မြန်မာနိုင်ငံတွင် မုဒိမ်းမှုများသည် တနှစ်ထက် တနှစ် အမှုအရေအတွက် များပြားလာနေသလို ပြစ်မှုကြီးများတွင် မူးယစ်မှုပြီးလျှင် နောက်ကနေ လိုက်နေသည့် ပြစ်မှုတခုလို ဖြစ်လာနေသည်။ ကျူးလွန်ခံလိုက်ရသူ အများစုကလည်း အခြေခံ လူတန်းစားများတွင် ဖြစ်ပျက်နေခြင်းဖြစ်သည်။
လူမှုအသိုင်းအဝိုင်းမှ မုဒိမ်းမှုဆိုလျှင် လူ့ကျင့်ဝတ်အရ လက်သင့်မခံကြသည့်အပြင် အကျဉ်းသားများ အချင်းချင်းပင်လျှင် မုဒိမ်းမှု တရားခံများကို လက်သင့်မခံခဲ့ကြပေ။ ကျူးလွန်ကြသူများသည် စိတ်ပိုင်းဆိုင်ရာ အားနည်းချက်တခုခု ရှိနေခြင်းကြောင့်သာ လွယ်လင့်တကူ ကူးလွန်နေကြသည်။
ထို့အတွက် မုဒိမ်းမှု ဖြစ်စဉ်များတွင် ကျူးလွန်ခဲ့ကြသူများအနေဖြင့် မည်သည့် စိတ်အခြေအနေများက ကျူးလွန်ရန် တွန်းအားပေးခဲ့သလဲ၊ ကျူးလွန်ခံလိုက်ရသူများတွင်လည်း နောက်ပိုင်းကာလတွင် စိတ်ဒဏ်ရာ ခံစားမှုများ အခြေအနေကို နိုင်ငံတကာ အဖွဲ့အစည်းနှင့် ချိတ်ဆက်ကာ စိတ်ဝေဒနာရှင်တချို့ကို လူမှုအသိုင်းဝိုင်းနှင့် သဟဇာတ ပြန်ဖြစ်စေရေးကို တနိုင်တပိုင် လုပ်နေသည့် “အောင်”ဆေးခန်း၊ Mental Health Initiative ကို တည်ထောင်ထားသူ စိတ်ရောဂါ အထူးကု ဆရာဝန် ဒေါက်တာစန်းစန်းဦးကို ဧရာဝတီသတင်းထောက် ထက်ခေါင်လင်းက တွေ့ဆုံ မေးမြန်းထားပါသည်။
မေး။ ။ အခု မုဒိန်းမှုဖြစ်စဉ်တွေက တနှစ်ထက်တနှစ် ပိုပိုများလာတာကို တွေ့လာရတယ်။ နောက်ပြီး သက်ငယ် မိန်းကလေးတွေကို ပစ်မှတ်ထားပြီး ပိုဖြစ်လာတဲ့ပုံစံမျိုး တွေ့ရတယ်။ အဲဒီလို ကျူးလွန်ခဲ့ကြတဲ့သူတွေက စိတ်ရောဂါ အခြေအနေ တခုခုနဲ့ စပ်ဆက် နိုင်သလားခင်ဗျ။
ဖြေ။ ။ ဆက်စပ်နေတယ်။ စိတ်ပညာအရ တချို့က ကလေးငယ်တွေကို တပ်မက်တယ်။ ကလေးကို မြင်မှပဲ သူရဲ့ လိင်စိတ် က ဖြစ်စေတတ်တယ်။ အခု မုဒိန်းမှု ကျူးလွန်ကြသူတွေထဲမှာ အဲဒီလိုလူတွေလည်း ပါလိမ့်မယ်။ အဲဒီ ကျူးလွန်သူ တယောက်ချင်းဆီကို ချဉ်းကပ်ပြီး လေ့လာသင့်တယ်။
နောက်တခုက ကလေးငယ်ကိုပဲ တပ်မက်တာ မဟုတ်ဘဲနဲ့ သူက အားကြီးတော့ ကလေးငယ်တွေ အပေါ်မှာ အနိုင်ကျင့် လိုတာပေါ့။ မိန်းမကြီးကြီးဆို သူမထိရဲဘူး။ အဲဒီလို ငါက အားကြီးတဲ့အတွက် အားငယ်တဲ့သူတွေကို လုပ်ချင်သလို လုပ်လို့ရတယ်ဆိုတဲ့ စိတ်ဖြစ်နေသူမျိုးပေါ့။ အဲဒါကို Violence Mentality ဆိုတဲ့ စိတ်ရောဂါ ရှိတာမျိုးပေါ့။
မွေးကတည်းကတော့ ငါ ဒီလိုမျိုးလုပ်မယ်ဆိုပြီးတော့ မမွေးခဲ့ကြပါဘူး။ သူက ကြီးလာတဲ့အချိန်မှာ သူ့ပတ်ဝန်းကျင်က ဟာတွေကို အတုမြင် အတတ်သင်တယ်။ နီးနီးစပ်စပ်ဆို သူ့မိသားစု၊ သူ့ပတ်ဝန်းကျင်မှာ သူကြီးလာချိန် တလျှောက်လုံး ကြီးနိုင်ငယ်ကျင့် ပုံစံတွေ တွေ့မြင် သင်ယူခဲ့တာမျိုးပဲ။
သူတို့သည် တချိန်က ကလေး စိတ်ဒဏ်ရာတွေ ဖြစ်ခဲ့ရတယ်။ သူ့ကို စိတ်ထွက်ရင် ထွက်သလို ကြမ်းကြမ်းတမ်းတမ်း ပြုလုပ် ခံခဲ့ရဖူးတယ်။ အဲဒီလိုအတွေ့အကြုံတွေက သူ့စိတ်ထဲမှာ ဘဝတလျှောက်လုံး စွဲမှတ်နေတယ်။ ကလေး စိတ်ပညာ မှာဆို ဒီလိုအတွေ့အကြုံတွေက ပြစ်မှုမြောက်အောင် ကျူးလွန်ခဲ့တဲ့ ဖြစ်ရပ်တွေနဲ့ စပ်ဆက်မှုတွေ ရှိနေတယ်။
မေး။ ။ တချို့မုဒိမ်းမှုမှာ အသက် ၂ နှစ်၊ ၃ နှစ် စတဲ့ ကလေးအရွယ်တွေကို ကျူးလွန်လာကြတယ်။ အဲဒီအရွယ်ဆိုတာ လူလားမြောက်နေတဲ့ အမျိုးသားတယောက်နဲ့ ဘယ်လိုမှ ကာမဆက်ဆံဖို့ အသင့်ဖြစ်နေတဲ့ အရွယ်တွေ မဟုတ်ဘူး။ ဒါပေမယ့် ကျူးလွန်နေကြတာရော သုံးသပ်ပေးပါ။
ဖြေ။ ။ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာမှာ ပြဿနာ တခုခု ရှိနေမယ်။ သူ့ဘာသူလည်း မသိဘူး။ ကလေးမှ တပ်မက်တယ်လည်း ဖြစ်နိုင်တယ်။ အဲဒါမှာ သူ့မှာရှိနေတဲ့ လိင်စိတ်ကြွမှုတွေကို ဖြေဖျောက်လိုက်တာပဲ ရှိတယ်။ ဒီကလေးက သူ့နဲ့ ပြန်ပြီးတော့ လိင်တုံ့ပြန်နိုင်မှု ရှိ၊ မရှိဆိုတာ သူမစဉ်းစားဘူး။ လွယ်တော့ လွယ်တဲ့ဟာကို ကောက်လုပ်လိုက်တာပေါ့။
လုပ်တဲ့နောက်မှာ အခြေအနေတွေက အများကြီးရှိနိုင်သလို တယောက်နဲ့တယောက် ကွာနိုင်တယ်။ ငယ်ငယ်ထဲက အကြမ်းဖက် ခံထားရတယ်ဆိုရုံပဲ သူ့မှာ စိတ်ပိုင်းဆိုင်ရာ တခုခုတော့ ခံစားချက် ရှိကို ရှိနေကြတာ အမှန်ပဲ။
မေး။ ။ မုဒိန်းမှု ဖြစ်စဉ် တော်တော်များများမှာ အခြေခံလူတန်းစားတွေကြားမှာ ပိုဖြစ်နေတယ်။ နေထိုင်ကြရတာလည်း တကယ့် အိမ်အသေးလေးနဲ့ ပြွတ်ကျပ်နေတဲ့ နေရာမျိုးလိုတွေ တချို့မှာ ဖြစ်ကြတာ။ ဟိုဘက်အိမ်က ဘာလုပ်နေတာ ဒီဘက်အိမ်က ကြားနေ သိနေတယ်။ အဲဒီလို လူနေမှုပုံစံနဲ့ရော မုဒိန်းမှုတွေက စပ်ဆက်နိုင်သလား။
ဖြေ။ ။ လူတွေရဲ့ ဖြစ်ရပ်တခု ဖြစ်လာခဲ့တာ ဒီလိုဖြစ်လာဖို့ အကြောင်းအရာ တခုထဲ ရှိနေတာမဟုတ်ဘူး။ အချက်အလက် တွေ အများကြီး စုပြုံပြီးတော့မှ ဖြစ်လာတာ။ ငယ်ငယ်ထဲကလည်း သူ့ကို ကြင်ကြင်နာနာ ဘယ်တော့မှ မခံခဲ့ရဘူး၊ သူများကို ကိုယ်ချင်းစာတတ်တဲ့၊ ထောက်ထားတတ်တဲ့၊ သူများကို လေးလေးစားစားရှိတဲ့ သင်ယူမှုတွေ မသင်ခဲ့ရဘူး။ သူကိုယ်တိုင်လဲ အဲဒီလို ကြမ်းကြမ်းတမ်းတမ်း အလုပ်ခံခဲ့ရတယ်။
လူနေမှုအဆင့်အတန်း။ လူမှုရေးအရ အားကောင်းတဲ့ လူ့ကျင့်ဝတ်၊ လူ့စည်းကမ်းတွေနဲ့ နေကြထိုင်ကြတဲ့ နေရာမျိုး မဟုတ်ခဲ့ဘူး။ နေထိုင်တယ်ဆိုတာမှာ အမိုးအောက်မှာ နေရုံနဲ့မဟုတ်ဘူး။ လုံခြုံစိတ်ချတဲ့ နေရာဖြစ်ဖို့ကလည်း လိုတယ်။ ရုပ်ပိုင်းဆိုင်ရာအနေနဲ့ နေရာထိုင်ခင်းက သင့်တင့်လျောက်ပတ်တဲ့ လုံခြုံမှု ရှိနေရမယ်။
ဥပမာ – ကာမကိစ္စကို ဘယ်နေရာထိုင်ခင်းတွေမှာ အလုပ်လုပ်ကြလဲ၊ ဘယ်အသက်အရွယ်မှာ လုပ်ကြလဲ။ သူကြီးပြင်းလာတဲ့နေရာမှာ အဲဒီလို ဟာတွေ ပြည့်စုံမှုမရှိရင် အဲဒီကလူတွေဟာ ထိခိုက်ခံစားလွယ်တယ်။
မေး။ ။ တချို့မုဒိမ်းမှုတွေမှာ ကျူးလွန်ခံရတဲ့ မိန်းကလေးရဲ့ အဖေ၊ ဦးလေး၊ အကို စတဲ့ ကိုယ့်မိသားစု အသိုင်းအဝိုင်းထဲက ကျူးလွန်ကြတာတွေ ဖြစ်နေတယ်။ အဲဒါကြတော့ ဘာကြောင့်လို့ သုံးသပ်မလဲ။
ဖြေ။ ။ အဲဒီဟာမျိုးတွေက ကျမတို့ မုဒိမ်းမှု ကျူးလွန်ကြတဲ့သူတွေကို သေသေချာချာ ချဉ်းကပ်ကြည့်ရင် အဖေလိုမျိုးတွေက ဘာကြောင့်ဖြစ်လာတာလည်းကို သေသေချချာ လေ့လာမိမယ်။ ဖြစ်စဉ်တခုချင်းဆီမှာ ဘာတွေ ကွာခြားလဲဆိုတာ စိတ်ဝင် စားဖို့ ကောင်းတယ်။ တချို့လူတွေမှာ လိင်ပိုင်းဆိုင်ရာ ပြဿနာတွေ ရှိကြတယ်။ တချို့က လိင်စိတ်ကို အရမ်း ချုပ်တီးထား ရတယ်၊ အဲဒီစိတ်ကို ဖျောက်ဖျက်ဖို့ ဘယ်နေရာမှာ လုပ်ရမလဲဆိုတာ ရှာမတွေ့ဘူး။
ငွေပေးလို့ရတဲ့ ပြည့်တန်ဆာတွေဆီ သွားမလားဆိုတော့ မကောင်းဘူးလို့ ပြောနေကြတော့ သူက မသွားရဲပြန်ဘူး။ ရောဂါကူးမှာတို့ ဘာသာရေးတို့နဲ့။ နောက်ပြီး ပိုက်ဆံကလည်း ရှိရဦးမယ်လေ။ ရှာရမယ့် နေရာကလည်း သိဖို့က လိုပြန်သေးတယ်။ ဒီလို မုဒိမ်းမှု ကျူးလွန်ကြသူတချို့မှာ အဲ့ဒီလို ရုပ်ပိုင်းဆိုင်ရာ ပြည့်စုံမှုက မရှိဘူး။ ဒါပေမယ့် သူ့မှာ ဒီလိင်စိတ်က ရှိနေတယ်။
နောက်တချက်က အဲဒီလို ကျူးလွန်ဖို့ သူမှာ စိတ်နဲ့ပတ်သက်တဲ့ အခြေအနေတခု ရှိနိုင်တယ်။ လိင်နဲ့ပတ်သက်တဲ့စိတ်က လိုအပ်တာထက်ကို ပိုတက်ကြွနေတာမျိုးပေါ့။ ပညာရေးနဲ့ ချိတ်ဆက်ပြောရမယ်ဆို လူက မွဲကလည်းမွဲ၊ ပညာရေးကလည်း နည်း၊( ပညာတတ်ရင်တောင်မှာ အဲဒီလိုဟာမျိုးတွေကို ပညာရေးမှာ မသင်ပေးဘူးလေ။) နောက်ပြီး စိတ်နဲ့ပတ်သက်ပြီး ကိုယ့်ကိုကိုယ် ဘယ်လိုစောင့်ရှောက်ရမလဲဆိုတာ မသိဘူး။
လူတွေတချို့မှာ ကိုယ့်ဆီမှာ ဖြစ်နေတဲ့ လိင်စိတ်နိုးကြားမှုတွေကို မထိန်းနိုင်ကြသူတွေရှိတယ်။ အဲဒီလိုလူတွေကို ကျမတို့က စိတ်ရောဂါအောက်မှာ ထည့်ထားတယ်။ လူတချို့က ဆံပင်ကို မဆွဲရ မနေနိုင် ဆွဲနေတာတို့၊ ရထားမြင်ရင် မပေါက်ရ မနေနိုင် ခဲနဲ့ပေါက်တာတို့။ စိတ်နဲ့ ပတ်သက်တဲ့ ထူးထူးခြားခြား ရောဂါတွေ ရှိပါတယ်။
ဒါပေမယ့် လိင်စိတ်ကြွနေတာတို့ကတော့ တရားရုံးမှာ သူ ဒီစိတ်ရောဂါ ခံစားနေရတယ်ဆိုပြီး လွှတ်ပေးတာမျိုးတွေတော့ မရဘူးလေ။ လိင်စိတ်ကြွတဲ့ စိတ်ရောဂါဟာ သူ့မှာ ဖြစ်ချင်ဖြစ်နေ၊ မဖြစ်နေဘူး ဆိုရင်တောင် တခြားစိတ်နဲ့ ပတ်သက်တဲ့ ရောဂါ တခုခုနဲ့ တွဲပြီး ရှိနိုင်တယ်။ ကာယကံရှင်က သူ့ကိုယ်သူ အဲဒီလို စိတ်ရောဂါတွေ ရှိနေတာ မသိဘူး။
မေး။ ။ တချို့က မုဒိန်းမှုတွေ ဖြစ်လာကြတာ လူမှုကွန်ရက်နဲ့ အင်တာနက်တို့လို လက်ကိုင်ဖုန်းလေးကနေ အလွယ်တကူ လိင်နဲ့ ပတ်သက်တဲ့ဟာတွေ မြင်နိုင်၊ သိနိုင်တာကနေ ဖြစ်တာလို့ သုံးသပ်ကြတယ်။ အဲဒီအပေါ်ရော ဘယ်လိုယူဆလဲ ခင်ဗျ။
ဖြေ။ ။ မုဒိန်းမှုဖြစ်စဉ် တချို့မှာ အင်တာနက်ကို မသုံးနိုင်တဲ့သူတွေ ဖြစ်တာလည်း ရှိတယ်။ အင်တာနက်သုံးနိုင်တဲ့ သူတွေမှာကြတော့ အင်တာနက်မှာက လိင်နဲ့ ပတ်သက်တဲ့ဟာတွေ အကုန်ရတယ်။ ဒါပေမယ့် ဒါကြီးကြည့်ပြီးတော့ ဒီလိုကျူးလွန်တယ်လို့ တိုက်ရိုက်ကြီးတော့ မဟုတ်ဘူး။ ဒါပေမယ့် စပ်ဆက်မှုကတော့ ရှိပါတယ်။
ဒါကြီးတွေကြည့်ပြီးတော့ လိင်စိတ်ဖြစ်တာကို ဘယ်လိုနေရာမျိုးမှာ ပြန်ဖြေဖျောက်သလဲ ဆိုတာက အရေးကြီးတာ။ သူများကို၊ သူ့ကိုယ်သူကို ဒုက္ခမပေးပဲနဲ့ သူ ဘယ်လိုလုပ်မလဲ ဆိုတာကို သူကိုယ်တိုင် မသိတာ။ သိတဲ့သူကြတော့လည်း သူ့ကိုယ်သူ လုံခြုံမှုရှိတဲ့ ဘယ်နေရာမှာ တိုင်ပင်ရမယ်ဆိုတာ သူမသိပြန်ဘူး။
ကျမတို့နိုင်ငံမှာ အဲဒီလို တိုင်ပင်ဆွေးနွေးကြတဲ့ အလေ့အထကလည်း ဘယ်တုန်းကမှ မရှိခဲ့ဘူး။ ကျမတို့ဆီမှာက လိင်ကိစ္စဆိုရင် ရှက်စရာ၊ ရွံ့စရာ၊ အကုသိုလ်လို့ ပြောပေမယ့် လူသည် လူ့သဘာဝအရ ဒါတွေက ရှိနေမှာပဲ။ ရှိနေတာကို မှန်မှန်ကန်ကန် သိဖို့ရယ်၊ နည်းမှန် လမ်းမှန် ဖြေဖျောက်နိုင်ဖို့ရယ်ပဲ လိုတာ။
မေး။ ။ နောက်ပြီး မူးယစ်ဆေး၊ အရက် စတဲ့အရာတွေနဲ့ မုဒိမ်းမှုဖြစ်စဉ်တွေမှာ တွဲဆက်နေတာတွေလည်း ရှိတယ်။ အဲဒီအခြေအနေကရော ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ အဲဒီဖြစ်စဉ်တွေမှာ တွဲဖြစ်နေတာက အရက်နဲ့ မူးယစ်ဆေးဝါးဆိုတာ အမှန်ပဲ။ အရက်ရော၊ မူးယစ်ဆေးရော ဦးနှောက်အပေါ်မှာ သွားပြီး ထိန်းချုပ်ထားတယ်။ ဦးနှောက်ရဲ့ အလုပ်လုပ်မှုကို သူတို့က တားဆီး ဖြတ်တောက်နိုင်တယ်။
သာမန်ဆို ကျမတို့ ဦးနှောက်က ဒီဟာက မလုပ်သင့်၊ မပြောသင့်တာ ဆိုတာကို သိပြီး မလုပ်အောင် တားဆီးပေးတယ်။ ထိန်းပေးထားတယ်။ အဲဒီအရာတွေ ဝင်သွားပြီဆိုရင်တော့ အဲဒီ ထိန်းထားပေးတာ လွတ်ထွက်သွားတယ်။
တချို့ အရက်သောက်ရင် စကားတွေ အရမ်းပြောလာတယ်။ အရက်သောက်မှ ပြောထွက်တယ်။ အရက်သောက်မှပဲ လုပ်ရဲကိုင်ရဲတယ်။ ဒါကိုက အရက်က ဦးနှောက်ပေါ်မှာ သက်ရောက်နေတာ။ အဲဒီတော့ အရက်ကြောင့် သူက ထိန်းချုပ်သင့်တာတွေကို ထိန်းချုပ်မှု မရှိနိုင်တော့ဘူး။
မေး။ ။ အခြေခံလူတန်းစား တော်တော်များများ သောက်သုံးနေတဲ့ အရက်က တချို့ဆို ရေသန့်ဘူးထက်တောင်မှ ဈေးက ချိုနေသေးတယ်။ သုံးလိုက်တဲ့ ဓာတုပစ္စည်းတွေက ဒီလိုကိစ္စ တွေအပေါ် ပိုသက်ရောက်နိုင်မလား။
ဖြေ။ ။ လူဆိုတာ ဆန်ပဲစားစား၊ အသီးအရွက်ပဲစားစား။ အရက်ပဲသောက်သောက်။ စားလိုက် သောက်လိုက်တဲ့ဟာမှာ အဆိပ်အတောက် ဘယ်လောက်ပါလဲ ဆိုတာက အရေးကြီးတယ်။ ဆန်စားပေမယ့် အာဟာရမပါတာတို့၊ အသီးအရွက် စားပေမယ့် ပိုးသတ်ဆေးပါလာတာတို့။
အရက်ဆိုတာမှာ အရည်အသွေး ထိန်းချုပ်မှုစံ ဆိုတာ ရှိတယ်။ သူ့ဆီမှာ သန့်စင်မှု ဘယ်လောက်ရှိသလဲ။ ဘာတွေ ပါနေ လဲ။ တိကျတဲ့ စံသတ်မှတ်မှု ရှိရမယ်။ အခု မှတ်ပုံတင်ထားတဲ့ အရက်တွေ ရှိတယ်။ အဲဒီအရက်ကို ဘယ်သူက စိစစ်နေလဲ။ တချို့ဒေသတွေမှာ မှတ်ပုံတင်ထားတဲ့ အရက်တွေ သောက်တာမဟုတ်ဘူး။
ကိုယ့်ဒေသမှာ ချက်ပြီး သောက်ကြတာ။ ကိုယ်အိမ်မှာ ကိုယ်ချက်သောက်တာတောင် ရှိတယ်။ ဦးနှောက်ရဲ့ လုပ်နိုင်စွမ်းကို ထိန်းချုပ်နိုင်တဲ့ မူးယစ်စေတဲ့ ဓာတ်တွေ ဘယ်လောက် ရှိသလဲ ဆိုတာ၊ ဘယ်လောက် ထိခိုက်နိုင်လဲဆိုတာ သေချာ စိစစ်ထားတာ မဟုတ်ဘူး။
WY မှာဆိုလည်း သူ့အရပ်နဲ့ သူ့ဇာတ် ထုတ်နေကြတာ၊ ဘာတွေ ဘယ်လောက်ထည့်လို့မှန်း မသိဘူး။ တချို့မှာ အဆိပ်တွေ များချင်လည်း များမယ်၊ နည်းချင်လည်း နည်းနေမယ်။ ထုတ်တာတွေက မတူတော့ အရည်အသွေး စံ မရှိဘူး။
မေး။ ။ အဲဒီလိုပြောမယ်ဆို ကချင်၊ ချင်း စတဲ့ တိုင်းရင်းသားတွေဘက်မှာ ဒေသချက် အရက်တွေရှိတယ်။ သူတို့တွေ သောက်ကြတာ ဘာမှမဖြစ်ဘူး။ ကျနော်တို့ မြို့ပေါ်က ဓာတုပစ္စည်းနဲ့ ချက်ထားတဲ့အရက်တွေထက်ကို ပိုပြီး အရည်အသွေး ကောင်းနေ သလို ထင်မြင်ရပါတယ်။ ဘာကွာခြားနိုင်သလဲ ရှင်းပြပေးပါဦး။
ဖြေ။ ။ ဖြစ်နိုင်တာပေါ့။ ကျမ ချင်းပြည်နယ်တို့ ဘာတို့ သွားရင် သူတို့ဒေသနဲ့ သူတို့ကိုယ်တိုင် သောက်တာဖြစ်တဲ့အတွက် သုံးတဲ့ ကုန်ကြမ်းတွေမှာ အန္တရာယ် ရှိတဲ့ဟာတွေ မပါဘူး။ သူတို့ကိုယ်တိုင်လည်း ပြောပါတယ်။ ဒါတွေသောက်လို့ ကျနော်တို့ ဘာရောဂါမှ မဖြစ်ဘူး။သူတို့သုံးတာကိုက ရိုးရာအရ သန့်စင်မှုတွေ အများကြီးရှိတယ်။
ကျမပြောချင်တာက ဓာတုပစ္စည်းသုံးတဲ့ ချက်အရက်တွေကြတော့ ဘယ်လောက်အထိ အဆိပ်အတောက်တွေ များလဲ ဆိုတာကိုပါ။ အဲဒီအဆိပ်အတောက် များရတဲ့ကြားထဲ ခုနကပြောထားတဲ့ စိတ်ရောဂါ အခြေအနေ တခုခုက လွှမ်းမိုးမှု ဖြစ်နေရင် ဒီလိုပြဿနာတွေ အလွယ်တကူ ဖြစ်လာတာ။ အဲဒီချင်းပြည်နယ်တို့ ဘာတို့မှာ အဲဒီပြဿနာ သိပ်မရှိဘူး။
မေး။ ။ မုဒိမ်းမှု ကျူးလွန်ကြသူတချိုု့ဟာ ဇနီးနဲ့ အတည်တကျ ပေါင်းသင်းနေထိုင်နေကြသူတွေလည်း ရှိနေတတ်တာကို အမှုဖြစ်စဉ်တွေ အရ တွေ့နေရပါတယ်။ သူတို့တွေကိုကြတော့ ဘယ်လိုခေါင်းစဉ်အောက် ထည့်လို့ရမလဲခင်ဗျ။
ဖြေ။ ။ မိန်းမတော့ရှိတယ်။ မိန်းမနဲ့သူနဲ့က လိင်မှုကိစ္စတွေမှာ အဆင်မပြေဘူးလား။ အဲဒါကျ ကျမတို့က အတွင်းကျကျ မသိဘူးလေ။ မိန်းမနဲ့လည်း အဆင်မပြေဘူး။ လူကလည်း မူးနေတယ်၊ လိင်စိတ်ကလည်း ကြွနေတယ်။ အခပေး ပြည့်တန်ဆာဆီ သွားဖို့ကလည်း ပိုက်ဆံ မရှိဘူး။ အခု မုဒိမ်းမှု ကျူးလွန်ကြသူ တော်တော်များများကို ကြည့်လိုက်ရင် အလုပ်ကောင်းကောင်း မရှိသူတွေ မဟုတ်ဘူးလား။ လုံခြုံမှု မရှိတဲ့ ဝန်းကျင်က လူတွေ များတယ်။
မေး။ ။ အဲဒီလို စိတ်ရောဂါ အခြေအနေမျိုးတွေက ပိုက်ဆံချမ်းသာတဲ့ လူတန်းစားထဲမှာရော မရှိနိုင်ဘူးလား။
ဖြေ။ ။ ရှိနိုင်ပါတယ်။ ပိုက်ဆံရှိ လူတန်းစားမှာတော့ ဒီလို မုဒိမ်းမှုဖြစ်စဉ်တွေ သိပ်တော့မတွေ့ဘူး။ ဒါပေမယ့် အဲဒီကြတော့ ပညာတတ်လာတာ၊ လုံခြုံတဲ့ ဝန်းကျင်ကနေ ကြီးပြင်း လာတာတွေပေါ့။ ကျမဆီကို လာဆွေးနွေးဖူးတဲ့ ပိုက်ဆံရှိသူ တဦးရှိ တယ်။ သူ့မှာ မိန်းမရှိတယ်။ ဒါပေမယ့် သူ့မှာ အဲဒီစိတ်တွေ များနေတယ်။ အဲဒီအတွက် သူအကူအညီ လိုချင်တယ်။
သူက သူ့ပြဿနာကို ပွင့်ပွင့်လင်းလင်း လာပြောတယ်။ ဒါဟာ မသင့်တော်ဘူး၊ ပြဿနာ ဖြစ်နိုင်တယ်ဆိုတာ သိတယ်။ အဲဒီလို လူတွေကြတော့ အကူအညီ ယူနိုင်တဲ့ အခြေအနေ ရှိတတ်တယ်။ ပြဿနာ မဖြစ်ခင်မှာ လာတိုင်ပင် ဆွေးနွေးပြီး နောက် ပြေလည်သွားတယ်။
မေး။ ။ ပြည်သူတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေက မုဒိမ်းမှုမှာ ပြစ်ဒဏ် ပြင်းပြင်းထန်ထန်ပေးဖို့၊ သက်ငယ်မုဒိမ်းမှုဆိုရင် သေဒဏ်အထိ ပေးဖို့ တောင်းဆိုနေကြတယ်။ အဲဒီလို ပြစ်ဒဏ်ပေးလိုက်တာကရော ပြစ်မှုဖြစ်ပွားတာကို လျော့ကျလာ စေနိုင်တဲ့ အကြောင်းဖြစ်နိုင်မလား။
ဖြေ။ ။ တရားစီရင်ရေးကတော့ အမှုဖြစ်ပြီးတဲ့အတွက် တရားစီရင်ရေး စနစ်အရ သွားတာ။ ဒါပေမယ့် ဒီတခုထဲနဲ့တော့ လျော့သွားတာ၊ ကြောက်သွားတာ ဖြစ်လာမှာ မဟုတ်ဘူး။ ငါ မုဒိမ်းမှု ကျူးလွန်ပြီးတော့ သေဒဏ်ခံလိုက်မယ်တို့၊ ထောင်ထဲ သွားနေမယ်တို့နဲ့ မွေးလာတဲ့သူ တယောက်မှမရှိဘူး။
ဖြစ်သွားတာတွေသည် ခုနက ပြောတဲ့ စိတ်အခြေအနေ၊ ရုပ်ပိုင်းဆိုင်ရာ အခြေအနေတွေ၊ ပြဿနာ ဖြစ်နိုင်ခြေတွေကို ကြိုတင် ကာကွယ် မတားဆီးနိုင်တာတွေ၊ အကူအညီ လိုမယ်ဆိုလည်း ဘယ်သူ့ကို အကူအညီ တောင်းရမှန်း မသိ တာတွေကြောင့် ဖြစ်ကြတာ။
ဒီပြဿနာတွေ အခု ရှိလာနေပြီ၊ အဲဒီတော့ ငါတို့လူမှုဝန်းကျင်မှာ မဖြစ်ခင် ကူညီနိုင်တဲ့ ဌာနတွေ၊ စိတ်အခြေအနေတွေကို ဆွေးနွေးနိုင်မယ့် နေရာတွေ မရှိဘူး။ ဒါက စောင့်ရှောက်မှု တခုပဲလေ။ လူမှုဝန်းကျင်မှာ လိုအပ်တဲ့အရာတွေပဲလေ။ နောက်တခုက ပညာရေးလည်း ပါတယ်။
သေဒဏ်ပေးမှ ကြောက်တယ်လို့ ပြောကြေးဆိုရင် ထောင်ချလိုက်လည်း ဘာလို့ နောက်အမှုတွေ ဆက်ဖြစ်နေလဲ။ မွေးလာထဲက ငါ ဟိုကလေးကို သွားလုပ်ပြီး ထောင်ထဲသွားမယ်လို့ စိတ်ကူးခဲ့သူ တယောက်မှမရှိဘူး။
မေး။ ။ အဲဒီလို မုဒိမ်းမှု ကျူးလွန်ကြသူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကို အစိုးရဌာနဆိုင်ရာတွေ၊ ပညာရှင်တွေ အနေနဲ့ သီးခြား သုတေသနမျိုး မပြုလုပ်သင့်ဘူးလား။
ဖြေ။ ။ ကျမတို့ဆီမှာ လူနဲ့ ပတ်သက်တဲ့ စိတ်ပညာမှန်သမျှမှာ သုတေသနဆိုတာ လိုတာပေါ့။ အထူးသဖြင့် ဒီလိုမှုခင်း၊ ကလေးတွေနဲ့ ပက်သက်ပြီး ဖြစ်တာက တကယ်ပဲဖြစ်နေပြီလေ။ ဒီလိုဘာလို့ဖြစ်တာလဲ၊ လူမှုရေးစိတ်ပညာကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာဖို့လိုပြီ။ ထောင်ချလိုက်ရုံနဲ့ မပြီးဘူး။
နိုင်ငံတကာမှာ အဲဒီဟာက လုပ်နေတာကြာပြီ။ မြေအောက်ရထား ဗုံးသွားခွဲတာ ထောင်ထဲ မသတ်ခင်မှာ ဒီလိုလုပ်ခဲ့တာ ဘာကြောင့်လဲဆိုတာ သေသေချာချာ သုတေသန လုပ်တယ်။ ဘယ်တုန်းကမွေးပြီး ကလေးဘဝမှာ ဘာတွေဖြစ်လဲ၊ ဘယ်လိုကြီးပြင်းလာရလဲ၊ အဲဒီလို မလုပ်ခင်မှာ ဘာတွေဖြစ်ခဲ့သေးလဲ၊ မိဘမှာ ဘယ်လိုဖြစ်နေလဲ၊ ကျောင်းမှာ ဘာတွေ ဖြစ်ခဲ့လဲ။ အဲဒီလို သုတေသနလုပ်ပြီး ဒီကိစ္စကနေ သင်ယူမှုတွေ လုပ်တယ်။ ဒီလိုမလုပ်ရင် ဘာမှသိရမှာမဟုတ်ဘူး။
မေး။ ။ မုဒိမ်းမှု ကျူးလွန်ခံလိုက်ရတဲ့ သူတွေမှာရော စိတ်ဒဏ်ရာ၊ စိတ်ရောဂါတွေ မဖြစ်လာနိုင်ဘူးလား။
ဖြေ။ ။ အဲဒါလည်း ကျမတို့နိုင်ငံမှာ အကြီးအကျယ် စိန်ခေါ်နေတယ်။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံလိုက်ရတယ်ဆိုရင် ကျူးလွန်ခံရတဲ့ သူတို့ဆီမှာ စိတ်ဒဏ်ရာ ခံစားနေရပြီ။ သူ့ကိုယ်သူလည်း စိတ်ထဲမှာ ငါက သူများနဲ့မတူတော့ဘူး၊ သူများတွေလောက် တန်ဖိုးမရှိတော့ဘူး ဆိုတာ ခံစားရပြီ။
ပတ်ဝန်းကျင်က သူ့ကို ဘယ်လိုပဲ သနားတယ်ဆိုဆို သူ့ကိုယ်သူ ပုံဖော်တဲ့နေရာမှာ သူများထက် သိမ်ငယ်နေတယ်။ သူ့ကိုယ်သူ အပြစ်တင်မယ်။ အဲဒီ စိတ်ဒဏ်ရာနဲ့ ဆက်နွယ်နေပြီး သူ့မှာ ထိခိုက်တာတွေ အများကြီးပဲ။
သူ့မှာ ဒီလို အဖြစ်ခံခဲ့ရဖူးတယ်ဆိုတဲ့ အစွဲကြီးနဲ့ ဒီပတ်ဝန်းကျင်မှာ သူက နေတဲ့တချိန်လုံး အခက်အခဲ အကြီးကြီးနဲ့ ဖြတ်ကျော်နေရမယ်။ အဲဒါကြောင့် သုတေသနတွေ လိုအပ်တယ်လို့ ကျမပြောတာ။ ဒီလိုမျိုး ခံလိုက်ရသူတွေအနေနဲ့ ဘယ်လိုဖြတ်ကျော်ရမလဲဆိုတာ နည်းလမ်းရှာဖွေမှုတွေ ကျမတို့ဆီမှာ လိုကို လိုတယ်။
မေး။ ။ လူကုန်ကူးခံရသူတွေ၊ မုဒိမ်းကျင့်ခံလိုက်ရသူ တချို့တွေကို လူမှုဝန်ထမ်း ဦးစီးဌာနက စောင့်ရှောက်ပေးနေတာတွေ ရှိပါတယ်။ ဒါပေမယ့် တနိုင်ငံလုံးမှာ ဖြစ်ပျက်နေတာ အားလုံးကိုမဟုတ်ဘူး။ အဲဒီအပေါ်မှာရော ဘယ်လိုယူဆလဲ။
ဖြေ။ ။ ကျမမြင်တာတော့ အလုပ်တခု လုပ်တော့မယ်ဆို အရင်းအမြစ်တွေလိုတယ်။ လူမှုဝန်ထမ်းမှာ ဌာနအနေနဲ့ သာရှိတာ။ ဖြစ်နေတဲ့ ပြဿနာကြီးတွေ အကုန်ကို သူတို့လွှမ်းခြုံနိုင်တာ မရှိဘူး။ တခါတလေမှာ နေစရာ ဖန်တီးပေး လိုက်တယ် ဆိုပေမယ့် စိတ်ပိုင်းဆိုင်ရာမှာ ဖြစ်သွားတဲ့ခံစားမှုကို ထိထိရောက်ရောက် မလုပ်နိုင်သေးဘူး။
သူသည် ဘယ်လိုအခါမျိုးမှာ ဘယ်လိုဖြစ်ပြီး ဘယ်အချိန် ရောက်သွားတဲ့ဆီမှာ ဘာတွေဖြစ်ခဲ့တယ်၊ တည်ငြိမ်သွားပြီ စတဲ့ လက်တွေ့ကျကျ သုတေသနနဲ့ ထိထိရောက်ရောက် လုပ်နေတဲ့ဟာမျိုး မရှိသေးဘူး။ မုဒိမ်းကျင့် ခံရသူတွေ၊ လိင်အကြမ်း ဖက် ခံရသူတွေရဲ့ စိတ်ဒဏ်ရာကုထုံးတွေဟာ ထိရောက်ရမှာ ဖြစ်သလို အချိန်ကာလတခုထိ ယူရတယ်။ အဲဒီလောက်ထိ မလုပ်သေးဘူး။
ကျမဆီရောက်ခဲ့ဖူးတာဆို ဒီနှစ်ထဲမှာတင် မုဒိမ်းကျင့်ခံရပြီး နောက်ပိုင်းမှ စိတ်ရောဂါ ဖြစ်လာတဲ့သူ အသက် ၁၂ နှစ်ကနေ ၂၀ ကျော်အထိ ၆ ယောက်ရှိတယ်။ ၁၂ နှစ်ကလေးတယောက်ဆို သူက ၉ နှစ်အရွယ်တုန်းက ကြုံခဲ့ဖူးတဲ့သူ။ နောက် တခြားမိသားစု ပြဿနာတွေနဲ့ သူက စာမလုပ်ချင်တာတို့၊ ဒေါသကြီးနေတာတို့နဲ့ စိတ်ကျရောဂါ ဖြစ်နေတဲ့သူ။
နောက်တဦးက အသက် ၂၀ ကျော်လောက်မှ ကျမဆီရောက်လာတယ်။ အဲဒီသူရဲ့နောက်ကြောင်းပြန်လိုက်တဲ့အခါမှာမှ ငယ်ငယ်က သူဟာ အိမ်တွင်းအကြမ်းဖက်ခံရမှုတွေရော၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုတွေရော ခံစားခဲ့ရဖူးတဲ့သူ ဖြစ်နေတယ်။
ကာလတခုရောက်မှ စိတ်ရောဂါ ဖြစ်လာတာ ဆိုပေမယ့် ဟိုးအရင်ကာလတခုမှာ အဲဒီလိုတွေ ခံစားခဲ့ရဖူးသူတွေ ဖြစ်နေတယ်။ သူတို့တွေက လိင်အကြမ်းဖက်ခံရ ရခြင်း ဖြစ်တာမဟုတ်ဘူး။ အချိန်ကာလ တခုရောက်မှ အဲဒီလို စိတ်ရောဂါတွေ ဖြစ်လာကြတာ။
သုတေသန သေချာလိုတယ်။ မရှိပဲ ဒီကနေ ဖြစ်လာတာတွေကို သင်ယူဖို့တို့၊ နားလည်ဖို့တို့နဲ့ ကာကွယ်တားဆီးဖို့တို့ဟာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အဲဒီသုတေသနကနေမှ ဘယ်လိုစီမံနိုင်မလဲဆိုတာ သိလာမှာပေါ့။
ဆက်စပ်ဖတ်ရှုရန်
သက်ငယ်မုဒိမ်းမှုတွေ ဖြစ်မလာအောင် ဘယ်လို ကြိုတင် ကာကွယ်ထားသင့်သလဲ
အမျိုးသမီးတွေရဲ့ ဝတ်စားဆင်ယင်မှုတွေကြောင့် မုဒိမ်းမှု ပိုများလာသတဲ့လား
သမီးအရင်း ၂ ဦးအား အဓမ္မပြုကျင့်သည့် ဖခင်ကို ဖမ်းဆီး