွမ်းကျင်နေရုံနဲ့ မဟုတ်ဘူး။ နှလုံးသားနဲ့ကို ခံစားပြီး လုပ်နိုင်မယ့်သူတွေ ပါရင် ပိုကောင်းတာပေါ့။

လက်ရှိ ကော်မရှင်ရဲ့ လုပ်ငန်းဆောင်တာကို အားမရလို့သာ လွှတ်တော်ကိုယ်စားလှယ်တွေ ကိုယ်တိုင် လွှတ်တော်ထဲမှာ အများကြီး ဝိုင်းဆွေးနွေးကြတာ ကြည့်လိုက်ရုံနဲ့ သိသာနေတယ်။ လွှတ်တော်ထဲမှာ အမြဲတမ်း ဆွေးနွေးနေရတဲ့ ဖောက် သည်လိုကို ဖြစ်နေတယ်။

အခြေအနေက အများကြီး ဆိုးတယ်လို့တော့ မဟုတ်ပါဘူး။ ဥပမာ-သူတို့ရဲ့ ပညာပေး လုပ်ငန်းတွေ၊ သင်တန်းပေးတာ တွေ တိုးတက်လာတယ်။ သို့သော် ထိထိရောက်ရောက် ထောက်ပြနိုင်မှုရယ်၊ ထောက်ပြတာကို ဘယ်လိုလုပ်သလဲ ဆိုတဲ့ ဆက်စောင့်ကြည့်တဲ့ အပိုင်းတွေ အားနည်းတယ်။ ဒါကို လွှတ်တော်ကိုယ်စားလှယ်တွေလည်း ဆွေးနွေးထားတဲ့ အထဲမှာ ပါတယ်။

ခြုံပြီးပြောရရင် အဆိုးဝါးကြီး မဟုတ်ပေမယ့် လိုအပ်ချက်တွေ အများကြီး ရှိနေတယ်။ ကော်မရှင်ထဲမှာ တပ်မတော်က အငြိမ်းစားတွေ ပါတယ်/ မပါဘူး ဆိုတာနဲ့တော့ ပုဂ္ဂိုလ်ရေးအရ ဘာမှ မပြောလိုဘူး။ လူ့အခွင့်အရေးကို တကယ်ပဲ လိုက် နာတဲ့သူ၊ နှလုံးသားနဲ့ လုပ်နိုင်တဲ့သူကို ပြောချင်တယ်။ လူ့အခွင့်အရေး သိတဲ့သူကို ပြောနေတာ မဟုတ်ဘူး။ နှလုံးသားနဲ့ စာနာပြီး ဖြေရှင်းနိုင်မယ့်သူ ဘယ်သူ့ကိုမဆို ပါစေချင်တယ်။

ဒေါ်ထုမေ

အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ မဲဆန္ဒနယ် အမှတ် ၁၁၊ ရခိုင်ပြည်နယ်

လူ့အခွင့်အရေး ကော်မရှင်ကတော့ လက်ရှိ မြန်မာနိုင်ငံ အနေနဲ့ ဆက်လက် လုပ်ဆောင်ဖို့ အတွက် မဖြစ်မနေ လိုအပ်တဲ့ ကော်မရှင် တရပ်ပါ။ အသစ် ပြန်ဖွဲ့တဲ့ဆီမှာတော့ လူ့အခွင့်အရေး ဘာသာရပ်ကို ကျွမ်းကျင်တဲ့သူ၊ ဘက်မလိုက်တဲ့သူ၊ အခု မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ဆုံးရှုံးနေတဲ့ ပြည်သူလူထုဘက်က မားမားမတ်မတ် ရပ်တည်မယ့် ဘယ်ပုဂ္ဂိုလ်မဆို သင့် လျော်တယ်လို့တော့ ကျမထင်တယ်။

လက်ရှိ ကော်မရှင်က အတိုင်းအတာ တခုအထိတော့ ဆောင်ရွက်ခဲ့တာ တွေ့ရတယ်။ မကြာသေးမီက ကော်မရှင်ရဲ့ အစီ ရင်ခံစာကို ကြည့်လိုက်ရင် ကြိုးစား အားထုတ်ထားတာတွေ အများကြီး တွေ့ရပါတယ်။ ဒီထက်မက မြန်မာနိုင်ငံမှာ အခွင့် အရေး ချိုးဖောက်ခံနေရတဲ့ ပြည်သူလူထုရှေ့က မားမားမတ်မတ် ရပ်တည်ပေးဖို့ လိုပါတယ်။

ဒါပေမယ့် ဘယ်သူတွေ အတွက် ကြိုးစားဆောင်ရွက်သင့်လဲ ဆိုရင် ပြည်နယ်နဲ့ တိုင်းတွေမှာ လူ့အခွင့်အရေးနဲ့ ပတ်သက် ပြီး နေ့စဉ် ဆောင်ရွက်နေတဲ့ ကိစ္စတွေအပြင် အထူးသဖြင့် လက်နက်ကိုင် ပဋိပက္ခ ဖြစ်တဲ့ နေရာမှာပဲ။ ကျမတို့ ရခိုင်ပြည် နယ်မှာဆိုရင် အင်တာနက် လုံးဝ မရရှိတဲ့နေရာတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ သတင်း အမှောင်ချထားမှုတွေ အများကြီး ဖြစ်ပေါ်နိုင်ပါတယ်။

ကျမတို့မြန်မာနိုင်ငံမှာ လူမှုကွန်ရက်ကို အသုံးပြုပြီးတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အများကြီး ဖော်ထုတ်လာ နိုင်တာ တွေ့ရတယ်။ ဗစ်တိုးရီးယားကိစ္စ ဆိုရင်ကြည့်။ လူ့အခွင့်အရေး တကယ်မြတ်နိုးတဲ့ အုပ်စုတွေကနေ ဦးဆောင်လုပ် တဲ့ အတွက် တနိုင်ငံလုံး၊ တကမ္ဘာလုံး အထိ ပျံ့နှံ့သွားတာ ဖြစ်ပါတယ်။

အဲဒီလိုပဲ ရခိုင်ပြည်နယ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လက်နက်ကိုင် ပဋိပက္ခနေရာတွေမှာ နည်းမျိုးစုံနဲ့ ရှိနိုင်ပါ တယ်။ ဘယ်ဟာတွေက ရင်နာစရာ ကောင်းလဲ ဆိုရင် တရားဥပဒေ စိုးမိုးဖို့ အတွက် တစုံတရာ အနှောင့်အယှက် ဖြစ်နေ တယ်။ ပုဒ်မ တခုခုနဲ့ ကျူးလွန်ခြင်းဆို သက်ဆိုင်ရာ ပုဒ်မတွေနဲ့ပဲ စုံစမ်း စစ်ဆေးရမှာပါ။

ဒါကြောင့် လာမယ့်နှစ်တွေမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်လာရင် ဘယ်ပုဒ်မနဲ့မှ မတပ်လိုက်ရဘဲနဲ့ စစ်ကြောရေးမှာ သေ ဆုံးသွားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခနေရာက ဖြစ်ရပ်တွေကို ကိုယ်တိုင် ကွင်းဆင်း စစ်ဆေးဖို့ လိုပါတယ်။ တကယ်ခံရတဲ့ လူတွေ၊ မိသားစုတွေဘက်ကနေ လူ့အခွင့်အရေး ကော်မရှင်ကို တိုင်ကြားရမှာ ဖြစ်သလို ကော်မရှင်အနေ နဲ့လည်း စစ်ကြောရေးမှာ ဆုံးပါးသွားတဲ့ နိုင်ငံသားရဲ့ အခွင့်အရေးတွေကို ပိုဆောင်ရွက်ရင် ကျမတို့ အားရကျေနပ်တဲ့ လုပ် ဆောင်ချက်တွေ ဖြစ်လာမယ်လို့ မှတ်ချက်ပြု လိုတယ်။

မသဉ္ဇာရွှန်းလဲ့ရည် 

ဒီမိုကရေစီ ဖွံ့ဖြိုးရေး လှုပ်ရှားမှု ကော်မတီ စည်းရုံးရေးမှူး 

သက်တမ်းကုန်ပြီး ပြန်ဖွဲ့မယ်ဆိုတဲ့ နေရာမှာ ပထမဦးဆုံး စိုးရိမ်မိတာက ကော်မရှင်နာတွေကို စိစစ်ရွေးချယ်မယ့် အဖွဲ့က ဘယ်လိုနည်းနဲ့ ဖွဲ့မှာလဲ။ စိစစ်ရေးအဖွဲ့မှာ ပြည်ထဲရေးလို၊ တပ်မတော်လို လုံခြုံရေးနဲ့ ဆိုင်တဲ့အဖွဲ့တွေက တာဝန်ရှိသူတွေပါ တယ် ဆိုတာတွေ့တော့ အစထဲက စိုးရိမ်စရာ ဖြစ်လာတယ်။ စိစစ်ရေးအဖွဲ့တွေကိုက အများမြင်သာတဲ့ အဖွဲ့တွေ ပါလာမှ ဒီကော်မရှင်မှာ ပါမယ့်သူတွေကို သေသေချာချာ ရွေးချယ်နိုင်မှာလို့ မြင်တယ်။

အရပ်ဘက် အဖွဲ့အစည်းတွေရော၊ ပြည်သူတွေပါ စိုးရိမ်စရာက ဒီကော်မရှင် စိစစ်ရေးအဖွဲ့က ကော်မရှင်မှာ ပါမယ့်သူတွေ ကို ရွေးချယ်မယ့် လုပ်ထုံးလုပ်နည်းကို ရေးဆွဲရမှာ။ အများပါဝင်လာနိုင်မယ့် လုပ်ထုံးလုပ်နည်းတွေ ဖြစ်ဖို့ဆိုတာ အဲဒီ ရွေး ချယ်ရေး အဖွဲ့မှာ အများကြီး တာဝန်ရှိတယ်။ အဲဒီစိစစ်ရေး အဖွဲ့မှာကိုက လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ပြီး လေးစားလိုက်နာတဲ့ သူတွေ ဖြစ်သင့်တယ်။ ပြည်သူ ရွေးထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ပိုပြီး ပါဝင်သင့်တယ်။

စိစစ်ရွေးချယ်ရေး အဖွဲ့က ရွေးချယ်ပေးလိုက်တဲ့ ကော်မရှင်နာက လူတွေဟာ တိုင်းနဲ့ပြည်နယ် အသီးသီးက ဘာသာ၊ လူ မျိုး၊ အသားအရောင်၊ လိင်ကွဲပြားမှု အားလုံးကို ကိုယ်စားပြုပြီးတော့ ဆောင်ရွက်ပေးရမယ့် လူတွေ ဖြစ်တာကြောင့်မို့ ကွဲပြား ခြားနားတဲ့ အစုအဖွဲ့တွေကို ကိုယ်စားပြုမယ့်သူတွေ ဖြစ်သင့်တယ်။

အသက်အရွယ်အားဖြင့်၊ ဘာသာရေး အားဖြင့် ကန့်သတ်တာမျိုးလည်း မဖြစ်သင့်ဘူး။ တိုင်းရင်းသား  လူမျိုးတွေကို ကိုယ် စားပြုပြီးတော့ သူတို့ရဲ့အကြောင်းအရာတွေကို သေချာသိတဲ့ အနယ်နယ်အရပ်ရပ်က လူ့အခွင့်အရေး ကာကွယ် စောင့် ရှောက်နေတဲ့သူတွေ ပါသင့်တယ်။

ကော်မရှင်ထဲမှာလည်း မတူကွဲပြားတဲ့ စနစ်၊ ကော်မရှင်နာတွေကလည်း လူ့အခွင့်အရေးကို ကာကွယ် စောင့်ရှောက် နေကြ တဲ့သူတွေ ဖြစ်ရမယ်။ လူ့အခွင့်အရေးကို လေးစား လိုက်နာပြီး နားလည် တတ်ကျွမ်းတဲ့သူတွေ ဖြစ်ရမယ်။

အခု လူ့အခွင့်ရေး ကော်မရှင်အဖွဲ့ ရှိတဲ့အတွက် အရင်ကထက်စာရင်တော့ တိုးတက်လာတာပေါ့လေ။ ဒါပေမယ့် လက်ရှိ အဖွဲ့မှာ ဥပဒေ အားဖြင့်လည်း ကန့်သတ်ချက်တွေ အများကြီး ရှိနေတယ်။ သူတို့ကို လုပ်ပိုင်ခွင့် မပေးထားသလို သူတို့ ကိုယ်တိုင်ကလည်း လုပ်ဖို့ မဝံ့မရဲ ဖြစ်နေတာတွေ အများကြီး တွေ့ရတယ်။

သူတို့ ကိုယ်တိုင်ရဲ့ သမိုင်းကြောင်းမှာလည်း လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ထင်ရှားတဲ့ လုပ်ဆောင်ချက် တချို့တွေမှာ တော့ တွေ့ရပေမယ့် အများစုကတော့ တပ်မတော်ရော၊ လက်ရှိ အစိုးရရော ၂ ဖက်လုံးက လက်ခံနိုင်တဲ့ သူတွေကိုပဲ အဓိ က ထည့်ထားတာ မြင်ရတယ်။

ဥပဒေ အရ ပထမဦးဆုံး အဖွဲ့ ဖြစ်ခဲ့တယ်။ ပြည်သူတွေကြားမှာလည်း နာမည်ပျက်ခဲ့တဲ့ အဖြစ်ပျက်တွေ ရှိခဲ့တယ်။ အင်းဝ အပ်ချုပ်ဆိုင် ကိစ္စမျိုးတွေပေါ့။ ဒါက ကျမတို့နိုင်ငံမှာ ပထမဦးဆုံး အစဖြစ်ခဲ့တာမို့ နောက်မှာ ဒီထက်ပိုကောင်းလာဖို့ပဲ လို တယ်။ ပိုကောင်းဖို့က လက်ရှိလုပ်ခဲ့သော ကော်မရှင်နာတွေရဲ့ အကြောင်းအရာတွေ၊ လုပ်ခဲ့တာတွေ အပေါ်မှာ သင်ခန်းစာ ယူဖို့လိုတယ်။

အားနည်းတာက ဘာလဲဆိုရင် လူ့အခွင့်အရေးကို ကာကွယ် စောင့်ရှောက်တဲ့ အပိုင်းမှာပဲ။ အဲဒီ အပိုင်းကို သူတို့က မတတ် နိုင်တာလည်း ဖြစ်နိုင်တယ်။ စိတ်မဝင်စားတာလည်း ဖြစ်နိုင်တယ်။ လုပ်ခွင့် မရှိတာလည်း ဖြစ်နိုင်တယ်။ ဒါကတော့ သူတို့ပဲ သိမှာပါ။ ဒါက လူ့အခွင့်အရေး ကော်မရှင်ရဲ့ အဓိက အနှစ်သာရပဲ။ ဒီသက်တမ်းက ကောင်းကောင်း မလုပ်နိုင်ပေမယ့် နောက်မှာတော့ ဆောင်ရွက်လာနိုင်မယ်လို့ မျှော်လင့်တယ်။

လက်ရှိ အဖွဲ့မှာ လူ့အခွင့်အရေး အတွက် ကြိုးစားနေတာ တွေ့ရပေမယ့် သူတို့ လုပ်ဆောင်ချက် တချို့မှာ အာဏာပိုင်တွေ နဲ့ ပတ်သက်ပြီး ဘက်မလိုက်ဘဲ ရေးသား ထုတ်ပြန်ချက် တချို့မှာ အားနည်းနေတာကို တွေ့ရတယ်။ အဲဒီလိုဟာမျိုးတွေက ပြည်သူတွေ အတွက် စိတ်ပျက်ဖွယ်ရာ ဖြစ်စေတာပေါ့။

လူ့အခွင့်အရေး အသိပညာပေးမှုက တော်တော်လေး အားကောင်းလာတာကိုတော့ ကျမတို့ အသိအမှတ်ပြုရမယ်။ သင် တန်းတွေ လိုက်ပေးတာမျိုးပေါ့။ ပေးလိုက်တဲ့ သင်တန်းတွေက ဘယ်လောက်အထိ စံချိန်စံညွှန်းမှီလဲဆိုတဲ့ မေးခွန်းတွေ ရှိ ပေမယ့် လူ့အခွင့်အရေး ဆိုတဲ့ စကားကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ မြန်မာပြည်ထဲမှာ ပြောလာနိုင်တယ်။

ဦးနေမျိုးကျော် (ခ)ဦးနေဘုန်းလတ်

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်  

အဓိကကတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဆိုတာ ကဏ္ဍအစုံမှာကို ဖြစ်ပျက်နေတာ။ အဲဒီအတွက် ကဏ္ဍအစုံနဲ့ ထိတွေ့နိုင်အောင် လုပ်နိုင်ဖို့ လိုတယ်။ ကျနော်တို့လည်း ထောင်ထဲက ထွက်လာတဲ့သူတွေ။ ထောင်တွေထဲမှာလည်း လူ့ အခွင့်အရေး ချိုးဖောက်မှုတွေက ဖြစ်ပျက်နေတာ အများကြီး။

ပြောချင်တာက လက်ရှိ အနေအထားအရ တိုင်မှပဲ လူ့အခွင့်အရေး ချိုးဖောက်မှုကို စုံစမ်းစစ်ဆေးတယ် ဆိုတာ မဟုတ် သေးဘူး။ မတိုင်လဲ သူ့တို့အနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရတယ်လို့ ယူဆရင် စုံစမ်း စစ်ဆေးသင့်တယ်။ အဲဒီလိုလည်း လုပ်ပိုင်ခွင့် ပေးသင့်တယ်။

အဲဒီလိုမှမဟုတ်ဘဲ တယောက်ယောက်က တိုင်မှ စုံစမ်းမယ် ဆိုတာ မဟုတ်သေးဘူး။ နောက်ပြီး သူတို့ရဲ့ စုံစမ်းစစ်ဆေးမှု တွေကို တိတိကျကျ အရေးယူနိုင်ဖို့လည်း အခွင့်အရေး ရှိဖို့ လိုတယ်။ မီဒီယာသမားတွေ ပါမှ၊ ဥပဒေသမားတွေပါမှ မဟုတ် ဘူး။

နေရာစုံမှာ ဖြစ်ပျက်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးနိုင်တဲ့ လူ့အခွင့်အရေးကို တကယ့်ကို နား လည်နိုင်တဲ့ သူမျိုးတွေ ပါသင့်ပါတယ်။

ကိုသီဟသွေး 

သတင်းစာဆရာ 

လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး စစ်အစိုးရ လက်ထက်ထဲက ပြည်ထဲရေး ဝန်ကြီးဌာနကနေပြီး ဖွဲ့ခဲ့တာမျိုး ရှိတယ်။ လိုအပ် ချက်အရ နိုင်ငံရဲ့ ပြယုဂ် တခုအနေနဲ့ ဖွဲ့ခဲ့ရတဲ့ သဘောတွေ့ရတယ်။ ဦးသိန်းစိန် လက်ထက်မှာ နည်းနည်း ပိုအနှစ်သာရ ရှိ တဲ့ အဖွဲ့မျိုး ပြင်ဆင် ဖွဲ့စည်းခဲ့တယ်။ အဲဒီမှာလည်း ပြည်ထဲရေးမှာ တာဝန်ယူခဲ့တဲ့ အကျဉ်းဦးစီးက လူမျိုးတွေတော်တော် များများကို ထည့်ဖွဲ့ခဲ့တယ်။

သူတို့လို လူတွေကို ထားခဲ့တာက လူ့အခွင့်အရေးကို စံချိန်စံညွှန်း သိတဲ့သူ၊ တန်ဖိုးထားတဲ့သူမျိုးကို မထားဘဲနဲ့ လုပ်ငန်း ကျွမ်းကျင်တဲ့သူမျိုးကို ထားတာ။ အထူးသဖြင့် လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး အငြင်းပွား ဖြေရှင်းရာမှာ တာဝန်ထမ်း ဆောင်ဖူးတဲ့ ပုဂ္ဂိုလ်တွေကို ရွေးခန့်ထားတဲ့ သဘောတွေ့ရတယ်။ ဆိုလိုချင်တာက အငြင်းပွားမှုတွေကို သင့်တော်သလို အ ကောင်းဆုံး ဖြေရှင်းတဲ့သူကို ထားသလိုပဲ။

လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး စံချိန်စံညွှန်းတွေကို အားသာချက်ပေးပြီး ရပ်တည်မယ့် ဖွဲ့စည်းပုံမျိုး မဟုတ်ဘူး။ အဲဒီလို လူ့ အခွင့်အရေး အတွက် ရပ်တည်ပေးမယ့် သူတွေမဟုတ်ဘဲ အငြင်းပွားတာကို ကြားခံဖြေရှင်းဖို့လောက်ပဲ ၂ ဖက်မျှအောင် ထားလိုက်တဲ့ သဘောမျိုး တွေ့ရတယ်။

အခု အသစ်ပြန်ဖွဲ့မယ့်ဆီမှာတော့ လူ့အခွင့်အရေး စံညွှန်းတွေကို တန်ဖိုးထားတဲ့ သူမျိုး ပိုထားစေချင်တယ်။ အမှန်က အဲဒီ လို လူ့အခွင့်အရေး အငြင်းပွားမှုတွေကို အောက်ခြေ အဆင့် ကိုင်တွယ်ဖြေရှင်းနိုင်တဲ့သူတွေကို ထားပြီးတော့ အပေါ် မူဝါဒ ချမှတ်တဲ့ အပိုင်းမှာတော့ စံညွှန်းတွေကို မြင့်မြင့်မားမား ရှိတဲ့သူတွေ ထားသင့်တယ်။

ဥပမာ -၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမင်းကိုနိုင် တို့လို လူမျိုးပေါ့။ သူက နိုင်ငံရေးမှာ ပါတီထောင်ပြီး တိတိ ပပ ဝင်လုပ်နေတဲ့သူ မဟုတ်ဘူး။ သမာသမတ် ကျပြီးတော့ အများသိ လူတွေပေါ် တန်ဖိုးထားတဲ့ သူမျိုး ဖြစ်တယ်။ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး မားမားမတ်မတ်နဲ့ အထိခိုက် အစွန်းထင်းမခံမယ့်  ပုဂ္ဂိုလ်မျိုးလို့ ကျနော်ကတော့ မြင်တယ်။ သူမလုပ်ဘူး ဆိုရင်တော့ အလားတူ ပုဂ္ဂိုလ်မျိုးတွေ ပါဖို့ လိုတယ်။

ဆက်စပ်ဖတ်ရှုရန်

အင်တာနက်ဖြတ်ခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်သည်

ဥပဒေ ပြင်ပြီးမှ လူ့အခွင့်အရေး ကော်မရှင် အသစ် ပြန်ဖွဲ့သင့်ဟု ဆို

မောင်ကျော်ဇင်ဝင်း သေဆုံးမှု လူ့အခွင့်အရေး ကော်မရှင် စုံစမ်း စစ်ဆေးမည်

ကလေးသူငယ်ဆိုင်ရာ ဥပဒေကြမ်း အသက်ဝင်လာတော့မည်

Did you find apk for android? You can find new Free Android Games and apps.
Loading